Revolution participants - 18

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၁၈
အောင်ဝေး
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၀
[သရုပ်ဖော် အောင်လတ်]

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး တည်ထောင်စဉ်က စပြီး ဒီကနေ့ အချိန်အထိ အဖွဲ့ချုပ်ကြီးရဲ့ နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းတွေဟာ ဘာတစ်ခုမှ လွတ်လွတ်လပ်လပ် လုပ်ကိုင် ဆောင်ရွက်ခဲ့ရတယ်လို့ မရှိခဲ့ပါဘူး။

အဖွဲ့ချုပ်ကြီးရဲ့ လုပ်ငန်းဆောင်တာ အ၀၀ဟာ န၀တ၊ နအဖ စစ်အစိုးရတွေရဲ့ မတရားတဲ့ ဥပဒေ အမျိုးမျိုး၊ အမိန့်အာဏာ အမျိုးမျိုးအောက်မှာ အစစ အရာရာ ကန့်သတ် ပိတ်ပင် တားမြစ်ခံခဲ့ရတာပါပဲ။

ဥပမာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးလို့ ဂန္ဒီအစည်းအဝေး ကျင်းပခဲ့စဉ်က ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၆၀ အတွင်း လွှတ်တော် ခေါ်ယူရေးနဲ့ ပတ်သက်တဲ့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း မဟတ္တမ ဂန္ဒီ ခန်းမမှာ ကျင်းပဖို့ အစည်းအဝေးရက်က ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့ ဖြစ်ပါတယ်။

အဲဒီမှာ န၀တ စစ်အုပ်စုက ဇူလိုင်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ န၀တရဲ့ အမိန့်အမှတ် ၁/၉၀ ကို အားချင်း ထုတ်ပြန်ပြီး NLD ရဲ့ လွှတ်တော်ခေါ်ယူရေး အစီအစဉ်ကို ဟန့်တား၊ ပိတ်ပင်၊ ခြိမ်းခြောက်လိုက်တာမျိုး။

န၀တ/နအဖ စစ်အစိုးရ အဆက်ဆက်မှာ NLD ဟာ တရားဝင် နိုင်ငံရေးပါတီ တစ်ရပ် ရွေးကောက်ပွဲ အနိုင်ရ အထင်ကရ အဓိက အတိုက်အခံ ပါတီ တစ်ရပ်နဲ့ မလျော်ညီအောင်ကိုပဲ ဖိနှိပ် ချုပ်ချယ်ခံရ၊ ကန့်သတ် ပိတ်ပင်ခံရတဲ့ သက်သေ သာဓကတွေကတော့ အများကြီးမှ အများကြီးပါပဲ။

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စတဲ့ ခေါင်းဆောင်တွေ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ကြားကပဲ NLD ဟာ ချမှတ်ထားတဲ့ ဒီမိုကရေစီ လမ်းစဉ်ကို တစ်သဝေမတိမ်း လျှောက်လှမ်းလာခဲ့တယ်။ NLD ရဲ့ လမ်းက မချောမွေ့လှပါဘူး။ ကြမ်းတမ်း၊ ခက်ခဲတဲ့ ခရီးလမ်း ဖြစ်ပါတယ်။

ဒီခရီးလမ်းကို လျှောက်လှမ်းကြတဲ့ NLD အဖွဲ့ဝင်တွေဟာ ဒုက္ခဆိုး အမျိုးမျိုး အဖုံဖုံကို ရင်ဆိုင်၊ ကြုံတွေ့၊ ခံစားကြရပါတယ်။ အဖမ်းဆီး၊ အထိန်းသိမ်းခံကြရပါတယ်။

ထွက်ပြေးတဲ့သူ ထွက်ပြေးတိမ်းရှောင်ရပါတယ်။ ထောင်ထဲမှာ အသက်ပေးသွားခဲ့ရသူတွေ ရှိသလို ထောင်အပြင်မှာ အသက် စွန့်ခဲ့ရတဲ့သူတွေလည်း မနည်းပါဘူး။ တချို့ဆို ၀ရမ်းပြေးဘ၀နဲ့ အကြာကြီး ဇာတ်မြုပ်သွားကြရတဲ့ အဖြစ်တွေလည်း မနည်းလှတော့ပါဘူး။

အဲဒီလို နိုင်ငံရေးဒုက္ခပင်လယ်ဝေကြရတဲ့ NLD အဖွဲ့ဝင်တွေ၊ NLD လိုလားသူတွေထဲက အနုပညာနဲ့ ဆက်စပ် ပတ်သက်နေတဲ့ အနစ်နာခံခဲ့သူတချို့ အကြောင်းကို ပြောပြချင်ပါတယ်။

၁၉၉၆ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ ဇူလိုင်မှာ ပထမအကြိမ် နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက် NLD ရဲ့ လှုပ်ရှားမှုတွေ တစ်ဖန် ပြန်လည် နိုးထ၊ အသက်ဝင်လာတဲ့ အချိန်ပါ။ ၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၄ ရက် NLD ရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို အကောင်းဆုံး စည်ကား သိုက်မြို့ ခမ်းနားစွာ ကျင်းပကြပါတယ်။

အဲဒီရဲ့ ရလဒ်ကတော့ န၀တ စစ်အစိုးရက NLD လွတ်လပ်ရေးပွဲမှာ ဖျော်ဖြေ တင်ဆက်ခဲ့တဲ့ အနုပညာရှင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း အရေးယူလိုက်တဲ့ ဖြစ်ရပ်ပါပဲ။

NLD လွတ်လပ်ရေးနေ့သဘင်မှာ မန္တလေးကနေ လာရောက် ဖျော်ဖြေခဲ့တဲ့ ပါပါလေးတို့ နှုတ်ခမ်းမွှေး ညီနောင်ကို န၀တ စစ်အစိုးရက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်ပါတယ်။ ပါပါလေးတို့ ညီနောင်တွေ မြစ်ကြီးနား အကျဉ်းထောင်ကို အပို့ခံခဲ့ရတာပါ။

NLD လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒီ မန္တလေးက ပါပါလေးတို့ အငြိမ့်အဖွဲ့ကို တာဝန်ယူ စီစဉ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒါရိုက်တာ၊ ကဗျာဆရာ ငြိမ်းသစ်လည်း ဖမ်းဝရမ်း ထုတ်ခံရပါတယ်။ ဆရာငြိမ်းသစ်လည်း ခေတ္တ ရှောင်တိမ်းနေရာကနေ အဖမ်းခံလိုက်ရပြီး မော်လမြိုင် အကျဉ်းထောင်ကို အပို့ခံခဲ့ရပါတယ်။

အဲဒီလို မန္တလေးက အနုပညာရှင်တွေကို န၀တ စစ်အစိုးရက ဖိနှိပ်၊ အရေးယူခဲ့ရုံသာမက အဲဒီ NLD လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တီးခတ်၊ ဖျော်ဖြေခဲ့တဲ့ မြောင်းမြမြို့က တေးပန်းချီ တီးဝိုင်းကိုလည်း န၀တ အာဏာပိုင်တွေက ထာဝရ ပိတ်ပင် တားမြစ်ခဲ့ပါသေးတယ်။

တေးပန်းချီတီးဝိုင်းဟာ မြောင်းမြခရိုင်အတွင်း အထင်ကရ နာမည်ကြီး တီးဝိုင်းတစ်ခု ဖြစ်ပြီး ၉၀ ရွေးကောက်ပွဲတုန်းက NLD အနိုင်ရဖို့ ဂီတနဲ့ အများကြီး လှုံ့ဆော် စည်းရုံးနိုင်ခဲ့တဲ့ အနုပညာ အင်အားစု တစ်ခု ဖြစ်ပါတယ်။ တေးပန်းချီ တီးဝိုင်းရဲ့ ခေါင်းဆောင် ရွှေညီလာ ကိုအောင်ကြင်က ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမတ်တစ်ဦးပါ။ ဒီတော့ ဒီလို တီးဝိုင်းမျိုးကို န၀တက ပိတ်ပြီပေါ့။

ဘာပဲဖြစ်ဖြစ် မန္တလေးကလည်း မန္တလေးအလျောက်၊ မြောင်းမြကလည်း မြောင်းမြအလျောက် အနုပညာသမားတွေဟာ သူတို့တတ်စွမ်းတဲ့ အနုပညာနဲ့ NLD အဖွဲ့ချုပ်ကြီးရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ထောက်ခံခဲ့ကြတာပါပဲ။ ကိုယ်တိုင် ပါဝင် လျှောက်လှမ်းခဲ့ကြတာပါပဲ။

ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေသူတွေဟာ အနည်းနဲ့အများ တစ်နည်းမဟုတ်တစ်နည်း ဒုက္ခရောက်ကြရတာပဲ ဆိုတာကို အဲဒီ မန္တလေးက ပါပါလေးတို့ရဲ့ အဖြစ်တွေ၊ မြောင်းမြက ရွှေညီလာ ကိုအောင်ကြင်တို့ရဲ့ အဖြစ်တွေက သက်သေခံနေတာပါပဲ မဟုတ်လား။

ဒီလို ဒုက္ခတွေကို ခါးစည်းခံခဲ့ရပေမဲ့လည်း ယောက်ျားကောင်းတို့ မည်သည် ဒုက္ခကို ရယ်မော၊ ဟားတိုက်ပစ်နိုင်ရမယ် ဆိုတဲ့ စကားအတိုင်း အခုအချိန်မှာ ပါပါလေးတို့ နှုတ်ခမ်းမွေးညီနောင်ဟာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ လူထုချစ်တဲ့ လူရွှင်တော်တွေ အဖြစ် အသိအမှတ်ပြုခံနေရပါပြီ။

ပါပါလေးတို့ အမှုတွဲ မော်လမြိုင်အကျဉ်းထောင်ကို အပို့ခံခဲ့ရတဲ့ ဒါရိုက်တာ၊ ကဗျာဆရာ ငြိမ်းသစ် ဆိုရင် မော်လမြိုင်အကျဉ်းထောင်ထဲမှာ ပြည်သူ့ သူရဲကောင်း ဗိုလ်ကြီးဝင်းဘိုနဲ့ တွေ့ဆုံခဲ့ရသူပါ။ ဆရာငြိမ်းသစ် ထောင်က ပြန်လွတ်လာတဲ့အခါမှာတော့ န၀တ စစ်တပ်ကနေ ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့တဲ့ ဗိုလ်ကြီးဝင်းဘိုကို မော်လမြိုင်အကျဉ်းထောင် အာဏာပိုင်တွေနဲ့ စစ်ထောက်လှမ်းရေးတွေက မသေမချင်း ရိုက်သတ်ခဲ့တဲ့ အဖြစ်မှန်ကို တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံးက သိအောင် သူ ဖော်ထုတ် သတင်းပေးနိုင်ခဲ့ပါတယ်။

ဆရာငြိမ်းသစ်ဟာ ဗိုလ်ကြီးဝင်းဘို ကျဆုံးခဲ့တဲ့နေ့ကို မြန်မာနိုင်ငံ အကျဉ်းသားများနေ့ ဆိုပြီး နှစ်စဉ် မပျက် သူ့နည်းသူ့ဟန်နဲ့ တာဝန်ယူ ကျင်းပနေသူလည်း ဖြစ်ပါတယ်။

ဓားသွားထက် ကလောင်သွား ထက်ပါတယ်။ အမိန့်အာဏာထက် အနုပညာက ထက်ပါတယ်။ စာပေ အနုပညာရှင်တွေကို ထောင်ထဲ ထည့်လိုက်လို့လည်း သူတို့ရဲ့ စာပေနဲ့ အနုပညာတွေက သေဆုံးမသွားဘူး ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီပဲ မဟုတ်ပါလား။ ။
၁၀-၂၀-၂၀၀၉


[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Comments