Monday, November 30, 2009

Po Zaw (Zagarwa Myay) - Mya Nan Nwe & Me


ကျနော်နှင့် မြနန်းနွယ်တွေ့ ဆုံခြင်း
ဖိုးဇော် (စကားဝါမြေ)
နိုဝင်ဘာ ၃၀၊ ၂၀၀၉
ကျနော်သည် ပြည်ပတွင် ၂ နှစ်တာ အနုပညာဖြတ်သန်းမှုများကို စဉ်းစားရင်းမှေးကနဲ အိပ်ပျော်နေစဉ် ကျနော်၏မျက်လုံးထဲတွင် အစိမ်းရောင်ဝတ်ဆင်ထားသော မိန်းခလေးသည် လက်တွင်လဲ လက်ထိပ်ခတ်ထားလျက် ဘွားကနဲ ပေါ်လာရာ အလွန်လန့် သွားပြီး

ပန်းသီး။                   ။ ခင်ဗျားဘယ်သူလဲ ဘာလာလုပ်တာလဲ။

မြနန်းနွယ်။       ။ ကျမမြနန်းနွယ်ပါ ကျမရှင့်ကိုအကူအညီတောင်းချင်လို့ ပါ။

ပန်းသီး။          ။ ဘာအကူအညီတောင်းချင်လို့လဲ။ ဒါနဲ့ ခင်ဗျားက ဘာလို့ လက်ထိပ်ခတ်ခံရတာလဲ။

မြနန်းနွယ်။       ။ ဘိုးတော်သိကြားမင်းက လူ့ပြည်မှာ မင်းကောင်းမင်းမြတ်တွေ ပေါများအောင် ဆိုပြီး နတ်ပြည်မှာ ဘုရင်ရုပ်ထု ၁၀၀ ထုလုပ်ပြီး အဲဒီရုပ်ထုတွေထဲကို ဥာဏ်ပညာရှိတဲ့ ဦးနှောက်တွေ ထည့်ပြီးလူပြည်ကိုလွှတ်ဖို့ လုပ်တယ်။

ပန်းသီး။          ။ တော်တော်ကောင်းတဲ့အကြံအစည်ပဲဗျ။

မြနန်းနွယ်။       ။ ဒါပေမဲ့ ဦးနှောက်က ၁၀၀ မပြည့်ဘဲ  ၉၉လုံးပဲ ရှိတယ်လေ။

ပန်းသီး။          ။ ဒါဆို ဘယ်လိုလုပ်လိုက်လဲ။

မြနန်းနွယ်။       ။ နောက်ဆုံးဘုရင်တပါးကို ဦးနှောက်မပါဘဲ လွှတ်လိုက်ရတာပေါ့။

ပန်းသီး။                   ။ ဟာ … ဒုက္ခပဲ။ အဲဒီ ဦးနှောက်မပါတဲ့ ဘုရင်က ဘယ် တိုင်းပြည်ရောက်သွားလဲ။

မြနန်းနွယ်။       ။ ဘယ်တိုင်းပြည် ရောက်တယ်ဆိုတာ သိအောင် ဘိုးတော်သိကြားမင်းက ကျမကို အရှာခိုင်းလိုက်တာ။ ဒါနဲ့ ကျမလေ နေပြည်တော်ကို သွားရှာတယ်။

ပန်းသီး။                   ။ နေပြည်တော်မှာ တွေ့ခဲ့လား။

မြနန်းနွယ်။  ။ ကျမလည်း နေပြည်တော်မှာ နတ်ပြည်လိုခန်းနားတဲ့ ခြံကြီးတခြံလည်း တွေ့ရော ဒါ ဘုရင်နေတဲ့ နေရာဖြစ်မယ်ဆိုပြီး ၀င်ပြီးကြည့်လိုက်မိတယ်။ အဲဒီမှာ သူနဲ့ တွေ့တော့ သူက ကျမကို ဘာ လာလုပ်တာလဲလို့ မေးတယ်လေ။

ပန်းသီး။                   ။ ခင်ဗျားက ဘာ ပြန်ဖြေလိုက်လဲ။

မြနန်းနွယ်။       ။ ဦးနှောက်မပါတဲ့ ဘုရင်ကို လိုက်ရှာနေတာလို့ အမှန်တိုင်းပဲ ဖြေလိုက်တယ်။ အဲဒီမှာ ချက်ချင်းပဲ ကျမကို လက်ထိပ် ခတ်လိုက်တယ်။ ကျမကို ကူညီပါအုံး … ကိုပန်းသီးရယ်။

ပန်းသီး။                   ။ မြန်မာပြည်မှာ “ကူညီပါရစေ” ဆိုတဲ့ ရဲတွေ ရှိတာပဲ။ သူတို့ အကူအညီ တောင်းပါလား။

မြနန်းနွယ်။       ။ ကူညီဖို့ နေနေသာသာ ကျမကို အမြဲတမ်း ပူဇော်ပသနေတဲ့ ရဲမှူးတောင် လာဘ်စားမှုနဲ့ ထောင်ထဲမှာလေ။

ပန်းသီး။                   ။ ဟုတ်သားပဲ။ ဒီလိုလုပ်ပါလား။ ခင်ဗျားက အစိမ်းရောင်ဝတ်ထားတာ ဆိုတော့ ကျမက ကြံ့ဖွံ့အဖွဲ့ဝင်ပါ လို့ ပြောရင် လွတ်နိုင်တယ်။

မြနန်းနွယ်။       ။ လက်ထိပ်မလွတ်ရင် နေပါစေ။ အဲဒီအဖွဲ့ထဲတော့ မ၀င်ပါရစေနဲ့ ။

ပန်းသီး ။         ။ ခင်းဗျားကိစ္စ “ယူး”အက်စ်အေတို့၊ အီး“ယူး”တို့၊ “ယူး”အင် တို့ကို အကူအညီတောင်းရင်ကော ...

မြနန်းနွယ်။       ။ ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ သူတို့ လမ်းစရိတ်ကုန်တာနဲ့ ပြည်သူတွေ လေဒီယိုအတွက် ဓာတ်ခဲဖိုးတွေ ကုန်တာပဲ အဖတ်တင်မယ်။

ပန်းသီး။                   ။ ဒီလိုဆိုရင် ဒီကိစ္စ လုံခြုံရေးကောင်စီမှာ မဲခွဲခိုင်းမယ်ဆိုရင်ကောဗျာ။

မြနန်းနွယ်။       ။ သေချင်းဆိုး ကာလနာ တရုတ်နဲ့ ရုရှ က ညှိရမှာ မဟုတ်ဘူးလေ။

ပန်းသီး ။         ။ ဒီလိုလုပ်ပါလား။ ခင်ဗျားကို လက်ထိပ်ခတ်ခိုင်းတဲ့ လူဆီကို စာတစောင် ရေးပြီး ပို့ ကြည့်လိုက်ပါလား။

မြနန်းနွယ်။       ။ စာဆိုရင် ကြောက်လွန်းလို့ သူခြံထဲမှာ စာကလေးတောင် မဖြတ်ခိုင်တော့ဘူး။ ဟိုက ဒီက စာတွေပို့၊ စာတွေ တင်လို့တဲ့ … အခု စာပို့သမားကြီး ကြပ်ပြေးကိုကြီးကျော်တောင် အလုပ်ဖြုတ်ပစ်လိုက်ဘီ …။

ပန်းသီး ။         ။ အကြံတခု ရပြီ။

မြနန်းနွယ်။       ။ ဘာ အကြံလဲဟင် …

ပန်းသီး ။         ။ သစ္စာမှန်ရင် နွယ်မြစ်သစ်ပင် ဆေးဘက်ဝင်တယ် တဲ့ ခင်ဗျား သစ္စာဆိုကြည့်ပါလား။

မြနန်းနွယ်။       ။ ဘာသစ္စာဆိုရမှာလဲ …

ပန်းသီး ။         ။ ခင်ဗျား ဆိုချင်တာဆိုပေါ့ …

မြနန်းနွယ်။       ။  ပြည်ပမှာ ရှိနေသော နိုင်ငံရေးသမားအပေါင်းတို့သည် အရက်မသောက်ကြတော့ပါ) ဤသစ္စာ မှန်ကန်ပါက လက်ထိပ်ကျွတ်ပါစေသား ... ... ... ပိုပြီးတောင် ကျပ်လာပြီ။

ပန်းသီး ။         ။ နောက်တခု ပြောင်းဆိုဗျာ …

မြနန်းနွယ်။       ။ (၂၀၁၀ ရွေးကောက်ပွဲကြီးသည် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်ပါသည်) ဤသစ္စာ မှန်ကန်ပါက လက်ထိပ် ကျွတ်ပါစေသား … … … … … အား!! အရမ်းတောင် ကျပ်နေပြီ။

ပန်းသီး ။         ။ ကျုပ် ဆိုကြည့်မယ်။ (ကျနော်တို့ မြန်မာပြည်ကြီး စစ်မှန်သော ဒီမိုကရေစီရဖို့ဆိုလျင် ပြည်သူများရဲ့ဆန္ဒနဲ့အညီ ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေး၍ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးမှသာလျင် စစ်မှန်သော ဒီမိုကရေစီ ရရှိပေမည်) ဤမှန်သော သစ္စာစကားကြောင့် မြနန်းနွယ်၏ လက်ထိပ် ကျွတ်ပါစေသား … … … …

မြနန်းနွယ်။       ။ ဟယ် … လက်ထိပ် ကျွတ်သွားပြီ။ ၀မ်းသာလိုက်တာ။ ရှင့်သစ္စာမှန်လို့ ပေါ။့ ကျေးဇူးတင်ပါတယ် … ကျမ ဘာကူညီပေးရမလဲ … ။

ပန်းသီး ။         ။ မြန်မာပြည်ကြီး မြန်မြန်လွတ်မြောက်အောင်သာ ဆုတောင်းပေးပါဗျာ … ။
                                                                                                             ထိုအချိန်မှာပဲ ကျနော် အိပ်မက်က လန့်နိုးသွားခဲ့ပါတယ်။

Lu Bo - Catching the bird alive


ဗျိုင်းအရှင်ဖမ်းနည်း
လူဗိုလ်
နိုဝင်ဘာ ၃၀၊ ၂၀၀၉
(၁)
      နို့ဖိုးဒုက္ခသည်စခန်းကို ရောက်မှ ကရင်နှစ်သစ်ကူးပွဲတော်နှင့်ကြုံတာ ဒီနှစ်ဆို (၄) ကြိမ်ပြည့်တော့မယ်။ မနှစ်က ပွဲဆို အတော့်ကိုစည်တာ။ တိုင်းရင်းသားညီညွတ်မှု တည်ဆောက်ရေးကော်မတီဆိုတာ ဖွဲ့စည်းပြီးစလည်းဖြစ်နေတော့ တိုင်းရင်းသားရိုးရာ တင်ဆက်မှုတွေကလည်း အပြိုင်အဆိုင်။ ကျနော်တို့ BNA ဗမာအမျိုးသားအသင်း(နို့ဖိုး)ကတောင် ဦးရွှေရိုး၊ ဒေါ်မိုးအကနဲ့ တပင်တိုင်အကတွေ တင်ဆက်ဖြစ်ခဲ့သေးတယ်။ ဒီအထဲမှာ အားအကောင်းဆုံးအစီအစဉ်က တော့ ဘာလဲမမေးနဲ့။ ကရင်ဒုံးယိမ်းအစီအစဉ်ပေါ့။ ကရင်နှစ်သစ်ကူးမို့ ကရင်ဒုံးယိမ်းအကက ပိုသာတာ မထူးပေမယ့်၊ ဒုံးယိမ်းပြိုင်ပွဲမှာ ကရင်မဟုတ်တဲ့တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ကျနော်တို့ PAB ရပ်ကွက်အဖွဲ့က တတိယဆု ယူသွားတာကတော့ အဆန်းသားမဟုတ်လား။
      ခုလည်း ကရင်နှစ်သစ်ကူးပွဲတော် နီးလာပြန်တော့ ဒုံးယိမ်းအဖွဲ့တွေတိုက်နေကြတာ ခြိမ့်ခြိမ့်သဲပဲ။ နို့ဖိုးစခန်း တခုလုံးလို့တောင် ပြောရင်ရမယ်။ အရွယ်စုံ၊ဆိုက်စုံ၊ ကာလာစုံ။ ဒီနှစ်လည်း  စည်ဦးမှာပါ။
      ဒီလို ကရင်ဒုံးယိမ်းသံကြားရင် အလယ်တန်းကျောင်းသားဘ၀က ကျနော်တို့ကျောင်းမှာ ခေတ်စားခဲ့တဲ့ ဒုံး ယိမ်းသံစဉ်သီချင်းလေးကို သတိရမိတယ်။ ဆရာ၊ ဆရာမတွေကို နောက်ပြောင်ရင်းက ပေါ်လာတာလေ။
      “ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ...
      တောင်ဖက်ကျွန်းပေါ်မြစ်ဝနံဘေး ကရင်မ နော်သန်းငွေ” ဆိုတာပေါ့။  
(၂)
      ညောင်လေးပင်မြို့၊ အမှတ်(၁)အထကကျောင်းကို မြို့အပြင်ထုတ်ပြီးစ ပညာသင်နှစ်အချိန်မှာပေါ့။
      ကျောင်းပတ်ဝန်းကျင်မှာက လယ်ကွက်တွေ၊ ထန်းတောတွေ၊ သင်္ချိုင်းကုန်းတွေ၊ ဘုန်းကြီးကျောင်းတွေချည်း သက်သက်ဆိုတော့ ကျောင်းမပျော်အဖွဲ့တွေအတွက် ခိုကိုးရာတွေက အပြည့်။ ဒီတော့ ကျနော်တို့ကျောင်းအုပ်ကြီးက ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကို ကျောင်းသားတွေကြောက်တဲ့၊ ကျောင်းသားတွေကိုကိုင်နိုင်တဲ့ ဆရာ၊ ဆရာမ တွေနဲ့ အသစ်ပြန်ဖွဲ့လိုက်တယ်။ ဒီအထဲမှာ ကျနော်တို့အလယ်တန်းဆရာတွေထဲက (၄)ဦးပါတယ်။ ဆရာဦးယုမောင်၊ ဆရာဦးလှမြင့်၊ ဆရာဦးထွန်းရွှေနဲ့ ဆရာမ ဒေါ်သန်းငွေတို့ပေါ့။ ဒီဆရာတွေအားလုံးက သူရဲကောင်းဆရာတွေချည်းပဲ။ အရည်အချင်းကိုယ်စီနဲ့။ ကျောင်းမပျော်အဖွဲ့တွေ တခါတည်းငြိမ်ကျသွားလောက်အောင်ကို စွမ်းကြတာ။  
      ဒီအထဲမှာ ဆရာဦးယုမောင်က ၀ိတ်သမား၊ လူပျိုကြီး။ သူ့ လက်ဖျံကြီး တလုံးတလုံးက နည်းတာကြီးမဟုတ် ဘူး။ အခန်းထဲစာသင်နေရင်း သူ့ ခြိမ်းခြောက်တဲ့အသံကိုက သူများထက်ထူးတယ်။
      “အခု ဆရာ ၀ိတ်ပြန် မနေပြီနော်။ သတိထားကြ” ဆိုကာ ကြိမ်လုံးကိုတစွစွနဲ့ သူ့လက်မောင်းကြွက်သား တွေကို ထုတ်ထုတ်ပြတတ်သေးတယ်လေ။ ဆရာဦးယုမောင် စာသင်ချိန်ဆို အတန်းထဲက အဆိုးဆုံးလို့သတ်မှတ်ထား တဲ့ “ဘိုနီ”လိုကောင်မျိုးတောင် ငြိမ်။    
      ဆရာမဒေါ်သန်းငွေကျတော့ တမျိုး။ အရိုက်ကြမ်းတဲ့ထဲမှာတော့ မပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကို ကိုင်တတ်တယ်။ သူစာသင်နေတဲ့အတန်းတင်မကဘူး။ ဘေးအခန်းတွေက ဆရာ၊ ဆရာမ မရှိလို့ဆူညံနေရင်တောင် ၀င်ထိန်းတတ်တယ်။ ဆရာ မရှိလို့ဆိုပြီး ဆူမယ်၊ ဆော့မယ်လို့တော့မစဉ်းစားနဲ့။ မကြာဘူး ဆရာမဒေါ်သန်းငွေရောက် လာပြီ။
      “ကဲ အားလုံးပစ္စည်းတွေလွယ်အိတ်ထဲထည့်။ ပြီးရင် တရားထိုင်ကြမယ်။ အားလုံး ခုံပေါ်တက်ထိုင်ကြ။ မျက်စိ ကိုမှိတ်ထား။ မျက်စိထဲပေါ်လာတာတွေကိုလိုက်မှတ်။ ခဏနေ ဆရာမ ပြန်လာမေးမယ်။ ဘာတွေတွေ့လဲဆိုတာ မပြောနိုင်တဲ့လူ နာပြီသာမှတ် ”
      ဒါပဲပြောပြီး ပြန်ထွက်သွားပေမယ့် ဘယ်သူမှမလှုပ်ရဲ၊ အသံမထွက်ရဲကြ။ မျက်စိကိုအသာမှိတ်ထားကြရင်း သူပြောသလို လိုက်ကြည့်နေရတယ်လေ။ ရုတ်တရက် ရောက်လာတတ်ပြီး ဆူနေတဲ့သူကို အတန်းရှေ့ထွက်ခိုင်း၊ ဘာ မြင်လဲမေးရင် မဖြေနိုင်လို့ကတော့ အရိုက်ခံရပြီ။ ကျနော်ကတော့ မျက်စိလေးမှိတ်ထားပြီး သူမေးရင် ဘယ်လိုဖြေရမ လဲတွေးနေမိတယ်။ (၄၅) မိနစ် ပြည့်သွားလို့ သံချောင်းခေါက်သံကြားရမှသာ အချိန်ကုန်သွားမှန်းသိလိုက်ရတယ်။  
      ဆရာဦးထွန်းရွှေကိုတော့ ကျောင်းသားအားလုံးက သူ့နောက်ကွယ်မှာ “ထိပ်ပြောင်”လို့ပဲ ခေါ်ကြတယ်လေ။ နဖူးကလည်းပြောင်သလားမမေးနဲ့ ဆံပင်က မရှိတော့သလောက်ဘဲ။ ဆရာထိပ်ပြောင်ကျတော့ တအားပါးတာ။ ကျောင်းသားတဦးချင်းစီရဲ့ အကြောင်းတွေကိုလည်း သိတယ်။ စကားသံကြားလိုက်တာနဲ့ ဘယ်သူပြောတယ်ဆိုတာ ဘလက်ဘုတ်မှာစာရေးနေရင်း လှည့်မကြည့်ဘဲနဲ့သိတယ်။ ဆရာထိပ်ပြောင်ပြောဖူးတဲ့ စာကျက်နည်းတခုဆိုရင် ခုထိ ကို မမေ့တာ။
      “တမနက်စောစောမှာ ဆရာ လမ်းလျှောက်ထွက်ကအပြန်၊ ကျောင်းသူတယောက် စာကျက်နေတာကို ခပ် လှမ်းလှမ်းထဲက ကြားနေရတယ်။ သူကျက်နေတာက ဧရာဝတီမြစ်အကြောင်း။ ဆရာ စကြားကတဲက ‘ဧရာဝတီမြစ် သည်၊ ဧရာဝတီမြစ်သည်’ ဟာ သူ့အိမ်ကိုလွန်ပြီး အိမ်သုံးလေးလုံးကျော်လည်း ဧရာဝတီမြစ်သည်က မပြီးဘူး ”
      “ဧရာဝတီမြစ်အကြောင်းကျက်တာပဲကွာ ဧရာဝတီမြစ်သည်ကို  ဒီလောက် ထည့်ကျက်နေဖို့မလိုပါဘူး။ မင်းတို့ လည်း ဒီဧရာဝတီမြစ်သည် စာကျက်နည်းမျိုးကို မသုံးမိကြစေနဲ့”တဲ့ မှတ်သားစရာ။ 
(၃)
      ဆရာဦးလှမြင့်ကိုတော့ ကျောင်းသားတွေက “ဘုမောင်”လို့ ကွယ်ရာမှာ ခေါ်ကြတယ်။ နောက်စေ့မှာ ဘုကြီး တလုံးက သိသိသာသာကြီးထွက်နေလို့။ ဆရာဘုမောင်က ကျနော်တို့အတန်းပိုင်ဆရာ။ စကားအပြောကောင်းပြီး၊ စာ သင်လည်း အရမ်းတော်တယ်။ သူက သင်္ချာသင်တာ။ ထူးတာက ဆရာဘုမောင်လမ်းလျှောက်ရင် လက်ပိုက်သလိုလုပ် ထားပြီး သူ့မေးစေ့ကို လက်တဖက်နဲ့ အမြဲတမ်း ထောက်ထောက်ထားတတ်တယ်။ ဒါကသူ့စတိုင်။
      ဆရာက သင်္ချာသင်ရင်တောင် သူများထက်ထူးတယ်။ လေ့ကျင့်ခန်းတခုသင်ပြီဆိုရင် ခက်တဲ့၊ ပညာပါတဲ့ အပုဒ်တွေလောက်ကိုပဲရွေးပြီး တွက်ပြ၊ ရှင်းပြတတ်တာ။ ကျန်တာတွေကို အဆင့်မရှိဘူးဆိုပြီး တွက်ပြလေ့မရှိဘူး။ အမှတ်ပေးပြီဆိုရင်လည်း အမှတ် (၁၀၀) ပေးထားတယ်ဆိုပါစို့။ အကုန်မှန်ရင် (၁၀၀) ရပြီး၊ မှန်တဲ့အပြင် သပ်ရပ်တယ်၊ ရှင်းတယ်။ မြန်တယ်ဆိုရင် (၁၀၁) အထိ ပေးတယ်။ မှတ်ချက်အနေနဲ့ “အလွန်ကောင်း၍ တမှတ်ပိုပေါင်းသည်” ဆိုတာ ကို ရေးပေးလိုက်သေးတယ်။ လေ့ကျင့်ခန်းစာတွေစစ်ပြီဆိုရင်လည်း အရင်ဆုံးလာပြတဲ့ (၁၀) ယောက်လောက်ကိုပဲ စစ်ပေးတယ်။ အချိန်ကအရေးကြီးလို့ မြန်နိုင်သမျှမြန်ဖို့ အမြဲတမ်းသတိပေးတတ်တယ်။
      သင်္ချာကိုသင်ပေမယ့် ကျနော်တို့ကို ဗဟုသုတဖြစ်စရာတွေ အများကြီးပြောပြခဲ့ဖူးတယ်။ ကျောင်းက ပြဌာန်း ထားတဲ့စာတွေထက် ပြင်ပဗဟုသူတတွေကို ပိုပြောပြလေ့ရှိတယ်။ သူ့စကားတွေ၊ သင်ကြားမှုတွေထဲမှာ ကျောင်းသား တွေကိုပါ ပါအောင်ခေါ်သွားတတ်တယ်။ သူကိုကြောက်နေတာဆိုမကြိုက်ဘူး။ သူမှားနေလို့ထောက်ပြပေးတဲ့ ကျောင်း သားဆို ကြိုဆိုတတ်ပြီး ကျေးဇူးတင်ကြောင်းပြန်ပြောလေ့ရှိတယ်။ ပညာနဲ့အတူ စာရိတ္တကိုပါအလေးထားဖို့ မကြာ မကြာ ဆုံးမတတ်တယ်။ တော်နေရုံမက ကောင်းဖို့လိုတယ်။ ကောင်းမှ၊ ရိုးသားမှတန်ဖိုးရှိပြီး ကိုယ့်ကိုကိုယ်လည်း အမြဲဂုဏ်ယူနိုင်မယ်လို့ သတိပေးတတ်တယ်။ ဆရာပြောဖူးတဲ့အထဲက ဂျပန်နဲ့မြန်မာ ပညာတော်သင်သွားကြတဲ့ အ ကြောင်းဆို၊ ခုထိကို အမှတ်ရနေဆဲလေ။  
      “ဟိုး မင်းတုန်းမင်းခေတ်ကပေါ့ကွာ။ ဆရာတို့နိုင်ငံနဲ့ဂျပန်နိုင်ငံကို အင်္ဂလန်နိုင်ငံက စက်မှုအတတ်ပညာနဲ့ပတ် သက်ပြီး ပညာတော်သင်ခေါ်တယ်။ နိုင်ငံတခုစီက အယောက်(၂၀) စီခေါ်တယ်ပဲ ထားပါတော့ကွာ။ တို့နိုင်ငံကတော့ မင်းတို့သိတဲ့အတိုင်း လက်သင့်ရာစားတော်ခေါ်ပေါ့။ ဘုရင်နဲ့မူးမတ်အသိုင်းအ၀ိုင်းထဲက လူတွေချည်းရွေးလွှတ်တာ။ ခုခေတ်လိုပဲဆိုပါတော့။”
      “အယ် ... ဂျပန်နိုင်ငံကတော့ တို့လိုမဟုတ်ဘူးကွာ။ သူတို့နိုင်ငံက စက်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေ ကို အင်တာဗျူးအဆင့်ဆင့်လုပ်ပြီးခေါ်တာ။ လူအယောက် (၂၀) ခေါ်ဖို့ကို တနိုင်ငံလုံးက စက်မှုကျွမ်းကျင်သူ (၈၀) ကို ရွေးထုတ်တယ်။ ပြီးတော့မှဒီအထဲက (၄၀)ကို ဒုတိယအကြိမ်ထပ်ရွေးတယ်။ နောက်တခါ အင်္ဂလိပ်ဘာသာပါ ကျွမ်း ကျင်သူ(၂၀)ကို လက်ရွေးစင်ပြန်ရွေးပြီး အင်္ဂလန်ကိုပို့လိုက်တာ။ ဒီလက်ရွေးစင်(၂၀)နဲ့ ကျန်ခဲ့တဲ့(၂၀)က အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်တာ၊ မကျွမ်းကျင်တာလောက်ဘဲ ကွာတာ။ စက်မှုပညာတွေကတော့ သူမသာ၊ ကိုယ်မသာ ပေါ့။ ပြီးမှ ကျန်ခဲ့တဲ့(၂၀)နဲ့ ပထမရွေးကျန်(၄၀)ကို ဂျပန်အစိုးရက ပြန်မလွှတ်တော့်ဘဲ တနေရာမှာစုပြီး ခေါ်ထားလိုက် တယ်။”
      “အင်္ဂလန်ကိုရောက်တော့ တို့ရွှေမြန်မာတွေက တော်ကြပါတယ်။ စာတွေလည်းလိုက်နိုင်ကြတယ်။ ဒါပေမယ့် ဟိုရောက်တုန်း မစားဖူးတာတွေ စား၊ မသောက်ဖူးတာတွေ သောက်ပြီး ပြန်ခဲ့ကြတာပေါ့။ ဒီပြန်ရောက်တော့ မဲနယ် စက်ရုံ၊ လက်နက်စက်ရုံ၊ ဒင်္ဂါးပြားစက်ရုံတို့တည်တာ၊ သင်္ဘောဖျက်တဲ့ ရေမြှပ်ဗုံးထွင်တာတို့လောက်တော့ အလုပ်ဖြစ်ခဲ့ တာကို စာအုပ်တွေထဲဖတ်ရဖူးတယ်ကွ။ ဒါပေမယ့် အဲဒီအကျိုးဆက်ကို ဒီနေု့တို့ခေတ်မှာ ဘာတခုမှမတွေ့ရတော့ဘူး။ ဘာမှတ်တမ်းမှလည်း မကျန်ခဲ့တော့ဘူး။ တို့နိုင်ငံရဲ့တိုးတက်မှုအခြေအနေကလည်း မင်းတို့မြင်တဲ့အတိုင်းပဲ။ အင်္ဂလိပ် သာ တို့ နိုင်ငံကိုမသိမ်းခဲ့ရင် ခုထိ နွားလှည်းနဲ့ပဲ ခရီးသွားနေရဦးမှာ။”
      “ဂျပန်ပညာတော်သင်တွေကတော့ ဒီလိုမဟုတ်ဘူး။ အင်္ဂလန်ကိုရောက်တာနဲ့ သူ့အဖွဲ့နဲ့သူစုပြီး သင်ပေးသမျှ စာတွေကို ဂျပန်လိုဘာသာပြန်ကြတယ်။ ပြီးတော့ ဂျပန်နိုင်ငံကို ပြန်ပို့တယ်။ အဲ့ဒီပို့လိုက်တဲ့ ဂျပန်လိုဘာသာပြန်ပြီး သားတွေကို ကျန်ခဲ့တဲ့(၂၀)အုပ်စုက စုပေါင်းလေ့လာကြတယ်။ (၄၀)အုပ်စုနဲ့ပြန်ဆွေးနွေးကြတယ်။ ပြန်သင်ကြတယ် ပေါ့ကွာ။”
      “ပညာသင်ကာလပြီးလို့ ပညာတော်သင်တွေ ဂျပန်လည်းပြန်ရောက်ရော့ ပြန်လာတဲ့(၂၀)နဲ့ ကျန်ခဲ့တဲ့(၂၀)တို့ ပြန်ဆွေးနွေးပြီး ပညာတွေဖလှယ်ကြတယ်။ နောက် … (၄၀)ကို ပြန်သင်ပေးကြတယ်။ ဒီလိုနဲ့ ပညာတော်သင်(၂၀)သာ သွားရပေမယ့်၊ (၈၀)လုံး ပညာတွေတတ်သွားနိုင်အောင် တပြိုင်တည်းပွားယူနိုင်ခဲ့ကြတာဟာ အတုယူစရာကောင်းပဲ ပေါ့။ နောက်ပြီး ဂျပန်လိုဘာသာပြန်ပြီးသား ပညာတွေကိုပါ ရလိုက်ကြတာ။ ခုဆို မင်းတို့သိတဲ့အတိုင်း၊ ဂျပန်နိုင်ငံဟာ စက်မှုပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တိုးတက်နေပြီလဲ။ ပညာရပ်တွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်စာမတတ်ချင်နေ၊ ဂျပန်လိုလေ့လာနိုင်အောင်၊ ဂျပန်လိုဖတ်ပြီးအသုံးချနိုင်အောင်ဖြစ်သွားပြီ။ တို့နိုင်ငံနဲ့ဘယ်လောက်တောင်ကွာသွားလဲ ”
      “ဒီတော့ ပညာယူတဲ့အခါမှာ အစီအစဉ်ရှိရှိယူတတ်ဖို့လိုတယ်။ ပြီးတော့ မှတ်တမ်းဆိုတာကျန်ခဲ့အောင် လုပ် ထားရမယ်။ ဒါမှ နောင်မျိုးဆက်တွေအတွက် ပညာအမွေပေးခဲ့နိုင်မှာ။ နောက် ... ကိုယ်လေ့လာသိမြင်ခဲ့သမျှနဲ့ ကိုယ့် ဖြတ်သန်းမှုအတွေ့အကြုံတွေကို ကိုယ့်ဘာသာစာပေတွေနဲ့ မှတ်တမ်းတင်ထားခဲ့သင့်တယ်ကွ ” 
(၄)
      တနေ့မှာတော့ စိတ်ဆိုးလေ့မရှိတဲ့ ဆရာဘုမောင်တယောက် ဒေါကန်နေတဲ့အမူအရာနဲ့ အတန်းထဲဝင်လာပြီး
      “ မင်းတို့ ကျောင်းအုပ်ကြီးကတော့ စံပဲကွာ။ ကိုယ်တိုင်လုပ်လို့ ရရက်နဲ့ ငါတို့ကိုဒုက္ခပေးတာ ”
      ဆရာဘုမောင် ဒေါသဖြစ်ရပုံက ဒီလို။ ကျနော်ပြောခဲ့တဲ့ ကျောင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့မှာ သူလည်းပါ တယ်မဟုတ်လား။ ဒီမနက် ကျောင်းအုပ်ကြီးက ကျောင်းနောက်ကျပြီှးရောက်လာတယ်။ ကျောင်းတံခါးဝနားအရောက် ကျောင်းပြေးတဲ့ကျောင်းသားအဖွဲ့တွေနဲ့ ကျောင်းရှေ့မှာ ထိပ်တိုက်တိုးပါလေရော။ အဲဒီအချိန်က တကျောင်းလုံး အဖြူ နဲ့အစိမ်းပဲဝတ်ကြရတော့ ကျောင်းသားနဲ့အရပ်သားက ခွဲလို့လွယ်တယ်လေ။ ဒါပေမယ့်ဆရာကြီးက ကျောင်းသားတွေ ကို ဘာမှမပြောဘဲ၊ ကျောင်းထဲကို ကားဆက်မောင်းဝင်ခဲ့တယ်။ ကျောင်းရုံးခန်းထဲရောက်မှ စည်းကမ်းထိမ်းသိမ်းရေး ဆရာတွေကိုခေါ်၊ ကျောင်းပြေးတဲ့ကျောင်းသားတွေကို လိုက်ခေါ်ဖို့ပြောတယ်တဲ့။
      ကျန်ဆရာတွေအားလုံးကတော့ ဘာမှပြန်မပြောကြဘဲ ကျောင်းပြေးတွေနောက်ကို လိုက်သွားကြပေမယ့်၊ ဆရာဘုမောင်ကတော့ လိုက်မသွားဘူး။ ကျောင်းအုပ်ကြီးကို ပြန်ပက်ရင်း ကျန်နေခဲ့တယ်တဲ့။
        “ခင်ဗျားက ကိုယ်တိုင် တွေ့လိုက်ရရက်နဲ့ ဘာလို့ပြန်မခေါ်ခဲ့တာလဲ။ ခင်ဗျားတွေ့တဲ့အချိန်ဆို ကျောင်းသား တွေက ကျောင်းအနီးအနားမှာပဲ ရှိနေကြသေးတာ။ ခင်ဗျားပြန်ခေါ်ရင်လည်း ရရဲ့သားနဲ့ဗျာ။ ခုတော့ ဘယ်ရောက် သွားပြီလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။ လိုက်ရှာလို့ကတော့ တနေသာကုန်သွားမယ် တွေ့မှာမဟုတ်ဘူး။ ကျောင်း ပြေးစရာနေရာတွေက တပုံကြီး၊ ကျုပ်တော့မလိုက်နိုင်ဘူးဗျာ။ စာသင်ဖို့ရှိသေးတယ်”လို့ပြောပြီး ရုံးခန်းထဲက ပြန်ထွက် လာတာတဲ့။ 
(၅)
      “မင်းတို့ ဗျိုင်းအရှင်ဖမ်းနည်းဆိုတာ ကြားဖူးလား”
      ဒေါသတွေပြေသွားအောင် ခဏနားပြီးမှ ဆရာဘုမောင်က စကားပြန်စလာတယ်။
      “မကြားဖူးပါဘူး ဆရာ”
      “အေ ... မှတ်ထားကြ၊ ဆရာပြောပြမယ်”
      “မိုးဦးကျစ၊ မိုးဖွဲဖွဲလေးတွေရွာနေတဲ့အချိန်ဆို ဗျိုင်းအရှင်ဖမ်းလို့ရတယ်ကွ။ ဒီအချိန်မျိုးဆို ဗျိုင်းတွေက လယ် ကွင်းတွေထဲမှာ ငါးရှာနေကြတာ။ ဒီတော့ မင်းတို့က ဆားသာတဆုပ်လောက်ယူသွား။ ခုန ငါးဖမ်းဖို့စောင့်နေတဲ့ ဗျိုင်း အနားကိုဖြည်းဖြည်းလေးသွား။ ဗျိုင်းရဲ့ခေါင်းပေါ်ကို ဆားလေးပုံပေး။ မိုးကဖွဲဖွဲလေးရွာနေတာဆိုတော့ ခေါင်းပေါ်က ဆားတွေ အရည်ပျော်ပြီး မျက်စိထဲကို စီးကျမယ်။ မျက်လုံးဖွင့်လို့မရတော့ဘူး။ ဒီအချိန်ဆို မင်းတို့ ဗျိုင်းအရှင်ဖမ်းလို့ ရပြီ။”
      ကျနော်တို့တတန်းလုံး ဆရာဘုမောင်ရဲ့ ဗျိုင်းအရှင်ဖမ်းနည်းကို ငြိမ်ပြီးနားထောင်နေမိကြတယ်။ နားထောင် နေရင်းက မျက်စိထဲမှာလည်း လယ်ကွင်းထဲက ဗျိုင်းဖြူဖြူတွေကို မြင်ယောင်လာတယ်။ အသာကပ်သွားပြီး ဗျိုင်းရဲ့ ခေါင်းပေါ်ကို ဆားပုံလိုက်တယ်။ ဆားတွေအရည်ပျော်ပြီး မျက်လုံးထဲဝင်သွားတယ်။ ပြီးတော့ ... ဗျိုင်းလည်ပင်းကို ဆုပ်ကိုင်ပြီး ဖမ်းလိုက်တယ်လို့ကို မြင်ယောင်လာတယ်လေ။
      “ဆရာ ... ဗျိုင်းအနားကပ်သွားတော့ ဗျိုင်းက ထ ပျံမသွားဘူးလား ဆရာ”
      ကျနော်တို့အားလုံး မေးလိုက်တဲ့အသံရှိရာကို ၀ိုင်းကြည့်လိုက်ကြတယ်။ ပိန်းဇလုပ်ရွာက ကျောင်းလာတက် တဲ့ “ကရင်ကြီး”။ သူ့နာမည်က စောထူးဂေ။ လူကောင်က ထွားထွားကြီးမို့ ကျနော်တို့အားလုံးက ကရင်ကြီးလို့ပဲသူကို ခေါ် ကြတယ်။ ဘောလုံးလည်း အကန်တော်တယ်ဗျ။
      “အေးပေါ့ကွာ ... မင်းတောင် သိသေးတယ်။ မင်းတို့ကျောင်းအုပ်ကြီးက မသိဘူးကွ”
      “မင်းတို့စဉ်းစားကြည့်လေ။ ကရင်ကြီးပြောသလိုပဲ အနားကပ်လို့ရမှတော့ ဆားပုံဖို့လိုသေးလို့လား၊ တခါထဲ ဖမ်းလိုက်မှာပေါ့။ မင်းတို့ကျောင်းအုပ်ကြီးကတော့ တခါထဲမဖမ်းလိုက်ဖူးဟေ့။ ငါတို့ကိုပဲ ဆား ပုံပုံခိုင်းနေတာကွ။ ဒါကြောင့် ဒေါကန်လာတာ ” 
(၆)
      နို့ဖိုးဒုက္ခသည်စခန်းထဲမှာ ဒုံးယိမ်းသံတွေ ၀ဲပျံ့နေဆဲ။ ဒီကရင်ဒုံးယိမ်းအကကို နောက်ထပ်ကရင်နှစ်သစ်ကူး ဘယ်နှစ်ခုအထိများ ဒီနို့ဖိုးဒုက္ခသည်စခန်းထဲမှာ ထပ်ကြည့်ရ၊ ထပ်မြင်ရဦးမလဲ မသိ။
      ဘ၀မြင်ကွင်းတွေ ထပ်လွန်းနေတော့လည်း ကျေနပ်ခွင့်တွေ ပျောက်ဆုံးနေရပေါ့။ အနည်းဆုံး ဒီဒုံးယိမ်းအက တွေက အမေရိကားမှာပဲဖြစ်ဖြစ်၊ နော်ဝေမှာပဲဖြစ်ဖြစ်၊ နယူးဇီလန်မှာပဲဖြစ်ဖြစ် နေရာပြောင်းပြီး ကြည့်ချင်ပြီလေ။
       “ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ...
      တောင်ဖက်ကျွန်းပေါ် မြစ်ဝနံဘေး၊ ကရင်မ နော်သန်းငွေ...”
သီချင်းလေးနဲ့၊ ဗျိုင်းအရှင်ဖမ်းနည်းလေးကို ပြန်သတိရမိလိုက်တာကိုက နှဖူးကြောလေးတွေ ပြေသွားသလိုလို။ အသက်ရှူ ချောင်သွား သလိုလို။ မဟုတ်လို့က တော့ တနေ့တနေ့ စားဝတ်နေရေးအတွက် ပူပန်ရ။ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် ရင်မောရ။ ကိုယ့်ဘ၀ ကိုယ် အဓိပ္ပါယ်ဖော်နိုင်ရေးအတွက် ရတက်မအေးရ။ ဘ၀တွေကို ဗီဒီယိုကြည့်တဲ့အခါ ပေါ့စ် (Pause)  အလုပ်ခံထားရ သလို ခံစားလာရပြီလေ။ 
      အင်း ... ကျနော်တို့ဘ၀တွေ ပြန်လည်ရှင်သန်နိုးထနိုင်ခွင့်တွေအတွက် ယူအဲန်အိပ်ခ်ျစီအာရ် (UNHCR) ကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ အမေရိကန်နိုင်ငံကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ ကျနော်တို့ကိုယ်တိုင်ကပဲ ဗျိုင်းအရှင် ဖမ်းနေတာလား။ တစုံတရာ ဒါမှမဟုတ် တစုံတယောက်ကပဲ ....။ စဉ်းစားလို့တောင် မရ။  ။ 
နိုဝင်ဘာ ၂၇၊ ၂၀၀၉

Private Hospital, Patient Rights and Justice

ရန်ကုန်ရှုခင်း - လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
နိုဝင်ဘာ ၃၀၊ ၂၀၀၉
ပုဂ္ဂလိက ဆေးရုံ၊ လူနာအခွင့်အရေးနှင့် တရားစီရင်ရေး
မကြာမီရက်ပိုင်းအတွင်းမှာ စာဖတ်သူတွေ စိတ်ဝင်စားဆုံး သတင်းတပုဒ်ကတော့ ခွဲစိတ် ဆရာဝန်တဦးရဲ့ ပေါ့ဆမှုကြောင့် ၁၅နှစ်သမီးအရွယ် လူနာတဦးသေဆုံးခဲ့ရတယ် ဆိုတဲ့ သတင်းပါ။ အဖြစ်အပျက်က အောက်တိုဘာလကုန်မှာ ဖြစ်ပျက်ခဲ့ပြီး လူနာရဲ့ မိခင်ဖြစ်သူက အပတ်စဉ်ထုတ် ဂျာနယ်တွေတချို့ကို အချက်အလက်တွေပေးခဲ့တဲ့ နောက် လျှပ်တပြက်နဲ့ Weekly Eleven ဂျာနယ်တို့က သတင်းအဖြစ်ဖေါ်ပြခဲ့ကြတာပါ။
ဘာဖြစ်လို့ ၁၅နှစ် အရွယ် မိန်းကလေးကို သွေးလွန်တုပ်ကွေးလား၊ အူအတက်ပေါက်တာလား ဆိုတာအတည်မပြုနိုင်သေးပဲ ခွဲစိတ်ခဲ့ရတာလဲ၊ မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံတွေရဲ့ အားကိုးစိတ်ချရမှု အနေအထားဟာ အဲဒီလောက်ထိ နိမ့်ကျနေသလား၊ ဆရာဝန်တွေဘက်ကရော လူနာတယောက်ရဲ့ အသက်ကို တန်ဖိုးမထားနိုင်ကြတော့ပဲ တရက်မှာ လူနာများနိုင်သမျှ များများ ကြည့်နိုင်ဖို့ ကိုပဲစိတ်သန်နေကြသလား စတဲ့မေးခွန်းတွေ ပိုမိုကျယ်လောင်လာပါတယ်။
ယခုအဖြစ်အပျက် မဖြစ်ပျက်မီကတည်းကလည်း မကြာခဏ ရွှေဂုံတိုင် အထူးကုဆေးခန်းနဲ့ ပတ်သက်ပြီး ဘ၀င်မကျကြတဲ့ အဖြစ်တွေကြားဖူး နေပါတယ်။ လူနာကို ခွဲစိတ်ရာမှာ သေချာမှုမရှိလို့ နောက်တကြိမ်ပြန်ခွဲရတဲ့ အဖြစ်၊ ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့် နောက်တကြိမ် ထပ်ခွဲရတာကို လူနာရှင်က ရိပ်မိသိရှိပေမယ့်လည်း ကုလက်စတန်းလန်းမို့လို့ ဆရာဝန်နဲ့ အချင်းမများချင်တာ၊ ခွဲလက်စလူနာကို နောက်ဆေးရုံတခုပြောင်းဖို့ မလွယ်ကူတာကြောင့် အကျယ်အကျယ် မဖြစ်စေပဲ ကြိတ်မှိတ်ခံစားလိုက်ရတဲ့ အဖြစ်အပျက်၊ နယ်မှ အသဲရောင်အသားဝါနဲ့ ဆေးရုံလာတက်တဲ့ လူနာ၊ တရက်ကို ကျပ်တသိန်းလောက် ကုန်ကျစရိတ်တက်နေသော်လည်း သိသာထူးခြားလာခြင်းမရှိပဲ ၁၀ ရက်ဝန်းကျင်လောက်ကြာတဲ့အခါ အခြားဆေးခန်းရုံမှာ ပြောင်းဖို့ပြောတဲ့အခါ ဆေးရုံက ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ပြောင်းတာ ဖြစ်လာမယ့် အကျိုးဆက်ကိုလုံးဝတာဝန်မယူဘူး ဆိုပြီး ပြောဆိုကာ လက်မှတ်ထိုးခိုင်းတဲ့ အဖြစ်တွေဟာ ရွှေဂုံတိုင် အထူးကုဆေးခန်းနဲ့ ဆက်နွယ်ပြီး ကြားဖူးနေတဲ့ အဖြစ်အပျက်တွေပါ။
မြန်မာနိုင်ငံမှာ လူနာနဲ့ ဆရာဝန်အကြား ဆက်ဆံရေးမှာ တစုံတရာမှားယွင်းခဲ့ရင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတဲ့ ဖြေရှင်းနည်း၊ တရားဥပဒေ အကာအကွယ် တွေမရှိသေးပါဘူး။ မြန်မာ့လူမျိုးတွေရဲ့ စိတ်ရင်းအရ တစုံတရာ ဆရာဝန်ကမှားယွင်းခဲ့ရင်တောင် တမင်ရည်ရွယ်လုပ်တာမဟုတ်ပါဘူးလေ၊ သေပြီးတဲ့သူလည်း ပြန်ရှင်လာမှာ မဟုတ်တော့ဘူးဆိုပြီး ကန့်လန့်ကာချကာ အမှားအယွင်းကို လျော်ပြစ်လိုက်ကြတာများပါတယ်။ သို့ပေမယ့် ဆရာဝန်တဦးက မှားယွင်းကုသလို့ လူနာအသက်ဆုံးရှုံးရတဲ့ အဖြစ်မျိုးကို ခွင့်လွှတ်ပြီး လျော်လိုက်ကြမယ် ဆိုရင် နောက်နောင်မှာ အခြားလူနာတွေအပေါ် ထပ်ပြီး မှားယွင်းနိုင်ပါသေးတယ်။ အဲဒီလို တွေးဆပြီး ဖြစ်ပျက်ပြီးတဲ့ဟာကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ လိုအပ်တာလည်းဖြစ်ပါတယ်။
လတ်တလော ဖြစ်ပျက်ခဲ့တဲ့ မခိုင်ရွှန်းလဲ့ရည် ကိစ္စဟာ ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာကြည်စိုး ဖြစ်စေ၊ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC )ပဲ ဖြစ်စေ၊ အခြားသော ဆေးခန်း၊ ဆေးရုံတွေပဲ ဖြစ်စေ နောက်နောင်မှာ လူနာတွေရဲ့ အသက်ကိုတန်ဖိုးထားဖို့ရာ လေးလေးနက်နက် သတိပေး စေ့ဆော်လိုက်တဲ့ အဖြစ်အပျက်တခု ဖြစ်နေပါတယ်။
ယခုရက်ပိုင်းမှာ အထက်ပါ ကိစ္စကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဖေါ်ထုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယခင်က မထင်မရှားနဲ့ အသက်ဆုံးရှုံးသွားခဲ့သူတွေ တယောက်မက၊ ဆယ်ယောက်မက ရှိခဲ့မှာပါ။ သို့ပေမယ့် လူနာရှင်ဘက်ကရော၊ ဆေးရုံဘက်က ငွေနဲ့လိုက်ပိတ်တာ၊ အာဏာသုံးပြီး မီဒီယာမှာ မဖေါ်ပြအောင် ပိတ်ဆို့တာတွေရှိခဲ့လို့ ယခုလို ဆွေးနွေးအရေးယူစရာ ကိစ္စမဖြစ်လာပါ။ ယခုကိစ္စကတော့ မီဒီယာမှာ ဖေါ်ပြလိုက်လို့ လူစိတ်ဝင်စားမှုပိုများလာပြီး တစုံတရာ အရေးယူဆောင်ရွက်ဖို့ ဖြစ်လာတာပါ။
လူတဦးချင်းစီရဲ့ အခွင့်အရေးဆိုတာတွေကို လူထုအနေနဲ့ ယခင်ကတည်းက မသိရှိခဲ့ကြပါဘူး။ ဘာလို့လဲဆိုရင် အာဏာရှင်စနစ်အရိပ် လွှမ်းမိုးထားတာကြောင့် ဘယ်နေရာမဆို ကိုယ့်ရဲ့ အခွင့်အရေးကဘာလဲ၊ အဲဒီအခွင့်အရေးကို ဘယ်လိုဖောက်ဖျက်ခံရရင် ဘယ်လိုတောင်းဆိုမလဲ၊ စားသုံးသူအခွင့်အရေး၊ လူနာအခွင့်အရေး၊ ကျောင်းသားအခွင့်အရေး အစရှိတဲ့ ကိစ္စရပ်တွေကြုံလာတဲ့အခါ မြန်မာလူထုအနေနဲ့ ကိုယ့်အခွင့်အရေး ဆိုတာထက်ကို ကိုယ်တောင်းဆိုမယ့် အဖွဲအစည်းက အာဏာပိုင်တွေနဲ့  ဘယ်လိုအဆက်အသွယ်ရှိသလဲ၊ လက်တွေ့မှာ ဘယ်လိုဖြစ်ပျက်နေသလဲ ဆိုတာကိုပဲ ထည့်သွင်းစဉ်းစားကာ လက်လျော့အရှုံးပေးလိုက်ကြပါတယ်။
စစ်တပ်မဟုတ်ရင် ဒေသဆိုင်ရာအာဏာပိုင်မဟုတ်ရင် မြန်မာနိုင်ငံမှာ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတရပ်ကို တောင်းဆိုဖို့ ဖောက်ဖျက်ခြင်းခံရရင် တရားဥပဒေရဲ့ အကာအကွယ်ရဖို့ မလွယ်ကူပါဘူး။ တရားစီရင်ရေးစနစ်ကို စစ်တပ် အာဏာရှင်စနစ်က ဆယ်စုနှစ်များစွာ ဖျက်ဆီးပြီး လိုသလိုပုံသွင်းထားခဲ့လို့ တရားသူကြီးတွေ၊ ဥပဒေ ၀န်ထမ်းတွေဆိုတာလည်း အထက်ခိုင်းတာ လုပ်ဖို့ လာဘ်စားဖို့ဆိုတဲ့ အချက်တွေကိုသာ ဆောင်ရွက်နေကြသလို ဖြစ်နေပါပြီ။
ပြည်သူလူထုကလည်း တရားစီရင်ရေး စနစ်က အားကိုးယုံစားဘွယ်ရာမရှိလို့ တရားဥပဒေ အကာအကွယ်ကို ယူဖို့ တရားစွဲပြီး အဖြစ်အပျက်မှန်ကိုပေါ်ထွက်လာအောင် လုပ်ဆောင်ဖို့ ယုံကြည်မှု နည်းပါးလာနေတာ ကိုမြင်နေရပါတယ်။
ယခုအဖြစ်အပျက်ကတော့ တရားစီရင်ရေးစနစ်ရဲ့ အကာအကွယ်ရနိုင်မရနိုင် မပြောနိုင်သေးပါဘူး။ သို့ပေမယ့် မီဒီယာပေါ်ရောက်လာလို့ လူအများ ဆွေးနွေးစရာ၊ ၀ိုင်းဝန်းထောက်ပြစရာ နောက်နောင် မဖြစ်ရအောင် ဘယ်လိုကာကွယ် ကြမလဲဆိုတဲ့ အာရုံစိုက်မှုရပြီလို့ပဲ လောလောဆယ်မှာ ပြောနိုင်ပါသေးတယ်။

Sunday, November 29, 2009

Aung Way - Guru 1 Year Poem

… … ကဲ့သို့ သော အမေ့ကဗျာများ

အောင်ဝေး

နိုဝင်ဘာ ၂၉၊ ၂၀၀၉


အမေ့အိမ်မှာ
ကျနော်က
နံရံကိုမှီထားတဲ့ ဂစ်တာ။


ဝေးသွားတဲ့အခါ
ဒေါင်းအလံပတ်ထားတဲ့
မောင်းပြန်သေနတ်ဟာ
ကျနော်ဖြစ်ခဲ့။

နောက်ဆုံးသာ
ဂစ်တာကြိုးပြတ်လေး တမျှင်

ကျည်ဆန်ခွံလေး တခု

ပန်းလေးတပွင့် ထိုးစိုက်ထားတဲ့

စစ်ဖိနပ် တရန်

အိမ်အပြန် လွမ်းစရာ

ကျနော် စုထားတဲ့

အမေ့အတွက် ကဗျာ။ ။


(ရဲဘော်ဂုရုကွယ်လွန်ခြင်း တနှစ်ပြည့်အမှတ်တရ)

နိုဝင်ဘာ ၂၄၊ ၂၀၀၉၊ ချီကာဂိုလေဆိပ်

UMEH activities in N Oakalapa tsp

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က မြောက်ဥက္ကလာတွင် ဈေးကွက်ချဲ့ထွင်
ဝင်းမြတ်၊ ရန်ကုန်
နိုဝင်ဘာ ၃ဝ၊ ၂ဝဝ၉

မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ရပ်ကွက်တချို့တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တံဆိပ် ပါရှိသော မီတာဘောက်စ်များကို အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် စနေနေ့က လိုက်လံ လဲလှယ် တပ်ဆင်နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့မှ ဝန်ထမ်းများက ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ (ဇ) ရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၄င်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

`အီးပီစီက ဝန်ထမ်းတွေကို မေးကြည့်တော့ နောက်လွှတ်မယ့် ဓာတ်အားတွေကို မီတာဘောက်စ်အဟောင်းတွေက မနိုင်မှာ စိုးလို့ လို့ ပြောတာပဲ´ ဟု ဇ ရပ်ကွက်အတွင်း နေထိုင်သူတဦးက ပြောပြသည်။

မီတာဘောက်စ် အဟောင်းများမှာ ပုံမှန် အလုပ်လုပ်နေဆဲ ဖြစ်သည်ဟု မီတာဘောက်စ် လဲလှယ်ခံခဲ့ရသော သူများက ပြောသည်။ မီတာဘောက်စ်အတွက် ကျပ် ၃ဝဝဝ နှင့် တပ်ဆင်ခအဖြစ် ငွေကျပ် နှစ်ရာ ပေးရသည်ဟု ဆိုသည်။

၎င်းရပ်ကွက်အတွင်းမှ ကျောင်းဆရာတစ်ဦးက `လောလောဆယ်တောင် မီးမှန်အောင် မလုပ်ပေးနိုင်သေးဘဲနဲ့ ဆိုတော့ ပြောလိုက်ပါတယ်။ မီးအားများဖို့ ဆိုတာထက် မီးမှန်မှန်လာဖို့ပဲ လုပ်ပါဦးလို့။ အဲဒီလို ပြောလို့ ပါလာတဲ့ ရပ်ကွက်လူကြီးတွေနဲ့ နည်းနည်းတောင် အခြေအတင် ဖြစ်သွားတယ်´ ဟု ဆိုသည်။

စီးပွားရေး ဦးပိုင် လီမိတက်သည် တပ်မတော်၏ အသုံးစရိတ်ကို အဓိက ရှာဖွေပေးနေသည့် အခွင့်ထူးရ ကုမ္ပဏီ အုပ်စုကြီး ဖြစ်ပြီး ဝင်ငွေကောင်းသည့် စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်လည်း ရှိနေသည်။

ယခုနှစ်ဆန်း ပိုင်းမှစတင်ကာ နိုင်ငံပိုင်လုပ်ငန်းများ၊ မြေကွက်စက်ရုံများအား စီးပွားရေး ဦးပိုင်သို့ တနည်းနည်းဖြင့် လက်လွှဲရောင်းချပေး လျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။

ထိုသို့ပြုလုပ်ခြင်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် လုပ်ငန်းများ၊ ပိုင်ဆိုင်မှုများကို စီးပွားရေး ဦးပိုင်လက်သို့ ပိုမို လွှဲပြောင်းပေးထားခြင်း ဖြစ်သည်ဟု စီးပွားရေး လေ့လာသူများက ကောက်ချက်ချကြသည်။

မြန်မာ့စီးပွားရေး လုပ်ငန်း အများစုကို ဦးပိုင်က ချုပ်ကိုင်ထားကြောင်း၊ ၎င်း၏ လုပ်ငန်းများတွင် ဘဏ်၊ သွင်းကုန်-ပို့ကုန်၊ ဆောက်လုပ်ရေး၊ ကျောက်မျက်နှင့် သတ္ထုတူးဖော်ရေး၊ စားသောက်ကုန်နှင့် အဖျော်ယမကာ၊ စီးကရက်၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှု၊ အထည်ချုပ်၊ ငါးဖမ်းလုပ်ငန်းများ ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေး အင်အားစု (NDD) အဖွဲ့၏ ထုတ်ပြန်ချက်တခုတွင် ဖော်ပြထားသည်။

29th NOV 2009 - MoeMaKa Radio

နိုဝင်ဘာ ၂၉၊ ၂၀၀၉ - မိုးမခရေဒီယို

အနှစ် … မာမာအေး

သတင်းတိုထွာ၊ သီချင်းပဒေသာ

မြန်မာနိုင်ငံရဲ့ မတရားတဲ့ဥပဒေများ - အောင်ကျော်ခင်၊ ခေတ်ပြိုင်

ဆစ်ဒနီတလွှား သတင်းစကား

ထင်ပေါ်ကျော်ကြား နာရေးသတင်း - ဖြူးဆရာတော်

တင်မောင်ဆန်းမင်းဝင်း၊ ဒါလီလင်း၊ မိုးဒီ - ဆစ်ဒနီမြို့ပဒေသာကပွဲ

အလုပ် အင်တာဗျုး ဖြေဆိုနည်းများ

တခါက ကျုပ်တို့ရဲ့ ဒိုင်နိုဆောများ - ဆင်ဖြူရှင်မင်းလက်ထက် စစ်သူရဲကောင်းများ

အထူးကဏ္ဍ - အဇ္ဈတနဲ့ စစ်ထိုးခြင်း ဇာတ်လမ်းပမာ - ဦးပန်တျာ၊ ရွှေရီချစ်၊ ကိုသောင်းစု

မဟာမြိုင်ဦးဇောတိကရဲ့ မေတ္တာတရားတော်

စန္ဒယားထွန်းညွန့်ရဲ့ မေတ္တာဟူသည်

စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်