Revolution participants - 20

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၂၀
အောင်ဝေး
မတ် ၁၄၊ ၂၀၁၀ သရုပ်ဖော် - အောင်လတ်

ပန်းဆိုတာ ကြွေမှာပဲလေ။ တစ်ပွင့်ကြွေရင် နှစ်ပွင့် ဝေမယ်၊ ကြွေတာကိုက ပွင့်ခြင်းပဲ။ ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ် ၁၉၆၉ ခုနှစ်တုန်းက တော်လှန်ကဗျာစာအုပ်ထဲမှာ ရေးခဲ့တဲ့ ကဗျာ တစ်ပိုဒ်ပါ။

ကျွန်တော်တို့ တိုင်းပြည်မှာက ပန်းတွေ ကြွေနေရတယ်။ ကြယ်တွေ ကြွေနေကြတယ်။ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ အရေးတော်ပုံအတွက် ပန်းတွေ ကြွေနေတဲ့ တိုင်းပြည်၊ ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်။ ဒီတိုင်းသူပြည်သား တော်လှန်ရေးအင်အားစုတွေဘက်က ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေက များခဲ့လှပါပြီ။

ဒါပေမဲ့ ဒီ တိုင်းသူပြည်သားတွေရဲ့ ဒီမိုကရေစီ တော်လှန်ရေး စိတ်ဓာတ်ကတော့ ဘယ်တော့မှ သေဆုံးမသွားပါဘူး။ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

သွေးခင်းတဲ့ မြေပြင်ပေါ်မှာ မကြောက်တရား ပန်းတွေ ထပ်ထပ်ပြီး ပွင့်လာမြဲ။ သွေးစွန်းတဲ့ ကောင်းကင်ယံမှာ မကြောက်တရား ကြယ်တွေ တိုးတိုးပြီး လင်းလက်လာမြဲ။

ဒီ တိုင်းသူပြည်သားတွေဟာ မကြောက်တဲ့စိတ်နဲ့ စစ်အာဏာရှင်စနစ်ကို အန်တု ရင်ဆိုင်နေတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာ လက်လွတ်ဆုံးရှုံးသွားမှာကို ကြောက်တဲ့စိတ်နဲ့ မျက်စိမှိတ်ပြီး ဒီမိုကရေစီ အင်အားစုတွေကို နှိပ်စက် ရမ်းကားနေတာပဲ မဟုတ်လား။

စစ်အာဏာရှင်တွေဟာ ဘယ်လောက်တောင်ကြောက်နေသလဲ ဆိုရင် လူတစ်ယောက် သေဆုံးသွားတဲ့ နောက်ဆုံးခရီးမှာတောင် သူတို့ဟာ ကြောက်စိတ်နဲ့ လိုက်လံ နှောင့်ယှက်တာမျိုး ပိတ်ပင် ဟန့်တားတာမျိုးတွေ လုပ်တတ်ကြပါတယ်။

အထူးသဖြင့် ထင်ရှားတဲ့ စာပေအနုပညာရှင် တစ်ယောက်ယောက်ရဲ့ ဈာပနမျိုးမှာ စစ်အာဏာရှင်တွေဟာ ကြောက်စိတ်နဲ့ စစ်ထောက်လှမ်းရေးတွေ၊ သတင်းပေးတွေကို အင်နဲ့အားနဲ့ သုံးပြီး ဗီဒီယို ရိုက်ယူတာမျိုး၊ ဓာတ်ပုံရိုက်ယူတာမျိုးတွေ လုပ်လေ့ရှိစမြဲပါ။

အဘ လေထီးဦးအုန်းမောင်၊ ဆရာကြီး မင်းသုဝဏ်၊ အန်ကယ် ဦးကြည်မောင်၊ အဘ သခင်ခင်ညွန့် စတဲ့ စာပေအနုပညာလောကနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ကွယ်လွန်တုန်းက သင်္ချိုင်းကုန်းမှာ စစ်ထောက်လှမ်းရေးတွေ နအဖ သတင်းပေးတွေ ခြေချင်းလိမ်နေခဲ့တာ မမြင်ချင်အဆုံးပါပဲ။

စစ်အာဏာရှင်တွေဟာ အဲဒီလို လူတစ်ဖက်သားရဲ့ နာရေးမှာတောင် သုဿန်တစပြင် သင်္ချိုင်းအထိ လိုက်ပြီး မသိသား ဆိုးဝါးစွာ နှောင့်ယှက် ဒုက္ခပေးနေတဲ့သူတွေပါ။

အဲဒီလို သေတာတောင် ဖြောင့်ဖြောင့်မသေရဘဲ စစ်အာဏာရှင်တွေရဲ့ လိုက်လံ နှောင့်ယှက်မှုကို ခံခဲ့ရတဲ့ သူတွေထဲမှာ စာရေးဆရာ တာရာမင်းဝေလည်း ပါပါတယ်။ ဗကသ ခေါင်းဆောင်တစ်ဦး၊ နိုင်ငံရေးအကျဉ်းသား တစ်ဦး ဖြစ်တဲ့ ရွှေဘုန်းလူ (ခေါ်) တာရာမင်းဝေ ၂၀၀၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဈာပနကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီ ရေဝေးသုဿန်မှာ ကျင်းပမှာပါ။ သြဂုတ်လ ၈ ရက်နေ့ဟာ ရှစ်လေးလုံးအရေးတော်ပုံ ၁၉ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ထုံးစံအတိုင်း စာပေ အနုပညာလောကသားတွေထဲက ဈာပန ဆိုရင် ၃၃ လမ်း လေထန်ကုန်းလက်ဖက်ရည်ဆိုင်မှာ ဈာပန ပို့ဆောင်ဖို့ ကား စီစဉ်ထားလေ့ရှိပါတယ်။

တာရာမင်းဝေ အသုဘ ပို့ဆောင်ဖို့ လေထန်ကုန်းက ဘီအမ်ကားကြီး ၅ စီး တာဝန်ယူ စီစဉ် ငှားရမ်းပေးပါတယ်။ ဈာပနကားတွေ နေ့ခင်း ၁၁ နာရီခွဲမှာ ထွက်မယ်လို့လည်း ကြေညာထားပါတယ်။

သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းက စပြီး ဈာပန ပို့မယ့် စာပေသမားတွေ၊ စာဖတ်ပရိသတ်တွေ၊ တာရာမင်းဝေရဲ့ ကျောင်းသား နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ NLD အဖွဲ့ဝင်တွေ လေထန်ကုန်းမှာ စုကြလို့ ဈာပနကားတွေ ထွက်မယ့် အချိန်လည်း နီးရော ရဲသားတစ်ယောက်နဲ့အရပ်သား တစ်ယောက် ရောက်လာပြီး ကားဆရာတွေကို ဒီဈာပန လိုက်ပို့ရင် လိုင်စင်သိမ်းမယ်၊ ကားသိမ်းမယ်လို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာပါတော့တယ်။

အဲဒီမှာ ကားဆရာတွေလည်း ကြောက်လန့်ကုန်ကြပါတယ်။ ဈာပန မပို့နိုင်တော့ပါဘူး ဆိုပြီး တစ်ကားပြီး တစ်ကား သူတို့ဂိတ်ထိုးတဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို အမြန် မောင်းပြေးသွားကြပါပြီ။

ဈာပန ပို့မယ့် လူ သုံးလေးရာလောက်ဟာ ၃၅ လမ်းထိပ် ဗိုလ်ချုပ်လမ်းမပေါ်မှာ မကျေမချမ်းတွေ ဖြစ်ကုန်ပါတော့တယ်။ ကျွန်တော်တို့ ကျောက်တံတား ရဲစခန်းကို သွားမေးတဲ့အခါ ရဲစခန်းက ဒီကိစ္စ သူတို့ ဘာမှ မသိပါဘူးလို့ ပြန်ပြောခဲ့ပါတယ်။

ကျွန်တော်နဲ့ သုံးရောင်ခြယ် ကိုစိန်လှိုင်တို့ မကျေမချမ်း ဖြစ်နေတဲ့ ကိုယ့်လူအုပ်ကို ကိုယ်ထိန်းနေရပါတယ်။ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဈာပန ပို့မယ့်သူတွေက ဆန္ဒပြနေကြပါပြီ။

ရေဝေးသုဿန်မှာ ရောက်နှင့်နေတဲ့ ကိုဇာဂနာတို့ ကိုဇော်သက်ထွေးတို့ဆီကို ဒီမှာ ကျွန်တော်တို့ ကားတွေ ပြန်သိမ်းခံရတဲ့အကြောင်း ကျွန်တော် ဖုန်းဆက်ပြီး ပြောလိုက်တယ်။

မကြာခင်မှာ ကျောက်တံတား မယက အတွင်းရေးမှူး ကားကလေးနဲ့ ပေါက်ချလာပါတယ်။ သူမရောက်ခင် နယ်မြေခံ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေးတွေက အရင် ရောက်နှင့်နေတာပါ။ ကျွန်တော်တို့က မယက အတွင်းရေးမှူးကို ဈာပန ပို့မယ့် ကားတွေ ပြန်ရအောင် စီစဉ်ပေးဖို့ အရေးဆိုကြပါတယ်။

မကျေမချမ်း ဖြစ်နေတဲ့ လူအုပ်ကြီးရဲ့ အသံကလည်း တစ်စထက်တစ်စ ကျယ်လောင် ပေါက်ကွဲလာပါပြီ။ ကျွန်တော်တို့ အရေးဆိုနေတုန်းမှာပဲ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေးလည်း ရောက်လာပါတယ်။

ဈာပန ကျင်းပမှာက နေ့လယ် ၁ နာရီ မှာပါ။ အခု ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ အချိန်က မွန်းတည့် ၁၂ နာရီ ထိုးခါနီး ဖြစ်နေပါပြီ။ ကျွန်တော်တို့က မယက အတွင်းရေးမှူးကို ၁၂ နာရီ ထိုးလို့မှ ကားတွေ ပြန်ရောက်မလာဘူး ဆိုရင် ကျွန်တော်တို့ လူအုပ်ကြီး ရေဝေးကို လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ပြီးဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

မယက အတွင်းရေးမှူးလည်း ပျာပျာသလဲ ဖုန်းတွေ ဟိုဆက်ဒီဆက် ဆက်ပြီး ကားတွေ မကြာခင် ပြန်ရောက်လာပါလိမ့်မယ် လို့ ကျွန်တော်တို့ကို ကတိပေးပြီး ထွက်သွားပါတယ်။

သူ့ကတိတော့ တည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လေထန်ကုန်းက ကားတွေ ရေဝေးကို ရောက်တော့ ဈာပန အခမ်းအနားက စတင်နေခဲ့ပါပြီ။ “သွားနှင့်တော့ သူငယ်ချင်း” ဆိုတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ဂုဏ်ပြုကဗျာ ရွတ်သံ နောက်ဆုံးပိုဒ်လေး မီရုံပဲ ရှိပါတယ်။

သေတဲ့လူက သေသွားပါပြီ။ ဘာဖြစ်လို့ သူ့ရဲ့ နောက်ဆုံးခရီးကို နှောင့်ယှက်ချင်ကြတာလဲ။ ဒုက္ခပေးချင်ကြတာလဲ။

ဒီလို အပြုအမူမျိုးကို လိပ်ပြာမလုံတဲ့ သူတွေကသာ လုပ်ဆောင်တတ်ကြပါတယ်။ လိပ်ပြာ မလုံတဲ့သူတွေဟာ အမှန်တရားကို ရင်မဆိုင်ရဲလောက်အောင် ကြောက်စိတ် ၀င်နေတဲ့ သူတွေပဲ မဟုတ်ပါလား။

[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Comments