U Aye Myint (Guiding Star) talked about Child Soldier - Maung Aung Hlaing Phyoe on Camera

လမ်းပြကြယ်ဦးအေးမြင့်က ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး(မော်လမြိုင်) အကြောင်း ထုတ်ဖော်ပြောဆို
သတင်းရင်းမြစ် - ဦးအေးမြင့်နဲ့ လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
ဇွန် ၁၁၊ ၂၀၁၀
ရုပ်မြင်ကင်မရာဖြင့် ကိုယ်တိုင်ထုတ်ဖော်ပြောဆိုချက်တွင် ကလေးစစ်သားအရေး၊ အဓမ္မလုပ်အားပေးများအရေး ဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့၏ ခေါင်းဆောင် ဦးအေးမြင့်က ၎င်း၏ စာရင်းအရ ၂၀၁၀ ခုနှစ်အတွင်း ၂၂ ဦးမြောက်ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး အကြောင်း အသေးစိတ် တင်ပြပြောဆိုထားသည်ကို တွေ့ရသည်။
အသက် ၁၄နှစ် အရွယ် မောင်အောင်လှိုင်ဖြိုးသည် ထိုင်းနယ်စပ်တွင် အလုပ်လုပ်ကိုင်ရန် သူငယ်ချင်းများနဲ့ အိမ်မှ ထွက်လာရာတွင်၊ သာမညနယ်အရောက် သာမညထမင်းဆိုင်သို့ ရောက်ရှိစဉ် ထမင်းဆိုင်ပိုင်ရှင်က ကြာအင်းဆိပ်ကြီးရှိ ခမရ ၂၈၄  စစ်တပ်သို့ အကြောင်းကြားပြီး စစ်တပ်တွင်း သွင်းရန် သတင်းပေးလိုက်သည်ဟု ဆိုသည်။ ခမရ ၂၈၄ က ရဲဘော်တဦးက ထိုကလေးငယ်ကို စစ်တပ်သို့ စာရင်းသွင်းပြီး တပ်အတွင်းရှိ ကင်းစောင့်ခြင်းနှင့် အခြားအလုပ်ကြမ်းများ ခိုင်းစေထားသည်ဟု သိရသည်။ ကလေးငယ်က မိဘရပ်ထံပြန်ပြေးသော်လည်း တပ်ထိန်းက ပြန်ဖမ်းပြီး ပြစ်ဒဏ်ချလိုက်ကြောင်း၊ မိဘက အသက်မပြည့်ကြောင်း သက်သေပြသော်လည်း ပြစ်ဒဏ်ချပြီး စစ်တပ်ကို ပြန်ပို့မည်ဟု ဆိုကြောင်း သိရသည်။
ဦးအေးမြင့်က ပြည်သူလူထုအတွင်းမှာပင် ကိုယ်ချင်းစာစိတ်၊ မိဘချင်း သားသမီးချင်း စာနာစိတ် မရှိကြပုံ၊ အောက်ခြေတပ်မတော်သားများကလည်း ပြည်သူလူထုအပေါ် သစ္စာစောင့်သိ စောင့်ရှောက်ရန် စိတ်ဓာတ်သိက္ခာ ခေါင်းပါးပုံတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ထားသည်ကို တွေ့ရသည်။
ပြည်တွင်းမီဒီယာများကတဆင့် ကလေးစစ်သားတွေ မရှိဘူးဟု လိမ်ညာသတင်း မပေးသင့်ကြောင်း၊ မတရားမှုကျူးလွန်သူ စစ်သားများကလည်း တပ်မတော်၏ သိက္ခာကို စောင့်ထိန်းရန် မကြိုးစားဘဲ ပြည်သူလူထုကို ခြိန်းခြောက်အနိုင်ကျင့်ပြီး သတင်းမှန်များကို ဖုံးကွယ်ရန် မလုပ်သင့်ကြောင်း၊ ပြည်တွင်းပြဿနာများကို အချင်းချင်း မဖြေရှင်းနိုင်ဘဲ ပြည်ပက  ၀င်ရောက် ဖြေရှင်းခြင်းကို ခံနေရတာ၊ ဝေဖန်ပြစ်တင်ခြင်း ခံနေရတာသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ သိက္ခာ အလွန်ကျဆင်းကြောင်း၊ သို့သော်လည်း အိုင်အယ်လ်အိုကို တိုင်ကြားသင့်က တိုင်ကြားရတာ ဖြစ်ကြောင်း၊ ထိုထက်လိုအပ်လာပါက ကုလသမဂ္ဂသို့ ဆက်လက် သတင်းပို့တင်ပြရမည် ဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရသည်။

Comments