Wednesday, September 30, 2009

good opportunity for friends of new Rgn police chief

ရန်ကုန်တိုင်းရဲမှူးသစ်နှင့် နီးစပ်သူများ အလုပ်ဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၊ ၂ဝဝ၉ ယနေ့ထုတ်သတင်းစာများတွင် တွေ့ရသော ရဲချုပ်ခင်ရီ။ ပြီးခဲ့သည့်လအတွင်း ထိန်းသိမ်းခံထားရသူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ထွက်ပြေးလွတ်မြောက်သွားသည်၊ ရဲချုပ်ခင်ရီလည်း စစ်ကြောမေးမြန်းခံနေရသည် ဟူသော သတင်းများ ထွက်ခဲ့သည်။ (ဓာတ်ပုံ-ကြေးမုံသတင်းစာ)

လတ်တလော စိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်သည့် ရန်ကုန်တိုင်း ရဲမှူးကြီး၏ အရှုပ်တော်ပုံ အပြီး တက်လာသည့် ရဲမှူးကြီး အသစ်၏ လက်ထက်တွင်လည်း သူနှင့် နီးစပ်သူများ၏ လုပ်စားခွင် ဖြစ်လာသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အကြီးအကဲနေရာတွင် အသစ်ဝင်ရောက်လာသူမှာ ရဲမှူးကြီး အောင်နိုင်သူ ဖြစ်သည်။

ရန်ကုန် အနောက်ပိုင်း ခရိုင်ကို ကိုယ်တွယ်ခဲ့သည့် ရဲမှူးကြီး အောင်နိုင်သူနှင့် နီးစပ်သည့် လောင်းကစား ဒိုင်တချို့မှာ အလုပ်ဖြစ်နေကြသည်ဟု ရန်ကုန်မှ အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

ရဲမှူးကြီးအောင်နိုင်သူနှင့် ရင်းနှီးသူ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် ၂၉လမ်း အလယ်ဘလောက်မှ နာမည်ကြီး လောင်းကစားဒိုင် ဦးဇော်ထိုက် (အက်စ်အို နာမည်ဖြင့် လူသိများသူ)သည် ၂လုံး၊ ၃လုံး ချဲထီ၊ ဘောလုံး လောင်းခြင်းနှင့် ဂျင်ဝိုင်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရနေခြင်းမှာ ထင်ရှားသည့် သာဓက တခုဖြစ်သည်ဟု ဆိုသည်။

အထက်ပါ စီးပွားရေး လုပ်ငန်းရှင်က “မနက် ၁၁နာရီကျော်ဆို အဲဒီ မဟာဗန္ဓုလလမ်းမှ ၂၉လမ်း အ၀င် ဒုတိယ တိုက်မှာ ထိုးချင်တဲ့ နံပါတ်၊ ထိုးချင်တဲ့ ငွေပမာဏ ကြိုက်သလို ထိုးနိုင်တယ်။ ၂၅၊ ၂၆ လမ်း ဈေးက ဈေးသည်တွေ အားလုံး အဲဒီမှာပဲ လာလာထိုးကြတာ၊ ဈေးသည်တွေလည်း ချဲထီနဲ့ပဲ တဖြည်းဖြည်း အရင်းပြုတ်၊ အကြွေးတင် ဖြစ်လာတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ တ၀န်းလုံးတွင် ထိုင်းနိုင်ငံ စတော့ရှယ်ယာ ဈေးကွက် အညွှန်းကိန်းများကို အမှီပြုကာ အလောင်းအစား လုပ်သည့် ဂဏန်း ၂လုံး ၃လုံးချဲထီ ဒိုင်လုပ်သူ၊ ထိုးသူများကို ရှာဖွေတွေ့ရှိပါက ထောင်ဒဏ် နှစ်နှင့် ချီပြီး ကျခံရနိုင်သည့် အတွက် လောင်းကစားဒိုင်များနှင့် ထိုးသူများမှာ တယ်လီဖုန်းဖြင့် လျှို့ဝှက် လုပ်ကိုင်နေကြရသော်လည်း တိုင်းရဲမှူးနှင့် ရင်းနှီးသည့် လောင်းကစားဒိုင်အချို့မှာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရသည်။

အစိုးရ၏ တရားဝင် အောင်ဘာလေ သိန်းထီမှာ တလတွင် ၁ကြိမ်သာ ဖွင့်ပြီး ချဲထီကဲ့သို့ ဆွဲဆောင်မှု မရှိသဖြင့် မြန်မာနိုင်ငံတွင် လူတန်းစားလွှာ အသီးသီးက ချဲထီကိုသာ စွဲစွဲလန်းလန်း လောင်းစားနေကြသည်။ ဆယ်စုနှစ် ၂ခုကျော် ကြာလာပြီး သည့်နောက်တွင် ချဲထီလောင်းကစားမှုကြောင့် လူမှုရေး၊ စီးပွားရေးအရ အခြေအနေ ပျက်ယွင်းသည့် အဖြစ်အပျက်များလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။

အခြားတဖက်တွင်မူ အဆိုပါ ချဲထီနှင့် ဘောလုံး ဒိုင်များက ရဲနှင့် စရဖတို့ကဲ့သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လစဉ် ဆက်ကြေး ပေးဆောင်နေရသသည်။ ထို့ကြောင့် အစိုးရက လုံလောက်စွာ ထောက်ပံ့မထားသည့် ရဲနှင့်စရဖတို့အတွက် လောင်းကစား လုပ်ငန်းက ရေသောက်မြစ်တခု ဖြစ်လျက်ရှိသည်။

Thee Lay Thee & Colorful Anyeint - part 3 to come out soon


သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်ခွေ နံပတ် ၃ လာတော့မည်

မိုးမခအထောက်တော် ၀၀၃

စက်တင်ဘာ ၃၀၊ ၂၀၀၉

၂၀၀၇ စက်တင်ဘာ သံဃာ့အရေးတော်ပုံနောက်ပိုင်းတွင် ပြည်ပသို့ အမျိုးသားရေးနိုးကြားစေသည့် အနုပညာဖျော်ဖြေမှုများ၊ စစ်အာဏာရှင်များကို ဝေဖန်သည့် ပြက်လုံးများဖြင့် ဖျော်ဖြေရေးခရီးထွက်လာသည့် ကိုဇာဂနာထူထောင်ပေးခဲ့သော သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်အဖွဲ့က များမကြာမီအတွင်း ဗီဒီယိုအငြိမ့်ခွေ အသစ်တခုကို ဖြန့်ချိမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းစံ နိုင်ငံရေးအကျဉ်းသားများ၊ မျိုးချစ်သူရဲကောင်းများကို ဂုဏ်ပြုသည့် အနုပညာဂါရ၀လက်ဆောင်တခု ဟု ဆိုချင်ကြောင်း၊ အခကြေးငွေသတ်မှတ်ခြင်း မပြုဘဲ မေတ္တာဖြင့် ဖြန့်ချိမည် ဖြစ်ကြောင်း၊ ခေတ်ကိုထင်ဟတ်သည့် အငြိမ့်ခွင်အသစ်၊ သီချင်းသစ်နှင့် ပြက်လုံးသစ်များကို စုစည်းတင်ဆက်ခြင်း ဖြစ်ကြောင်း၊ ပွဲဦးထွက်အခွေက ၂၀၀၆တွင် ပြည်တွင်းမှာ အပိတ်ခံခဲ့ရပြီး၊ ဒုတိယအခွေက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ပြည်သူများကို အားပေးနိုးကြားစေသည့် ကန်တော်ကြီးမှာ တင်ဆက်သည့် စင်တင်အငြိမ့်မှတ်တမ်းဖြစ်ရာ ယခု ၂၀၀၉ခုနှစ် အငြိမ့်ခွေကို သီးသန့် မှတ်တမ်းတင်ရိုက်ကူးခြင်း ဖြစ်သဖြင့် အမှတ်စဉ် ၃ ဟု လောလောဆယ် အမည်ပေးလိုကြောင်း - စီစဉ်သူတဦးဖြစ်သူ လူရွှင်တော်ပန်းသီးက မိုးမခကို ပြောကြားသည်။

သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်အဖွဲ့တွင် လူရွှင်တော်များအဖြစ် ဂေါ်ဇီလာ၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် စိန်သီး၊ အငြိမ့်မင်းသမီးများအဖြစ် ချောစုမျိုးနှင့် မြစပယ်ငုံတို့ ပါဝင်ကြသည်။ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးတော်ပုံအပြီး ကန်တော်ကြီးမျှော်စင်ကျွန်း စင်တင်အငြိမ့်တွင် ထင်ရှားလာပြီး ပြည်ပသို့ အနုပညာခရီးစဉ်များ ခြေဆန့်ခဲ့ရာတွင် ၂၀၀၈၊ ၂၀၀၉ ခုနှစ်များတွင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန် ခရီးစဉ်များ လှည့်လည်ခဲ့သည်။ ပင်တိုင်ရိုက်ကူး ထုတ်လွှင့်မှုများအဖြစ် နော်ဝေအခြေစိုက် ဒီမိုကရကစ်တစ်မြန်မာ့အသံ ရုပ်သံတွင် တင်ဆက်လျှက်ရှိသည်။ ယခု သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့် - ၃ ကို အကောင်းဆုံး ပြင်ဆင်ရိုက်ကူးလျက်ရှိပြီး ပရိသတ်ထံသို့ တိုက်ရိုက်ပေးပို့ ဖြန့်ချိမည်ဟု ဆိုသည်။

လူရွှင်တော် ပန်းသီးက မိုးမခသို့ ပြောကြားရာတွင် -

“ကျနော်တို့ ၀ိုင်းတော်သားတွေအားလုံး အခက်အခဲတွေကြားက ကြိုးစားပြီး သီးလေးသီးရဲ့ ပြည်ပရောက်နေချိန် ထုတ်လုပ်မှုတခု တင်ကျန်ရစ်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ စင်တင်အငြိမ့်တွေကတော့ နိုင်ငံအလိုက်ရိုက်ကူးထားတာတွေ ရှိပေမယ့် သီးသန့်စီစဉ်တာကတော့ ဒီအခွေ ဖြစ်ပါတယ်။ ပြက်လုံးအသစ်၊ သီချင်းအသစ် စသည်ဖြင့်ပေါ့နော်။ သီချင်းတွေမှာ ကျနော်တို့၊ ကြယ်သီးတို့အပြင် ဂျပန်က ကိုသူရိန်ထက်ကလည်း ၀ိုင်းကူညီပါတယ်။ ဒီအငြိမ့်ဖြစ်မြောက်ရေးအတွက် ၀ိုင်းပြီး ပံ့ပိုးကြတဲ့ အနုပညာရှင်တွေ၊ အမေရိကားက မိတ်ဆွေတွေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အမေစုနဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ၊ မျိုးချစ်မြန်မာသူရဲကောင်းတွေအပေါင်းကို ဂုဏ်ပြုတင်ဆက်တဲ့ ထူးခြားတဲ့အစီအစဉ်လေးကို အားပေး၊ ဝေဖန်၊ သုံးသပ်ပေးကြပါလို့ ပရိသတ်ကို ပြောချင်ပါတယ်။”

Artist Htein Lin - Remembering Zarganar - 3

ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် - ၃

ပန်းချီ ထိန်လင်း

စက်တင်ဘာ ၃၀၊ ၂၀၀၉

“တို့ ပြည်ထောင်စု အလံတော်သည်၊

ဗိုလ်ချုပ်ဈေးက ၀ယ်လာပြီ၊

ပြည်သူ အပေါင်းတို့ ငြိုငြင်သည်။

ပြေးလု၊ (ေ -ွး) ဥ မှတ်ပါသည်။”

မြပုဏ္ဏမာ အဖွဲ့ ရယ်လို့ အောင်မြင် ကျော်ကြားလာပြီးနောက် ၁၉၈၈ ခု ဇန်န၀ါရီလ ပုသိမ်မြို့မှာ ပြည်ထောင်စု အလံတော် ကြိုဆိုပွဲ စင်ပေါ်ကနေ လူရွှင်တော် အရိုင်းက ရာဇ၀တ်အိုးကို တုတ်နဲ့ ထိုးချလိုက်သဗျ။

Htet Htet's son passes away

ထက်ထက်မိုးဦး၏သားငယ် သေဆုံး
ဓာတ်ပုံသတင်း
စက်တင်ဘာ ၃ဝ၊ ၂ဝဝ၉

ယမန်နှစ်က ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ အမျိုးသမီးအတတ်သင်ကျောင်းသို့ အလှူငွေ ပေးအပ်နေသော မင်းသမီး ထက်ထက်မိုးဦး (ဓာတ်ပုံ-ရွှေအမြုတေ)

ထက်ထက်မိုးဦးသည် ယခုလ ၂၀ ရက်နေ့က သားယောက်ျားလေးတဦး ဖွားမြင်ခဲ့ကြောင်း၊ သို့သော်လည်း ကလေးသည် မွေးဖွားပြီး စက္ကန့်ပိုင်းအတွင်း သေဆုံးသွားကြောင်း အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

“ရင်ထဲမှာ တော်တော်လည်း ခံစားလိုက်ရပါတယ်။ အားလုံးပြောနေကြသလို အသေမွေးတာ မဟုတ်သလို ဗိုက်ခွဲထုတ်ရတာလာ်း မဟုတ်ပါဘူး။ သားက လောကကြီးမှာ စက္ကန့်ပိုင်းလောက်သာ နေသွားရှာပေမယ့် အမေကို ဗိုက်ခွဲရလောက်အောင် ဒုက္ခ မပေးသွားပါဘူး” ဟု ထက်ထက်မိုးဦးက အလင်းတန်းဂျာနယ်ကို ပြောသည်။
မင်းသမီး ထက်ထက်မိုးဦးသည် စက်တင်ဘာ ၂၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းခဲ့သည်ဟု ဆိုသည်။


return of Yazar Nay Win

ပြန်လည် သရုပ်ဆောင်မည့် ကောလိပ်ဂျင်နေဝင်း၏သား
ဓာတ်ပုံသတင်း
စက်တင်ဘာ ၃၀၊ ၂၀၀၉

ရာဇာနေဝင်းက သူ့ဖခင် ပါဝင်ခဲ့သည့် “လူဇော်” ဇာတ်ကားကို ပြန်လည် ဆန်းသစ်ရိုက်ကူးရာတွင် ၀င်ရောက် သရုပ်ဆောင်မည်ဟု ယခုလထုတ် people မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “ကျွန်တော် သရုပ်ဆောင်အလုပ်နဲ့ နည်းနည်းဝေးနေတဲ့ အချိန်မှာ ဖေဖေ့ရဲ့ ကက်ဆက်ခွေတွေကို ပြန်နားထောင်ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဇာတ်ကားရိုက်ဖို့ လာငှားတာနဲ့ ကြုံသွားတယ်။ ဒီကားမှာ ဖေဖေရဲ့ အပြောကို ပရိသတ်တွေက အရမ်း အားပေးတော့ ဖေဖေ့ကားမှာ ဖေဖေ့ပုံစံလေး သရုပ်ဆောင်ပြချင်ပါတယ်” ဟု people သို့ ပြောလိုက်သည်။

Tuesday, September 29, 2009

Moemaka quotes on September ( part two )

မိုးမခ၏ စက်တင်ဘာလ စာကိုး၊ စကားကိုး (ဒုတိယပိုင်း)
စက်တင်ဘာ ၃ဝ၊ ၂၀၀၉
မှတ်ချက် - နှစ်သက်ဖွယ် ကောင်းသော ပြောကြား ရေးသားချက်များကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ်သည်။ နှစ်သက်ဖွယ် မကောင်းသော အချက်များလည်း တခါတရံ ပါဝင်နိုင်ပါသည်။ မူရင်း သတ်ပုံများအတိုင်း ပြန်လည် ဖော်ပြပါမည်။

“မြို့ထဲရောက်တာနဲ့ မွန်းကျပ်နေအောင်ခံစားရတယ်။ အဓိကကတော့ မီးစက်တွေကထွက်တဲ့ အငွေ့တွေနဲ့ မော်တော်ကားတွေက ထွက်တဲ့ မီးခိုးတွေကြောင့်၊ နောက် စားသောက်ဆိုင်တွေဆီက အငွေ့တွေနဲ့ မြို့လယ်ကောင်ဆို လေကစ ပူနေပြီး အနံ့တွေနဲ့ မွန်းနေတာပဲ။ သတိပြုမိကြရင် ဆူးလေနဲ့ အနီးတစ်ဝိုက်က အခြားမြို့နယ်တွေထက် ပိုပူတယ်။ နာဂစ်တုန်းက သစ်ပင်ကြီးတွေ ပြိုကုန်တာကြောင့်လည်းပါတယ်။ ကျွန်တော့်အမြင်တော့ သစ်ပင်တွေ ပြန်စိုက်ရုံနဲ့တင် မလုံလောက်နိုင်တော့ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ အရာတွေကို ကန့်သတ် တားမြစ်လိုက်ဖို့ပဲ ရှိတယ်။ ရေရှည် အတွက်ကြည့်မယ်။ လူအများအတွက် ကြည့်မယ်ပေါ့ဗျာ”

ကိုစိုးလင်း၊ မြို့ပြအင်ဂျင်နီယာ
မြန်မာပို့စ် ဂျာနယ်၊ စက်တင်ဘာ ၂

“ဖောက်ခွဲမှု၊ ထိန်ချန်မှုတို့နဲ့ ၅ နှစ်ချလိုက်တယ်။ မနှစ်က ဧပြီလ ၁ ရက်နေ့ ညမှာ ဖမ်းခံရတာ။ - - - သူတို့မေးတယ် အပြင်ရောက်ရင် နိုင်ငံရေး လုပ်မလား မေးတယ်။ အန်ကယ်က လုပ်မယ်လို့ ပြောလိုက်တယ် လေ။ - - - ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ကျန်တာက အဲဒီလောက် မဟုတ်ပါဘူး။ လုပ်နေကျ ဇတ်လမ်းထဲမှာ ဝင်ကလိုက်တာပဲ။ ဒီလိုဇတ်လမ်းတွေ ပေါ်လာမယ်ဆိုတာ ကြိုသိပါတယ်။ အခုလွတ်တာက မထူးဆန်းပါဘူး။ မထူးခြားဘူး။ - - - ကိုယ်လုပ်ချင်တာ ကိုယ် ဆက်လုပ်မယ်”
ဦးတင်မြ၊ သင်္ဃန်းကျွန်းမြို့နယ်မှ နိုင်ငံရေးသမား
မဇ္ဈိမ သတင်းဌာန၊ စက်တင်ဘာ ၁၈

“၉၈ တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံး ခြေချုပ် ဥပဒေနဲ့ တရားစွဲပြီးတော့ သင်္ကာမကင်း ပုဒ်မနဲ့ နေ့စဉ် သွားပြီးတော့ လက်မှတ်ထိုး ရတယ်။အဲဒီအချိန်မှာ ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးတင်ဦးက သွားပြီး လက်မှတ်ထိုးစရာ မလိုဘူးလို့ ပါးစပ်မိန့်နဲ့ ကြေညာလိုက်တော့ သွားမထိုးတော့ဘူး။ ဟိုက မေးတယ်၊ လက်မှတ် လာမထိုးတော့ဘူးလား တဲ့။ မထိုးတော့ဘူးလို့ ပြောတော့ မထိုးတော့ရင် ဖမ်းတယ် ဆိုပြီးတော့။ ကိစ္စကတော့ဗျာ၊ နေ့စဉ် လက်မှတ် သွားမထိုးတဲ့ ကိစ္စနဲ့ ဖမ်းတာပေါ့။ - - - ပခုက္ကူမြို့နယ် အခြေစိုက် ၂၃၅ တပ်ထဲမှာ ၂ နှစ် အချုပ်ခံရတယ်”
ဦးလှိုင်အေး၊ လွှတ်တော်ကိုယ်စားလှယ်၊
၂၀၀၇ သံဃာ့ဆန္ဒပြပွဲအပြီး ထောင် ၂ နှစ်ခန့် ကျခံခဲ့ရသူ

မဇ္ဈိမသတင်းဌာန၊ စက်တင်ဘာ ၂၅

ဖတ်စရာ မရှိလို့ မဟုတ်ဘူး။ အဲဒီဟာကို လူအများစုက သိပ်စိတ်မ၀င်စားနိုင်ဘူး။ ရေဒီယို စိတ်ဝင်စားတယ်။ ဘန်ကီမွန်းလာတယ်။ ဘယ်လိုဖြစ်မလဲ။ အဲဒါ စိတ်ဝင်စားတာ။ နောက်ပြီး ရေဒီယိုထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အင်တာနက် ရှိတယ်။ အင်တာနက်မှာမှ chatting ရှိတယ်။ ၀က်ဘ်ဆိုက် ရှိတယ်။ ဘလော့ဂါ ရှိတယ်။ အဲဒီတော့ သူစိတ်ဝင်စားစရာ - - - သိပ်များသွားတယ်။ ကောင်းပြီ တတ်နိုင်တဲ့ သူတွေက အဲဒီကို သွားတယ်။ မတတ်နိုင်တဲ့ လူကျတော့ ရေဒီယို နားထောင်ရတယ်။ စာပေဘက်ကို သိပ်မလှည့်နိုင်ဘူး။ market က အဲဒီသဘောပဲ

(ဓာတ်ပုံ - ပေဖူးလွှာမဂ္ဂဇင်း)
အောင်သင်း၊ စာရေးဆရာ

ပေဖူးလွှာမဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၉

“တစ်သက်လုံး စစ်သားဆို ကြောက်လာရတာပဲ ၂၀၀၇ နောက်ပိုင်းမှာ မနမ (မြို့နယ်ရဲတပ်ဖွဲ့မှူး) တစ်ယောက်က သာမန် စစ်အရာရှိ တစ်ယောက်လောက်ကို ကြောက်စရာ မလိုဘူး၊ နောက်ပိုင်း တရုတ်က ၀င်လာတဲ့ Lanjian (ကား) တွေ အကုန်လုံး စစ်တပ်ကို မပို့တော့ဘဲ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ အမိန့် အရ ရဲတပ်ဖွဲ့ပိုင် ကားတွေ ဖြစ်လာခဲ့တယ်။ ရဲတပ်ဖွဲ့က ထိပ်ပိုင်းမှာလည်း နေပြည်တော်က ညွှန်ကြားချက်လောက်မှ ဂရုစိုက်ကြတယ်။ တိုင်းကတို့  ဌာနဆိုင်ရာတို့  ဆိုရင် ဂရုမစိုက်ကြဘူး”


အငြိမ်းစား ရဲအရာရှိ တဦး
longwalktofreedom.wordpress.com စက်တင်ဘာ ၂၃

“၀မ်းသာတာတို့ ဘာတို့ သိပ်ပြီး မခံစားရဘူးပေါ့ဗျာ၊ လွတ်ရက်စေ့ဖို့ တလပဲလို တော့တာ၊ ၁၉-၁၀-၈၉ ကနေ အနှစ် ၂၀ ဆိုတော့ ၁၉-၁၀-၂၀၀၉ မှာ စေ့မှာပေါ့။ ထောက်လှမ်းရေးမှာ အချုပ်နဲ့ တနှစ်ကျော် ထပ်ပေါင်းလိုက်ရင် ၂၁နှစ် နီးပါး နေခဲ့ရတယ်”

(ဓာတ်ပုံ - မိုးမခ)
ဦးဝင်းမြင့်၊ ၂၁ နှစ်နီးပါး ချုပ်နှောင်ခံခဲ့ရသူ

မိုးမခ၊ စက်တင်ဘာ ၁၈

“နာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးခဲ့တဲ့အတွက် မှားတယ်လို့ မထင်မိပါဘူး”

(ဓာတ်ပုံ - မိုးမခ)
မအိမ့်ခိုင်ဦး၊ ၁ နှစ်ခွဲခန့် ချုပ်နှောင်ခံခဲ့ရသူ စာနယ်ဇင်းသမား
မိုးမခ၊ စက်တင်ဘာ ၁၈

“နာဂစ်အပြီးမှာ ဒဂုံမြို့သစ် မြောက်ပိုင်းက ဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီ ပိုရအောင် ဆိုပြီး UNDP ရုံးကို တင်ပြဖို့ ခေါ်သွားပေးတယ်။ အဲဒါကြောင့် အဖမ်းခံရတယ်”


(ဓာတ်ပုံ - မိုးမခ)
ကိုကျော်ကျော်သန့်၊ ၁ နှစ်ခွဲခန့် ချုပ်နှောင်ခံခဲ့ရသူ စာနယ်ဇင်းသမား
မိုးမခ၊ စက်တင်ဘာ ၁၈

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆန္ဒပြောင်းဖို့ပဲဖြစ်ဖြစ်၊ အငြိမ်းစားယူဖို့၊ ဘေးကိုဖယ်လိုက်ဖို့ပဲဖြစ်ဖြစ် မလုပ်နိုင်ရင် ဒီနိုင်ငံက ဆက်ပြီး ပြဿနာတက်နေမှာပဲ။ ဒါပေမယ့် ဦးနေဝင်းခေတ်တုန်းကလည်း ဦးနေဝင်းသေသွားရင် တိုင်းပြည်ကောင်းလာမှာပါလို့ ပြောခဲ့ကြတယ်။ ဦးနေဝင်းလည်း သေသွားပြီ တိုင်းပြည်ကောင်းမလာခဲ့ဘူး။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိရင် တိုင်းပြည်ကောင်းလာမှာပါ ဆိုတဲ့သီအိုရီမျိုးကိုတော့ သတိ နည်းနည်း ထားဖို့လိုလိမ့်မယ်”

(ဓာတ်ပုံ - ဧရာဝတီ)
ဒေါက်တာဇာနည်၊ သုတေသီ နှင့် နိုင်ငံရေးသမား
ဧရာဝတီသတင်းဌာန၊ ၂၃ စက်တင်ဘာ

“ဂျာနယ်လစ်တို့ အယ်ဒီတာတို့ လုပ်နေကြသူတွေဟာ ကိုယ့်မှာရှိနေတဲ့ အရင်းကလေးနဲ့ ထိုင်စားနေလို့ မရတော့ဘူး။ စာတွေအများကြီး ဖတ်ပြီး အင်တာနက်လှိုင်းလုံးတွေ ကြားမှာ အမြဲတမ်း ကူးခတ်နေမှ ဖြစ်တော့မယ်ဆိုတာ သတိပြုသင့်တယ်။ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ အပေါ်ယံလေး လျှပ်လေ့လာပြီး လူတွင်ကျယ် လုပ်လို့ရတဲ့ခေတ် လုံးဝ နိဂုံးချုပ်သွားပါပြီ။ ဒီခေတ်မှာ လူငယ်တိုင်းက Citizen Journalist ဖြစ်နေကြပြီ။ ပထမ ကမ္ဘာစစ်ကြီးအကြောင်း၊ ဒုတိယ ကမ္ဘာစစ်ကြီး အကြောင်း ဒီခေတ်လူငယ်တွေ မသိကြတော့ဘူး မထင်နဲ့။ ဂူးဂဲတို့ 'ဝီကီပီးဒီးယား'တို့ သုံးပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ သိချင်တာ အကုန်သိဖို့လို့ ရတယ်။ ရှေးကလို စာအုပ်တွဲကြီးတွေကို လနဲ့ချီ အချိန်ယူပြီး ဖတ်နေစရာ မလိုတောဘူး။ ပထမကမ္ဘာစစ်မှာ ဘယ်လိုလက်နက်တွေ သုံးခဲ့သလဲ သိချင်လား၊ ခလုတ် တစ်ချက်နှိပ်ပဲ၊ သေသူ ဘယ်လောက်၊ ဒဏ်ရာရသူ ဘယ်လောက် သိချင်လား၊ ခလုတ် တစ်ချက်နှိပ်ပဲ။ လူငယ်တွေရဲ့ လက်ချောင်းတွေဟာ ခလုတ်တွေပေါ်မှာ အမြဲတမ်း ရှိနေကြတယ်။ သူတို့ကို လိမ်လို့ မရတော့ဘူး။ ဘာမှ မသိ မတတ်ဘဲနဲ့ ဆရာကြီး လုပ်ဖို့လည်း မရတော့ဘူး”

(ဓာတ်ပုံ - jennhsu)
လူထုစိန်ဝင်း၊ သတင်းစာဆရာ
လျှပ်တစ်ပြက်ဂျာနယ်၊ စက်တင်ဘာ ၎

“သူက တစ်ခုခုဆိုရင် စိတ်မရှည်တတ်ဘူး။ စိတ်မရှည်လာရင် အသံက နှစ်ဆလောက် ပိုကျယ်လာတယ်။ ခုတော့ သူ့ကလေး လန့်မှာ စိုးလို့ ထင်ရဲ့၊ စကားပြော တိုးသွားတယ်။ သမီး (မီးမီးခဲ) ကိုလည်း အရမ်း ဂရုစိုက်လာတယ်။ အရင်က သူ သီချင်းသွားဆိုရင် ဖုန်း ခဏခဏ ဆက်တာမျိုး မကြိုက်ဘူး။ သူ အလုပ် လုပ်နေတယ်ပေါ့။ ခုတော့ ဘယ်သွားသွား ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ပေးထားတယ်။ မကြာခဏ ဖုန်းဆက်ပြီးလည်း သမီး နေကောင်းလား ဘာညာ မေးပါတယ်”


အဆိုတော် မောင်နှံ မီးမီးခဲ နှင့် ထူးအယ်လင်း (ဓာတ်ပုံ - မိုးမခ)
ကိုယ်ဝန်ဆောင် အဆိုတော်မီးမီးခဲ
နံနက်ခင်းဂျာနယ်၊ စက်တင်ဘာ ၉

“အိမ်ထောင်တစ်ခု အဆင်ပြေဖို့က ငွေကြေး အဓိက မဟုတ်ဘူး။ အချစ်ကလည်း မပါလို့ မရဘူး၊ ပါတော့ ပါရမယ်။ အရေးကြီးဆုံးက စိတ်ချမ်းသာဖို့ပဲ။ - - လူတစ်ယောက်ကို မချစ်ဘဲနဲ့ အိမ်ထောင်တစ်ခု ထူထောင်ဖို့ မလွယ်ဘူး”

(ဓာတ်ပုံ - ဝဏ္ဏခွာနီး)
အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်
ပေါ်ပြူလာဂျာနယ်၊ စက်တင်ဘာ ၈

“သမီး မသွားလို့ မရဘူး၊ နောက်ပြီး သူက လူကြီးဖြစ်နေတဲ့အတွက် မသွားလို့မဖြစ်ဘူး။ သမီး သွားရမယ်တဲ့။ ဗိုလ်ချုပ်ပုံ ကိုင်ပြီး ချီတက်သွားကြတာပေါ့။ အဲဒီအပြန် မဟာဗန္ဓုလလမ်းအတိုင်း သူတို့ ဝင်တယ်၊ ဆူးလေဘုရားလမ်းကျတော့ ပြန်ဆင်းတယ်။ ကုန်သည်လမ်းကနေ ပြန်ပတ်တဲ့အခါ အဲဒီဒေါင့်နားမှာ မီးပွိုင့်ရှိတယ်။ အဲနားလည်းကျရော သူတို့ အပစ်ခံရတာ။

ဒူးအောက်ပိုင်းကို ပစ်တဲ့အခါကျတော့ သူက ဘယ်ဖက်ခြေသလုံးကို အရင်ထိတယ်။ ဆက်အပစ်မှာ ဘယ်ပေါင်ကိုပဲ ထပ်ထိတယ်။ ဒူးကိုထိတော့ သူက ဓာတ်ပုံကိုကိုင်ပြီး ခွေကျသွားတယ်။ နောက် ဝပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံက ကျမယ် အဲဒီတော့ ဒို့အဖွဲ့က ကျမယ်ဆိုပြီးတော့ သူက မဝပ်ပဲနဲ့ နောက်တခါ ထပ်အပစ်မှာ ညာလက်မောင်းကနေ ဖောက်ပြီးတော့ ရင်ထဲကို ဝင်သွားတာပေါ့။ - - - ငါတို့ ဒီမိုကရေစီ မရမချင်း အကယ်လို့ ငါတို့ ဖြစ်သွားသည့် တိုင်အောင်တောင်မှ ငါတို့ နာမည်ကို ခေါ်ပြီးတော့ အမျှမဝေပါနဲ့အုံး ငါတို့ ဆက်လက်ပြီး တိုက်ပွဲဝင်နေပါအုံးမယ် ဆိုတဲ့ စကားသံတော့ သူ့သူငယ်ချင်းတွေဆီကနေ တဆင့် ကျနော်တို့က ကျနော်က ကြားခဲ့ရတာ။ ကျနော်တို့ မိဘတွေ အနေနဲ့က သူတို့ တောင်းထားတဲ့ဟာ မရမချင်းကို ဒီနေ့ အချိန်ထိလည်း ၂၁ နှစ်အချိန်အထိလည်း ကျနော်တို့ သူ့နာမည်ခေါ်ပြီးတော့ သူ့အတွက် အမျှမဝေပါဘူး။ သူတို့ တောင်းထားတဲ့ အနေထား ရလာပြီ ဆိုတာနဲ့ သူ့အတွက် အားရပါးရခေါ်ပြီး အမျှဝေမယ်လို့ ကျနော် ဆုံးဖြတ်ထားပါတယ်”

ဦးဝင်းကြူ၊ ၁၉၈၈ တွင် ပစ်သတ်ခံရသူ မဝင်းမော်ဦး၏ ဖခင်
RFA အသံလွှင့်ဌာန၊ စက်တင်ဘာ ၁၈

“ကျနော့်ကို သီးသန့်အကျဉ်းထောင်ကို ပို့လိုက်ပြီး တိုက်ခန်းထဲမှာ ထားတယ်။ ထားတော့ ကျနော့် ခြေထောက်တဘက် တဖြည်းဖြည်းနဲ့ ဆိုးလာတယ်။ ကျနော့်မှာ ၁၉၉၁ တုန်းက အာရုံကြောနဲ့ ပတ်သက်ပြီး ဖြစ်ဖူးတယ်။ အကြောတွေ လှုပ်ရှားလို့ မရတာကို ကျနော် သတင်းပို့တယ်။ သတင်းပို့တာကို သူတို့က ထိထိရောက်ရောက် အရေးမယူဘူး။ ထောင်ဆရာဝန်က လာကြည့်တယ်။ ထောင်ဆရာဝန်က ရိုးရိုး ဆရာဝန်ပဲလေ။ အာရုံကြောအထူးကုနဲ့ ကုသခွင့် တောင်းတယ်။ အဲဒါကို လုံးဝ ဂရုမစိုက်ဘူး။ နောက် ခြေထောက် ၂ ဖက်စလုံး ဖြစ်လာတယ်။ နောက်ဆုံး မတ်တပ်ရပ်လို့ မရတော့ဘဲ ခြေထောက်တွေက လုံးဝ လှုပ်ရှားလို့ မရတော့ပါဘူး။ အဲဒါကို ကျနော့်အမေက ညွှန်ချုပ်ဆီ စာ အထပ်ထပ် တင်ရတယ်။ ပြင်ပ မီဒီယာတွေကလည်း ဝိုင်းအော်ကြတယ်လေ။ အဲဒီတော့မှ ကျနော့်ကို အာရုံကြော အထူးကုနဲ့ ကုသပေးပါတယ်။ ဒီတော့မှ လက်တွေပါ ဖြစ်နေပြီ တဲ့။

ထောင်ထဲမှာ အလင်္ကာတီးဝိုင်းက ဂီတသမား ကိုဝင်းမော်ဆိုတာ ကျန်ခဲ့တယ်။ သူဆို ကျန်းမာရေး အရမ်းဆိုးတယ်။ သူ့မှာ ရင်ကျပ်ရောဂါရှိတယ်။ ညဘက်ဆို အသက်ရှူ အရမ်းကျပ်ပြီး သတိလစ်လုနီးပါးကို ဖြစ်တယ်။ သံတွဲထောင်က ကျန်းမာရေးစောင့်ရှောက်မှု အရမ်းညံ့တယ်။ ဆေးမှူး မရှိဘူး၊ ဆရာဝန် မရှိဘူး။

ညှင်းပမ်းနှိပ်စက်တာကတော့ ကမ်းကုန်အောင်ပဲ။ ကျနော့်ကို လက်ပြန်ကြိုး တုပ်ထားတယ်၊ ဝိုင်းကန်ကြတယ်။ ဝိုင်းထိုးတယ်။ ရေစိုနေတဲ့ အခန်းထဲမှာ ပစ်ထားတယ်။ အခန်းထဲမှာ ပိတ်ထားတော့ နေ့လား၊ ညလားဆိုတာ မသိရဘူး။

ကျနော် အခု လမ်းမလျှောက်နိုင်ဘူး။ နှစ်ယောက်တွဲပြီး တရွတ်ဆွဲ လမ်းလျှောက်လို့ ရပါတယ်။ မတ်တပ် မရပ်နိုင်ဘူး”

၂၀၀၆ တွင် တွေ့ရသည့် မျိုးရန်နောင်သိန်း နှင့် ကိုကိုကြီး (ဓာတ်ပုံ-မိုးမခ)
မျိုးရန်နောင်သိန်း၊ သံတွဲထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးသမား

DVB အသံလွှင့်ဌာန၊ စက်တင်ဘာ ၂၃

on the way back

အပြန်လမ်း
အောင်ဝေး
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။

လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်း တိုးမိတိုက်မိ။

အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။

အားငယ်ရင်
ဒေါ်အောင်ဆန်းစုကြည်နာမည်
တကျော်ကျော်ခေါ်မြဲ။

လူကတော့ ဘာမှမလှုပ်တတ်မရှားတတ်
ပြသနာမရှိဘူး
ရတယ်။

မပျော်ဘူးဆိုတဲ့ အဓိပ္ပာယ်က
ဒီမိုကရေစီရမှဖြစ်မယ်ဆိုတဲ့အနက်
ထွက်တယ်။

မနက်ဖြန်
ဖြစ်ချင်လည်းဖြစ်မယ်။

အခု
သီချင်းသံကြားနေတယ်မဟုတ်လား။

အလားတူပါပဲ
ဝံပုလွေတွေ အူကြပါစေ။

ရှေ့ကိုနည်းနည်းဆက်လျှောက်လိုက်ရင်
မြှားတစ်ဆုပ်ရလိမ့်မယ်။

ဘယ်တော့မှ
ကိုယ့်ကိုလမ်းပြနေတဲ့ ကြယ်ကို ပြန်မပစ်လေနဲ့။



[ မူရင်း - ၂၀၀၉၊ သြဂုတ်လထုတ် မန္တလေးဂေဇက် - ကဗျာကဏ္ဍ ]

Ko Aung Win passes away

မြက်ခင်းစိမ်းနဲ့တဲငယ်လေး၏ ပူးတွဲဖန်တီးရှင် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ဝဝ၆
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

"မြက်ခင်းစိမ်းနဲ့တဲငယ်လေး" သီချင်းကို ပူးတွဲရေးသားခဲ့သူ ကိုအောင်ဝင်းသည် စက်တင်ဘာ ၂၃ ရက်နေ့က ကျောက်ပန်းတောင်းမြို့ နေအိမ်တွင် ကွယ်လွန်သွားသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အလင်းတန်း ဂျာနယ်တွင် ဖော်ပြထားသည်။ အသက် ၅၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ကိုအောင်ဝင်းသည် နာမည်ကျော် အဆိုတော် ခင်မောင်တိုး သီဆိုခဲ့သည့် ဝေးခဲ့ပြီပန်းခရမ်းပြာ၊ အမှတ်တရအဆိပ်တက်၊ ပန်းပျိုးလက် တို့ကိုလည်း သီချင်းရေးဆရာ ကိုရဲလွင်နှင့် ပူးတွဲ ရေးသားခဲ့သည်ဟု သိရသည်။

ကိုအောင်ဝင်းသည် ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်တွင် အဆောင်မှူးအဖြစ်လည်းကောင်း၊ တောင်ကြီးကောလိပ် ဒဿနိကဗေဒဌာန ဌာနမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်သည်ဟု အလင်းတန်းဂျာနယ်က ဆိုသည်။ ကျောက်ပန်းတောင်းမြို့တွင် ဂူသွင်း သဂြိ င်္ုဟ်ခဲ့ပြီးဖြစ်သည်ဟုလည်း ရေးသားထားသည်။

ကိုအောင်ဝင်း ပူးတွဲစပ်ဆိုခဲ့သည့် နာမည်ကျော် မြက်ခင်းစိမ်းနဲ့တဲငယ်လေး သီချင်းကို ယမန်နှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၈ လေးလုံး အနှစ် ၂၀ မြောက်အဖြစ် အမှတ်တရ ထုတ်ဝေသော ရဲနည်၏ အလင်းသစ်ပွဲတော် သီချင်းစီဒီတွင်လည်း ထည့်သွင်း သီဆိုထားကြောင်း တွေ့ရသည်။

Rangoon media goes online

ရန်ကုန်မှ ဂျာနယ်နှင့် မဂ္ဂဇင်း အများအပြား အွန်လိုင်းပေါ် ရောက်ပြီ
မိုးမခအထောက်တော် အမှတ် ဝဝ၆
စက်တင်ဘာ ၂၉၊ ၂၀၀၉
ရန်ကုန်အခြေစိုက် စာနယ်ဇင်း အများအပြားကို အင်တာနက်မှ အခမဲ့ကြည့်ရှုနိုင်ပြီဖြစ်သည်။

ယခုလတွင် ပုံစံသစ်ဖြင့် ပြန်လည်ထွက်ရှိလာသည့် ပေဖူးလွှာ မဂ္ဂဇင်းကလည်း ထွက်သည့်လမှာပင် PaePhuhLwarMagazine.asia တွင် စိုစိုပြေပြေဖြင့် ရောက်ရှိနေကြောင်း တွေ့ရသည်။

ထူးခြားချက်မှာ အများသုံး ဒေါ့ကွန်(.com) လိပ်စာကို မသုံးဘဲ ဒေါ့အေးရှား (.asia) ကို သုံးထားခြင်း ဖြစ်သည်။

ဒေါ့အေးရှားကို အသုံးပြုသည့် စာစောင်နောက်တခုမှာ မုခ မဂ္ဂဇင်း ဖြစ်သည်။ မုခ မဂ္ဂဇင်း facesmagazine.asia မှာ တည်ဆောက်ဆဲ အခြေအနေတွင် ရှိနေသည်။

ရွှေအမြုတေ မဂ္ဂဇင်းသည်လည်း နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် ရက်အတန်ကြာ ပျောက်ကွယ်နေခဲ့ရာမှ ယမန်နေ့ကစပြီး ပြန်လည် အဆင်ပြေသွားသည်။ လိပ်စာမှာ shweamyutay.com ဖြစ်သည်။ ၎င်းစာမျက်နှာတွင် ရွှေအမြုတေ အပြင် နာမည်ကျော် အလင်းတန်းဂျာနယ်၊ ဆယ်ကျော်သက်ပရိသတ်ကို ပစ်မှတ်ထားသော Teen မဂ္ဂဇင်း တို့ကိုလည်း တွေ့နိုင်သည်။

“ရွှေအမြုတေကိုတော့ ကြိုက်တယ်၊ ကျန်တဲ့ဂျာနယ်တွေကိုတော့ မဖတ်ဖြစ်ဘူး၊ ရွှေအမြုတေကတော့ မြန်မာပြည်မှာကတည်းက အကြိုက်ဆုံးပဲ” ဟု ဘန်ကောက်ရှိ တက္ကသိုလ်ကျောင်းသူ၊ ဘလော်ဂါ မဆုမွန်က ပြောသည်။

ထို့ပြင် သူက မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများကိုလည်း အင်တာနက်မှတဆင့် ပုံမှန် ဖတ်ရှုကြောင်း မိုးမခကို ပြောပြသည်။

issuu.com/idealwebmaster တွင် အလင်းတန်းဂျာနယ် အဟောင်းများ ရှိနေသည်။ ပို၍ဟောင်းသော အလင်းတန်းများကို alinntan.blogspot.com တွင် တင်ထားသော်လည်း စာမျက်နှာအများစုမှာ ဖွင့်၍ မရပေ။

ဈေးကွက်ဂျာနယ်၏ ၀က်ဆိုက် zaygwet.com တွင် ဖတ်ရှုဖွယ် အများအပြားပါဝင်သော်လည်း အသစ် မတင်သည်မှာ ၄ လ၀န်းကျင် ရှိပြီ ဖြစ်သည်။

ပုံမှန် မွမ်းမံခြင်း မရှိသည့် လစဉ်ထုတ် နာမည်ကျော် ဂီတဂျာနယ်တစောင်၏ လိပ်စာမှာ alinkarmusicjournal.com ဖြစ်သည်။

စက္ကူထူမဂ္ဂဇင်းများအကြားတွင် ထင်ရှားသည့် မြန်မာပြည်သူ ခေါ် people မဂ္ဂဇင်းသည်လည်း အွန်လိုင်းတွင် ရှိနေသည်မှာ နှစ်ပေါင်းအတန်ကြာပြီဖြစ်သည်။ ဆွဲဆောင်မှုရှိသော ထိုမဂ္ဂဇင်းကို အွန်လိုင်းသို့ တင်ရာတွင် တအုပ်လုံးကို ဂရပ်ဖစ်ဖြင့် စီမံထားသောကြောင့် အင်တာနက် အလွန်တရာ မြန်ဆန်သော ကွန်ပျူတာများဖြင့် ဖတ်ရှုမှသာ အဆင်ပြေမည် ဖြစ်သည်။ လိပ်စာမှာ people.com.mm ဖြစ်သည်။

သတင်းဂျာနယ်တစောင်ဖြစ်သည့် မြန်မာပို့စ်ကလည်း www.themyanmarpost.com ဟူသော ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ရှိနေသည်။ ပုံမှန် မွမ်းမံသည်ကိုလည်း တွေ့ရသည်။ တခြားဂျာနယ်များ၏ ဖော်ပြခဲ့သမျှကို သက်ဆိုင်ရာ အင်တာနက်ဗားရှင်းတွင် ၁၀၀ ရာခိုင်နှုန်း တွေ့ရသော်လည်း မြန်မာပို့စ်ကမူ ရာခိုင်နှုန်း အနည်းငယ်သာ အင်တာနက်တွင် တင်ကြောင်းတွေ့ရသည်။ ထိုအချက်က မြန်မာပို့စ်၏ အားနည်းချက် ဖြစ်နေသည်။

first-11.com တွင် မြန်မာပြည်၏ အရောင်းအသွက်ဆုံး အားကစားဂျာနယ်များ၊ သတင်းဂျာနယ်များကို အခမဲ့ ဖတ်နိုင်သည်။ စာနယ်ဇင်းအဖွဲ့ကြီးဖြစ်သော အလဲဗင်းမီဒီယာအုပ်စု၏ လက်ရာ ဖြစ်သည်။

snapshot-news.com ရှိ လျှပ်တစ်ပြက်ဂျာနယ်သည်လည်း ပုံမှန် မွမ်းမံသော ဂျာနယ်တစောင် ဖြစ်သည်။ စာမျက်နှာမူရင်းပုံစံအတိုင်း အချပ်လိုက်ဖတ်လိုသူများအတွက် ဂရပ်ဖစ်ဖွဲ့ထားပေးသည်။ အင်တာနက် မြန်နှုန်းနိမ့်ဒေသများအတွက် အဆင်ပြေစေရန်လည်း သတင်းများ၊ ဆောင်းပါးများကို ဇော်ဂျီဝမ်းဖြင့် စီစဉ်ထားသည်။

ဇော်ဂျီဝမ်း ခေတ်စားလာချိန်တွင် တင်ဆက်မှုပုံစံ ပြောင်းလိုက်သော နာမည်ကျော်ဂျာနယ်တစောင်မှာ မြန်မာတိုင်မ်းစ် ဖြစ်သည်။ ဂျာနယ်ဝက်ဆိုက် myanmar.mmtimes.com တွင် ယခုအခါ ဇော်ဂျီကိုသာ သုံးထားသဖြင့် စာဖတ်သူအားလုံးအတွက် အဆင်ပြေနေသည်။

yangonmedia.com တွင်လည်း နာမည်ကြီး ဂျာနယ် ၂စောင်ဖြစ်သည့် ရန်ကုန်တိုင်းမ်၊ ဖလားဝါးနယူးစ် တို့တွင် ဖော်ပြဖူးခဲ့သမျှထဲမှ သတင်းနှင့် ဆောင်းပါးတချို့ကို တွေ့နိုင်သည်။

အမေရိကန် ပြည်ထောင်စုရောက် ကဗျာဆရာအောင်ဝေးကလည်း မြန်မာပြည်မှ စာနယ်ဇင်းတချို့ကို စာတိုက်မှ မှာယူ ဖတ်ရှုရုံသာမက အွန်လိုင်းမှလည်း ရှာဖွေဖတ်ရှုသည်ဟု ဆိုသည်။

“ကျနော်တို့က ပြည်ပမှာလည်း ရေဒီယို၊ ၀က်ဘ်ဆိုက်တွေမှာ မြန်မာစာနဲ့ပဲ သွားနေရတာ ဆိုတော့ ပြည်တွင်း စာနယ်ဇင်းတွေနဲ့ မျက်ခြည်ပြတ်လို့ မရဘူး။ ကျနော်တော့ ရန်ကုန်က မှာလည်း ဖတ်တယ်၊ အွန်လိုင်းမှာလည်း ရှာဖတ်ပါတယ်။ Voice ဂျာနယ်ဆိုရင် လန်ဒန်က pdf နဲ့ ပို့ပေးတာကို အပတ်စဉ် ဖတ်ရတယ်။ ခုထိတော့ မြန်မာစာပေလောကနဲ့ မဝေးသေးဘူးလို့ ဆိုရမလားပဲ” ဟု မိုးမခကို ပြောသည်။

ကိုအောင်ဝေး ရရှိသည် ဆိုသော Voice ဂျာနယ်မှာ အင်တာနက်စာမျက်နှာ မရှိသေးပေ။ အပတ်စဉ် ထုတ်ဝေသည့် ၎င်းတို့၏ဂျာနယ်ကို pdf ဖိုင်အဖြစ် ပြောင်းလဲပြီးနောက် နီးစပ်ရာ မိတ်ဆွေတချို့ထံသို့ အီးမေးလ်ဖြင့် ဖြန့်ရာမှ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများ၊ စာချစ်သူများကြားတွင် ပျံ့နှံ့လျက်ရှိသည်။



commercial for Thadingyut period

ရာသီစာ ကြော်ငြာ
ဓာတ်ပုံသတင်း

စက်တင်ဘာ ၂၉၊ ၂ဝဝ၉
ယခုတပတ်ထုတ် အလင်းတန်းဂျာနယ် မျက်နှာဖုံးမှ ကြော်ငြာတခုတွင် သရုပ်ဆောင်ထားကြသည့် နေတိုး နှင့် အိန္ဒြာကျော်ဇင်။

နေတိုး၏ ၀တ်စုံမှာ ရှမ်းတိုင်းရင်းသား ၀တ်စုံဖြစ်ပြီး အိန္ဒြာကျော်ဇင်၏ ဆံထုံးမှာ ရှမ်းစော်ဘွားမျိုးနွယ်များ အသုံးပြု ပြင်ဆင်လေ့ရှိသည့် ပုံစံဖြစ်သည်ဟု မိတ်ကပ် ခင်စန်းဝင်းကို ကိုးကားပြီး အလင်းတန်းဂျာနယ် သတင်းတပုဒ်တွင် ဖော်ပြထားသည်။ သီတင်းကျွတ်ကာလ မင်္ဂလာဆောင်ပွဲများ ကျင်းပကြမည့်အချိန်တွင် သတို့သမီးဝတ်စုံလုပ်ငန်း၊ မင်္ဂလာပွဲ အကျိုးဆောင်လုပ်ငန်းများက စာနယ်ဇင်းတချို့တွင် ကြော်ငြာလျက်ရှိသည်။။

Monday, September 28, 2009

Thit Kaung Eain - Songs for Cho Too

ကိုချိုတူး ဆိုခိုင်းလို့
ကျနော် ဆိုညည်းနေကျ သီချင်းတွေ

သစ်ကောင်းအိမ်

စက်တင်ဘာ ၂၉၊ ၂၀၀၉

ငယ်နာမည် ၀ဏ္ဏ
လူညံ့တွေနဲ့အမဲလိုက်တမ်းမကစားဘူး
မိန်းမမြတ် တယောက်ကို ချစ်တတ်တယ်

သေခြင်းတရားနဲ့လက်ထပ်ပြီး
သေရည်ပြင်းပြင်းကြိုက်တယ်
စိတ်ရှည်ရှည် မထားနိုင်တဲ့နှစ်တွေမှာ
ဆံပင်ရှည်ထားခဲ့သမျှ
ကိုယ့် တောစီးဖိနပ်ရဲ့အမှတ်တံဆိပ်က တောင်တန်းများ
ကိုယ့်ဂျင်းဘောင်းဘီက လောကဓံရှစ်ပါး အာမခံ
ကဗျာက ငါ့နိုင်ငံတော်အလံ

တခါသုံး ခေတ်ကြီးထဲမှာ
တခါသုံး အချစ်တွေရှိသလို
တခါသုံး ငွေစက္ကူတွေကို ထုတ်ဝေသင့်တယ်

လူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့မလိုဘူး
အာဏာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လိုတယ်

တကယ်တော့
လွတ်လပ်ခြင်းဆိုတာလည်း
ကျယ်ဝန်းတယ်…
သပ်ရပ်သန့်ရှင်းတယ်…
ဒါပေမယ့်
ဘုရားသခင်ရဲ့အကျဉ်းစခန်းတခုပဲမဟုတ်လား

မိုးကုတ်စက်ဝိုင်း
တံတိုင်းရှိရင်
ကောင်းကင်ကိုလည်း ငါမုန်းတယ်

ခုလို သစ်ရွက်ကြွေတဲ့ရာသီထဲ
ငါ့လည်ကုပ်ပေါ်က မှဲ့နက်လေးရယ်
မင်းဘယ်ဆီ လွင့်ပါးသွားပြီလဲ

ဘယ်သူ တက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။ ။

(၂၇။ စက်တင်ဘာ။ ၂၀၀၉)

registered vehicles in Burma

သတင်းထဲက ဂဏန်းများ
မြန်မာနိုင်ငံမှာ ကား ဘယ်နှစ်စီး ရှိသလဲ
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

၂ သန်း ဝန်းကျင်
ရန်ကုန်မြို့လယ်မှ ကားတချို့ (photo: kunming.cn)
ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ပြီးခဲ့သည့်လ စာရင်းများအရ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ နှစ်သန်းကျော် ရှိနေသည်။

စုစုပေါင်း ၂ ဝ၁၅ ၅၃၁ စီး ဖြစ်သည်။ ထိုအထဲတွင် အောက်ပါယာဉ်များလည်း ပါဝင်သည်။

ဆိုင်ကယ် ၁၆ဝ ဝဝဝ ကျော်၊
သုံးဘီးကား ၇ ဝဝဝ ကျော်
ထော်လာဂျီ ၅ဝ ဝဝဝ ကျော်
တောင်ကြီးမှ ထော်လာဂျီ နှင့် ဆိုင်ကယ် (photo:koshweyoe in flickr)

(ကိုးကား - အလဲဗင်းဝီကလီဂျာနယ် စက်တင်ဘာ ၂၈)

Daw Suu sent Letter to Than Shwe



ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့

မိုးမခဓာတ်ပုံသတင်း

စက်တင်ဘာ ၂၉၊ ၂၀၀၉

ယမန်နေ့က အင်န်အယ်ဒီပါတီ၏ ထုတ်ပြန်ချက်များအရ ပါတီခေါင်းဆောင်၊ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေထံ စက်တင်ဘာ ၂၅ ရက်စွဲဖြင့် စာရေးသား ပေးပို့ခဲ့သည်ဟု သိရသည်။ ၎င်းစာတွင် မြန်မာပြည်အား အရေးယူပိတ်ဆို့ခြင်း ခံထားရမှုတို့ကို ရုတ်သိမ်းနိုင်စေရေးအတွက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ထိုအရေးတွင် ၂ ဖက်စလုံး (စစ်အုပ်စုနှင့် အရေးယူသူများ) ၏ အခြေအနေကို နားလည်နိုင်စေရန် မိမိကို ဆောင်ရွက်ခွင့်ပြုစေလိုကြောင်း၊ ပါတီ၏ သဘောထားကိုလည်း ရယူလိုကြောင်း တောင်းဆိုထားသည်ကို တွေ့ရသည်။

(ဓာတ်ပုံမှတ်တမ်း - ဇော်မိုးအောင်(ကိုရီးယား၊ အင်န်အယ်ဒီ အယ်လ်အေ)

Burmese in LA marked Saffron 2nd Anniversary

ရွှေဝါရောင် ၂ နှစ်ပြည့် အယ်လ်အေရောက် မြန်မာများ အခမ်းအနားများ ကျင်းပ

မိုးမခအထောက်တော် - အယ်လ်အေ

စက်တင်ဘာ ၂၈၊ ၂၀၀၉

၂၀၀ရခု စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် သံဃာ့အရေးအခင်း ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးသွားသော ရဟန်းသံဃာတော်များနှင့်တကွ မြန်မာပြည်သူပြည်သားများအတွက် ဆုတောင်း မေတ္တာပို့ ဆွမ်းကပ်လှူခြင်းကို စက်တာဘာ ၂၇ရက်နေ့က Los Angeles, Baldwin Park မြို့ ဓမ္မဇောတိ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည်သူပြည်သားများနှင့်တကွ မတရားအကျဉ်းကျခံနေရသော ရဟန်းသံဃာတော်အရှင်သူမြတ်များ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ အတွက်လဲ ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ နေ့ခင်း ၂နာရီမှ စ တင်ပြီး LA Organizers 4 Burma အဖွဲ့က ဦးဆောင်ပြီး ရွှေဝါရောင် သံဃာ့အရေးအခင်း ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Baldwin Park, Performing Art Center မှာ Burma VJ documentary ဖြစ်ရပ်မှန် မှတ်တမ်း ရုပ်ရှင်ကို LA မြို့ရှိ သံဃာတော်များ၊ မြန်မာ့အရေး စိတ်ဝင်စားကြသော ကျောင်းသားကျောင်းသူများနှင့် မြန်မာမိတ်ဆွေများကို အခမဲ့ ပြသ ခဲ့ရာ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဆရာတော် ဦးဂုဏိဿရ က အဖွင့်မိန့်ခွန်း မိန့်ကြားခဲ့ပြီး LA Organizers 4 Burma အဖွဲ့မှ ကိုပြေညိမ်းက မှတ်တမ်းရုပ်ရှင် ပြသရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောပြခဲ့ပါတယ်။ ထို့နောက် Whittier College, Department of Religious Studies မှ အရှေ့တိုင်းဘာသာရပ် ပညာရှင် Prof. Dr. Jason Carbine ခေါ် ကိုချစ်မောင်က သံဃာ့အရေးအခင်းအပေါ် ကြည်ညို အလေးအနက်ထားမှုကို မြန်မာ ဘာသာဖြင့် ကျွမ်းကျင်စွာ ပြောကြားခဲ့ရာ တက်ရောက်လာသည့် ပရိသတ်များ ကျေနပ်ဝမ်းမြောက်ခဲ့ကြကြောင်း သိခဲ့ရပါတယ်။ ဆက်လက်ပြီး ကလေးငယ်လေးများမှ မေတ္တာသုတ် စတင်ရွတ်ဆိုရာ ပရိသတ်များ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။

မှတ်တမ်းရုပ်ရှင် အပြီးမှာ LA Organizers 4 Burma အဖွဲ့မှ ကိုမော်ကြီးက ကျေးဇူးတင်စကား ပြောကြားပြီး အာဏာရှင်စစ်အစိုးရ ပြည်သူလူထုကို နှိပ်စက် ညှင်းပန်း သတ်ဖြတ်လာသည်မှာ အခုမှ မဟုတ်၊ ၁၉၆၂ခု စစ်အစိုးရ တက်ကတည်းက ဖြစ်ကြောင်း၊ သို့ပေမဲ့ ဒီ ရက်စက်မှုအပေါင်း ကမ္ဘာသိ ဖြစ်ရသည်မှာ တိုးတက်ခေတ်မီလာသော နည်းပညာနှင့်အတူ မိမိကိုယ်ကျိုး လုံးလုံးမပါဘဲ သက်စွန့်ဆံဖျား သတင်းဖြစ်ရပ်မှန်များ ရိုက်ယူ ခဲ့ကြသော ညှင်းပမ်းအနှိပ်စက် အကျဉ်းကျခံ မြန်မာကျောင်းသား လူငယ်လေးများကြောင့်သာ ဖြစ်ပါတယ်လို့ ကျေးဇူး ဂုဏ်ပြု မှတ်တမ်းတင် ပြောကြားခဲ့တယ်လို့ သိရကြောင်းပါ။

(ဓာတ်ပုံများ - မျိုးချစ်မြန်မာဝက်ဆိုက်က ရယူပါတယ်။ ကျေးဇူးတင်ပါတယ်)

Mr Creator - Bumrese Leader got new name, Shoe Catcher Thein Sein


မစ္စတာခရီယိတ္တာ - နယူးယောက်မှာ ဖိနပ်စာမိသွားတဲ့ သိန်းစိန်

စက်တင်ဘာ ၂၈၊ ၂၀၀၉

(၎င်းတို့ကို နယူးယောက်က မြန်မာများက ဘွဲ့ထူးဂုဏ်ထူးများ ပေးလိုက်ပြီ၊

ဖိနပ်စာသိန်းစိန် နဲ့ ဖိနပ်စာဉာဏ်ဝင်း )

Nyan Win met Burmese show throwers

ဝန်ကြီး ဦးဉာဏ်ဝင်း ဖိနပ်ဖြင့် ပေါက်ခံရ
မိုးမခအထောက်တော် အမှတ် ဝဝ၅
စက်တင်ဘာ ၂၈၊ ၂၀၀၉
နယူးယောက်ရောက် နအဖခေါင်းဆောင်များအား ဆန္ဒပြကြိုဆိုနေသူတချို့
[ ဓာတ်ပုံ - komoethee.blogspot.com ]


မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို ကမ္ဘာကျော်ခေါင်းဆောင်ကြီးများဖြစ်သည့် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်ခေါင်းဆောင် ဟူဂျင်းတောင်တို့နှင့် တတန်းတည်း ဖြစ်သွားစေရန် မြန်မာ့အရေး လှုပ်ရှားသူတချို့က ဆောင်ရွက်ပေးလိုက်ကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်သို့ ရောက်နေသော ဝန်ကြီး ဦးဉာဏ်ဝင်းကို ဆန္ဒပြ မြန်မာပြည်သားတချို့က ဖိနပ်ဖြင့် ပစ်ပေါက်ကြသည်ဟု ယနေ့ည ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ကြေညာသွားသည်။

ကြက်ဥ၊ ကော်ဖီတို့ဖြင့်လည်း ပစ်ပေါက်ကြသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းတို့ပစ်ပေါက်သည့် အရာများက ဝန်ကြီးကို ထိမှန်သည်ဟု သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

ဖိနပ်ဖြင့် ပစ်ပေါက်သူကို ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

သို့သော်လည်း တခြားသတင်းတပုဒ်တွင်မူ အဆိုပါ ဖိနပ်သမားမှာ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည် ဟု ဆိုသည်။

“ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာ ရဲက ဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေး လွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံး မရှိပါ။ လူနည်းသော်လည်း ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ် ကြီးလှပါတယ်” ဟု komoethee.blogspot.com တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများက မြန်မာစစ်ခေါင်းဆောင်များ တည်းခိုရာ ဟိုတယ်ဝင်ပေါက်များအနီးတွင် ရှိနေသဖြင့် စစ်ခေါင်းဆောင်များမှာ ဟိုတယ်အတွင်း အချိန်အတော်ကြာကြာ ပိတ်မိနေခဲ့သည်ဟု သိရသည်။

ပိတ်မိနေသူများထဲတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း ပါဝင်သည်။

နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဟိုတယ်နောက်ဖေးပေါက်မှ လုံလုံခြုံခြုံဖြင့် ထွက်ခွာသွားနိုင်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ဦးဉာဏ်ဝင်းကဲ့သို့ပင် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်နိုင်ငံခြားရေး ဟူဂျင်းတောင် တို့လည်း ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်သည်။

Mar Mar Aye - 287

“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ်(၂၈၇)
‘ရန်နိုင်ဆွေ’ ရဲ့ တပည့် ‘မေလှမြိုင်’
မာမာအေး
စက်တင်ဘာ ၂၈၊ ၂ဝဝ၉

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - ရှေ့တပတ်က အဆိုတော်ကြီး မေလှမြိုင် အကြောင်းပြောရင်း အာဇာနည်နေ့နဲ့လဲ တိုက်တာမို့လို့ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ နိုင်ငံအတွက် အသက်ပေးသွားတဲ့ အာဇာနည်တွေကို မေလှမြိုင် ဆိုထားပေးခဲ့တဲ့ ဂီတစာဆို အဆိုတော် ဂီတာ တင်အုန်း ရေးစပ်တဲ့ ‘အလေးပြုပါတယ်” သီချင်းနဲ့ သတိတရ အလေးပြု လွှင့်ပေးလိုက်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေကို ကျေးဆွတ်ရက်အောင် မေ့ကွက်ကို မဆောင်လိုက်ကြပါနဲ့ လို့ ပြောချင်တာပါဘဲရှင်။

အမေမြိုင့်အကြောင်း ဆက်မပြောခင် ကြားဖြတ်ကလေး ဖြေလိုက်ပါရစေအုံးနော်။ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဝက်တိုးအုပ်စုက တောသားကလေး ဆိုတဲ့သူက ညီမတော် ရွှေကျေးက တဆင့် အာဇာနည်နေ့က မာအေးကို ပီတိမျက်ရည် သီချင်း အလွတ်ဆိုပြပါလို့ ပူဆာထားလို့ပါ။ ကဲ - ကိုတောသားကလေးရေ ကိုကြေးမုံအကြောင်း ပြောတုန်းက တပိုဒ် နှစ်ပိုဒ် ကြားမှာပေါ့။ သီချင်းက အရှည်ကြီးရယ်။ လူရွှင်တော် ဦးစပါယ်ရှယ်ကလဲ စကားတွေ ဝင်ပြောသေးတယ်။ ကိုကြေးမုံလဲ ပါမှ ဖြစ်မယ်။ အခုရေးတဲ့သူရော၊ စာဖတ်တဲ့ စပါယ်ရှယ်ကြီးရော ချောကုန်ပြီ တော်ရေ့။ ကြုံတဲ့တနေ့မှ အခန့်သင့်တဲ့ အပိုဒ် ကိုယ်ဆိုတဲ့ အပိုဒ်ကိုတော့ ဆိုပြသေးတာပေါ့ရှင် ခုတော့ မေလှမြိုင် အကြောင်း နားဆင်လိုက်ပါဦး။

ဟိုတပတ်က မေလှမြိုင်ကို သူဆိုတဲ့ သီချင်းတွေ ကြိုက်လို့ အသံကို စသိတယ်။ ရုပ်ရှင်ထဲမှာ မမရှင်ရဲ့ ညီမတော် တစုလို ပါခဲ့တာ ကြည့်ဖူးတယ်။ သူမဟာ ရုပ်ရှင်နဲ့ မကြာဘူး၊ ဂျပန်ခေတ်မှာ ပြဇာတ်ကနေခဲ့တယ်။ လွတ်လပ်ရေးခေတ်ကျတော့ ရုပ်ရှင်နဲ့ ပြဇာတ်ဌာန ခွဲမှာ ပြဇာတ် ကပေးတယ်။ ဆရာရန်နိုင်ဆွေ ဆိုတဲ့ သူ့ဆရာရင်းရဲ့ တီးဝိုင်းနဲ့ အသံလွှင့်ကြောင်း ကျော်ကြားလာကြောင်းတွေ ပြောပြခဲ့တာပေါ့နော်။ မာအေးက ဂျပန်ခေတ်နှောင်း ပိုင်းမှာ မွေးတဲ့သူဆိုတော့ လွတ်လပ်ရေးရပြီး ခေတ်ကစလို့ ကိုယ်တိုင်မီလာပြီလေ။ ဆိုတတ် ကတတ် နားလည် တတ်တဲ့ အတုခိုးတတ်တဲ့ အရွယ်လေးမှာ ခေါင်းထဲ အကုန်သွင်းတော့ အမေမြိုင်လဲ သိနေတော့တာပေါ့။

ကိုယ့်ရှေ့က နာမည်ကျော် အဆိုတော်ကြီးတွေ ဘယ်လိုဆိုကြတာလဲ ဆိုတာကို နောက်က ပါလာတဲ့ အဆိုတော်လေးတွေက နားစိုက်လေ့လာ ယူချင်စရာတွေ့ရင်ယူ၊ မှတ်စရာရှိရင်မှတ်၊ လုပ်ရပ်ကလေး တခုပြုထားသင့်ကြတယ် မဟုတ်လားရှင်။ မာအေးက အဲဒါလေးမျိုး ပညာတိုးအောင် လုပ်ဆောင်ခဲ့တဲ့ အကျိုးကြောင့် အဆိုတော်ကြီးတွေ ဆိုတဲ့ စတိုင် အမျိုးမျိုး ဘယ်လိုဟန်နဲ့ တိုးမှာလဲ စိုးရိမ်စရာ မရှိ၊ အများက ပီတိရအောင် ဆိုနိုင်နေတာပါဘဲ။ ကြားဆရာတွေ ထားရမယ်လို့ ပြောချင်တာပါနော်။

အဲဒီ ကြားဆရာတွေထဲမှာ ‘မေလှမြိုင်’ ဟာ မပါမဖြစ်ပဲရှင့်။ မာအေးရှေ့က အမျိုးသမီး အဆိုတော် တွေထဲမှာ “မေလှမြိုင်” လောက် စာပီအောင် ဆိုတာ မရှိသလောက် ဖြစ်နေလို့ပါ။ တလုံးချင်း တလုံးချင်း ပီလိုက်တာမှ စာသားထုတ်တဲ့အခါ နှစ်ခါပြန်ဖွင့် ကြည့်စရာကို မလိုတဲ့ တေးသံရှင်ပါ။ မာအေး အနေနဲ့ ‘မြိုင့်’ ဆိုပေါက်ကို ကြိုက်ပေမယ့် လိုက်မဆိုရဲတာ တခုရှိပါတယ်ရှင့်။ မာအေးရဲ့ ပထမကြားဆရာ မလှရွှေ ဆိုတဲ့ စန္ဒကိန္နရီ သီချင်းထဲက အလွမ်းပုဒ် ‘အို ငွေမှုံကြဲ’ဆိုတဲ့ စာပိုဒ်က ဆိုပေါက်ကို လိုက်မဆိုနိုင်တဲ့ အတွက် ‘အမှတ်တရ’ ဆိုတတ်တဲ့ အရွယ်မှာလဲ မဆိုခဲ့တော့ဘူး လို့ ဆရာစား ချန်ခဲ့ပါကြောင်း ပြောခဲ့ဖူးတာလိုပေါ့ရှင်။ ‘မေလှမြိုင်’ရဲ့ ‘နွေဦးတေးသံ’ သီချင်းထဲက ‘နှင်းငွေကျန် လေပြန်လောင်း’ ဆိုတဲ့ နေရာက ‘အထေ့ဆို’ လေးတွဲ့တွဲ့ကြီးဟာ ‘မြိုင့်’ ထူးခြားတဲ့ အဆို အထားအသိုနဲ့မှ လိုက်ဖက်တာမို့ ဆရာစားချန်တဲ့ အထဲ ဂန္ထဝင်တင်ထားပါတယ်။ နားဆင်ကြည့်ပါနော်။

နေမင်းသူရိန်၊ ပူရှိန်ကပြင်း သပြေဒီပါကျွန်း ---- ထွန်းထိန်လို့လင်း xxx (နှင်းငွေကျန် လေပြန်လောင်း)၂ xxx ဟေမာန်ဆောင်းလ ပြောင်းကြွခဲ့ ပါပြီအမှန် ---- ခါတပေါင်း ညှာညောင်း ကြွေ နွေရတုဆန် xx ∙ (နွေဦးတေးသံ-မြိုင်)

သောတရှင်တို့ ‘မြိုင့်’ အဆို စတိုင်ကို ကြားလိုက်ပြီပေါ့နော်။ ‘အထေ့ဆို’ ဆိုတာ မျိုးသုံးတာက အသံကို နွဲ့လိုက်တာ၊ အကြောင်းအရာကို နွဲ့ လိုက်တာ၊ အချစ်ဖွဲ့ဆိုရင် ညုလိုက်တာလို့ သဘောထားရမယ့် ကိစ္စပါ။ မြိုင်က ဆိုပေါက်ကို နွဲ့လိုက်တာ ‘ကျန်’ ဆိုတဲ့ စာလုံးမှာမို့ ‘ဟန်’ ကို နွဲ့လိုက်တာဖြစ်ပါတယ်။ ဂီတနားယဉ်ပြီး မြန်မာသီချင်း များများ နားထောင်ရင် မာအေး ပြောတာကို ပိုပြီး နားလည်မှာ ပေါ့နော်။ သူ့အသံက တည်တယ်၊ ကြည်တယ်၊ ပီသတယ်။ ယောင်္ကျားဟန်လို ငေါက်ဆိုသံလဲ ပါနေတဲ့အထဲ အဆိုကို နွဲ့ချလိုက်တော့ စတိုင်တမျိုး ခံစားရတာ ဖြစ်သွားတဲ့ မေလှမြိုင် ဆိုပေါက် တခုတိုးလာတာပေါ့ရှင်။ အမေမြိုင့်မှာ အဆိုသမားတိုင်းနဲ့ မတူတဲ့ အဆို အသံကျတွေ ရှိကြောင်း ဌာန်ကရိုဏ်း ကျကျ ဆိုတတ်ကြောင်း သိနိုင်တာ သင်တဲ့ ဆရာကြောင့်လဲ ပါပါတယ်။ မြိုင့်ဆရာရင်းက ‘ရန်နိုင်ဆွေ’ ကိုးရှင့်။ ဆရာက တယောထိုးလဲ ကောင်းတယ်၊ အသံက ပြာတာတာ ပြတ်တောင်းတောင်း ပေမယ့် အဆိုက အင်မတန်ပါးနပ်တယ်။ အမေမြိုင် နဲ့ စုံတွဲဆို တပုဒ် ရေးခဲ့တာ အမျိုးသားတချို့က ဟာသလို့လဲထင်၊ ဖိတယ်လို့လဲ ထင်လို့ နေမှာပေါ့၊ မဆိုကြတာနဲ့ ဆရာကိုယ်တိုင်ဘဲ ဆိုလိုက်ရတဲ့ သီချင်းကို နားထောင်ကြည့်ပါရှင်။ နာမည်ကြီး သီချင်းတပုဒ်ပါဘဲရှင် “အလှ၏ ကျေးကျွန်” တဲ့

ဆွေ – ဥမ္မာနွယ်မမျှ မယ်ပပ မီနိုင်ပေါင်ကွယ်၊ အလှကြွယ်၊ နှမသယ်၊ ဒီဘဝအရေး ပီယဆေး ဆောင်စရာမလိုတယ်၊ မြင်သူတိုင်း ချစ်စရာ မေတ္တာ ပိုလောက်ဖွယ် xxx

မြိုင် – ဆက်ပါအုန်း မောင်ရယ်၊ မဟုတ်ပေတဲ့ နားထောင်ကောင်းသားဟယ်၊ ရေလည်အောင် နိဂုံးချုပ်ပါကွယ် xxx

ဆွေ – အဟုတ်ပြောတာပါကွယ်၊ ကျုပ်သဘော စာနာဘွယ်၊ မြင်မြင်ချင်း ရင်ရင်တွင်းမှာ စွဲလို့ရယ်၊ လှထိပ်ခေါင် အထူးအမြတ်ကို ရူးမတတ် မောင်ချစ်မိပြီကွယ်၊ အချိန်ကို စောင့်စား - အောင့်ထားလို့လဲ မရပါတယ်၊ ညီတူ ဖြစ်စရာ ချစ်ဖြူ ချစ်ပါလားကွယ် xxx (အလှ၏ကျေးကျွန်)

[ မူရင်း - ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]

Thieves target Dala Dockyard

ဒလသင်္ဘောကျင်းများတွင် ခိုးသားဓားပြများသောင်းကျန်းနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၈၊၂၀၀၉
သူခိုးထူသည့် ဒလ သင်္ဘောကျင်း (ဓာတ်ပုံ - မိုးမခ)

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်အတွင်းရှိ သင်္ဘောကျင်းများတွင် အုပ်စုဖွဲ့ ပစ္စည်းခိုးသူများ ယခင်ကထက် ပိုများပြားလာပြီး ပိုမို အတင့်ရဲလာသည်ဟု လွန်းတင်သင်္ဘောမှ တာဝန်ကျ သင်္ဘောသားများက ပြောကြသည်။

`ပြီးခဲ့တဲ့လက (သြဂုတ်) ဟိုဘက်က သင်္ဘောပေါ်ကို သူခိုး တက်လာတာ အော်လို့ဆိုပြီး အော်တဲ့ သင်္ဘောအစောင့်ကို အသားတွေကို ဆွဲဆွဲပြီး လှီးသွားတာ ဒဏ်ရာတွေ အကွင်းလိုက် အကွင်းလိုက် ကျန်ခဲ့တယ်။ သတ်တော့ မသတ်ဘူး တော်တော်တော့ ရက်စက်တယ်´ ဟု ဒလသင်္ဘောကျင်းတွင် လွန်းတင် ပြင်ဆင်နေသော သင်္ဘောတစ်စီးမှ တာဝန်ကျ ၀န်ထမ်းတစ်ဦးက ၄င်းကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြန်ပြောပြသည်။

ယခုရက်ပိုင်းများ အတွင်းတွင် သူခိုးများက လှေများဖြင့် အုပ်စုဖွဲ့ကာ သင်္ဘောများသို့ ချဉ်းကပ်လာကြသည်ဟု ဆိုသည်။ တစ်ဖွဲ့လျှင် ဆယ်ယောက် ဆယ့်နှစ်ယောက်အထိ ရှိသည်ဟု သင်္ဘောအစောင့်များက မိုးမခကို ပြောပြကြသည်။

ပစ္စည်းခိုးနေချိန်တွင် သင်္ဘောအစောင့်များ တွေ့ရှိပါက သူခိုးများက လေးခွဖြင့် ပစ်ခတ်ခြင်း ဓားဖြင့် ထိုးပြေးခြင်းများ ရှိသည်။

စက်တင်ဘာလ တတိယအပတ်အတွင်းက သူခိုး ၁ဝ ယောက်ခန့် လှေ ၃ စီးဖြင့် ဒလသင်္ဘောကျင်း အနားသို့ ကပ်လာစဉ် အစောင့်များက တွေ့ရှိသွားသောကြောင့် လေးဂွဖြင့် ပစ်ခတ်ကာ ပြန်လည် ထွက်သွားကြသည်ဟု သင်္ဘောအစောင့်တစ်ဦးက ပြောသည်။

၎င်းအဖြစ်အပျက်များကို ဒလမြို့နယ် ရဲစခန်းအား အကူအညီ တောင်းသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သင်္ဘောတာဝန်ကျ ၀န်ထမ်းများက ပြောကြသည်။

`ရဲအင်အားထက် သူခိုးအင်အားက များနေလို့လား၊ ဒါမှမဟုတ် ရဲတွေနဲ့ပဲ ပေါင်းထား သလားတော့ မသိဘူး။ အခုပုံစံက သူခိုးဆိုတာထက် ဓားပြပုံစံလို ဖြစ်နေပြီ။ ညဖက် တာဝန်ကျလို့ ခိုးနေတာမြင်လည်း မအော်ရဲဘူး´ ဟု ဒလမြို့နယ် အံကြီး သင်္ဘောကျင်းတွင် လွန်းတင် ပြင်ဆင်နေသော အစိုးရပိုင် သင်္ဘောတစ်စီးမှ အစောင့်တစ်ဦးက ပြောသည်။

သင်္ဘောပြင်ဆင်ရန်ထားသည့် သံပြားများ၊ သင်္ဘောချည်နှောင်သည့် ၀ါယာကြိုးများ၊ သံကြိုးများနှင့် သင်္ဘောပန်ကာများ အခိုးခံရသည်ဟု သိရသည်။

ဒလမြို့သည် ရန်ကုန်ဘက်ကမ်းမှ စက်လှေဖြင့် ၁၀ မိနစ်ခန့်သာ သွားရသည့် အကွာအဝေးတွင် ရှိသော်လည်း ရန်ကုန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အလွန် ကွာခြားပြီး နေ့စားအလုပ်သမားများ နှင့် ရန်ကုန်မြို့ပေါ်တွင် လှည့်လည် ဈေးရောင်းကာ အသက်မွေးသူများ နေထိုင်ကြသည့် မြို့နယ် တစ်ခု ဖြစ်သည်။

migrant workers joined 2nd anniversary of saffron revolution ceremony

ထိုင်းတောင်ပိုင်းရောက် မြန်မာများ ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်
အောင်စိုးထိုက်
စက်တင်ဘာ ၂၈၊ ၂၀၀၉ သံဃာတော်များက မြန်မာစစ်အစိုးအရအား မေတ္တာသုတ် ရွတ်ဖတ်၍ သပိတ်မှောက် ဆန္ဒပြခဲ့သော နှစ်ပတ်လည်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်းမှ မြန်မာပြည်သားများ ဆုတောင်းပွဲ ပြလုပ်နေပုံ(ဓာတ်ပုံ-GHRE)

ရွှေဝါရောင် တော်လှန်ရေး (၂)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် “ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်မီး ထွန်းညှိဆု တောင်းခြင်း” အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း တကွာပါမြို့နယ်၊ ခိခတ်ကျေးရွာတွင် စက်တင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ရာ ထိုဒေသရောက် မြန်မာပြည်သား အလုပ်သမားများ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဆုတောင်းပွဲတွင် အလုပ်သမားများနှင့်တူ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် GHRE, IOM, SNF နှင့် HREIB တို့မှ ပူပေါင်းတာဝန်ယူကျင်းပခြင်းဖြစ်ပြီး၊ အခမ်း အနားသို့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဟန်းသံဃာတော်များ၊ နှင့် ဒေသခံထိုင်းလူမျိုးများ အပါအ၀င် လူအင်အား (၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

“ဒီနေ့ဟာဆိုရင် မြန်မာပြည်သူပြည်သားတို့ရဲ့ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒါတွေကို အကြောင်းပြုပြီးတော့ ဦးဇင်းတို့ သံဃာတွေကနေ ၂၀၀၇ စက်တင်ဘာလမှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့ (၂)နှစ်ပြည့် နေ့တစ်နေ့ဖြစ်ပါတယ်။ ဦးဇင်းတို့ကနေပြီးတော့ အဲဒီတုန်းက သေဆုံးခဲ့တဲ့ သံဃာတော်တွေ၊ ပြည်သူလူထုတွေနဲ့ အကျဉ်းချခံထားရတဲ့သူတွေအတွက် ရည်စူးပြီး မေတ္တာပို့ပရိတ်တရားတော်များကို ရွတ်ဖတ်ပြီး၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းတာ ဖြစ်ပါတယ်” ဟု အခမ်းအနားသို့ တက်ရောက်လာသော ဆရာတော်အရှင် ဦးသုမနက မိုးမခသို့ မိန့်ကြားသည်။

အခမ်းအနားကို Samsung Community Center တွင် ညနေ (၄)နာရီမှ ည(၇)နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆုတောင်းပွဲလုပ်ရသည့် ရည်ရွယ်ချက် တခုမှာ ထိုင်းလူမျိုးများကို လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး သိစေလိုခြင်း ဖြစ်သည်ဟု အခြေခံလူထု လူ့အခွင့်အရေး နှင့် ပညာပေးဌာန (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ရှင်းပြသည်။

“လက်ရှိ မြန်မာ အစိုးရ အနေနဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေတင် မကဘဲ ပြည်သူတွေ အထွတ်အမြတ် ထားတဲ့ သံဃာတော် တွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် နှိပ်ကွပ် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ထိုင်းလူမျိုးတွေ သိစေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့မြန်မာတွေ ဘာကြောင့် သန်းနဲ့ချီပြီးတော့ ရောက်လာတယ် ဆိုတာ သူတို့ သိရှိနား လည်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးလုပ်ငန်းတွေမှာ သူတို့အနေနဲ့ တတ်နိုင်တဲ့ ဘက်က ပူးပေါင်းပါဝင်လာနိုင်မှာဖြစ်ပါတယ်” ဟု ဦးထူးချစ်က ပြောသည်။

အခြေခံလူထု လူ့အခွင့်အရေး နှင့် ပညာပေးဌာန မှ ဒုဥက္ကဌ ဖိချလီဒါ က “ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်မှာ အခုလိုလာခွင့်ရ တဲ့အတွက် ၀မ်းသာကြည်နူးဖြစ်မိပါတယ်။ အခုကျင်းပတဲ့ပွဲမှာ မြန်မာနဲ့ ထိုင်း လူမျိုးတွေက ညီအစ်ကိုမောင်နှမတွေလို စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာတွေ့ရလို့ ၀မ်းသာပါတယ်။ ဒီပွဲကို လုပ်ခြင်းအားဖြင့် သာသနာကို အမြဲအောင်းမေ့သတိရစေပြီး၊ သံဃာတော် တွေနဲ့ ပြည်သူလူထုတွေ ပူးပေါင်းပြီး၊ ဘာသာသာသနာကို ထွန်းကားအောင် ဆောင်ရွက်သွားဖို့ တွန်းအားတစ်ခုဖြစ်စေပါတယ်။ ထိုင်းဘုရင်မင်းမြတ်က လည်း မြန်မာလူထုတွေကို ချစ်ခြင်းမေတ္တာ တွေ ပေးဝေနေပါတယ်။” ဟု လေးလေးနက်နက်ပြောကြားသွားသည်။

အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဆွေးနွေးပွဲအစီအစဉ်များပါဝင်ပြီး၊ အစီအစဉ် နောက်ဆုံးတွင် တက်ရောက်လာသည့် ဧည့်ပရိသတ် စုစုပေါင်း (၂၀၀) ကျော်က ဖယောင်းတိုင်မီးများထွန်းညှိ၍ (၂) မိနစ်ကြာ ငြိမ်သက် ဆုတောင်းကြကို တွေ့ရသည်။

Sunday, September 27, 2009

NLD 21 Years - statement and speech published

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီ ၂၁ နှစ်ပြည့် ကြေငြာချက်ထုတ်ပြန်

မိုးမခဓာတ်ပုံသတင်း

စက်တင်ဘာ ၂၈၊ ၂၀၀၉

စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ ပါတီဌာနချုပ်တွင် ပါတီထူထောင်ခြင်း ၂၁ နှစ်ပြည့် အခမ်းအနားကျင်းပခဲ့ရာတွင် ပါတီက အစည်းအဝေးသဘာပတိမိန့်ခွန်းနှင့် ပါတီ၏ ထုတ်ပြန်ချက်ကို ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး စသည်တို့အပြင် ပါတီ၏စည်းရုံးရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိရန်၊ ၉၀ ရွေးကောက်ပွဲအနိုင်ရသော်လည်း ဖျက်သိမ်းခံခဲ့ရပြီးသည့် ပါတီများ ပြန်လည် လှုပ်ရှားခွင့် ရရေးတို့ကိုပါ တောင်းဆိုထားသည်ကို တွေ့ရသည်။ ဒီမှာ ဖတ်နိုင်ပါပြီ။ http://www.scribd.com/doc/20302394/NLD21Year-Statement

My Academy Sein - New Stage Performance by Young Artists



နှင်းဆီရင်ခွင်ထဲသို့ ရောက်သွားတဲ့ မြန်မာပရိသတ်

မိုင်အကယ်ဒမီစိန်

စက်တင်ဘာ ၂၇၊ ၂၀၀၉

ရုပ်ရှင်သရုပ်ဆောင် နေတိုး၊ အဆိုတော်များဖြစ်တဲ့ ထွန်းထွန်း၊ မိုးမိုးနဲ့ ကျော်ကျော်ဗိုလ်တို့က လူပြက်များအဖြစ် ပါဝင်ဆင်နွှဲထားတဲ့ အငြိမ့်ခွေကို ကြည့်ဖြစ်ခဲ့တယ်။ မင်းသမီးများကတော့ ဖူးငုံနဲ့ မေကဗျာဖြစ်ပါတယ်။ ဒါရိုက်တာမောင်မျိုးမင်းရင်တွင်းဖြစ်ရဲ့ ရိုက်ချက်များနဲ့ ညောင်ညောင်ရဲ့ အကြံပေးမှုများနှင့် တင်ဆက်လိုက်တဲ့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေးရန်ပုံငွေ အငြိမ့်ပါတဲ့ဗျာ။

သူတို့ပါဝင်တဲ့အဖွဲ့ကို မြန်မာ့အသံက တင်ဆက်တဲ့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များနေ့ (အဲသည်နေ့ အမှတ်တရ လွှင့်တယ်လို့ ထင်ပါတယ်။ ကြာပြီဆိုတော့ မှားရင်လည်း မှားလိမ့်မယ်။) ဆိုတဲ့ အမှတ်တရ အငြိမ့် ကို ကြည့်ဖူးခဲ့ပါတယ်။ အဲဒီတုန်းက အဆိုတော်ရဲလေးလည်း ပါ ပါတယ်။ ထူးခြားပြီး မမျှော်လင့်မိတဲ့အရည်အချင်းတွေနဲ့ တင်ဆက်မူများကို တွေ့ဖူးပြီးသားမို့ အခုတခါတော့ သူတို့ကိုအားပေးပြီး ကြည့်ခဲ့တယ် ဆိုပါတော့လေ။

အမှန်ပြောရရင်တော့ သူတို့လို နုနုဖတ်ဖတ် မင်းသားလေးတွေက အငြိမ့်ကတယ်ဆိုတာကို သိပ်ပြီး အစပ်မတည့်သလို ပါပဲ။ ဒါပေမယ့် … တကယ်တော့ အနုပညာဆိုတာ မြန်မာပြည်မှာ ရှိနေပါသေးလား ဆိုတာ ထုတ်ပြနိုင်စွမ်းတွေ အပြည့်ပါလားလို့် ခံစားခဲ့မိရပါတယ်။

မြန်မာပြည်မှာ စစ်အစိုးရ ဖိနှိပ်မှုများကြောင့် ရုပ်ရှင်တွေလည်း ဘ၀ပြောင်း၊ တေးဂီတတွေလည်း နစ်မွန်း၊ အနုပညာသည်ဆိုတာ ဘယ်သူ့အတွက်ပါလဲလို့ဆိုရင် စစ်အစိုးရအတွက်ပါလို့ ကာရံမိမိ ဖြေနေရတဲ့ သည်ခေတ်ကြီးထဲမှာဗျာ …။

မင်းသား မင်းသမီးတွေခင်ဗျာလည်း ကိုရီးယားမင်းသား မင်းသမီးတွေနဲ့ နှိုင်းယှဉ်ခံပြီး မကောင်းအပြောခံရတာတွေများလို့ အရည်အချင်းတွေ မရှိတော့ဘူးလားရယ်လို့ ထင်နေမိတဲ့အချိန်မှာပဲ … ဟောသည် အငြိမ့်ခွေလေးကြောင့် မိုင်အကယ်ဒမီစိန် ရဲ့ရင်ထဲက အပူလုံးလေးလည်း နည်းနည်းတော့ ကျသွားပါကြောင်းပါ။

ကလိထိုးပြီး ရယ်နေရတဲ့ သည်ခေတ်ကြီးထဲမှာ ဟာသဉာဏ်လေးနဲ့ မြန်မာပရိသတ်ရင်ထဲက အမောကိုပြေသွားအောင် တင်ဆက်နိုင်စွမ်းရှိလို့ ချီးကျူးလိုက်ပါရစေ။ ခေတ်နဲ့အညီ ၀တ်စားဆင်ယဉ်ကြတဲ့ ဟောသည် ခေတ်လူငယ်ကလေးတွေက ခေါင်းပေါင်းနဲ့ ပုဆိုးတိုက်ပုံနဲ့ကို ယဉ်ယဉ်ကျေးကျေး ၀တ်ဆင်ပြပြီး ကပြအသုံးတော်ခံသွားကြတာကို တွေ့ရမြင်ရတာ အားတက်မိပါတယ်။ ဒီခေတ်ကြီးထဲမှာ မွေးလာလို့ အထင်မသေးလိုက်ပါနဲ့ …လို့များ သက်သေပြလိုက်ကြတဲ့ အတိုင်းပါပဲဗျား…။

မြန်မာ့ရုပ်မြင်သံကြားမှာ တင်ဆက်ကြတဲ့ Announcer တွေကိုလည်း အငြိမ့်ထဲ ဧည့်သည်သရုပ်ဆောင်များအဖြစ် မြင်တွေ့ရတာ ချစ်စရာကောင်းသွားပါတယ် ဆိုတာလည်း ပြောလိုက်ပါရစေ။

ဘောင်တွေခေတ်၊ ခြံစည်းရိုးတွေထူ၊ အုတ်တံတိုင်းတွေနဲ့ ကာရံထားတဲ့ သည်ကဆင်ဆာအဖွဲ့တွေအောက်က ထွက်လာရတဲ့အနုပညာမှာ အနုပညာသည်စစ်စစ်တွေ ရှိနေပါတယ်။ ပြီးတော့ တွေးမိတာလေးကို ပြောရရင်

“အနုပညာဆိုတာ “ပရောပါဂယ်နာ” ဆိုတဲ့ ၀ါဒဖြန့်တင်ဆက်မှုတွေမှာ ကိုယ့်ဘက်ကသိပ်ပြီး ပရောပါဂယ်နာလုပ်ပြလည်း အနုပညာမမြောက်သလို၊ သိပ်ပြီး ဆန့်ကျင်ပြတတ်တဲ့ ပရောပါဂယ်နာမျိုးဟာလည်း အနုပညာမမြောက်ဘူး”

ဆိုတာပါပဲ။

“အနုပညာဆိုတာ အဲသည်ကြားထဲမှာ ရပ်တည်နေပြီး သိပ်ကို နူးညံ့ သိမ်မွေ့ပါတယ်” ဆိုတာလေး တွေးမိသလိုပြောရင်း နိဂုံးချူပ် လိုက်ပါရစေ။

မြန်မာ့အနုပညာသည်များ တိုးတက်ထွန်းကား အောင်မြင်ပြီး မြန်မာပရိသတ်များ၏ ရင်ခွင်ထဲမှာ ခိုနားနိုင်သွားကြပါစေ ဗျား။

Lu Bo - The Frog & I

အကို ဖားထွက်ရိုက်သလိုမျိုး

လူဗိုလ်

စက်တင်ဘာ ၂၇၊ ၂၀၀၉

(၁)

ခုလိုမျိုးမိုးဦးညတွေမှာ သံစုံတီးဝိုင်းဆန်ဆန် ဖားအော်သံတွေကြားရပြီဆိုရင် ကျနော့်အကို့ကို သွားသွားသတိရ မိတယ်။ အကိုက ကျနော်တို့မောင်နှမတွေထဲမှာ ဒုတိယ။ ကျနော်နဲ့က တယောက်ခြား။ မောင်နှမတွေက တယောက်နဲ့ တယောက် ၅ နှစ်လောက်စီ ခြားကြတော၊့ အကိုနဲ့ကျနော်က ၁၀ နှစ်လောက် အသက်ကွာတယ်။ ကျနော်တို့ကြားမှာ အမဖြစ်နေတော့ အကိုနဲ့ကျနော်က ယောက်ျားလေးချင်း ပြောဖော်ဆိုဖော်လေ။ အသက်ကကွာတော့ သူငယ်ချင်းပေါင်း တော့လည်း မဖြစ်ခဲ့။ အကိုကြီးအဖရာ လိုလို။ ဆရာတပည့်လိုလို ဆက်ဆံရေး။

Some KOK shops and Prostitutes sites closed

ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေ အချို့ပိတ်ထားရ

မိုးမခ အထောက်တော်၊ ရန်ကုန်

စက်တင်ဘာ ၂၈၊ ၂၀၀၉

ရန်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင်အား လာဘ်စားမှု စွပ်စွဲချက်များဖြင့် စစ်ဆေးဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အနှိပ်ခန်းများနှင့် ကာရာအိုကေဆိုင်များ အနေဖြင့် စီမံချက်ရှိသည့် အကြောင်းကြောင့် ယခုလ ကုန်ရက်ပိုင်းအထိ ခေတ္တရပ်နားထားကြသည်ဟု သိရသည်။

ရန်ကုန်မြို့ရွှေဂုံတိုင်တွင် ကာရာအိုကေ ဆိုင်ဖွင့်လှစ်ထားသူ တဦးက``လာမယ့် ၂၈ရက်နေ့ထိ စီမံချက်ရှိတယ်လို့ နယ်မြေခံရဲတွေက လာပြောထားလို့ နားထားရတယ်။ တချို့ရက်မှာ ဧည့်သည်ရှိလို့ အနီးအနားက ဆိုင်လည်းဖွင့်ထားတယ်ဆိုရင် စွန့်ပြီး တရက်တလေ ဖွင့်တာလောက်ပဲ၊ သူတို့က ၂၈ ရက်နေ့ထိ မဖွင့်ပါနဲ့ ပြောထားတော့ အဲဒီနေ့အထိ စောင့်ရမှာပေါ့´ ဟုဆိုသည်။

စက်တင်ဘာ လဆန်းကတည်းက ရန်ကုန်တိုင်း ရဲမှူးကြီးဖြစ်သူကို လာဘ်စားမှု စွပ်စွဲချက်များဖြင့် စစ်ဆေးနေခဲ့ပြီး လလယ်ခန့်တွင် ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။ ရန်ကုန်တိုင်း ရဲမှူးကြီးနှင့် အတူ ဆိပ်ကမ်းမြို့နယ် စခန်းမှူး၊ တောင်ပိုင်းခရိုင်ရဲမှူး၊ ကျောက်တံတား စခန်းမှူး အပါအ၀င် အခြားမြို့နယ်မှူး၊ စခန်းမှူးနှစ်ဦး စုစုပေါင်း ၅ဦးဖမ်းဆီးခံထားရသည်ဟု လည်းသိရသည်။

ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်၏ ဇနီးဖြစ်သူမှာ ပုဇွန်တောင်မြို့နယ်တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားခဲ့ပြီး ဇနီးဖြစ်သူက ရဲမှူးကြီး၏ လုပ်ပိုင်ခွင့်အာဏာများကို သုံးစွဲကာ ကိုယ်ကျိုးစီးပွားရှာခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလျက်ရှိသည်။

ရန်ကုန်တိုင်းရဲမှူးကြီးရာထူး နေရာကို ယခင် ရန်ကုန် အနောက်ပိုင်းခရိုင်ရဲမှူး ဖြစ်သူ အောင်နိုင်သူအား ခန့်အပ်ခဲ့ပြီးနောက် ယခုလို အနှိပ်ခန်းနှင့် ကာရာအိုကေ ဆိုင်များအား နှိမ်နှင်းမည့် စစ်ဆင်ရေး တရပ်ကို လုပ်ဆောင်ပြသခြင်း ဖြစ်သည်ဟု ရဲနှင့်နီးစပ်သူ လုပ်ငန်းရှင်တဦးက ပြောသည်။

သို့ရာတွင် ထိုလုပ်ငန်းများ လုံးဝ ပိတ်သိမ်းသွားသည်အထိ လုပ်ဆောင်ရန်ရည်ရွယ်ချက်မရှိပဲ စစ်ဆင်ရေး ကာလတွင် အဖမ်းအဆီးပြသရန်၊ ခေတ္တရပ်နားထားကြစေလိုသည့် ရည်ရွယ်ချက်မျိုးသာဖြစ်သည်ဟု ထိုလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့တွင် အနှိပ်ခန်း၊ ကာရာအိုကေနှင့် အလှပြင်ဆိုင်တို့တွင် အမျိုးသမီး လုပ်သား၊ စားပွဲထိုးနှင့် အလှပြင်သူတို့ကို ငှားရမ်းကာ ပြင်ပလုပ်ငန်း ဗန်းပြပြီး လိင်ကိစ္စ အရောင်းအ၀ယ် တပိုင်းထိ လုပ်ကိုင်သည့် သာဓကများစွာရှိသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။

ထိုသို့သော လုပ်ငန်းများကို စစ်တပ်အရာရှိကြီးများ၏ ဆွေမျိုးသားချင်းများ၊ ရဲအရာရှိကြီးများနှင့် အကျိုးတူလုပ်ကိုင်ကြသူများ နှင့် လစဉ် ဆက်ကြေးပေးပြီး လုပ်ကိုင်သူများက လုပ်ကိုင်ကြသည် ဟုလည်း ရန်ကုန်မြို့ခံများက ဆိုသည်။ ထိုသို့ကောက်ခံရရှိသည့် ဆက်ကြေး လစဉ်ကြေးများက ရဲနှင့် စရဖ အဖွဲ့ဝင်များ ကိုထောက်ပံ့ပေးနေကြရသည်။

ရန်ကုန်မြို့လယ် လူနေရပ်ကွက်ဟု ဆိုသည့် ကျောက်တံတား မြို့နယ် တခုအတွင်းမှာပင် အနှိပ်ခန်းပေါင်း ၃၀မှ ၄၀ အကြားရှိသည်ဟု အမည်မဖေါ်လိုသည့် အနှိပ်ခန်းဖွင့်လှစ်ထားသူ တဦးကဆိုသည်။ ထိုအနှိပ်ခန်းများမှ ရဲနှင့် ရယက (ရပ်ကွက် ငြိမ်းချမ်းသာယာရေးကောင်စီ) သို့လစဉ် ဆက်ကြေးပေးဆောင်ရသည်ဟု လည်းသိရှိရသည်။

27th Sept 2009 - MoeMaKa Radio

စက်တင်ဘာ ၂၇၊ ၂၀၀၉ - မိုးမခရေဒီယို အစီအစဉ်
စန္ဒယားလှထွဋ်အလွမ်းပြေ - စန္ဒယားချစ်ဆွေ၊ ရာဇာဝင်းတင့်

သတင်းတိုထွာ၊ သီချင်းပဒေသာ

ဝါရှင်တန်အပြောင်းအလဲနဲ့ စစ်အစိုးရဗလောင်းဗလဲ (ရဲဘော်ဖိုးသံချောင်း၊ ခေတ်ပြိုင်)

၅၀၀၀ိ တန် ငွေစက္ကူသတင်းဂယက် (မိုးမခ၊ ခေတ်ပြိုင်)

ကိုညီညီအောင်နဲ့ မောင်ထောင်းဒီး - သတင်းစုစည်းချက်

ကဗျာအစ ပန်းစကားက - အမျိုးသားပညာဝန်ဦးဖိုးကျား

ဖြစ်ရပ်မှန်နဲ့ သတင်းစာကြား ကွာခြားလှပါလား - ယနေ့မြန်မာ၊ ခေတ်ပေါ်ကဗျာ၊ ရွက်သစ်)

တခါက ဒိုင်နိုဆောများ - ပန်းပဲမောင်တင့်တယ်ရာဇ၀င် - သီဆိုသူ မာမာအေး

အထူးကဏ္ဍ - ဗိုလ်ချုပ်မှူးကြီးသို့ ပေးစာ - အင်န်အယ်ဒီဦးဉာဏ်ဝင်း၊ အာရ်အက်ဖ်အေ

စီစဉ်သူ - ဦးပန်တျာ၊ သံစဉ်ရတနာ