Thursday, April 30, 2009

Mar Mar Aye - Tribute to Masoeyein


“မစိုးရိမ် အလွမ်း”

မာမာအေး

ဧပြီ ၃၀၊ ၂၀၀၉

သာသနာ ကမ္ဘာတည်သရွေ့

ကြာရှည်မမေ့ သတိုးစိန်

ဇာနည်ဓလေ့ မစိုးရိမ် ရယ်

ညှိုးမမှိန် စာတမ်း

သည်အလွမ်း ဘယ်ခါပြေမယ်

စိန္တေဝယ် လျှောက်ကြည့်ချင်စမ်း။

အဴပည့္အစုံသိုႛ ...

Mann Win Maung - Biography of Burmese President - 15 (Last Part)

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း ၁၅ (ဇာတ်သိမ်းပိုင်း)
မှတ်စုမှတ်တမ်း
ဧပြီ ၃၀၊ ၂၀၀၉
၁၉၆၀ ပြည့်နှစ်က မြန်မာပြည်သို့ အလည်အပတ် ရောက်ခဲ့သော ထိုင်းဘုရင်၊ မိဖုရား တို့နှင့် အတူ တွေ့ရသည့် သမ္မတ မန်းဝင်းမောင်
ဝန်ကြီးနှင့် သမ္မတ
ပါပါ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသော အချိန်မှာ ဘကြီး ထွန်းရှိန်နှင့် မိုမိုတို့ ရန်ကုန်၊ အလုံ ဌာနလမ်း အမှတ် (၈၁) မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန် ပြန်ရောက်ပြီး ဆယ်ရက်ခန့်အကြာမှာ မန်းပေါအေးငြိမ်းနှင့် တွေ့ရန် ပါပါ ပန်းတနော်မြို့နယ်၊ ကျောင်းတောကလေးရွာသို့ လိုက်သွားပါတယ်။ မန်းပေါအေးငြိမ်းကို တွေ့သောအခါ နေထိုင် မကောင်းသည်ကို တွေ့သည့်အပြင် နိုင်ငံရေး ဆက်လုပ်လိုသောစိတ် မရှိတော့ကြောင်း ပြောသဖြင့် ပါပါ အလွန်မှ စိတ်အားငယ်ခဲ့ပါတယ်။ သူ့ဆီမှာ နှစ်ရက်နေပြီး ပါပါ ရန်ကုန်ပြန်လာပါတယ်။

Nay Myo Aye cartoon 001


ကာတွန်း နေမျိုးအေး
ဧပြီ ၃၀၊ ၂၀၀၉

quote for april 2009

ဧပြီလ စာကိုး စကားကိုး
ဧပြီ ၃ဝ၊ ၂ဝဝ၉


“အလွန် စိတ်မ၀င်စားလှသေးဘူးဗျ။ ဒါပေမဲ့ အထိုက်အလျောက်တော့ သိစ ပြုလာပြီပေါ့၊ ၀က်တုပ်ကွေး ဆိုတဲ့ရောဂါ ရှိနေပြီ ဆိုတာလောက်တော့ သိတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ သတိထားဖို့တို့၊ ဆင်ခြင်ဖို့တို့ အဲဒါမျိုးတော့ ဘာမှ သိပ် မတွေ့ရသေး ဘူးဗျ။ နိုင်ငံခြား ရေဒီယိုတွေ နားထောင်တဲ့ လူလောက်ပဲ သိပြီး စိတ်ဝင်စားမယ် ထင်တယ်။ ပြည်တွင်းက လူတွေကတော့ ပွင့်ပွင့် လင်းလင်း ပြောရရင် သတင်းစာလည်း သိပ် မဖတ်ဖြစ်ဘူးဗျ။ ဖတ်ဖြစ်တဲ့လူ နည်းတယ်ပေါ့နော်။ နောက်တခုက တီဗွီ ဆိုရင်လည်း ဇာတ်လမ်းတွဲလောက်ပဲ ကြည့်တာကိုး”
ဒေါက်တာမြင့်ဇော်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ပြောခွင့်ရပုဂ္ဂိုလ်
ဗွီအိုအေ အသံလွှင့်ဌာန၊ ဧပြီ ၃၀

ရန်ကုန်မှ သင်္ကြန်မဏ္ဍပ်တခု (ဓာတ်ပုံ - flappingwings)
“သံချပ်ထိုးကြသည့် ဓလေ့သည် တစ်စတစ်စ တိမ်ကောစ ပြုလာ သလို အချို့မြို့ကြီးများတွင် သင်္ကြန် အလှပြကားဖြင့် လည်ပတ်မှုသည်လည်း ကုန်ကျစရိတ် အခက်အခဲကြောင့် နည်းပါးလာသည်ကို တွေ့ရသည်။ သံချပ်များနေရာတွင် ဟစ်ဟော့ပ် သီချင်းများ၊ Remix များက နေရာရ လာသလို ရေပက်ခံ မဏ္ဍပ်တို့တွင်လည်း ဒီဂျေဟု ထင်ရှားသည့် Disc Jockey များက အရောအနှော သံစဉ် တို့ဖြင့် အသုံးတော်ခံကြသည်”
ဇေဝင်းနောင်၊ စာနယ်ဇင်းသမား
Weekly Eleven ဂျာနယ်၊ ဧပြီ ၈

“ထိုင်းဥပဒေအရ - အသက် ၁၇ နှစ်ပြည့် အမျိုးသားတိုင်း တပ်သားသစ် ခေါ်ယူရေးရုံးသို့ အရန်တပ်ဖွဲ့အတွက် သွားရောက် မှတ်ပုံတင် ထားရသည်။ အနီနှင့် အမည်းရောင် စာရွက် ထည့်ထားသော မဲပုံးမှ မဲနှိုက် ရသည်။ အနီရောင်ကို နှိုက်မိသောသူသည် စစ်သင်တန်း တက်ရန် လက်မှတ်ကို ရယူရမည် ဖြစ်ပြီး အမည်းရောင်ကို နှိုက်မိသောသူသည် (စစ်မှုမထမ်းရမည့်) လွတ်ငြိမ်း ချမ်းသာခွင့် လက်မှတ်ကို ရယူရမည်ဖြစ်သည်။ တပ်သားသစ်တိုင်းသည် အမည် ခေါ်ခံရပြီးလျှင် မဲနှိုက်ရသည်၊ မဲနိုက်ချိန်တွင် အနီရောင်မဲ နှိုက်မိသူ ထိတ်လန့်ပြီး သတိလစ်မသွားအောင် အခြားအရာရှိတစ်ဦးက ကြိုတင်ဖက်ထားရသည်ဟု ဆို၏”
သျှမ်းသံတော်ဆင့် သတင်းဌာန၊ ဧပြီ ၎

“အရင်တုန်းက ကိုယ့်ဘလော့မှာ နိုင်ငံရေး မရေးရင် Spy လိုလို၊ စစ်တပ်ကလိုလို အထင်ခံရမယ့် ကာလလေးတွေ ရှိခဲ့ပါတယ်။ ဒီပို့စ်ရေးနေတဲ့ ယနေထက်တိုင်တော့ ဘလော့မှာ ရသမရေးရင် စာရေးရာ မမြည်ဘူးဆိုတဲ့ အတွေးအခေါ်လေးတွေ ရှိနေဆဲပါ။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ဘလော့ရေးတာပဲ၊ စာ(ရသစာပေ) ရေးတာမှ မဟုတ်တာ။ ကျွန်တော် ဘလော့ စရေးတုန်းကလည်း အတွေးအခေါ်လည်း မဟုတ်၊ ရသလည်း မပေးနိုင်လို့ ကျွန်တော့် ဘလော့က ပုံမှန် အားပေးနေကြသူတွေ ကလွဲရင် တော်ရုံတန်ရုံ အတန်းထဲ မထည့်ချင်ပါဘူး။ အဲဒီတော့ We She Me က “အထွေထွေ” ဘလော့ဂ် ဖြစ်နေတာပေါ့”
We She Me၊ ဘလော်ဂါ
wesheme.blogspot.com ဧပြီ ၂ဝ

“နာမည်ကြီးစားသောက်ဆိုင်တွေမှာ လူတွေစားတာနည်းသွားလို့ တချို့ဆိုင်တွေ ပိတ်လိုက် ရတယ်လို့ကြားတယ်။ တပေါင်တန်ဆိုင်လို့ခေါ်တဲ့ ဘာဝယ်ဝယ် တပေါင်ပဲ ပေးရလေ့ရှိတဲ့ ဆိုင်တွေ စီးပွားဖြစ်ကြတယ်။ လူတွေနေ့လယ်ဆို ထမင်းဘူး ယူလာကြလို့ ထမင်းဘူးတွေ အရောင်းတက်တယ်။ ပြည်ပကို အားလပ်ရက်ထွက်တာမျိုးမလုပ်ဘဲ ပြည်တွင်းမှာပဲလည်ကြလို့ ပြည်တွင်းက ပန်းခြံတွေ အပန်းဖြေနေရာတွေက လုပ်ငန်းရှင်တွေ စီးပွားဖြစ်တယ်။

အပေါင်ဆိုင်တွေမှာ လူတွေပိုစည်လာတယ်။ အိမ်နားကဆိုင်မှာ ရွှေဆိုရင် ငွေပိုပေးတယ်လို့ လွန်ခဲ့တဲ့တလလောက်က ဆိုင်းဘုတ်ကြီးကပ်လိုက်တယ်။ သူခိုးတွေလဲ ပိုပေါလာတယ်။ မိတ်ဆွေတယောက်ရဲ့အိမ်အဖောက်ခံရတာ အင်္ကျီတောင်မချန် ယူသွားကြတယ်”
ဇီဇဝါ၊ ဘလော်ဂါ
zizawa.wordpress.com ဧပြီ ၂၁

“အချက်အပြုတ်နဲ့ ပတ်သက်ပြီး အသစ်အဆန်း ချက်ကြည့် စမ်းသပ်လုပ်ကြည့်ရတာကို ပျော်တယ်။ အများကြီးလည်း မစမ်းသပ်ဖြစ်ပါဘူး။ Blog တွေ လိုက်ဖတ်ကြည့်ပြီး ဟင်းချက်နည်း အသစ်တွေ့ရင် စမ်း ချက်ကြည့်လိုက်တာပဲ။ ကောင်းတာလည်း ရှိ၊ ပျက်တာလည်း ရှိ၊ လွှင့်ပစ်ရတာလည်း ရှိပေါ့။ ဟိုတလောကတောင် တိုဖူး စမ်း ကျိုကြည့်လိုက်သေးတယ်။ မအောင်မြင်သေးဘူး။ အရင် မြန်မာပြည်မှာတုန်းက စားချင်တာ အလွယ်တကူ ဝယ်စားလို့ရပေမယ့် မြန်မာပြည် ပြင်ပ ရောက်နေတော့လည်း ချက်ပြုတ်တာက အလိုလို ဝါသနာ ပါလာရတော့တာပဲ။ မပါလည်း အငတ်မှ မနေနိုင်တာကိုး။ အခုဆို မြန်မာ ဟင်းချက် Blog တွေ များလာလို့ ဟင်းချက်ရတာ ပိုတောင် ပျော်ဖို့ ကောင်းလာသေးတယ်”
နုစံ၊ ဘလော်ဂါ
sakura-myanmar.blogspot.com ဧပြီ ၂၁

“နေပြည်တော်လေဆိပ်ကို အေးရှားဝေါ(လ်)ကုမ္ပဏီ လီမိတက်က ၂ဝဝ၂ ခုနှစ် မေ၂၃ရက်တွင် မြေကြီးလုပ်ငန်းများ စတင်ဆောင်ရွက်”
မြန်မာ့အလင်း သတင်းစာ၊ ဧပြီ ၂၄

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆွေးနွေးပါ။ ကြားက ဦးအောင်ကြည်တွေ ဘာတွေ မလိုချင်ဘူး”
ဒေါ်ခင်စောဋ္ဌေး၊ ရေနံချောင်းမြို့နယ်မှ နိုင်ငံရေးသမား
မဇ္ဈိမသတင်းဌာန၊ ဧပြီ ၂၃

အီရန်မှ အမျိုးသမီးတဦး (ဓာတ်ပုံ - nuppy.sifoorian.com)
“ဝတ်ပုံ စားပုံက အစ္စလာမ်မစ် ပုဝါကို ခြုံပြီးတော့ လုံလုံခြုံခြုံ ဝတ်ပါတယ်၊ အမျိုးသမီးတိုင်း ဒီကို ခြေချပြီ ဆိုတာနဲ့ ဖော်ရိန်နာ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ခေါင်းကို ခြုံရတာ။ လေယာဉ်ပေါ် တက်တာနဲ့ လေယာဉ်မယ်တွေ ပုဝါ မပါတဲ့သူတွေကို ပုဝါ ပေးကို ပေးတယ်။ လက်ရှည်အင်္ကျီ ဝတ်ရမယ်၊ အဲဒီလိုမျိုး။ ဘယ်သူမဆို။ ဒီက ထုံးတမ်းဓလေ့ပေါ့နော်”
မမေမြတ်သူ၊ အီရန်နိုင်ငံရောက် မြန်မာအမျိုးသမီးတဦး
ဘီဘီစီ၊ မြန်မာဌာန၊ ပွင့်သစ် လှိုင်းသစ် ရနံ့သစ် အစီအစဉ်၊ ဧပြီ ၁၉

ဦးလူမော် (ဓာတ်ပုံ- efoto.lt)
“ကိုယ်က မန္တလေးမှာ နေတာဆိုတော့ သူငယ်ချင်း အပေါင်းအသင်းတွေက ပွဲကြို တီးလုံးတွေ တိုက်ပြီး တကယ့် ရက်ကြီးမှာလည်း ကကြမယ်ဆိုတော့ ကျနော်တို့ နှုတ်ခမ်းမွေးအဖွဲ့ ကချင်ပါတယ်။ ပျော်ပျော် ရွှင်ရွှင်ပေါ့။ ဒါပေမယ့် ဒီ (မန္တလေးမြို့ နှစ် ၁၅၀ ပြည့်ပွဲတော်မှာ ပါဝင် မဆင်နွှဲရဘူး ဆိုတော့ စိတ်ထဲမှာ မကောင်းဘူးပေါ့ဗျာ”
ဦးလူမော်၊ လူရွှင်တော်
burmese.dvb.no/textonly ၊ ဧပြီ ၂၈
“ဂြိုဟ်တု စလောင်း ဆိုသည်မှာ နိုင်ငံကြီးများက မိမိပိုင် မီဒီယာ လက်နက် နှင့် ဖျော်ဖြေမှု အနုပညာကို ခုတုံးလုပ်၍ နိုင်ငံတကာကို မီဒီယာအရ သြဇာလွှမ်းမိုးလာနိုင်စေရန် ရည်ရွယ် ထုတ်လွှင့်နေကြခြင်း ဖြစ်ပါသည်။ - - - ထို့ကြောင့် ကျွန်တော်တို့ စလောင်းကြည့်နေကြခြင်းသည် အဆိပ်အတောက်များ၊ ၀ါဒမှိုင်းများ၊ အညှီအဟောက်များကို ပိုက်ဆံပေးပြီး ၀ယ်နေကြသည့် သဘောပင် ဖြစ်သည်”
ကိုကြီး ငွေဇင်ယော်၊ သတင်းစာ ဆောင်းပါးရှင်
ကြေးမုံသတင်းစာ၊ ဧပြီ ၂၄

Guri - Thingyan in the Snow - Poem

နှင်းတွေနဲ့ သင်္ကြန်

ဂူရီး

ဧပြီ ၃၀၊ ၂၀၀၉

သူရိယာသည်

ဘူမိကမ္ဗလာတွင်

အတာသဘင်ကို ချစ်ခြင်းဖြင့်

အလင်းကို စေခဲ့၏။

အဴပည့္အစုံသိုႛ ...

Wednesday, April 29, 2009

NLD announced its declaration of their 2009 April Conference

အင်န်အယ်ဒီ ၂၀၀၉ ဧပြီလ အထူးအစည်းအဝေးကြီးက ကြေညာချက် ထုတ်ပြန်

မိုးမခ အထောက်တော် ၀၀၃

ဧပြီ ၃၀၊ ၂၀၀၉

ရန်ကုန်မြို့၊ ပါတီဌာနချုပ်တွင် ကျင်းပသော တိုင်းနှင့်ပြည်နယ် မျက်နှာစုံညီ ညီလာခံက ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကြောင်း၊ ကြေညာချက် ထုတ်ပြန်လိုက်သည်ဟု ဆိုသည်။ ဒီမှာ ဖတ်နိုင်သည်။ http://www.scribd.com/doc/14777000/NLD-People-at-Meeting-in-NLD-HQ20091 ။ ကြေညာချက်တွင် ဗဟိုကော်မီတီက တင်သွင်းသော အစီရင်ခံစာများ အားလုံးကို အတည်ပြုကြောင်း ဆုံးဖြတ်သည်ဟု ဆိုသည်။

Maung Yit - Obama & His First 100 Days


အိုဘားမားနဲ့ ရက်ပေါင်း ၁၀၀

မောင်ရစ်

ဧပြီ ၃၀၊ ၂၀၀၉

အမေရိကန်သတင်းဌာန စီအင်အင်က အိုဘားမား သမ္မတ သက်တမ်း ရက်ပေါင်း ၁၀၀ စစ်တမ်း ထုတ်ပါတယ်။ သူ့ကို ဘယ်လို အမှတ်ပေးကြသလဲ လို့ ပရိသတ်ဆီက စစ်တမ်း ကောက်တာဖြစ်ပါတယ်။ အိုဘားမား ရက်ပေါင်း ၁၀၀ မှာ အမေရိကန်ပြည်ကို ၀က်တုပ်ကွေးက ၀င်တိုက်နေတဲ့ အချိန်ဆိုတော့ သမ္မတကြီးမှာ ပျော်စရာ သိပ်ရှိပုံ မရှိပါ။ သူ့ကို ယေဘုယျ အမှတ်ပေါင်း “ဘီ” ပေးလိုက်ပါတယ် တဲ့။ ဘီ ဆိုတော့ ရမှတ် ၈၀ ပေါ့။ လွန်ခဲ့တဲ့ သမ္မတကြီး ဘွတ်ခ်ျ သမ္မတ စဖြစ်တုန်းကလည်း “ဘီ” ရခဲ့ပါတယ် တဲ့။ ဒီတခါ အိုဘားမား “ဘီ” က တိုင်းပြည်ကြီး ချွတ်ခြုံကျနေချိန်မှာ ရတဲ့ အမှတ် ဆိုတော့ ပြည်သူက သူ့ကို တော်တော် အားကိုးပုံရတာပေါ့။


ထူးခြားတဲ့ သမ္မတ အနေနဲ့ ပထမဆုံး အသိအမှတ် ပြုရမှာက ဒီမိုကရက်ပါတီကို စုစည်းလိုက်နိုင်တာ၊ ပါတီတွင်းက သူ့ပြိုင်ဘက်တွေကို အစိုးရအဖွဲ့ထဲမှာ နေရာပေးပြီး ၀ိုင်း အလုပ်လုပ်ဖို့ စည်းရုံးနိုင်တာ၊ လူရွယ်တွေကို အစိုးရအဖွဲ့ထဲ ထည့်သွင်းတာ၊ ခရီးတွေ ပြည်တွင်းမှာ အများကြီး ထွက်ပြီးတော့ လူထုနဲ့ စကားပြော မပျက်တာ၊ ပြည်ပကို ထွက်တဲ့အခါမှာလည်း အားလုံးက ၀မ်းသာအားရ ကြိုဆိုကြတာ၊ အစိုးရ အဖွဲ့တွေကော ပြည်သူတွေကပါ လှိုက်လှဲတာကို တွေ့ရပါတယ်။ အံ့သြစရာ ကောင်းတာက မင်းသားကနေ သမ္မတ ဖြစ်လာလို့၊ အာဏာရလို့ ပေါ်ပြူလာဖြစ်တဲ့ ရေဂင်တို့၊ အာနိုးတို့လိုမျိုး မဟုတ်ဘဲ၊ သမ္မတအဖြစ်နဲ့ကို မင်းသားလိုမျိုး ပေါ်ပြူလာ ဖြစ်တဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတွေက မေတ္တာ ရှိကြတာ၊ အားကိုးတကြီး ထောက်ခံတာမျိုးနဲ့တောင် သူ့ကို နှိုင်းပြိးတော့ စဉ်းစားမိပါရဲ့။


အိုဘားမားရဲ့ လာရာလမ်းက တည်ဆောက်ခဲ့ပုံကလည်း ဖွင့်ထားတဲ့ စာအုပ်လိုမျိုး အားလုံးကို ဖွင့်ချထားတာကလည်း အခြားသမ္မတများနဲ့ မတူပြန်ပါဘူး။ သူ့စာအုပ် ၂ အုပ်က သမ္မတမဖြစ်ခင်မှာ သူ့ဘ၀၊ အတွေ့အကြုံနဲ့ အတွေးအမြင်ကို ဖော်ထုတ် ရေးသားခဲ့တာဆိုတော့ အဲဒီကနေပြီးတော့ သူ့အကြောင်းကို သူ့စိတ်ဓာတ်ကို သူကိုယ်တိုင် ထုတ်ပြောတာကို ပရိသတ်က ဖတ်ရှု ရင်းနှီးပြီး ဖြစ်နေတယ်။ စာနယ်ဇင်းတွေ သတင်းတွေကတဆင့် သိရတာမျိုး မဟုတ်ဘူး။ စာအုပ်တွေက Dreams of My Father, Audacity of Hope ဖြစ်ပါတယ်။ နောက်တအုပ်ဖြစ်တဲ့ Change We Can Believe In ကတော့ သမ္မတအဖြစ်ကို ရည်မှန်းပြီး ရေးထားတာဆိုတော့ ဟိုစာအုပ်တွေက ပိုပြီး ရိုးသားတာကို တွေ့နိုင်ပါတယ်။ ပြီးတော့ သူ့အသံနဲ့ ဖတ်ထားတဲ့ အသံထွက်စာအုပ် ဆိုတော့လည်း လူတွေကြားထဲမှာ ရေပန်း အလွန်စားတာကိုလည်း တွေ့ရပါတယ်။


(ဒေါ်အောင်ဆန်းစုကြည်မှာလည်း အဲသလို စာအုပ်တွေ ရေးထားတာ ရှိပါတယ်။ သူ့စာတွေကို အကြိမ်ကြိမ် ဖတ်နေတာနဲ့တင်ကို သူ့အိပ်မက်မက်တဲ့ တိုင်းပြည်ကို ပရိသတ်က ခံစား မြင်ယောင်နိုင်ပါတယ်။ ကြုံလို့ ပြောတာပါ)


သူ့ပေါ်လစီတွေကို အကောင်အထည်ဖော်ဖို့အတွက် သူ ဆောင်ရွက်နိုင်သလား။ ခေါင်းဆောင် တဦး အနေနဲ့ အကောင်းဆုံး ပြင်ဆင်ပေးနိုင်မယ့် အဖွဲ့ဝင်တွေ၊ မိတ်ဆွေတွေနဲ့ တည်ဆောက်တာကို ရက်ပေါင်း ၁၀၀ အတွင်းမှာ မြင်ရပါတယ်။ သူရွေးတဲ့သူတွေက သူတို့ကျွမ်းကျင်ရာ နယ်မြေတွေမှာ ဒေါင်ဒေါင်မြည်တွေ ဖြစ်နေပါတယ်။ အဲသည်လူတွေကို အင်တာနက်ထဲမှာ ပြန်ရှာလို့ရပါတယ်။ သူတို့သတင်းတွေ၊ အတွေ့အကြုံတွေကို ရှာတွေ့နိုင်ပါတယ်။ အငြင်းပွားစရာတွေ ရှိတာကိုလည်း မကွယ်မဖျောက်ဘဲ ရှင်းကြ လင်းကြတာကို ပရိသတ်က စိတ်ဝင်စားတာကို တွေ့ရပါတယ်။ အရင်က သတင်းတွေက ဘယ်လိုရေးရေး ပြည်သူက အစိုးရအဖွဲ့ ဘယ်လို ခန့်ခန့် စိတ်မ၀င်စားပါဘူး။ အခုတော့ တော်တော်များများက လိုက်ဖတ်ကြ၊ လေ့လာကြပါတယ်။


နိုင်ငံရေးပုံဏ္ဌာန် အရ ယခင်အစိုးရရဲ့ လမ်းကြောင်းတွေကို ချက်ခြင်းကို ပြောင်းလဲဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ အီရတ်က စစ်တပ်တွေ ရုတ်မယ်လို့ အတည်ပြုလိုက်တယ်။ အကြမ်းဖက်သမားတွေကို ဖမ်းဆီးထားတဲ့ ဂွမ်တာနာမို အကျဉ်းထောင်ကို ဖျက်သိမ်းဖို့ ပြင်ဆင်တယ်။ လူသားဇီဝ ဆိုင်ရာ သုတေသနြ ဖစ်တဲ့ စတန်းဆဲလဲ သုတေသန လုပ်ငန်းတွေကို အားပေးဖို့ မြှင့်တင်လိုက်တယ်။ စီအိုင်အေရဲ့ အကြမ်းဖက်သမားတွေကို နှိပ်စက် ညှင်းပန်းမှုတွေကို တားမြစ်လိုက်တယ်။ လူလတ်တန်းစား နိုင်ငံသားများရဲ့ တဦးချင်း ၀င်ငွေခွန်များနဲ့လည်း လျော့ပေါ့ပေးရန်၊ အထက်တန်းလွှာများ ထံက ၀င်ငွေခွန် လျော့ပေါ့ပေးမှုတို့ကို တင်းကြပ်ရန်တို့ကို အရေးယူ ဆောင်ရွက်ပါတယ်။ ကိုယ်ဝန်တားဆေးနဲ့ သားဆက်ခြား အကာအကွယ်တွေကို ယခင်အစိုးရက အကူအညီ အထောက်အပံ့ လျော့ချထားတာတွေကို ပြန်လည် တိုးမြှင့်လိုက်တယ်။ အာဏာရှင်နိုင်ငံများ၊ လူ့အခွင့်အရေး အားနည်းသူ အစိုးရနိုင်ငံများကို ထိပ်တိုက် ရင်ဆိုင်ထားခြင်းကနေ မိတ်ဖက်အသွင် ဆောင်ကြဖို့ကို စတင် တိုက်တွန်းဖို့ ကြိုးစားလိုက်တယ်။ စတာတွေကို တွေ့နိုင်ပါတယ်။


စီးပွားပျက်နေတဲ့ တိုင်းပြည်ကို သမ္မတကြီးအဖြစ် အမွေရလိုက်တာမှာ ဘယ်သူကိုမှ အပြစ် မတင်တာကိုလည်း အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ စတင်မြူလတ်စ် ဆိုတဲ့ စီးပွားရေး အားတိုးဆေး ပေးဖို့ ကြိုးစားတယ်။ ဘီးအောက်တ် ဆိုတဲ့ စီးပွားရေး အကူအညီတွေ ပေးဖို့ လုပ်တယ်။ ပြီးတော့ သူ့သမ္မတ သက်တမ်းအတွက် အသုံးစရိတ်ကို ကြေညာလိုက်တယ်။ အဲဒီမှာ သူ အဓိက ကယ်တင်လိုက်တာက ဘတ်ဂျက် လိုငွေပြနေတဲ့ ပြည်နယ်အစိုးရတွေ၊ အရှုံးပြနေတဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေ၊ အများဆုးံ အလုပ်သမားဦးရေရှိတဲ့ အမေရိကန် ကားလုပ်ငန်းများနဲ့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံ လည်ပတ်မှု (ဆောက်လုပ်ရေး၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ ကျောင်းစာရိတ်) စတာတွေမှာ သုံးစွဲလိုက်တာ ဖြစ်ပါတယ်။ လူတွေဆီကို တိုက်ရိုက်မရောက်သေးဘူး၊ အလုပ်တွေ ပြုတ်နေတာတွေကို မတားဆီးနိုင်သေးဘူး။ သို့သော် အစိုးရ အဖွဲ့အစည်းအသီးသီးနဲ့ ကော်ပိုရိတ်ကြီးများ၊ အခြေခံ အဆောက်အဦများကို ကျားကန်ထားတာကို လုပ်လိုက်နိုင်ပါတယ်။


နိုင်ငံခြားရေးမူဝါဒများမှာတော့ ဥရောပနဲ့ ညှိနှိုင်းဆဲပါပဲ။ အိုဘားမားရဲ့ အသုံးစရိတ်များ မြှင့်တင်ရေးနဲ့ ဥရောပနိုင်ငံများရဲ့ ငွေကြေးစီးဆင်းမှုတို့ စည်းကြပ်ရေးဆိုတဲ့ အချက် ၂ ခုကို ချိန်ခွင်ညှာ ညှိကြရမယ့် အနေအထားရှိပါတယ်။ အစွန်းရောက် အကြမ်းဖက်သမားများ၊ အာဏာရှင် နိုင်ငံများနဲ့ကလည်း အချိန်ယူပြီး ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။ သွေးတိုးစမ်းထားတာပဲ ရှိပါသေးတယ်။ ဥပမာ နိုင်ငံခြားရေး ၀န်ကြီး ဟီလရီကလင်တန် ပြည်ပခရီး ထွက်လိုက်တာမှာ၊ ကျူးဘားပေါ်လစီကို စဉ်းစားမယ်လို့ ပြောလိုက်တော့ ထလာတဲ့ ဂယက်ကို ကြည့်ရင် သိသာပါတယ်။ သဘောတူသူကော မတူသူတွေပါ ထပြီး ပြောဆို ဆွေးနွေးကြတာကို မြင်ရပါတယ်။ မြန်မာပြည်အပေါ် အရေးယူမှုတွေ လျော့မလား၊ မလျော့ဘူးလားနဲ့ မြန်မာတွေထဲမှာတောင် အတော်လေး ပြောလိုက်ဆိုလိုက်ကြတာ တွေ့နိုင်ပါတယ်။ အခုအချိန်မှာ မြောက်ကိုရီးယားရဲ့ နူကလီယားလက်နက်ပြပြီး ကုလသမဂ္ဂကို အကြပ်ကိုင်ထားတဲ့ အခြေအနေကိုလည်း အိုဘားမား တုံ့ပြန်ရဦးမှာ ဖြစ်ပါတယ်။


သူ့ဖက်က ကတိတွေပေးထားပြီး အကောင်အထည်ဖော်ဖို့ လိုသေးတာတွေက ကျန်းမာရေး အာမခံချက် ချွတ်ခြုံကျနေတဲ့ကိစ္စ။ လောင်စာနဲ့ စွမ်းအင်တွေမှာ အမှီအခိုကင်းစွာ ရပ်တည်နိုင်ရေး၊ ခေတ်မီ တိုးတက်လာရေး။ ပညာရေးနဲ့ သုတေသနတွေမှာ ပြန်လည် ဦးမော့လာစေဖို့ ပြုပြင်ပြောင်းလဲရေးနဲ့ ရင်းနှီး မြှုတ်နှံမှုတွေကို လုပ်ဆောင်ဖို့။ ပြီးတော့ ဗြူရိုကရေစီ ကြိုးနီစနစ်တွေက တုံ့ဆွဲနှောင့်နှေးစေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖော်ထုတ်ပြီး စွန့်လွှတ်နိုင်ရေး - စတာတွေကို အိုဘားမားက သူ့ကတိအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


အိုဘားမားရဲ့ ရက်ပေါင်း ၁၀၀ မှာ ပြည်သူတွေဆီက အများဆုံးကြားရတာကတော့ “သူ သမ္မတဖြစ်လာလို့ပေါ့၊ ငါတို့တတွေ အကောင်းမြင်တဲ့ မျှော်လင့်ချက်နဲ့ အားတင်းပြီး နေနိုင်တာ …” ဆိုတာ ဖြစ်ပါတယ်။ အဲသည်လူတွေထဲမှာ အလုပ်ပြုတ်ထားတဲ့ မြန်မာ တချို့လည်း ပါပါတယ်။ ပြီးတော့ စာရင်းဇယားများ အလိုအရ ပြည်သူတွေက အရင်တုန်းကနဲ့ မတူအောင် တိုင်းပြည်ရေးရာကို အထူး စိတ်ဝင်စားပြီး သတင်းဖတ်တယ်၊ နားထောင်တယ်၊ ကြည့်တယ်လို့ တွေ့ရပါတယ်။ စီးပွားရေး ကျဆင်းချိန် - တိုင်းပြည်ရဲ့ ၁၀ % နီးပါး အလုပ် လက်မဲ့ ဖြစ်နေချိန်၊ အိမ်ပေါင်း ၈ သိန်းကျော် ကို ပိုင်ရှင်တွေ ဆုံးရှုံးနေချိန်မှာ အမေရိကန်ပြည်က လူတွေက အကောင်း မြင်နိုင်သေးတာကိုလည်း တွေ့ရပါတယ်။ သမ္မတကြီးက သူ့အားနည်းချက်တွေကို ဗြောင်ငြင်းတာ၊ ဆင်ခြေပေးတာ မလုပ်ပါဘူး။ သူ့ စီးပွားရေး ကူငွေတွေနဲ့ ငွေကြေး လုပ်ငန်းတွေက ဘောနပ်စ်တွေ ထုတ်ယူသွားတော့ - သူက ငါမှားသွားတယ်။ ဒီကောင်တွေ အဲလို လုပ်လိမ့်မယ် မထင်မိဘူး။ ငါ ပြင်ဆင်မယ်လို့ ၀န်ခံသွားပါတယ်။


နိုင်ငံရေး ပါတီ တခု အနေနဲ့ ပြိုင်ဘက် ရီပတ်ဘလီကင်ပါတီကို အတတ်နိုင်ဆုံး လက်ကမ်းပြီး တွဲ ကစားပြခဲ့ပါတယ်။ ကွန်ဂရက်မှာ၊ ဆီးနိတ်မှာ အသာစီး ရထားတဲ့ ကြားကပဲ လူနည်းစု ပါတီ ဖြစ်တဲ့ ရီပတ်ဘလီကင်တွေကို ညှိနှိုင်း ဆွေးနွေးတာကို တွေ့ရပါတယ်။ သမ္မတသက်တမ်း ၈ နှစ် အပြီး အကြီးအကျယ် အရှုံးပြသွားတဲ့ ရီပတ်ဘလီကင် ပါတီဝင်များနဲ့ ခေါင်းဆောင်များဖက်က ခုချိန်အထိ အနာ မကျက်နိုင်သေးတဲ့ အတွက် အိုဘားမား လုပ်သမျှကို အကောင်း မမြင်နိုင်သေးတာကိုလည်း မြင်တွေ့ရပါတယ်။


ရက်ပေါင်း ၁၀၀ နဲ့ တိုက်တိုက် ဆိုင်ဆိုင်ပဲ မက္ကစီကိုက ၀က်တုပ်ကွေး ထကြွလိုက်လို့ ခုဆိုရင် နိုင်ငံမှာ ကျန်းမာရေး အရေးပေါ် အခြေအနေကို ရင်ဆိုင်တွေ့နေရပြီ ဖြစ်ပါတယ်။ အဲသည်မှာ အိုဘားမား အစိုးရ အဖွဲ့က နေ့စဉ်ကို စာနယ်ဇင်းသမားများ၊ အဖွဲ့အစည်းများနဲ့ တွေ့ဆုံ ရှင်းလင်းပြီး အသိပေးနေတာကို မြင်နေရတော့ သဘာဝဘေး၊ ရောဂါကပ်ဘေးတွေကို တိုက်ရိုက်မဖြေရှင်းဘဲ နေတတ်တဲ့ တိုင်းပြည်ကလာတော့ ကိုယ့်ဖာသာကိုယ် ကြိတ်ပြီး ဆေးကုတတ်တဲ့ မောင်ရစ်တို့ မိသားစု အတွက်ကတော့ အံ့သြစရာ ဖြစ်ရပါတယ်။ ဒီသမ္မတနဲ့ကွာ … အလုပ်မရှိဘူးနဲ့ တူတယ်။ နေရာတကာ အကုန်လုံး သူချည်း ပါနေတော့တာပဲ။ အေးအေးနေပြီး တပ်မတော်နေ့ကျမှ မိန့်ခွန်း ထွက်ပြောပါတော့လား လို့ … ဂရုဏာဒေါသော ဖြစ်မိပါရဲ့။


ဒီစာကို ရေးရင်းနဲ့ ဒီမှာပဲ အခုရပ်တော့မယ်။ ဒီ အိုဘားမားနဲ့ ပတ်သက်ပြီး ရေးမိတဲ့ စာတွေ မနည်းဘူး။ သမ္မတ မဖြစ်ခင်တုန်းကလည်း မဖြစ်လို့။ ဖြစ်လာတော့လည်း ဖြစ်လာလို့နဲ့။ တော်ကြာ အိုဘားမားခရေဇီများ ဖြစ်နေသလား ဆိုပြီး လူတွေက မခေါ်ချင် မပြောချင် ဖြစ်ကုန်ကြလိမ့်မယ်နဲ့ တူပါရဲ့။ အိုဘားမားခရေဇီ မဟုတ်ပါဘူးဗျာ။ တိုင်းပြည်ကြီးကို နိုင်ငံရေး ခေါင်းဆောင် တဦးက ဘယ်လိုမျိုး ဦးဆောင်မှု ပေးသလဲ ဆိုတဲ့ လောကဇာတ်ခုံ ကြုံဆုံနေရပုံကို သတင်းပို့တာပါ။ ဘယ့်နှယ် ဗိုလ်သန်းရွှေကြီး လုပ်တတ်လိုက်တာ ဆိုပြီး ကြံဖန် ရှာဖွေ ရေးသားတဲ့ အသက်တော့ မမွေးပါရစေနဲ့။

False Alarm - MoeMaKa website infected with Virus

မိုးမခ၀က်ဆိုက်များကို ဗိုင်းရပ်ပိုးရှိသည်ဆိုပြီး ပိတ်ဆို့ခြင်းခံရ
မိုးမခအထောက်တော် ၀၀၁
ဧပြီ ၃၀၊ ၂၀၀၉

လွန်ခဲ့သည့် ၂ ပတ်ခန့်က စပြီး အာရှတိုက်က မိုးမခ ပရိသတ်များနှင့် ၀ိုင်းတော်သားများက - မိုးမခ ၀က်ဆိုက်များကို သွားရောက်လည်ပတ်လျင် ဗိုင်းရပ်စ်သတိပေး စာတမ်းများ ပေါ်ထွက်လာကြောင်း၊ မသွားရန် အတားမြစ်ခံရကြောင်း စသည်ဖြင့် ပြောဆိုခဲ့ကြသည်။

အမေရိကန်ဘက်အခြမ်းက မိတ်ဆွေများဖက်က မည်သည့် သတိပေးချက်၊ တားမြစ်ချက်များ မရရှိခဲ့သဖြင့် ကွန်ပြူတာ အမှားအယွင်း တခု အဖြစ် မိုးမခက သဘောထားပြီး တုံ့ပြန်ခြင်း မပြုခဲ့သော်လည်း ယခု ထပ်မံပြီး သတင်းပို့လာသဖြင့် စုံစမ်းရာတွင် ဗိုင်းရပ်ကာကွယ်ရေး ဆော့ဝဲ ၂ ခုဖြစ်သော ကားပါးစကီးနှင့် အာဗီးရားတို့က မိုးမခ၀က်ဆိုက်သို့ မသွားရန် တားမြစ်သည့် သတိပေးချက် ထုတ်ပြန်ထားခြင်းကို တွေ့ရသည်။

ဂူးဂဲအင်တာနက်၏ အကူအညီဖြင့် ဖိုရမ်များတွင် လိုက်လံရှာဖွေကြည့်ရာတွင် လွန်ခဲ့သည့် ၂၀၀၈ ဒီဇင်ဘာကတည်းက ကားပါးစကီး ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်က မှားယွင်းပြီး ဂူးဂဲဒေါ့ကွန်ကို ပိတ်ပစ်ခဲ့ကြောင်း အသုံးပြုသူများက သတင်းပို့ထားသည်ကို တွေ့ရသည်။ http://usa.kaspersky.com/support/208279960.php

သို့ဖြစ်ပါ၍ ထိုဗိုင်းရပ်ကာကွယ်ရေးစနစ် ၂ ခု သုံးစွဲထားသော ကွန်ပြူတာများတွင် နောက်ဆုံးပေါ် စနစ် ဖြစ်အောင် မြှင့်တင်ရန်၊ အင်တာနက်ဖိုင်များကို ရှင်းလင်းပစ်ရန်၊ မိမိကွန်ပြူတာကို ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်ဖြင့် ပြန်စစ်ဆေးရန်နှင့် ကွန်ပြူတာများကို ပိတ်ပြီး ပြန်ဖွင့်ကြရန် တိုက်တွန်းလိုပါကြောင်း မိုးမခ၏ နည်းပညာနှင့် တောက်တိုမယ်ရ ကျွမ်းကျင်သူ ၀က်ဆရာ မောင်သာဂိက ပြောသည်။

ယခု ကမ္ဘာတွင် ၀က်တုတ်ကွေး ဖြစ်နေသည့်နည်းတူ အင်တာနက်များက ၀က်ဆိုက်များတွင်လည်း ၀က်တုတ်ကွေး ဖြစ်ပွားနိုင်မည်ဟု မိမိ အတတ်မပြောနိုင်သေးကြောင်း ၎င်းက မှတ်ချက်ပေးသည်။ ( ၀က် = web )

Burmese Community in Colorado hold Senior Thanks Giving and Traditional Festival

မြန်မာမိသားစု ကော်လိုရာဒိုက ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ ကျင်းပ
ကိုဦး
ဧပြီ ၂၉၊ ၂၀၀၉

ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီး ကျောင်းတွင် ဧပြီလ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။

ဆွမ်းအလှူရှင် ၁၂ ဦး လှူဒါန်းသည့် စုပေါင်းဆွမ်းဖြင့် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် အပူဇော်ခံ အဘိုး အဘွား (၁၀) ဦးတို့အား နံနက်စာလှူဒါန်းပြီးနောက် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များ နံနက်စာ သုံးဆောင်ခဲ့ကြသည်။
ထို့နောက် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ နာယက ဆရာတော် အရှင်ဝိစက္ခဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အခမ်းအနားကို စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဓမ္မပါလကျောင်းထိုင်ဆရာတော် အရှင်စန္ဒိမာ နှင့် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ ဥက္ကဌကြီး ဦးသန်းလွင်တို့ မှ သာသနာပြုလုပ်ငန်း အစီအစဉ် အချို့ကို အသိပေး ကြေညာခြင်း၊ မြန်မာစာပေ ယဉ်ကျေးမှု သင်တန်းမှ သင်တန်းသူ သင်တန်းသား ကလေးငယ်များက မိမိတို့ သင်ယူထားသည်များကို အဘိုးအဘွားတို့အား တင်ပြပြောကြားခြင်း၊ အပူဇော်ခံ ဘိုးဘွားများအား ပူဇော် ကန်တော့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် အဘိုးအဘွားများက ဆုပေးစကား ပြောကြားခြင်းနှင့် မြန်မာစာပေ ယဉ်ကျေးမှုသင်တန်း သင်တန်းသူမှ သင်တန်းသားများက အနန္တငါးပါးနှင့် ဆရာ၊ ဆရာမများအား ကန်တော့ခြင်း၊ ဆရာဆရာမများက ဆုပေးစကားပြောကြားပြီးနောက် ကလေးငယ်များကို ဆုနှင်းခြင်းများ ပြုလုပ်ခဲ့သည်။


ထို့နောက် ဆရာတော် အရှင်ဝိစက္ခထံမှ အနုမောဒနာတရား နာကြားပြီး ထေရဝါဒသာသနရက္ခိတအဖွဲ့၏ အဓိဋ္ဌာန် ဖြစ်သော “စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” သုံးကြိမ် နှင့် “ဗုဒ္ဓွသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

Tuition teacher receives 1 year imprisonment

ကန့်သတ်နယ်မြေမှ ထွက်ခွာသူ ထောင် ၁ နှစ်ကျ
မိုးမခ အထောက်တော် ဝဝ၈
ဧပြီ ၂၉၊ ၂ဝဝ၉

အဖမ်းမခံရမီ ၁ နှစ်အလိုက NLD ရုံးရှေ့တွင် တွေ့ရသော ဦးအောင်ဖေ (ဓာတ်ပုံ - အေအေပီပီ)

ရပ်ကွက်အတွင်းတွင်သာ သွားလာလှုပ်ရှားရန် ကန့်သတ်ထားချက်ကို ဖောက်ဖျက်သည့် နိုင်ငံရေးသမားတဦး ယနေ့နံနက်ပိုင်းက ထောင် ၁ နှစ် ကျသွားသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်မှ ဦးအောင်ဖေသည် ပြီးခဲ့သည့်လက မြို့လယ်တွင် ဆန္ဒပြရာ ဖမ်းဆီးခံရသည်။ အာဏာပိုင်တို့က သူ့အား ဆန္ဒပြမှုကြောင့် မဟုတ်ဘဲ ရပ်ကွက်ပြင်ပသို့ မထွက်ရန် တားမြစ်မှုကို ချိုးဖောက်သည်ဟု ဆိုကာ ယခုကဲ့သို့ ထောင်ချလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော် ရှိသော်လည်း ဦးအောင်ဖေ၏ အမှုမှာ ထူးခြားနေသည်။

ဦးအောင်ဖေသည် ကျူရှင်ဆရာ တဦး ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) တွင် သူ၏ တပည့်များနှင့်အတူ တွံတေးမြို့ လွတ်လပ်ရေး ကျောက်တိုင်သို့ သွားရောက်ကာ အလေးပြုခဲ့သဖြင့် ပထမဆုံးအကြိမ် ဖမ်းဆီးခံရသည်။

၆လ အကြာတွင် အာဏာပိုင်တို့က သူ့ကို ကျူရှင်ဥပဒေဟု ခေါ်သည့် “ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်း ဥပဒေ ပုဒ်မ ၂၃” ဖြင့် ထောင် ၃ နှစ် ချလိုက်သည်။ အင်းစိန်ထောင်တွင် ၃ နှစ်တိတိ နေခဲ့ရသည်။

ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း မကြာခဏ တကိုယ်တော် ဆန္ဒပြလေ့ရှိသောကြောင့် သူ၏ ရပ်ကွက်အတွင်း ခြေချုပ်ချခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ခြေချုပ်ဖောက်ဖျက်မှုဖြင့် ထောင် ၁ နှစ် ကျပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်ဟု သိရသည်။

ဦးအောင်ဖေ၏ အမည်ရင်းမှာ ဦးခင်မောင်ဦး ဖြစ်သည်။ အသက် ၅၁ နှစ် ရှိပြီဟု သိရသည်။

Child Aid Foundation for Nargis Hit Victims requesting Donation for year 2009

ငါးကျမ်းပြန်သာသနာ့ရိပ်သာ၏ နာဂစ်သင့်မိဘမဲ့ကလေးသူငယ်များစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့

၂၀၀၉ ခုနှစ်အတွက် လစဉ်အလှူငွေများ ထည့်ဝင်ကြရန် မေတ္တာရပ်ခံ

မိုးမခ အထောက်တော် ၀၀၂

ဧပြီ ၂၉၊ ၂၀၀၉

မေလ ၂ ရက်နေ့တွင် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။ စေတနာရှင်များ၊ ကုသိုလ်ရှင်များက နာဂစ်သင့်ဒုက္ခသည်များကို အခက်အခဲမျိုးစုံကြားက ကိုယ်ထူကိုယ်ထ တယောက်တလက် ကူညီခဲ့ကြသည့်အတွက် ဒုက္ခသည်ပေါင်း သိန်း ၂၀ ကျော်ကို ပထမ ၆ လ အတွင်း တတ်အားသမျှ ထပ်မံ မပျက်စီး၊ မသေပျောက်သွားအောင် စောင့်ရှောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ နောက် ၆ လပိုင်းတို့တွင် အစိုးရအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးက ဆက်လက်ပြီး စောင့်ရှောက်မှု၊ ကူညီမှုနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍတို့တွင် ၀ိုင်းဝန်းထိမ်းသိမ်း ဆောင်ရွက်ခဲ့ကြသည်ကိုလည်း အထင်အရှားတွေ့ခဲ့ရသည်။

ထိုကဲ့သို့ မိမိတတ်နိုင်ရာရာ ဆောင်ရွက်နေသော စေတနာရှင်၊ ကုသိုလ်ရှင် အစုအဖွဲ့များအနက်က ငါးကျမ်းပြန်သာသနာ့ရိပ်သာက ဗုဒ္ဓဘာသာဆရာတော်များဦးဆောင်သော စေတနာ့ဝန်ထမ်းများက နာဂစ်ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်တွင်း ပြည်ပက အလှူရှင်များ၏ ပန့်ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့သလို နာဂစ်သင့်မိဘမဲ့ကလေးများကို ဇီဝိတဒါန၊ ပညာဒါန၊ အဟာရဒါနတို့ဖြင့် ဆက်လက် မွေးမြူစောင့်ရှောက်ရန် လုံလထုတ် ဆောင်ရွက်ခဲ့ရာ ၂၀၀၈ ခုနှစ်အတွင်း နှစ်ဖက် မိဘမဲ့ကလေးသူငယ်ပေါင်း ၅၆၀ ကို လစဉ် အလှူငွေ တဦးလျင် ကျပ် ၁ သောင်းနှုန်းဖြင့် ကူညီမှုရန်ပုံငွေကို ချမှတ်အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုကလေးသူငယ်တို့က နီးစပ်ရာ သွေးရင်းသားရင်းမိသားစုများထံတွင် အပ်နှံ၍၎င်း၊ ကျောင်းအိပ် ကျောင်းစားလက်ခံသော ဘုန်းတော်ကြီးကျောင်းများတွင် ပေးပို့၍၎င်း၊ စသည့် အရိပ်အာဝါသတို့တွင် စောင့်ရှောက်ကူညီထားလျက်ရှိရာ ယခု ၂၀၀၉ မေလတွင် နာဂစ်မုန်တိုင်း နှစ်လည်အချိန်ကို အထိမ်းအမှတ်ပြု၍ ယခုနှစ်အတွက် လစဉ်အလှူငွေများ ဆက်လက်ထည့်သွင်း ပေးပို့ကြပါရန် ဆရာတော်များက မေတ္တာရပ်ခံလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့ သင်္ကန်းကျွန်းရှိ ငါးကျမ်းပြန်ကျောင်းတိုက်နှင့် အမေရိကန်၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒ ကျောင်းတိုက်တို့ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။

http://childaidmyanmar.org/

Journal Jo The Geek - Burmese Journal Headlines Digest on 29th April 2009

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဧပြီ ၂၉၊ ၂၀၀၉

ဘီဂျလိမုန်တိုင်း ရခိုင်ပြည်ကို အဖျားခတ်၊ ရခိုင်သင်္ကြန် ရန်ကုန်မှာ ၆ ကြိမ်မြောက် ကျ။ မဟာစည်အဖွဲ့ချုပ်မှာ ယောဂီ ၃ ထောင် တရားအားထုတ်။ မိုးလေ၀သဆရာကြီး ဒေါက်တာထွန်းလွင်နှင့် အင်တာဗျုး။

မြေကမ္ဘာနေ့အထိမ်းအမှတ် ရန်ကုန်က ဟိုတယ်များ မီး ၁ နာရီ ဖြတ်၍ ကျင်းပ။ မြန်မာနိုင်ငံမှာ ပီအေစီစင်တာပေါင်း ၄၆၀ ကျော် ဖွင့်လှစ်ပြီး။ မော်လမြိုင်အောက်ဈေးကြီး ၇ လ နဲ့ အပြီးဆောက်မည်။ ပြည်ပဆန်အ၀ယ်လိုက်၍ ဧည့်မထများ ဈေးမော့ပြီ။

အဝေးသင် အဘိဓမ္မာသင်တန်း မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပမည်။ ပဲခူးတိုင်း မြို့နယ် ၅ ခုမှာ မိုဘိုင်းဖုန်း အလုံး ၆၀၀၀ ချပေး။ ၀မ်းရောဂါ ကို ၂၄ နာရီ စောင့်ကြည့်ပါဟု ဒေါက်တာမြင့်ဦး ပြော။

နာဂစ်တွင် စက်လှေတစီးတည်းဖြင့် လူပေါင်း ၄၀၀ ကယ်ဆယ်ခဲ့သူ ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း။ နာဂစ်အကူပေး ကျန်းမာရေးအဖွဲ့များ ရပ်ဆိုင်းသွားသော်လည်း အခြား အင်ဂျီအိုများ နှစ်ကုန်အထိ ဆက်ရှိဦးမည်။ ဒေါ်ကျင်လေပုပ်ထုတ်ဆေး ရပ်ဆိုင်းထားဟု ဆို။

ကံ့ကော် တထောင် ရုပ်ပွားတော် ၅၀ ကျော် နှင့် သာသနဗိမာန်ပြုပြင်ရန် အလှူရှင်လိုအပ်နေသည်။ မန္တလေးစည်ပင် လဘက် ကျပ် သိန်း ၂၀ ဖိုး မီးရှို့ဖျက်ဆီးလိုက်ပြီ။

လယ်စာရင်းငှား အလုပ်သမားကို လယ်ရှင်က မုန်တိုင်းဒဏ်က အကာအကွယ်ပေးပြောင်းရွှေ့ပေးရမည်ဟု စာချုပ်တွင်ထည့်ချုပ်ပြီ။

ဟောဒီမှာ ဖတ်ပါ့ -

Tuesday, April 28, 2009

Two Burmese Brothers gone missing in Alhambra


မြန်မာကလေးငယ် ၂ ဦး အိမ်မှ ပျောက်ဟု ဆို

စီးတီးနယူးဆားဗစ်၊ အယ်လ်အေ၊ အယ်ဟမ်ဘရာ

ဧပြီ ၂၈၊ ၂၀၀၉

(Alhambra) ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က မြန်မာကလေး ၂ ဦး အိမ်က ကျုရှင်သို့အသွား လမ်းတွင် ပျောက်ဆုံးသွားသည်ဟူ ဆိုသည်။ ယခု ပုလိပ်တပ်ဖွဲ့တို့က လိုက်လံရှာဖွေနေသည်ဟု သိရသည်။ ၎င်းတို့နံမည်များမှာ Tial Thawn နှင့် Hniang Nawl Thawn ၁၄ နှစ်နှင့် ၁၁ နှစ် အသီးသီး ဖြစ်သည်။ ၎င်းတို့ကို နောက်ဆုံးတွေ့ရှိခဲ့သည့် နေရာမှာ South Olive Ave, Alhambra၊ ညနေ ၃ နာရီ ၁၅ ဖြစ်သည်။ ကလေးအကြီးက အိမ်ကထွက်ပြေးသည့် အကျင့်ရှိသည်ဟု ဆိုသည်။

ပျောက်ဆုံးစဉ်က ကလေးအကြီးက ၅ ပေ ၄ လက္မ၊ ပိန်ပိန်၊ ခေါင်းစွပ်စွယ်တာ အရောင်ဖျော့၊ တီရှက်အနက်၊ ဘောင်းဘီတို အပြာနှင့် အဖြူပြာကြား ကျောပိုးအိတ်လွယ်ထားသည်။ ကလေးအငယ်က ၄ ပေခန့်၊ ပိန်ပိန်၊ အဖြူရောင်တီရှပ်၊ အရောင်နှင့် ဘောင်းဘီတို၊ အနက်ရောင်အနွေးထည်နှင့် အနီရောင် ကျောပိုးအိတ် လွယ်ထားသည်။ ပုလိပ်တပ်ဖွဲ့ကို ဆက်ရန် နံပါတ်မှာ - (626) 570-5151 ဖြစ်သည်။

NLD party hold 2009 Party Conference

၂၀၀၉ အင်န်အယ်ဒီ ပါတီညီလာခံ ကျင်းပ

ဓာတ်ပုံသတင်း

ဧပြီ ၂၈၊ ၂၀၀၉

ဧပြီလ ၂၈၊ ၂၉ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် အင်န်အယ်ဒီပါတီညီလာခံ ကျင်းပသည်။ စည်းရုံးရေးတာဝန်ခံများ၊ ဗဟိုအမှုဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်သည်။ ပါတီ မူဝါဒများ၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးကြသည်။ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထားကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။ ကိုးရီးယားရှိ ကိုရန်နိုင်ထွန်းပေးပို့သော ပါတီညီလာခံက အဖွင့်မိန့်ခွန်းတခုကို တင်ဆက်လိုက်ပါသည်။


Mar Mar Aye Foundation opening ceremony

Mar Mar Aye Foundation opening ceremony with

Burmese Children playing Traditional Classics in Piano

(Dated - 13th December 2008)

April 28th, 2009

KNU lost Valeki camp

KNU ဝေါ်လေခီးစခန်း သိမ်းပိုက်ခံရ
ကရင်သတင်းစဉ်
ဧပြီ ၂၈၊ ၂၀၀၉
KNU စခန်းတခု (photo: Moemaka)

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ဝေါ်လေခီးတပ်စခန်းကို ယနေ့ မနက်ပိုင်းတွင် ဒီကေဘီအေနှင့် နအဖတပ်များက သိမ်းပိုက်လိုက်သည်ဟု ၎င်းတပ်ရင်း၏ တပ်ခွဲမှူးတဦးက ပြောသည်။

(၂ဝ၁)တပ်ရင်း၊ တပ်ခွဲ(၁)မှူး ဗိုလ်နာ့ကြီးက “ဒီနေ့မနက် ၈နာရီခွဲ ကျော်ကျော်လောက်မှာ စခန်းကို သူတို့ သိမ်းလို့ ရသွားတယ်။ မနေ့ကတည်းက အဆက်မပြတ် တိုက်ပွဲဖြစ်နေတာ။ ထိုင်းရွာသားတွေကို ထိမှာ စိုးလို့ ကျနော်တို့လည်း ရှောင်ပေးလိုက်တယ်လေ” ဟု ကရင်သတင်းစဉ်ကို အတည်ပြုပြောဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နအဖနှင့် ဒီကေဘီအေဘက်မှ (၁ဝ)ဦး ထိုင်းရွာသားတဦး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပြီး ရွာသူ ရွာသား ၄ဝဝ ခန့်ကို ၎င်းတို့ရပ်ရွာမှ ပြောင်းရွှေ့ နေရာချထားပေးသည်ဟု သိရသည်။

ဝေါ်လေခီးစခန်းကို သိမ်းပိုက်လိုက်သည့် ဒီကေဘီအေ (၉ဝ၆)၊ (၉ဝ၇)၊ (၉၉၉)၊ (၃၃၃)၊ (၅၅၅) တပ်ဖွဲ့ဝင်များနှင့် နအဖတပ်မှ စစ်ကြောင်း နှစ်ကြောင်းသည် ယခုလ (၅)ရက်နေ့ကတည်းက ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Win Myat - One Year After Nargis, the victims still struggling


နာဂစ်အလွန် တနှစ်ခရီး မပြီးဆုံးသေးတဲ့ ဒုက္ခသည်ဘ၀များ

ဝင်းမြတ်

ဧပြီ ၂၈၊ ၂၀၀၉

တည်ဆောက်ဆဲ ကျေးရွာလမ်းမြင်ကွင်း

ဘုန်းကြီးကျောင်းအ၀င် စင်္ကြံလမ်းပေါ်မှာ ခင်းထားတဲ့ တာပေါ်လင်စပေါ်မှာ ဒူးတစ်ချောင်းထောင်ပြီးထိုင်နေတဲ့ ကိုသိန်းလင်း(၄၂ နှစ်) က သူ့လက်ထဲက သတင်းစာစက္ကူနဲ့လိပ်ပတ်ထားတဲ့ ဆေးလိပ်ကို တရှိုက်မက်မက်ဖွာနေတယ်။

နေပြည်တော်မြန်မာ့အသံကနေ ဘစ်ဂျလီ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ ဒီရေ သုံးပေကနေ ငါးပေ တက်နိုင်တယ်လို့ ကြေငြာချက်ကိုကြားပြီး သူနေထိုင်ရာ ကွင်းပေါက်ရွာကနေ လပွတ္တာမြို့ပေါ်ကို တက်လာတာဆိုတော့ ငါးရက်ရှိပြီပေါ့။ ကွင်းပေါက်ကျေးရွာဟာ လပွတ္တာမြို့နယ်တောင်ဖက်စွန်းမှာ တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ရွာတစ်ရွာဖြစ်ပါတယ်။

မြို့ပေါ်မှာကလည်းဆွေမျိုး အသိမိတ်ဆွေ မရှိလေတော့ နာဂစ်မုန်တိုင်း တိုက်ခဲ့တုန်းက သူတို့မိသားစုခိုလှုံခဲ့တဲ့ ဘုန်းကြီးကျောင်းထဲမှာပဲ ဒီတစ်ကြိမ်လည်း ရောက်နေပြန်တယ်။

သူတို့လိုပဲ မုန်တိုင်းသတင်း ကြေငြာချက်ကြားပြီး လပွတ္တာမြို့ပေါ်ကိုတက်လာတဲ့ တခြားရွာတွေက ရွာသားတွေလည်း ဘုန်းကြီးကျောင်းထဲမှာ တွေ့နိုင်ပါတယ်။

ကျွန်တော်တို့ နှစ်ဆန်းတစ်ရက်နေ့ကတက်လာတာ။ အဲဒီတုန်းက ကျောင်းထဲမှာ ကျွန်တော်တို့လိုပဲရောက်လာကြတဲ့သူတွေ ထောင်ကျော်တော့ရှိမယ်။ အခုတော့ တဖြည်းဖြည်းပြန်သွားကြပြီ” လို့ ကိုသိန်းလင်းက ပြောပြပါတယ်။

မုန်တိုင်းမရှိတော့တဲ့ အချိန်မှာ ကိုသိန်းလင်းလည်း ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး အခြေချချင်ပေမယ့် ပြန်စရာလမ်းစရိတ် မရှိတာကြောင့် လောလောဆယ် မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။ ငွေတိုကြေးစ ရလိုရငြား မြို့ပေါ်မှာ အလုပ်လိုက်ရှာပေမယ့် မြို့ပေါ်မှာ အသိမိတ်ဆွေမရှိတဲ့ ကိုသိန်းလင်း ဘာအလုပ်မှ မရပါဘူး။

နေအိမ်သစ်များ ဆောက်လုပ်နေကြပုံ

အမိုးအကာနေရာ

ဆိုင်ကလုန်းမုန်တိုင်းနာဂစ် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက်တိုက်ခတ်ခဲ့တာ တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းမျှသာ လိုတော့ပေမယ့် မုန်တိုင်းသင့်ဒေသမှာ နေထိုင်တဲ့ သူအများစုအတွက် လုံခြုံစိတ်ချရတဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ နေရာထိုင်ခင်းတွေ၊ ရာသီဥတု ဆိုးရွားဖောက်ပြန်လာတဲ့ အခြေအနေတွေမှာ ခိုနားဖို့ ခိုင်ခံ့လုံခြုံတဲ့နေရာတွေ မရှိသေးတာကြောင့် လောလောဆယ် အခြေအနေမှာ အထိတ်တလန့် ဖြစ်နေကြရဦးမှာပဲလို့ ဒေသခံတွေကပြောကြတယ်။

မုန်တိုင်းပြီးကာစမှာ အရေးပေါ်နေထိုင်ဖို့ ပေးဝေခဲ့တဲ့ တာပေါ်လင်စနဲ့လုပ်ထားတဲ့ ယာယီ တဲအိမ်ငယ်တွေဟာ ရာသီဥတုဒဏ်ကြောင့် ပေါက်ပြဲစုတ်ပြတ် နေကြတာတွေ့ရတယ်။ မြစ်ကမ်းနဖူးတစ်လျှောက်မှာ အပြာရောင် တဲငယ်လေးတွေကို တသီတတန်းကြီးတွေ့ မြင်နိုင်ပါတယ်။ စံပြကျေးရွာအဖြစ်သတ်မှတ် ဆောင်ရွက်တဲ့ ကျေးရွာတွေမှာတော့ ပျဉ်ထောင်သွပ်မိုး အိမ်ငယ်တွေ အစီအရီတွေ့ရတယ်။

ကျေးရွာတစ်ရွာနဲ့တစ်ရွာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပုံတွေ မတူညီကြပါဘူး။ အစိုးရအကြီးအကဲတွေ အရောက်အပေါက်များတဲ့ ဒေသက ကျေးရွာ တွေကို စံပြရွာအဖြစ်သတ်မှတ်ပြီး ဦးစားပေး ဆောင်ရွက်ထားတာမျိုး တွေ့ရပါတယ်။ ဥပမာ အားဖြင့် ဘိုကလေး မြို့နယ်ဆို ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု၊ လပွတ္တာဆို ပြင်စလူ မြို့နယ်ခွဲနဲ့ လှိုင်းဘုန်း စတဲ့နေရာမျိုးတွေကိုပဲ ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေက ထပ်ခါ ထပ်ခါ လာလေ့ရှိပါတယ်။ တစ်ချို့နေရာတွေမှာ လူနေအိမ်တွေ မဆောက်ရသေးတဲ့ မြို့ကွက်သစ် တွေ ဖော်ထုတ်ထားတာလည်း တွေ့ရပါတယ်။

မုန်တိုင်းသင့်လူဦးရေ အကုန်လုံးကိုတော့ ပြန်လည်နေရာချ ထားပေးတာ မဟုတ်ပါဘူး။ အမိုးအကာအတွက် တာပေါ်လင်စ တွေသာ ရရှိတဲ့ ကျေးရွာတွေက အများစုဖြစ်ပါတယ်။

ပင်လယ်ကမ်းစပ်နဲ့နီးပြီး ဆိုင်ကလုန်းနာဂစ်ကြောင့် တစ်ရွာလုံး ပျက်စီးသွားတဲ့ကျေးရွာတွေကို ပင်လယ်ကမ်းစပ်နဲ့ ဝေးရာနေရာတွေမှာ အိမ်ယာတွေ ပြန်လည်ဆောက်လုပ်းပေးထားတဲ့ ကျေးရွာအသစ်တွေ ကိုလည်းတွေ့ရတယ်။ ကျေးရွာနာမည်တွေပါ အသစ်တွေ ဖြစ်နေတာပါတယ်။

ယခင်ကတောတောင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး လူနေအိမ်ခြေတွေ လုပ်တာကြောင့် နေထိုင်သူတွေ အသားမကျသေးဘူး လို့ဆိုကြတယ်။ သောက်သုံး ရေရဖို့ တော်တော်ဝေးဝေး ကိုသွားရောက် ခပ်ယူကြရပြီး တစ်ချို့နေရာတွေမှာ ထော်လာဂျီတွေနဲ့ လိုက်လံဖြန့်ဖြူးပေးနေတာ တွေ့ရတယ်။ တံငါလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ လူအများစုက ပင်လယ်နဲ့မနီးတဲ့ ကုန်းတွင်းပိုင်းမှာ အခြေချရတဲ့အခါ သူတို့ရဲ့နေ့စဉ်ဘ၀မှာ အခက်အခဲဖြစ်ကြရတယ်။

အိမ်တွေတော့ ရွာရှိလူတွေကို အကုန်ပေးပါတယ်။ ဒါပမယ့်အရင်ကသည်နေရာက တောကြီး။ ရွာကလူတွေကအကုန်လုံးနီးပါးက တံငါလုပ်ငန်း လုပ်ကြတာဆိုတော့ နေ့ဆိုရင် ရွာထဲမှာ လူမရှိတော့ဘူး” လို့ နာဂစ်ကြောင့် ရွာလုံးကျွတ် ပျောက်ကွယ်သွာပြီး ယခုအခါ ကျေးရွာ အသစ်တစ်ရွာမှာ နေအိမ်ရရှိထားတဲ့ အသက် ၆၀ ၀န်းကျင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရတဲ့ ကျေးရွာတွေကလူတွေ ဘစ်ဂျလီမုန်တိုင်း သတင်းကြေငြာချက် ကြားပြီး နီးစပ်ရာမြို့တွေပေါ်ကို တက်လာတဲ့အခါ သူတို့ရဲ့အိမ်တွေကို အစောင့်အရှောက်မရှိ ထားခဲ့ကြရတယ်လို့ ဆိုကြတယ်။

အိမ်မှာပစ္စည်းတွေထားခဲ့ရတယ်။ ရွာမှာတော့ ဥက္ကဌနဲ့ ငွေလေးကြေးလေး ရှိတဲ့လူတွေတော့ ကျန်ခဲ့ပါသေးတယ်။ ယူချင်တာတွေယူကြပါစေ။ ကျွန်တော်တို့ကတော့ လူကလွဲပြီး ဘာမှလည်း မလိုချင်တော့ပါဘူးဗျာ။ ပုံမှန်လေးစားနေရရင်ပဲ ကံကောင်းတယ်လို့ယူဆပါတယ်” လို့ ကိုသိန်းလင်းက ပြောတယ်။

အရေးပေါ်မုန်တိုင်းလာရင်နားခိုဖို့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေလည်း ဒေသလူဦးရေနဲ့စာရင် နည်းပါးနေပြီး လက်ရှိအခြေအနေမှာလည်း အများစုက ဆောက်လက်စပဲရှိသေတာတွေ့ရတယ်။

နာဂစ်အလွန်တစ်နှစ် ပြည့်ကာနီးပြီး မိုးရာသီ ရောက်ခါနီးလာပေမယ့် တစ်ချို့ရွာတွေမှာ နေအိမ်အသစ်တွေ အခုမှ ဆောက်လုပ်နေဆဲ ဖြစ်တာလည်း တွေ့ရတယ်။

ကျေးရွာမြင်ကွင်း

သောက်ရေသုံးရေ

ပင်လယ်နဲ့နီးတဲ့ဒေသက ကျေးရွာတွေမှာရှိတဲ့ ရေတွင်းတွေဟာ နာဂစ်တိုက်ခတ်ပြီး နောက်ပိုင်းမှာ အငံဓါတ် ပိုလာတယ်လို့ ဒေသခံတွေကပြောကြတယ်။ သောက်သုံးရေကန်တွေထဲကိုလည်း ရေငံနဲ့အမှိုက်သရိုက်တွေ ၀င်ကုန်တာကြောင့် အရင်တုန်းက ရှိခဲ့တဲ့ ရေအရင်းအမြစ်တွေ သည်နှစ်မှာ နည်းပါးခဲ့ကြ တယ်။

ပြီးခဲ့တဲ့နွေရာသီမှာ သန့်ရှင်းတဲ့သောက်သုံးရေ အခက်အခဲဖြစ်ကြပေမယ့် သောက်သုံးရေဖြန့်ဝေပေးတဲ့ အဖွဲ့အစည်းတွေ ရှိတာကြောင့် လုံးဝသောက်စရာ မရှိလောက်အောင်တော့ မဖြစ်ခဲ့ကြဘူးလို့ဆိုကြပါတယ်။ ဒါပေမယ့် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေ နည်းနေသေး တယ်လို့ ဆိုကြပါတယ်။

သန့်ရှင်းတဲ့သောက်သုံးရေအခက်အခဲရှိပေမယ့် ရေနဲ့ပတ်သတ်ပြီး ဖြစ်ပွားတတ်တဲ့ ရောဂါတွေကြီးကြီးမားမား မတွေ့ရှိရသေးပါဘူး။

သောက်သုံးရေရရှိဖို့ ကျေးရွာ လှေဆိပ်တွေမှာ ဖိုင်ဘာရေတိုင်ကီကြီးတွေ စုပုံထားတာ တွေ့ရတယ်။ မြစ်ချောင်းထဲကနေ စက်လှေနဲ့ ပုံမှန်ရေဖြည့်ပေးပြီး ကျေးရွာ ရေပေးဝေရေးကော်မတီကနေ ခွဲတမ်းအလိုက် ပြန်လည်ဖြန့်ဖြူးပေးကြပါတယ်။ တစ်ချို့အဖွဲ့အစည်းတွေက သောက်သုံးရေရရှိဖို့ လူတစ်ဦးစီကို သတ်မှတ်ငွေကြေး ထုတ်ပေးထားပြီး ကျေးရွာရေပေးဝေရေးကော်မတီက သောက်သုံးရေ၀ယ်ယူပြီး ဖြန့်ဖြူးပေးတာလည်း ရှိပါတယ်။

ကျေးရွာရေပေးဝေရေး ကော်မတီမှာ ရွာဦးဘုန်းတော်ကြီး၊ ကျေးရွာဥက္ကဌ၊ ကျေးရွာက ယုံကြည်လေးစားကြတဲ့ ရပ်မိရပ်ဖ စတာတွေ သင့်သလို ပါဝင် ဖွဲ့စည်းပေးထားကြတယ်။ ရေပေးဝေရေးလုပ်ငန်းတွေကို အစိုးရအဖွဲ့အစည်းတွေက ဆောင်ရွက်ခြင်းမရှိဘဲ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အင်န်ဂျီအိုတွေကသာ လုပ်ဆောင်ကြတာတွေ့ရတယ်။

ရေထမ်းသည့် ကလေးငယ်

အသက်မွေးဝမ်းကျောင်း

ဆိုင်ကလုန်းနာဂစ်ကြောင့် မုန်တိုင်းသင့်ဒေသမှာ နေထိုင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ပြောင်းလဲလာခဲ့တယ်။ ယခင်က လယ်လုပ်သူတွေဟာ မုန်တိုင်းကြောင့် လယ်လုပ်ကိရိယာတွေ ဆုံးရှုံးခဲ့ပြီး လယ်ယာလုပ်ကိုင်ဖို့ အခက်အခဲ ဖြစ်ခဲ့ကြရတယ်။ နေအိမ်ပြန်လည် ထူထောင်ဖို့နဲ့ လုပ်ငန်းပြန်လည် လုပ်ကိုင်နိုင်ဖို့ နီးစပ်ရာက ငွေချေးယူကြပြီး ပြန်လည်မဆပ်နိုင်တဲ့အခါ လယ်မြေတွေကို ထိုးအပ်လိုက်ရတယ်လို့ ပြင်စလူမြို့နယ်ခွဲထဲက ရွာသားတစ်ဦးက ပြောပါတယ်။

မိသားတစ်စုလုံး သေသွားပြီး ပိုင်ရှင်မဲ့ဖြစ်နေတဲ့ လယ်ယာတွေကိုတော့ ကျေးရွာဥက္ကနဲ့ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက ခပ်တည်တည်နဲ့ သူတို့ပိုင် မြေဖြစ်အောင် လုပ်ယူတာလည်း ရှိတယ်လို့ဆိုကြပါတယ်။

အသေးစား တံငါလုပ်ငန်း လုပ်ကိုင်ကြတဲ့သူ အများစုသည်နှစ်မှာ ငါးပုစွန် အရအမိနည်းတယ်လို့ ပြောကြပါတယ်။ အသေးစား ငါးဖမ်းလှေတွေ ဖြန့်ဝေတဲ့ အခါမှာလည်း ကျေးရွာလူကြီးနဲ့ နီးစပ်သူတွေ ရွာမှာနေထိုင်တာ ကြာပြီဖြစ်တဲ့ သူတွေကိုဦးစားပေးတယ်လို့ ဒေသခံ တံငါသည်တစ်ဦးက ပြောပါတယ်။

ကျွန်တော်တို့က သည်ရွာကိုရောက်လာတာ မကြာသေးဘူး။ လှေတွေပေးတော့ လူကြီးနဲ့နီးစပ်တဲ့သူတွေက ပထမဦးစားပေး စာရင်းထဲမှာပါတယ်။ နောက်တော့ ရွာမှာ အမြဲတမ်းနေတဲ့ သူတွေကို ပေးတယ်။ မုန်တိုင်းဖြစ်တော့ သူတို့လည်းဆုံးရှုံးသလို ကျွန်တော်တို့လည်းဆုံးရှုံးတာပဲ။ ပြန်ရတဲ့အခါ ကျတော့ ကျွန်တော်တို့က မရတော့ လုပ်ကိုင် စားသောက်ရတာ အခက်အခဲဖြစ်တာပေါ့” လို့ မုန်တိုင်းကြောင့် ရွာနေရာပါ ပျောက်သွားတဲ့ ဒေသခံ တံငါတစ်ဦးကပြောပါတယ်။

ယခင်က ဘောက်လုပ်ဘောက်စား(ကြုံရာကျပန်း) သမားတွေလည်း နာဂစ်အပြီးမှာ အလုပ်အကိုင်တွေ ရှားပါးလာတယ်လို့ ဆိုကြပါတယ်။ ငါးဖမ်းစက်လှေ တွေအများအပြား ဆုံးရှုံးခဲ့တာကြောင့်လည်း ငါးလှေလိုက်တဲ့ အလုပ်တွေ ရှားပါးသလို လယ်ပိုင်ရှင်ကြီးတွေလည်း ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတာကြောင့် အလုပ်အကိုင် ရှားပါးလာတာဖြစ်တယ်လို့ပြောပါတယ်။

အလုပ်အကိုင်တွေကရှားတယ်။ ဝေခြမ်းရေးက ပေးတာလေးရယ် ကိုယ်ရှာလို့ရတာလေးတွေ ပေါင်းလိုက်ရင်တော့ ငတ်တော့ မငတ်ဘူးပေါ့” လို့ ကိုသိန်းလင်းကသူတို့ ဘ၀အခြေအနေကိုပြောပြတယ်။

တစ်ချို့ရွာတွေမှာ အိမ်တွင်း အသေးစား ကုန်စုံဆိုင်ဖွင့် နိုင်ဖို့ ပြည်တွင်းအန်ဂျီအိုအဖွဲ့တစ်ချို့ကနေ အကူအညီ ပေးတာလည်းတွေ့ရတယ်။

ရေလုပ်ငန်းရှင်တွေကို အစိုးရက ငွေထုတ်ချေး ပေးတာတွေရှိပေမယ့် ပမာဏနည်းပါး နေသေးတယ်လို့ရေလုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။ ချေးငွေတွေ ချေးယူတဲ့အခါမှာလည်း ပွဲစားတွေကြောင့် အပြည်အ၀ မရရှိခဲ့ကြဘူး လို့ဆိုပါတယ်။ ကမ်းဝေးငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူတွေကို ရာသီဥတုအခြေအနေ အကြောင်း ကြားနိုင်အောင် ၀ါယာလက် စကားပြောစက်(ဝေါ်ကီတော်ကီ) တွေ အသုံးပြုခွင့် ပေးထားတာတွေ့ရတယ်။

နာဂစ်ချန်ရစ်သည့် အပျက်အစီးများ

ဈေးကွက်ဝင်ကယ်ဆယ်ရေးပစ္စည်း

ကယ်ဆယ်ရေးပစ္စည်းအဖြစ် နိုင်ငံတကာက ကူညီထောက်ပံ့ခဲ့တဲ့ ပစ္စည်းတွေကို နာဂစ်အလွန် တစ်နှစ်ပြည့်ကာနီးအချိန် မုန်တိုင်းသင့်ဒေသတွေက ဈေးတွေမှာ တွေ့မြင်လာရပါတယ်။

ယူနီဆက်ဖ်က ထောက်ပံ့ထားတဲ့ ခြင်ပြေးတဲ့ ခြင်ထောင်တွေ၊ ဟိုက်အင်နာဂျီချော့ကလက်တွေနဲ့ တခြားစားသောက်ဖွယ်ရာတွေကို အလွယ်တကူ ၀ယ်ယူနိုင်တယ်။ ခြင်ထောင်တစ်လုံးကို ငါးထောင်ဝန်းကျင်နဲ့ လိုသလောက်ရောင်းပေးနိုင်တယ်လို့ လပွတ္တာမြို့ပေါ်ကရောင်းချသူတစ်ဦးကပြောတယ်။ တစ်ထည်စ နှစ်ထည်စမဟုတ်ဘဲ ပါကင်ပုံးလိုက်ကို တင်ရောင်းနေတာတွေ့မြင်နိုင်ပါတယ်။

အလှူရှင်တွေက ငါးဖမ်းလှေတွေ ဆောက်လုပ်ဖို့ ငွေတွေလှူဒါန်းတဲ့ အခါမှာလည်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက အနီးအနားရွာတွေမှာ ရှိတဲ့သစ်တောတွေခုတ်ပြီး လှေတွေဆောက်လုပ် ပေးခဲ့တာတွေလည်းရှိတယ်လို့ဆိုပါတယ်။

ကျေးရွာမြင်ကွင်း

ဘာတွေပြင်ဆင်ထားကြသလဲ

မုန်တိုင်းဒဏ်ကို ကိုယ်တိုင်ကြုံတွေ့လွတ်မြောက်လာခဲ့သူတွေက နောက်တစ်ခါမုန်တိုင်းလာခဲ့ရင် အသက်ဘေး လွတ်မြောက်ဖို့ ကိုယ့်ပိုင်အစီအစဉ်တွေ စီစဉ်ထားကြတာ လည်းတွေ့ရတယ်။

ကျွန်မတို့ကတော့ စီပလပ်ဘူးလေးတွေ စုပြီးသီထားတယ်။ ရေသန့်ဗူးတွေကိုလည်း တွဲထားတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ကိုယ့်အသက်ကို ကယ်နိုင်အောင်လို့လေ” လို့ လပွတ္တာမြို့နယ်ထဲက ကျေးရွာတစ်ခုမှာနေထိုင်တဲ့ အမျိုးသမီး တစ်ယောက်ကပြောတယ်။

မိုးလေတွေကြမ်းလာပြီဆိုရင် ကျွန်မ အတွင်းခံဘောင်းဘီတွေကို အထပ်ထပ်ဝတ်တယ်။ နာဂစ်တုန်းကသေသွားတဲ့လူတွေမှာ ဖင်ပြောင်တွေနဲ့ သေနေတာက များတယ်။ သေရင်တောင်း ဖင်ပြောင်ကြီးနဲ့တော့ မသေနိုင်ဘူး” လို့လည်း သူမက ဆက်ပြောတယ်။

ဘုန်းကြီးကျောင်း တွေမှာလည်း ထုတ်တန်းတွေ ထိုးထားပြီး ဆန်နဲ့ ထမင်းခြောက်တွေကို ထပ်ခိုးလုပ်ပြီး တင်ထားတာတွေ့ရတယ်။ အိမ်တိုင်တွေကို ကန့်လန့်ဖြတ်တန်းတွေ နဲ့ ကျားကန်ထားကြတာ လည်းတွေ့ရတယ်။ ၀ါးရုံရှိတဲ့ရွာတွေမှာ ၀ါးရုံတွေပေါ်မှာ ငါးဂါလံပုံးတွေချိတ်ထားကြတယ်လို့လည်း ဆိုတယ်။

အုန်းပင်းတွေကို ခါးလည်လောက်ကဖြတ်ပြီး ကြိုးနဲ့ချည်ထားတာလည်းတွေ့ရတယ်။ ရေတက်လာရင် ရေစီးနဲ့မြောမသွားအောင် အုန်းပင်က ကြိုးကိုကိုင်ထားလို့ရအောင်ဖြစ်ပါတယ်။ ပင်လယ်နဲ့နီးတဲ့ ရွာလေးတွေမှာတော့ မြေကြီးတွေ ကော်တင်ထားပြီး ကုန်းမြင့်ဖြစ်အောင် လုပ်ထားကြတယ်။ ကုန်းမြင့်ပေါ်ကို အလွယ်တကူ တက်နိုင်အောင်လုပ်ထားတာတော့မတွေ့ရပါဘူး။

မုန်တိုင်း သတင်းကြားသိရဖို့ အဓိက သတင်းအချက် အလက်ရနိုင်တာ ကတော့ ရေဒီယိုပဲဖြစ်တယ်လို့ ဒေသခံတွေကပြောကြတယ်။ အိမ်တိုင်းလိုလို မှာလည်း ရေဒီယိုတွေတွေ့ မြင်ရပါတယ်။ နာဂစ်အပြီးမှာ ရေဒီယိုကို မဖြစ်မနေ၀ယ်ထား ကြရတယ်လို့ အသက်နှစ်ဆယ်ဝန်းကျင် ကျပန်းအလုပ်သမ တစ်ဦးကပြောတယ်။

ရေဒီယိုက သတင်းကြားတာနဲ့ ပြေးမယ်ဆိုရင် လွတ်နိုင်ချေပိုများတာပေါ့။ သင်္ကြန်တုန်းကတောင် မုန်တိုင်းလာမယ်ဆိုလို့ အိမ်ထဲကပစ္စည်းနဲ့ ဆန်တွေကို ကုန်းမြင့်ပေါ်နည်းနည်းရွှေ့ထားလိုက်တယ်။ အဲဒီမှာလည်း သူလိုကိုယ်လို ရောက်လာတဲ့ လူတွေအများကြီးပဲဆိုတော့ နေရာတစ်နေရာ ရဖို့တော်တော် ရှာရတယ်” လို့သူမက ဘစ်ဂျလီမုန်တိုင်း သတင်းကြားရပြီး သူတို့ရဲ့ကြိုတင်ပြင်ဆင်မှု အခြေအနေကိုပြောပြတယ်။

ကိုသိန်းလင်းကတော့ သူတို့ရွာမှာ မုန်တိုင်းခိုဖို့အဆောက်အအုံကြီးကြီးမားမားမရှိတဲ့အပြင် မြို့နဲ့လည်း အလှမ်းဝေးတာကြောင့် မိုးလေ၀သက သတင်းကြားတာနဲ့ လွတ်မယ်ထင်တဲ့နေရာကို ပြောင်းပြေးမယ်လို့ ပြောပါတယ်။

ကျွန်တော်တို့မှာက ငွေလည်းမရှိဘူး။ ကိုယ်ပိုင်လှေလည်းမရှိဘူး။ ပုန်းခိုစရာလည်း ခိုင်ခိုင်မာမာမရှိဘူး။ အဲဒီတော့ ရေဒီယိုကိုပဲနားထောင်နေရတယ်။ မုန်တိုင်းသတင်းကြားပြီဆိုတာနဲ့ ကျွန်တော်တို့က မြို့ပေါ်ကိုတက်လာမှာပဲ။ မုန်တိုင်းဘယ်နေရာ ကိုပဲဝင်ဝင် ဘယ်လိုနည်းနဲ့မှ ရွာမှာမနေရဲဘူး” လို့ ကိုသိန်းလင်းကပြောတယ်။