Aung Way - Revolution Spirits - Last Episode (24)

အရေးတော်ပုံ ရင်ခုန်သူများ - အပိုင်း ၂၄ နိဂုံး
အောင်ဝေး
ဧပြီ ၁၄၊ ၂၀၁၀
 သရုပ်ဖော် အောင်လတ်
 အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဘဝမှာ တိုက်ပွဲတွေ၊ အန္တရာယ်တွေ ကြားကနေ မမေ့မလျော့ ကဗျာကို ချစ်ခဲ့တယ်။ စာပေကို မြတ်နိုးခဲ့တယ်။ အနုပညာကို တန်ဖိုးထားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတဲ့ စကားတခွန်း ရှိတယ်။ “တော်လှန်ရေးမှာ အနုပညာ ပါတယ်၊ အနုပညာ မပါတဲ့ တော်လှန်ရေးဟာ မအောင်မြင်နိုင်ပါဘူး” တဲ့။ ဗိုလ်ချုပ်ပြောတဲ့ အနုပညာဆိုတဲ့ စာပေ အနုပညာ အားလုံးကို ဆိုလိုတာပါ။
          ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ပထမ လွတ်လပ်ရေး တိုက်ပွဲခေတ် တလျှောက် စာပေနဲ့ အနုပညာသည်တွေရဲ့ အခန်းကဏ္ဍက ကြီးကျယ် ထင်ရှားခဲ့ပါတယ်။  မဟာကဗျာဆရာကြီး ဒေါက်တာ သခင်ကိုယ်တော်မှိုင်းက အစ တေးဂီတ ပညာရှင်ကြီး ဆရာရွှေတိုင်ညွန့်တို့ အလယ် ခေတ်ဟောင်း အဆိုတော်ကြီး ဒေါ်ဘိလပ်ပြန်သန်း (ခ) ဒိုရာသန်းအေးတို့အဆုံး အနုပညာရှင် အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဝန်းရံ ပေးခဲ့ကြတာပဲ မဟုတ်လား။
တော်လှန်ရေးဟာ အနုပညာဆန်ရမယ် မဟုတ်လား။
          ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ခေတ်မှာလည်း ရှစ်လေးလုံး အရေးတော်ပုံမှသည် ရွှေဝါရောင်တော်လှန်ရေး အထိ စာပေနဲ့ အနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးခဲ့ကြတယ်။ ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဦးထွန်းဝေက အစ အဆိုတော်ကြီး ဒေါ်မာမာအေးအလယ် ကဗျာဆရာ စောဝေတို့အဆုံး စာပေ အနုပညာ လောကသားတွေဟာ ဒေါ်အောင်ဆန်းစုကြည့်နဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားတွေရဲ့ တိုက်ပွဲကို အပြည့်အဝ ထောက်ခံ အားပေးခဲ့ကြတာပါ။
          တိုင်းပြည်မှာ လူထုအုံကြွမှုတွေ ပေါ်ပေါက်လာတိုင်း တိုးတက်တဲ့ စာပေအနုပညာ သမားတွေဟာ တွန့်ဆုတ်မနေခဲ့ပါဘူး။ နောက်ကျန်မနေခဲ့ပါဘူး။ ကျောင်းသားပြည်သူ ရဟန်းရှင်လူ ရင်ပေါင် တန်းပြီး တက်တက်ကြွကြွ ရဲရဲရင့်ရင့် ပါဝင်ခဲ့ကြတာပဲ မဟုတ်ပါလား။
          တော်လှန်ရေးဟာ အနုပညာမြောက်ရမယ် မဟုတ်လား။
          ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားကို အမြဲ သတိရကြပါတယ်။ “ကျမတို့ဟာ စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ထူထောင်ရမယ်” တဲ့။ အမှန်တရားကို ရောက်ဖို့ ချဉ်းကပ်ရတဲ့ လမ်းက အလှတရားလမ်း ဖြစ်ပါတယ်။ အလှတရား ဆိုတာ အနုပညာကပဲ ပေးစွမ်းနိုင်တာပါ။ စာပေအနုပညာ ဆိုတာ အမှန်တရား ခွန်အား သတ္တိပဲပေါ့။
          အနုပညာက ဘဝမှာ အမှန်တရား ခွန်အားသတ္တိ ပေးနိုင်ပုံ သာဓက တချို့ကို ပြောခဲ့ပါရစေ။
          လူကြီးလူငယ်တိုင်း ဒါရိုက်တာ ဂျိမ်းကင်မရွန်ရိုက်တဲ့ တိုက်တန်းနစ် ရုပ်ရှင်ကား ကြည့်ဖူးကြပါလိမ့်မယ်။ သင်္ဘောကြီး ဦးထောင်ပဲ့စိုက် တဖြည်းဖြည်း နစ်နေတဲ့ အချိန်မှာ  ကုန်းပတ်ပေါ်က တယောတီးဝိုင်း အဖွဲ့က တယောထိုး မပျက်ပါဘူး။ ခရီးသည်တွေ ဝရုန်းသုန်းကား ဆောက်တည်ရာမဲ့ ဖြစ်နေတဲ့ အချိန်မှာ သူတို့ တယောအဖွဲ့ဟာ တည်တည် ငြိမ်ငြိမ်နဲ့ သူတို့ရဲ့တယောတွေကို ဆက်ထိုးနေကြပါတယ်။  သူတို့ရဲ့ ဂီတဟာ ရပ်မသွားဘူး။ သူတို့ရဲ့တယောသံဟာ ကမ္ဘာပျက်နေတဲ့ သင်္ဘောကြီးပေါ်မှာ သေမင်းကို ပြောင်ပြောင် တင်းတင်း စိန်ခေါ်နေတဲ့ ဘဝအမှန်တရားတွေပဲ။ ရုပ်ရှင် ကြည့်နေတဲ့သူတွေဟာ အဲဒီ ကုန်းပတ်တယောအဖွဲ့ကို မမေ့နိုင်ကြတော့ဘူး။
          ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမား အရေးအခင်းကြီး ဖြစ်တုန်းက ရန်ကုန်တက္ကသိုလ်မှာ ဖြစ်ခဲ့တဲ့ လွမ်းစရာ တခုလည်း ရှိပါတယ်။ အလုပ်သမားတိုက်ပွဲကို မဆလ စစ်တပ်က သေနတ်နဲ့ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီး တပြိုင်နက်  တက္ကသိုလ်ကောလိပ် တွေကိုလည်း အရေးပေါ် ပိတ်ပြစ်လိုက်ပါတယ်။ ကျောင်းသားတွေ အဆောင်ကနေ ချက်ချင်း ထွက်ပေးရမယ်လို့ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။
          ဒဂုံဆောင် ဝရန်တာမှာ စိတ်ပညာအဓိက ရခိုင်ကျောင်းသား တဦးဟာ ထွက်ခွာသွားတဲ့ ကျောင်းသားတွေကို ကြည့်ရင်း သူ့တယောလေးကို ကြိုးညှိပြီး ပခုံး ပါးမှီလိုက်ပါတယ်။ ပြီးတော့ တေးသွားတခုကို သူ စထိုးပါတယ်။ တေးသွားက ရှေ့မတက်ပါဘူး။ ဒါကိုပဲ သူ ထပ်ထပ်ပြီး ကြော့ကြော့ ထိုးနေတာပါ။ သူ့မျက်နှာပေါ်မှာလည်း မျက်ရည်တွေ တွေတွေ ကျနေပါပြီ။ သေချာ နားစိုက်ထောင်တော့မှ သူထိုးနေတဲ့ တေးသွားက ဗိုလ်ချုပ်အောင်ဆန်း သီချင်းထဲက ဖြစ်နေပါရဲ့။
          “ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” တယောသံကို ကြားရတဲ့ ကျောင်းသားတိုင်း မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ရတယ်လို့ ဆိုပါတယ်။
          ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက ဧရာဝတီမြစ်ကမ်းဘေးက မြေလတ် မြို့ကလေး တမြို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေး တခုလည်း ရှိပါတယ်။ အဲဒီ မြို့ကလေးမှာ စစ်တပ်က သေနတ်နဲ့ပစ်လို့ ကျဆုံးသွားရတဲ့ ကျောင်းသားလေးတွေအတွက် မြို့လူထုက ဆုတောင်းပွဲလုပ်ပါတယ်။ ဧရာဝတီ မြစ်ရေစီးထဲကို ပန်းပွင့်ကလေးတွေ မျှောလို့ ပန်းလေးတွေနဲ့အတူ ကျဆုံးသူတို့ ဝိညာဉ်တွေ ပင်လယ်ထဲ လိုက်ပါ လွတ်မြောက်ပါစေ ဆိုတဲ့ သဘော ထင်ပါရဲ့။ အဲဒီမှာ မြို့ကလေးက တယောဆရာဟာ ဆည်းဆာရိပ်အောက်က မြစ်ကမ်းပါးမှာ ရပ်ပြီး တေးသွားတစကိုပဲ ထပ်ချည်း တလဲလဲ ထိုးလို့နေပါတော့တယ် တဲ့။ သူက “ပန်းကလေးတွေနဲ့ ဂုဏ်ပြုလိုက်ပါတယ်” ဆိုပြီး စကားသံလို ပီပီသသကြီး ထိုးနေခဲ့တာကိုး။
          တော်လှန်ရေးဟာ လွမ်းစရာကောင်းပါတယ်။ တကယ်တော့ စစ်ဖိနပ်အောက်က ပြည်သူတွေရဲ့ ဘဝဟာ ကဗျာတော့ မဆန်ပါဘူး။ ဒါပေမဲ့ တော်လှန်ရေးမှာ အနုပညာပါရမယ်။
          ဆရာဇော်ဇော်အောင်ရဲ့ စကားနဲ့ပဲ ဒီအစီအစဉ်ကို နိဂုံး ချုပ်ပါရစေ။
“နိုင်ငံဟာ ဖျားနေတယ်။ နာတာရှည်ပေါ့။ ရောဂါရနေတယ်။ အဲဒါ စာပေအနုပညာက ပျောက်ကင်းအောင် ကုသ ကယ်တင်ရမယ်”
          ဆရာဇော်ဇော်အောင်နှင့် တကွ မြန်မာနိုင်ငံ စာပေနှင့် အနုပညာရှင်များ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ အရေးတော်ပုံ အောင်ပါစေ။  ။
          အောင်ဝေး 11/30/09
          [ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Comments