Friday, July 31, 2009

Win Tin and activists show support for Aung San Suu Kyi

ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ ထောင်ရှေ့သို့သွား
ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အင်းစိန်ထောင်တွင်း စီရင်ချက်ချမည့် သတင်းကြောင့် ထောင်ရှေ့သို့ ရောက်လာသော ဦးဝင်းတင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတချို့ကို ယနေ့ နံနက်က တွေ့ရပုံ။ လုံထိန်းများကလည်း ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပေါ်လာပါက နှိမ်နင်းရန် အသင့်ပြင်ထားကြသည်ကို တွေ့ရသည်။ (ဓာတ်ပုံများ - AP & Reuters )

Chit Thu Wai in maxi dress

ကိုယ်ဝန်ဆောင်အဖြစ် သရုပ်ဆောင်သည့် မော်ဒယ်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၀၉

ကြော်ငြာတခုတွင် ကိုယ်ဝန်သည်အဖြစ် သရုပ်ဆောင်ထားသော မိုဒယ် ချစ်သုဝေ။

လာမည့် ၁၀ ရက်နေ့သည် ချစ်သုဝေ၏ ၂၅ နှစ်မြောက် မွေးနေ့ ဖြစ်သည်။ ချစ်သုဝေသည် ရန်ကုန်မြို့ ကန်တော်လေးတွင် နေထိုင်သည့် ဆရာဝန်၊ မော်ဒယ်၊ အဆိုတော်တဦးဖြစ်သည်။ ၂၀၀၂ခုနှစ်တွင် အစ်မဖြစ်သူ ချစ်ဆုဝေ နှင့် တွဲဖက်ပြီး သီဆိုထားသည့် “သို့ ဖေဖေ နဲ့ မေမေ” အမည်ရှိ သီချင်းခွေ ထွက်လာသည်။ ၂၀၀၂ မှ ၂၀၀၆ အတွင်း သီချင်းခွေ ၆ ခွေ ထွက်ရှိခဲ့ပြီးဖြစ်သည်ဟု People မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

Before July 31, Numerous Burmese Activists detained by Burmese secret police

ဇူလိုင် ၃၁ - တရားရုံးချိန်းမတိုင်မီ အဖမ်းခံရသူ ၂၃ ဦး စာရင်းရသည့်အနက်မှ ၂ ဦး ပြန်လွတ်လာဟု ဆို

မိုးမခအထောက်တော် ၀၀၉

ဇူလိုင် ၃၁၊ ၂၀၀၉

ပြည်တွင်းက ပေးပို့သော သတင်းအရ ဒီမိုကရေစီရေးအတွက် ရပ်တည်လှုပ်ရှားသူများ ယမန်နေ့ညက အများအပြား မြန်မာပြည်အနှံ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ဟု သိရသည်။ ယမန်နေ့ညက ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်သူ ၂ဦးမှာ - မြောက်ဥက္ကလာ မှ ဒေါ်နော်အုန်းလှ နှင့် စမ်းချောင်း မှ ဦးညွှန့်လှိုင် (အောင်လံအမတ်) ဟု ဆိုသည်။ ဆက်လက်ရရှိသော အဖမ်းအဆီးစာရင်းများကို တင်ပြပေးသွားမည်ဟု သတင်းပေးပို့သူက အကြောင်းကြားထားသည်။ ယခုလတ်တလော စာရင်းလက်ခံရသည့် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ခံထားရသူ ၂၁ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

၎င်းတို့မှာ -

ရေနံချောင်း
၁။ ကိုမြင့်ငွေ

၂။ ကိုတင့်လွင်

၃။ ကိုသန်းအောင်

၎။ အမည်မသိ

အောင်လံ
၅။ ဦးအေးမြင့်

၆။ ဦးမင်းမောင်

တောင်တွင်းကြီး
၇။ ကိုစိုး

၈။ ကိုပါလေး

၉။ ကိုကျော်နိုင်

မြို့သစ်
၁၀။ ဦးသာအောင် (အမတ်)

၁၁။ မဇင်မမထွန်း

၁၂။ ကိုသန်းစိုးမြင့်

ဒဂုံမြို့သစ်
၁၃။ ကိုထိန်ဝင်း

၁၄။ ဒေါ်ခင်ဝင်းကြည်

မင်္ဂလာဒုံ
၁၅။ မခင်မြတ်သူ

ဒေါပုံ
၁၆။ ကိုနေလင်းကျော်

သာကေတ
၁၇။ ကိုနေလင်းစိုး

မင်းဘူး
၁၈။ ဦးသောင်းစိုး-ဥက္ကဌ (မကွေးအမှတ် ၂ ရဲစခန်းမှာချုပ်ထား)

စကု
၁၉။ ကိုနေမျိုးကျော် (မကွေးအမှတ် ၁ ရဲစခန်းမှာချုပ်ထား)

ပွင့်ဖြူ
၂၀။ ကိုအောင်ဝင်း (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)

၂၁။ အမည်မသိ (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)

Thursday, July 30, 2009

Than Soe Hlaing - July 31st or ...

ဇူလိုင် ၃၁ သို့မဟုတ် ...
သန်းစိုးလှိုင်
ဇူလိုင် ၃၁၊ ၂၀၀၉

နံနက် ၈နာရီ ခွဲ ရန်ကုန်၏ နံနက်ခင်းမှာ ပုံမှန်နေ့ တနေ့ဟု ထင်ရသော်လည်း အချို့သူများကတော့ ယနေ့ကို တစုံတရာ ဖြစ်ပျက်နိုင်သည့် နေ့တနေ့ အဖြစ်ထင်မှတ် လျက်ရှိသည်။ မနေ့ညနေမှ စပြီး သည်းသည်းမဲမဲ ရွာသည့်
ရန်ကုန်မိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမှတ်မည့် နံနက်တွင် တိတ်ဆိတ်နေပြီး အုံ့အုံ့ဆိုင်းဆိုင်းနှင့် တချက်တချက် နေရောင်ပင် မြင်နေရသည်။ လမ်းပေါ်တွင် သွားလာနေသည့် လူအများ၏ စိတ်ထဲတွင် ဒီနေ့တော့ ဒေါ်စုကို အမိန့်ချလိမ့်မယ်၊ ဘာများဖြစ်ဦးမလဲ စသည့်အတွေးများလည်း တွေးမိနေကြသည်။

လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင်တော့ ယူနီးဖောင်း တောက်ပြောင်လျက်ရှိသည့် လုံထိန်းရဲ ၃ယောက်မှာ လက်ဖက်ရည်သောက် နံနက်စာစားပြီး ဗိုက်ဖြည့်နေကြသည်။ ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတွင်တော့ အစိမ်းပုပ်ပုပ် ယူနီဖောင်းဝတ် စစ်သားနှစ်ယောက်က သေနတ်ကို လွယ်လျက်အနေအထားဖြင့် ယာဉ်ထိန်းရဲ စခန်းဘေးတွင် မတ်တပ်ရပ်နေကြသည်။ သူတို့သည် မီးရထားရုံးချုပ်ထဲတွင် စခန်းချနေကြသည့် စစ်တပ်များထဲမှ ဖြစ်ဟန်ရှိပြီး ဇူလိုင် ၃၁ ရက်၊ ယနေ့တွင် တစုံတရာ ဖြစ်ပွားနိုင်သည့် အတွက် အင်အားပြနေကြခြင်း ဖြစ်သည်။

စမ်းချောင်းနှင့် လှည်းတန်း လမ်းဆုံတို့တွင်တော့ လုံထိန်းရဲ ၈ယောက် ၁၀ ယောက်ခန့်ကို တင်ဆောင်ထားသည့် ရဲကားနှင့် အရပ်ဝတ် ကြံ့ဖွံ့စွမ်းအားရှင်များတင်ဆောင်ထားသည့် ခရီးသည်တင်ဒိုင်နာကားများ ရပ်ထားသည်ကို မြင်ရသည်။ ဒိုင်နာကားပေါ်တွင် ပါရှိသည့် အရပ်ဝတ် အမျိုးသမီးကြီးများကို ကြည့်ရသည်မှာ ရဲဝန်ထမ်း ပုံစံနှင့်မတူပဲ ဆင်ခြေဖုံးရပ်ကွက်များမှ နေ့တွက်ပေးပြီး ခေါ်လာသည့် အမျိုးသမီးကြီးများ ဟုကောက်ချက်ချရသည်။

အင်းစိန်ဘူတာအနီး ပန်းခြံမှတ်တိုင်ရောက်တော့ ဘတ်စကား စပယ်ယာက “ထောင်ဗူးဝ၊ ပေါက်တော မှာဆင်းမယ့်သူတွေပါ ဒီမှာပဲပေါင်းဆင်းမယ်၊ ဟိုဘက်လမ်းပိတ်ထားတယ်” ဟုကြေငြာသည်။

ပန်းခြံမှတ်တိုင် ဆင်းလိုက်သည်နှင့် ရဲမာဇဒါဂျစ် ကားရပ်ထားပြီး ကားမှတ်တိုင်များတွင် ခရီးသည်များရော ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမည့်နေ့ကို လာရောက်နားထောင်သူများ၊ သတင်းထောက်အချို့ပါ စောင့်ကြည့်နေကြသည် ကိုမြင်ရသည်။

အင်းစိန်ထောင်ဗူးဝ ရှေ့သို့ဖြတ်သည့် ခုံးကျော်တံတားကို ဆူးကြိုးတပ် သစ်သားအတားအဆီးများဖြင့် ပိတ်ထားပြီး အဆိုပါအရှေ့သို့ ဖြတ်မည့် သူများကို တဦးချင်း စိစစ်ပြီး ထိုရပ်ကွက်တွင် နေထိုင်သူမဟုတ်လျင်၊ အကြောင်းမခိုင်လုံလျင် ဖြတ်သန်းခွင့်မပြုသည်ကို တွေ့ရသည်။ ရဲကား ၃စီးကို ခုံးကျော်တံတားဘေး ရပ်ထားပြီး ယာဉ်ထိန်းရဲအပါအ၀င် ရဲနှင့် ရဲမေ စုစုပေါင်း ၂၅၊ ၃၀ ယောက်ခန့်စောင့်နေကြသည်။

နံနက် ၉နာရီ ၀န်းကျင်မှ စပြီး အဖြူရောင် နံပါတ်ပြားတပ်ထားသည့် သံရုံးနှင့် ကုလအဖွဲ့အစည်းများမှ ကားများတစီးပြီးတစီး ရောက်ရှိလာကြသည်။ သံတမန်များကို တင်ဆောင်ထားသည့် ကားများမှာ စစ်ဆေးရေး ဂိတ်တွင် ခေတ္တရပ်တန့်ကာ စာရင်းပေးပြီး အင်းစိန်ထောင်ဘက်သို့ မောင်းနှင်သွားကြသည်ကို ခပ်ဝေးဝေးမှ သတင်းထောက်များနှင့် လူစုစုကစောင့်ကြည့်လျက်ရှိကြသည်

ထိုအတောအတွင်း ရုံးထုတ်မည့် အချုပ်သားများကို တင်ဆောင်မည့် ခပ်စုတ်စုတ် အချုပ်ကားများလည်း အင်းစိန်ထောင်ဘက် ၀င်သွားသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီ ပါတီမှ ထောက်ခံသူများကတော့ ခုံးတံတား၏ လက်ဝဲဘက် ပန်းခြံနံဘေး၊ ကြွေးကြော်သံ ဆိုင်းဘုတ်အောက်တွင် စုရုံးရောက်ရှိလာကြသည်။ ၁၀နာရီ ထိုးခါနီးအချိန်တွင်တော့ ထိုလူအုပ်အင်အားမှာ ၃၀ကျော် ရှိနေပြီး ထိုသူများကို လမ်းတဘက်ခြမ်းမှ အရပ်ဝတ် အက်စ်ဘီ၊ စရဖ တွေက ဒစ်ဂျစ်တယ် ကင်မရာ၊ ဗီဒီယိုကင်မရာများဖြင့် ရိုက်ယူကာ မှတ်တမ်းတင်လျက်ရှိသည်။

နာမည်ရင်း တင်မောင်လတ်ကို ကျောက်ဘီလူး တင်မောင်လတ်ဟု အခြားတင်မောင်လတ်များနှင့် ကွဲပြားအောင် ခေါ်ဆိုသည့် ရဲထောက်လှမ်းရေး၏ ဓါတ်ပုံဆရာကလည်း ကင်မရာ ကြီးကြီးတလုံးဖြင့် ခုံးကျော်တံတားဘေးတွင် စောင့်ဆိုင်းကာ ဓါတ်ပုံရိုက်ဖို့စောင့်နေသည်။ သူစီးလေ့ရှိသည့် အ၀ါရောင် ဒီတီ ဆိုင်ကယ်ကိုလည်း နံဘေးတွင် ရပ်ထားသည်ကို တွေ့ရသည်။
ထိုလမ်းဆုံကို လှမ်းမြင်နေရသည့် လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေသူများ အထဲမှာလည်း ဝေါ်ကီတော်ကီသံ ထွက်နေသူ၊ ဖုန်းမြည်လာ၍ ထိုင်ခုံမှ ထသွားပြီး သွားပြောသူများ ဖြင့်စည်ကားနေသည်။ တယောက်ကို တယောက် စူးစမ်းသည့် မျက်လုံးများဖြင့် ကြည့်ရှုနေကြပြီး၊ ရဲမဟုတ်သူ၊ ထောက်လှမ်းရေး မဟုတ်သူတွေကတော့ နာရီဝက်လောက် ထက်ပိုမထိုင်တော့ပဲ နောက်တဆိုင်သို့ ပြောင်းရွှေ့ကြရသည်။

ဆယ်နာရီတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမည်ဟု လူအများက မျှော်လင့်ထားကြသဖြင့် အားလုံးက စိတ်လှုပ်ရှားစွာဖြင့် စောင့်စားနေကြသည်။ ရန်ကုန်နှင့် မိုင် ၂၀၀ကျော် ဝေးကွာသည့် ဖားအံတွင် နေထိုင်သည့် ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်သူ တဦး ကလည်း ရန်ကုန်မြို့ရှိ မိတ်ဆွေထံ ဖုန်းဆက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမည့် သတင်းထူးသည်နှင့် မိုဘိုင်းဖုန်း မက်ဆေ့ခ်ျဖြင့် ပို့ပေးပါရန် ပြောဆိုထားသည်ဟု သိရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ တ၀ှမ်းမှ နိုင်ငံခေါင်းဆောင် အချို့က ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ နအဖ စစ်အစိုးရကို မေတ္တာရပ်ခံ တောင်းဆိုထားကြသည်။ လက်မလွန်ခင် ဆုံးဖြတ်ချက်ကို ပြန်ပြင်နိုင်အောင် နောက်ဆုံး အနေဖြင့် တိုက်တွန်းကြခြင်း ဖြစ်သည်။

၁၀နာရီ ခွဲကျော်ကျော်တွင်တော့ အမိန့်ချမည့် နေ့ကို လာမည့် သြဂုတ်လ ၁၁ရက်နေ့သို့ ရွှေ့လိုက်ကြောင်း အေပီ သတင်းတွင် ဖေါ်ပြထားသည်ဟု မိတ်ဆွေ တဦးက ဖုန်းလှမ်းဆက်သည်။ မြို့တွင်းသို့ပြန်မည့် တက္ကစီ တစီးကို တားလိုက်ပြီး မြို့ထဲသို့ ပြန်လာခဲ့သည်။ အင်းစိန် ခုံးကျော်တံတား တ၀ိုက်တွင် စောင့်ဆိုင်းနေကြသည့် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံသူများ ထိုသူများကိုစောင့်ကြည့်သူများကတော့ သူတို့၏ ရပ်စောင့်ဆိုင်းရာ လမ်းတဘက်တချက်စီတွင် ဆက်လက်ရှိနေကြဆဲ။

နိုင်ငံရေး ရပ်တည်ချက် မည်မျှ ကွဲပြားသည်ကို မခန့်မှန်းနိုင်သော်လည်း ယခု အင်းစိန် ခုံးကျော်တံတား အနီး တွင်မူ ထိုအုပ်စုနှစ်စု၏ ကွာဟချက်မှာ ပေ ၃၀သာသာ ရှိသည့် ကတ္တရာလမ်းတလမ်းသာပင်။
ကားဖြင့် မြို့ထဲသို့ အပြန်လမ်းတွင် တက္ကစီ မောင်းသူက တက္ကသိုလ်ရိပ်သာဘက်မှ ဖြတ်ပြီး မြို့ထဲသို့မောင်းနှင်လာသည်။ ချိုင့်ခွက်များ ထူပြောသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ချိုင့်ခွက်ကို ရှောင်မောင်းရင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ရောက်တော့ ဒရိုင်ဘာက အိမ်ဘက်သို့ လက်ညှိုးညွှန်ပြပြီး “ဒီမှာလေ ဒေါ်စုအိမ်ပေါ့” ဆိုသည်။ ခြံဝအနီးတွင် သစ်သားခုံတန်း တခု ချထားပြီး ယခင်တွေ့မြင်ရလေ့ရှိသည့် ယူနီဖောင်းဝတ် ရဲနှစ်ဦး သုံးဦးကို မတွေ့ပဲ ရဲအရောင်ရှပ်အကျီဝတ်ပြီး လုံချည်ဝတ်ဆင်တားသည့် ရဲတယောက်သာ ထိုင်နေသည်။ အမှတ် ၅၄ ခြံအတွင်းကို ကြည့်လိုက်တော့ သစ်ပင်အုံ့ဆိုင်းနေသည့် အကြား ဆောက်လက်စ ပစ်ထားသည့် အုတ်အဆောက်အဦ ထို အဆောက်အဦနောက်တွင် အဖြူရောင် ၂ထပ်တိုက်တလုံးကို မြင်ရသည်။

အိမ်ရှင်ဖြစ်သူ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက်ကြိုးပမ်းလျက်ရှိသူ လူထုလေးစားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ် ကိုလိုနီလက်ထက်ကတည်းက နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် အင်းစိန်အကျဉ်းထောင်တွင် စစ်အစိုးရ၏ မတရား အမိန့်ချမှုကို စောင့်ဆိုင်းလျက်၊ အိမ်နှင့်ခြံဝင်းမှာ တိတ်ဆိတ်ငြိမ်သက်ပြီး ပိုင်ရှင်မဲ့သည့် အသွင်ကိုဆောင်လျက်။

Trial on DASSK postponed again to 11th August

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း သြဂုတ်လ ၁၁ သို့ ထပ်မံရွှေ့ဆိုင်း

အေပီသတင်း
ဇူလိုင် ၃၁၊ ၂၀၀၉

တရားရုံးက ၀န်ထမ်းတဦး၏ အဆိုအရ ဒေါ်စုရုံးချိန်းကို သြဂုတ်လ ၁၁ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။ ၎င်းသည် တရားရုံးအတွင်းသို့ ၀င်ရောက်ခွင့်ရသူ မဟုတ်သဖြင့် တရားရုံး၏ အသေးစိတ်အဖြစ်အပျက်ကို မပြောနိုင်ပေ။ အင်းစိန်ထောင်တရားရုံး ပြင်ပတွင် လုံခြုံရေးထူထပ်စွာ ချထားပြီး အတိုက်အခံများ၊ စာနယ်ဇင်းသမားများနှင့် နိုင်ငံရေးစိတ်ဝင်စားသူ လူထုတို့ကလည်း ရောက်ရှိနေသည်ဟု သိရသည်။

SPDC loves to point the finger

ရေကြည်နောက်သတဲ့ … မေစုရေ
မိုးသော်သိန်း
ဇူလိုင် ၃၁၊ ၂ဝဝ၉

ဝံပုလွေက အပြစ်မဲ့သူ သိုးငယ်ကို ရေကြည်နှောက်သည်ဟု အပြစ်ရှာသည်။ သိုး ငယ် ကပြန်၍ ပြောသည်။ ‘ရေကြည်နှောက်ဖို့ နေနေသာသာ- ရေထဲသို့ပင် မဆင်းရသေး’ ဝံပုလွေကအပြစ် ရှာကြံ ညစ်တွန်း တွန်းပြီးသားပေမို့ ‘မင်းမနှောက်လည်း မင်းအမေက နှောက်မှပဲ’ ဟု မရှိသောအပြစ် အတည်သဘော ဖြစ်အောင် ရှာကြံလီဆယ်သည်။ ဝံပုလွေ၏ စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက် (psycho-logical propensity) မှ ပြဌာန်းချက် အရ သိုးငယ်မှာ အပြစ်ရှိလေပြီ။ မောဟအမှောင်ကို အားကိုးလို့ ဥပဒေပြု စီရင်သည်ကား ‘ လှုပ်လှုပ် - မလှုပ်လှုပ် မင်းမှာ အပြစ် ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း သက်စွန့်ကြိုးပမ်းခဲ့သည်ကိုမှ မထောက်၊ ဝံပုလွေတို့ အခုလို လွတ်လွတ်လပ်လပ် ရမ်းကားရိုင်းစိုင်း ထင် တိုင်းကြဲ နေရတာလို့ သူတို့ နားမလည်ပါ။ မောဟ၏ အမှန်ကို မမြင်နိုင်ခြင်းကြောင့် ဉာဏ်အမြော်အမြင် ကွယ်ပျောက်ရသည်။ ဒေါသ၏ လောင်ကျွမ်းခြင်းကြောင့် အကျိုးအမြတ်မဲ့ ကုန်ဆုံးရသည်။ ဘယာ၏ ထိတ်လန့်ခြင်းကြောင့် အခါခါ သေရသည်။ ဆန္ဒ၏ တောင့်တ မဆုံးနိုင်ခြင်းကြောင့် ဖြည်ဆည်ရာ ရှာမရ ဖြစ်ရသည်။

အမှန်ကိုမမြင်နိုင်ဘဲ ဆုံးဖြတ်ရဲသောမောဟဂတိ၊ အကျိုးမရှိ ပျက်စီးခြင်း အဆုံးရှိသော ဒေါသဂတိ၊ မလွတ်မလပ် အခါခါသေရသော ဘယာဂတိနှင့် ထင်တိုင်းကြဲ ပြုတိုင်းလွဲသော ဆန္ဒာဂတိ စသည့် အဂတိလေးပါးကို တမျိုးပြီးတမျိုး မရိုးရလေအောင် ကျင့်ဆောင်သည်။ အမှားပြီးတော့ အမှန် မတွေ့၊ အမှန်မတွေ့လို့ အမှားထပ်ရှာ ကျောက်ဆည်က မျက်ကန်းကျွဲ ဘယ်သူဆဲဆဲ ဂျိုတွဲတွဲနှင့် လည်ပို့ခဲအောင် ပေဆောင်ပြီ။ ဘယ်တင်းကုတ်က လွှတ်သနည်း။ ငယ်နားရင်း အုပ်လို့ ဖစ်ချေမည်။

ရှိစေဦးတော့ ဇာတ်ရည် လည်တဲ့ ဦးနှောက်တွေ။ အခုလည်း အပြစ်မရှိသူ၊ တို့ရန်သူ။ တိုင်းပြည်တိုးတက် တို့ဖောက်ဖျက်။ တိုင်းပြည် တိုးတက်ရင် ငကျွဲတို့ ကျန်နေခဲ့မယ်၊ အပြစ်မရှိရင် ငကျွဲတို့ အုပ်ချုပ်ရ ခက်နေမယ်။ သည်တော့ ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်ခေါင်းဆောင်တွေကို အပြစ်ရှာ အနာဖို့၊ ဆံပင်နီကြောင်ကြောင်နှင့် နောက်မျိုးဆက်တွေကို မဟုတ်တာတွေ လုပ်ကြံပေး။

ဒို့ပြည်ကြီးကို မြင့်မြတ်တဲ့ တနေရာက စိတ်ကူးနှင့် ပြန်ကြည့်မိစမ်းပါ။ ထမင်းဆာလို့ ဆန်မရှိ ငိုကျွေး ဟစ်အော်နေတဲ့ နှပ်ချေးတွဲလောင်းတွေ၊ ခြံတိုင်ကိုချွတ် မြင်းလုပ်စီးနေတဲ့ တကိုယ်ရည် တကာရတွေ၊ အိမ်အပေါ်ထပ်က ခေါင်မိုးခွာ အိမ်တိုင်ချွတ် ဘယ်သူ့ကို အပြစ်ဖို့ဖို့ ဘယ်သူ့ကို နှိပ်ကွပ်ဖို့ ဆင်ကြံ ကြံရင်း သေနတ်ပေါ် နဖူးတင်လိုက် အကြံအိုက်ရင် နဖူးပေါ် သေနတ်ပြန်တင် အံမဝင် ဂွင်မကျ- ဖြစ်သမျှ အဓိက လိုနေတဲ့ အိမ်ရဲ့စည်းကမ်းကို ဖြီးဖြန်းနေတဲ့ ဂျောင်ထဲကသူခိုး ဟဲ့ အောင်တိုးဆို ဗျာထူး၊ အခါခါ သေဖူးတယ် (ဘယာဂတိစားလို့) မော်မကြည့်ဘဲ ခင်ဗျာ ခင်ဗျာ ထူးတတ်တယ်။ (သူ့အမျိုးလည်း သူ့လိုဘဲ အဂတိလေးပါးကို ကိုးကွယ်စါးသောက်ခဲ့သည်ချည်း။)

အခုလည်း ပြဿနာ အသစ် ကြံစည် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှာသည်။ မဟုတ်မမှန် လုပ်ကြံနေတာ ဒင်းအသိ၊ ကြောက် သလိုလို ချောက်သလိုလို နောက်ကွယ်မှ ကိုယ်ကျိုးရှာသည်။ ဘုရား မကိုးကွယ်၊ တရားမကိုးကွယ်၊ သံဃာဆို လက်သိပ်ထိုး နတ်ကိုကိုး ဗေဒင်ဆရာကိုး အိမ်မှာ တရားဥပဒေအမိုးတော့ မရှိပြီ။

နိုင်ငံတော် ဆိုတဲ့စကားလုံးစု တော်ဖို့တော့ မမှီ နိုင်ဘို့တော့ ဝေးလို့ ချေငံသည်တော့ မရှိတော့ပြီ။ ဘယ်မှာလည်းကွဲ့ အနာဂတ်ဆိုတဲ့ခရီး၊ ဒီနေရာမှာ နည်းနည်းလောက်တော့ နားထောင် ကြည့်ပေါ့၊ အပြစ်လျှော့ခြင်း။ တစ် အချစ်မေတ္တာ၊ နှစ် အကျင့်သိက္ခာ၊ သုံး လေး ငါး စည်းစိမ် ဥစ္စာတွေ နဲ့ ရိက္ခာ၊ ခြောက် အတတ်ပညာ၊ ခုနစ် စိတ်ဓာတ်နဲ့ ဒါတွေအားလုံး နားလည်ပြီးရင် အောက်ဆင်းခဲ့…။ လိုအပ်နေတာ စွမ်းအင်၊ ကြံစည်လိုက်တာ နျူးကလီးယား၊ ဆန်ဝယ်ခဲ့ပါဆို ဆီဝယ်ခဲ့တယ် (ခေါင်းတော့ အခေါက်ခံရတော့မယ်)။ အမေစုအတွက်ကတော့လေ မှန်ကန်ခြင်းသည် ရဲရင့်ခြင်းအတွက် ခွန်အား၊ ယုံကြည်တယ်အမေ။ ခံနိုင်ရည်ဟာ ဗျတ္တိ ဇွဲနှင့် ယှဉ်ထား၊ စံနမူနာတင် ယုံကြည်တယ် အမေ။ ကဲ .. ထမင်းအိုးလေး တည်ပါရစေဦး။ ။

Aung Way - 31st July

31st JULY

Black Friday
Or
Bloody Friday.

Let's strike.

It must be" Fightday".

Aung Way

(July 30th 2009)

Regime cracking down illegal lottery


နှစ်လုံးထီ လောင်းကစား ဖမ်းဆီးနေ

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၃၁၊ ၂၀၀၉

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် တရားမ၀င် ၂လုံး၊ ၃လုံးထီ (ချဲထီ) လောင်းကစား သူများကို စီမံချက်ဖြင့် ထောက်လှမ်းဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရှိ လောင်းကစား ဒိုင်နှင့် ထိုးသားများက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း တယ်လီဖုန်းများဖြင့် အလောင်းအစား လက်ခံလျက်ရှိသည့် ဒိုင်များမှာ ရဲနှင့် ရဲထောက်လှမ်းရေးများက တယ်လီဖုန်း ကြားဖြတ်နားထောင်ပြီး ဖမ်းဆီးနေသည်ကို ကြောက်ရွံ့ကာ ရပ်နားထားကြသည် ဟုလည်း သိရှိရသည်။ ပုံမှန်ကာလများတွင် မိုဘိုင်းဖုန်းများဖြင့် လောင်းကြေးလက်ခံကာ တပတ်ကုန်ပြီးမှ အိမ်တိုင်ရာရောက် ငွေပေးငွေယူလုပ်သည့် စနစ်ဖြင့် လုပ်ကိုင်ခြင်းမှာ အန္တရာယ် သိပ်မရှိသော်လည်း ယခုအခါ တယ်လီဖုန်းကြား ဖြတ်နားထောင်သည့် နည်းလမ်းဖြင့် ဖမ်းဆီးနေခြင်းကြောင့် စိုးရိမ်နေကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ မသင်္ကာသူများကို ချဲထီလောင်းကြေး စာရွက်များ၊ အတိတ်စာရွက်များ ပါရှိခြင်း ရှိမရှိစစ်ဆေးရန် ညွှန်ကြားထားပြီး၊ ယခင်က ကြိုးတယ်လီဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းများတွင် နိုင်ငံရေး ကိစ္စရပ်များကိုသာ ကြားဖြတ် နားထောင်လျက်ရှိသော်လည်း ယခုအခါ ချဲထီနှင့် ပတ်သက်သည်များလည်း ကြားဖြတ်နားထောင်ပြီး ဖမ်းဆီးရန် ညွှန်ကြားထားသည်ဟု ရန်ကုန်ကန်တိုင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ တီဗီ လိုင်းမှ နေ့စဉ် စတော့ရှယ်ယာ ဈေးကွက် အညွှန်းကိန်း ဂဏန်းများကို အမှီပြုပြီး တရက်လျင် ၂ကြိမ် အလောင်းအစား လုပ်နေကြသည်ကို ၂လုံးထီဟု ခေါ်ဆိုပြီး ထိုင်းနိုင်ငံမှ ၁၅ရက်တကြိမ် ဖွင့်သည့် အစိုးရထီ၏ နောက်ဆုံး ဂဏန်း ၃လုံးကို အလောင်းအစားပြုသည်ကို ၃လုံးထီဟု ခေါ်ဆိုသည်။

မည်သည့် အကြောင်းကြောင့်ထိုသို့ ဖမ်းဆီးလျက်ရှိသည်ကို မသိရှိရသော်လည်း မကြာမီ ရက်ပိုင်းအတွင်း နိုင်ငံတကာ မီဒီယာ အချို့နှင့် ပြည်ပမြန်မာ သတင်းဌါနများမှ ချဲထီအကြောင်း ရေးသား လွှင့်ထုတ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟူသည့် ယူဆမှုများလည်း ထွက်ပေါ်နေသည်ကို ကြားသိရ၏။

မြန်မာတနိုင်ငံလုံးနှင့် ကမ္ဘာတ၀ှမ်းမှ အစိုးရများ၊ ခေါင်းဆောင်များက စိတ်ဝင်စားလျက်ရှိသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် မတရားမှု အမိန့်ချရန် နီးကပ်နေသည့် ကာလနှင့် ချဲထီနှိမ်နှင်းမှု စစ်ဆင်ရေးတို့ တိုက်ဆိုင်နေသည်ကိုလည်း တွေ့ရှိရသည်။ ချဲထီသည် ရဲနှင့် ထောက်လှမ်းရေး အစရှိသည့် လုံခြုံရေး အာဏာပိုင်များအတွက် ပုံမှန် ၀င်ငွေရလမ်း တခုဖြစ်ပြီး နာမည်ရှိပြီး ထင်ရှားသည့် ချဲဒိုင်ကြီးများမှာ သက်ဆိုင်ရာမြို့နယ်၊ တိုင်းရဲမှူးများ၊ ရဲအရာရှိများကို ပေါင်းသင်းပေးကမ်း ထားကြရသည်ဟု ရန်ကုန်မြို့မှ အလတ်စားချဲဒိုင်တဦးက ပြောဆိုသည်။

(Photo - Internet)

Cartoon Maung Yit - The End of Burmese Justice System


ကာတွန်း မောင်ရစ် - မြန်မာပြည်ဥပဒေကြောင်း၏ အဆုံး
ဇူလိုင် ၃၀၊ ၂၀၀၉
Cartoon Maung Yit - The End of Burmese Justice System

baby born in the bus

ကိုယ်ဝန်သည် တဦး ဘတ်စ်ကားစီးနေစဉ် ကလေးမွေး
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၉
ရန်ကုန်မြို့မှ ကိုယ်ဝန်သည် တဦးသည် ဘတ်စ်ကားစီးနေစဉ် ကလေးမွေးဖွားခဲ့သည်။ ဇွန်လ ၁၇ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လမ်းနီ မှတ်တိုင်အနီးသို့ ရောက်စဉ် မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးသမီးမှာ မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ရွာမှ အသက် ၂၉ နှစ်အရွယ် မဇင်ဇင်လတ်ဖြစ်သည်။ (news and photo: 7 Days journal)

Moemaka Quotes for July 2009


မိုးမခရဲ့ ဇူလိုင်လ စာကိုး၊ စကားကိုး
ဇူလိုင် ၃၀၊ ၂၀၀၉
“ဆံပင်ရှည်များကို တရုတ်ပြည် ဈေးကွက်သို့ တင်ပို့ရန် စတင် ၀ယ်ယူခဲ့စဉ်က (တပိဿာလျှင်) ငွေကျပ် တစ်သိန်းစွန်းစွန်းသာ ပေါက်ဈေး ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ငွေကျပ် ၄ သိန်းနားအထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်”
Myanmar Newsweek ဂျာနယ်၊ ဇူလိုင် ၂

“ခိုးကူးခွေများသည် ၂၀၀၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် စတင် ကျယ်ပြန့်လာပြီး ယခု လက်ရှိတွင် ရန်ကုန်မြို့ရှိ နေရာအနှံ့၌ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးနေကြောင်း သိရသည်”
ပြည်မြန်မာ ဂျာနယ်၊ ဇူလိုင် ၉

သမီးက စာရေးဆရာ အစွဲ မရှိဘူး။ လုံးဝ ဟာသ၀တ္ထု မကြိုက်ဘူး။ အချစ်ဝတ္ထု၊ ဂမ္ဘီရ၀တ္ထု၊ တစ္ဆေသရဲဝတ္ထုတွေဆို အရမ်း ကြိုက်တယ်

မေသက်ခိုင်၊ သရုပ်ဆောင် (photo:နံနက်ခင်း)
နံနက်ခင်း ဂျာနယ်၊ ဇူလိုင် ၁၅

“ဆိုင်းဝါသနာပါလို့ ၀ယ်ထောင်ထားတာပါ။ ကျွန်တော်တို့ရွာ ဆွမ်းတော်ကြီးလှည့်ပွဲ၊ အလှူပွဲ၊ ဘုရားထီးတင်ပွဲတွေမှာ ကုသိုလ်ဖြစ် တီးပေးတဲ့ တီးဝိုင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆိုင်းအဖွဲ့ကို လေးငါးရက် ကြိုပြောဖို့တော့ လိုတယ်။ နှဲဆရာ၊ မောင်းဆရာ၊ စည်း ၀ါး၊ စည်တို၊ ခြောက်လုံးပတ် တီးမှုတ်တဲ့သူတွေက လက်လုပ်လက်စားတွေ ဆိုဆော့ ကြိုတင် ရက်ချိန်းပေးရတာ။ တီးမှုတ်တာကတော့ အခမဲ့ပေါ့နော်။ ဒါပေမယ့် အလှူပွဲ ဘုရားပွဲ ထုံးစံ ဆေးကွမ်း၊ လက်ဖက်၊ ထမင်း၊ သွားစရိတ်၊ လာစရိတ်တော့ ခံပေးရတာပေါ့နော်”
ဆိုင်းဆရာတဦး၊ ရွာစည်ရွာ၊ ကလေးမြို့၊ ချင်းပြည်နယ်
News Watch ဂျာနယ်၊ ဇူလိုင် ၁

“ကိုရီးယား ဇာတ်လမ်းတွဲတွေ ခေတ်စားနေတော့ ကိုရီးယား မင်းသား ပုံစံပေါ့နော်။ မိန်းကလေး တော်တော်များများက အိုပါး အိုပါး ဖြစ်နေတော့ အိုပါး ပုံစံမျိုး စိတ်ကူးထဲမှာ ပုံရိပ်ဖော်ထားတာပေါ့နော်၊ ဟားဟား … …”

ခေမီကို၊ အကသင်တန်းဆရာမ (photo: soezayablogspotdot com)

Myanmar Post ဂျာနယ်၊ ဇူလိုင် ၈

“မြန်မာအစိုးရမှာ တပ်မတော်သားများနှင့် ဖွဲ့စည်းထား၍ ရိုး၏၊ ဖြောင့်၏၊ စင်း၏”

ဝေမှူး၊ ဆောင်းပါးရှင် (photo: Reuters)
ကြေးမုံသတင်းစာ၊ ဇူလိုင် ၂၅

“A (H1N1) ရောဂါကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အားရှိအောင် အစား များများ စားပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါတယ်။ ပရိသတ်ကြီးကို မိုးယု ပြောချင်တာက လူများတဲ့ နေရာတွေကို သိပ်မသွားပါနဲ့။ သွားရင်လည်း အကာအကွယ်လေးနဲ့ သွားပါ။ ကျန်းမာရေး ကောင်းအောင် စားသောက် နေထိုင်ကြပါ လို့”

မိုးယုစံ၊ သရုပ်ဆောင်၊ မော်ဒယ် (photo: bi weekly)
True News ဂျာနယ်၊ ဇူလိုင် ၇

“ဒီနေ့ခေတ် ဒီဂျစ်တယ် ဓာတ်ပုံခေတ်၊ ကွန်ပျူတာ နှင့် အရောင်ဖြန့်၊ အရောင်ဆိုး၊ အရောင်လျှော့၊ အရောင်တင်း လုပ်ပြီး ဓာတ်ပုံတွေကတောင် ပန်းချီကား ဖြစ်အောင် ဖန်တီး လုပ်ဆောင်နေကြချိန်မှာ ဓာတ်ပုံထဲကအတိုင်း လိုက်ရေးနေလို့ကတော့ ပန်းချီကား ဖြစ်မယ် မထင်ပါဘူး။ ပန်းချီဆရာရဲ့ ရင်ငွေ့၊ ပန်းချီဆရာရဲ့ ခံစားမှု၊ ပန်းချီဆရာရဲ့ စိတ်ကူး ထည့်ပြီး ရေးမှ ပန်းချီကား ဖြစ်တာ။ ဒီကိစ္စက ပြောရတာ အတော် ခွကျတယ်။ ဘယ်ပန်းချီကားကမှ ပန်းချီကား ဖြစ်သလဲ ဆိုတဲ့ ပြဿနာလေ”

မောင်မိုးသူ၊ စွယ်စုံရအနုပညာရှင် (photo:ဂီတဂျာနယ်) (ဦးလွန်းကြွယ်နှင့်ဦးမိုးသူ)
True News ဂျာနယ်၊ ဇူလိုင် ၇

“ကျွန်မတို့ အကူအညီ ပြန်ပေးခဲ့ရတဲ့ အထဲမှာတော့ အမျိုးသမီးတွေပဲ များတယ်။ အမျိုးသားတွေ လူကုန်ကူးခံလိုက်ကြတဲ့ နေရာတွေက ထိုင်းနိုင်ငံထဲက ငါးဖမ်းလှေတွေပေါ်မှာ လုပ်အား ခေါင်းပုံဖြတ်ခံကြရတာမျိုးပါ။ နောက် စိုက်ပျိုးရေး လုပ်ငန်းတွေထဲမှာ၊ စက်ရုံ အလုပ်ရုံတွေထဲမှာလည်း တွေ့ရတယ်။ ၂၀၀၈ ခုနှစ် မတိုင်မီက ထိုင်းနိုင်ငံရဲ့ ဥပဒေမှာက လူကုန်ကူးခံရတယ် ဆိုတာကို အမျိုးသားတွေမှာ မသတ်မှတ်ကြဘူး။ ကလေးတွေနဲ့ အမျိုးသမီးတွေကိုပဲ သတ်မှတ်ပြီး နေရပ်ကို ပြန်ပို့ပေးတယ်။ အမျိုးသားတွေကို မကယ်ဆယ်ဘူး။ အကူအညီ ထပ်မပေးဘူး။ နေရပ်ကို ပြန်မပို့ပေးဘူး။ အဲဒါကြောင့်ပဲ အမျိုးသားတွေက ထိုင်းနိုင်ငံထဲမှာပဲ နေပြီး တခြားအလုပ်ရှာကြ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ကို ပြန်လာကြတာတွေ ရှိတော့ ကျွန်မတို့ အချက်အလက် ရတာ နည်းခဲ့တာလည်း ဖြစ်တယ်။ တကယ် ထိုင်းနိုင်ငံထဲကို ကျွန်မတို့ ကိုယ်တိုင် သွားလေ့လာတော့မှ အမျိုးသားတွေလည်း လူကုန်ကူးခံရတယ်ဆိုတာကို တွေ့ခဲ့ရတယ်”

ဒေါ်ဥမ္မာအိအိချော၊ ညှိနှိုင်းရေးမှူး UNAIP (photo:EcoVision)
EcoVision ဂျာနယ်၊ ဇူလိုင် ၁၅

“(အဆိုတော် မေဆွိ) မဆွေ ပြောတာ အမှန်ပါပဲ။ ချစ်သူ မဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့် ခိုးပြေးသွားတယ်၊ မိဘတွေက သဘောမတူလို့ ပြန်ခွဲလိုက်တာ စသည်ဖြင့် ကြားခဲ့ဖူးပါတယ်။ အဲဒီလို ပြောကြလွန်းတဲ့အခါ နှစ်ယောက်လုံး ရှိန်ပြီး စကား မပြောတာ ၅လ လောက် ကြာဖြစ်ခဲ့တယ်”
ကိုင်ဇာ၊ အဆိုတော်
နံနက်ခင်း ဂျာနယ်၊ ဇူလိုင် ၁

“(မြန်မာပြည်မှာ လူ) ၁၀၀ မှာ ၂၀ ရာခိုင်နှုန်းလောက်ကတော့ အခြောက်ကို မုန်းတာ ရှိသေးတယ်”

ရန်ကုန်မှ ဂေး သို့မဟုတ် အခြောက်တဦး
7 Day news ဂျာနယ်၊ ဇူလိုင် ၂

“ကျွန်တော်ဟာ ဘောလုံးအကြောင်း သိပ် နားမလည်ဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ နည်းပြ၊ ကစားသမားတွေမှာ ဘယ်သူက ဘယ်လို ကောင်းတယ်၊ ဘယ်လိုခေါ်ယူရလဲ ဆိုတာကို မသိဘဲနဲ့ ဒီ ရတနာပုံအသင်းကို စတင် ဖွဲ့စည်းခဲ့တာပါ”

ဒေါက်တာစိုင်းဆမ်ထွန်း၊ ရတနာပုံအသင်းပိုင်ရှင် (photo:spdc)
Weekly Eleven ဂျာနယ်၊ ဇူလိုင် ၁၅

“ထပ်မံကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို လာမည့် သြဂုတ်လ စတုတ္ထအပတ်မှ စ၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် - - - ကစားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ - - - ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ် မပါရှိသောကြောင့် အပြန်အလှန် နှစ်ကျော့ ကစားပြီးချိန်တွင် ထိပ်ဆုံးနေရာ၌ အမှတ် အများဆုံးဖြင့် ရပ်တည်နေသော အသင်းမှာ ဗိုလ်စွဲမည်ဖြစ်ကြောင်း သိရှိရသည်”
Weekly Eleven ဂျာနယ်၊ ဇူလိုင် ၁၅

“ဦးတေဇက ရန်ကုန်သားစစ်စစ် ဖြစ်တဲ့ အတွက် ရန်ကုန်က မြို့မိမြို့ဖတွေ အတွက် ချန်ပီယံဖလား မရလိုက်တာကို တော်တော်လေး စိတ် ထိခိုက်နေပုံရတယ်။ (သတင်းစာ ရှင်းလင်းပွဲမှာ) ပြောရင်းနဲ့ ငိုသံတွေ ပါလာတယ်”
အားကစားသတင်းထောက်တဦး၊ ရန်ကုန်မြို့
ခေတ်ပြိုင်ဂျာနယ်၊ ဇူလိုင် ၇

“ကျနော့်အသင်း ကောင်းဖို့ အတွက် ဘာပဲ လုပ်ရလုပ်ရ လုပ်မယ်။ ကျနော့်ရဲ့ နည်းပြ အတွေ့အကြုံက အရမ်း နုပါသေးတယ်”

ဦးမျိုးလှိုင်ဝင်း၊ ရန်ကုန်ယူနိုက်တက်၏ နည်းပြချုပ် (photo:myanmar times)
ခေတ်ပြိုင်ဂျာနယ်၊ ဇူလိုင် ၇

“ဆာကူရာကားလေလံစင်တာမှာတစ်လ နှစ်ကြိမ်ပဲ ကားတွေလေလံပစ်တယ် ဆိုပေမယ့်နေ့တိုင်း ကားဈေးကွက်ကို ဖွင့်ထားတယ်။ - - ဆာကူရာ စင်တာမှာ သိန်းတစ်ရာအောက် ကားရောင်းရရင် ကော်မရှင် ငါးသောင်း၊ သိန်း ၄၅ဝဝ အထက်ကား ရောင်းရရင် ကော်မရှင်ခ ၁ဝ သိန်းလို့သတ်မှတ်ထား တယ်”
ဆာကူရာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးအောင်
The Voice ဂျာနယ်၊ ဇူလိုင် ၆

YMND's second poem

အိမ်ကွင်းများ
ရိုင်းမြနဒီ
ဇူလိုင် ၃၀၊ ၂၀၀၉

ကွင်းထဲ ပို့ထားခံရတာတောင်
ကွင်းကို ကွင်းမှန်းမသိ
အိမ်ကို အိမ်မှန်းမသိနိုင်ကြတော့
ဝစီလေး တရွှိရွှိ နဲ့
ဒိုင်တွေက ၀ါးရင်းတုတ်ကိုင် စောင့်နေတာ
ကြောက်စရာ
အားကစားဝတ်စုံ တကားကားမှ အားမနာ
ဘောကောက်ပဲ လုပ်ချင်တဲ့လူကလည်း မရှား
ဘောလုံးပွက်ရာ ခြေရာချ
ရွာပွဲဒီဇိုင်း ၀ိုင်းလိုက်နေကြပုံ
ပရိသတ်ကြီးလည်း ငါ့ဝမ်းပူစာ မနေသာ
ခေါက်ဆွဲလေးတမြုံ့မြုံ့စားရင်း
ခါးနောက်လှည့်ချိုး ပျင်းပိုးထိုးနေလေရဲ့
ဒီဂိုးဘယ်တော့သွင်းမှာလဲ။ ။

Wednesday, July 29, 2009

Mee Doke - Letter to distance call - Poem

အဝေးက ဥသြတွေနှင့် မိတ်ဆွေတို့အတွက် ငရဲကလူ ပေးစာ
မီးဒုတ်

ဇူလိုင် ၃၀၊ ၂၀၀၉


သူငယ်ချင်း တယောက်က ပြောတယ် …
အဝေးက ဥသြတွေ တွန်သံ ပေးရုံလောက်နဲ့
ဒီက ပိတောက်တွေ မပွင့်နိုင်ဘူး။
ငါတို့ ယုံကြည်တယ် ဒီမှာ မိုးတပေါက် ရွာဖို့ …
ငါတို့ ဘယ်လောက် အပူခံရဦးမယ် မသိဘူး။
အဝေးက ဥသြတွေက လွယ်လွယ်ကူကူ တွန်သံ ပေးလို့
ငါတို့တတွေမှာတော့ ကြောပူ၊ ရင်ပူ၊ ခြေပူ
အသည်းပူ … ငရဲက လူတွေပါ။

(ပြည်တွင်းက ပေးတဲ့ ကဗျာလို့ အောက်ခြေမှတ်စု ထည့်ပေးပါလို့ မှာထားပါတယ်)

Burmese in NYC to protest for DASSK Freedom showing their solidarity

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နယူးယောက်ကမြန်မာတို့ ဆန္ဒပြမည်

မိုးမခရွာဆော်ကြီး

ဇူလိုင် ၃၀၊ ၂၀၀၉

လာမည့်သောကြာတွင် တရားရုံးက စီရင်ချက်ချမည့် ဒေါ်အောင်ဆန်းစုကြည်အမှုကို မတရားကြောင်း၊ ကန့်ကွက်ကြောင်းနှင့် ချက်ချင်းလွှတ်ပေးရန် ဆန္ဒပြပွဲကို နယူးယောက်ရှိ မြန်မာ စစ်မစ်ရှင်ရုံးရှေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ဘားမားပွိုင့်အဖွဲ့က နှိုးဆော်ထားသည်။ မနက်ဖြန် ညနေ ၄ နာရီခွဲတွင် 10 East, 77th St. NY 10021 ရှေ့တွင် စုဝေးကြမည်ဟု ဖိတ်ကြားစာတွင် ဖော်ပြထားသည်။ ထိုအချိန်သည် မြန်မာစံတော်ချိန် သောကြာ မနက်ခင်းဖြစ်ရာ တရားရုံးက အမိန့်ချမည့် အချိန် ၁၀ နာရီနှင့် အနီးကပ်ဆုံး ရွေးချယ်ခြင်း ဖြစ်သည်။ ပြည်ပရောက် မြန်မာမိသားစုများ၊ အသိုင်းအ၀ိုင်းများက ထိုသို့ ကန့်ကွက်ဆန္ဒပြပွဲများ ယခုရက်သတ္တ၌ လုပ်ကြလိမ့်မည်ဟု အများက ခန့်မှန်းကြသည် ဆို၏။ http://moemaka.com/index.php?option=com_content&task=view&id=4542&Itemid=99999999

NLD confirmed 31st July be the verdict day for DASSK's trial


အင်န်အယ်ဒီ ကြေညာချက် ၂၁။၀၇။၀၉ - ဇူလိုင် ၃၁၊ နံနက် ၁၀ နာရီ တရားရုံးဆုံးဖြတ်ချက်ချမည်ဟု မှတ်တမ်းတင်ထား

မိုးမခဓာတ်ပုံသတင်း

ဇူလိုင် ၃၀၊ ၂၀၀၉

ယနေ့လက်ခံရရှိသော အင်န်အယ်ဒီကြေညာချက် ၂၁ ကို တွေ့နိုင်ပါသည်။ ဇူလိုင် ၂၄ မှ စ၍ နှစ်ဘက် အပြီးသတ် လျောက်လဲခြင်း၊ ဇူလိုင် ၂၈ တွင် နောက်ဆုံး လျှောက်လဲချက်ပေးခြင်းနှင့် ဇူလိုင် ၃၁ ၊ နံနက် ၁၀ နာရီတွင် တရားရုံး စီရင်ချက်ချမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အုပ်စုတို့၏ တရားရင်ဆိုင်နေမှုကို မှတ်တမ်းတင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

8888 - 21 Years - Memorial Postcard


၈ လေးလုံး ၂၁ နှစ် - အမှတ်တရ ပို့စကဒ်

ဇူလိုင် ၃၀၊ ၂၀၀၉

Burmese said, Frailed Government replacing frailed Currency Notes

အစိုးရအစုတ်က ငွေစက္ကူအစုတ်သာ လဲပေးနိုင်သည်ဟု ဆိုနေကြ
ယုယုခင်၊ ရန်ကုန်
ဇူလိုင် ၂၉၊ ၂၀၀၉

ပြည်သူများ လက်ဝယ်တွင် အချိန်ကာလကြာမြင့်စွာ သုံးဆွဲနေရသော ငွေစက္ကူဟောင်းများကို တစ်ဦးလျှင် ၁၀ ရွက် နှုန်းဖြင့် သြဂုတ်လ ၃ရက်နေ့မှ စတင်ပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီး နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်လုပ်ငန်း ဌာနခွဲ ငွေစက္ကူ လဲလှယ်ရေး ကောင်တာတွင် လဲယူနိုင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဟောင်းနွမ်းသော ငွေစက္ကူများသည် သတ်မှတ်ချက်နှင့် ပြည့်စုံသော ငွေစက္ကူများဖြစ်မှ လဲလှယ်ပေးမည် ဖြစ်ပြီး ငွေစက္ကူ ၁၀ ကျပ်တန် မှ ကျပ်၂၀၀ တန်အထိသာ တန်ဖိုးချင်းတူ အဟောင်းနှင့် အသစ် လဲလှယ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်ယောက်ကို တစ်ခါလဲရင် ၁၀ရွက်နှုန်းပဲ လဲပေးနိုင်မှာပါ” ဟု မြန်မာနှိင်ငံတော် ဗဟိုဘဏ်လုပ်ငန်းမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ငွေကျပ် ၁၀ မှ ငွေကျပ် ၂၀၀တန် အထိ ရှားပါးနေကာ ငွေအကြွေ ရှားပါးမှုသည် ပြသာနာကြီးတခု ဖြစ်နေပြီး ငွေစက္ကူဟောင်းများကို ပြန်လည် ပြုပြင် သုံးစွဲနေကြောင်း ရန်ကုန်မြို့ ဒေသခံများက ဆိုသည်။

“ ပိုက်ဆံတွေက တအား စုတ်လာတယ်။ အကြွေကလဲ ရှား။ ပိုက်ဆံကလဲ စုတ်ဖြစ်နေတာ။ သူတို့ လဲပေးမဲ့ ငွေပမာဏနဲ့ မြန်မာနိုင်ငံက ငွေအစုတ်တွေ၊ အဟောင်းတွေက ပိုများ နေတာ။ တယောက်မှ ၁၀ရွက် ဆိုတော့ သိပ် အဆင် မပြေဘူး။ လုံးဝ မလဲပေးတာနဲ့ စာရင်တော့ တော်သေးတာပေါ့” ဟု မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ စားသောက်ကုန်ရောင်း ၀ယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ငွေအကြွေစက္ကူ လဲလှယ်မှုကို ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး နေပြည်တော်၊ မန္တလေး နှင့် ရန်ကုန်မြို့တော်ရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီများ နှင့် မြို့တော် စည်ပင်သာယာ ဈေးများတွင် လဲလှယ်ပေးနေကြောင်း နိုင်ငံပိုင်မီဒီယာတွင် ကြေညာထားသည်။

“ တစ်ပတ်ကို ကားတစီး အတွက် ၁၀၀၀ ဖိုး လဲပေးတာ။ ၂၀၀တန် သုံးရွက် ရယ် ၁၀၀ ရာတန် သုံး ရွက် ရယ် ၅၀ တန် နှစ်ရွက် - ကျနော်တို့ လိုင်းကားသမားတွေ ဘယ် လောက်မလဲ။ တနေ့ တနေ့ ကားပေါ်ကို လူ ထောင်ကျော် တက်လိုက် ဆင်းလိုက် လုပ်နေတာ၊ ဘယ် လောက်မလဲ” ဟု မထသ လက်အောက်ရှိ ယာဉ်မောင်းတစ်ဦး က ပြောသည်။

နအဖ အစိုးရအတွက်မူ ငွေစက္ကူ ရိုက်နှိပ်ခြင်းသည် လူအများ ငွေကြေး လှည့်ပတ် သုံးစွဲမှုအတွက် မဟုတ်ဘဲ ငွေစက္ကူ ရိုက်နှိပ်ခြင်းမှ အကျိုးအမြတ်ရရန် ရည်ရွယ်ရိုက်နှိပ်လျက် ရှိခြင်းဖြစ်သည့်အတွက် ငွေကြေးဖောင်းပွမှု ကြီးမားနေသည့် မြန်မာနိုင်ငံ အနေဖြင့် ကျပ် ၅၀၊ ၁၀၀၊ ၂၀၀၊ ၅၀၀ တန်များကို ရိုက်နှိပ်လျှင် စက္ကူနှင့် မင် ကုန်ကျစရိတ်ကို မကာမိဟု ငွေစက္ကူ ရိုက်နှိပ်ရာတွင် တာဝန်ယူရသည့် အမည်မဖေါ်လိုသူ ၀န်ထမ်းတယောက်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ငွေ အကြွေရှားပါးခြင်းနှင့် ငွေစက္ကူဟောင်းများ ပြားမှုသည် ကြီးမားသော ပြသာနာတခုဖြစ်၍ ယင်းသို့ သတ်မှတ် လဲလှယ်ပေးမည့် ငွေစက္ကူသည် နည်းပါးနေကြောင်း၊ ငွေစက္ကူဟောင်း လဲလှယ်မှု အရေအတွက် နည်းသော်လည်း ငွေစက္ကူဟောင်း လဲသူ ပွဲစား များပြားလာနိုင်ကြောင်း မြန်မာ့စီးပွာရေးဘဏ်က တာဝန်ရှိသူတဦးက ဆိုသည်။

MoeMaKa Reader from Rangoon - Common Sense Prediction on DASSK trial

ထောင်တန်တဲ့ စကား၊ ရယ် … ပေါ့

မိုးမခစာဖတ်သူတဦး (ရန်ကုန်)

ဇူလိုင် ၂၉၊ ၂၀၀၉

အခု ရန်ကုန်က ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အမှုစီရင်မှုကို အတော်ကို အဆိုးမြင်နေကြပါတယ်။ စစ်အစိုးရက အစွမ်းကုန် ယုတ်မာပြီး လုပ်ကြံဇာတ်ခင်းကြဦးမယ်လို့လဲ ယုံကြည်နေကြပါတယ်။ အမေရိကန်ပြည်က မစ္စတာယက်တောကိုလည်း ဘယ်လိုလုပ်ပြီး နားလည်ပေးရမယ်ဆိုတာကို မမှန်းနိုင်ကြပါဘူး တဲ့။ သူတို့တွေ ယေဘူယျ မှန်းချက်ပေးတာက ဒီလိုပါ။

(၁) ယက်တောကို ဒဏ်ငွေချပြီး လွှတ်ပေးလိမ့်မည်

(၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်မိတ်ဆွေတွေကို ထောင်ဒဏ် ၃ လ ကနေ ၆ လ ချမည်

(၃) ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်က ၅ နှစ် ချပြီး အရေးယူရန်၊ ပြီးနောက် သက်ညှာသောအားဖြင့်ဆိုပြီး အင်းစိန်ထောင် အထူးတိုက်မှာ (သို့မဟုတ်) နေအိမ်သို့ ထောင်ဒဏ်အစား အကျယ်ချုပ်အဖြစ် သတ်မှတ်ရန် တို့ကို ပြောနေကြပါတယ်။

နောက်တမျိုးကတော့ အန်တီစုကို တရားရုံးက မြားဦးကို ပြန်လှည့်ပြီး ရိုင်းစိုင်းတဲ့ ချောင်ပိတ်မှုနဲ့ အကျဉ်းအကြပ်တခုကို ရွေးခိုင်းပါလိမ့်မယ်လို့လဲ ပြောကြပါတယ်။ ဒေါ်စုကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက်ချပေးပြီးနောက် ဒေါ်စုကို မည်သည့်အပြစ်ဒဏ်မျိုးကို ရွေးချယ်မလဲ ဆိုပြီး ခိုင်းတာမျိုး။ မိတ်ဆွေတွေနဲ့အတူ အင်းစိန်မှာ ထောင်အတူ ကျခံမည်လား။ ထောင်ဒဏ်အစား အကျယ်ချုပ်အဖြစ်ကို ရွေးချယ်ကျခံလိုသလား … ဆိုပြီး ပြန်ရွေးခိုင်းလိမ့်မယ် စသည်ဖြင့် ကျနော်အနီးကပရိသတ်က ဉာဏ်တွေ ထုတ်ပြီး ပြောဆိုနေကြပါတယ်။

အခုလို စာရေးပြီး ပို့တာကလည်း ထောင်တန်တဲ့ စကား … ရယ် ပေါ့အောင် မလေးမခန့် နမိတ်ဆိုးတွေ ဖတ်ပြတာမျိုး၊ သရော်မော်ကားလုပ်တာမျိုး မဟုတ်ပါဘူး။ ပြည်တွင်းက ကျနော်တို့ ပတ်ဝန်းကျင်ဟာ ဘယ်လောက်တောင် စိတ်တွေ အကျဉ်းအကြပ်ကျနေတယ်။ စိတ်ထိခိုက်နေ၊ ခံပြင်းနေတယ်ဆိုတာကို ပြောပြချင်လို့ ရေးလိုက်မိတာပါ။

Tuesday, July 28, 2009

Cartoon Beruma - Than Shwe needs only six feet under


ကာတွန်းဘီရုမာ - သန်းရွှေအတွက် ၆ ပေ ၄ ပေ

ဇူလိုင် ၂၈၊ ၂၀၀၉

Cartoon Beruma – Than Shwe needs only six feet under

Part of Aung San Suu Kyi's residence's plot sold, according to public notice from Regime's newspaper

ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းကို ခွဲစိတ်ရောင်းချပြီးဖြစ်ကြောင်း မြန်မာသတင်းစာများတွင် ကြော်ငြာထည့်

မိုးမခ အထောက်တော် ၀၀၃

ဇူလိုင် ၂၈၊ ၂၀၀၉

တက္ကသိုလ်ရိပ်သာလမ်း (အမှတ် ၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ ၄၄ စီ နှင့် ၆၄ စီ) ဟု သတ်မှတ်ထားသည့် ခြံဝင်းထဲမှ ပေ ၁၀၀×၇၀ ကို ခွဲစိတ် ရောင်းချပြီးဖြစ်၍ ဥပဒေအရ ကန့်ကွက်လိုက ၇ ရက်အတွင်း လာရောက် ကန့်ကွက်ကြရန် ကြော်ငြာတခု ဇူလိုင်လ ၂၄၊ ကြေးမုံသတင်းစာတွင် ပါရှိခဲ့သည်။ ထိုခြံမြေကို ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်သော အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ခြံဝင်း အဖြစ် ယူဆထားကြရာ စစ်အုပ်စုနှင့် မတရားအမှု စီရင်ခြင်းကို အင်းစိန်ထောင်အတွင်းမှ ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုနှင့် အပေါင်းအပါများက ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်နေသည့် ခြေလှမ်းသစ်တခုအဖြစ် မြန်မာလူထုက မခံမရပ်နိုင် ဖြစ်ကြရသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီက ၎င်း၏ အမဖြစ်သူ ဒေါ်ခင်ကြီး၏ သားတဦး ဖြစ်သော အငြိမ်းစား ဗိုလ်မှူးတဦး ဖြစ်သူ ဦးခင်မောင်အေး ကို ထိုမြေကွက်၏ အစိတ်အပိုင်းအား မေတ္တာလက်ဆောင် ပေးခဲ့သည်ဆိုပြီး အမှုတခု ၁၉၈၈ ၀န်းကျင်က ဖြစ်ပွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုတောင်းဆိုမှုကို ငြင်းဆိုပြီး တရားရင်ဆိုင်နေခဲ့ရာ၊ ယခု ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ထားချိန်အတွင်း ထို ဦးခင်မောင်အေးက အခြားဝယ်သူတဦးထံ လက်လွှဲ ရောင်းချလိုက်သည့်အတွက် ထိုကြော်ငြာချက်ကို အများပြည်သူတို့ တွေ့ရခြင်း ဖြစ်သည်။ ဦးခင်မောင်အေးသည် စာရေးဆရာ - တက္ကသိုလ်ခင်မောင်အေး အမည်နှင့် စာရေးသည်ဟု ဆိုသည်။ ယခင်အစိုးရ လက်ထက်က ပြန်ကြားရေးဝန်ကြီးဌာန အောက်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် ထမ်းဆောင်ဖူးသည်။

ထိုအကြောင်းကို အင်န်အယ်ဒီပါတီ၏ ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ဂျာမနီမှ ဒီပီအေသတင်းဌာနက မေးမြန်းရာ - ဒေါ်စုကို သူ အကြောင်းကြားပြီးဖြစ်ကြောင်း၊ ဒေါ်စုက ဥပဒေဘောင်အတွင်းက ပြန်လည် ဖြေရှင်းမည်ဟု ပြောကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုခြံဝင်းအားလုံးကို ဒေါ်စုသာ လုံးဝ ပိုင်ဆိုင်ကြောင်း၊ ယခု ဒေါ်အောင်ဆန်းစုကြည်အား အကြပ်အတည်း မျိုးစုံဖြင့် ဖိနှိပ်ထားရန် စစ်အုပ်စု၏ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လုပ်ကြံသည့် ကြိုးပမ်းချက်တခုအဖြစ် ထင်မြင်ကြောင်း ၎င်းက ဆိုသည်ဟု ဆိုသည်။

စစ်အုပ်စုသည် ၁၉၉၀ ခုနှစ်များအတွင်းက အမေရိကန်နိုင်ငံသား ခံယူထားသူ ဦးအောင်ဆန်းဦး (ဒေါ်စု၏ အကိုရင်း) အား ဒေါ်စု၏ နေအိမ်ခြံဝင်းကို ပိုင်ဆိုင်ခွင့်ရယူရန် တရား ရင်ဆိုင်နိုင်ရန် အားပေး စီစဉ်ပေးခဲ့ဖူးသည်။ သို့သော် ထိုစဉ်က တရားရုံးက နိုင်ငံခြားသားတဦးအား နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရာ၊ ဦးအောင်ဆန်းဦး မိသားစုက ၎င်းမိခင်နေအိမ်ကို ထိမ်းသိမ်းခွင့် ဆက်လက်တောင်းဆိုရန် ကြိုးစားနေကြောင်း သိရှိရသည်။ ထိုအတောအတွင်း ၂၀၀၀ ပြည့်လွန် နှစ်များအတွင်း ဦးအောင်ဆန်းဦး မိသားစုကို မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များ စစ်အုပ်စုက ချမှတ်ပေးခဲ့သည်ကို တွေ့ရသည်။

စစ်အုပ်စုသည် အတိုက်အခံ နိုင်ငံရေးသမားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ၎င်း မိသားစုများကို အထွေထွေ အကြပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်ရရန်၊ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့စေရန် မျက်ခြေမပြတ် အစဉ်တစိုက် အငြိုးတကြီး ဆောင်ရွက် လုပ်ကြံမှုများနှင့် ထင်ရှားသည်ဟု စာနယ်ဇင်းပညာရှင်ကြီးတဦးက မှတ်ချက်ပေးသည်။

“စီးပွားရေးလုပ်ငန်းတွေ၊ အဝေးပြေးကားလုပ်ငန်း၊ ပွဲရုံလုပ်ငန်းနဲ့ ဈေးဆိုင်တွေကို အနှောက်အယှက်ပေးတာ၊ တားဆီးတာတွေ အများကြီးပဲ။ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေဆိုပြီး ဖိနှိပ်ပြီး အမှုဆင်တာ ထောင်ချတာတွေလည်း အများကြီးပဲ။ လက်ရှိထင်ရှားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိစ္စ။ ပြီးတော့ အင်န်အယ်ဒီပါတီ ရုံးချုပ်နေရာ။ စစ်အုပ်စုက ဒါကို ပိတ်ပစ်နိုင်ဖို့ မျိုးစုံ ဖိအားပေးနေတယ်။ နောက် ထောင်က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်။ သူရထားတဲ့ တိုက်ခန်းကို စစ်တပ်က ပြန်သိမ်းတယ်။ ဆရာ့မှာ နေစရာ ထောင်က လွတ်လာတော့ မရှိဘူး။ မိတ်ဆွေကြီး ကိုမောင်မောင်ခင့်အိမ်မှာ နေရတယ်။ အိမ်ငှားနေပြန်တော့လည်း အိမ်ရှင်ကို အကြိမ်ကြိမ် လာရောက် ခြိမ်းခြောက်တယ်။ အိမ်ရှင်တွေက မငှားရဲဘူး။ အတိုက်အခံတွေက အကြပ်အတည်းဖြစ်လို့ အိမ်လေး ခြံလေး ဖဲ့ရောင်းချင်ရင်လည်း သာမန်လူတွေက မ၀ယ်ရဲဘူး။ စစ်တပ်က ငြိုငြင်မှာ စိုးလို့။ အတိုက်အခံတွေကို အိမ်တွေကနေ မောင်းချဖို့ နှင်ချဖို့ ဆိုရင် စစ်တပ်က လက်မနှေးပြန်ဘူး။ ၂၀၀၂ တုန်းက ရန်ကုန် ၀ဂ္ဂီရပ်ကွက်က မောင်စွမ်းရည်၊ ရွှေကူမေနှင်းတို့ အိမ်ကို ညတွင်းချင်း စက်နဲ့ထိုး ဖျက်ခဲ့တယ် မဟုတ်လား” ဟု သူက ပြန်ပြောင်းပြောပြပါသည်။

၎င်းက ဆက်လက်ပြောကြားရာတွင်

“ စစ်အုပ်စုနောက်ကွယ်ကနေ ကြိုးကိုင်တဲ့ အခု မြေကွက်ခွဲခြမ်းရောင်းချမှုမှာ ရောင်းချတဲ့သူအပြင် ဒီလို မြန်မာပြည် လွတ်လပ်ရေး ဖခင်ကြီးရဲ့ မိသားစု အစဉ်အဆက်နေထိုင်ခဲ့တဲ့ သမိုင်းဝင်နေရာ၊ လက်ရှိ ဒီမိုကရေစီ အရေးတော်ပုံ ခေါင်းဆောင်တဦးအတွက် တခုတည်းသော ကြံ့ကြံ့ခံ ရပ်တည်နေတဲ့ နေရာကို ဘယ်လိုလူမျိုးက အမဲဖျက်သလို ဖျက်ဆီးပြီး ၀ယ်ယူ သိမ်းပိုက်ဝံ့သလဲ ဆိုတာကလည်း ခံပြင်း အမျက်ထွက်စရာ မေးခွန်းတခုပဲ ဖြစ်ပါတယ်။”

ဟု မှတ်ချက်ပေးသည်။

Aung San Suu Kyi commented The Verdict will be painfully obvious


ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း ၃၁ ဇူလိုင်ကို နောက်ဆုံးအဖြစ် ထပ်ရွှေ့

ကြိုတင်မှန်းဆနိုင်သည့် အကျည်းတန်သော တရားရုံးဆုံးဖြတ်ချက် ဖြစ်လိမ့်မည်ဟု ဒေါ်စုက မှတ်ချက်ပေးဟု ဆို

မိုးမခဓာတ်ပုံသတင်း

ဇူလိုင် ၂၉၊ ၂၀၀၉

(ဦးဉာဏ်ဝင်းကို လမ်းပေါ်က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်)

Dengue fever is more common in Mae La refugee camp

မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်ကွေးရောဂါ အဖြစ်များလာ
စောသိန်းမြင့် (ကေအိုင်စီ)
ဇူလိုင်လ ၂၈၊ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက် ၄၅ကီလို အကွာအဝေးတွင် ရှိသည့် မယ်လ ဒုက္ခသည် စခန်းတွင် ယခုနှစ် ဇူလိုင်လ အတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမို များပြားလာသည်ဟု စခန်းဆေးရုံအုပ် စောနေစဲန်က ကေအိုင်စီကို ပြောသည်။

၎င်းက “တုပ်ကွေးက ဒီနှစ် အဖြစ်များတယ်လို့ ဆိုရမယ်။ ဒီဇူလိုင်လ အတွင်းမှာပဲ လူနာက အယောက် (၁၀၀) ကျော်ပြီ။ အဲဒီ အထဲမှာ တကယ့်ကို ဆိုးရွားတဲ့ လူနာက (၁၀)ယောက်လောက် တွေ့ရတယ်။ နှာခေါင်းပါ သွေးယိုလို့ အရမ်း စိုးရိမ်ရတဲ့ (၅) ယောက်ကိုတော့ မဲဆောက် ဆေးရုံ ပို့လိုက်ရတယ်။ A-H1N1 တော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်က ဆိုလို့ရှိရင် တုပ်ကွေး လူနာက ဆယ်ယောက် ကျော်ကျော်လောက်ပဲ ရှိတယ်” ဟု ဆိုသည်။

အဆိုပါ ဝေဒနာသည်များသည် တုပ်ကွေးရောဂါ လက္ခဏာများ ဖြစ်သည့် ကိုယ်ပူပြီး အဖျား တက်ခြင်း၊ တကိုယ်လုံး ကိုက်ခဲခြင်း၊ အော့အန်ခြင်းနှင့် နှာခေါင်း သွေးယိုခြင်း ဖြစ်လာပြီး ရက်ကြာလာလျှင် ခြေထောက်များ ပျော့လာပြီး လမ်းမလျှောက်နိုင်တော့သည် အထိ ခံစားလာရကြောင်း သူက ဆက်ပြောသည်။

ယင်းသို့ ဖြစ်ပွားရာတွင် လူကြီးများထက် ကလေးလူငယ်များက ပို၍ အဖြစ်များပြီး လက်ရှိအချိန်တွင် စခန်း ကျန်းမာရေး တာဝန်ခံများက ရပ်ကွက်တွင်းနှင့် စာသင်ကျောင်းများတွင် ကြိုတင် ကာကွယ်မှု ဆိုင်ရာ ကျန်းမာရေး ပညာပေးမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။

အဆိုပါ တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများ မရှိသေးသော်လည်း စိုးရိမ်ရသည့် အနေအထားတွင် ရှိသည်ဟု မယ်လစခန်း ကျန်းမာရေး တာဝန်ခံ ဆရာမ နော်စီစီးလျာက ပြောသည်။ “အခုဖြစ်နေတာ ရိုးရိုးတုပ်ကွေး ဆိုပေမယ့် စိုးရိမ်ရတယ်။ ဒီရိုးရိုး အဆင့်ကနေ သွေးလွန်တုပ်ကွေး အဆင့်ထိ တက်သွားလို့ ရှိရင် ပိုပြီး စိုးရိမ်ရအုံးမယ်။ အဲဒီအချိန်ကျရင် အရေးပေါ်အဖြစ် သွေး တွေပါ လိုအပ်မယ်” ဟု သူမက ပြောသည်။

အလားတူပင် အုန်းဖျန် ဒုက္ခသည်စခန်း၌လည်း ရာသီအလိုက် ဖြစ်ပွားသည့် တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိသော်လည်း မယ်လ စခန်းလောက် ဝေဒနာသည် ဦးရေ များပြားခြင်း မရှိဟု စခန်းဥက္ကဌ စောဝါးထီးက ပြောသည်။

“အုန်းဖျန်မှာလည်း လေကတိုက်၊ မိုးကရွာနဲ့ အတော်များများ တုပ်ကွေးဖြစ်ကြတယ်။ ကျနော် ကိုယ်တိုင်တောင် နှာစေးပြီး အသက်ရှူ မကောင်းဘူး။ အများစုကတော့ ကလေးတွေပေါ့။ ဒါပေမဲ့ ဒီမှာက မယ်လစခန်းထက်စာရင် လေကောင်းလေသန့် ရသေးတယ်လေ။ မယ်လမှာက လူနေထူထပ်ပြီး လေကောင်းလေသန့် ရတာနည်းတော့ တုပ်ကွေး ပိုဖြစ်မှာပေါ့” ဟု စောဝါးထီး က ဆိုသည်။

ယခုလအတွင်း နယ်စပ်ဒုက္ခသည် စခန်းများ အပြင် မဲဆောက်မြို့၊ မယ်တော်ဆေးခန်းတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည့် လူနာများ ရောက်ရှိလာသော်လည်း စိုးရိမ်ရသည့် အနေအထားသို့ မရောက်ရှိသေးကြောင်း သိရှိရသည်။

Monday, July 27, 2009

DASSK Trial final verdit be on 31st July 2009

ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရမှု လာမည့်သောကြာ - ၃၁ ဇူလိုင်သို့ ထပ်မံချိန်းဆိုပြန်

အေပီသတင်း

ဇူလိုင် ၂၈၊ ၂၀၀၉

တရားရုံး၏ ဆုံးဖြတ်ချက်ကို သောကြာနေ့တွင် ချမှတ်မည်ဟု အင်းစိန်ထောင် တရားသူကြီး သောင်းညွန့်က ကြေငြာလိုက်ကြောင်း ယနေ့ရုံးချိန်းတွင် ပြောဆိုသည်ဟု အမည်မဖော်လိုဝန်ထမ်းက ဆိုသည်။

July 28th considered final verdict day for DASSK trial, some expect

ဇူလိုင် ၂၈ - ဒေါ်အောင်ဆန်းစုကြည် တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် အားလုံးက စောင့်ကြည်

မိုးမခ အထောက်တော် ၀၀၃

ဇူလိုင် ၂၈၊ ၂၀၀၉

ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖောက်ဖျက်မှုအဖြစ် စစ်အုပ်စု၏ တရားစွဲဆိုခြင်း၏ တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် ပြည်တွင်း ပြည်ပမှ အထူးစိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။ ယမန်နေ့က နောက်ဆုံးလျောက်လဲချက်များ တင်သွင်းသည့်နေ့ ဖြစ်သည်။ အင်န်အယ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက မိမိတို့ဖက်က အနိုင်ရမည်ဟု ပြောဆိုခဲ့သော်လည်း သတင်းများတွင် မြန်မာအများစုမှာ စစ်အုပ်စုကို အယုံအကြည်မရှိခြင်းကြောင့် ဒေါ်စုကို မတရားထောင်ချမည်ဟု ထင်မြင်ကြသည်။ နိုင်ငံတကာ၏ ဖိအားများသာမက မြန်မာပြည်သူတို့ကလည်း ယခုဒေါ်စုအား စစ်အုပ်စု၏မတရားအရေးယူမှုကို တိတ်ဆိတ်ငြိမ်သက် တင်းမာစွာ စောင့်ကြည့်နေသည်ဟု ပြည်တွင်းကလာသော သတင်းများက ဆိုသည်။

Maung Yit - Save Burma without Plastic Bags

Cartoon Maung Yit - How to save Burma from Environment Mess, No Plastic Bags
July 28th, 2009

DPNS Political Party stated there's new challenge ahead to free Burma

လူဘောင်သစ်ပါတီက အရေးပေါ်ထုတ်ပြန်ချက်ကြေညာ၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်မည်ဟု ဆို

မိုးမခအထောက်တော် ၀၀၃

ဇူလိုင် ၂၇၊ ၂၀၀၉

ထိုင်းမြန်မာနယ်စပ်တွင် အရေးပေါ် ကျင်းပသော လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဗဟိုကော်မတီ အစည်းအဝေး ( ၂၀ - ၂၄ ဇူလိုင်၊ ၂၀၀၉) ဆုံးဖြတ်ချက်များ အရ အရေးပေါ်ကြေညာချက် ထုတ်ပြန်ရာတွင် ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင် တိုက်ဖျက်ရေး၊ ပါတီကို အားကောင်းအောင် တည်ဆောက်ရေး၊ စည်းရုံးရေးတို့အတွက် ပြင်ဆင်ကြရန် ဆုးံဖြတ်ကြကြောင်း ထုတ်ပြန်သည်ဟု ဆိုသည်။ ၂၀၁၀ မတိုင်မီနှင့် အလွန်တို့တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှု မျိုးစုံကိုလည်း အဆင်သင့်ဖြစ်နေရန် လိုကြောင်းလည်း ထုတ်ဖော် ရေးသားထားသည်။

ပါတီကို ပြန်လည်ဖွဲ့စည်းရာတွင် ကိုအောင်မိုးဇော်က ဥက္ကဋ္ဌ၊ ကိုယဉ်ထွေးက ဒု-ဥက္ကဋ္ဌနှင့် ကိုခင်မောင်တင့်က အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူကြကြောင်း ရေးသားထားသည်။ ၎င်းတို့၏ ဆွေးနွေးချက်များနှင့် ဆုံးဖြတ်ချက်များကို အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း ၂၀၀၈ အခြေခံ ဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရန် “ဥပဒေတွင်း၊ ဥပဒေ, ပ တိုက်ပွဲများ” ဆင်နွှဲရမည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

လူ့ဘောင်သစ်ပါတီသည် အင်အားကြီးသော ကျောင်းသား ပါတီ အဖြစ် ၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်းက လူသိများသည့် နိုင်ငံရေးပါတီ ဖြစ်သည်။ ပါတီခေါင်းဆောင်များ၊ ပါတီဝင် အများအပြားကို စစ်အုပ်စုက ဖမ်းဆီးထိမ်းသိမ်း ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၉၁ ဒီဇင်ဘာတွင် စစ်အုပ်စုက ပါတီ ဆိုင်းဘုတ်ကို ဖြုတ်ချပြီး ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ထိုနောက် လက်ရှိ ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် မြေအောက်ပါတီတခု အဖြစ် ဆက်လက်ရပ်တည် လှုပ်ရှားလျက်ရှိသည်။ ၎င်းတို့၏ အင်တာနက်လိပ်စာမှာ - http://www.dpnsburmese.org/index.html ဖြစ်သည်။

Htain Linn - Mar Mar Aye 67 Poem

သံစဉ်မိခင် မွေးနေ့ရှင်

ထိန်လင်း

ဇူလိုင် ၂၇၊ ၂၀၀၉

သံစဉ်ရဲ့ မိခင်

တေးသံလွင် ချိုချိုညင်းလို့

သီချင်းနဲ့ အလှဖော်

တိုင်းပြည့်အကျော်။

စိတ်ဓာတ်ခိုင်မာ

ဘယ်အရာ အမှန်တရား

ပြတ်သားလို့ ရပ်တည်

ပြည်မြန်မာ သာမယ့်လမ်းကို

တမ်းတရည်မျှော်။

ခြောက်ဆယ့်ခွန်

ရောက်ရက် မလွန်ခင်

ဂီတရှင် စိတ်ရွှင်လန်းစေဖို့

ရည်မှန်းကာ ဆုခြွေတောင်းတယ်

အေးမြစေကြောင်း။ ။

၂၆၊ ၇၊ ၂၀၀၉

(တေးသံရှင် မာမာအေး၏ ၆၇ နှစ်ပြည့် မွေးနေ့သို့)

photo - Burma Today

Cartoon Beruma - Swine Flu Advantage

ကာတွန်းဘီရုမာ - ၀က်တုပ်ကွေးကို ပါးပါးလှီးမယ်

ဇူလိုင် ၂၇၊ ၂၀၀၉

Daw Suu sympathizers gather near Insein

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတချို့ အင်းစိန်ထောင်အနီးတွင် အင်အားပြ
ဓာတ်ပုံသတင်း
ဇူလိုင် ၂၇၊ ၂၀၀၉
အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထောင်ရှေ့တွင် သွားရောက် စုဝေးကြသူများ။
လုံထိန်း၊ ရဲ၊ စွမ်းအားရှင် စသည့် တပ်ဖွဲ့ဝင်များကလည်း ၎င်းတို့ကို စောင့်ကြည့် ဟန့်တားလျက်ရှိသည်။
(ဓာတ်ပုံများ - AP)



hundreds of Burmese are detained in Malay prison


မလေးတွင် မြန်မာပြည်သား ရာနှင့်ချီပြီး အဖမ်းခံထားရ
ဓာတ်ပုံသတင်း
ဇူလိုင် ၂၇၊ ၂၀၀၉ကွာလာလမ်ပူ မြို့တော် KLIA အချုပ်ထောင်တွင် ထိန်းသိမ်းခံနေရသော မြန်မာပြည်သားများကို ပြီးခဲ့သည့် ကြာသပတေးနေ့က ရိုက်ကူးထားသော ဓာတ်ပုံများ။ မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန အရာရှိကြီးတဦးသည် မြန်မာပြည်သားများကို လူပွဲစားများထံ ရောင်းစားမှုဖြင့် တရားစွဲခံနေရသည်ဟု သူ၏ ရှေ့နေက ယနေ့ ပြောကြားလိုက်သည်။ (ဓာတ်ပုံများ-AP)



Sunday, July 26, 2009

Thit Kaung Eain - When we will be free ... Poem


ပိတောက်တွေဖွင့်မယ့် သော့

သစ်ကောင်းအိမ်

ဇူလိုင် ၂၇၊ ၂၀၀၉

­­­­­­မုဆိုးမကြီး

ခါးဝတ်ထမိန် မြဲမြံတုံး…

ယောင်ထုံးကိုယ်စီနဲ့

၂၀၁၀ လင်မျှော်ကုန်းမှာ

ယောင်္ကျားရင့်မကြီးတွေ

စုရုံး နေတယ်။ ။

Fort Wayne Burmese Magazine & Mar Mar Aye's Birthday


ဖို့ဝိန်းမြို့ မြန်မာမိသားစုများ၏ ဖူးပွင့်ဝေ စာစောင် ထုတ်ဝေ

မွေးနေ့ရှင် ဂီတပညာရှင် မာမာအေးနေအိမ်တွင် အမှတ်တရ မိတ်ဆုံစားကြ

မိုးမခအထောက်တော် ၀၀၂

ဇူလိုင် ၂၇၊ ၂၀၀၉

အမေရိကန်ပြည်၊ အင်ဒီယာနာနယ်၊ ဖို့ဝိန်းမြို့နေ မြန်မာမိသားစုများ ၀ိုင်းဝန်းစီစဉ်ကြသည့် ဖူးပွင့်ဝေစာစောင်ကို ဇူလိုင်လ ၂၆၊ တနင်္ဂနွေနေ့က ပထမဦးဆုံး ထုတ်ဝေဖြစ်သည်။ ထိုနေ့တွင် ဂီတအနုပညာရှင်ကြီး (ဒေါ်) မာမာအေး၏ မွေးနေ့အမှတ်တရအဖြစ်လည်း ဖို့ဝိန်းမြို့ခံ မြန်မာမိသားစုများ၊ မြို့နယ်မဂ္ဂဇင်းထုတ်ဝေသူများ စုဝေး ဂါရ၀ပြုကြပြီး ဒေါ်မာမာအေးက မြန်မာမိသားစုတို့အတွက် ပျော်ရွှင်ဖွယ် မိတ်ဆုံစားပွဲ စီစဉ်ပေးခဲ့ကြောင်း သိရပါသည်။

ဖို့ဝိန်းမြို့နေ စာပေ၀ါသနာရှင်များ၊ စာပေအနုပညာရှင်များက ဖူးပွင့်ဝေမဂ္ဂဇင်းကို တယောက်တလက် စုပေါင်း၍ ၀ိုင်းဝန်းတိုင်ပင်စီစဉ်ခဲ့ကြပြီး မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် မြန်မာလူမှုရှုခင်းတို့ကို ထင်ဟတ်သည့် စာစောင်အဖြစ် ရပ်တည်ကြမည်ဟု ဆိုသည်။ (ဓာတ်ပုံ - ခင်မောင်လေး)