Revolution participants - 21

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၂၁
အောင်ဝေး
မတ် ၂၁ ၊ ၂၀၁၀သရုပ်ဖော် - အောင်လတ်

ဒီနေ့ခေတ်ကို သတင်းနည်းပညာခေတ်လို့ ဆိုကြပါတယ်။ ဘာသာရပ် ဝေါဟာရအားဖြင့် သတင်းဆက်သွယ်ရေး နည်းပညာ Information Communication Technology (ICT) လို့ ခေါ်ပါတယ်။

ဒီလို သတင်းဆက်သွယ်ရေး နည်းပညာ အိုင်စီတီ ဖွံ့ဖြိုး တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ချွေးသီးချွေးပေါက် ကျပြီး ကြောက်ရွံ့ တုန်လှုပ် ခြောက်ခြားနေတဲ့သူတစ်စုကတော့ ကမ္ဘာအရပ်ရပ်က အာဏာရှင် လက်တစ်ဆုပ်စာပါ။

အာဏာရှင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ နေ့တွင်းချင်း ညတွင်းချင်း နေ့ညမဆိုင်းဘဲ ဖော်ထုတ် ဖွင့်ချ ခံနေရလို့ပါပဲ။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အီရန် တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ အစိမ်းရောင် တော်လှန်ရေးမှာ တက္ကသိုလ်ကျောင်းသူတစ်ဦး အီရန်စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားရတဲ့ သတင်း ဓာတ်ပုံဟာ အီရန် အာဏာရှင်တွေရဲ့ အရှိုက်ကို ထိုးနှက်နိုင်ခဲ့တာပဲ မဟုတ်လား။

သတင်းဆက်သွယ်ရေး နည်းပညာဟာ အာဏာရှင် မှန်သမျှရဲ့ ရက်စက် ကြမ်းကြုတ်မှု အလုံးစုံကို ဖော်ထုတ် ဖွင့်ချဖို့၊ တိုက်ခိုက်ဖို့ အမြဲ အသင့်အနေအထားမှာ ရှိနေပါတယ်။ ဘယ်အာဏာရှင်မဆို ဒီ သတင်းဆက်သွယ်ရေး နည်းပညာ၊ တစ်နည်း မီဒီယာကို ပမာမခန့်ပြုလို့ မရတော့ပါဘူး။

မီဒီယာရဲ့ အစွမ်းလက်နက်ကို ကြောက်တဲ့အတွက် မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ရမယ် ဆိုပြီး မြန်မာပြည်က စစ်အာဏာရှင်တွေနဲ့ နောက်လိုက် ဖောက်ပြန်ရေး မီဒီယာသမား တချို့က သွေးရူးသွေးတန်း အော်ဟစ်နေတာပဲ မဟုတ်လား။

အထူးသဖြင့် မြန်မာ စစ်အာဏာရှင်တွေဟာ အမှန်အတိုင်း ပြောရရင် လူထုဘက်က မီဒီယာတွေကို စိုးစဉ်းမျှ မလိုလားပါဘူး။ ဒါကြောင့် နည်းမျိုးစုံနဲ့ ဖိနှိပ်၊ ချုပ်ချယ် ဟန့်တားနေတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ စာပေ အနုပညာ လွတ်လပ်ခွင့် လုံးဝ မရှိဘူး။ သတင်းလွတ်လပ်ခွင့် လုံးဝ မရှိဘူး။ ပြည်တွင်းမှာ အင်တာနက် ဆက်သွယ်ရေးကို မလိုရင် မလိုသလို ဖြတ်တောက်ပစ်တာမျိုးတွေ၊ အင်တာနက်ကွန်နက်ရှင် နှေးအောင် တမင် လုပ်တာမျိုးတွေ၊ အင်တာနက် ကဖေးဆိုင်တွေ၊ အင်တာနက် သုံးစွဲသူတွေကို ခြိမ်းခြောက် ဟန့်တားတာတွေ၊ မတရား၊ ပိတ်ပင် တားမြစ်တာတွေ အတောမသတ်အောင် ကြားနေရပါတယ်။

ဒါ့အပြင်လည်း တယ်လီဖုန်းလိုင်းတွေကို စစ်အစိုးရ ကန့်သတ် ကြိုးကိုင်ထားတဲ့ ကြားက စစ်အစိုးရဲ့ ထောက်လှမ်းရေးတွေက တရားမ၀င် ကြားဖြတ် ခိုးယူ နားထောင်တာမျိုးတွေအထိ စစ်အုပ်စုက လက်ရဲ ဇက်ရဲ လုပ်ဆောင်လာပါတယ်

အဲဒီလို စစ်အုပ်စုရဲ့ မတရား ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေပဲ လုံးဝ မကြောက်မရွံ့တဲ့ စိတ်နဲ့ စစ်မှန်တဲ့ လူထုဘက်တော်သား မီဒီယာသမား ဆိုတဲ့ သတ္တိနဲ့ မြန်မာ့အရေးကို ကမ္ဘာက သိအောင် စွန့်စား ကြိုးပမ်းခဲ့ကြရတဲ့ လုပ်ရပ်တွေ အမြောက်အမြား ရှိပါတယ်။

ဓာတ်ပုံလေးတစ်ပုံ ဘလော့ဂ်လေးတစ်ခု၊ ဗီဒီယိုမှတ်တမ်းလေး တစ်ကားပေမဲ့ ကမ္ဘာက ခေါင်းထောင်ကြည့်ရလောက်အောင် မြန်မာ့အရေးကို ဖော်ထုတ် တင်ပြပေးနိုင်ခဲ့တဲ့ သာဓက တချို့ကို ပြောပြချင်ပါတယ်။

မနေ့ တနေ့တုန်းက နိုဝင်ဘာ ၉ ရက် ဘာလင်တံတိုင်းကြီး ပြိုလဲသွားတဲ့ အနှစ် ၂၀ ပြည့် အခမ်းအနား ဂျာမနီ နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ဒီ ၂၀၀၉ ခုနှစ်ဟာ ဆိုဗီယက် ယူနီယံ ပြိုကွဲသွားတဲ့ အနှစ် ၂၀ ပါပဲ။ ဒီ ၂၀၀၉ ခုနှစ်ထဲမှာပဲ ဇွန်လ ၄ ရက် တရုတ်ပြည် ပီကင်းတက္ကသိုလ်ကျောင်းသားတွေရဲ့ တိန့်အန်မင် ရင်ပြင် အရေးအခင်း အနှစ် ၂၀ ပြည့်ပါတယ်။

အဲဒီ ကမ္ဘာနဲ့ ချီတဲ့ တော်လှန်မှုတွေ ပြောင်းလဲမှုတွေရဲ့ ရှေ့တော်ပြေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်နေတာပါပဲ။ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး တောင်းဆိုမှု တိုက်ပွဲဟာ ကမ္ဘာနံရံ အသီးသီး တိုင်းပြည်အသီးသီးကို ရိုက်ခတ်ခဲ့တာပါပဲ။

အဲဒီတုန်းက မြန်မာပြည်က ဓာတ်ပုံလေးတစ်ပုံဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံကတော့ စစ်တပ်က သေနတ်နဲ့ ပစ်လို့ ဒဏ်ရာ ရထားတဲ့ ကျောင်းသူလေး တစ်ယောက်ကို ဆရာဝန် နှစ်ဦးက ပွေ့ချီ သယ်ပြေးကြတဲ့ ဓာတ်ပုံပါပဲ။ ဒီဓာတ်ပုံဟာ ကမ္ဘာကျော် Newsweek မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ ပါလာပြီး ကမ္ဘာအနှံ့က သတိပြုမိသွားကြပါတော့တယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ မဆလ လက်ကျန် စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို သိမ်းပိုက်လိုက်ပါတယ်။ ဒါကို မကျေနပ်တဲ့ လက်မခံတဲ့ ကျောင်းသား ပြည်သူတွေက လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြ အင်အားစုတွေကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ အနီး ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ စစ်တပ်က သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းလို့ ကျောင်းသား ပြည်သူ အများအပြား သေဆုံးခဲ့ရပါတယ်။

အဲဒီအထဲမှာ ရှစ်တန်းကျောင်းသူလေး မ၀င်းမော်ဦးလည်း ပါသွားပါတယ်။ သွေးသံအလိမ်းလိမ်းနဲ့ ဒဏ်ရာ အကြီးအကျယ် ရထားတဲ့ မ၀င်းမော်ဦးကို လူငယ် ဆရာဝန်နှစ်ဦးက ပွေ့ချီပြီး ဘေးလွတ်ရာကို သယ်ပြေးလာတဲ့ ဓာတ်ပုံဟာ အဲဒီ ၁၉၈၈ ကတည်းကစလို့ ဒီနေ့အထိ ကမ္ဘာအနှံ့ ပျံ့ပြီး စကားပြောနေပါပြီ။ ဒီဓာတ်ပုံကလေးဟာ မြန်မာစစ်အစိုးရရဲ့ ဖက်ဆစ်အသွင်ကို ဖွင့်ချ ဖော်ထုတ်လိုက်တဲ့ ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။

ဒီဓာတ်ပုံကလေးထဲမှာ ပါတဲ့ ကျောင်းသူလေး မ၀င်းမော်ဦးကတော့ ရန်ကုန်ဆေးရုံကြီးပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ မ၀င်းမော်ဦးကို သယ်ပြေးခဲ့ကြတဲ့ လူငယ် ဆရာဝန်နှစ်ဦးလည်းပဲ ကွယ်လွန်သွားခဲ့ကြပါပြီ။ ဒေါက်တာမင်းသိန်းဟာ ၁၉၈၉ ခုနှစ်ထဲမှာ ကွယ်လွန်ခဲ့ပြီး ဒေါက်တာစောလွင်ကတော့ ၁၉၉၅ မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဒီဓာတ်ပုံလေးထဲက ကာယကံရှင်တွေ တစ်ဦးမှ မရှိကြတော့ပေမဲ့ ဒီဓာတ်ပုံလေးကတော့ မပြီးဆုံးသေးတဲ့ မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံကို ကိုယ်စားပြု ရှင်သန်နေဦးမှာပါပဲ။

ဒီဓာတ်ပုံလေးကို AP သတင်း ဓာတ်ပုံတစ်ပုံရယ်လို့ပဲ ကျွန်တော်တို့ သိထားကြပြီး ဘယ်သူဘယ်ဝါ ရိုက်ခဲ့တဲ့ ဓာတ်ပုံလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိကြပါဘူး။

ဘာပဲဖြစ်ဖြစ် အဲဒီ သမိုင်းဝင် ဓာတ်ပုံကို ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံပညာရှင်ကိုတော့ ကျွန်တော်တို့ တစ်သက်လုံး ဂုဏ်ပြုနေမှာ အမှန်ပါပဲ။

[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Comments