Saturday, October 31, 2009

Mar Mar Aye - 292

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၂၉၂)
တော်သလင်းလ
မာမာအေး
နိုဝင်ဘာ ၁၊ ၂ဝဝ၉

(photo - burma today)
သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေး နားနေရတဲ့ အမေရိကန် တောမြို့ကလေးမှာ မိုးက စိုစို၊ လေကလဲ မာန်ဖိုသနဲ့ အမှတ်တမဲ့များ ဆိုရင် ကိုယ့်ဆီက မိုးတွင်းလေးမှာ ရှိနေသလိုလို ပါဘဲရှင်။ ပြက္ခဒိန်ထဲ ကြည့်ပါမှာ သြော် - ဒို့ဆီမှာ ပူမယ့်အခါတွင်း တော်သလင်းပါလား။ အလွမ်းသားနော့။ မာအေးရဲ့ သမီးကြီး သမီးမာမာအေးကလဲ သည်လဖွားမို့ ပိုလွမ်း ရတယ်လေ။ ဒါနဲ့ တော်သလင်း ဆိုတာ ဘာများပါလိမ့်၊ ဘာတွေများ ထူးထွေဆန်းပြား သိထားစရာတွေ ရှိနေမှာလဲ။ စာတောထဲ ကဗျာတောထဲ ဝေ့ဝဲ ဝင်လိုက်တော့တာပေါ့။

‘တော်’ ဆိုတဲ့ စာလုံးဟာ ဗမာနဲ့ တချို့ တိုင်းရင်းသား လူမျိုးများအဖို့ အထွတ်၊ အထိပ်၊ အမြင့်၊ အမြတ်၊ မိုး၊ ကောင်းကင် စတဲ့ အဓိပ္ပာယ်တွေ ဖွင့်ထားတဲ့အတွက် အထက်အပေါ် ဆိုတာကိုချည်း ညွှန်းတဲ့ သဘော တွေ့ရပါတယ်။ ‘သလင်း’ ဆိုတာကိုတော့ သာယာပွင့်လင်း၊ သာယာ ကျင်းလင်း၊ ပွင့်လင်း စတဲ့ အဓိပ္ပာယ်တွေ ကောက်ယူတဲ့အတွက် အဘိဓာန်မှာ ‘ကောင်းကင် သာယာ ထွန်းလင်း၊ ပွင့်လင်း၊ လင်းကျင်းသောလ၊ သစ်ဆင်းလ၊ မြန်မာ့ တစ်ဆယ့်နှစ်လတို့တွင် ဆဋ္ဌမလ၊ ကန်ရာသ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

မာအေးတို့ ချစ်တဲ့ အမိနိုင်ငံမှာ မိုးဟာ သင်္ကြန်လက်ဆေးမိုး လို့ ခေါ်တဲ့ မိုးလေးတဖြိုက် နှစ်ဖြိုက် ရွာလိုက်တာကနေပြီး၊ ကဆုန်နယုန် မိုးသားစုံလို့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ရဲ့နောက် တော်သလင်းဆီ ရောက်တော့ ကောင်းကင်က ကြည်သာ၊ မိုးသိပ် မရွာတတ်တော့ဘူး မို့လားရှင့်။ မိုးကြား တိမ်ကြားက ထွက်တဲ့နေ ပူတယ်လေ လို့ ဆိုကြ၊ တော်သလင်းနေ ပုဇွန်သေ လို့ဆိုကြ၊ တော်သလင်း ရေလွှာ သင်ဖြူးခင်း ဆိုတဲ့ စာချိုးလိုဟာလဲ ကြားရပါ၊ တကယ်လဲ ကြည်ကြည်သာသာ ရေပြင်လွှာဖြစ်တာမို့ ဆယ့်နှစ်ရာသီ ပွဲဝင် လှေပြိုင်ပွဲ ပန်းလုသဘင် ဆင်ယင်ခဲ့တာ ယင်းမာ သင်းမြ တော်သလင်းလမှာ ပါဘဲ။

xxx စုန်ကာဆန်ကာ ခေါက်တုန့်လူးလာ၊ ဗုံတောင်စည်မောင်း မြစ်ကြောင်းမြစ်လယ်၊ ပျော်ဖွယ်အံ့ချီး တီးကာမှုတ်ကာ၊ ကြော်ငြာ ချိမ့်သဲ မြစ်ဧရာနဒီထဲမှာ xxx တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊ တက်စောင်း၊ တက်ထောင်၊ တက်ယှက်၊ တက်ဝှက်၊ တက်ခက်၊ တက်လှ၊ တက်သုတ်၊ စင်ရော်သုတ်၊ စင်ရော်ဝဲ၊ နေရောင်ကာ၊ နေရောင်ပြေး၊ တက်ရေး(၃၇)ချင်း၊ ကုန်စင်အောင် သင်လာခဲ့ရ၊ သပြေတောရွာက နတ်မျှားလှေတော်၊ အားကောင်းမောင်းသန် ကျင့်သားရတဲ့ လှေတော်သားတွေ၊ လှေဦးစီးသာချို၊ တက်မကိုင် ကိုသန်းဖေတို့ပါ xxx

ပြီးတော့ တော်သလင်းလကို ရှေးက ‘သစ်ဆင်းလ’ လို့လဲ ခေါ်ခဲ့ကြသတဲ့ရှင့်။ ဒုတိယ အင်းဝခေတ်ကျမှ အဲဒီ ‘သစ်ဆင်း’ ဆိုတဲ့ စာလုံးကို သျှင်အဂ္ဂသမာဓိရဲ့ သုဝဏ္ဏသျှံ သူဌေးခန်း ပျို့မှာ စပြီး တွေ့ရတယ်။ သက္ကရာဇ် (၉၅၂) ခုနှစ်မှာ ထိုးတဲ့ ကျောက်ဆည်မြို့ ရွှေသာလျောင်း ကျောက်စာမှာလဲ တွေ့ရပါတယ်။ ဒါပေမဲ့ မှတ်တမ်း မှတ်ရာ ထားတာတော့ မရှိပါဘူး တဲ့ ရှင်။

သစ်ဆင်းလ လို့ ခေါ်ခဲ့တဲ့ သဘင်ပွဲတခု ရှိခဲ့ကြောင်း ကိုတော့ ‘မင်းရဲနန္ဒာဧချင်း’ မှာ မင်းဇေယျ နန္တမိတ်က ရေးဖွဲ့ခဲ့ပါတယ်။ မင်းရဲကျော်စွာ စုန်ဧချင်းမှာလဲ ‘တော်သလင်းတုံ၊ သစ်ဆင်းအခါ၊ ပျော်ဘွယ်သာတည့်၊ ဗိုလ်ပါထွေဖြီး၊ သဘင်ကြီး၌’ လို့ ရေးစပ်ကြပါတယ်။

ဆီသည် ရွာစား ဦးအောင်ကြီးရေးတဲ့ အင်းဝ မြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ကန်ရာသီဖွဲ့မှာ ကျတော့ ----

xxx သာစွလေ ----၊ မြစ်ရေကမ်းပြည့်၊ ထန်းလည်းမှည့်၍၊ စည့်စည့်မိုးလ၊ ဘဒြနှင့် ပြည့်ဝအညီ၊ ကန်ရာသီဟု၊ အာနီ မြဲခိုင်၊ ယင်းမာလှိုင်က၊ မွှေးကြိုင်နံ့ရွှင်း၊ တော်သလင်းကား၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းရင်လျက်၊ လက်သင်လှော်ကား၊ ရွှေသားစက်ကွင်း၊ လှေခြင်း လှော်ပြိုင်၊ ခွင့်ရေးကိုင်၍၊ လေးတိုင်တန်ဆောင်း၊ မမြင့်တောင်းကို၊ နီမောင်ပုဆိုး၊ ဝှဲဝှဲမိုးလျက်၊ ပိုက်ကြိုးသွယ်ခံ၊ ဝန်းရံခင်းကျင်း၊ ခုန်ကဆင်းသော်၊ မင်းမင်းမှန်ဖု၊ ထွက်စံရှုသည်၊ ဇမ္ဗူထွတ်ထိပ် ပန်းတည့်လေ၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေ xxx(လူးတား)

ဒီလူးတားမှာ လှေပွဲရော၊ သစ်ဆင်းပွဲရော ပေါင်းပြီး ဖွဲ့စပ်ထားတာ ကြားမှာပါနော်။ သစ်ဆင်းပွဲ ကျင်းပပုံကလဲ ဆန်းဆန်းပြားပြား အသဲယားစရာကြီး ပါလားကရို့ ---- လို့ ပြောရမှာဘဲရှင့်။ အလွန်မြင့်တဲ့ သစ်တိုင်လေးတိုင်နဲ့ ဆောက်လုပ်တဲ့၊ အနီရောင် အဝတ်အမိုး မိုးထားတဲ့ ‘တန်ဆောင်း’ ခေါ်တဲ့ စင်မြင့်ကြီးပေါ်ကနေပြီး အောက်မှာရှိတဲ့ ရေပြင်ပေါ်က ပိုက်ကွန်ခံထားတဲ့ နေရာဆီကို ကရင်းနဲ့ ခုန်ချကြတဲ့ ပွဲသဘင်ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်ရှင်၊ ရှေးပဝေဏီကာလ ထဲက ရှိခဲ့ပြီး၊ အင်းဝ ခေတ်မှ ‘လ တလရဲ့ နာမည်’ တွင်လာတဲ့ အထိ အလေးတယူ သိုက်သိုက် မြိုက်မြိုက် ရှိခဲ့မှာပါ။ သစ်တိုင် အမြင့်အဖျားက ခုန်ချရတာမျိုး ဆိုတော့လဲ အသက်အန္တရာယ် ရှိတာပေါ့။ အဲဒီပွဲမျိုးမှာ အသက်ထိ ခိုက်ခဲ့ရင် မိုးကောင်းမယ်၊ ချောင်းစီးမယ် လို့လဲ နိမိတ်ဖတ်တယ် ဆိုလားဘဲ။ ဒီလို နိမိတ်ကြီးကတော့ မနိပ်ပါဘူးနော။ ကုန်းဘောင်ခေတ် ကျတော့ မဆင်နွှဲ ကြတော့ဘူးတဲ့လေ။ အန္တရာယ် မကင်းလို့ ဖြစ်မှာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အဘိဓာန်မှာတော့ ‘သစ်ဆင်း’ အလွန်ရှည်သော သစ်တိုင်လေးတိုင်ဖြင့် ဆောက်လုပ်ထားသော ‘တန်ဆောင်း စင်မြင့်’ ပေါ်မှ ရေပေါ်၌ ခံထားသော ပိုက်ကွန်တွင်းသို့ ခုန်ချသည့် ပွဲ ကျင်းပသည့်လ၊ တော်သလင်းလ လို့ ဖေါ်ပြထားကြောင်းပါရှင်။



[ မူရင်း - BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]


Nat Nwe in book launch

နတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်းကို ပုဂံက ထုတ်ဝေ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၁၊ ၂ဝဝ၉

ပုဂံစာအုပ်တိုက်က ထုတ်ဝေသည့် မြန်မာပြည်မြောက်ပိုင်း စာအုပ် ဖြန့်ဝေခြင်း အခမ်းအနားတွင် တွေ့ရသည့် နတ်နွယ်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ပါရဂူ။

၁၉၆၆ နှင့် ၆၇ တွင် ထုတ်ဝေခဲ့သည့် ဆရာနတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်း အတွဲ ၁ နှင့် ၂ ကို ပူးပေါင်း ထုတ်ဝေခြင်းဖြစ်ပြီး ထိုစာအုပ်နှင့် ပတ်သက်သည့် တခြားစာရေးဆရာများ၏ ဆောင်းပါးများ၊ အင်တာဗျူးများ ပါဝင်သည်။ (ဓာတ်ပုံ-အလင်းတန်းဂျာနယ်)

Cho Saint - 2009 Old Day Poem

၂ဝဝ၉ ရဲ့ နေ့ဟောင်းကဗျာ
ချိုစိမ့်
နိုဝင်ဘာ ၁၊ ၂၀၀၉
ဖိနပ်ကလေးတဖက်
မှောက်နေတယ် …
လင်းလင်း ချင်းချင်းနဲ့
အမှောင်ပျောက်နေတာ။
ဒီကမ်းမှာတော့
ကမ်းလိုက်ပါတော့
ခမျာမယ် ပြောရှာတယ် …
ဒီတောမှာ အ,ကာလ
သူမ မသိရှာလေရော့သလား?
ငါ မမေးချင်
မသိချင်တော့ပါ
ဝါးရုံအောက်မှာ
ငါ သိတာ
ကဗျာ …
ငါ နေရတာက
အ,ကာလ ကဗျာ။        ။

Yadanabon 1, Delta nil

ရတနာပုံက Delta ကို နိုင်ပြီး အမှတ်ဇယား ထိပ်ဆုံးနေရာ ပြန်ရောက်
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၁၊ ၂ဝဝ၉


ရတနာပုံ FC မှ မက်သယူး နှင့် Delta United FC နောက်ခံလူ မျိုးဝင်းထွဋ်တို့ ဘောလုံး လုနေပုံ။ ယမန်နေ့က ပြိုင်ပွဲတွင် ရတနာပုံက တလုံးတည်းသောဂိုးဖြင့် အနိုင်ရသဖြင့် အမှတ်ပေးဇယားတွင် ၂၂ မှတ်ဖြင့် ဦးဆောင်နေသည်။ သို့သော်လည်း လာမည့်ပွဲများတွင် သရေ သို့မဟုတ် အရှူံးနှင့် ရင်ဆိုင်ရပါက ထိပ်ဆုံးနေရာမှ ဖယ်ပေးရမည်ဖြစ်သည်။
ရှူံးသွားသည့် Delta က အမှတ် ၂၀ ဖြင့် ဒုတိယ လိုက်နေသည်။ အကောင်းဆုံးအသင်းဟု နာမည်ကြီးနေသည့် Delta သည် ယခု MNL အမှတ်ပေး ပွဲစဉ်အတွင်း ပထမဆုံးအကြိမ် ရှူံးနိမ့်ခြင်းဖြစ်သည်။ (ဓာတ်ပုံ-ကြေးမုံသတင်းစာ)

Burmese Car Shows & Models


ပြိုင်ကား အလှဆင်ပြပွဲမှ မြန်မာမိုဒယ်များ
မိုးမခအထောက်တော် ရန်ကုန်
အောက်တိုဘာ ၃၁၊ ၂၀၀၉

          Nivea ကုမ္ပဏီမှ အဓိက စပွန်ဆာပေးပြီး M racing, Inya Lake hotel အပါအ၀င် အခြားသောကုမ္ပဏီများ ၀ိုင်းဝန်းပံ့ပိုး ကျင်းပသည့် အလှဆင် ပြိုင်ကား ပြပွဲတွင် မြန်မာနိုင်ငံရှိ ပြိုင်ကားကဲ့သို့ အလှဆင်ထားသည့်ကားများ နှင့် Nivea မှ အရောင်းမြှင့်တင်ရေး အလှမယ်များ၊ မိုဒယ်များ ကိုယခုကဲ့သို့ မြင်တွေ့ကြရသည်။  

          ရန်ကုန်မြို့တွင် ယခုတလော ပြိုင်ကားငယ် မောင်း ပြိုင်ကွင်းဖွင့်လှစ်ခြင်း၊ ယခုလို ပြိုင်ကား အလှဆင်ပြသခြင်း တို့ကိုပြုလုပ်လာကြပြီး အလှကုန်ကုမ္ပဏီ Nivea ကလည်း အရောင်းမြှင့်တင်ရေး အလှမယ်များ၊ မိုဒယ်များဖြင့် ပရိတ်သတ်ကို ဆွဲဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

          အဆိုပါကားများမှာ တန်ဖိုး ကျပ်သိန်း ၄၀၀ ကျော်မှ ကျပ်၆၀၀ ကျော်ထိ တန်ဖိုးရှိသည်ဟု လည်းသိရသည်။ ယခုပြပွဲတွင် နိုင်ငံတော်နှင့် ပတ်သက်သည့် လုပ်ငန်းရှင်ကြီးများတို့၏သားသမီးများ၊ ဗိုလ်ချုပ် တွေ၊ ၀န်ကြီးတွေ၏ သားသမီးကား တွေမပါသဖြင့် သိပ်မစည်ပဲ ကားအလှဆင်သည်ကို ၀ါသနာပါသူ ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ ဖိုးလပြည့်ကလည်း လာရောက်အားပေးသည်ကို တွေ့မြင်ရ၏။ 


ရှေးဟောင်း ကားတစီးနှင့် မိုဒယ် တဦး အလှပြနေစဉ်         

           မြန်မာနိုင်ငံတွင် အခြားသော အခွင့်အရေးများ ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်၊ ရေးသားခွင့်၊ တင်ပြခွင့်တို့ မရရှိသော်လည်း ယခုလို အလှမယ်များ မိုဒယ်များ ဖြင့်အရောင်းမြှင့်တင်ရေး လုပ်ဆောင်ခွင့်မှာတော့ အခြားနိုင်ငံများမှာလိုပင် ရရှိနေပြီဟု ကောက်ချက်ချလျင် မမှားပေ။
 
အလှဆင်ပြိုင်ကား ပြပွဲသို့ ဖိုးလပြည့်(ခေါ်) နေရွှေသွေးအောင် လာရောက်အားပေးသည်ကို မြင်ရစဉ်

Khant Minn Htet Arrested and Family left in the dark


ကဗျာဆရာ၊ ဒီဇိုင်းပညာရှင် ခန့်မင်းထက် ဖမ်းဆီးခြင်းခံထားရ၊ ယခုအချိန်ထိ မိသားစုက စုံစမ်း၍မရ
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၃၁၊ ၂၀၀၉

ကဗျာဆရာ မောင်စိမ်းနီ၏ သား၊ အလင်္ကာဝတ်ရည် ဂျာနယ်တိုက်တွင် လုပ်ကိုင်နေသူ ကဗျာဆရာ ခန့်မင်းထက်ကို အောက်တိုဘာ ၂၂ တွင် စစ်ထောက်လှမ်းရေးက နေအိမ်သို့ သွားရောက်ပြီး ဖမ်းဆီးခဲ့သည်ဟု သိရသည်။ အောက်တိုဘာ ၂၅ တွင် ဂျာနယ်တိုက်ရှိ ကွန်ပျုတာမှ အချက်အလက်များ သိမ်းဆည်းသည့် ဟတ်ဒ်ဒရိုက်ကို စစ်တပ်က လာရောက် ဖြုတ်ယူသွားခဲ့သည်ဟု ဆိုသည်။
“သူ့ကလေးတွေ ရှေ့မှာ လာဖမ်းတာ ဆိုတော့ ကလေးတွေက ရိပ်မိပုံရတယ်ဗျာ။ သမီးကလေးက ၄ နှစ် ဆိုတော့ လူတွေလာရင် မေး မေး နေတယ်။ သူက အစာအိမ်လည်း မကောင်းဘူး။ သွေးတိုးလည်း ရှိတယ်။ မိသားစုက ခဏမေးစရာရှိလို့ ခေါ်သွားတယ် ထင်နေတာက အခုထိ အချိန်တွေ ကြာသွားတယ်။ စုံစမ်းလို့လည်း မရတော့ဘူး။ ဘာမှလည်း အကြောင်းမကြားဘူးဆိုတော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာတယ်”
ဟု မိတ်ဆွေတဦးက မိုးမခသို့ ပြောပြသည်။
လွန်ခဲ့သည် ရက်သတ္တပတ်အတွင်း စာပေလောကမှ စာပေသမားများ၊ သတင်းသမားများကို စစ်အစိုးရက လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ယခုဆိုလျင် လူ ၂၀ နီးပါးရှိပြီဟု ခန့်မှန်း ပြောဆိုနေကြသည်။
“ စာပေနယ်ထဲမှာ အစိုးရသတင်းပေးတွေက သူတို့မကျေနပ်တာနဲ့ အဲသလိုမျိုး မျိုးစုံ အမှုဆင် စွပ်စွဲပြီး ခြိမ်းခြောက်တာ၊ ဖမ်းဆီးခိုင်းတာတွေ လုပ်တယ်။ ဒါ့အပြင် တချို့လူကြီးတွေ ကိုယ်တိုင်က ပေးစာတွေ၊ ပစ်စာတွေနဲ့ လူငယ်တွေ၊ အခြားတိုက်က လူတွေကို ဒုက္ခရောက်အောင် လုပ်လေ့ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်တပ်က အမြတ်ထွက်တာပဲ။ ကျနော်တို့တတွေမှာ မိသားစုတွေ၊ ဘ၀တွေ၊ စားဝတ်နေရေးတွေ ထိခိုက် ပျက်စီးကြရတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

Burmese FDA to move to Nay Pyi Daw

အစားအသောက် ဆေးဝါး ကွပ်ကွဲသူ (FDA) နေပြည်တော်သို့ရွှေ့
ဝင်းမြတ်၊ ရန်ကုန်
အောက်တိုဘာ ၃၁၊ ၂၀၀၉
ရန်ကုန်မြို့ရှိ ဗဟိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကို နိုဝင်ဘာလတွင် နေပြည်တော်သို့ ပြောင်းရွှေ့မည်ဖြစ်သည်။ နိုင်ဝင်ဘာ ၁ ရက်မှစတင်ပြောင်းရွှေ့ရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၀ နေ့တွင် အပြီး ပြောင်းရွှေ့ရမည် ဖြစ်သည်ဟု အက်ဖ်ဒီအေမှ အစိုးရ၀န်ထမ်း တစ်ဦးက ပြောသည်။
`၁၀ ရက်နေ့ အပြီးပြောင်းရမယ်လို့ ၀န်ကြီးက အမိန့်ထုတ်ထားတယ်။ မလိုက်ချင်တဲ့သူတွေတော့ အလုပ်က ထွက်ဖို့ပဲ ရှိတယ်´ ဟု အဆိုပါ အက်ဖ်ဒီအေ ၀န်ထမ်းက ပြောသည်။
ပြောင်းရွှေ့ခြင်းကြောင့် အစားအသောက်နှင့်ဆေးဝါးတင်သွင်းသူများ၊ ထုတ်လုပ်သူများ လုပ်ငန်းလုပ်ကိုင်ရာ၌ အခက်အခဲ တွေ့နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
“ငရုတ်သီးမှုန့်လေး မဆလာလေး စစ်ချင်တာကအစ နေပြည်တော်သွားပြီးစစ်ဆေးကြရတော့မှာ။ လုပ်ငန်းရှင်တွေ အနေနဲ့ကုန်ကျစရိတ်နဲ့ အခက်အခဲတွေ ပိုလာလိမ့်မယ်´ ဟု ဓါတ်ခွဲမှူးကပြောသည်။
အစားအသောက်နှင့်ဆေးဝါးတင်သွင်းထုတ်လုပ်သည့် လုပ်ငန်းအများစုမှာ စီးပွားရေးမြို့တော် ရန်ကုန်တွင် အများဆုံး တည်ရှိသည်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က အထက်အရာရှိများကို မျက်နှာလို မျက်နှာရ လုပ်လိုခြင်းကြောင့် FDA ကို ဤကဲ့သို့ ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်း ကျန်းမာရေး ၀န်ထမ်းများက ပြောဆိုကြသည်။
FDA နှင့် အဆောက်အဦ တစ်ခုတည်းတွင်ရှိသော အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ရန်ကုန်မြို့တွင် ဆက်လက် ကျန်ရှိနေဦးမည် ဖြစ်သည်။ FDA ရှိ အစားအသောက် စစ်ဆေးသော စက်ကြီးများ ပြောင်းရွှေ့လျှင် ကုန်ကျမည့် စရိတ်မှာ အလွန် များပြားမည် ဖြစ်သည်ဟုဆိုသည်။ FDA တွင် ၀န်ထမ်းအင်အား ၁၀၀ ကျော် ရှိသည်ဟု သိရသည်။
၂၀၀၈ ခုနှစ်ကုန်ပိုင်းက မယ်လမင်းပါရှိသော တရုတ်နို့မှုန့် ကိစ္စများအပြီး၌ FDA သည် ပြည်သူများနှင့် အစားအသောက် ထုတ်လုပ်သူများ အကြား ပိုမိုအာရုံစိုက်မိလာသော အစိုးရဌာနတစ်ခုဖြစ်သည်။ ကျန်းမာရေး ၀န်ကြီးက FDA အနေဖြင့် ၂ပတ်လျင် တကြိမ်အနည်းဆုံး စားသုံးရန်မသင့်သော အစားအသောက်နှင့် ဆေးဝါးများကို စစ်ဆေးထုတ်ပြန် ကြေညာပေးရမည် ဟု ညွှန်ကြားချက် ထုတ်ထားကြောင်း ဟောပြောပွဲတခုတွင် ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက ပြောဆိုသည်။
ကျန်းမာရေးနှင့် မညီသောကြောင့် စားသုံးရန် မသင့်သော အစားအသောက်၊ ဆေးဝါးများကို FDA က ထုတ်ပြန်ပေးသည်မှာ ကြိုဆိုသင့်သည် အချက်တချက်ဖြစ်သော်လည်း နမူနာစစ်ဆေး ကောက်ယူမှုများကို ယခုထက် ပိုပြီး စေ့စေ့စပ်စပ် လုပ်ရန် လိုအပ်နေသေးသည် ဟု မြင်ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောဆိုသည်။

Friday, October 30, 2009

Quotes in October

မိုးမခ၏ အောက်တိုဘာလ စာကိုး၊ စကားကိုး
အောက်တိုဘာ ၃၁၊ ၂၀၀၉

“ဒူဘိုင်း မလာခင်မှာ ကိုယ့်စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်လာသင့်တယ်၊ ရာသီဥတု အရမ်း ဆိုးတယ်၊ homesick (အိမ်လွမ်းနာ) ဖြစ်မယ်၊ homesick ဖြစ်တဲ့လူကို စောင့်ရှောက်ချင်လို့ စောင့်နေသူတွေ ရှိတယ်၊ လူမှုရေး ရှုပ်တဲ့ ပြဿနာက ဒါက စတာပဲ”
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တော်ရောက် မြန်မာအလုပ်သမားတဦး
မော်ဒန်ဂျာနယ်၊ အောက်တိုဘာ ၂၃

ယနေ့တပ်မတော်က စီစဉ် ဆောင်ရွက်နေသည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် (ရွေးကောက်ပွဲလုပ်ငန်းစဉ်) အား ချောမွေ့ အောင်မြင်စေရေး အတွက် နိုင်ငံရေးသမားများ (နိုင်ငံရေး ပါတီများ) က ဝိုင်းဝန်း ကူညီ ပံ့ပိုးသင့်သည်
ဦးအောင်မြင့်(လက်ပံတန်း)
Voice ဂျာနယ်၊ အောက်တိုဘာ ၂၆

“ကျန်းမာရေးအတွက် လာကစားကြတဲ့သူတွေ ရှိပါတယ်။ အခြေခံ ကဗျာလွတ် နဲ့ သင်္ကြန်အက၊ ခါးချိုး၊ ခြေချိုးကို အသက်အရွယ် ကြီးလာပေမယ့် အထီးကျန် မဆန်ချင်တဲ့သူတွေ၊ ပင်စင်စားတွေ လာသင်ကြတယ်။ အနုပညာက လူကို နုပျိုစေတယ်။ ကျန်းမာစေပါတယ်”
တခိုင်လုံးရွှေ အေးအေးမြင့်၊ အကနည်းပြဆရာမ
အလင်းတန်းဂျာနယ်၊ အောက်တိုဘာ ၁၉

ဘောလုံးပွဲ တစ်ပွဲဟာ ပျော်စရာတွေ၊ ၀မ်းနည်းတာတွေ၊ အားမလို အားမရ ဖြစ်တာတွေနဲ့အတူ ခံစားမှုမျိုးစုံ ပေးစွမ်းနိုင်ပါတယ်။ အဲဒီလိုမျိုးက ဘောလုံးပွဲတွေကပဲ ရနိုင်ပါတယ်

စိုးမြတ်နန္ဒာ
စိုးမြတ်နန္ဒာ၊ သရုပ်ဆောင်
ရတနာပုံ ဘောလုံးအသင်း မဂ္ဂဇင်း၊ အောက်တိုဘာ

ပိတ်စပေါ်မှာ ကော်ရည်သုတ်ပေးရပါတယ်။ ပြီးရင် ကော်ရည် ဖန့်သွားအောင် နေ ပြရပါတယ်။ ကော်ရည် ဖန့်သွားပြီ ဆိုမှ ကော်ဖီစစ်နဲ့ အထပ်ထပ်စစ်ထားတဲ့ သဲမှုန့်လေးတွေ ညီညီညာညာ ရှိအောင် ဖြူးပေးရပါတယ်။ ပြီးရင် နေရောင်မှာ အခြောက်ခံရပါတယ်။ လုံးဝ ခြောက်သွားပြီ ဆိုမှ အဲဒီပိတ်စပေါ်မှာ အလိုရှိရာ ပုံကို ရေးဆွဲရပါတယ်။ သဲနဲ့ ဖန်တီးထားတဲ့ ပိတ်စပေါ်မှာ ဆေးရောင်တဲ့အခါ ရိုးရိုးပိတ်စပေါ်မှာ ဆေးရောင် တင်သလို အရောင်ဟာ စိုပြီး တောက်မနေပါဘူး။ အနည်းငယ် ခြောက်နေတဲ့အတွက် ပိုပြီး Natural ဖြစ်ပါတယ် (သဘာဝကျပါတယ်)”

သဲပန်းချီ ဖန်တီးနေသူ အမျိုးသမီးငယ် (ဓာတ်ပုံ-hydronetta)
ကိုဇော်ဝင်း၊ ပုဂံမြို့မှ သဲပန်းချီ ဖန်တီးသူ
ရန်ကုန်တိုင်းမ် ဂျာနယ်၊ အောက်တိုဘာ ၁၅


နိုင်ငံခြားသားပရိသတ်ကို ဦးတည်သည့် သဲပန်းချီအရောင်းဆိုင် နှင့် ပန်းချီဆွဲသူ (ဓာတ်ပုံ-hydronetta)

ကျနော်ဘယ်တော့မှ ပါတီကွဲရာကွဲကြောင်း မလုပ်ဘူး။ ကျနော်လည်း အသက်ကြီးပြီဗျာ၊ ဦးအောင်ရွှေလည်း အသက်ကြီးပြီဗျာ။ အခြားအခြားသော ပါတီထဲမှာ ရှိတဲ့ ခေါင်းဆောင်တွေ - - - လည်း အသက်ကြီးလှပြီ။ ကုန်ကုန်ပြောရင် ဒေါ်စုသည်ပင်လျှင် ၆၄ နှစ်ဗျ၊ ၆၅ နှစ်ထဲရောက်နေပြီ။ ဒီလိုအချိန်မှာ ကျနော်တို့ဟာ အကွဲအပြဲတွေ မလုပ်ဘူး၊ လုံးဝ မရှိဘူး၊ လုံးဝ မစဉ်းစားဘူး။ လျှော့ပေးရင် ကိုယ်က လျှော့ပေးဖို့ပဲ ရှိတယ်။ ကိုယ့်အယူအဆ နိုင်အောင်ပြောမယ်။ မရဘူးဆိုရင် သူ့အယူအဆကို ကျနော်လိုက်မယ်။ ဘယ်သူ့ အယူအဆဖြစ်ဖြစ် ဦးအောင်ရွှေရဲ့ အယူအဆကို လိုက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆကို လိုက်မယ်။ ဦးသန်းထွန်းရဲ့ အယူအဆကို လိုက်မယ်။ ဒါပဲဗျ

ဦးဝင်းတင် (ဓာတ်ပုံ-AP)
ဦးဝင်းတင်၊ NLD ပါတီ ခေါင်းဆောင်တဦး
RFA အသံလွှင့်ဌာန၊ အောက်တိုဘာ ၎


လူမျိုးစု ပြဿနာမှာ ပြေလည်ရေး လမ်းကြောင်းပေါ် ရောက်နေပြီဟု ဆိုနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် လွှတ်တော်တွင် အေးအေးညောင်းညောင်း ဆက်လက် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်

ကျော်ဝင်း
ကျော်ဝင်း၊ စာရေးဆရာ၊ နိုင်ငံရေးသမားဟောင်း
ရန်ကုန်တိုင်းမ် ဂျာနယ်၊ အောက်တိုဘာ ၇

“ဘာကြောင့် ဖမ်းဆီးရတယ် ဆိုတာကို ပြောခဲ့ရမယ်၊ ဖမ်းတဲ့အချိန်မှာပေါ့။ သူ့ မိသားစု ရှိတယ်ဆို မိသားစုရှေ့မှာလည်း ပြောခဲ့ရမယ်။ ဖမ်းဆီးတဲ့နေရာမှာ ရဲမှာ ဖမ်းပိုင်ခွင့် မရှိဘူးလို့ မပြောပါဘူး။ ဘာကြောင့် ဖမ်းရတယ်ဆိုတာ အကြောင်းကြားရမယ်။ ဥပမာ လမ်းမှာဖမ်းသွားတယ်ဆိုရင် မင်း ဘယ်အိမ်ကလဲ၊ ဘယ်နေရာကလဲ၊ မင်းမိဘ ဘယ်သူလဲ၊ အဲလိုဆိုရင် သူ့မိဘကို အကြောင်းကြားရမယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ပြောရမယ်။ အခုဟာ ဘာအကြောင်းပြချက်မှာ မရှိဘဲနဲ့ ဒီလိုပဲ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဟိုကကောက်ဆွဲ၊ ဒီကကောက်ဆွဲ၊ တနိုင်ငံ လုံးမှာ အဲဒီလို ဖမ်းဆီးမှုတွေ - - ဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၀ ကို ဖောက်ဖျက် ကျူးလွန်တာ ဖြစ်တယ်”

ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ပြဿနာဖြေရှင်းသည့် ဗိုလ်ချုပ်ကြီးများ
ဦးမျိုး၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ

VOA မြန်မာပိုင်း၊ အောက်တိုဘာ ၆

ဘီဘီစီက မြန်မာနိုင်ငံထဲမှာ ပရိသတ် ဘယ်လောက်ရှိသလဲ ဆိုတာ သိရအောင်လို့ မှန်မှန် စစ်တမ်း ကောက်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ စစ်တမ်းအရ ဆိုရင် ဘီဘီစီကို နားထောင်တဲ့ ပရိသတ် စုစုပေါင်းက မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အရွယ်ရောက်သူ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်း ဖြစ်ပါတယ်

ဒေါ်တင်ထားဆွေ (ဓာတ်ပုံ-မိုးမခ)

ဒေါ်တင်ထားဆွေ၊ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနမှူး
ဘီဘီစီ မြန်မာပိုင်း၊ အောက်တိုဘာ ၂၅

“ကိုယ်က နည်းနည်း ချွတ်ချော်သွားတယ် ဆိုရင်တောင် ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ အပြစ် မမြင်ကြဘူး။ အဲဒီတော့ မကြီးတို့ အလုပ်က ပညာတတ်ဖို့၊ တော်ဖို့ အပြင် လူချစ်အောင်၊ အထင်ကြီးအောင်၊ လေးစားအောင် နေပြတတ်ရတယ်။ အထင်ကြီးအောင် ဆိုတာ တန်ဖိုးရှိတွေ ၀တ်စား ဆင်ယင်ပြီး နေထိုင်တာမျိုး မဟုတ်ပါဘူး။ လေးစားတတ်အောင် ဆိုတာကလည်း မကြီးတို့ မိန်းမလျာတွေ ဆိုပြီး အထင် မသေးအောင် လူ့ဘောင်လောကမှာရော၊ အလုပ်မှာရော စည်းစနစ်နဲ့ နေတတ်ရတယ်။ ပြောဆို ဆက်ဆံတတ်ရပါတယ်။ ”
ခင်စန်းဝင်း၊ အလှအပ ပညာရှင်
ပေါ်ပြူလာဂျာနယ်၊ အောက်တိုဘာ ၁၃

၁၉ရာစု အင်္ဂလိပ်ပညာရှိ မက်ကောလေး၏ စာရေးနည်းကို စုတုပြု လာသည့် ရွှေဥဒေါင်းအတွက် အခြား သော ခေတ်ပြိုင်စာရေးဆရာများကဲ့သို့ စကားလုံးများကို ဝေဝေလှိုင်းလှိုင်းနှင့် ဖွဲ့ကာနွဲ့ကာ လှည့်ကာပတ်ကာ တီတီတာတာ ရေးဖို့ထက် ဖတ်သူစိတ်ထဲ ချောခနဲ ရောက်သွားဖို့၊ လိုရင်းဆိုက်ဖို့က ပဓာနကျလေသည်။ အကွက်ကျကျရေးနည်းကို ဂရုပြုသည့်အချက်တွင် ကောလိပ်ကျောင်းထွက် ခေတ်စမ်းအုပ်စုနှင့် အပုံကြီး ဉာဏ်ချင်းထပ်လှသည်။ - - -

ဆရာကြီးတွင် ညံ့ချက်တကွက်အဖြစ် ပြောစရာကျန်ခဲ့သည်မှာ သူ့ကိုဖမ်းပြီးတိုက်ပိတ်ခဲ့သည့် ဦးနု၊ ဗိုလ်ခင်မောင်ကလေးတို့၏ ဖဆပလအစိုးရကို အလွန်အခဲမကျေသဖြင့် ဥပဒေဖောက်ဖျက်အာဏာရယူ ခဲ့သည့် ဗိုလ်ချုပ်နေဝင်း၏ လုပ်သားသတင်းစာတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းတည်း။

- - - ဆရာကြီး၏ ပညာဂုဏ်ကြောင့်ကြီးလွန်းလှသည့်အတွက်သာ ပရိသတ်၏ လေးစားမှု မယုတ်လျော့ဘဲ ရှိခဲ့သည်

ရွှေဥဒေါင်း

ဘိုဘိုလန်းစင်၊ စာရေးဆရာ
ဧရာဝတီ၊ အောက်တိုဘာ ၂၄


“နီကိုရဲ ..
ကမ္ဘာမြေကို ရောက်ခဲ့တဲ့ ရက်ခြင်းတူပေမယ့်
မင်းကတော့... ၀ဋ်ကျွတ်သွားပြီ၊
ငါကတော့... ၀ဋ်ခံရင်းနဲ့ ငြိမ်းချမ်းမှုကို

ဆက်ရှာရဦးမယ်...။

ရုပ်ရှင်မင်းသား မဟုတ်တော့တဲ့ ...ကျော်သူ”



ကွယ်လွန်သူ စာရေးဆရာ နီကိုရဲ

ဦးကျော်သူ၊ နာရေးကူညီမှုအသင်းခေါင်းဆောင်
နီကိုရဲဈာပန လွမ်းသူ့ပန်းခြင်းမှ စာ၊ အောက်တိုဘာ ၂၈

“(ကုသိုလ်ဖြစ် ဆေးခန်းရှေ့မှာ ရေမြောင်း) မတူးဖြစ်ဘူး ဆိုတာက ကျနော်တို့ တကွက်ထဲကို လာတူးခိုင်းနေတာလေ။ ဘေးအကွက်တွေက တူးမှ မတူးတာ။ ဘေးအကွက်တွေ တူးမှ ရေစီးရေလာက ကောင်းမှာကိုး။ ဒီတကွက်ထဲ တူးတယ်ဆိုရင် ကျနော်တို့ရှေ့မှာ ရေလှောင်ကန် ဖြစ်သွားမှာပေါ့။ ရေလှာင်ကန်ဖြစ်ရင် ခြင်တွေဘာတွေ ပေါက်မယ်၊ ခြင်မွေးကန် ဖြစ်သွားမယ်။ အဲဒါက လူနာတွေအတွက်ပါ အန္တရာယ်ရှိတယ်”

ဦးကျော်သူ
ဦးကျော်သူ၊ နာရေးကူညီမှုအသင်းခေါင်းဆောင်
မဇ္ဈိမသတင်းဌာန၊ အောက်တိုဘာ ၂၉


ဘုရင်မင်းခေါင်က အမတ်ကြီး ဖိုးရာဇာကို စားစရာ ဥတွေထဲမှာ ဘယ်ဥဟာ အဆိမ့်ဆုံးလဲလို့ မေးတော့ အမတ်ကြီးဖိုးရာဇာက ဖွတ်ဥပါ ဘုရားလို့ ဖြေသတဲ့။ ကျွန်တော်ကလဲ အမတ်ကြီးဖိုးရာဇာကို ရာနှုန်းပြည့် ထောက်ခံတာပဲ။ ၉၂ % လောက်ပဲ ထောက်ခံတာ မဟုတ်ပါဘူး ... ဖွတ်ဥဆိုတာ ဆိမ့်လွန်းလို့ ၇ လုံး ၈လုံးထက် ပိုမစားနိုင်ဘူး

ကျောက်ခဲ၊ ဘလော်ဂါ
penai22.blogspot.com အောက်တိုဘာ ၈

[မှတ်ချက် - နှစ်သက်ဖွယ် သို့မဟုတ် မနှစ်သက်ဖွယ် ပြောကြား ရေးသားချက်များကို မူရင်း သတ်ပုံများအတိုင်း ပြန်လည် ကောက်နှုတ် ဖော်ပြခြင်း ဖြစ်သည်။]

Cartoon Maung Yit - 2010 Cartoon Series


ကာတွန်းမောင်ရစ် - ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံး ရယ်ဒီပဲ (အမတ်အလောင်းတွေက လွဲလို့)
အောက်တိုဘာ ၃၁၊ ၂၀၀၉

Khaing Mar Kyaw Zaw - Burmese LIterature at the Burmese Borders - Talk



ခိုင်မာကျော်ဇော - နယ်စပ်လမ်းက စာကဗျာ
ဆန်ဖရန်ဘေးဧရိယာ BADA အဖွဲ့၏ ၁၀ ကြိမ်မြောက် စာပေဟောပြောပွဲ ရုပ်သံမှတ်တမ်း - အပိုင်း ၁
မိုးမခမီဒီယာက ရိုက်ကူးတင်ဆက်သည်
အောက်တိုဘာ ၃၁၊ ၂၀၀၉

Burmese Journals Headlines Digest -30th OCT 2009

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
အောက်တိုဘာ ၃၁၊ ၂၀၀၉
ရန်ကုန်မြို့လည်ကောင် ရေပြတ်တောက်မှုမှာ မီးနှင့် ဂက်စ် ပြတ်တောက်လို့ဟု စည်ပင်က ၀န်ခံ
မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီးက ပြည်ပထွက်မည့် ၇၆ ဦးထံက သိန်းရာချီ လိမ်ပြီး ထွက်ပြေး
အရှေ့အလည်ပိုင်းမှာ လုပ်သား ၁၆၀၀ ကျော် ခေါ်နေပြီ။
အငြိမ်းစား ဒေါက်တာ မိုးဇလ ထွန်းလွင် အင်တာဗျုး အပိုင်း ၎
ချောင်းသာကမ်းခြေ - ဆယ်ကျော်သက် ၂ ဦး ရေနစ်သေ၊ အရေးပေါ်အသက်ကယ်ဆယ်မှု အားနည်းခြင်းကြောင့်ဟု မိခင်က ပြော
ဗန္ဓုလပန်းခြံနှင့် လမ်းအကြောင်း - မောင်သန်းဆွေ
မြန်မာရုပ်ရှင်သက်တမ်း အနှစ် ၉၀ ရောက်ပြီ
ရင်ချင်းဆက် အမြွှာညီအမ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ပြီ
ဝေသာလီခေတ် ကျောက်စာချပ် တွေ့ရှိ
မြန်မာလက်သမားများ အာဆီယံအလုပ်အကိုင်အခွင့်အလမ်း ရှိနေပြီ
မြန်မာတွေ ယဉ်ကျေးမှု နိမ့်ကျသေးတယ် တဲ့လား - လူထုစိန်ဝင်း
ရွှေဘုံသာလမ်း၊ ရန်ကုန်မှာ သိန်း ၆ ထောင် ကျပ်ဖိုး ဒေါ်လာလိမ်လည်မှု ဖြစ်
နီကိုရဲ ကွယ်လွန်
အရုပ်ဆိုးတဲ့ သင်ခန်းစာ၊ သခင်တင်မြနဲ့ ကိုကိုမောင်တို့ စာအုပ်ထွက် - မောင်ဝံသ

Myat Noe Khin - 2012 and Nibiru Hoax


၂ဝ၁၂ နှင့် နိဘီရု ပဋိပက္ခ
မြတ်နိုးခင်
အောက်တိုဘာ ၃ဝ၊ ၂ဝဝ၉
အခုတလော ရောက်လာတဲ့ forward မေးလ်တွေထဲမှာ ၂ဝ၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမ္ဘာပျက်မယ် ဆိုတာတွေချည်း ဖြစ်နေပါတယ်။ မေးလ်တစောင်မှာတော့ မြန်မာပြည်က နာမည်ကြီး ဗေဒင်ဆရာ တယောက်ရဲ့ အင်တာဗျူးကိုပါ တွဲပြီး ပို့လာတယ်။ 
ဆရာကြီးက “ကမ္ဘာကြီး တခုလုံး ပျက်မယ်။ ကမ္ဘာတဝှမ်းလုံးက နက္ခဗေဒ ပညာရှင်လေ့လာသူတွေ သိတယ်။ သိပ္ပံပညာရှင်တွေက အစ သိတယ်။ အင်တာနက်မှာလည်း ပြန့်နေတာ” တဲ့။ လူတွေ ချစ်ချစ်ခင်ခင် နေသင့်တယ်လို့ ဆရာကြီးက တိုက်တွန်းသွားတယ်။
          ဆရာကြီး ပြောတာက လွန်လွန်းပါတယ်။ အင်တာနက်တွေမှာ ပြန့်နေတယ်ဆိုတာတော့ မှန်ပါတယ်။ ကမ္ဘာ့ နက္ခဗေဒ ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေက ဒီသတင်းကို သိတာ မှန်ပေမယ့် ဒီကမ္ဘာပျက်မယ် ဆိုတာကို အတည်ပြု ပြောဆိုနေတာ မဟုတ်ပါဘူး။ လက်ခံထားတယ် ဆိုတဲ့သူတွေဟာ အပျော်တမ်း နက္ခတ်လေ့လာသူတွေပဲ ဖြစ်ပါတယ်။ 
တချို့ကတော့ ပြောကြမယ်။ ကမ္ဘာမပျက်ခင် တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နေဖို့ ဆိုထားတဲ့အချက်က အဓိကပဲ၊ ဒါကြောင့် ဒီ message ကို ဖြန့်ပါတယ်ပေါ့။ 
၂ဝ၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်၊ နိဘီရုလို့ အမည်ရတဲ့ ဂြိုလ်သိမ်တခုက ကမ္ဘာကို တည့်တည့် ဝင်တိုက်ပြီး ကမ္ဘာကြီး မီးလောင်ပေါက်ကွဲမယ်၊ ဒါမှမဟုတ်လည်း ကမ္ဘာကို ပွတ်ကာသီကာ ဝင်တိုက်သွားမယ် ဆိုတဲ့ ဒီသတင်းတွေ အင်တာနက်မှာ ပြန့်နှံ့နေတာ ၂၁ ရာစု အစပိုင်း ကတည်းက ဖြစ်ပါတယ်။ 
ဒီဇာတ်လမ်းကို စ ခဲ့တာကတော့ Zeta talk ဆိုတဲ့ ဝက်ဘ်ဆိုဒ်ပိုင်ရှင် Nancy Lieder ဖြစ်ပါတယ်။ သူ့ရဲ့ အင်တာနက်စာမျက်နှာတွေဟာ ဂြိုလ်သား၊ အမျိုးအမည်မသိ ဂြိုလ်၊ ယာဉ်ပျံ၊ ဂြိုလ်သားတွေနဲ့ စကားပြောထားတာတွေနဲ့ ပြည့်နေပါတယ်။ 
ဂြိုလ်သားတွေက သူ့ကို ဖမ်းသွားပြီး သူ့ဦးနှောက်ထဲ စက်ကိရိယာတခု ထည့်လိုက်တာကြောင့် ဂြိုလ်သားတွေနဲ့ စကားပြောနိုင်စွမ်း ရှိတယ်လို့ ဆိုထားတဲ့ Nancyဟာ ၁၉၉၅ မှာ ဒီဇာတ်လမ်းကို စခဲ့တာပါပဲ။ 
စကြာဝဠာ အပြင်မှာ ရှိတဲ့ အရာဝတ္ထုတခုဟာ စင်္ကြာဝဠာကြီးတခုလုံးကို ချေဖျက်ပစ်မယ်လို့ သူ့ ဝက်ဘ်ဆိုဒ်မှာ ရေးပါတယ်။ ကမ္ဘာပေါ်က သက်ရှိတွေ အကုန် ပျက်စီးကုန်မယ်၊ ဒီသတင်း ဖြန့်ဝေဖို့၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ သူဟာ အရွေးချယ်ခံထားရတာ ဖြစ်လို့ သတိပေးရတာလို့ ဆိုပါတယ်။ အဲဒီတုန်းက သူပြောတဲ့ ကမ္ဘာပျက်မယ့်နေ့ (Doomsday) ကတော့ မေလ ၂ဝဝ၃ ဖြစ်ပါတယ်။ 
သူ ဒီလိုရေးတော့ အင်တာနက်ပေါ်က ဘာသာရေး တဖက်စွန်းရောက်တဲ့ Doomsday အဖွဲ့တွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားတယ်။ သူလည်း နာမည် ကြီးသွားတယ်။ လူတွေက အထိတ်တလန့် မေးကြတော့ ကမ္ဘာ့ သိပ္ပံပညာရှင်တွေ၊ နက္ခတ် ပညာရှင်တွေကလည်း သူတို့ လေ့လာချက်အရ ဒီလိုဖြစ်မယ့် အခြေအနေ မရှိဘူးဆိုတာကို တွင်တွင် ဖြေကြားခဲ့ကြရတယ်။ သူပြောထားတဲ့ မေလ ၂ဝဝ၃ မှာ ကမ္ဘာပျက်မသွားတော့ သူက ဒါဟာ ၂ဝ၁ဝ ဝန်းကျင်မှာ ဖြစ်လိမ့်မယ်လို့ ရက်ပြောင်းလိုက်တယ်။ 
ဒီအချိန်မှာ ၂ဝ၁၂ ဖြစ်စဉ်နဲ့ နိဘီရု ဇာတ်လမ်း စတင်လာပါတော့တယ်။ ၂ဝ၁၂ ဖြစ်စဉ်ကို ပြောမယ်ဆိုရင် ဘီစီ ၂ဝဝ ကနေ အေဒီ ၉ဝ လောက်အထိ မြောက်အမေရိကတိုက်မှာ ထွန်းကားခဲ့တဲ့ မာယာ ခေတ်ကနေ စပြောရပါလိမ့်မယ်။  
၂ဝ၁၂ ဖြစ်စဉ်နဲ့ပတ်သက်နေတဲ့ အဓိက အကြောင်းရင်းကတော့ ခရစ္စတိုဖာ အမေရိကတိုက်ကို ရှာမတွေ့သေးခင်က မာယာတွေ အသုံးပြုခဲ့တဲ့ ပြက္ခဒိန်ပါပဲ။ အဲဒီ ပြက္ခဒိန်ရဲ့ နောက်ဆုံးရက်က ၂ဝ၁၂ ဒီဇင်ဘာ ၂၁ ရက် ပါ။ မာယာတွေရဲ့ ဒဏ္ဍာရီအရ ၂ဝ၁၂ မှာ အချိန်စက်ဝိုင်းတခု ကုန်ပြီး နောက်တခုကို ကူးပြောင်းမှာပါ။ အဲဒီအချိန်မှာ ကမ္ဘာပျက်တာတွေ ဘာတွေဖြစ်မယ် လို့ သူတို့က မှတ်ယူကြတာပါ။ နှစ် တထောင်၊ နှစ် နှစ်ထောင် ပြက္ခဒိန်လို့ ပြောရမှာပေါ့လေ။ 
မာယာတွေဟာ နက္ခတ်ပညာမှာလည်း ကျွမ်းကျင်သူတွေပါ။ နက္ခတ်တာရာတွေနဲ့ ပတ်သက်လို့ မာယာတို့ တွက်ချက်ခဲ့တာ မှန်ခဲ့တဲ့ အချက်တချို့ ရှိပါတယ်။ အဲဒီတော့ အခုလည်း ကမ္ဘာပျက်တော့မှာ အမှန်ပဲ ဆိုပြီး ရောထွေး မှတ်ယူလိုက်ကြတော့တယ်။ ဒီအကြောင်း လေ့လာခဲ့တဲ့ သိပ္ပံပညာရှင်တွေက အဲဒါကို သိပ္ပံယောင် လို့ပဲ သတ်မှတ်ထားပါတယ်။  
ဒီအချက်တွေကို ထပ်ပြီး အားဖြည့်ဝေဝါးစေတာကတော့ နိဘီရုပါ။ နိဘီရုဇာတ်လမ်း ဖန်တီးသူကတော့ စိတ်ကူးယဉ် သိပ္ပံဝတ္ထုတွေ၊ ဒဏ္ဍာရီ ပုံဆန်းတွေကို ရေးသားခဲ့တဲ့ ရှေးဟောင်း နက္ခတ်ပညာရှင် Zecharia Sitchin ပါပဲ။ သူ့သီအိုရိတွေ အများကြီး ရှိပေမယ့် လက်တွေ့မှာ မှန်ကန်မှု၊ မရှိပါဘူး တဲ့။ သူ ရှာဖွေတွေ့ရှိခဲ့တယ် ဆိုတဲ့ ဂြိုလ်တွေ ဆိုတာကို ပညာရှင်တွေက လေ့လာခဲပေမယ့် လက်တွေ့မှာတော့ တလုံးတလေမှ မတွေ့ပါဘူး တဲ့။ 
၁၉၇၆ ခုနှစ်တုန်းက သူပြောတဲ့ နိဘီရုဆိုတာ ရှေးခေတ် ဆူမားရီးယန်း လူမျိုးတွေရဲ့ ဒဏ္ဍာရီ မှတ်တမ်းထဲက ကြယ်ကြီးတလုံးရဲ့ နာမည်ပါ။ ဒီနာမည်ဟာ ရှေးခေတ် ဘာဘီလိုနီယမ်းတွေရဲ့ နတ်ဘုရား အမည် ဖြစ်တဲ့အပြင် သူတို့ရဲ့ ဖန်ဆင်းခြင်း ဒဏ္ဍာရီတွေထဲက ဖြစ်တည်မှုဆိုင်ရာ အရာဝတ္ထုတွေထဲက တခုရဲ့ နာမည်လည်း ဖြစ်ပါတယ်။ 
၂ဝ၁၂ မှာ ကမ္ဘာကို ဖျက်မယ်ဆိုတဲ့ နိဘီရုဂြိုလ်နဲ့ ပတ်သက်ပြီး ဘယ်သိပ္ပံပညာရှင်၊ ဘယ် နက္ခပညာရှင်ကမှ ဒီဂြိုလ်ရှိတယ် ဆိုတာကို အတည်ပြု ထုတ်ပြန်တာ မရှိပါဘူး။ ကမ္ဘာ ပျက်တော့မယ် ဆိုရင် ၂ဝ၁၂ က ဘယ်လောက်များ လိုတော့တာမို့လို့လဲရှင် .. CNN, BBC လို ကမ္ဘာ့ သတင်းဌာနကြီးတွေမှာ ပွက်လောရိုက်နေမှာ ပါပဲ။ 
အင်တာနက်တွေ အီးမေးလ်တွေမှာကလည်း “ဒါ နီဘီရုပဲ။ နေရဲ့ဘေးနားမှာ သေးသေးလေး မြင်နေရတယ် တွေ့လား၊ ကမ္ဘာဆီကို ဦးတည်လာနေပြီ၊ ကမ္ဘာကြီးက ဒီလို မီးလောင်မှာ” အစရှိသဖြင့် ဗီဒီယိုတွေကလည်း အများသား ဆိုတော့ ရုတ်တရက် ဝေါးလာတာပါပဲ။ 
နာဆာက သိပ္ပံပညာရှင် ဒေးဗစ်မော်ရစ်ဆန်က Washinton Post သတင်းစာကြီးကို ဒီလိုဂြိုလ်မျိုး သူတို့ မတွေ့ကြောင်း၊ Hollywood က ကုမ္ပဏီတွေအတွက်တော့ စိတ်ကူးယဉ် ဇာတ်ကား ဖြစ်နိုင်ကြောင်း ပြောပါတယ်။ တခြားသော သိပ္ပံပညာရှင်တွေကလည်း ဒီကိစ္စ မှားကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဇာတ်လမ်း နိုင်ငံတကာမှာ ပြန့်နှံ့နေတာ ၁ဝ နှစ်ဝန်းကျင် ရှိပါပြီ။ အင်တာနက်၊ အီးမေးလ်ဆိုတာကို အခုမှ သုံးစွဲခွင့် ရကြတဲ့ ကျမတို့ အဖို့ ဒါက အဆန်းတကြယ် ဖြစ်နေတာပါ။ 
 “ဟ ဒီမှာ ပုံတွေတောင် ထွက်လာနေတာ၊ နာဆာက လိမ်တာပဲ။ လူတွေ အထိတ်တလန့်ဖြစ်မှာ စိုးလို့ ဖုံးကွယ်ထားတာပဲ” လို့ ဆိုကြတာတွေလည်း ရှိပါတယ်။ 
ဒါတွေနဲ့ ပတ်သက်လို့ ကျမ ဒေးဗစ်မော်ရစ်ဆန်ဆီကို အီးမေးလ်ပို့ပြီး မေးမြန်းတဲ့အခါမှာ သူက “ဒီကိစ္စကို ယုံကြည်တဲ့သူ အင်မတန်ကို နည်းပါတယ်။ ကျနော် သိတဲ့သူတွေထဲမှာ ဒါကို ယုံကြည်တဲ့သူ မရှိပါဘူး။ ဒါကို ယုံတာ လူတစုပဲ ဖြစ်ပါတယ်။ ဒီလူတစုက အင်တာနက်၊ အီးမေးလ်တွေကို အသုံးပြုပြီး ဒီသတင်းကို ဖြန့်တာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး နာဆာက ဘာမှဖုံးကွယ်ထားစရာ မရှိပါဘူး။ တကယ်သာ ဟုတ်မှန်ရင် ထုတ်ပြန်ကြေညာမှာပါပဲ။ နာဆာက လက်တွေ့ လေ့လာ ရှင်းလင်း တင်ပြထားတာတွေကို မယုံတဲ့သူတွေ အတွက်တော့ ကျနော် ဘာမှ လုပ်မပေးနိုင်ပါဘူး” လို့ ပြန်ဖြေသွားပါတယ်။ 
မသိသေးတာကို သိအောင်မလုပ်ဘဲ လက်ညိုးလေး တချက်ကွေးပြီး mouse ကို နှိပ်၊ forward လုပ်လိုက်တာမျိုးတွေ ရှောင်သင့်ပါပြီ။ အင်တာနက်ကို ဉာဏ်ရှိရှိ အသုံးပြုကြပါ။ အကြောင်းအရာတခုကို ထောင့်ပေါင်းစုံက တွေးတော ဆင်ခြင် လေ့လာပြီးမှ ယုံသင့်ပါတယ်။ 
[ မြန်မာဘလော့ဂ် http://anyarnwaytamarmyay.blogspot.com ရှိ ဆောင်းပါးတပုဒ်ကို အနည်းငယ် ချုံ့ပြီး ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ]

Burmese Event at the West Coast

ကယ်လီဖိုးနီးယားအရပ်က အမျိုး ဘာသာ သာသနာအတွက် ပွဲလမ်းများ
မိုးမခရွာဆော်ကြီး
အောက်တိုဘာ ၃၀၊ ၂၀၀၉
နိုဝင်ဘာ ၇ မှာ ဆောက်သ်ဆန်ဖရန်စစ္စကို အထက်တန်းကျောင်းတွင် ချင်းတိုင်းရင်းသားတွေရဲ့ ကူညီမှုရန်ပုံငွေပွဲ တခု ရှိပါတယ်။ ငတ်မွတ်ခေါင်းပါးတဲ့ဘေး ကျနေတဲ့ ချင်းပြည်က ပြည်သူတွေကို ကူဖို့ အလှူခံတဲ့ အစားအသောက်ရောင်းချပွဲနဲ့ ဂီတပဒေသာ ဖြစ်ပါတယ်။ မြန်မာပြည်က အဆိုတော် ဆုံသင်းပါရ် လည်း ပါဝင်ဆင်နွှဲမယ် လို့ ကြော်ငြာထားပါတယ်။
နိုဝင်ဘာ ၂၂ မှာ ဆန်ဖရန်ဘေးဧရိယာက မြန်မာအမျိုးသားပေါင်းစုံ စုစည်းတဲ့ ကူညီမှု ရန်ပုံငွေပွဲ တခု ရှိပါတယ်။ မြန်မာပြည်က ဆင်းရဲဒုက္ခစုံ ကြုံတွေ့နေရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ကူညီထောက်ပံ့ဖို့အတွက် မြန်မာ့ယဉ်ကျေးမှု အက၊ အလှ ဖျော်ဖြေရေးပွဲတော် ဖြစ်ပါတယ်။ အစားအသောက်တွေလည်း ရန်ပုံငွေအတွက် ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၂ မှာ အယ်လ်အေက မြန်မာမိသားစုတွေက ၈၉ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ စာရေးဆရာများဖြစ်တဲ့ မောင်စွမ်းရည်၊ အောင်ဝေး နဲ့ မေငြိမ်းတို့ ဟောပြောမယ်လို့ ဆိုပါတယ်။
          မိုးမခ ရွာဆော်ကြီး ပြက္ခဒိန်မှာ သွားရောက်လို့ အသေးစိတ်ကို ကြည့်နိုင်ပါပြီ။
           http://moemaka.com/index.php?option=com_content&task=blogsection&id=15&Itemid=134

Thursday, October 29, 2009

Khaing Mar Kyaw Zaw - Burmese at the Borders 2


နယ်စပ်လမ်းက ဝမ်းတထွာ ၂
ခိုင်မာကျော်ဇော
အောက်တိုဘာ ၂၉၊ ၂၀၀၉

      ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့လေးကို နံနက်ဝေလီဝေလင်းအချိန်တိုင်း လှုပ်နှိုးနေသူ တွေကတော့ မဲဆောက်မြို့ကို ဈေးရောင်းထွက်ကြမယ့် ဈေးသည်တွေပါ။
      ဈေးသည်တချို့က မဲဆောက်မြို့ကို  ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပေါ်ကနေ ဝင်ရောက်ကြပြီး တချို့ဈေးသည် တွေက သောင်းရင်းမြစ်ကမ်းတလျှောက်က ခိုးပေါက်တွေကနေ ဝင်ရောက်ကြပါတယ်။
      မဲဆောက်မြို့ကို ခိုးပေါက်တခုကနေ ဝင်ရောက်နေကြသူတွေကတော့ မြဝတီမြို့စွန်က လမ်းလျှောက်ဈေးသည်တွေပါ။ တနေ့လုပ်မှာ တနေ့စားရတဲ့ သူတို့ဟာ မဲဆောက်မြို့စွန်က လယ်ကွင်းတွေရှိရာနဲ့ အမှိုက်ပုံကြီိးတွေရှိရာကို နေ့စဉ်နေ့တိုင်း ဈေးရောင်းထွက်ကြပါတယ်။
      မနက်စောစော ဈေးရောင်းထွက်ဖို့အတွက် ပစ္စည်းတွေကို ညဦးထဲက သူတို့ ထုပ်ပိုးပြင်ဆင်ထားကြပြီး မနက်လင်းတာနဲ့ ခိုးပေါက်တခုဆီကို အပြေးအလွှားသွားကြပြီး  မဲဆောက်ကမ်းကို သူတို့ ကူးကြပါတယ်။ ကံမကောင်းအကြောင်း မလှတဲ့ နေ့တွေဆိုရင် ခိုးပေါက်တွေမှာ ပိတ်စောင့်နေတဲ့ နယ်ခြားစောင့်အဖွဲ့တွေ၊ ထိုင်းရဲတွေရဲ့ အရိုက်အနှက်ကိုလည်း သူတို့ ခံကြရပါတယ်။
      “ကျမတို့က တံတား ဖြတ်ခမပေးနိုင်လို့ ခိုးပေါက်တွေကနေ ကူးကြတာ။ ဈေးရောင်းလို့ မြတ်တာက တနေ့စာ တနေ့ စားဖို့ပဲရတာ။ အသွားအပြန် တံတားဖြတ်ခံပေးရရင် ကျမတို့ ဘာနဲ့သွားစားမလဲ။ ခိုးကူးလို့ မိသွားတော့တော့လည်း သူများ လုပ်သမျှ ခံရတာပဲ
          လို့ ဈေးသည်အမျိုးတဦးက ပြောပါတယ်။

          သူတို့ကို ခိုးပေါက်တွေကနေစောင့်ပြီး ငွေတောင်းနေသူတွေလည်းရှိပါတယ်။
          “ခိုးပေါက်တွေကနေစောင့်ပြီး စစ်ယူနီ ဖောင်းကြီးတွေနဲ့ ပြောင်ပြောင်ကြီးကို တောင်းတာ၊ မပေးလို့လည်းမရဘူး။ ဗမာကတမျိုး ထိုင်းကတမျိုးနဲ့ အမျိုးမျိုးကြုံရတယ်
          လို့ ဈေးသည် အမျိုးသမီးတဦးက ပြောပါတယ်။
          လမ်းလျှောက်ဈေးသည်တွေဟာ စစ်ယူနီဖောင်းဝတ်တွေ၊ နယ်ခြားစောင့်တွေ၊  ထိုင်းရဲတွေကို အမျိုးမျိုးရှောင်ကွင်း ကျော်လွှားရတဲ့အပြင် မြန်မာနိုင်ငံသားတွေကိုမြင်တာနဲ့ လူဆိုး၊ သူခိုးလို့ထင်တတ်ကြတဲ့ ထိုင်းလူမျိုးတွေရဲ့ အန္တရာယ်ကို လည်း သူတို့ သတိထားရပါတယ်။
        “မဲဆောက်ကမ်းရောက်လို့ အရမ်းစောနေရင်လည်း လယ်ကွင်းတွေထဲ ကျနော်တို့ မသွားရဲသေးဘူး။ နီးရာ သစ်ပင် တွေ၊ ခြုံပုတ်တွေနားမှာ ခိုနေရတယ်။ ထိုင်းလယ်သမားတွေက သေနတ်ရှိတယ်။ ကျနော်တို့ကို သူခိုးတွေ၊ လူဆိုးတွေထင်ပြီး ပစ်မှာစိုးတယ်
          လို့ လူငယ်တဦးက ပြောပါတယ်။

          ကလေး၊ လူကြီး၊ ယောက်ျားမိန်းမ အသက်အရွယ်မျိုးစုံပါတဲ့ လမ်းလျှောက်ဈေးသည်တွေဟာ အတားအဆီးအမျိုးမျိုး အန္တရာယ်အမျိုးမျိုးကို ဖြတ်သန်းကျော်လွားပြီး ဝမ်းကြောင်းနေကြရတာပါ။
          သူတို့ တနိုင်တပိုင် ထမ်းပိုးလာတဲ့ မြွေရေခွံ အိတ် တွေ၊ ထန်းခေါက်ဖာတွေ၊ ယိုးဒယားဆွဲချင်းအဟောင်းတွေထဲမှာ
      ခေါက်ပြန်ပေးနဲ့ ယူလာတဲ့ ဆန်၊ ဆီ၊ ဆား။
      ဖက်စိမ်းလေးတွေနဲ့ထုတ်ထားတဲ့ မြန်မာရိုးရာ မုန့်မျိုးစုံ။
      ထန်းညက်ခဲထုတ်၊ သကြားထုတ်။ အချိုမှုန့်။ ကွမ်းယာ၊ ဆေးလိပ်၊ အချဉ်ထုတ်မျိုးစုံ။
      တိုင်းရင်းဆေးမျိုးစုံ။ ဘုရားရှစ်ခိုးအမျိုးမျိုးနဲ့ သီးချင်းစာအုပ်အမျိုးမျိုး ပါပါတယ်။ 
      ဒီပစ္စည်းတွေကို ထမ်းပိုးပြီး မဲဆောက်မြို့စွန်က လယ်ကွင်းတွေမှာနေထိုင်ကြတဲ့ မြန်မာတွေရှိရာ။ အမှိုက်ပုံကြီးတွေမှာ နေထိုင်ကြတဲ့ မြန်မာတွေရှိရာကို လယ်တခင်းပြီးတခင်း၊ တဲတလုံးပြီးတလုံး နောက်ဆုံး အမှိုက်ပုံကြီးတွေမှာ ဂိတ်ဆုံးထားပြီး သူတို့ လှည့်လည်ရောင်းကြရတာပါ။ 
       “မိုးလင်းကနေမိုးချုပ် ခြေတိုအောင်ရောင်းမှ တရက်ကို ဘတ် ၅ဝ၊ ၆ဝ ရတာ။ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ဟိုအဖွဲ့ပေးရ။ ဒီအဖွဲ့ပေးရတဲ့နေ့တွေဆို အကြွေးတောင်တင်သေးတယ်။ ပစ္စည်းတွေက ခေါက်ပြန်ပေး ယူရောင်းရတာဆိုတော့ ငွေပြန်မပေးနိုင်ရင် နောက်နေ့အတွက် ပစ္စည်းယူလို့ မရတော့ဘူး
          လို့ ဈေးသည် အမျိုးသားတဦးက ပြောပါတယ်။
          ဒီအခြေအနေတွေကြောင့်လည်း လမ်းလျှောက်ဈေးသည်ဘဝကနေ လယ်ကွင်းတွေရှိရာ။ အမှိုက်ပုံကြီးတွေရှိရာကို ရောက်သွားကြသူတွေလည်း ရှိပါတယ်။ တချို့လမ်းလျှောက်ဈေးသည်တွေကတော့ အသွားကုန် အပြန်ကုန်ရအောင် အမှိုက် ကောက်သမားတွေ စုဆောင်းထားတဲ့ ကော်ဗူး၊ ကော်ခွက်၊ ကြွေပန်းကန်၊ကြွေခွက်တွေကို လက်သိပ်ထိုးဝယ်ယူပြီး ပြန်ရောင်း ကြပါတယ်။

        “ဒီပစ္စည်းတွေကို အထပ်ထပ်ဆေးကြောပြီး ပြန်ရောင်းရင် နည်းနည်းတော့ ကိုယ့်အတွက်ကျန်တယ်။ အသွားကုန် အပြန်ကုန်ရအောင် ဒီလိုပဲ ရောင်းရဝယ်ရတာပဲ။ ဒီလောက်လုပ်တာတောင်မှ မိသားစုတွေ ထမင်းနပ်မမှန်ချင်ဘူး
          လို့ ဈေး သည်တဦးက ပြောပါတယ်။
          တနေကုန် ခြေတိုအောင်ဈေးရောင်းရတဲ့ လမ်းလျှောက်ဈေးသည်တွေရဲ့ ဝင်ငွေဟာ သူတို့မိသားစုတွေ ဝေမျှစား သောက်ကြဖို့ အတွက်ဖြစ်သလို တခါတခါမှာ ထိုင်းရဲတွေ သောက်ဖို့စားဖို့အတွက်လည်း ဖြစ်ပါတယ်။ မနက်စောစော ဈေးရောင်းထွက်တဲ့ လမ်းလျှောက်ဈေးသည်တွေ မိုးစုန်းစုန်းချုပ်တဲ့အချိန်မှာ အိမ်တွေရှိရာ ပြန်ရောက်လာတတ်သလို တခါတခါ မှာလည်း မဲဆောက် အချုပ်ခန်းတွေထဲ ရောက်သွားကြပါတယ်။
          ထိုင်းရဲတွေ ဘယ်လိုပဲပဲဖမ်းဖမ်း၊ အချုပ်ခန်းတွေထဲမှာ ဘယ်လောက်ပဲကြာကြာ မြဝတီမြို့က လမ်းလျှောက်ဈေးသည် တွေကတော့ နံနက်မိုးသောက်တာနဲ့ မဲဆောက်မြို့ကို ဈေးရောင်း ထွက်ကြဦးမှာပါ။ 
( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ခိုင်မာကျော်ဇော၏ ရေခြားမြေခြား မြန်မာများ ပင်တိုင်ဆောင်းပါးကို ပြန်လည် ကူးယူတင်ဆက်ခြင်းဖြစ်သည်။ အသံလွှင့်ဆောင်းပါး မူပိုင်မှာ အာရ်အက်ဖ်အေ ရေဒီယို ဖြစ်ပါသည်။ သရုပ်ဖော် ဓာတ်ပုံများမှာ ခိုင်မာကျော်ဇော ရိုက်ကူးထားသောပုံများဖြစ်ပြီး ၎င်းခွင်ြ့ပုချက်ဖြင့် ဓာတ်ပုံများကို တင်ဆက်ပါသည်။ မြန်မာစာဖတ်သူတို့ ဖတ်ရှုနိုင်စေရန် အသံလွှင့်ဆောင်းပါးကို စာဖြင့် ပြန်လည်ကူးယူ တင်ဆက်ပါသည်။ )

Journallist on the road - Rangoon View, last week of October

ရန်ကုန်ရှုခင်း - အောက်တိုဘာ စတုတ္ထပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
အောက်တိုဘာ ၂၉၊ ၂၀၀၉

ယာဉ်စည်းကမ်း ထိန်းသိမ်းရေး၊ ငွေနဲ့ အပေါက်ခံရတဲ့ ရန်ကုန် ယာဉ်ထိန်းရဲများ
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ၄၃ လိုင်းထဲက ကားဒရိုင်ဘာဖြစ်သူက ကြားတောရလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်း မီးပွိုင့်မရောက်ခင်မှာ စပယ်ယာဆီက နှစ်ရာကျပ်တန် တရွက် တောင်းလိုက်ပါတယ်။ အဲဒီနောက် နွမ်းနေတဲ့ နှစ်ရာတန်ကို ၆ ခေါက်၊ ၈ ခေါက်လောက် ခေါက်ချိုးပြီး ညာဘက်လက်မှာ အသင့် ကိုင်ထားလိုက်တယ်။ အချိန်က ညမှောင်ခါစ ၇ နာရီ သာသာပါ။ မီးပွိုင့်မှာ မီးနီစောင့်ရင်း ကားရှေ့ မီးကြီးကို တချက် ဖွင့်ပိတ်လုပ်ပြီး ယာဉ်ထိန်းရဲ ရုံလေးဘေးမှာ ထိုင်နေတဲ့ ယာဉ်ထိန်းရဲကို အချက်ပေးလိုက်ပါတယ်။


ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စကားတစီး (ဓာတ်ပုံ-မိုးမခ)

စက္ကန့်အနည်းငယ်အကြာ မီးပွိုင့်လည်း စိမ်းတာနဲ့ ကားကိုဖြည်းဖြည်း လှိမ့်ထွက်ရင်း ရဲရှေ့အရောက်မှာ ၂ရာတန် ခေါက်ကို ရဲဆီ ပစ်ပေါက်လိုက်ပါတယ်။ ရဲက မသိသလို မျက်နှာပေးနဲ့ လက်ကို နောက်ပြန်ဆန့်ရင်း ခေါင်းကို အနည်းငယ် ဆတ်ပြပြီး လိုက်ပါတယ်။ ဘတ်စ်ကား ကျော်သွားပြီးမှ ပလက်ဖောင်းပေါ် ကျနေတဲ့ ၂ရာတန်အခေါက်ကို ကောက်ယူလိုက်တာကို ကားနောက်မှန်ကနေ မြင်လိုက်ရပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေက ယာဉ်ထိန်းရဲတွေကို အခုလို တစ်ရာ၊ နှစ်ရာ ဘာကြောင့် ပေးနေကြတာလဲ လို့မေးစရာ ရှိပါလိမ့်မယ်။ ဘတ်စ်ကားတွေဟာ ထုတ်ပြန်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ မလိုက်နာချင်တော့ နေ့စဉ်လိုလို မီးပွိုင့်မှာစောင့်တဲ့ ယာဉ်ထိန်းရဲတွေကို ဆက်ကြေးပေးပြီး ယာဉ်စည်းကမ်း ချိုးဖောက်နေကြရတဲ့ သဘောပါ။ လိုင်းကား တစီးနဲ့တစီး ခရီးသည် လုကြရင်း ပြိုင်မောင်းကြပြီ ဆိုရင် မီးပွိုင့်မှာ မီးဝါနေစဉ် ဖြတ်ချင်ဖြတ်မယ်။ တခါတရံ နီနေတုန်းလည်း ဖြတ်ချင်ဖြတ်မယ်။ ဘတ်စ်ကားတွေ ပွိုင့်ကိုဝင်ရင် ညာဘက်ဆုံး ယာဉ်ကြောကသာ ၀င်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကားတန်းရှည်နေလို့ တန်းမစီချင်ရင် ဘယ်ဘက်ဆုံးကနေ ကျော်တက်ပြီး ညာဘက်ကို အတင်းဝင်မယ်၊ နောက်က ကားတွေကို မညှာဘဲ ကြားဖြတ်ဝင်မယ်၊ မီးပွိုင့်မှာ စောင့်နေစဉ် ခရီးသည်တွေကို ကြိုဆင်းစေမယ်၊ လိုက်မယ့် ခရီးသည်ကို တင်မယ် စတဲ့ စတဲ့ အချက်တွေကို အဖမ်းအဆီးမရှိ လုပ်နိုင်ဖို့ ရဲတွေကို ငွေနဲ့ပေါက်ရတာပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းကို တာဝန်ယူထားတဲ့ စစ်တိုင်းမှူး နဲ့ ကစထမှူးလို့ခေါ်တဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ဟာ ရန်ကုန်မြို့က ဘတ်စ်ကား မောင်းသူနဲ့ ယာဉ်နောက်လိုက်တွေ ယဉ်ကျေးပျူငှာရှိရေး၊ ယာဉ်စည်းကမ်း မဖောက်ဖျက်ရေးတို့ သွန်သင်ဖို့ တာဝန်ယူထားသူတွေပါ၊ ပြီးခဲ့တဲ့ စနေနေ့ကတောင်မှ ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မ ထ သ) နှစ် ၂၀ပြည့် ပွဲကို အမျိုးသား ပြဇာတ်ရုံမှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ရန်ကုန် စစ်တိုင်းမှူးတို့ တက်ရောက်ကြပါတယ်။

ရန်ကုန်တိုင်း မထသရဲ့ စည်းဝေးပွဲတိုင်းမှလည်း ရန်ကုန်တိုင်းမှူး တက်ရောက်လေ့ရှိပြီး ကားမောင်းသူ၊ ယာဉ်နောက်လိုက်တွေ စည်းကမ်းရှိရေး၊ ခရီးသည်များကို ယဉ်ကျေးစွာ ဆက်ဆံရေးတို့ကို အမြဲညွှန်ကြားလေ့ ရှိပါတယ်။ စည်းကမ်းချိုးဖေါက်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ် ဆိုတာမျိုးလည်း အစဉ်အမြဲ ပြောပါတယ်။ သို့ပေမယ့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဟာ ဘယ်နေရာမှာ ဘယ်ခလုပ် နှိပ်ရမယ် ဆိုတာကို သိပြီးသားပါ။

ဘယ်လမ်းဆုံမှာ ဘယ်ရဲကို ဘယ်လောက်တန် ငွေစက္ကနဲ့ခေါက်ပြီး ပေါက်ရမလဲ။ ပစ်ချခဲ့ရမလဲ ဆိုတာကို ကောင်းကောင်း သိနေတဲ့ အတွက် ရန်ကုန်မြို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဆိုတာ စာရွက်ပေါ်မှာပဲ ရှိနေတော့မှာပါ။

ယာဉ်ထိန်းရဲ မဟုတ်ဘဲ အခြားသော ၀န်ကြီး၊ ဌာနဆိုင်ရာအရာရှိတွေ သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း စောစောကလို မီးနီ၊ မီးဝါ ဖြတ်လိုရင် ၊ မီးပွိုင့်မှာ သူများလုပ်လို့ မရတာ ကိုယ်လုပ်ချင်ရင် ငွေနဲ့ပေါက်ပြီး ဖြတ်လို့ ရပါတယ်။ ဒါပေမယ့် ဘတ်စ်ကား ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ လိုတော့ ၂ရာတန်နဲ့ သွားမပေါက်နဲ့ပေါ့၊ အဲဒီနေရာကျရင် သိန်း၊ သန်းနဲ့ချီတဲ့ ငွေတို့ ရွှေတို့၊ ကားတို့နဲ့ ပေါက်ကြမှ ဖြတ်ခွင့်ရမှာပါ။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ညွှန်ကြားနေတဲ့ ဗိုလ်ချုပ်တွေကို သိန်း၊သန်း နဲ့ ချီပြီး မပေါက်ဘဲ နှစ်ရာတန်နဲ့ သွားပေါက်လို့ကတော့ အဖမ်းခံရရုံ ရှိမှာပါ။

အ၀ီစိရေလား၊ ကြံ့ဖွံ့ရဲ့ စည်းရုံးရေးလား

ကုန်လွန်ခဲ့တဲ့ သီတင်းပတ်က လျှပ်စစ်ဓာတ်အား မလုံလောက်လို့ ရန်ကုန်မြို့ရဲ့ မြို့နယ် အတော်များများမှာ သောက်သုံးရေ လေးငါးရက်ကြာ ပြတ်တောက်ခဲ့ရပါတယ်။ ဒီ အဖြစ်အပျက် ဖြစ်ပျက်ပြီးသည် အထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘာဖြစ်တယ်လို့လဲ အသိပေး ကြေညာခဲ့ခြင်းမရှိပါဘူး။ ခါတိုင်း မီဒီယာကို အပတ်စဉ် ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြောနေတဲ့ မြို့တော်ဝန်လည်း ယခုကိစ္စမှာ မီဒီယာကို ဘာမှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိတော့ပါဘူး။ မြို့နေထိုင်သူတွေဟာ ဘာသတင်း အချက်အလက်မှ မရဘဲ တနေ့လာနိုး၊ တနေ့လာနိုး စောင့်ရင်း ငါးရက်မျှ ကြာခဲ့ရပါတယ်။ ဂက်စ်ပိုက် ပေါက်လို့ ဓာတ်အားမရ၊ ဓာတ်အားမရလို့ ရေတွန်းစက် အလုပ်မလုပ်နိုင် ဆိုတဲ့ အဖြစ်ကို မြို့နေသူတွေကို အသိ မပေးခဲ့ပါဘူး။ သက်ဆိုင်ရာ ဌာနတွေဟာ လူထုကို ဂရုမစိုက်ဘဲ ပြောခွင့်ရှိမရှိ မသိဘဲ ပြောမိလို့ အထက်လူကြီးက အလုပ်ဖြုတ်မှာကို ပိုမို စိုးရိမ် ကြောင့်ကြ တာကြောင့် လူထုခမျာ ဘာဖြစ်မှန်း မသဘပဲ ဒုက္ခရက်ရှည် ခံစားကြရတာပါ။


ရန်ကုန်မြို့လယ် တနေရာတွင် လူအားဖြင့် စက်ရေတွင်း တူးနေပုံ (ဓာတ်ပုံ-မိုးမခ)

အဲဒီလို ရေပြတ်ခဲ့ရပြီး ရက်ပိုင်း အကြာမှာ မြို့လယ် ရပ်ကွက်တွေရဲ့ ရ၀တ သို့မဟုတ် ဓမ္မာရုံရှေ့မှာ အ၀ီစိ (စက်ရေတွင်း) တွင်း တူး နေတာကို တွေ့မြင်ရပါတော့တယ်။ ကျောက်တံတား မြို့နယ်ထဲက တွင်းတူးနေတဲ့ အဖွဲ့တဖွဲ့ကို မေးမြန်းကြည့်တဲ့ အခါမှာ မြို့တော် စည်ပင်က စီမံချက်နဲ့ လုပ်တာ၊ ရပ်ကွက်တွေ ရေမလာရင် ရေပေးဝေဖို့၊ အခု ၅ ဖွဲ့လောက် တပြိုင်တည်း တူးနေတာ လို့ဆိုပါတယ်။ စက်ရေတွင်းကို လက်နဲ့ တူးတာပါ။ သုံးချောင်းထောက်စင် ပေါ်မှာ ပိုက်ထိန်းမယ့်သူ နှစ်ယောက်လောက်က တက်နေပြီး အောက်မှာ သံပိုက်ကို လူငယ်နှစ်ယောက်က ရေပိုက် ဖြုတ် တပ် လုပ်တဲ့ ဂွရှင်နဲ့ ညှပ်ပြီး နွားများ ဆီဆုံ လှည့်သလို တပတ်ပြီး တပတ် လှည့်ကာ စက်ရေတွင်းတူးကြတာပါ။ တချို့နေရာတွေမှာတွေ့ရသလို စက်အားနဲ့ တဂျိုင်းဂျိုင်း ဆောင့်ကာ တူးတဲ့ စက်ရေတွင်း မဟုတ်ဘဲ လူအားနဲ့ တူးတာမို့လို့ ပေ ၁၅၀ ၀န်းကျင်မှာပဲ ရပ်တန့်လိုက်ကြပါတယ်။

စက်ရေတွင်း အခစား တူးသူ တဦးကတော့ “လတ်တလော မြို့လယ် မြို့နယ် ၃ခု ဖြစ်တဲ့ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား တို့မှာ တွင်းပေါင်း ၂၅တွင်း တူးဖို့ လျာထားတယ်၊ တွင်းတွေရဲ့ အနက်က ပေ ၁၅၀ နဲ့ ၂၅၀ အကြားပဲ” လို့ ပြောပြပါတယ်။

ရန်ကုန်မြို့ကို ပေးဝေနေတဲ့ ငမိုးရိပ် ၊ ဂျိုးဖြူ၊ လှော်ကား စတဲ့ ရေလှောင်ကန်ကြီးတွေက တနေ့ကို ရေဂါလံ သန်းပေါင်း ၁၃၀၊ ၁၄၀ ကျော် ရပြီလို့ ဂျာနယ်တွေမှာ ဆိုပြီးကာမှ ယခုတော့ အရပ်ထဲမှာ လက်နဲ့တူးတဲ့ စက်ရေတွင်းက ရေကို မီးစက်နဲ့ မောင်းတင်ပြီး သုံးရမယ့် အလားအလာ ရှိပါတယ်။ ရေလှောင်ကန်ကနေ ပေးတဲ့ သဘာဝရေနဲ့ ခပ်တိမ်တိမ် တူးထားတဲ့ မြေအောက်ရေ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။ သဘာဝရေက ရေသွက်ဖြစ်ပြီး သောက်သုံးရင်လည်း ဓါတ်သတ္တုမပါလို့ လူရဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိသော်လည်း တိမ်တိမ်တူးပြီး ရေရဲ့ အရည်အသွေးကို စစ်ဆေးထားခြင်း မရှိတဲ့ မြေအောက်ရေဟာ သံဓာတ်ပါခြင်း၊ ထုံးဓာတ်ပါခြင်းတို့ အပြင် ကျန်းမာရေးနဲ့ မသင့်တဲ့ တခြားဓာတ်တွေ ပါဝင်နိုင်ပါသေးတယ်။ လျှော်ဖွတ်ဖို့ ဆိုရင်လည်း မြေအောက်ရေ အများစုဟာ မသင့်တော်ဘဲ သိုလှောင်တဲ့ သံတိုင်ကီ၊ သတ္တု ကိုယ်ထည်တွေကို သက်တမ်း တိုစေပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့လယ်မှာ မြေအောက်ရေ ထုတ်ယူမှုကြောင့် အထပ်မြင့် အဆောက်အဦတွေ နိမ့်ဆင်းလာမယ့် အရေးလည်း ရေရှည်မှာ စိုးရိမ်စရာရှိပါတယ်။ မြစ်နဲ့နီးပြီး ပင်လယ်ရေတက် ရေကျကြောင့် မြေအောက်ရေမှာလည်း မြစ်ရေရဲ့ အကျိုးသက်ရောက်မှု ရှိနိုင်သေးတယ်လို့ တချို့သော မြို့ခံများက စိုးရိမ်မှု ရှိနေကြပါတယ်။

နကိုက ရှိပြီးသား ရန်ကုန်မြို့ ရေပေးဝေ စနစ်ရဲ့ ရေတွန်းစက် ဓာတ်အား မပြည့်တာကို မီးစက်ကြီးကြီး ထားရှိပြီး စီစဉ်တာထက် မြို့တွင်းက လမ်းနဘေးတွေမှာ စက်ရေတွင်းတွေ လိုက်တူးပြီး ရေကို အဲဒီနေရာမှာ သွားသယ်ယူရမယ့် သဘော ဖြစ်နေပါပြီ။ ဒီအချက်ဟာ နအဖ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ဖော်ပြတဲ့ သာဓက တခုလည်း ဖြစ်ပါတယ်။

လာမယ့် နွေရာသီမှာ လျှပ်စစ်မီးတွေ ပြတ်လို့ ရေတွန်းစက်က ရေမတွန်းပေးနိုင်ဘူးဆိုရင် ရပ်ကွက် အလိုက် ကြံ့ဖွံ့ဆိုင်းဘုတ် တင်ပြီး ရေပေးဝေမယ့် လက္ခဏာ တွေ့မြင်ရတယ် လို့ ရန်ကုန်မြို့ခံတွေက ပြောဆိုနေပါပြီ။ ရန်ကုန် တမြို့လုံးကို ပေးလို့ မကုန်နိုင်တဲ့ သဘာဝသုံးရေ ရှိလျက်သားနဲ့ ကြံ့ဖွံ့ စည်းရုံးရေး ဆင်းချင်လို့များ ယခုလို အကွက်မျိုး ဖန်တီးတာလား လို့တောင် တချို့သော မြို့ခံများက သံသယ ရှိနေကြပါတယ်။ လူတွေကို ဒုက္ခရောက်အောင် လုပ်ပြီးမှ ကြံ့ဖွံ့ဆိုင်းဘုတ် တင်ပြီး ကယ်တင်ချင်တာလား လို့ မြို့ခံများက မေးခွန်း ထုတ်နေကြပါတယ်။

Wunna Khwar Nee

နာမည်ကျော် ဓာတ်ပုံဆရာက စီးပွားရေးကြော်ငြာတွင် သရုပ်ဆောင်
ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၈၊ ၂၀၀၉
ကြော်ငြာတခုတွင် တွေ့ရသော နာမည်ကျော် ဓာတ်ပုံ ဆရာ ၀ဏ္ဏခွာနီး၊ ၃ နှစ်သမီး ဖြူဇင်ကြယ်၊ ဇနီး သဇင်ကိုကို။ အသက် ၃၄ နှစ် ရှိပြီ ဖြစ်သော ရန်ကုန်သား VCD ဒါရိုက်တာ၊ ရုပ်သံကြော်ငြာဒါရိုက်တာ ၀ဏ္ဏခွာနီးသည် နာမည်ကျော် ဓာတ်ပုံဆရာ ဦးခွာနီး၏သား ဖြစ်သည်။

Wednesday, October 28, 2009

Pictures of Burmese Famous People Arists and People in Potraits Exhibition


ပန်းဆိုးတန်းဂယ်လရီမှာ ထင်ရှားသူမြန်မာများရဲ့ ပုံတူပန်းချီကားပြပွဲ ကျင်းပ
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၂၉၊ ၂၀၀၉
အောက်တိုဘာ ၁၆ မှ ၃၁ အထိ ရန်ကုန်မြို့၊ ပန်းဆိုးတန်းဂယ်လရီ ပန်းချီခန်းမှာ ပေါ့ထရိတ်ပန်းချီ ပြပွဲတခု ခင်းကျင်းခဲ့ပါတယ်။ ထိုပွဲမှာ မြန်မာပြည်၏ စာရေးဆရာကြီး၊ ဆရာမကြီးများရဲ့ ပုံတူကားများ ဆီဆေး၊ ရေဆေးတို့နဲ့ အသွေးအရောင် စုံလင်စွာနဲ့ ရေးဆွဲတင်ဆက်ထားတဲ့ ထူးခြားတဲ့ ပြပွဲ ဖြစ်ပါတယ်။
ရေးဆွဲသူတွေက မောင်ငွေထွန်း၊ ပေါ်ဦးသက်၊ မောင်စိန်၊ ဦးသက်ညွန့်၊ ခင်မောင်ရင်၊ မောင်ညိုဝင်း၊ ၀သုန်၊ မောင်မောင်သိုက်၊ စံတိုး၊ ကျော်သောင်း၊ မောင်ကျော်ညွန့်၊ ယဉ်မင်းပိုက်၊ ကြီးမြင့်စော၊ ၀င်းဖေမြင့်၊ မုတ်သုန်၊ လှထွန်းအောင်၊ မမွှေး၊ ဘဌေးကြည်၊ သန်းမြင့်အောင်၊ ဇော်မောင်နဲ့ အခြားပန်းချီပညာရှင်တွေက ရေးဆွဲကြတာ ဖြစ်ပါတယ်။
သူတို့ရေးကြတဲ့ ရုပ်ပုံလွှာတွေ (ပေါ့ထရိတ်) တွေထဲမှာ - ထင်ရှားတဲ့ မြန်မာပုဂ္ဂိုလ်ကြီးများအနက် သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ပေါ်ဦးသက်၊ ဗဂျီအောင်စိုး၊ ရန်ကုန်ဘဆွေ၊ ဒေါက်တာသန်းထွန်း၊ ဦးဗကလေး စတဲ့ ပုံတူကားချပ်တွေ ပါဝင်ပါတယ်။ အဲသည်ထဲက စာရေးဆရာမကြီး ခင်မျိုးချစ် ပုံတူကို ပန်းချီ မမွှေး ဆွဲထားတာကို တွေ့နိုင်ပါတယ်။
(ဓာတ်ပုံ - အင်တာနက်)

Burmese Local Journalists and Volunteers arrested by the Burmese Regime


ကူညီရေး လုပ်ဆောင်သူ သတင်းထောက် အပါအ၀င် အနည်းဆုံး ၇ ဦး ဖမ်းဆီးခံရ
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၂၉၊ ၂၀၀၉
          အောက်တိုဘာ ၂၆နှင့် ၂၇ရက်နေ့များတွင် လင်းလက်ကြယ် အမည်ရှိ နာဂစ်ဒုက္ခသည် ကူညီရေး စေတနာ့ ၀န်ထမ်း လုပ်ကိုင်သူ လူငယ်အချို့နှင့် အတူအနည်းဆုံး ၇ဦးကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်း နီးစပ်သူများ ၏ပြောဆိုမှုအရ သိရှိရသည်။
          ယခင် ပြည်မြန်မာဂျာနယ်တွင် သတင်းထောက်လုပ်ကိုင်ခဲ့ပြီး ယခုအခါ ဖရီးလန့်သတင်းထောက် (အလွတ်သတင်းထောက်) အဖြစ်လုပ်ကိုင်နေသူ ကိုပိုင်စိုးဦး (ဂျေပိုင်)၊ Foreign Affairs အပတ်စဉ် ဂျာနယ်မှ သတင်းအယ်ဒီတာ ကိုသန့်ဇင်စိုးနှင့် ပြင်ပမှ ကိုအောင်မြတ်ကျော်သူ အပါအ၀င် လင်းလက်ကြယ် အဖွဲ့နှင့် ဆက်နွယ်သူ အနည်းဆုံး ၇ ဦးဖမ်းဆီး ခံရသည်ဟု မီဒီယာ အသိုင်းအ၀ိုင်းမှ ပြောဆိုသည်။
          စစ်အစိုးရအနေဖြင့် စေတနာ့ ၀န်ထမ်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူများကို အနီးကပ်စောင့်ကြည့်နေလေ့ရှိပြီး ပြည်ပ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရှိလျင် သော်လည်းကောင်း ပြည်ပမှ ပေးပို့သော အကူအညီငွေများကို လက်ခံရယူခြင်း ရှိလျင်သော်လည်ကောင်း ဖမ်းဆီးစစ်ဆေး အရေးယူလေ့ရှိသည်။
          နိုင်ငံရေး လှုပ်ရှားသူ တဦး၏ ပြောဆိုချက်အရ ယခုရက်ပိုင်းအတွင်း အခြားဖမ်းဆီးခံရသူများမှာ ညီညီထွန်း (တောင်ဥက္ကလာ)၊ သက်ကို (မင်္ဂလာတောင်ညွန့်)၊ ဦးမြင့်သိန်း(တာမွေ)၊ ဦးမင်းမင်း (သံလျင်) အစရှိသူတို့ကိုပါ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုသို့ဖမ်းဆီးမှုနှင့် လင်းလက်ကြယ် အဖွဲ့ကိစ္စတို့ ဆက်စပ်မှုရှိသည် မရှိသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
          မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ပတ်သက်၍သော်လည်းကောင်း၊ အစိုးရနှင့် သဘောထားကွဲလွဲပြီး မိမိအမြင်ကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်၍သော်လည်းကောင်း ၊ စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်၍သော်လည်းကောင်း၊ဖမ်းဆီးထားသူ ပေါင်း ၂၀၀၀ ထက်မနည်း ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (အေအေပီပီ )မှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
          မကြာသေးမီက နအဖ အစိုးရအာဏာသိမ်းသည့် သက်တမ်း ၂၁နှစ်ပြည့်တွင် အကျဉ်းသားပေါင်း ၇ထောင့် ၁ရာကျော် ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးသည် ဆိုသော်လည်း ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော် ၀န်းကျင်သာ ပါဝင်ခဲ့သည်ကို တွေ့ရသည်။
          နအဖ၏ အကျဉ်းထောင်ထဲရှိ နေရေးထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာ လွန်စွာဆိုးရွားလျက်ရှိပြီး လိုအပ်သည့် ဆေးဝါးများကိုပါ အကျဉ်းကျသူများက မိမိဘာသာ အကုန်ကျခံရသည့် အခြေအနေဖြစ်သည်။
(ဓာတ်ပုံ - မိုးမခ ။ စက်တင်ဘာ ၁၈ ရက်၊ ၂၀၀၉ နေ့ အကျဉ်းသားများ လွှတ်ပေးသည့် နေ့က နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်မြင်ကွင်း )

Burmese Artists bid farewell to Ni Ko Ye


စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ နီကိုရဲ ရဲ့ဈာပန မြင်ကွင်း
မိုးယံမခ
ရန်ကုန်၊ ၂၈ အောက်တိုဘာ ၂၀၀၉

နီကိုရဲ မကွယ်လွန်မီက ပုံ
စာပေမိတ်ဆွေများရဲ့ အမှတ်တရ နံရံကပ်စာမျက်နှာ
 ဈာပန လက်ကမ်းစာရွက်
ဟာသစာရေးဆရာအဖြစ် အောင်မြင်ထင်ရှားခဲ့တဲ့ စာရေးဆရာ နီကိုရဲ ရဲ့ဈာပနကို ၂၀၀၉ အောက်တိုဘာ ၂၈ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ မီးသဂြိုဟ်ပြီးစီးခဲ့ပါတယ်။
လိုက်ပါပို့ဆောင်ကြသူများအတွက် သင်္ဃန်းကျွန်း၊ သွားကောလိပ်ရှေ့ သွပ်ဝိုင်းကြီးရပ်ကွက်၊ မေတာ(၁)လမ်းရှိ အမှတ် ၂၀၃ နေအိမ်နဲ့ ၃၅ လမ်း၊ အထက်ဘလောက် လေထန်ကုန်း (၀ဇီရာရုပ်ရှင်ရုံရှေ့) မှ ဈာပနကားများ စီစဉ်ပေးခဲ့ပါတယ်။


စာပေမိတ်ဆွေများရဲ့ လွမ်းသူ့ပန်းခွေများ
 နာရေးကူညီမှုအသင်း
 နီကိုရဲကို ချစ်ခင်ကြတဲ့ စာရေးဆရာ၊ အယ်ဒီတာ၊ ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ကာတွန်းဆရာ၊ ပန်းချီဆရာများက အမှတ်တရလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါတယ်။ လက်ကမ်းစာစောင်မှာ နီကိုရဲအတွက် အမှတ်တရစကားများနဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားပါတယ်။ 


ပို့ဆောင်နှုတ်ဆက်သူ မိသားစုနဲ့ မိတ်ဆွေများ 
 နောက်ဆုံးနှုတ်ဆက်ကြစဉ်
နီကိုရဲရဲ့ နောက်ဆုံးခရီးကို နယ်ပယ်အသီးသီးက အနုပညာရှင်များနဲ့ သူ့ကိုချစ်ခင်ကြတဲ့ စာဖတ်ပရိသတ်အများအပြား လိုက်ပါပို့ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။  

(ဓာတ်ပုံ - မိုးမခ၊ မိုးယံမခ)