Revolution participants - 16

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၁၆
အောင်ဝေး
ဖေဖော်ဝါရီ ၇၊ ၂၀၁၀တင်မိုး[သရုပ်ဖော် - အောင်လတ်]


ဆရာဦးဝင်းတင်က သူ ထောင်ကလွတ်လာတဲ့ တစ်နှစ်ပြည့်နေ့မှာ သူ့ကိုယ်သူ အရေးတော်ပုံ တပ်သားကြီး တစ်ယောက်ပါလို့ ပြောတာ ကြားလိုက်ရတော့ တိုင်းပြည်ကို စွန့်ခွာခဲ့ရတဲ့ အရေးတော်ပုံ တပ်သားကြီး တစ်ယောက်ကို ကျနော် ပြေးမြင် အမှတ်ရလာမိပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး တည်ထောင်ခဲ့ပြီးတဲ့နောက် ၁၉၈၉ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ ၃၇ လမ်း အမှတ် ၂၄၅ မှာ ရှိတဲ့ မဟာနန္ဒ ပုံနှိပ်တိုက်ကို န၀တ စစ်ထောက်လှမ်းရေးတွေက ၀င်ရောက် စီးနင်းပြီး အဲဒီမှာ ရှိနေတဲ့ NLD ရဲ့ စာရွက်စာတမ်းတွေကို တရားမ၀င် စာရွက်စာတမ်းတွေ ဆိုပြီး သိမ်းဆည်းလိုက်ရုံမက ပိုင်ရှင်နဲ့ ပုံနှိပ်တိုက်ကိုပါ တရားမ၀င် စာရွက်စာတမ်း ရိုက်နှိပ်မှုနဲ့ တရားစွဲဆို ချိတ်ပိတ်လိုက်ပါတော့တယ်။

NLD လို တရားဝင် နိုင်ငံရေးပါတီ တစ်ခုဟာ န၀တ စစ်အာဏာရှင် စနစ် အောက်မှာ တရားမ၀င် ဖြစ်ခဲ့ရတဲ့ သာဓက တစ်ခုပါပဲ။

မေလ ၂၆ ကျတော့ န၀တက သူတို့ရဲ့ အကြိမ် ၄၀ မြောက် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ဆိုတဲ့ ပုံနှိပ်အက်နဲ့ န၀တက NLD အပါအ၀င် နိုင်ငံရေး ပါတီတွေကို ခြိမ်းခြောက်လိုက်ပါပြီ။

န၀တရဲ့ မတရားတဲ့ အမိန့်တွေ၊ မတရားတဲ့ အာဏာတွေကို ဒီအတိုင်း ခေါင်းငုံ့ လက်ပိုက် နားထောင်ကြမလား။ အန်တု ရင်ဆိုင် ဖီဆန်ကြမလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ - “ဒီဟာက တရားမျှတတဲ့ ဥပဒေ မဟုတ်ဘူး။ အမိန့် အာဏာဆိုးတစ်ခုသာ ဖြစ်တယ်။ အမိန့်အာဏာဆိုး တစ်ခု ဖြစ်လို့ ဖီဆန်ရမှာပဲ ဖြစ်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဆက်ပြီး စာရွက်စာတမ်းတွေကို ပုံနှိပ်မယ်၊ ထုတ်ဝေ ဖြန့်ချိသွားမယ်။ ပြီးရင် ဒီမိုကရေစီ လိုလားတဲ့ ရဲဘော် ရဲဘက်များနဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးကို အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီးမှာ ပါဝင်လာအောင် လုပ်ရမယ်”

ဒေါ်အောင်ဆန်းစုကြည် ဒီလိုဆိုပါတယ်။ မေလ ၂၈ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် တတ်သိ ပညာရှင်တွေနဲ့ အာဏာဖီဆန်ရေး ကိစ္စ ဆွေးနွေး တိုင်ပင် ညှိနှိုင်းပါတယ်။ ဆရာမောင်သော်က က ဟင်နရီ ဒေးဗစ် သော်ရိုးရဲ့ အင်္ဂလိပ်စာသားကို မြန်မာပြည်ပြီး “အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြ” လို့ အဆိုပြုပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က “တာဝန်အရ” ဆိုတဲ့ စာသားကို ဖြည့်စွက် အကြံပြုလိုက်တော့ နောက်ဆုံးမှာ “အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ NLD ရဲ့ ကြွေးကြော်သံ ထွက်ပေါ်လာခဲ့ပါတယ်။

NLD သမိုင်းမှာ အင်မတန် အရေးကြီးတဲ့ အဲဒီ အာဏာဖီဆန်ရေး အစည်းအဝေးမှာ ကျွန်တော်တို့ လွမ်းတဲ့ တိုင်းပြည်ကို စွန့်ခွာခဲ့တဲ့ အရေးတော်ပုံတပ်သားကြီး ဆရာဦးတင်မိုးလည်း တက်ရောက်ခဲ့ရတာပေါ့။ ဦးဝင်းတင်၊ မောင်သော်က၊ ဒေါ်မြင့်မြင့်ခင်၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မောင်ကိုယု၊ မောင်ဝံသ၊ မောင်ခက်ပန် စတဲ့ စာရေးဆရာတွေ၊ တတ်သိပညာရှင်တွေနဲ့အတူ ဆရာဦးတင်မိုး ပါဝင် တက်ရောက်ခဲ့တာပဲပေါ့။

ဆရာဦးတင်မိုးဟာ ဒီမိုကရေစီ အရေးတော်ပုံကြီး တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်တဲ့ တိုင်းပြုပြည်ပြု ကဗျာဆရာတစ်ယောက်ပါ။ ဒီမိုကရေစီ အရေးတော်ပုံ စာဆို လို့ တင်စားရပါမယ်။ NLD နဲ့ ဆရာ ဦးတင်မိုး ဘယ်လိုမှ ခွဲခြားလို့ မရတာမို့ ဆရာ့ကို NLD စာဆို လို့လည်း ဆရာဦးကြည်အောင်၊ ဆရာဦးကိုလေးတို့နဲ့အတူ သတ်မှတ် ဂုဏ်ပြုပါသေးတယ်။

ဒေါ်ခင်ကြည် ဈာပနမှာ လက်ကမ်းဝေငှတဲ့ ဆရာ့ရဲ့ နာမည်ကျော် “သမီးလက်သို့ သပြေခက်” ကဗျာဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပါတယ်။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲထဲကို ဒေါ်အောင်ဆန်းစုကြည် ၀င်လာကတည်းက ဆရာဦးတင်မိုးတို့ ရေးဖော်တစ်သိုက် ခေတ်ပြိုင်တစ်သိုက်ဟာ ရဲရဲဝံ့ဝံ့ ၀န်းရံပေးခဲ့ကြတယ်။ NLD မှာ တတ်သိပညာရှင် အဖွဲ့ ဖွဲ့ဖို့ အစည်းအဝေး လုပ်တော့ သဘာပတိက ဆရာဦးတင်မိုးပါ။

၉၀ ရွေးကောက်ပွဲ ၀င်တုန်းက “ငုနဲ့ပိတောက် နွေမှာ လှိုင်မယ်၊ စုနဲ့ ပိတောက် မေမှာ နိုင်မယ်” ဆိုတဲ့ ကြွေးကြော်သံ ရေးတာ ဆရာဦးတင်မိုးပါ။ ၁၉၉၁ မှာ ဆရာ ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာချုပ် လုပ်နေတုန်း စစ်အစိုးရက ဆရာ့ကို ဖမ်းဆီး ထောင်ချလိုက်ပါတယ်။ ၁၉၉၅ မှာ ဆရာ ထောင်က ပြန်လွတ်လာပြီး ကဗျာတွေ ဆက်ရေးပါတယ်။

ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးကို အင်မတန် ချစ်တဲ့ အညာသားကြီး မြန်မာသားကြီး ဆရာဟာ မင်းဆိုး မင်းညစ်တွေ လက်အောက်မှာ ဆက်နေလို့ မရတော့တဲ့အဆုံး ၁၉၉၉ မှာ တိုင်းပြည်ကို စွန့်ခွာခဲ့ရပါတော့တယ်။ ပြည်ပကနေ မြန်မာ့အရေးတွေကို အပတ်တကုတ် ဆောင်ရွက်တယ်၊ တိုက်ပွဲဝင် ကဗျာတွေ အဆက်မပြတ် ရေးဖွဲ့တယ်။ တိုင်းပြည် လွမ်းစိတ်နဲ့ ဆရာ အသက်ရှင်ခဲ့တယ်။

၂၀၀၇ ဇန်န၀ါရီ ၂၂ ရက်မှာ ဆရာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ကွယ်လွန်တော့ ရန်ကုန်မှာ ကျွန်တော်တို့ ဆရာ့ကို ဂုဏ်ပြုတဲ့ အခမ်းအနား လုပ်ပါတယ်။ အင်းစိန် မင်းကြီးလမ်းမပေါ်က ဆရာ့ရဲ့ ဂျပန်အိမ်ကလေးမှာ လုပ်တဲ့ ရက်လည်ဆွမ်းကျွေးကို ရန်ကုန် တစ်မြို့လုံးက NLD အဖွဲ့ဝင်တွေ ကျောင်းသားတွေ ပြည်သူတွေ အင်နဲ့အားနဲ့ လာကြပါတယ်။ ဆရာ့အိမ်ရှေ့ ၀ဲယာမှာ နအဖ စစ်ထောက်လှမ်းရေးနဲ့ ကြံ့ဖွံ့ စွမ်းအားရှင်တွေ ခြေချင်း လိမ်နေတာပါပဲ။

လူစုံတဲ့ အချိန်မှာ ကျွန်တော်တို့ ကာယကံရှင် ဆရာ့ သမီးတွေဆီမှာ ခွင့်ပန်ပြီး ဆရာ့ကို ဂုဏ်ပြုတဲ့ အခမ်းအနား စလိုက်ပါတယ်။ ပန်းချီ မောင်မောင်သိုက် ရေးဆွဲပေးတဲ့ ဆရာ့ ပုံတူ ပန်းချီကားကို ကျောင်းသား နှစ်ယောက်က ကိုင်မြှောက်ပေးထားပါတယ်။ ပရိသတ်က ကြေကွဲ တိတ်ဆိတ်နေပါပြီ။ ပထမဆုံး ၈၈ မျိုးဆက် ကျောင်းသားများ ကိုယ်စား ကိုမင်းကိုနိုင် ဂုဏ်ပြုစကား ပြောပါတယ်။ ဒုတိယ အနေနဲ့ ၁၉၆၂ ဆဲဗင်းဂျူလိုင် တကသ၊ ဗကသ ခေါင်းဆောင် ဘိုကလေး ဦးလှရွှေက ဂုဏ်ပြုစကား ပြောပါတယ်။ အခမ်းအနား တက်ရောက်လာသူ အားလုံး ဆရာ့ကို နှလုံးသားထဲကနေ အလေးနီ ပြုခဲ့ကြပါတယ်။

ဆရာ့ရက်လည် ဆွမ်းကျွေးပွဲဟာ နိုင်ငံရေးအသွင်ကို အများကြီး ဆောင်သွားခဲ့ပါတယ်။ ပြည်တွင်းမှာ ဒီလို အခမ်းအနားမျိုးဟာ နအဖစစ်ထောက်လှမ်းရေးတွေ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေ အတွက် အတော့်ကို မခံမရပ်နိုင်စရာ မျက်မုန်းကျိုးစရာ ဖြစ်ခဲ့မှာပါ။

ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာကိုသာ သူတို့ ချိုးနှိမ်လို့ ရမှာပါ။ ကျွန်တော်တို့ရဲ့ စိတ်၊ ကျွန်တော်တိုရဲ့ ၀ိညာဉ်၊ ကျွန်တော်တို့ရဲ့ သတ္တိတွေကိုတော့ သူတို့ ချိုးနှိမ်လို့ မရပါဘူး။

အဲဒီနေ့က ကျနော်တို့ဟာ နအဖ စစ်အစိုးရက ဘယ်လောက် ဖိနှိပ်ဖိနှိပ် ဘယ်လောက် ခြိမ်းခြောက် ခြိမ်းခြောက် အဲဒီလို ဒီမိုကရေစီ အရေးတော်ပုံအတွက် အသက်စွန့်သွားတဲ့ အနစ်နာခံသွားတဲ့ သူတွေ အပေါ်မှာ အသက်ရှင်ကျန်နေတဲ့သူတွေက အသိအမှတ်ပြု လေးစား ဂုဏ်ယူကြောင်း ရဲရဲဝံ့ဝံ့ လူသိရှင်ကြား ထုတ်ဖော်ပြသရဲရမယ် ဆိုတဲ့ အစဉ်အလာကောင်း တစ်ရပ်ကို ဆက်ခံ နှလုံးသွင်းနိုင်ခဲ့ကြတာပဲ မဟုတ်လား။

ဆရာတင်မိုးကား ကွယ်လွန်လေပြီ။ ဆရာတင်မိုးသည် သက်တော် ရာကျော် ရှည်ပါစေသတည်း။ ။


[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Comments