Revolution participants - 23

အရေးတော်ပုံ ရင်ခုန်သူများ - အပိုင်း ၂၃
အောင်ဝေး
ဧပြီ ၄၊ ၂၀၁၀ သရုပ်ဖော် အောင်လတ်


ခေတ်တွေ ဘယ်လိုပြောင်းပြောင်း နိုင်းမြစ်ကြီးကတော့ စီးမြဲပါပဲ တဲ့။ ဆရာ ဦးသိန်းဖေမြင့် ပြောခဲ့တဲ့ စကားကို ပြန်သတိရမိပါတယ်။ ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးကလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့ ပြည်သူတွေရဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင် ဖြုတ်ချရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး တိုက်ပွဲဝင် စိတ်ဓာတ်တွေလည်း တသွင်သွင် စီးဆင်းနေဆဲပဲ မဟုတ်ပါလား။

ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်က ရှိနှင့်တဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားတချို့ တပ်ပေါင်းစုအသွင် ပျက်ပြားပြီး န၀တ စစ်အုပ်စုနဲ့ အသီးသီး အပစ်အခတ် ရပ်စဲခဲ့ပေမဲ့ ပြည်တွင်းက NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အတိုက်အခံ အင်အားစုတွေရဲ့ နအဖ ဆန့်ကျင် ခုခံရေး တိုက်ပွဲကတော့ ရပ်စဲမသွားခဲ့ပါဘူး။

၂၀၀၄ ခုနှစ်အကုန် ၂၀၀၅ အစလောက်မှာ ၁၅နှစ် ၁၆နှစ် အကျဉ်ထောင်တွေထဲမှာ နေခဲ့ရတဲ့ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်သား ခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီကစပြီး လူထုရဲ့ နိုင်ငံရေး နိုးကြားမှု ဒီရေ ပြန်တက်လာတာခဲ့တာပါပဲ။

ကျောင်းသားခေါင်းဆောင်တွေ ထောင်က ပြန်လွတ်လာလို့ အပြင်မှာ ဘယ်လောက်မှ မနေရသေးဘူး မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ လေးဦးကို နအဖ စစ်အစိုးရက ပြန်လည် ဖမ်းဆီးလိုက်တဲ့ အခါမှာတော့ အပြင်မှာ ကျန်တဲ့ ကိုဂျင်မီတို့၊ ကိုမြအေးတို့ ဦးဆောင်တဲ့ ကျောင်းသားတွေက ကိုမင်းကိုနိုင်တို့ လေးဦးကို ပြန်လွတ်ပေးဖို့ တောင်းဆို လက်မှတ်ထိုးတဲ့ Signature campaign ကို စတင်ခဲ့ကြပါတယ်။

စစ်အုပ်စုက ၄-၅ လအကြာမှာ ကိုမင်းကိုနိုင်တို့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် ရှစ်ဆယ့်ရှစ် မျိုးဆက်တွေရဲ့ white campaign, Sunday campaign ဆိုတဲ့ အဖြူရောင် လှုပ်ရှားမှုတို့ တနင်္ဂနွေ လှုပ်ရှားမှုတို့ စတင်လာခဲ့ပါပြီ။ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်သွားတာကို ဆန္ဒပြတဲ့ လူထု လမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြပါပြီ။

ပြည်တွင်းက နိုင်ငံရေးဟာ အဖမ်းခံနိုင်ငံရေး၊ နရသိန် နိုင်ငံရေးပဲ ဖြစ်တယ်။ ၂၀၀၇ သြဂုတ်လ ၂၁ ရက် ညသန်းခေါင်မှာ နအဖ အစိုးရက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော် အစရှိတဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါ တော့တယ်။

သို့သော် လှေခွက်ချည်ကျန် အလံမလှဲစတမ်း စိတ်ဓာတ်နဲ့ အပြင်မှာ ကျန်ခဲ့တဲ့သူတွေက သြဂုတ်လ လှည်းတန်းနဲ့ လှိုင် လူထုဆန္ဒပြပွဲတွေကနေ စတင်ကာ ရွှေဝါရောင်တော် လှန်ရေးကြီး အထိ ဆင်နွှဲ နိုင်ခဲ့ကြတာပဲ မဟုတ်လား။

အဲဒီဖြစ်စဉ် တလျှောက်လုံးကို ကြည့်မယ်ဆိုရင် ၈၈ခုနှစ်တုန်းကလိုပဲ အခုတခါမှာလည်း ကျောင်းသားတွေ ဦးဆောင်တဲ့ အဖြူရောင် လှုပ်ရှားမှုကနေပြီး စည်းရုံး လှုံ့ဆော်ပေးလိုက်တဲ့ နိုင်ငံရေး နိုးကြားမှုကြောင့်ပဲ သံဃလှုပ်ရှား လူထု လှုပ်ရှားမှု ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တယ် လို့ ဆိုရပါမယ်။

အဖြူရောင် လှုပ်ရှားမှုမှသည် ရွှေဝါရောင် တော်လှန်ရေး အထိ မြန်မာ့နိုင်ငံရေးရဲ့ အရေးပါလှတဲ့ အဲဒီ အကွေ့မှာ စာပေအနုပညာရှင်တွေနဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားတွေ နည်းပရိယာယ်အရ စုစည်းနိုင်ခဲ့ပါတယ်။ ရှစ်ဆယ့်ရှစ် ကျောင်းသားတွေ ဒါ့အပြင် NLD လူငယ်တွေနဲ့ပါ စာပေ အနုပညာရှင်တွေဟာ တပ်ပေါင်းစုအသွင် လက်တွဲခဲ့ကြပါတယ်။ ဥပမာ စာရေးဆရာ တာရာမင်းဝေ ဈာပနမှာ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားတွေ အခရာကျခဲ့တာလည် သက်သေတခုပဲ။ ၂၀၀၇ သြဂုတ်လ ၈ ရက် ဗဟန်း ငါးထပ်ကြီးဘုရား သိပ္ပံကျောင်းတိုက်မှာ ရှစ်ဆယ့်ရှစ် ကျောင်းသားတွေ ဦးစီး ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၁၉နှစ် ပြည့် အခမ်းအနားကို စာပေအနုပညာရှင်တွေ အမြောက် အမြား စုံစုံညီညီ တက်ရောက်ခဲ့ကြတာ။ ဒါတွေဟာ စာပေအနုပညာ သမားတွေအတွက် သမိုင်း အမှတ်အသားတွေပါပဲ။

အရေးတော်ပုံ ရင်ခုန်ကြတဲ့ စာပေအနုပညာရှင်တွေဟာ အရေးတော်ပုံကို စစ်အစိုးရက နှိမ်နင်း ဖြိုခွဲတဲ့ အခါတိုင်းမှာ အများသံဃာ ကျောင်းသားပြည်သူတွေလိုပဲ နရသိန် အကျဉ်ထောင်ထဲ ရောက်ကြရ ဒုက္ခ အခက်ခဲနဲ့ ကြုံကြရတာပဲ။ ဒါ မဆန်းတော့ပါဘူး။

လူငယ်တွေ ကြားထဲမှာ ရေပန်းစားတဲ့ အနုပညာသည်တဦး အက်စစ်တေးဂီတ အဖွဲ့ကို ထူထောင်သူ တဦး ဖြစ်တဲ့ ကိုဇေယျာသော် ရွှေဝါရောင်တော်လှန်ရေးမှာ အဖမ်းခံခဲ့ရပါတယ်။ အခု ကိုဇေယျာသော် ကော့သောင်း အကျဉ်းထောင်ထဲမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု သီချင်း ရေးစပ် သီဆိုတဲ့ အလင်္ကာတီးဝိုင်း ခေါင်းဆောင် ရွှေသံစဉ် ကိုဝင်းမော် ရွှေဝါရောင်တော်လှန်ရေးမှာ ထပ်မံ အဖမ်းခံခဲ့ရပြန်တယ်။ အခု ကိုဝင်းမော် အင်းစိန်ထောင်ထဲမှာ အကျဉ်းကျခံနေရတယ်။

အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမယ် ဆိုတဲ့ စိတ်ဓာတ် ခွန်အား သတ္တိတွေ စာပေ အနုပညာသမား အများစုရဲ့ ရင်ထဲ အသည်းထဲမှာ ကိန်းအောင်း ဝင်ရောက်နေခဲ့ပြီလို့ ကျနော် ယုံကြည်လျက်ပါ။

စာပေနဲ့ အနုပညာက ဖျားနာနေတဲ့ တိုင်းပြည်ကို ကယ်တင် ကုသ နိုင်ပါတယ်။ ကျနော်တို့ စာပေ အလုပ်၊ အနုပညာအလုပ်တွေ ဆထက်ထမ်းပိုး တိုး၍ တိုး၍ လုပ်ဆောင်သွားကြပါစို့။ ။


[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Comments

victorOway said…
ဆရာအောင်ဝေးခင်ဗျား-
ဆရာရဲ့စကားပြေလေးတွေထပ်မံကြားပါရစေဦး။ ဆရာမောင်ချောနွယ်ရဲ့ ကဗျာစာသားအပိုင်းအစလေးကို ဆရာ့ထံသို့ ကျနော့်ရွတ်ဆိုပေးလိုက်ပါရစေ။ ဒီကဗျာနှင့်ပတ်သက်လို့ ဆရာ့နေဖြင့် စကားပြေခံစားမှုလေးရေးပေးစေချင်ပါတယ်။အဲဒါက-မေလ
သြော်-မေလ-မေလ-
ပြုတ်ကျသွားတဲ့
ဝက်သားဖတ်လေးတောင်
ကောက်စားမသွားရတဲ့မေလ-တဲ့။
ဆရာ့ရဲ့ ရင်ခုန်သံလေးကို ထပ်မံကြားပါရစေခင်ဗျား။
လေးစားလျှက်
ကျည်ဝေဖြိုး။