Revolution participants - 17

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၁၇
အောင်ဝေး
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၀ ကိုလေး (အင်းဝဂုဏ်ရည်) နှင့် ကြည်အောင် [သရုပ်ဖော်-အောင်လတ်]

ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ မြန်မာစာပေ အနုပညာနဲ့ ကင်းကွာတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ တိုင်းတစ်ပါးမှာ အခြေအနေအရ အနေကြာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစာပေ၊ မြန်မာ အနုပညာတွေကို မပြတ် လေ့လာ ဆည်းပူးနိုင်ခဲ့တဲ့သူပါ။ နိုင်ငံခြားရောက်နေပေမဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့နိုင်ငံရေးနဲ့ ဘယ်တုန်းကမှ မျက်ခြည်မပြတ်ခဲ့တဲ့သူပါပဲ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို တည်ထောင်ကြတဲ့ အခါမှာတော့ စာပေနဲ့ အနုပညာရှင်တွေဟာ မျိုးချစ်ရဲဘော်ဟောင်း တပ်မှူးဟောင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံခဲ့တဲ့အခါက အင်အားစုကြီး တစ်ခု အဖြစ် ရပ်တည် ပါဝင်ခဲ့တာပဲ မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်ကလည်း စာပေနဲ့ အနုပညာရှင်တွေ အပေါ်မှာ တန်ဖိုးထား၊ လေးစား၊ အားကိုးခဲ့တာပါပဲ။ ဒါကြောင့်လည်း ၁၉၉၀ ရွေးကောက်ပွဲ သမိုင်းတစ်ကွေ့မှာ ဆရာကြီး မင်းသုဝဏ်တို့၊ ဆရာဗန်းမော်ညိုနွဲ့တို့လို ကဗျာဆရာကြီးတွေကအစ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ဘက်က ၀င်ရောက် အရွေးခံ ရပ်တည်ပေးခဲ့ကြတာလည်း မဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာစာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေဟာ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် ပြန်ရောက်လာမှ ရင်းနှီးကြ ကျွမ်းဝင်ကြတာတော့ မဟုတ်ပါဘူး။ ဥပမာ - ဆရာတင်မိုး ဆိုရင် ဟိုအရင် ရှေးဦးမဆွ ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး အင်မတန် ရင်းနှီးခင်မင်နေကြပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲထဲ ခြေစုံပစ် ၀င်ရောက်လာတဲ့ အချိန်မှာတော့ ဆရာဦးတင်မိုးတို့ အထက်အညာက ဆင်းလာတဲ့ ဆရာမောင်စွမ်းရည်၊ ဆရာမောင်သာနိုး၊ ဆရာမောင်မိုးသူ၊ မုံရွာဦးတင်ရွှေ၊ ဒါရိုက်တာဝင်းဖေ၊ ပန်းချီပေါ်ဦးသက်တို့ဟာ ရန်ကုန်က ဆရာဦးဝင်းတင်၊ ဆရာမောင်သော်က၊ ဆရာမောင်ဝံသ စတဲ့ စာပေအနုပညာရှင်တွေနဲ့အတူပဲ ဒေါ်အောင်ဆန်းစုကြည်အနားမှာ ရပ်တည် ၀န်းရံပေးခဲ့ကြတာပဲ မဟုတ်ပါလား။

အရေးတော်ပုံကာလ အရေးအကြီးဆုံး အချိန်တွေမှာ အဲဒီလို မန္တလေးသား စာရေးဆရာများလို့ ဆိုကြတဲ့ ဆရာဦးတင်မိုးတို့၊ ဆရာမောင်စွမ်းရည်တို့ ရေးဖော်ရေးဖက် တစ်သိုက်ဟာ အခြား တက်ကြွတဲ့ စာပေသမားတွေနဲ့အတူ ရန်ကုန်မှာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကို အကြီးအမှူးထားပြီး ဒီမိုကရေစီ အင်အားစုတွေ၊ ဗကသ၊ တကသ ကျောင်းသား အင်အားစုတွေရဲ့ အနီးကပ်မှာ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေအဖြစ် ရှိနေခဲ့ကြတာပါ။

ဒါပေမဲ့ ဆရာကြည်အောင်နဲ့ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)တို့ နှစ်ဦးကတော့ အထက်အညာ အင်းဝမှာပဲ နေကြသူတွေ ဖြစ်တာမို့ အရေးတော်ပုံကာလထဲ ဆရာဂျမ်းတို့ ဆရာစွမ်းတို့နဲ့ အတူ ရန်ကုန်မှာ မနွှဲနိုင်ပေမဲ့ ဦးကြည်အောင်တို့ ဦးကိုလေးတို့က မန္တလေးမှာ အမေလူထုဒေါ်အမာကို နာယကထားပြီး ဒီမိုကရေစီ တိုက်ပွဲ ၀င်ခဲ့ကြတာပါ။

ဆရာကြည်အောင်တို့ ကိုလေး(အင်းဝဂုဏ်ရည်)တို့ဟာ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ၀န်းရံမပေးနိုင်ကြပေမဲ့ မန္တလေးကနေ အဝေးရောက် ထောက်ခံ အားပေးခဲ့ကြတာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး တည်ထောင်ပြီးတဲ့နောက်မှာ အဖွဲ့ချုပ် ဗဟိုမှာ အခါအားလျော်စွာ နေ့ကြီးရက်ကြီးတွေမှာ ပွဲလမ်း အခမ်းအနားတွေ ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။ ၁၉၈၉ ခုနှစ် NLD သင်္ကြန်မှာ သံချပ်ပြိုင်ပွဲတွေ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့တာမျိုးပေါ့။ ပြီးတော့ NLD ဗဟိုက ပြင်ပ စာရေးဆရာတွေကို ဖိတ်ခေါ်ပြီး ဟောပြောပွဲတွေလည်း လုပ်လေ့ ရှိပါသေးတယ်။ ဆရာဦးခင်မောင်လတ်နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံ ဆိုရင် NLD ရဲ့ အမာခံ ဟောပြောသူတွေပေါ့။

အဲဒီလို နေ့ထူး နေ့မြတ် အထိမ်းအမှတ် ဟောပြောပွဲတွေထဲက တစ်ခု ဖြစ်တဲ့ အမျိုးသားနေ့ ဟောပြောပွဲ ဆိုရင်တော့ ကွာခြားချက်က နှစ်စဉ်နှစ်တိုင်း ဟောပြောတဲ့သူ မပြောင်းတာပါပဲ။ အမျိုးသားနေ့ ရောက်တိုင်း NLD ဌာနချုပ်ဟာ မန္တလေး အင်းဝမှာ နေထိုင်ကြတဲ့ ဆရာဦးကြည်အောင်နဲ့ ဦးကိုလေးတို့ကို ဖိတ်တာပါပဲ။ ဖိတ်တဲ့သူကလည်း နှစ်စဉ် မပျက်မကွက် ဖိတ်သလို ဟောပြောတဲ့ သူတွေကလည်း နှစ်စဉ် မပျက်မကွက် လာရောက် ဟောပြောခဲ့တာပါပဲ။

ဆရာကြည်အောင်တို့ ကိုလေး(အင်းဝဂုဏ်ရည်)တို့ ဆိုတာ မန္တလေး တက္ကသိုလ် ကျောင်းထွက်တွေ ဖြစ်ကြတဲ့အလျောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာကဗျာ လေးချိုးကြီးတွေကအစ မြန်မာ ရှေးဟောင်း စာပေတွေထဲက ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား စတဲ့ ဂန္ထ၀င်လက်ရာတွေကို စနစ်တကျ ရွတ်ဆို ရှင်းပြနိုင်ကြတဲ့ စာပေ ၀မ်းစာကြီးသူတွေပါ။

သူတို့နှစ်ဦး NLD ဌာနချုပ်မှာ နှစ်စဉ် ဟောတာပြောတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကအစ NLD က လူငယ်တွေ အားလုံး အလွန် နှစ်သက် အားပေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆရာနှစ်ယောက်အတွက် နိုင်ငံခြားက ကဗျာစာအုပ်တွေ မှာပြီး ဂုဏ်ပြုလုက်ဆောင် ချီးမြှင့်ပါတယ်။

နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် အမျိုးသားနေ့ နီးပြီ ဆိုရင် ဆရာကြည်အောင်နဲ့ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့ ရဲနှစ်ဖော် မန္တလေးကနေ ရန်ကုန်ကို ဆင်းချလာပါပြီ။ ရန်ကုန်ရောက်ရင် ကျွန်တော်တို့ စာပေသမားတွေ စုဝေးရာ ၃၃ လမ်းထဲက လေထန်ကုန်း လက်ဖက်ရည်ဆိုင်ကို ဒီဆရာသမား နှစ်ယောက် အမြဲ ရောက်လာနေကျ၊ ကျွန်တော်တို့ လူငယ်တွေနဲ့ အမြဲ လွတ်လွတ်လပ်လပ် တွေ့ဆုံနေကျပါ။

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ နအဖ အာဏာပိုင်တွေ၊ စစ်ထောက်လှမ်းရေးတွေက ဆရာတို့ရဲ့ ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှုတို့မှာ နှောင့်ယှက် ဟန့်တားတာမျိုး ကန့်သတ်၊ ပိတ်ပင် တာမျိုးတွေ လုပ်လာပါတယ်။ စစ်ထောက်လှမ်းရေးက စီစဉ် သတ်မှတ်ပေးတဲ့ နေရာမှာပဲ တည်းခိုရမယ်တို့ ဘယ်မသွားရ ဘာမလုပ်ရ ဆိုတဲ့ မလိုလားအပ်တဲ့ အမိန့်မျိုးတွေ ထုတ်လာတဲ့အထိ နအဖက ယုတ်မာလာပါတယ်။

ဆရာဦးကြည်အောင်တို့ ဆရာဦးကိုလေးတို့ကို နအဖက ဖမ်းတော့ မဖမ်းရဲပါဘူး။ အခုလို စိတ်အနှောင့်အယှက် ဖြစ်အောင်တော့ အမြဲ လုပ်ပါတယ်။

“ဖိတ်တဲ့သူက ဖိတ်ရဲမှတော့ အဖိတ်ခံရတဲ့သူက ဘာ့ကြောင့် မဟောရဲရမှာလဲ” ဆိုတဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့တဲ့ ဆရာကြည်အောင်ရဲ့ တုံ့ပြန်ချက်ကို ကျွန်တော် အမြဲ အမှတ်ရနေဆဲပါ။

အခုတော့ ဆရာကြည်အောင် ကွယ်လွန်ခဲ့ပါပြီ။

မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် ကဗျာဆရာကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ပေးဆပ်ခဲ့ကြပါပြီ။ ပေးဆပ်သူတွေရဲ့ နှလုံးသားကို ကျွန်တော်တို့ ဂုဏ်ယူ မြတ်နိုး တန်ဖိုးထား လေးစားကြပါစို့။

[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Comments