2008 Regime’s Constitution Question and Future - 3

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (၃)
ဘီဘီစီ
ဇွန် ၂၃၊ ၂၀၁၀

ဒီတပတ်မှာတော့ မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လေ့လာ သုံးသပ်သွားမှာပါ။ ကိုသိန်းမြတ် စီစဉ်ထုတ်လုပ်ပြီး မသီတာနွယ်က တင်ဆက်ပေးထားပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ဒီအခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းအပွားကြဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေဟာ စစ်တပ်ကို ဦးဆောင်မှုနေရာမှာထားမယ်ဆိုတာကို ပုဒ်မ ၆ (စ) မှာ အခုလို အတိအလင်း ဖော်ပြထားပါတယ်။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်”

ဒီတော့ ဒီအခြေခံဥပဒေမှာ စစ်တပ်ကို ဘယ်လောက်အထိ ဦးဆောင်မှုနေရာ ပေးထားပါသလဲ။ ဘယ်လို ဦးဆောင်ခွင့်ပေးထားပါသလဲ။ ဒါတွေဟာ စောစောက နားထောင်ခဲ့ရတဲ့ နိုင်ငံတော်သီချင်းထဲမှာ ရေးသား သီဆိုထားသလို တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေဖီ၊ မဖောက်ပြန် တည့်မတ်မှန်ကန်မှုရှိပါရဲ့လား။ မြန်မာနိုင်ငံ ရဲ့အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုသြဇာသက်ရောက်စေမှာလည်းဆိုတာတွေကို လေ့လာသုံးသပ် သွားမှာပါရှင်။


ဒီအခြေခံဥပဒေမှာ စစ်တပ်နဲ့ပတ်သက်ပြီး အငြင်းပွားကြရာမှာ အဓိက အငြင်းပွားကြတဲ့အချက်က တပ်မတော်သား ၄ ပုံ ၁ ပုံ ပါဝင်ရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ဆိုတဲ့ နိုင်ငံတော်အဆင့်ရှိ လွှတ်တော်တွေမှာသာမက တိုင်းနဲ့ပြည်နယ်အဆင့် လွှတ်တော်တွေမှာလည်း တပ်မတော်သား ၄ ပုံ ၁ ပုံစီ ပါဝင်ကြမှာ ဖြစ်ပါတယ်။ အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၃ ပုံကို မဲပေးခွင့်ရှိသူ ပြည်သူ သန်း ၃၀ ဝန်းကျင်က ရွေးချယ်ပြီး တပ်မတော်သား ၁ ပုံကိုတော့ ပြည်သူကလည်း ရွေးချယ်ခွင့်မရ၊ တပ်မတော်ကလည်း ရွေးခွင့်မရဘဲ ကာကွယ်ရေး ဦးစီးချုပ်တဦးတည်းရဲ့ဆန္ဒနဲ့သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ လူ သန်း ၃၀ ဟာ ကိုယ်စားလှယ် ၃ ပုံကို မဲပေးရွေးချယ်ခွင့် ရှိပြီး ကျန်တဲ့ကိုယ်စားလှယ် ၁ ပုံကို ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခွင့်ရှိတဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ဟာ လူ ၁၀ သန်းရဲ့မဲပေးပိုင်ခွင့် Voting Right ကို ရယူထားတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အခုလို လွှတ်တော်ထဲမှာ ပြည်သူတွေ ရွေးကောက်ထားတာ မဟုတ်တဲ့ ကိုယ်စားလှယ် ၄ ပုံ ၁ ပုံ ပါနေတဲ့အတွက် ဘယ်လို သဇာသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။ ပျဉ်းမနားမြို့က ရှေ့နေ ဦးခင်မောင်ဇော်က အခုလို ပြောပါတယ်။

“သူတို့ ဒီ ၂၅% က ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးတာဗျ၊ တိုက်ရိုက်ရွေး တိုက်ရိုက်အမည်စာရင်း ပေးပြီးတော့မှ ခန့်တာဆိုတဲ့အခါကျတော့ ကာကွယ်ရေးဦးစီးချုပ်ကပဲ အကုန်လုံးကို ကိုင်တွယ်ထားတယ်၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သြဇာလွှမ်းမိုးမှုက ကြီးနေမှာပေါ့ဗျာ”

ပျဉ်းမနားမြို့က ရှေ့နေဦးခင်မောင်ဇော် ပြောသွားတာပါ။ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် ၂ တသီးပုဂ္ဂလ ကိုယ်စားလှယ်တဦးဖြစ်ပြီး အငြိမ်းစား ဗိုလ်ကြီးတဦးလည်းဖြစ်တဲ့ ဦးတင်ထွန်းမောင်ကတော့ အမျိုးသားညီလာခံ တက်ရောက်ပြီး အခြေခံဥပဒေ မူကြမ်းရေးဆွဲရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူကတော့ တပ်မတော်သား ၄ ပုံ ၁ ပုံ ပါဝင်တဲ့အပေါ် သူ့သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံက ရှင်းရှင်းပြောရရင် နိုင်ငံရေးရာကိစ္စတွေနဲ့ပတ်သက်လို့ တော်တော်လေး ကင်းကွာနေကြ တယ်လေ၊ ဆိုတော့ အဲဒီလို အသစ်ဖြစ်တဲ့ဖွဲ့စည်းပုံနဲ့ အသစ်ဖြစ်တဲ့ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်သွားမယ် ဆိုတော့က ဘာပဲပြောပြော ထိန်းကြောင်းမှုတခုက လိုအပ်တယ်လို့ယူဆတယ်။ အမျိုးသားအင်အားစုဖြစ်တဲ့ တပ်မတော်နဲ့ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံအကျိုးကိုဆောင်ရွက်ရင် တိုင်းပြည်အတွက် ပိုပြီးတော့အကျိုးရှိမယ်လို့ ကျနော်ထင်လို့ပါ။ ၂၅% က ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်တာဆိုပေမယ်လို့ တကယ်တမ်းကျရင် ကာကွယ်ရေး ဦးစီးချုပ်က သူ့လူတွေ သူအကုန်လုံး သိချင်မှသိနိုင်မယ်၊ သူတို့အချင်းချင်း သူတို့အတွင်းမှာ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ရွေးချယ်မယ်လို့ ယူဆပါတယ်။ အဲတော့ ကာကွယ်ရေးဦးစီးချုပ် ဆိုပြီးတော့ ကျနော်တို့က နာမည်တပ်ပေမယ့်လို့ တကယ်တမ်းကျတော့ တပ်မတော်ဆိုတဲ့ Institution ကြီးက နေပြီးတော့ စေလွှတ်တဲ့ပုဂ္ဂိုလ်တွေလို့ ကျနော်တော့ ယူဆပါတယ်”

မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်တဦးဖြစ်ပြီး အငြိမ်းစားဗိုလ်ကြီးတဦးလည်းဖြစ်တဲ့ ဦးတင်ထွန်းမောင် ပြောပြသွားတာ ဖြစ်ပါတယ်။

နောက်တခါ သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ခွင့်အပိုင်းကို ကြည့်ကြရအောင်ပါ။

ပထမ အဆင့်အနေနဲ့ ဒုတိယ သမ္မတ ၃ ယောက်ကို ရွေးချယ်ရမှာဖြစ်ပြီး ဒုတိယ အဆင့်အနေနဲ့ ဒုတိယ သမ္မတ ၃ ယောက်ထဲကနေမှ သမ္မတကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့မဲနဲ့ ထပ်ရွေးရမှာ ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုလွှတ်တော်ထဲမှာ အရေအတွက် ၄ ပုံ ၁ ပုံသာရှိပေမယ့် အခွင့်အရေးကိုတော့ ၄ ပုံ ၁ ပုံထက် ပိုယူထားပါတယ်။ ၃ ပုံ ၁ ပုံ ဒါမှမဟုတ် ၃၃.၃ % အထိ ရယူထားတယ်လို့ ဆိုရပါမယ်။ ဘာကြောင့်လည်းဆိုတော့ ပြည်သူ့ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ ၃ ယောက်အနက် ဒုတိယ သမ္မတ ၂ ယောက်ကိုသာ ရွေးချယ်ခွင့်ရပြီး ကျန် ဒုတိယ သမ္မတ တယောက်ကိုတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်ခွင့်ရမှာ ဖြစ်လို့ပါပဲ။

အဲဒီ တပ်မတော်သားကိုယ်စားလှယ်တွေအားလုံးဟာ ကာကွယ်ရေးဦးစီးချုပ်တဦးတည်း ဆုံးဖြတ်ရွေးချယ် ထားတဲ့သူတွေဖြစ်တဲ့အတွက် ဒုတိယ သမ္မတ တဦးကို ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခွင့်ရတဲ့သဘောမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကာကွယ်ရေးဦးစီးချုပ်ကို အခုလို အခွင့်အရေးတွေပေးထားတာဟာ တရားမျှတမှု အခြေခံကို ဖောက်ဖျက်ရာ မကျပေဘူးလား။ ဦးတင်ထွန်းမောင်ကို မေးကြည့်တော့ …

“တပ်မတော်ကို ကျနော်တို့က အမျိုးသားနိုင်ငံရေး အင်အားစုအနေနဲ့မြင်တယ်။ လက်ရှိ ပကတိ အခြေအနေကလည်း လိုအပ်တယ်လို့ယူဆလို့ ကျနော်တို့ လက်ခံထားတာပါ။ ဟို ၂၅ % တို့၊ ၃ ပုံ ၁ ပုံတို့၊ ၅၀ % တို့ ဒါတွေက ပြဿနာ မဟုတ်ပါဘူး။ တကယ်အလုပ်လုပ်လို့ ဖြစ်မလား၊ အလုပ်ဖြစ်မယ့် တိုင်းပြည်အတွက် ကောင်းမလား ဒါပဲ စဉ်းစားတာလေ”

ဦးတင်ထွန်းမောင် ပြောပြသွားတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို ရွေးချယ်ရာမှာတော့ စောစောက ပြောခဲ့သလို ရွေးချယ်ထားကြတဲ့ ဒုတိယ သမ္မတ ၃ ယောက်ထဲကနေ ထပ်မံရွေးချယ်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်ထဲမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်ပါပါတယ်။ စစ်ရေးအမြင်ရှိရမယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ စစ်မှုထမ်းဖူးသူ ဒါမှမဟုတ် လက်ရှိ စစ်မှုထမ်းနေသူဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါလား။ စစ်ရေးအမြင်ရှိရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို တပ်မတော်သားဟောင်းတဦးဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အေးမြင့်က ဘယ်လို နားလည်ပါသလဲ။

“စဉ်းစားကြည့်ဗျာ၊ စစ်ဦးစီးချုပ် ဒါမှမဟုတ် တပ်မတော်အရာရှိ ဒါမှမဟုတ်ရင်လည်း စစ်ရေးကိုပဲ တတ်ကျွမ်း နားလည်တဲ့သူသာလျှင် သမ္မတ ဖြစ်ရမယ်ဆိုတော့ ရှင်းနေတာပဲဗျာ။ အရပ်သားတယောက်က စစ်ရေးမှာ ဘယ်လိုလုပ်ပြီးတော့ အခြေအနေတွေကို သူက ပိုင်ပိုင်နိုင်နိုင် တွေးနိုင်ပါ့မလဲ။ စစ်ဗိုလ်ကလွဲရင် သမ္မတ ဘယ်သူမှ မဖြစ်အောင် ရေးထားတဲ့ ဖွဲ့စည်းပုံ ဗျ”

ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်ပါ။

ကာကွယ်ရေးဦးစီးချုပ်ရဲ့အလွန်အရေးကြီးတဲ့ နောက်ထပ်အခန်းကဏ္ဍတရပ်ကိုလည်း ဒီအခြေခံဥပဒေထဲမှာ ထပ်တွေ့ရပါသေးတယ်။

ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ နယ်စပ်ရေးရာဌာနတွေရဲ့ ဝန်ကြီးနဲ့ ဒု ဝန်ကြီးတွေကို တပ်မတော်သားတွေထဲကပဲ ခန့်ရမယ်။ ခန့်တဲ့အခါမှာလည်း ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းပေးတဲ့ သူကိုသာ ခန့်ထားရမယ်လို့ ပုဒ်မ ၂၃၂ (ခ) ၂ မှာ ဆိုထားပါတယ်။

ရာထူးတာဝန်ကနေ ရပ်စဲရေးနဲ့ပတ်သက်တဲ့အပိုင်းမှာလည်း တခြားဝန်ကြီးတွေကိုတော့ သမ္မတလက် ဝကွက် အပ်ထားပါတယ်။ သမ္မတ က ဖြုတ်လိုဖြုတ်၊ ထုတ်လိုထုတ် နိုင်ပါတယ်။ ဒါပေမယ့် စောစောက စစ်သားဝန်ကြီး တွေကိုတော့ သမ္မတက ဘာမှလုပ်ခွင့်မရှိပါဘူး။

စစ်သားဝန်ကြီးတွေကို ဖြုတ်ဖို့လိုရင် ပုဒ်မ ၂၃၅ (ဂ) ၂ အရ ကာကွယ်ရေးဦးစီးချုပ်ကို ညှိနှိုင်းအသိပေးရပါမယ်။ ဒီတော့ ဒီအချက်နဲ့တကွ ရှေ့ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရယူထားတဲ့ အခွင့်အရေးတွေအပေါ် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ရဲ့အတွင်းရေးမှူး ဦးအောင်ထူးကရော ဘယ်လို မြင်ပါသလဲ။ ကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတဲ့ အခွင့်အရေးတွေဟာ အလွန်အကျွံဖြစ်နေပါသလား။

“ချုပ်ပြောလို့ရှိရင်တော့ ဥပဒေပြုရေးမှာရော၊ အုပ်ချုပ်ရေးမှာရော ကာကွယ်ရေးဦးစီးချုပ်က ရာခိုင်နှုန်းအများစု တိုင်းပြည်မှာ ဝင်ရောက်စွက်ဖက်ချယ်လှယ်ခွင့်ရှိသွားတယ်လို့ ပြောလို့ရတယ်။ ဒီထက်ပိုပြီးတော့ တိုင်းပြည် အတွက် အနုတ်လက္ခဏာဆောင်တဲ့အချက်တွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာရှိရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ်က တတိုင်းပြည်လုံးမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးရဲ့ ထိပ်ဆုံးဖြစ်သွားတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် ပြည်သူ့ရဲတပ်ဖွဲ့တွေ၊ လုံခြုံမှုထိန်းသိမ်းရေးတပ်ရင်းတွေ၊ ထောက်လှမ်းရေး တပ်ဖွဲ့တွေက အရပ်သားအစိုးရရဲ့ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိရပါတယ်။ ဒါ စစ်တပ်နဲ့ မဆိုင်ဘူး။ စစ်တပ်က တပ်မတော်ရှိမယ်၊ စစ်မြေပြင်ထောက်လှမ်းရေး ရှိမယ်၊ ဒါကိုပဲ ကြီးကြပ်ကွပ်ကဲသွားရတာ ဖြစ်တယ်။ အခုတော့ အဲဒါနဲ့ ပြောင်းပြန်ဖြစ်သွားပြီ။ တပြည်လုံးမှာရှိတဲ့ လူထုအစိုးရက တိုက်ရိုက်ကြီးကြပ်သွားရမယ့် လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးဟာလည်းပဲ ကာကွယ်ရေးဦးစီးချုပ်လက်ထဲကို ရောက်သွားတယ်။

ဒီလို အချက်အလက်တွေအရ ကြည့်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတယောက် နှစ်ယောက် လက်ထဲမှာသာ အာဏာရှင်စနစ်ကို ကျင့်သုံးသွားမယ့် အနေအထားမျိုးကို ရောက်သွားအောင် ကာကွယ်ရေး ဦးစီးချုပ်ကို အင်မတန် ကြီးမားတဲ့အာဏာတွေ ပေးထားတယ်လို့ ပြောလို့ရတယ်”

ဦးအောင်ထူးဖြစ်ပါတယ်။

ဒီအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ တပ်မတော်ရဲ့ အရေးကိစ္စတွေမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဘာမှ ဆောင်ရွက်ခွင့်မရှိတာကိုလည်း တွေ့ရပါတယ်။ တပ်မတော်ဟာ တပ်နဲ့ပတ်သက်တဲ့ကိစ္စ အားလုံးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဖြစ်စေ၊ တပ်မတော်ဆိုင်ရာကိစ္စတွေကို ဖြစ်စေ ဆွေးနွေးဖို့လိုအပ်ရင် ပြည်သူတွေ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် ၇၅% က ဘာမှဆောင်ရွက်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကရွေးတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅% ကသာ ကော်မတီဖွဲ့ ဆောင်ရွက်ရမယ် လို့ ပုဒ်မ ၁၁၅ (ခ)နဲ့ ၁၄၇ (ခ)တို့က အတိအလင်း ဖော်ပြရေးသားထားပါတယ်။

အကယ်၍ အရပ်သားကိုယ်စားလှယ်ပါဖို့ လိုရင်တောင်မှ တပ်မတော်သားချည်းပါတဲ့ ကော်မတီကသာ သူတို့ ကြိုက်နှစ်သက်တဲ့ အရပ်သားကိုယ်စားလှယ်ကို ရွေးချယ်ခန့်ထားရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်နဲ့ဆိုင်တဲ့ တရားစီရင်မှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ကိုလည်း စစ်ဘက်ဆိုင်ရာ သီးခြားခုံရုံးတွေနဲ့ ဖွဲ့စည်းထားပြီး ပြည်ထောင်စု ဗဟိုတရားရုံးချုပ်က ဘာမှစွက်ဖက်ခွင့် မရှိပါဘူး။

ကာကွယ်ရေးဦးစီးချုပ်ရဲ့အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်တပ်ဟာ တရားလွှတ်တော်ချုပ်ရဲ့ထိန်းချုပ်မှုကနေ လွတ်သွားတယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။ စစ်တပ်ဟာ ဥပဒေရဲ့အထိန်းအကွပ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့အထိန်းအကွပ်တွေကနေ သီးခြားကင်းလွတ်တဲ့ အဖွဲ့ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဒီ နအဖ ဖွဲ့စည်းပုံဥပဒေအရ တရားရုံးထုံးစနစ်ကို ကျင့်သုံးတဲ့အခါမှာ စစ်ဘက်ဆိုင်ရာ တရားရုံးဆိုပြီးတော့ ပေါ်လာတယ်။ အဲဒီတရားရုံးက အရပ်ဘက်ဆိုင်ရာတရားရုံး တပြည်လုံးမှာအမြင့်ဆုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်နဲ့ ယှဉ်ပြိုင်ဖြစ်သွားတယ်။ အဲဒီ ယှဉ်ပြိုင်တရားရုံးမှာ ကာကွယ်ရေးဦးစီးချုပ်မှာ အယူခံ စီရင်ပိုင်ခွင့်အာဏာရှိတယ်ဆိုတဲ့ အချက်က အဆိုးဆုံး ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ အဲတော့ စစ်တပ်က သီးခြားလွတ်လပ်တဲ့အဖွဲ့ကြီးဖြစ်တဲ့အပြင်ကို တရားစီရင်ပိုင်ခွင့် မှာတောင်မှ လူထုအုပ်ချုပ်ရေးမှာ အမြင့်ဆုံး ဖြစ်တဲ့ တရားလွှတ်တော်ချုပ်နဲ့ မဆိုင်တော့ဘူးဖြစ်သွားတယ်”

ရှေ့နေဦးခင်မောင်ဇော်ကတော့ ဒီအခြေခံဥပဒေမှာ တပ်မတော်သား ၂၅% အရေအတွက် အရယူထားတာထက် အာဏာကို တပ်မတော်က ၉၀% လောက်ချုပ်ကိုင်ထားတဲ့အချက်က ပိုအရေးပါတယ်လို့ ဆိုပါတယ်။

“အများပြောပြောနေကြတဲ့ တပ်မတော်သား ၂၅% ဆိုတဲ့ကိစ္စ။ အခြေခံဥပဒေမူကြမ်းကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ ၂၅% ဆိုတာက လူဦးရေပဲဗျ။ အဲဒီ ၂၅% လူဦးရေဖြစ်ပေမယ့်လို့ အာဏာရဲ့ ၉၀% က တပ်မတော်ဆီရောက်နေတယ်လို့ အဲဒီလို ခံစားမိတယ်ဗျ”

ဘယ်အချက်တွေကို ထောက်ထားပြီး သူ ဒီလိုပြောတာပါလဲ။

“နိုင်ငံတော်မှာ လုံခြုံရေးကောင်စီဆိုပြီးတော့ ထားတယ်ဗျ၊ အဲဒီလုံခြုံရေးကောင်စီက သူ့ရဲ့အာဏာက တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြီးကြီးမားမားရှိတယ်။ လုံခြုံရေးကောင်စီက နိုင်ငံတော် သမ္မတကိုသည်ပင်လျှင် ပြန်ပြီးတော့ ချုပ်ကိုင်တဲ့ကိစ္စမျိုးတွေရှိတယ်။ ပုဒ်မ ၂၀၄ မှာဆိုလို့ရှိရင် နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိသည်။ တနည်းဆိုရင် Amnisty ပေးလို့ရတယ် ပေါ့ဗျာ။ ဒါပေမယ့် (ခ) မှာဆက်ပြီးတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထောက်ခံချက်နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပိုင်ခွင့်ရှိသည်လို့ ဒီလိုမျိုးပြောတယ်။ ပုဒ်မ ၂၀၆ မှာလည်း နိုင်ငံတော်သမ္မတဟာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တခုခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်လို့ သူက လာတယ်ဗျ။ အဲတော့ သူ့ရဲ့အခန်းကဏ္ဍက တော်တော်ကို ကြီးမားနေတာကိုး။ အဲတော့ လူဦးရေက ၂၅% ဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာ ၉၀% က တပ်မတော်ရဲ့လုပ်ပိုင်ခွင့်ထဲမှာ ရောက်နေတယ်လို့ ယူဆတာပေါ့ဗျာ”

ဦးခင်မောင်ဇော်ပြောသလိုပဲ ဒီအခြေခံဥပဒေက အခွင့်အာဏာပေးအပ်ထားတဲ့အထဲမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ဘယ်လောက်တောင် အရေးပါသလဲဆိုရင် သမ္မတ က အရေးပေါ်အခြေအနေ ကြေညာမယ်ဆိုရင်လည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီးမှသာ ဆောင်ရွက်နိုင်ပါတယ်။ အလွန်အရေးကြီးတဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ခန့်ထားရာမှာလည်း သမ္မတမှာ အမှန်တကယ် အာဏာမရှိဘူးလို့ ဆိုရမှာပါ။ ကာကွယ်ရေးဦးစီးချုပ်အသစ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဆိုပြုမှာဖြစ်သလို အဲဒီအဖွဲ့ရဲ့ထောက်ခံမှုလည်း လိုအပ်တယ်ဆိုတော့ နိုင်ငံတော်သမ္မတ က လက်မှတ်ထိုးရရုံသာ အခွင့်အာဏာ ရှိပါတယ်။

အဲဒီအချက်တွေကို ပုဒ်မ ၄၁၀၊ ပုဒ်မ ၄၁၇ နဲ့ ပုဒ်မ ၃၄၂ တွေမှာ ပြဋ္ဌာန်းထားတာပါ။ ဒါထက်ပိုပြီး အရေးပါတာကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကို အာဏာသိမ်းခွင့်ပေးနိုင်ပြီး တပ်မတော်အာဏာသိမ်းထားစဉ်ကာလမှာလည်း ပုဒ်မ ၄၂၇ အရ အာဏာသုံးရပ် ကျင့်သုံးခွင့်ရှိပါတယ်။ အဲဒီလို အခွင့်အာဏာထူးတွေရယူထားတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီဆိုတာ ဘယ်လို အဖွဲ့အစည်းမျိုးပါလဲ။ ရှေ့နေဦးအောင်ထူးရဲ့ သုံးသပ်ချက်က …

“အဓိကအားဖြင့် အံ့သြစရာကောင်းတာကတော့ ကမ္ဘာမှာ ဘယ်ဖွဲ့စည်းပုံမှာမှမတွေ့ရတဲ့ ပြဋ္ဌာန်းချက်မျိုးနဲ့ တိုင်းပြည်မှာ အာဏာကြီး ၃ ရပ်ရှိတဲ့အနက်က အုပ်ချုပ်ရေးအာဏာအခန်းကဏ္ဍမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ခမ်းခမ်းနားနားဖော်ပြထားတာဖြစ်တယ်။ အဲဒီထဲမှာ အဖွဲ့ဝင် ၁၁ ယောက်ရှိတဲ့အနက်က ၆ ယောက်က လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်တယ်။ အဲတော့ ကျန်တဲ့ ၅ ယောက်ကလည်းပဲ တပ်ကထွက်သွားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်သွားနိုင်တယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ ဘယ်အချိန်မှာဆိုဆို အစည်းအဝေးလုပ်လုပ် ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင် ၆ ယောက်ကသာလျှင် အများစုဖြစ်ပြီးတော့ အမြဲတမ်း အနိုင်ရပြီးတော့ တတိုင်းပြည်လုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကတဆင့် ကြီးကြပ်ကွပ်ကဲသွားမယ့် သဘောရှိတာကို တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့ ကာလအတော်အတွင်းမှာဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်မလုပ်နိုင်တော့တဲ့ ကာလအတော်အတွင်းမှာဖြစ်စေ ဘယ်အခြေအနေအောက်မှာမဆို အာဏာကြီး ၃ ရပ်ကို အဓိက ချုပ်ကိုင်ပြီးတော့ လွှမ်းမိုးအုပ်ချုပ်သွားမယ့် အာဏာသိမ်းစစ်ကောင်စီသဖွယ် တောက်လျှောက် ရပ်တည်သွားလိမ့်မယ်လို့ ကျနော်တို့ တင်ပြလိုပါတယ်”

ဦးအောင်ထူးက အခြေခံဥပဒေမှာဖော်ပြထားတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ အလားအလာကို ဝေဖန် ဆန်းစစ်သွားတာ ဖြစ်ပါတယ်။

သောတရှင်များရှင်၊ ပြီးခဲ့တဲ့အပတ်တုန်းက ကျမတို့လေ့လာသုံးသပ်ခဲ့ကြတဲ့ အပိုင်း ၂ နဲ့ အခု အပိုင်း ၃ ရှေ့ပိုင်း က လေ့လာချက်တွေကိုကြည့်ရင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ တို့ဟာ ဒီအခြေခံဥပဒေရဲ့ လွဲအပ်ချက်အရ အုပ်ချုပ်ရေးအာဏာအရှိဆုံး လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။

အခြေခံဥပဒေက ဒီလိုအာဏာပေးအပ်ထားတဲ့အတွက် အကယ်၍ ဒီအခြေခံဥပဒေသာ အတည်ပြုနိုင်ခဲ့ရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ တကယ်လို့ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ သမ္မတ ဟာလည်း စစ်တပ်က ပုဂ္ဂိုလ်ဖြစ်နေရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းရဲ့သုံးသပ်ချက်ကတော့ …

“ဒီဟာကတော့ တပ်မတော်က ကြိုးကိုင်နေတဲ့အဖွဲ့ကြီးဖြစ်နေလို့ တပ်မတော်က အခြေခံဥပဒေအရ အာဏာသိမ်းထားတဲ့သဘောလို့ပဲ သက်ရောက်တယ်လို့ ဒီလိုပဲ ယူဆပါတယ်။ အမှန်ကတော့ တပ်မတော်က ထာဝရ အခြေခံဥပဒေအရ အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်သွားအောင် လုပ်နေတယ်လို့ ဒီလိုပဲမြင်တယ်။ အခြေခံဥပဒေ မရှိဘဲနဲ့ ဒီအတိုင်း စစ်အုပ်ချုပ်ရေးဆိုပြီး ပြောင်ပြောင် အုပ်ချုပ်တာကမှ ဒါစစ်အုပ်ချုပ်ရေးပဲဆိုပြီးတော့ ခံသာသေးတယ်။ ဟိုကျတဲ့အခါကျတော့ ဒါ အခြေခံဥပဒေကြီးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတယ်ဆိုတဲ့သဘောမျိုး ပြောလို့ရအောင်လုပ်တဲ့ဟာလို့ ဒီလိုပဲ မြင်တယ်”

အချုပ်အားဖြင့်ဆိုရရင်တော့ ဒီအခြေခံဥပဒေဟာ ပုဒ်မ ၆ (စ) မှာဖော်ပြထားသလို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်က အပြည့်အဝရယူထားတဲ့ အခြေခံဥပဒေလို့သာ ဆိုရမှာဖြစ်ပါတယ်ရှင်။

နောက်တပတ် အပိုင်း ၄ မှာတော့ နိုင်ငံတော်ရဲ့အနာဂတ်အရေးမှာ အလွန်အရေးပါတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ တာဝန် ဝတ္တရားတွေ ကို လေ့လာသုံးသပ်သွားမှာမို့ စောင့်မျှော်နားဆင်ကြပါ ရှင်။

ဆက်လက်ဖော်ပြပါမယ်။

Comments