Sunday, May 31, 2009

Singaporean & PR pray for DASSK Freedom



စင်္ကာပူ နိုင်ငံသားများ၊ ပီအာရ်များဦးဆောင်ပြီး စင်္ကာပူပန်းခြံတွင်

ဒေါ်အောင်ဆန်းစုကြည်အတွက် ဆန္ဒပြုကြ

မိုးမခ အထောက်တော် (စင်္ကာပူ)၊ ဓာတ်ပုံ ဂျစ်တူး(မုံရွာ)

ယခင်အပတ်ကတည်းက စီစဉ်ထားတဲ့အတိုင်း စင်္ကာပူနိုင်ငံမှာ နိုင်ငံသားများ၊ ပီအာရ်များ ဦးဆောင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် စုဝေး ဆုတောင်းကြ၊ အ၀ါရောင် လှုပ်ရှားမှု ပြုလုပ်ကြ၊ မိုးပျံပူပေါင်းများ လွှတ်တင်ကြ စသည့် လွတ်မြောက်ရေး ဆန္ဒပြု လှုပ်ရှားမှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။

တနင်္ဂနွေနေ့က ဆုတောင်းခြင်း ပန်းခြံမှာ ပြုလုပ်တဲ့ လှုပ်ရှားမှုမှာ စင်္ကာပူနိုင်ငံသားနဲ့ ပီအာရ်တွေကပဲ ဆုတောင်းခြင်း၊ ပိုစတာများ ကိုင်ဆောင်ခြင်းနဲ့ အ၀ါရောင်ဝတ်စုံများ ၀တ်စုံခြင်းတို့ ပြုလုပ်တယ် လို့ ဆိုပါတယ်။ သဘောကတော့ အလုပ်သမားဗီဇာ၊ ကျောင်းသားဗီဇာနဲ့ လာရောက်သူ မြန်မာနိုင်ငံသားများကို စင်္ကာပူအစိုးရ၊ ရဲနှင့် လူဝင်မှုကြီးကြပ်ရေးတို့က အရေးယူတာ၊ ပြည်ပကို နှင်ထုတ်တာတွေကို ရှောင်ရှားနိုင်အောင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။ မနှစ်က အဲသလို အရေးယူခဲ့လို့ မြန်မာအလုပ်သမားနှင့် ကျောင်းသားတချို့ အာရှနိုင်ငံတွေကို ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

http://picasaweb.google.com/MoeMaKa.Net/SIngaporeProtestsForDASSKFreedom#

Daw Myint Myint Soe - DASSK Poem

မြေပြန့်ရောက် တောင်ပေါ်သား စိုင်းခမ်းလိတ်

သုံးတောင်ဝတ် မြွေပွေး

ဒေါ်မြင့်မြင့်စိုး

ဇွန် ၃၁၊ ၂၀၀၉

အချုပ်ထဲက မထုတ်ရဲကြတာ

မဟာဣိထ္တိယ မြွေပွေးမလေး

အတောင် ၂ဝ ညစ်ကျယ်ကျယ် လူဆိုးတစုကို

ဒုက္ခကောင်းကောင်းကြီး ပေးနိုင်တဲ့

သုံးတောင်ဝတ်ကလေးပေါ့။

ပြည်သူ့ ရှေ့မှာ

ပြည်သူ့ နောက်မှာ

ပြည်သူ့ ဝဲယာ

ပြည်သူထဲမှာ

ရဲရင့်မှု သရဖူဆောင်းတဲ့

အကျဉ်းကျ ခေါင်းဆောင်ပေ

အော် .. အနီးကလေးနဲ့ အဝေးရောက်

တွေးကြောက်သူတွေအဖို့

မြွေပွေးတောင် တုန်နေရောပေါ့

ဒါပေမယ့် သူမဟာ

သုံးတောင်ဝတ် ကလေးပါနော်။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူထု စည်းရုံးရေး ခရီးစဉ် အဖွဲ့ စီးနင်းလာတဲ့ ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီးမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပဲယင်း နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့ အဖွဲ့ချုပ်ဝင်တွေ စုပေါင်း ကျင်းပကြပြီး အကြမ်းဖက်မှု အတွင်း သေဆုံးခဲ့သူတွေအတွက် ဆွမ်းကပ် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒီပဲယင်းမှာ ကိုယ်တိုင် ပါဝင်ခဲ့သူ မန္တလေး အရှေ့တောင်မြို့နယ်က ဒေါ်မြင့်မြင့်စိုးက နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး စပ်ဆိုထားတဲ့ "သုံးတောင်ဝတ် မြွေပွေး" ကဗျာကို အာရ်အက်ဖ်အေအား ရွတ်ဆို ပြခဲ့ရာကနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

Naing Linn Aung - No one can save my little brother now, Danote Tradegy witness told

မြေပြန့်ရောက် တောင်ပေါ်သား စိုင်းခမ်းလိတ်ကျွန်မမောင်လေးကို မကယ်နိုင်ကြတော့ဘူးလား

နိုင်လင်းအောင်၊ ရန်ကုန်

မေ ၃၁၊ ၂၀၀၉

´´ကျွန်မ မောင်လေး သက်လွင်ကို ရှာပေးကြပါ အုတ်တွေကြားမှာ အသက်ရှူ ကြပ်ပြီး သေရပါတော့မယ်´´ လို့ နီရဲနေတဲ့ မျက်ဝန်းတွေက မျက်ရည်တွေ စီးကျပြီး ယူကျုံးမရဖြစ်နေတဲ့ အစ်မဖြစ်သူ မကေသီက ကယ်ဆေးရေး လုပ်သားတွေကို ပြောနေတာပါ။


သူမရဲ့ မောင်ဖြစ်သူ မောင်သက်လွင်က မေလ ၃၀ ရက်နေ့ နေ့လည် ၂နာရီ မိနစ် ၅၀ တွင် ရုတ်တရက် ပြိုကျ ပျက်စီးခဲ့တဲ့ ဒလမြို့နယ်ရှိ ဓနုတ် စေတီတော်ကြီးမှာ လုပ်အားပေး နေ့စားအလုပ် သမားတဦးဖြစ်ပါတယ်။ အလုပ်ချိန် တပိုင်းကို ကျပ် ၂၀၀၀ နဲ့ လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ပြိုကျတဲ့အတွက် အုတ်ကြိုးပဲ့များ အောက်မှာ ပိနေကာ ၂၄နာရီ ကြာသည်အထိ ရှာမတွေ့သေးလို့လည်း သိရပါတယ်။ စေတီတော်ကြီးမှာ နှစ်ကြိမ် ပြိုကျခဲ့ပြီး ပထမအကြိမ် ၂နာရီ မိနစ် ၅၀ အချိန်မှာ ထီးတော် နဲ့ ငှက်ပျောဖူးတို့ ပြိုကျလာခဲ့ပြီးနောက် ၁၀မိနစ်ဝန်းကျင် အကြာမှာ ခါးလည် လုံးပတ်တော် ထပ်မံအိကျလာပြီး မြောက်ဘက်မုခ် တန်ဆောင်း ဘက်ခြမ်းကို ယိမ်းပြီး ပြိုဆင်းသွားခဲ့တယ်လို့ သိရပါတယ်။


စေတီတော်ကြီးကို လွန်ခဲ့တဲ့ ၂လခန့်က ပြန်လည် တည်ဆောက်ခဲ့ပြီး မေလဆန်း ကဆုန်လပြည့်နေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် လာရောက်ပြီး ထီးတောင်တင်လှူပွဲကို ကျင်းပခဲ့တာပါ။


စေတီကြီး မပြီးမီ ထီးတော်တင်ခဲ့ပေမယ့် ကျန်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရွှေသံလွင်ကုမ္ပဏီ၊ သပြေကုန်း ရေတပ် မှ တပ်သားများက လုပ်အားပေး အဖွဲ့ တို့က ဆောင်ရွက်ခဲ့သလို ရွာခံ နေ့စားအလုပ် သမားများက နေ့ခင်းတပိုင်း ကျပ် ၂၀၀၀ ၊ မနက်စော မှ မိုးချုပ်ထိ တစ်ရက် ကျပ် ၆၀၀၀ နဲ့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအဖြစ်အပျက် ဖြစ်ပွားချိန်မှာ လုပ်အားပေးနေသူပေါင်း ၂၀၀ ကျော် ၀န်းကျင်ခန့် ရှိမယ်လို့ ရွာခံများက ပြောပါတယ်။


ရွှေသံလွင်ကုမ္ပဏီမှာ နေ့စား ညစား အချိန်ပိုင်း အလုပ် ၀င်လုပ်နေသူမောင်သက်လွင်ရဲ့ ဖြစ်ပျက်ပုံကို အစ်မဖြစ်သူ မကေသီက


“ကျွန်မ မောင် ၃ ယောက်လုံး ပြိုကျတဲ့အချိန်မှာဘုရားပေါ် ရောက်နေတယ်။ ကျွန်မမောင်တွေ သေကုန်ပါပြီ ဆိုပြီး ပြေးလာရင်ပဲ ရှိသေးတယ် ဒုတိယတစ်ခါ ထပ်ပြို ကျတယ်။ အကြီးနဲ့ အငယ်နဲ့ ၂ ယောက် အသက်ရှင်တယ်။ အလယ်က သက်လွင်က အခုထိ ရှာမတွေ့သေးဘူး။


ကံဆိုးတာကတော့ မပြိုခင် နေ့ခင်း ၂နာရီလောက်မှ သူ့အစ်ကို အောင်လွင်နဲ့ ဘုရားပေါ်တက်ပြီး ငြမ်းဖြုတ်ကြတယ်။ ပထမက သူက လယ်ကွင်းကနေ ဘုရားအုတ်တွေကို သယ်နေတယ်။ နောက်အုတ် သယ်တဲ့သူ များလို့ လူကြီးက ဘုရားပေါ် တက်ဖြုတ်ရမယ် ဆိုတော့ ညီအစ်ကို ၂ ယောက် တက်သွားကြတယ်။


ပထမပြိုတုန်းက အောင်လွင်က သူ့ညီနာမည်ကို ၁၅ ခါလောက် အော်ခေါ်တယ်၊ ဘာမှ ပြန်ဖြေသံ မကြားဘဲ ဒုတိယတစ်ခါ ထပ်ပြိုကျလာတဲ့အခါ ထွက်ပေါက်တွေ့ပြီး ခုန်ထွက်တာ မြန်သွားလို့ လွတ်လာတယ်။ သစ်သားပြားတွေ ကျောကို ရိုက်တဲ့ ဒဏ်ကြောင့် ဒဏ်ရာ ရထားတယ်။


အဲဒါတောင် ည ၁၂ ကျော်မှာ သူ့ညီက သူနဲ့ အတူတူ လုပ်နေတဲ့ မြောက်ဘက်မုခ်က ဘုရား နှစ်ဆူကြား ထဲမှာ ရှိတယ် ထင်လို့ အော်ခေါ်နေတယ်။ ကယ်ဆယ်ရေး တွေနဲ့ လိုက်ရှာနေတယ်။


ယူကျူံးမရဖြစ်ရတာက သက်လွင်က မော်လမြိုင်မှာ အလုပ်လုပ် နေရာက အခု ဘုရားထီးတင်တဲ့ နေ့မှာပဲ အဖေက အသည်းအသန်ဖြစ်ပြီး သတိလစ်သွားလို့ သူ့ကို ဖုန်းဆက်ပြီး လှမ်းခေါ်တော့ ရောက်လာတယ်။ ပြန်မယ်ဆိုတော့ သူ့အကိုရော ကျွန်မတို့ကကော ဒီမှာလည်း အလုပ်ရှိနေတာပဲ။ မပြန်နဲ့ ဆိုပြီး တားလိုက်တာ အခု ကံဆိုးသွားရပြီ။


အငယ်ဆုံးကတော့ ဘုရားအောက်ခြေ မှာ ရောက်နေလို့ လွတ်သွားတယ်။ မနေ့က ညနေက ရှာပြီး နောက်ပြီး ဒီနေ့မနက်မှာ လူတွေ ဆွဲထုတ်တာတွေ မရှိသေးဘူး” လို့ ပြောပါတယ်။


စေတီတော် ပြိုကျခဲ့သည့် ညနေ ၆နာရီကျော်ထိ ဘုရားအောက်ခြေမှာ ပိတ်မိနေသူများက ရေသောက်ချင်တယ် ဆိုပြီး အထဲကနေ အော်တောင်းတယ်၊ ကယ်ကြပါဦး ဆိုတဲ့ အော်သံ များကိုပင် ကြားခဲ့ကြရတယ်လို့ ရွာခံများက ပြောပြပါတယ်။


အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ၁၅ နှစ် အရွယ် ယောကျာ်းလေး တစ်ဦးက


“ကျွန်တော်က ကျောင်းမဖွင့်ခင် ပိုက်ဆံရအောင် အလုပ် ၀င်လုပ်နေတာပါ။ ကျွန်တော်က ငြမ်းတွေတက် ဖြုတ်နေတုန်း အပေါ်က ထီးတော် ငှက်ပျောဖူးက အရင်ပြိုကျပြီး အုတ်တွေ ပဲ့ကျလာတယ်။ ငြမ်းဖြုတ်တဲ့ သူတွေကလည်း ပြေးကုန်ကြပြီ။ ပြေးမယ်လည်း လုပ်ရော အလယ် ကိုယ်ထည်က ငလျင်လှုပ်သလိုပဲ ခါပြီး အိ ကျလာတယ်။ အပေါ်က ပြုတ်ကျလာတဲ့ အရှိန်နဲ့ လွင့်သွားတာ ဇရပ်ရှေ့ကို ရောက်သွားတယ်။


အဲဒီနေ့က ရေတပ်က တပ်သားတွေ လုပ်အားပေးတာ များတယ်။ အထဲက လူတွေပိနေတာ အခုထိ မဆွဲထုတ်နိုင်သေးဘူး။ မနေ့ ညနေကပဲ ဆွဲထုတ်တာ ၄ယောက် ထွက်တယ်။ တပ်သား တစ်ယောက်ဆို ခြေထောက် အုတ်တွေ ပိနေလို့ ဆွဲထုတ်မရတော့ ခြေထောက်ပါ ခုတ်ဖြတ်ပြီး ခေါ်သွားရတယ်။ အရေးပေါ်ကားတွေနဲ့ ရန်ကုန်ကို ခေါ်သွားတယ်။ သပြေကုန်း ရေတပ်က တပ်သားတွေ အများဆုံး ထိမယ်။


အဲဒီအချိန်မှာ ကယ်ကြပါအုံး ကျွန်တော်ကို ပိနေပါပြီလို့ အော်သံတွေ အပြင်က ကြားနေရတယ်။ ရေတောင်းသောက်လို့ ကယ်ဆယ်ရေးတွေက အထဲကို ရေချပေးတယ်။


ညနေ ၆နာရီခွဲကျော်တော့ အပြင်လူတွေ ပေးမ၀င်တော့ဘူး။ ဒဏ်ရာ ရတဲ့သူတွေကိုတော့ ဒလမြို့နယ်က ပဲ ပျော်ဘွယ်ကြီး ဆေးရုံကို တင်ထားတယ်။ အဲဒီဆေးရုံမှာ ပြည့်သွားတော့ ဒလဆေးရုံကို ပို့တယ်။ ရန်ကုန်ဆေးရုံကြီးမှာနဲ့ စစ်ဆေးရုံတွေကို ခေါ်သွားကြတယ်။ ကြက်ခြေနီတွေလည်း ရောက်လာကြပါတယ်။ ဒဏ်ရာမပြင်းရင်တော့ ဒီမှာပဲ ဆေးထည့် ကုပေးတယ်။


အခု မနက်အစောကြီးမှာ ကရိန်းတွေနဲ့ လူနှစ်ယောက်ကို ခါးမှာ ကြိုးချည်ပြီး စေတီငယ်လေးတွေက ထီးတော်တွေကို ဖြုတ်နေတယ်။ အထဲမှာ ပိတ်နေတဲ့ သူတွေ အသက် မရှင်နိုင်တော့ဘူးဆိုပြီး ဖော်တာတွေ ရှာတာတွေ မလုပ်ကြသေးဘူး။


မနက်ကတော့ MP 4 နဲ့ရိုက်ထားတဲ့ လူသေဓာတ်ပုံကိုလာပြတယ်။ ကိုယ့်မိသားစုထဲကလားကြည့်ဆိုပြီး။ ဆံပင်ရှည်ရှည်နဲ့ သွားတွေ ကျိုးထွက်နေတာ တွေ့ရတယ်၊ အခုထိတော့ ပိုင်ရှင်မရှိသေးတဲ့ အလောင်းပါ”


လို့ ဆိုပါတယ်။


ဓနုတ်စေတီတော်ကြီး မပြိုကျမီ နေ့လည် ၂နာရီဝန်းကျင်မှာ မီးလုံး အနီကြီး ဘုရားဘက်ကို ၀င်လာတယ်လို့ မျက်မြင်ကိုယ်တွေ့ ရွာခံ များက ပြောပါတယ်။ ဓနုတ် စေတီတော်ကြီးက ၂၀၀၆ခုနှစ် ဇွန်လ ၂၇ရက်နေ့ (ဆူနာမီ ငလျင် ဒဏ်လှုပ်ပြီး နောက်တရက်) နံနက် ၃နာရီ ၁၅မိနစ်မှာ တနင်္လာ ( အရှေ့တောင်) ထောင့်မှ ထီးတော် ငှက်ပျော်ဖူးနဲ့ တကွ စေတီတော် ထက်ခြမ်းကွဲကာ မြေပေါ်ပြို ကျခဲ့သေးတယ် လို့သိရပါတယ်။ ဘုရားကြီးရဲ့ ညဏ်တော် အမြင့်ကတော့ ၁၈၆ ပေ ဖိနပ်တော် ၄၉၀ ပေ ရှိတယ်လို့ သိရပါတယ်။


ဓနုတ်စေတီတော်ကြီးမှာ မင်းအဆက်ဆက် ပြုပြင်ခဲ့ကြပြီး ဘုရားသမိုင်းများအရ ယင်းစေတီမှာ အနည်းဆုံး ၆ကြိမ် ပြိုကျခဲ့ပြီး ပြင်ဆင်တည်ထောင်ခြင်းများလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


၂၀၀၉ နဲ့ ၂၀၀၆ ခုနှစ် ဓနုတ်စေတီတော်ပြိုကျချိန် နှစ်ကြိမ်လုံးဟာ စနေနေ့တွင်သာ ဖြစ်ခဲ့ပြီး အသက်သေဆုံး ရတာကတော့ ယခု ပထမဆုံး အကြိမ်ဖြစ်ပါတယ်။


စေတီတော်ကြီးအောက်မှာ ပိမိနေသူ မကေသီရဲ့ မောင်ဖြစ်သူက ရွှေသံလွှင်ကုမ္ပဏီမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ လုပ်သားပေါင်း ၄၀ကျော် အနက်က သေဆုံးရ သူတစ်ယောက် ဖြစ်ပါတယ်။


(၂၀၀၈ ဧပြီလက မိုးမခတွင် ဓနုတ်စေတီတော် အလှူခံများ လိုအပ်နေကြောင်း သတင်း ဖော်ပြခဲ့ဖူးသည်။ ဒီမှာ ဖတ်ပါ - http://moemaka.blogspot.com/2008/04/blog-post_371.html ၂၀၀၆ ကတည်းက ပြိုကျ ပျက်စီးခဲ့သော စေတီကို ပြုပြင်ရန် ကြိုးပမ်းနေစဉ် ၂၀၀၇ မေလတွက် နာဂစ်မုန်တိုင်း ကျရောက်ပြီး ပိုမို ပျက်စီးခဲ့ရသည်။)

ဓာတ်ပုံ - မိုးမခ

Gen. Aye Myint against international community

ဗိုလ်ချုပ် အေးမြင့်က နိုင်ငံတကာကို ခြိမ်းခြောက်ပြောဆို
ဓာတ်ပုံသတင်း
မေ ၃၁၊ ၂၀၀၉
အိမ်အတွင်းသို့ လူတယောက် ၀င်ရောက်မှုကို အာဏာပိုင်များ မသိရန် ဖုံးကွယ်ထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန်မှအပ အခြားနည်းလမ်းမရှိကြောင်း
ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် အေးမြင့်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံတခုတွင် ပြောဆို လိုက်သည်။ အဆိုပါ ညီလာခံတက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့အား ၀ိုင်းဝန်း ဖိအားပေးကြသည်။ သို့သော်လည်း ဗိုလ်ချုပ် အေးမြင့်က ပြည်တွင်းရေးကိစ္စတခုကို ဥပဒေအရ ဆောင်ရွက်ခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းမရှိကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်။ ၀င်ရောက်စွက်ဖက်ကြမှသာ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိခိုက်လာမည်ဟု ပြောလိုက်သည်။
ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အမှုသည် အနည်းဆုံး ငွေဒဏ် ကျပ် ၅၀၀၀၊ အများဆုံး ထောင် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်သည့် အမှု ဖြစ်သည်။ (ဓာတ်ပုံ-getty images)

temple building collapses, killing 2

သက်တမ်း ၂၀၀၀ ကျော် ဓနုတ်စေတီပြိုကျ၊ လူ ၂ ဦး သေဆုံး
ဓာတ်ပုံသတင်း
မေ ၃၁၊ ၂၀၀၉


အပျက်အစီးများ ရှင်းလင်းနေပုံ


ရန်ကုန်မြို့ပြင်ရှိ ဓနုတ်စေတီပြိုကျမှုတွင် လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရာကြောင်း လုံခြုံရေးအရာရှိတဦးကို ကိုးကားပြီး အေပီသတင်းဌာနက ရေးသားလိုက်သည်။ ဓနုတ်စေတီသည် သက်တမ်း နှစ်ပေါင်း ၂၃၀၀ ရှိသည်ဟု ဆိုသည်။ ငြမ်းဆင်ပြီး ပြန်လည် မွမ်းမံစဉ် ယမန်နေ့က ပြိုကျခြင်း ဖြစ်သည်။

(ဓာတ်ပုံ-မိုးမခ)

local media is not allowed to cover the collapsed pagoda news

ဓနုတ်စေတီ ပြိုသည့် သတင်း မဖော်ပြရန် ညွှန်ကြားထား
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၃၁ရက်၊ ၂၀၀၉

မေလ ၃၀ရက် စနေနေ့ မွန်းလွဲပိုင်းတွင်ပြိုကျခဲ့သည့် ဓနုတ်စေတီနှင့် ပတ်သက်သည့် မည်သည့် သတင်းမှ ဖေါ်ပြခြင်း မပြုရန် စာပေစိစစ်ရေးက သတင်းဂျာနယ်တိုက်များသို့ အသိပေးထားသည်ဟု ရန်ကုန်မြို့မီဒီယာ အသိုင်းအ၀ိုင်းထံမှ သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်လည်း ဖေါ်ပြသည်ကို မတွေ့ရှိရဘဲ၊ ဘရာဇီးလ် နိုင်ငံတွင် တာတမံ ကျိုးပေါက်ပြီး လူ၎ ယောက်သေဆုံးသည့် သတင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျပြီး လူ ၂ ဦး သေဆုံးသည် ဆိုသည့် နိုင်ငံတကာ သတင်းမျိုးကိုသာ ဖေါ်ပြထားသည်။

ယခုကဲ့သို့သော သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှု သတင်းမျိုးကို နအဖ စစ်အစိုးရ၏ ဆင်ဆာအဖွဲ့က မည်သည့်အတွက်ကြောင့် ဖေါ်ပြခွင့် မပြုသည်ကို မြန်မာနိုင်ငံမှ ပြည်သူများ အနေဖြင့် နားမလည်နိုင်ကြသော်လည်း အချို့သော မီဒီယာ သမားများ၏ ပြောဆိုချက်အရ သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှုများကို ကိုင်တွယ် ဖြေရှင်းသည့် အခါ နောက်ကျပြီး မထိရောက်သည့် ကယ်ဆယ်ရေး လုပ်ကိုင်ခြင်းများနှင့် ထိုသို့ လုပ်ကိုင်ရာတွင် လွဲမှားသည့် စီမံခန့်ခွဲမှုများကြောင့် အသက်မသေသင့်ဘဲ သေဆုံးရသည် အဖြစ်တို့ ပေါ်လွင်လာမည့် အရေးကို စိုးရိမ်၍ ဖြစ်နိုင်သည်ဟု သိရသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတင်ထားသောစေတီ ပြိုကျသည့် အတွက် နအဖအတွက် နိမိတ်မကောင်း ဆိုသည့် လူထု ထင်မြင်ချက် ပြန့်နှံ့မည်ကို စိုးရိမ်သည့် အတွက် သတင်း မီဒီယာများတွင် မဖေါ်ပြရန် တားမြစ်ခြင်းလည်း ဖြစ်နိုင်သည် ဟု မီဒီယာလောကတွင် ဝေဘန် ကောက်ချက်ချလျက် ရှိသည်။

Saturday, May 30, 2009

Danote Pagoda repaired by Than Shwe's wife collapse


ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက်မနည်း ဆေးရုံတင်ထားရ

မိုးမခ အထောက်တော်၊ ရန်ကုန်

မေ ၃၀ရက်၊ ၂၀၀၉

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဓနုတ်ကျေးရွာတွင် တည်ရှိသော ဓနုတ်စေတီ ပြန်လည်ပြင်ဆင် နေစဉ် ပြိုကျရာမှ ရေတပ်သား အပါအ၀င် ၅၀ ဦးထက်မနည်း ဆေးရုံတင်ထားရပြီး လူရာဂဏန်းနှင့် ချီဒဏ်ရာရရှိ ကြောင်းကြားသိရသည်။

ယနေ့ နေ့လည် ၂နာရီ ၃၀မိနစ် ၀န်းကျင်က ရှေးဟောင်းစေတီကို ပြန်လည်ပြင်ဆင်လျက် ရှိသည့် ဓနုတ်စေတီ ပြိုကျရာတွင် လုပ်အားပေး လုပ်ကိုင်နေသည့် ရေတပ်မှ စစ်သားအများအပြား နှင့် နေ့စားအလုပ်သမားများနှင့် ရွှေသံလွင် ကုမ္ပဏီမှ ဆောက်လုပ်ရေး အလုပ်သမားများ ဒဏ်ရာရရှိခဲ့ကြောင်း ဒလမြို့မှ လာသော သတင်းများအရ သိရသည်။

ယခုအချိန်ထိ သိရှိရသည့် အချက်အလက်များအရ ရန်ကုန်ဆေးရုံကြီးတွင် အနည်းဆုံး လူနာ ၃၀ကျော် နှင့် ဒလဆေးရုံတွင် ၂၀ထက်မနည်း တင်ထားရှိသည် ဟုသိရသည်။

ဖြစ်ပွားပုံမှာ ဘုရားထီးတော် အောက်ပိုင်းမှ အုတ်များ စတင်ပြိုကျခဲ့ပြီးနောက် စေတီပေါ်မှ ပြင်ဆင်နေသူများ ဆင်းပြေးခဲ့ကြသည် ဟုသိရသည်။ ထို့နောက် စေတီ ထပ်မံပြိုကျရာတွင် အနီးအနားရှိ လူများကိုပါ ထိခိုက် ဒဏ်ရာရခဲ့ ဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရ ထိခိုက်သူ အများစုမှာ ဦးခေါင်းထိခိုက် ဒဏ်ရာရသည့် လူနာများအနက် ရေတပ်မှ စစ်သားများအား ရန်ကုန်မြို့ရှိ စစ်ဆေးရုံသို့ သယ်ယူခဲ့ပြီး အရပ်သားများမှာ ဒလဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီး တို့သို့သယ်ယူ သွားခဲ့ကြောင်း သိရသည်။ ရေတပ် စစ်သားများကို ဦးစားပေး သယ်ယူခဲ့သည်ဆိုသည့် ပြောဆိုမှုများလည်း ရှိနေပြီး၊ သာမန် အရပ်သားများ၊ နှင့် အလုပ်သမားများမှာမူ ညနေပိုင်းမှ ရန်ကုန်မြို့သို့ ပဲ့ထောင်များ၊ ကူးတို့သဘောင်္များဖြင့် သယ်ဆောင်လျက်ရှိသည် ကိုမြင်တွေ့ရသည်။

ဓနုတ်ကျေးရွာမှာ ရန်ကုန်တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ၀န်းကျင်အကွာအဝေးတွင် တည်ရှိပြီး၊ ယမန်နှစ် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ကျေးရွာတရွာလည်း ဖြစ်သည်။ ရှေးဟောင်း စေတီ တဆူဖြစ်သည့် ထိုစေတီကို နာဂစ်မုန်တိုင်း နောက်ပိုင်း ပြန်လည်ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ကို ကြားသိခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများ မပြီးဆုံးမီ လွန်ခဲ့သည့် နှစ်ပတ်ဝန်းကျင်က နအဖ စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က လာရောက် ထီးတင်ခဲ့သည် ဟုသိရသည်။

ကျေးရွာလူထု အနေဖြင့်မူ ဒေါ်ကြိုင်ကြိုင်က ယတြာခြေသည့် အနေဖြင့် လာရောက်ထီးတင်ခဲ့သည့် စေတီပြိုကျသည့် အတွက် နအဖ စစ်အစိုးရအတွက် အတိတ်နိမိတ်မကောင်းဟု ပြောဆိုဝေဘန်လျက်ရှိသည် ကိုလည်းကြားသိရသည်။

(ဓာတ်ပုံ - ဓနုတ်စေတီ။ ၂၀၀၈ မေ။ နာဂစ်မုန်တိုင်းဒဏ်ခံပြီး)

Quotes for May 2009

မေလ စာကိုး စကားကိုး
မေ ၃၀၊ ၂၀၀၉

ကုမ်ရာသီဖွားမိန်းမတစ်ယောက် ဆိုတာကို သူတို့ရဲ့ ၀တ်စား ဆင်ယင်ပုံ ကြည့်တာနဲ့ကို သိနိုင်တယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ၀တ်ချင်မှဝတ်မယ်။ ကိုယ်နဲ့အဆင်ပြေတယ်ထင်ရင် ၀တ်လိုက်တာပဲတဲ့။ (အဲဒါတော့မှန်တယ်။ ဥပမာ… ဖက်ရှင်ဖြစ်နေတဲ့ ဒေါက်ကြီးစီးပြီး အရမ်းတော့ လှနေပါရဲ့၊ ခြေနာလို့ ထော့နဲ့နဲ့ကြီးဖြစ်နေတာမျိုး၊ Paris Hilton လို လှချင်လို့ လှည်းဘီးမျက်မှန်ကြီးဝတ်ပြီး မမြင်မစမ်းဖြစ်နေတာမျိုးတော့ မဖြစ်လိုဘူး၊ ကိုယ်နဲ့အဆင်ပြေပြီး လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင်ပုံကို နှစ်သက်တာတော့ အမှန်ပဲ)”
အိမ့်ချမ်းမြေ့၊ ဘလော်ဂါ
ainchannmyay.com၊ မေ ၂၈


ဂျာနယ်အရောင်းသမား ဦးလှရွှေ (ဓာတ်ပုံ-မော်ဒန်)
“ဦးလှရွှေက ရွှေဆိုင်တစ်ခု အမည်ပါတဲ့ တီရှပ်ကို ၀တ်ထားတယ်။ တစ်မြို့လုံးအနှံ့ သွားနေတာမို့ စီးပွားရေး လုပ်ငန်းတွေက သူတို့လုပ်ငန်း ကြော်ငြာ ပါတဲ့ တီရှပ်တွေ ၀တ်ဖို့ သူ့ကို ပေးကြတယ်။ သူ့ရက်နဲ့သူ အလှည့်ကျ ၀တ်ပေးရတယ်လို့ ဦးလှရွှေက ဆိုတယ်”
ကျော်ရင်မြင့်၊ စာနယ်ဇင်းသမား
မော်ဒန် သတင်းဂျာနယ်၊ မေ ၁၅

ပါရဂူ
အခု စုန်း၊ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ ဂမ္ဘီရ ရေးသူ အများစုဟာ ကလောင်သစ်တွေ မဟုတ်ကြဘူး။ အတိတ်ကာလ တစ်ခုမှာ လက်သွက်ခဲ့တဲ့ ကလောင်ဟောင်းတွေ ဖြစ်တယ်။ အဲဒီ ကလောင်ဟောင်းတွေဟာ ဘ၀သရုပ်ဖော်ရေးရင် ကောင်းကောင်း ရေးနိုင်သူတွေချည်းပဲ။ သူတို့က ထုတ်ဝေသူတိုင်း မထုတ်တဲ့ ဘ၀သရုပ်ဖော် ၀တ္ထုတွေ မရေးချင်ကြတော့ဘူး”
ပါရဂူ၊ စာရေးဆရာကြီး
အလင်းတန်းဂျာနယ်၊ မေ ၁၈

“နတ်နဲ့ ပတ်သက်လို့ အပျိုတော်ယိမ်းပဲ ကပါတယ်။ ကိုကြီးကျော်၊ မင်းကြီး မင်းလေး အဲဒါတွေ လုံးဝ မကပါဘူး။ ပြောရရင် နတ်သီချင်းတွေ ဇာတ်ပေါ် တက်လာတာ ဘာသာရေးအရ ကြည့်ရင် အတော် ကြေကွဲရပါတယ်။ နတ်ဆိုတာ ကိုးကွယ်ရာ လို့ သတ်မှတ်ရင် မှားသွားပါလိမ့်မယ်။ ပရိသတ်ကြိုက်တယ် ဆိုပြီး နတ်သီချင်းဆို၊ နတ်က ကတာ ပရိသတ်ကို အဆိပ်ကျွေးခြင်းပါပဲ”
မိုးမင်း၊ ဇာတ်ဆရာ
နံနက်ခင်းသတင်းဂျာနယ်၊ မေ ၂၀
စောနန္ဒာ (ဓာတ်ပုံ-လျှပ်တပြက်ဂျာနယ်)
“ဆူလည်းဆူ ပညာလည်း ပေးရတာပေါ့။ အခု လက်ရှိ စားဝတ်နေရေးက သိပ်မလောက်ချင်တော့ဘူး။ ပေးနိုင်တဲ့ ညကြေးနဲ့ ကလေးတွေရဲ့ အသုံးစရိတ်နဲ့။ အဲဒါကျ ကလေးတွေက ဘာဘာညာညာ လုပ်ချင်တယ်။ အပြင်တွေ ထွက်ပြီး ကြားဖူးမှာပေါ့ အခြောက်တွေ offer လိုက်တာကို။ ကျွန်တော်က မလိုက်ခိုင်းဘူး။ - - - ညအိပ်ဧည့်သည် လက်မခံဘူး။ ပွဲ ကပြီးသွားတဲ့အခါ မုန့်ထွက်စားချင်ရင် သူတို့ကို နာရီဝက် အချိန်ပေးတယ်။ နာရီဝက် ပြီးလို့မှ ပြန်မလာင် တံခါး ပိတ်ပစ်လိုက်တယ်။ စောစောထဲက သူတို့ အသိတွေ ရှိရင် ဧည့်စာရင်းနဲ့ သွားနေလိုက်။ ရုံထဲမှာ နေရင်တော့ ဘယ်နှစ်နာရီ ပြန်လာဆို လာပဲ။ အကုန် လူတွေ လိုက်စစ်တယ်။ အဲဒီလို စည်းကမ်း သတ်မှတ်ထားတယ်”
စောနန္ဒာ၊ ‘မိုးကြိုးငှက်ငယ်လေးများ’ အကအဖွဲ့ ခေါင်းဆောင်
လျှပ်တပြက်ဂျာနယ်၊ မေ ၁၅

ဦးစိုးမြင့် (ဓာတ်ပုံ-ရန်ကုန်တိုင်းမ်)
လက်ဖက်တို့၊ ငါးပိတို့ ဆိုတာ လူတွေ အမြဲတမ်း စားသုံးနေကြတဲ့ အစားအစာတွေပဲ။ အဲဒီ အစားအစာတွေမှာ ဘယ်လိုဓာတ်ပစ္စည်းတွေ ပါတယ် ဆိုတာ ပြည်သူတွေ မသိနိုင်ဘူး။ ဒီလို ဓာတုဆေးဝါးတွေ ပါရှိမယ် ဆိုရင်လည်း ဘယ်အဆင့်မှာ ပါသလဲ ဆိုတာ စစ်ဆေးပြီး တရားခံကို ဖော်ထုတ်သင့်တယ်”
ဦးစိုးမြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ မေ ၁၄

ဦးဝင်းဇော် (ဓာတ်ပုံ-နံနက်ခင်းသတင်းဂျာနယ်)
“ဆရာမင်းသိင်္ခက ဗေဒင်သင်တန်းတွေ ပေးပြီး တပည့်ပေါင်း များစွာ မွေးထုတ်ခဲ့ရာမှာ ကောင်းတဲ့လူ ရှိသလို မကောင်းတဲ့လူလည်း ရှိပါတယ်။ လောဘကြီးသူ၊ နည်းသူ စသည်ဖြင့် ရှိပါတယ်။ အစ်ကိုက ဗေဒင်ဟောတဲ့အခါ ယတြာကြေး မယူရဘူးလို့ ပြောထားပေမယ့် - - ကျန်းမာရေး မကောင်းသူ၊ ဆင်းရဲတဲ့သူ၊ အမှုအခင်း ဖြစ်နေတဲ့သူတွေကို ပိုက်ဆံ မယူရဘူး ပြောပေမယ့် ယူနေကြပါတယ်။ အောင်မြင်ရင် ဘာပေးရမယ် ဥပမာ အဲယားကွန်း တပ်ပေးရမယ်၊ ကော်ဇောခင်းပေးရမယ်၊ ပန်ကာကြီး တပ်ပေးရမယ် စသည်ဖြင့် လုပ်နေကြပါတယ်။ အဲဒီလိုလူတွေကို အထူး သတိထားကြပါ”
ဦးဝင်းဇော်၊ မင်းသိင်္ခ၏ညီ
နံနက်ခင်းသတင်းဂျာနယ်၊ မေ ၂၀

ဗိုလ်မှူးချုပ်ခင်ရီ
“ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏နေအိမ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား Mr. John William Yettaw ကို (၂) ရက်တိုင် နေထိုင်ခွင့် ပြုခြင်း၊ လက်ခံ စကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်း စသည့် ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းသည် တည်ဆဲ ဥပဒေ နှင့် ငြိစွန်းနေခြင်းကြောင့် မလွှဲမရှောင်သာ ၀မ်းနည်းစွာဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ပါကြောင်း”
ဗိုလ်မှူးချုပ်ခင်ရီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်
ကြေးမုံသတင်းစာ၊ မေ ၂၇

မောင်အောင်မျိုး၏ စာအုပ်
“"ဖြတ်လေးဖြတ် ဗျူဟာ" လို့ ခေါ်တဲ့ သောင်းကျန်သူတွေ အပေါ် ရိက္ခာဖြတ်တာ၊ သတင်း အဆက် အသွယ် ဖြတ်တာ၊ ငွေကြေး ဘဏ္ဍာဖြတ်တာ၊ သုတ်သင် သတ်ဖြတ်တာတွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ နဲ့ ပဲခူးရိုးမ ဒေသ စစ်ဆင်ရေးတွေမှာ တပ်မတော်က ဆောင်ရွက်ခဲ့ကြပါတယ်။- - - စာရေးသူ မောင်အောင်မျိုးက ဒီစာအုပ်မှာ မှတ်တမ်း သဘောမျိုး အချက်အလက်၊ ဖြစ်စဉ်တွေကို စုစည်း ဖော်ပြ ခဲ့ပေမယ့် ဒီမူဝါဒအပေါ် သုံးသပ်ဝေဖန်ခဲ့တာ မတွေ့ရပါဘူး။ ကျနော် ဖတ်မိတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်သန်းတင် ရေးတဲ့၊ ၂ဝဝ၄ ခုနှစ် အမျိုးသားစာပေဆုရ "ကိုယ်တွေ့ဖြစ်ရပ်များ၊ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ" ဆိုတဲ့ စာအုပ်မှာ ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆောင်ရွက်ပုံ အသေးစိတ်ကို ဖော်ပြခဲ့တာကို ဖတ်ရပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမက ရွာတွေ အားလုံး နီးပါးကို ဖြတ်လေးဖြတ် စစ်ဆင်ရေးအတွက် ခြံခတ်ပြီး ထွက်ပေါက်တခုပဲ ရှိစေတာ၊ ရိက္ခာတွေကို စုစည်း သိမ်းခိုင်းထားတာ၊ ရွာသားတွေ သောင်း နဲ့ချီလို့ ဝိုင်းပတ် ပိတ်ဆို့ရေး ကိစ္စတွေမှာ အသုံးချ ခဲ့တာ၊ သူပုန် အမာခံလို့ မင်္သကာသူတွေကို ထိန်းသိမ်းရေး စခန်းတခုမှာ ထောင်နဲ့ချီပြီး စခန်းတွေမှာ လနဲ့ချီ ထိန်းသိမ်းခဲ့တာတွေကို ဖတ်ခဲ့ရပါတယ်”
အောင်သူငြိမ်း၊ ဘလော်ဂါ
http://yaw-han-aung.blogspot.com/ မေ ၁၆
အေးရိပ်မွန် ကျောင်းသူများ (ဓာတ်ပုံ-themandalayprojects.net)
“(စာသင်ကျောင်းက) တချို့ ဆရာ ဆရာမတွေက မျက်နှာလိုက်တာ ရှိပါတယ်ရှင့်၊ မိဘမဲ့ဆိုပြီး အပေါင်းအသင်း မလုပ်ချင်တဲ့သူလည်း ရှိပါတယ်ရှင့်၊ သမီးတို့ကို အရမ်းခင်တဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်ရှင့်”
၁၉၆၃ တွင် စတင်ခဲ့သည့် မန္တလေးမြို့ အေးရိပ်မွန် မိဘမဲ့ဂေဟာမှ ကျောင်းသူတဦး
bbcburmese.com ရေဆန်လေဆန်ဘ၀များအစီအစဉ်၊ မေ ၁၁

“ - - - နိုင်ငံတော်၌ ဝမ်းစာရိက္ခာ ဖူလုံရုံသာမက ပိုလျှံနေပြီဖြစ် - - - နောင်လူဦးရေ သန်း ၁ဝဝ တိုးပွားလာသည် အထိ စားနပ်ရိက္ခာ အတွက် ပူပန် ကြောင့်ကြရန် မရှိဘဲ လုံလုံ လောက်လောက် စားသုံးနိုင် - - - ”
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်အစိုးရခေါင်းဆောင်
ကြေးမုံ သတင်းစာ၊ မေ ၆

“တို့မြန်မာနိုင်ငံမှာ political process ဖြစ်ပေါ်လာတော့မယ် ဆိုတာကို ယုံကြည်ခဲ့ရင် ရွေးကောက်ပွဲ မ၀င်ပါဘူး၊ တပ်မတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းအကြား ယုံကြည်မှု တည်ဆောက်တဲ့ပွဲမှာ ဆော်သြသူသာ ဖြစ်ချင်ပါတယ် လို့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ အဖွဲ့အစည်းများဆီကို စာရေး ခွင့်တောင်းပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့”
ကျော်စွာ၊ နိုင်ငံရေးဝါသနာရှင်
The Voice ဂျာနယ်၊ မေ ၁၈


ဦးသုဝေ
တပ်မတော် အစိုးရက နှစ် ၂ဝ လောက် ကြာတဲ့အခါကျတော့ သူတို့ကလည်း ငြီးငွေ့နေပြီ။ ဒီမိုကရေစီကို လိုချင်နေပြီ”
ဦးသုဝေ၊ နိုင်ငံရေးသမား
မဇ္ဈိမ သတင်းဌာန၊ မေ ၎
ဒေါက်တာဇာနည်
“သန်းရွှေရဲ့ မိသားစုတို့၊ တေဇတို့၊ မောင်အေးတို့ အမေရိကန် မလာရဘူး၊ သူ့မြေးတွေ မလာရဘူးဆိုတာ၊ သူတို့ အမေရိကန် မသွားရလည်း သူတို့လိုချင်တာ အကုန်လုံးကို ရှန်ဟဲတို့၊ စင်္ကာပူတို့၊ ဟောင်ကောင်တို့၊ ဒူဘိုင်းတို့မှာ အကုန်ဝယ်လို့ ရတယ်။ သန်းရွှေက ဗမာပြည်မှာ မာစီဒီးကား စီးနေတယ်၊ သိတယ် မဟုတ်လား။ ဂျာမဏီကနေ မှာပြီးစီးနိုင်တဲ့ အဆင့်အတန်း ရှိတယ်။ အစကတည်းက ကျနော်တို့ ပြောလာတာက ဒီ နအဖက လူတွေကို ချစ်လို့၊ ထောက်ခံလို့ ပြောနေတာ မဟုတ်ဘူး။ ပီပီပြင်ပြင် မလုပ်လို့၊ ပီပီပြင်ပြင် မလုပ်တဲ့ အတူတူတော့ ကျနော်တို့က နာမည်ကြီး ထမင်းငတ်ဖြစ်တာပေါ့။ Sanction လုပ်ထားရပါတယ်လို့ ပြောပြီးတော့ ပီပီပြင်ပြင် မလုပ်တဲ့ အခါကျတော့ နာရမယ့် လူတွေမှာ မနာဘူး။ မနာရမယ့် လူတွေမှာ နာရတယ်။ နောက်တခါ နိုင်ငံရေးအရ အမြတ်မထွက်ဘူး။ အဲဒါကြောင့် ကျနော်တို့ activists တွေက ဒီဟာတွေကို သိပ်နားမလည်လို့လား၊ မဟုတ်ရင် အသိခေါက်ခက်နဲ့ သိသိကြီးနဲ့ပဲ လိုက်ပြီး မျှောနေတာလား။- - - - ဗမာပြည်က သယံဇာတတွေက ကျနော်တို့ ပြည်သူတွေကို အကျိုးဖြစ်တာ မဟုတ်ဘဲနဲ့ ပြည်သူတွေကို ကျိန်စာသင့်သလို ဖြစ်နေတာ။ အဲဒါကိုကိုင်ပြီးတော့ ဒီကောင်တွေက ပြည်သူတွေကို နှိပ်စက်နေတာ။ အဲဒီဟာ မရဘူးဆိုရင် သူတို့မှာ ဒီလူတွေက တိုင်းပြည်တိုးတက်အောင် လုပ်နိုင်တဲ့ အရည်အချင်းလည်း မရှိဘူး။ လုပ်နေတဲ့ အနေအထားလည်း မရှိဘူး။ လုပ်ချင်တဲ့ ဆန္ဒလည်း ရှိပုံမရဘူး။”
ဒေါက်တာဇာနည်၊ လန်ဒန်အခြေစိုက် မြန်မာ့အရေးလေ့လာသူ
မဇ္ဈိမ မေလ ၂၂

flood in Rangoon


ရန်ကုန်မြို့လယ် လမ်းမများ ရေမြှုပ်
ဓာတ်ပုံသတင်း
မေ ၃၀၊ ၂၀၀၉
ယမန်နေ့က ရေကြီးနေသော ရန်ကုန်မြို့လယ် တနေရာ။
ရေမြောင်းများ ပိတ်ဆို့နေသဖြင့် မိုးရွာသွန်းပြီးနောက် လမ်းပေါ်သို့ ရေကြီးရေလျှံရခြင်းဖြစ်သည်။ (ဓာတ်ပုံ-reuters)

Gang Rape by Soldiers Reported in Karen State

ကရင်အမျိုးသမီးတဦးကို စစ်သားများက အုပ်စုလိုက် အဓမ္မကျင့်
စောသိန်းမြင့် (ကေအိုင်စီ)
မေ ၂၉၊ ၂၀၀၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးဆဲလယ်ကျေးရွာမှ ရွာသူ ကရင် အမျိုးသမီးတဦးအား မေလ (၂၅)ရက်နေ့တွင် နအဖ ခလရ(၂၈၃) တပ်ရင်းက အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုနေ့နံနက် (၉)နာရီ အချိန်ခန့်တွင် အသက် ၃ဝနှစ်ရှိ ထီးဆဲလယ်ရွာသူ တဦးကို တိုက်ကင်းလှည့်လည်နေသည့် အမှတ်(၂) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ဗိုလ်ကြီးဌေးဝင်း ဦးဆောင်သည့် စစ်ကြောင်း(၂)၊ ခလရ(၂၈၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့ကြောင်း နယ်မြေခံတဦးက ကရင်သတင်းစဉ်ကို ပြောသည်။

“အဲဒီနေ့မှာ သူတို့လင်မယားက ပြောင်းဖူးခြံကို သွားတယ်။ မိန်းမဖြစ်သူက ပြောင်းတဲမှာ နေတယ်။ ယောက်ျားဖြစ်သူက ပြောင်းခင်း ထဲကိုဆင်းပြီးတော့ အလုပ်သွားလုပ်တယ်ပေါ့။ သိပ်မကြာပါဘူး။ အဲဒီ နအဖ စစ်ကြောင်း ခလရ(၂၈၃)က ပြောင်းခြံထဲကိုဝင်လာပြီး တဲမှာရှိတဲ့ မိန်းမကို တွေ့တော့ တောထဲကို အတင်းဆွဲခေါ်သွားပြီး မုဒိမ်းကျင့်တော့တာပဲ။ တပ်ရင်းတရင်းလုံး ဝိုင်းကျင့်တော့ သူ့မိန်းမရဲ့ အော်သံဆူညံနေတာကို ယောက်ျား ဖြစ်တဲ့သူက ကြားပေမဲ့ တအားကြောက်ပြီး မသွားရဲဘူး ဖြစ်နေတယ်”ဟု သူက ပြောသည်။

ယင်းသို့ အဓမ္မကျင့်ရာတွင် ခလရ(၂၈၃)မှ ဗိုလ်ကြီးဌေးဝင်းနှင့်အတူ တပ်သားအယောက် (၃ဝ)ကျော် ပါဝင်ပြီး နာရီဝက်ခန့်အကြာတွင် အဆိုပါတပ်ဖွဲ့ဝင်များ ပြောင်းခင်းထဲမှ ပြန်လည်ထွက်ခွာသွားမှသာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သွားရောက်သယ်ယူ၍ ရွာအထိ ပြန်လည် ခေါ်ဆောင် လာခဲ့သည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ထိုနယ်မြေတွင် လုံခြုံရေးတာဝန်ယူထားသည့် ဒီကေဘီအေ (၉ဝ၇)တပ်ရင်းမှူး ဗိုလ်နှုတ်ခမ်းမွေးကို ကရင်သတင်းစဉ်က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပါ။ မေလ (၂၈)ရက်နေ့၌ ဗိုလ်နှုတ်ခမ်းမွေးအား ဒေသခံတဦးက အကြောင်းကြား ပြောဆိုရာတွင် သူ့အနေဖြင့် စုံစမ်းစစ်ဆေးပြီး ဖြေရှင်း သွားမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအဖြစ်အပျက် ဖြစ်ပွားသွားခဲ့သည့် နောက်ပိုင်းတွင် ပြောင်းစိုက်ပျိုးသည့် ထီးဆဲလယ်ရွာသူရွာသားများသည် မိမိတို့၏ ပြောင်းခင်းများ သို့ ယခုအချိန်ထိ မသွားရဲကြတော့ဘဲ ကြောက်ရွံ့နေကြသည်။ သို့သော် မေလ (၂၉)ရက်နေ့တွင် နောက်ဆုံးရရှိသည့် သတင်းများအရ အဆိုပါ နအဖ တပ်ဖွဲ့သည် ဒေသဆိုင်ရာ ဒီကေဘီအေ တပ်ဖွဲ့များအား ထိုသတင်း မပေါ်ပေါက်ရေးအတွက် တားမြစ်ထားသည်ဟု သိရသည်။

ထိုဒေသရှိ ထီးဆဲလယ်၊ အူးဖိုးထာ၊ လယ်ဟော်၊ ကနဲလေး၊ မော်ခီး၊ မော်ဖိုးကလိုး၊ ကွီးဆဲဖော၊ ဘလားတို၊ ကော်ဆဲ၊ ကလော်ဝေါ်၊ ဖောဘူး လာ့ထာ၊ ဂေါ်ဖိုးခီးနှင့် ဝေါ်လေကျေးရွာတို့ရှိပြီး နအဖ စစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(၂)မှ လက်အောက်ခံတပ်ရင်းများနှင့် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း(၉ဝ၆)နှင့် (၉ဝ၇)တို့ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

ယခင်ကလည်း နအဖစစ်တပ်က ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မကျင့်မှုများ ကျူးလွန်ခဲ့ကြသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ စုံစမ်း၊ အပြစ်ပေး၊ အရေးယူခြင်း မရှိပေ။

Aung Tha Nge on Injustice

မတရားမှုမှန်သမျှ မုချကျဆုံးရမည်
အောင်သာငယ်
မေ ၃၀၊ ၂၀၀၉

သမိုင်းဆိုင်ရာ အကြောင်း တစုံတရာကို ပြောဆိုမည်ဆိုလျှင် ခိုင်မာသော အချက်အလက် လိုလေသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းသည် ဒဏ္ဍာရီ မဟုတ်။ သမိုင်းသည် နတ်သမီး ပုံပြင်မဟုတ်။ သမိုင်းသည် ယုံတမ်းစကား မဟုတ်။ သမိုင်းသည် တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အချိန်ကာလ အလိုက် အဆင့်ဆင့် မှတ်တမ်း တင်ခြင်းသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ သမိုင်းတွင် ချစ်ခြင်း၊ မုန်းခြင်းများ မပါ။ စိတ်ဆန္ဒများ မပါ။ သမိုင်းတွင် အဖြစ်အပျက်များသာ ပါလေသည်။ စိတ်ကူးယဉ် မဟုတ်သော တကယ်စင်စစ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသာ ပါလေသည်။

သို့သော်လည်း လူသားတို့ တကယ် ဖြတ်သန်းခဲ့ကြရသော ရာစုနှစ်နှင့် ချီသည့် အချိန်ကာလများမှာပင် သမိုင်း ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို အနိုင်ရသူများကသာ ဖွင့်ဆိုနိုင်သည်ဟု ဆိုခဲ့သော ကာလများ ရှိခဲ့ဖူးလေသည်။ သည်လိုနှင့် သမိုင်း ဆိုသည်မှာ အနိုင် ရခဲ့သူများ၏ မှတ်တမ်း၊ သို့မဟုတ် အနိုင်ရနေသူများ ကသာ သူတို့ တင်ချင်သလို တင်ခဲ့ကြသော မှတ်တမ်းတခုဟု အဓိပ္ပာယ် ဖွင့်ခဲ့ကြဖူးလေသည်။ သည်လိုနှင့် ရာဇ၀င် ဆိုသည့် စကားလည်း ပေါ်ပေါက်လာဖူးသည်။ သည်လိုနှင့် သမိုင်းဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာလည်း လွဲချော်ခဲ့ရ လေတော့သည်။ သမိုင်းဆိုသည်မှာ နိုင်သူတို့၏ မှတ်တမ်း။ သည်လိုနှင့် သမိုင်းကို နိုင်သူတို့သာ ရေးနိုင်သည်ဟု မှတ်ယူနေသော န၀တ (သို့မဟုတ်) နအဖကလည်း သမိုင်း မှတ်တမ်းအမှန် ပြုစုရေးဆိုသော ခေါင်းစဉ်အောက်တွင် ကိုယ့် နာမည် ကိုယ်ရေးဖို့ ကြိုးစားခဲ့သော ရာဇ၀င် စာအုပ်များကိုလည်း ကျွန်ုပ်တို့ ဖတ်ခဲ့ကြရ လေတော့သည်။

သို့သော်လည်း သမိုင်းသည် သူနေရမည့်နေရာမှာ သူ နေနေလေသည်။ နိုင်သူ ရှုံးသူတို့က ထားရာမှာ သူ မနေ။ အချိန်ကာလတခုမှာ မည်သူက နိုင်သူ၊ မည်သူက ရှုံးသူ ဆိုသည်ကို သမိုင်းက သစ္စာရှိစွာ မှတ်တမ်း တင်လေသည်။ တချိန်ထဲမှာပင် မည်သူက မှန်ကန်သူ၊ မည်သူက မှားယွင်းသူ ဆိုသည်ကိုလည်း သမိုင်းက သစ္စာရှိရှိ မှတ်တမ်းတင်လေသည်။ ထို့အတူ အချိန်ကာလတခု ရောက်သည့်အခါတွင် မှန်ကန်သူကသာ နိုင်သူ ဖြစ်ကြောင်းကိုလည်း သမိုင်းက ရာစုနှစ် ထောင်စုနှစ်ပေါင်းများစွာ ကြာသည်အထိ သက်သေခံကာ မှတ်တမ်းတင်ခဲ့လေသည်။

သည်လိုနှင့် ယဉ်ကျေးသော လူ့သမိုင်းသည် အနိုင် အရှုံးထက် မှန်ကန်မှု၊ မှားယွင်းမှုကိုသာ တင်ခဲ့သော သမိုင်း ဖြစ်ခဲ့လေတော့သည်။ တနည်းအားဖြင့် တရားမှုနှင့် မတရားမှုကို စာရင်းတို့ခဲ့သော သမိုင်းသာ ဖြစ်လေသည်။ အချိန်ကာလတခုတွင် တစုံတယောက် - သို့မဟုတ် - တစုံတရာသည် အမှားအယွင်း လုပ်သူအဖြစ် ရာဇ၀င်တခုတွင် အမည်တို့ ခံရကောင်း ခံရမည်။ သို့သော် အချိန်ကာလတခုတွင် အမှန်တရား ဘက်တော်သား အဖြစ်၊ သူရဲကောင်းအဖြစ် အသိအမှတ်ပြု ခံရမည်မှာလည်း အသေအချာသာ ဖြစ်လေသည်။ သည် အဖြစ်အပျက်များကို သမိုင်းကသာ မှတ်တမ်းတင်နိုင်သည် မဟုတ်လား။

သည်လိုနှင့် ဂျော်ဒန်နိုဘရူနို-သည် သူရဲကောင်း ဖြစ်ခဲ့သည် မဟုတ်လား။

သည်အခါ သမိုင်းဆိုင်ရာ အကြောင်းတစုံတရာကို ပြောဆိုတိုင်း အရှုံး အနိုင် ဆိုသည်ထက် အမှန်တရားကိုသာ ကျွန်ုပ်တို့ ပြောဆိုရမည်မှာ အသေအချာပင်ဖြစ်ပေတော့သည်။

၁၉၈၈ အရေးတော်ပုံသည် တစုံတရာရှုံးနိမ့်ခဲ့သလို တစုံတရာ အောင်မြင်ခဲ့လေသည်။

ရှုံးနိမ့်ခဲ့ခြင်းမှာ ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် အစိုးရတရပ်ကို ရရှိသည်အထိ အရေးတော်ပုံကို မသယ်ဆောင် နိုင်ခဲ့ခြင်းသာ ဖြစ်လေသည်။ ကျွန်ုပ်တို့ အောင်မြင်ခဲ့သည်မှာ ဖိနှိပ်မှု မှန်သမျှကို အုံကြွ တော်လှန်ခြင်းဖြင့် အဆုံး သပ်နိုင်သည်ဆိုသော နိုင်ငံရေးအရ အရေးပါသည့် အသိတရားကို ပြည်သူအားလုံးအား ပေးနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ သည် အောင်မြင်မှုက ယနေ့ထက်ထိတိုင် အကျိုးသက်ရောက်နေပါသေးသည်။ သည်လိုနှင့် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။

ယခုလောလောဆယ် ကျွန်ုပ်တို့ အားနည်းကောင်း အားနည်းနေမည်၊ ကျွန်ုပ်တို့ ရှုံးနိမ့်ကောင်း ရှုံးနိမ့်နေမည်။ သို့သော်လည်း ကျွန်ုပ်တို့သည် မှားယွင်းသူများ မဟုတ်ကြ။ အမှားအယွင်းကို လုပ်နေသူများ မဟုတ်ကြ။

သို့သော်လည်း သမိုင်းဆိုင်ရာ အချက်အများအရ ကျွန်ုပ်တို့ မည်သို့ အားနည်းနေသည်ဖြစ်စေ မတရားမှုကို တရားမှုနှင့် ဆန့်ကျင်နေခဲ့သော သည်အချက်ကပင် နောင် တချိန်တွင် ကျွန်ုပ်တို့သည် အောင်နိုင်သူများ ဖြစ်လာကြလိမ့်မည်ကို သမိုင်းတကာက ပြောပြနေလေသည်။ သည့်အတွက် တနေ့နေ့တွင် ကျွန်ုပ်တို့ ခေတ်အကြောင်း သမိုင်းဆိုင်ရာအရ ပြောဆိုကြသည့်အခါ ကျွန်ုပ်တို့က မှန်ကန်သူများသာ ဖြစ်သည့်အကြောင်းကို သမိုင်းက မှတ်တမ်း ကောင်းကောင်း တင်ပါလိမ့်မည်။

ထို့အတူ လူသား၏ သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါကမျှ မတရားမှုက တရားမှုအပေါ် အနိုင်မရခဲ့ဖူးကြောင်း သမိုင်းနှင့်ချီပြောရင်း မြန်မာပြည်တွင်သာမက တကမ္ဘလုံးရှိ မတရားမှု မှန်သမျှ သည်လည်း ကျဆုံးရမည်မှာ မုချ အသေအချာပင်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း....။

Friday, May 29, 2009

Myo Myint Cho - Locked outside the Door

Lock ကျသွားသည့်မနက်ခင်း

မျိုးမြင့်ချို

မေ ၃၀၊ ၂၀၀၉

ဒုက္ခသည်စခန်းက တဲကလေးကိုခွဲခွာချိန် တံခါးအပိတ်မှာ ပြန်လှည့်မကြည့်ဖြစ်အောင် သတိထားပြီး လက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ်သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုးသယ်ဆောင် ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါးတချပ်တော့ ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများစွာအနက် သည်ဒုက္ခသည် ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည်မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန်ကြောင်း ယခုသိလာရပြီ။

ကျနော် အရှေ့သို့လားရင်း အနောက်သို့ စုန်ခဲ့ပါသည်။

တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့ မဟုတ်ပါ။ ခေတ်မီဂျက်လေယဉ်ပျံကြီးနှင့်ဖြစ်ပါသည်။ ဖယောင်း တိုင်မီး မှိတ်တုတ် မှိတ်တုတ်၊ သက်ကယ်မိုးထရံကာနှင့် အတန်ကြာ အသားကျခဲ့ရသည့် ဒုက္ခသည်ဘဝသည် ဒုက္ခသည်စခန်းတွင်း၌ ဒုက္ခတွေ ခါးစည်းရင်း လက်ပြနုတ်ဆက် ချန်နေရစ်ခဲ့ပါပြီ။

ပြိုးပြိုးပြက်ပြက်လျှပ်စစ်မီးရောင်တို့နှင့် ပျားပန်းခတ်မျှ လူးလာခေါက်တုံ့တို့အကြားမှာ အထုပ်အပိုးတွေ ဘိုသီဘတ်သီ ကလေးငယ်များ တို့လို့တွဲလောင်းနှင့် ကျနော်တို့အား သုဝဏ္ဏဘုမိလေဆိပ်သစ်ကြီးက တအံ့တဩ။ ကျနော်တို့ ငေးရင်းလည်း မောခဲ့ကြပါသည်။ ပျော်သလိုလို ဘာလိုလို စိတ်ခံစားမှုလည်း ရှိခဲ့ကြမည်လား မပြောတတ်ပါ။

ဘန်ကောက်မှ နယူးယော့အထိ တိုက်ရိုက်ပျံသန်းသည့် လေယာဉ်ခရီးစဉ်မှာ ရှည်ကြာသလောက် ငြီးငွေ့စရာလည်း ဖြစ်ပါသည်။ ကျနော့် တသက်စီးဖူးခဲ့သမျှ လေယာဉ်ခရီးစဉ်များအနက် အကြာဆုံးနှင့် အရှည်ဆုံးခရီးပင်ဖြစ်ပါသည်။ နယူးယော့မှတဆင့် ရှီကားဂို၊ ထိုမှတဆင့် ဖို့ဝိန်း။ လမ်းတလျှောက်တွင် အင်္ဂလိပ်စကားမပြောတတ်သည့် သူများအကြား ချောက်တီးချောက်ချက်ပြောတတ်ရုံလေးဖြင့် ကျနော်က “ကြက်ဆူပင်” ဝင်ဝင်လုပ်ပေးခဲ့ရသည်လည်းရှိပါသည်။

ဖို့ဝိန်းရောက်တော့ ညသန်းကောင်ချိန်ဖြစ်နေပြီ။ လာကြိုနှင့်နေသူတွေနှင့် ပြန်ဆုံရချိန်တွင် ဝမ်းနည်းဝမ်းသာခံစားမှုများဖြင့် ဒွေးရောယှက်တင် ဖြစ်နေပါသည်။ လေဆိပ်မှ နေရမည့်အိမ်သို့ ကားဖြင့်လာရင်း လမ်းတွင် ဘေးဘီကိုကြည့်ကာ “ဖို့ဝိန်းဆိုတာ အမေရိကန်က တောမြို့လေး တခုပါ” ဟု ပြောခဲ့ဖူးသည့် သူငယ်ချင်းတယောက်ကိုလည်း အမှတ်ရနေမိသည်။ သေချာတာတခုကတော့ ဘယ်အချိန်အိမ်ပြန်ရမည်သာ မသိနိုင်သေး၊ အိမ်နဲ့တော့ မိုင်ထောင်ချီဝေးသွားပြီဆိုခြင်းပင်။

အိမ်ရောက်တော့ လူက တော်တော်လေးပန်းနေပြီ။ မေးတာတွေဖြေ သိတာတွေပြော၊ ပါလာသည့်လက်ဆောင်ပစ္စည်းလေးတွေဝေငှ၊ ပြီးတော့ အိပ်ယာဝင်ခဲ့သည်။ အိပ်မပျော်နိုင်တော့။ လူကသာပမ်းနေပြီး အိပ်ချင်စိတ်ကပေါ်မလာသေး။ ဘာလို့များပါလိမ့် တွေးကြည့်တော့မှ လေယာဉ်ပေါ်မှာ တရက်ပျောက်သွားခဲ့ရသည်ကော။ အခုချိန်ဆို ဒုက္ခသည်စခန်းက နေ့လည်ချိန်ပါလားဟု သိလိုက်တော့မှ နေ့နှင့်ည မှားသွားကို ပြန် သတိရတော့သည်။ ကြိုးစားပြီး အိပ်ကြည့်သေးသည်။ မရတော့။ နာရီကတော့ လေယာဉ်ပေါ်မှာကတည်းက ရောက်သည့်အရပ်၏ စံချိန်ကို လိုက်တိုက်ထားသည်မို့ ဒီကစံတော်ချိန်အတိုင်း ဖြစ်နေသည်။ ကြည့်လိုက်တော့ မနက် ၅ နာရီအတိ။ ဆေးလိပ်ကလည်းသောက်ချင်နေသည်။ နောက်ပြီး ရောက်ရောက်ချင်း ပထမဆုံးအမေရိကန်မနက်ခင်းကို ကြည်ဖြစ်အောင်ကြည့်မည်ဆိုသည့် စိတ်ကူးကလည်းရှိထားသည်။ အိပ်မပျော်သည့်အတူ အိပ်ယာကထသည်။ ဆေးလိပ်မီးခြစ်ယူသည်။ အိမ်သားတွေ ဘယ်သူမှမနိုးကြသေး။ တအိမ်လုံးတိတ်ဆိတ်နေ၏။ ကောင်းသည်။ ဘယ်သူ့ဘယ်သူမှ အနှောင့်အယှက်ဖြစ်စရာမရှိတော့။ အိမ်ရှေ့ခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်သည်။ “အား..အေးလိုက်တာ” ဟု နှုတ်က အသံထွက်သွားမိသည်။ တံခါးကို လက်နောက်ပြန်ပိတ်လိုက်သည်။

အပြင်ဘက်မြင်ကွင်းကား လှပသည်။ “နွေဦးရာသီဆို ဒီမှာသိပ်လှတယ်” ဟုပြောခဲ့ဖူးသည့် မိတ်ဆွေကို အမှတ်ရလိုက်သည်။ ဟုတ်သားပဲ။ မြက်ခင်းစိမ်းလေးပေါ်မှာ ယုန်ကလေး တကောင် နှစ်ကောင် ခုန်ပေါက်နေသည်။ လူရှိနေမှန်းသိသိနှင့် ကြောက်လန့်ဟန်မရှိ။ လွတ်လပ်ပေါ့ပါး လွန်းလှသည်ပဲ။ စိတ်ထဲတွင် အိမ်တအိမ်က လွှတ်ထားသည့် ယုန်ကလေးတွေပဲနေမှာ ဟု ထင်နေသည်။ နောက်တော့မှ တောယုန်လေးတွေ မှန်းသိရသည်။ “ဒီမှာကတော့ တောတိရိစ္ဆာန်တွေကို အကြောင်းမဲ့ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခွင့်မရှိဘူးလေ။ လုပ်ရင် လုပ်တဲ့သူအရေးယူ ခံရတယ်” ဆိုသည့်စကားကြောင့် ဩော်..တိရိစ္ဆန်လေးတွေတောင်ဥပဒေရဲ့ အကာအကွယ်အောက်မှာပါလား ဟု သိလိုက်ရသည်။ သစ်ပင်မြင့် မြင့်ကြီးတွေပေါ်က၊ ချုံပုတ်လိုလိုပန်းရုံလေးတွေဆီက မမြင်ဘူးသည့်ငှက်လေးတွေ တေးဆိုသံကြားရသည်။ နားထဲတော့ ခပ်စိမ်းစိမ်း။ သီချင်း သစ်တပုဒ်ကို စကြားကြားချင်းရလိုက်သည့် ခံစားမှုမျိုးနှင့်ဆင်သည်။ မျက်နှာချင်းဆိုင်က အိမ်အသစ်ကလေးကို ကြည့်လိုက်တော့လည်း နေချင်စရာလေး။ ဖြတ်သွားဖြတ်လာ ကားသံများမှလွဲ၍ ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။ ဆေးလိပ်ဖွာလိုက် ဝန်းကျင်ကိုငေးမောခံစားလိုက်နှင့် ဖန်တီးမှုမပါသည့် ရသတမျိုးမျိုးကို ရနေသည့်နှယ်။

အမေရိကန်မနက်ခင်းကိုလည်း နဖူးတေ့ဒူးတွေ့ သိလိုက်ပြီ။ ဆေးလိပ်သောက်လည်းအာသာပြေပြီ။ ခဏနေတော့ အနွေးထည်ဝတ် မလာတာမို့ နည်းနည်းလည်းအေးလာသည်။ အိမ်ထဲပြန်ဝင်တော့မှ၊ တံခါးလက်ကိုင်ကိုလှည့်လိုက်သည်။ ဖွင့်မရ။ ဘာများဖြစ်ပါလိမ့် ဆိုပြီး ထပ်လှည့်ကြည့်သည်။ မပွင့်။ ခက်ပြီ။ ထပ်လှည့်ကြည့်သည်။ ထိုအတိုင်းပင် တံခါးက တုတ်တုတ်မျှမလှုပ်။ ဒီတော့မှ သဘောပေါက်သွား၏။ အပြင်ထွက်ဖို့ တံခါးဖွင့်တုန်းက အထဲကနေ Lock ချထားတာကို သတိမပြုမိခဲ့။ အမှန်က တံခါးပြန်မပိတ်ခင် Lock ကို ဖွင့်ထားခဲ့ရမည်။ ဒါမှ ပြန်ဝင်သည့်အခါ အပြင်ကပြန်ဖွင့်လို့ရမည်။ အခုတော့ သွားပြီ။ Lock ကျသွားခဲ့ပြီကော။ ဘာမှမတတ်နိုင်တော့။ အိမ်သားတွေက တယောက် ယောက်နိုးလာချိန်ထိ စောင့်ရတော့မည်။

လူတိုင်းဘဝတွင် Lock ကျခဲ့ရသည်များရှိနိုင်သလို Lock ချခဲ့ရသည်များလည်းရှိပါမည်။ ဘဝသစ်တခုကို တည်ဆောက်မည်ဆိုလျင် ဘဝဟောင်းကို ဖျောက်မှရမည်ထင်သည်။ ထိုကိစ္စသည် ဘဝတခု၏ တံခါးတခုကို Lock ချလိုက်ခြင်းဖြစ်ရမည်။ Lock ချလိုက်ခြင်းဖြစ်ပါ သည်။ ရံခါတွင် မိမိက Lock ချလိုက်သည်မဟုတ်ပဲ အခြေအနေက (သို့မဟုတ်) ဘဝကိုယ်၌က Lock ချပေးလိုက်ခြင်းများလည်းရှိပါမည်။ မည်သို့ပင် Lock ချလိုက်ချင်သည်ဖြစ်စေ၊ ချမရသည့် (သို့မဟုတ်) ချ၍မကျသည့် Lock များစွာလည်း ရှိနိုင်ပါမည်။ Lock ကို အပြီးချလိုက်သည့်ကြားမှ ပြန်ပြန်ပွင့်လာခြင်းမျိုးများလည်း ရှိနိုင်မည်ထင်သည်။

ယခု ကျနော် အမေရိကန်၏ ပထမဆုံးနံနက်ခင်းတွင် Lock ကျနေပြီ။ သည် Lock ကား ဘယ်အချိန်အထိ ကျနေဦးမည်နည်း။ ကျနော်မချခဲ့သည့် Lock သည် ကျနော့်အတွက် ကျနေပြီ။ နောင်ကိုလည်း ဘဝတွင် အကြိမ်မည်မျှ Lock ကျရဦးမည်လဲ။ အကြိမ်မည်မျှ Lock ချရဦးမည်လဲ။ ကျနော် မတွေးတတ်တော့။ တွေးလည်းမတွေးချင်တော့။ ကျနော့်ဘဝတွင် အကြိမ်မည်မျှ Lock ကျခဲ့ပြီးပြီလဲ။ ချခဲ့ပြီးပြီလဲဆိုသည်ကိုသာ တွေးနေမိသည်။

Mar Mar Aye - Tha Byae Thet Thay Poem

သပြေသက်သေ

မာမာအေး

မေ ၂၉၊ ၂၀၀၉

ဝေးနေ နီးနေ

သတိုးဆွေတို့

အိုးဝေသံမြူး

ငါသီကြူးသော

ထူးထူးကဲကဲ

ရဲရဲစွေးစွေး

ခွပ်ဒေါင်းသွေးပြ

ငါ့ဂီတကြောင့်

အမှောင့်တောဝါ

နှုတ်ပိတ်လာလည်း

ငါ့မှာ ခြေလက်

အသက်ရှိသရွေ့

ပွဲတွေ့လွတ်လမ်း

ငါ ကြိုးပမ်းမည်

အောင်ပန်းသပြေ … သက်သေသော်ဝ်

(မေ ၂၈၊ ၂၀၀၉)

Rangoon Cancer Patients travel to Mandalay & Taungyi to receive treatment

ကင်ဆာဝေဒနာရှင်များ ဓါတ်ကင်ရန် အတွက် မန္တလေးနှင့်တောင်ကြီးသို့သွားရောက်ရ

မိုးမခ အထောက်တော်၊ ရန်ကုန်

မေလ ၃၀ ရက်၊ ၂၀၀၉

ရန်ကုန်ဆေးရုံကြီးရှိ ကင်ဆာဓါတ်ကင်သည့် စက်သုံးလုံးအနက် ၂လုံးပျက်နေသည့် အတွက် ဓါတ်ကင်ရန် လိုအပ်သည့် ကင်ဆာဝေဒနာရှင်များမှာ တောင်ကြီးနှင့် မန္တလေးမြို့များ အထိသွားရောက်ကာ ကုသမှု ခံယူနေရကြောင်း ရန်ကုန်မြို့မှ ဝေဒနာရှင် မိသားစုများက ပြောဆိုသည်။

ယခုရက်အတွင်း တောင်ကြီးမြို့တွင် ဓါတ်ကင်ပြီး ပြန်ရောက်လာသည့် ခါးရိုးကင်ဆာ ဝေဒနာရှင် မိသားစုဝင်က ပြောဆိုရာတွင်``ရန်ကုန်မှာ ရှိတဲ့စက်တလုံးပဲ ကင်ပေးနိုင်တဲ့အတွက် တန်းစီထားတဲ့ လူနာပေါင်း ၁ထောင်လောက်ရှိတယ် လို့ပြောတယ်။ ဒီထက်စောစော ကင်ချင်ရင်တော့ မန္တလေးသို့မဟုတ် တောင်ကြီးသွားမှ ရမယ်လို့ ဆရာဝန်တွေက ညွှန်းတယ်၊ အဲဒါနဲ့ ၃လ စောင့်ရင် ရောဂါက ပိုပြန့်သွားမှာ စိုးတာကြောင့် တောင်ကြီးကို သွားဖို့ ရွေးလိုက်တာပါ´´ဟု ဆိုသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် နေထိုင်သူ အခြား ကင်ဆာဝေဒနာရှင် တဦးမှာလည်း ရန်ကုန်မြို့တွင် အလှည့်စောင့်ရန် ရောဂါအခြေအနေက အခွင့်အရေး မပေးသည့် အတွက် ဓါတ်ကင်ရန် မန္တလေးမြို့သို့ သွားရောက် ခဲ့ရပြီး မန္တလေးမြိုတွင်မူ နှစ်ပတ်သာ စောင့်ရမည်ဆိုသည့် အတွက် ရန်ကုန်ထက် မြန်သေးသည်ဟု ပြောဆိုသည်။

စစ်တပ် ဆေးရုံများမှလွဲလျင် မြန်မာတနိုင်ငံလုံးတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင်သာ ကင်ဆာ ဓါတ်ကင်စက်များ ရှိသည်ဟု သိရှိရပြီး လူနာအများဆုံး ရန်ကုန်မြို့ရှိ စက်ပျက်နေသည့်အတွက် ယခုလို ဝေဒနရှင်များ အခက်တွေ့နေရခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် တရက်လျင် လူနာ ၁၀၀ကျော် ကိုလက်ခံ ကုသပေးနေသော်လည်း ကုသလိုသည့် လူနာအရေအတွက်နှင့် မမျှသည့်အတွက်ကြောင့် ၃လမှ ၄လခန့်စောင့်ဆိုင်း ရမည့်အခြေအနေ ရောက်ရှိနေရခြင်း ဖြစ်သည်ဟုဆိုသည်။

နအဖ စစ်အစိုးရအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေး ကုသစောင့်ရှောက်မှုများ နှင့် ပညာရေးအတွက် အတွက် တိုင်းပြည်၏ ဘဏ္ဍာငွေမှ အလွန်နည်းပါးလှသည့် ပမာဏကိုသာ သုံးစွဲလေ့ရှိပြီး စစ်အသုံးစရိတ်များတွင်သာ အများစုသုံးစွဲနေသည့် အတွက် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များတွင် ယခုလို ပြဿနာရပ်များ ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ဝေဘန်သူများ ကထောက်ပြကြသည်။

Daw Suu ill, court delays trial


ဒေါ်စု ကျန်းမာရေး ထိခိုက်၊ ရုံးချိန်း နောက်ဆုတ်
Reuters သတင်းဌာန
မေ ၂၉၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို “အထူးစိုးရိမ်မိသည်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ကြေငြာချက် ၁၆၊ ၀၅။ ၀၉ ထုတ်ြပန်ပြီး ပြောကြားလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ကြွက်တက်တဲ့ ဝေဒနာကြောင့် ညဘက် ကောင်းကောင်း အိပ်လို့မရဘူးလို့ ကျနော်တို့ သိရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

တရားရုံးက အပြီးသတ် လျှောက်လဲချက်များကို ကြားနာရန် တနင်္လာနေ့ (ဇွန် ၁ ရက်နေ့) ကို သတ်မှတ်ထားသော်လည်း ဇွန်လ ၅ ရက်နေ့သို့ ပြောင်းရွှေ့သတ်မှတ်လိုက်သည်ဟု ဆိုသည်။

အာဏာပိုင်တို့က မည်သည့်အကြောင်းကြောင့် ရုံးချိန်း ပြောင်းရွှေ့သည်ကိုမူ ပြောကြားခြင်းမရှိဟု ဦးဉာဏ်ဝင်းက ပြောသည်။

Cartoon Maung Yit – They have been on the street and behind bars for 20 years,


Cartoon Maung Yit – They have been on the street and behind bars for 20 years,

should we be together with them “at home” ?

May 29, 2009