Saturday, February 28, 2009

Kyi Maung Than & Thit Kaung Eain - Two Poems for A Brother

ညီလေးအတွက် မောရသုတ်

ကြည်မောင်သန်း၊ သစ်ကောင်းအိမ်

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ညီလေး

ကြည်မောင်သန်း

ညီလေး
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့ သစ္စာ

ညီလေး
ခုဆို မင်းက အတွင်းကြေ
ငါတို့က အပြင်ကြေ
ညီလေး
သွေးဟာ သွေးပဲ
ဘယ်တော့မှ ရေ မဖြစ်ဘူး

ညီလေး
ညီညီလွင်က ပြာတယ်
မင်းအတွက် နေ့စဉ် မောရသုတ် ရွတ်မယ်တဲ့

ညီလေး
သိန်းသိန်းကပြောတယ်
ပျော်လို့ ခုန်ချကြတာပဲ
ဒုက္ခ ခံကြရမှာပေါ့တဲ့

ညီလေး
ရဲဌေးက ပြောတယ်
ငါတို့တွေ ရှင်ကွဲပါကွာ
မကြာခင် ပြန်တွေ့ကြရမှာပါတဲ့

ဟုတ်တယ် ညီလေးရေ
သေကွဲပေါင်းများစွာ
ငါတို့ တွေ့ခဲ့ပြီးပါပြီ

ညီလေးရေ
အဆင်ပြေတော့လဲ “ဟိုက် ကော်မရှင်နာ”
အဆင်မပြေတော့လဲ “ဇေ”
တို့တွေ “ဇေ” သောက်လိုက် “ဘေ”၀တ်လိုက်နဲ့
မိုက်မိုက်မဲမဲ ပျော်ရွှင်ခဲ့ကြတာ

ညီလေးရေ
မင်းမရှိတော့
ငါတို့ရဲ့ မယ်ဇလီပင်လည်း ခြောက်သွေ့ပါတယ်ကွာ...

ညီလေး
မင်းက အစားကောင်း အသောက်ကောင်း ကြိုက်တယ်
အချက်အပြုတ် ၀ါသနာပါတယ်
မင်းနဲ့ငါ မနက်တိုင်း ဈေးအတူ သွားခဲ့ကြတာ
ခုတော့လည်း လွမ်းစာ
ညီလေး
လက်ဖက်ရည်ဆိုင်က စားပွဲထိုးက မေးတယ်
သူငယ်ချင်း မပါဘူးလားတဲ့

ညီလေး
ကုန်စိမ်းသည်တွေ ငါးစိမ်းသည်တွေက မေးတယ်
ဗိုက်ပူမပါဘူးလားတဲ့

ညီလေး
မမိုးက မေးတယ်
လုံးချော ဘယ်ပျောက်နေလဲတဲ့

ညီလေး
ထပ်ပြောဦးမယ်
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့ ယဉ်ကျေးမှု
ငါတို့ရဲ့ သွေးအမျိုးအစား
ငါတို့ရဲ့ တရားအမှန်

ညီလေး
ငှက်တသောင်း နားနိုင်ဖို့
သစ်ကောင်းတပင် ဖြစ်ခဲ့ရင်
မင်း တာဝန်ကျေပါတယ်ကွာ.....။ ။
(ကြည်မောင်သန်း)



မောရသုတ်

သစ်ကောင်းအိမ်


သူရဲကောင်းကို

အကျဉ်းချလို့ရတယ်

သူရဲကောင်းဝိညာဉ်ကို

အကျဉ်းချလို့မရဘူး။


၈၈အရေးတော်ပုံကို ချေမှုန်းရင်

ရွှေဝါရောင်မျိုးဆက်ဝိညာဉ်

လွတ်မြောက်တိုက်ပွဲဝင်တယ်။


သူရဲကောင်းကို

သတ်ပစ်လို့ ရတယ်

သူရဲကောင်းဝိညာဉ်ကို

သတ်ပစ်လို့မရဘူး။


သြဂတ်(စ)လရဲ့ သံခမောက်ကို

ရန်သူ့ကျည်ဆံ ဖောက်တော့

စက်တင်ဘာ တော်လှန်ရေး

သွေးအတွက် သွေးကို စတေးတယ်။


သူရဲကောင်းဆိုတာ

ပါးစပ်နဲ့ အမျှဝေသူမဟုတ်

ဘ၀နဲ့ အမျှဝေသူဖြစ်တယ်။


ဒေ၀ဒတ်ရဲ့ လှံစွပ်အောက်

သင်္ကန်းနဲ့ဆွဲတဲ့ ခွပ်ဒေါင်းအလံ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


ဒေ၀ဒတ်ရဲ့သေနတ်ပြောင်းအောက်

သင်္ကန်းနဲ့ဆွဲတဲ့ ခွပ်ဒေါင်းအလံ

ဓမ္မံ သရဏံ ဂစ္ဆာမိ။


ဒေ၀ဒတ်ရဲ့ စစ်ဖိနပ်အောက်

သင်္ကန်းနဲ့ဆွဲတဲ့ခွပ်ဒေါင်းအလံ

သံဃံ သရဏံ ဂစ္ဆာမိ

(သစ်ကောင်းအိမ် (၁၈. ၂. ၂၀၀၈))

Kyaw Kyaw - Are you waiting for everyday ?

နေ့တိုင်းမျှော်နေရအုံးမယ်
ကျော်ကျော်
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၀၉
လုပ်နေကျ အရာတခုခုကို နေ့စဉ်လုပ်နေရင်းကနေ မသိမသာ အဲဒီဟာကို စွဲလမ်းမှန်းမသိ စွဲလမ်းသွားတတ်တယ်။ စွဲလမ်းသွားပြီ ဆိုလဲ ဖြတ်ဖို့ ပြန်ပြင်ဖို့ကလည်း တော်တော်ခက်တယ်။ ဆေးလိပ်စွဲတယ်၊ အရက်စွဲတယ်၊ ကွမ်းယာစွဲတယ် ဒါတွေက လူအများသိပြီးကြားပြီးသားပါ။ တစ်ချို့အရာတွေကျတော့ ကိုယ့်ကိုကိုယ် စွဲနေမှန်းမသိဘူး၊ နေ့စဉ် ပုံမှန်အချိန်မှန်တော့ လုပ်ဖြစ်နေတယ်။

ရန်ကုန်ကို စရောက်တုန်းကအချိန်ကို မှတ်မိသေးတယ်။ နေရာသစ်မှာ အသိမိတ်ဆွေကလည်း မရှိ၊ နယ်က အပေါင်းအသင်းတွေကလည်း ရန်ကုန်ကို တခါတလေမှ ရောက်လာတတ်တာဆိုတော့ တော်တော် ပျင်းစရာကောင်းတယ်။ နေ့တိုင်း မနက်အိပ်ရာထ မနက်စာစားပြီးရင် ကျနော် အဓိက မျှော်နေတတ်တာ တခုကတော့ သတင်းစာပါပဲ (မြန်မာ့အလင်းလား၊ လုပ်သားလား မမှတ်မိတော့ဘူး)။ နေ့တိုင်းလာနေကျ သတင်းစာလေးကို ဖတ်လိုက်ရမှ ကျနော့်အတွက် မနက်ခင်းက ပြည့်စုံတော့တယ်။

သတင်းစာက ပုံမှန်မနက် ၉နာရီ ပတ်ဝန်းကျင်လောက် လာပို့တယ်။ နေတာက ဒုတိယအထပ်ဆိုတော့ ရန်ကုန်စတိုင် ကြိုးလေးတချောင်း ချပေးထားပြီး အောက်ဆုံးမှာ ညှပ်ကလေးတခုနဲ့ပေါ့။ သတင်းစာရောက်လာပြီဆိုရင် ညှပ်လေးမှာ တွဲလောင်းလေးနဲ့ အပေါ်ကနေ မြင်နေရတယ်။ သတင်းစာဖတ်ပြီးမှပဲ အပြင်ထွက်နေကျဆိုတော့ တချို့ရက်မှာ ပို့နေကျအချိန်မှာ သတင်းစာ ရောက်မလာသေးရင် မကြာခဏ ၀ရံတာအပေါ်ကနေ ငုံ့ကြည့်ရ မျှော်နေရတာ အမောပဲ။ အဲဒီလိုနေ့တွေဆိုရင် ကျနော့်ရဲ့ မနက်ခင်းလေးဟာ တခုခုလိုအပ်နေသလိုပဲ ဖြစ်နေတယ်။ ဒါဟာ စွဲလမ်းမှုတခုပဲ မဟုတ်လား။

အခုလဲကြည့်လေ၊ ဒီလမ်းထဲမှာ ပုံမှန်စာဝေချိန်ထက် အများကြီး နောက်ကျမှ ကျနော်ရောက်လာတော့ လူတချို့က လည်တဆန့်ဆန့်နဲ့ စာတွေကို မျှော်နေတာကြာပြီပေါ့။ ကျနော့်ကိုတွေ့တော့ “မင်းဒီနေ့ နောက်ကျလှချည်လား” လို့ အလွန်အံ့သြတဲ့ မျက်နှာထားနဲ့ မေးကြတယ်။ ကျနော်ကလည်း “ဟုတ်ကဲ့၊ ကျနော် နောက်ကျသွားတယ်၊ ဆောရီးပဲ” လို့သာ ပြန်ဖြေလိုက်တယ်။ ဘာကြောင့် နောက်ကျရတယ်ဆိုတာ အသေးစိတ် မရှင်းပြတော့ပါဘူး၊ သူတို့လဲ နားထောင်ချင်မှာ မဟုတ်ပါဘူး၊ မျှော်နေတဲ့စာ ရသွားရင် သူတို့ကျေနပ်သွားပြီ မဟုတ်လား။ အမှန်တော့ လူတွေအားလုံးက နေ့စဉ်လာနေကျ စာတွေကို မျှော်နေကြတာပဲ၊ ဒါလည်း နှစ်ပေါင်းများစွာလုပ်နေကျဆိုတော့ စွဲလမ်းမှုတခု ဖြစ်နေတာမဟုတ်လား။

စနေနေ့လိုရက်မျိုးဆို စာကနည်းတယ်၊ တချို့အိမ်ဆို စာမရှိဘူး။ စနေနေ့မှာ စာနှစ်စောင်သုံးစောင်ပဲ ပါတာကို တချို့က That’s it? လို့ အံ့အားတကြီး မေးတတ်ကြတယ်။ တရက်တုန်းကလည်း အမျိုးသမီးတယောက်ကို စာတွေလှမ်းပေးရင်း သူမကမေးခွန်းတချို့မေးတော့ ကျနော်က ပြန်ရှင်းပြတယ်။ ကျနော်ဖြေနေတာကို သေချာနားမထောင်ပဲ သူမရဲ့ မျက်လုံးအစုံက ကျနော့်ကိုကျော်ပြီး နောက်ဖက်က စာတွေထည့်ထားတဲ့ ပလပ်စတစ်ဗန်းကိုပဲ လှမ်းကြည့်နေတယ်။ ကြည့်နေရင်း ကျနော်ကိုမေးတယ် “အဲဒီစာတွေရော ကျမဟာလား” တဲ့။ မဟုတ်ပါဘူး၊ အခြားအိမ်ကပါလို့ ကမန်းကတမ်း ပြန်ဖြေလိုက်တယ်။ အော် . . . စာတွေဘယ်လောက်များ မျှော်နေကြပါလိမ့်။ မျှော်နေတဲ့ စာတွေ၊ ပါဆယ်ထုတ်တွေကို ရသွားလို့ ထခုန်မတတ် ၀မ်းသာသွားတဲ့ လူတွေနဲ့လည်း ကြုံဖူးခဲ့ပါတယ်။



ကျနော်ကိုယ်တိုင် အလုပ်ပြီးလို့ အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်ဖြစ်တဲ့ အလုပ်က ဒီနေ့ဘာစာတွေ ရောက်လာသလဲဆိုတာ အရင်ကြည့်တတ်တယ်။ စာတစောင်မှ မတွေ့ရင်တောင် “ဒီနေ့ ဘာစာမှ မလာဘူးလား” လို့ မိန်းမကို မေးတတ်တယ်။ ကျနော့် အလုပ်နားရက်မှာတောင် အချိန်မှန် စာပို့နေကျအချိန်လောက်မှာ စာတိုက်ပုံးကို နှစ်ခါသုံးခါလောက် ဖွင့်ဖွင့်ကြည့်တတ်တယ်။ ထူးထူးခြားခြား ဘာစာမှ လာစရာမရှိတာတောင် စာကိုမျှော်နေတတ်တယ်။

ငယ်စဉ်တုန်းက ကျနော်တို့ရက်ကွက်မှာ စာပို့နေကျ ကချင်အမျိုးသား စာပို့သမားတယောက်ရှိတယ်။ စက်ဘီးလေးတစီးနဲ့ နေပူမိုးရွာမရှောင် နေ့တိုင်းစာလာပို့နေကျ၊ သူအိမ်ရှေ့ရောက်လာပြီဆိုရင် ကျနော်တို့အိမ်အတွက် စာတွေပါလာတာ သေချာတယ်။ တခါတလေ အိမ်ရှေ့မှာမရပ်ဘဲ ကျော်သွားတော့မှာကို တွေ့ရင် “စာမပါဘူးလား” လို့ ဖေဖေက လှမ်းအော်မေးတတ်တယ်။ သူက စက်ဘီးပေါ်ကနေ လက်ခါပြတယ်၊ ဒီနေ့ စာမပါဘူးဆိုတဲ့ အဓိပ္ပယ်ပေါ့။ ဟိုတုန်းကလည်း စာကို လူတွေမျှော်နေခဲ့တာပဲ။

ထူးခြားတာတော့ရှိတယ်။ နေ့စဉ်လုပ်နေကျ အမြဲလုပ်နေကျဖြစ်လို့ အကျင့်တခုလို စွဲလန်းသွားတတ်တယ် ဆိုပေမဲ့လည်း လုပ်နေကျအားလုံးကို စွဲလန်းတတ်တာ၊ မျှော်နေတတ်တာ မဖြစ်ဘူး။ ဥပမာ အိမ်သုံးဖုန်း၊ အမြဲသုံးနေတာပဲ၊ နေ့တိုင်း တယောက်ယောက် ဖုန်းခေါ်လာမှာကို မျှော်မနေတတ်ဘူး။ ကြော်ငြာတွေ များလွန်းလို့ ဖုန်းမြည်တာတောင် မကိုင်တော့ဘူး။ ဆဲလ်ဖုန်းလဲ ဒီအတိုင်းပဲ၊ မျှော်မနေဘူး၊ အသိထဲက ဖုန်းခေါ်လာတာတောင် သူနဲ့မပြောချင်ရင်(မအားလို့) ဖုန်းကိုပြန်မထူးဘူး၊ မက်ဆော့ခ်ျပဲ ချန်ခိုင်းလိုက်တယ်။ အီးမေးလ်လဲ အတူတူပဲ၊ နေ့တိုင်း အီးမေးလ်ကို မျှော်မနေတတ်ဘူး၊ ကွန်ပြူတာနေ့တိုင်း သုံးဖြစ်ရင်တောင် အီးမေးလ်ကို မဖွင့်ကြည့်ကြဘူး။ ဒါပေမဲ့ နေ့တိုင်း စာတိုက်ပုံးလေးကို သွားဖွင့်ကြည့်ကြတယ်၊ ဘာစာများရောက်နေမလဲလို့။



အခု အမေရိကမှာ ကျနော်ကိုယ်တိုင် စာပို့သမား(ယာယီ) ဖြစ်နေတော့ စာပို့လုပ်ငန်းက လူတွေနဲ့ ဘယ်လောက်ထိတွေ့မှုရှိတယ်၊ အရေးကြီးတယ်ဆိုတာ ပိုသိလာတယ်။ နွေ၊မိုး၊ဆောင်း မရှောင် စာတွေပို့နေတဲ့ စာပို့သမားတွေကို လူတွေက ချစ်ကြတယ်။ အမေရိကန်ပြည်သူတွေရဲ့ ယုံကြည်မှုအရှိဆုံး လုပ်ငန်းမှာ စာပို့လုပ်ငန်း ပါဝင်ပါတယ်။ သိကြတဲ့အတိုင်း စီးပွားရေးပျက်ကပ်ထဲမှာ အမေရိကန်ရဲ့ စာပို့လုပ်ငန်းလည်း မရှောင်ရှားနိုင်ပါဘူး။ မနှစ်ကဆို နှစ်ဘီလီယံလောက် အရှုံးပြတယ်၊ စာတိုက်ဝန်ထမ်း သောင်းချီကိုလည်း အလုပ်ဖြုတ်ခဲ့တယ်။ ဟုတ်တယ်လေ၊ စာအရေအတွက်က အရမ်းကိုလျော့ကျသွားတယ်။ စီးပွားရေး မကောင်းတာရယ်၊ အင်တာနက် နည်းပညာတွေရဲ့ အကျိုးသက်ရောက်မှုတွေလည်း ပါတာပေါ့။ ဒီနှစ်လည်း ဆက်ပြီး အရှုံးပြမယ် ဆိုတာ ကြိုတင်တွက်ချက်ထားတယ်။ တပတ်ခြောက်ရက် စာပို့ရက်ကနေ တပတ်ငါးရက်ပဲ ပြောင်းမလိုလို သတင်းတွေလည်း ထွက်နေတယ်။



ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်စာပို့လုပ်ငန်းက ဆက်လက်တည်ရှိနေအုံးမှာ သေချာပါတယ်။ ၀န်ထမ်းတွေ ထပ်လျော့မယ် ဆိုလည်း ကျနော့်လို ယာယီစာပို့သမားတွေက ဦးဆုံး ဖြုတ်ရင်ဖြုတ်ခံရမယ် (ဖြုတ်လည်း ဖြုတ်နေတယ်)၊ ဒါပေမဲ့ စာတွေက အမေရိကန် တနိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုတိုင်းရဲ့ စာတိုက်ပုံးထဲကို ရောက်နေအုံးမယ်၊ လူတွေ အားလုံးကလည်း နေ့တိုင်း စာကို မျှော်နေဦးမယ် ဆိုတာ သေချာပါတယ်။

Ma Khin Ohnmar barred from ASEAN talks


အာဆီယံအစည်းအဝေးမှ ဗိုလ်ချုပ်ကြီးများက မြန်မာ အမျိုးသမီးတဦးကို ၀င်ခွင့်မပြု
မိုးမခအထောက်တော် အမှတ် ၃
မတ် ၁၊ ၂၀၀၉

မခင်ဥမ္မာ [photo:womenpeacesecurity.org]
မြန်မာစစ်ခေါင်းဆောင်များ၏ အကြပ်ကိုင်မှုကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က လူ့အခွင့်အရေး လှုပ်ရှားသူ မြန်မာပြည်သား မခင်ဥမ္မာကို လက်ရှိပြုလုပ်နေသော အာဆီယံဆွေးနွေးပွဲ တက်ရောက်ခြင်း မပြုနိုင်ရန် ယမန်နေ့က တားမြစ်လိုက်သည်။

မခင်ဥမ္မာအား ပါဝင် တက်ရောက်ခွင့် ပြုပါက ၎င်းတို့အနေဖြင့် ဆွေးနွေးပွဲမှ ထွက်ခွာရမည်ဖြစ်ကြောင်း မြန်မာစစ်ခေါင်းဆောင်များက ခြိမ်းခြောက်ခဲ့ကြသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ချအမ်းမြို့တွင် အာဆီယံ ၁၀ နိုင်ငံ အစိုးရ ၀န်ကြီးများ ပါဝင်သည့် အစည်းအဝေးကို ၃ ရက်ကြာ ပြုလုပ်လျက်ရှိသည်။

ဆွေးနွေးပွဲ တက်ရောက်ရန် ပြင်ဆင်ထားသည့် ကမ္ဘောဒီးယားမှ Pen Somony ကိုလည်း ကမ္ဘောဒီးယား အစိုးရ၀န်ကြီးများက တားမြစ်နိုင်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ ၂ဦးသည် မြန်မာနှင့် ကမ္ဘောဒီးယား ၂ နိုင်ငံကို ကိုယ်စားပြုပြီး လက်ရှိပြုလုပ်နေသော အာဆီယံအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ပါဝင် ဆွေးနွေးနိုင်ရန် ဒေသတွင်း အဖွဲ့အစည်းများက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၂ဦး ပါဝင်ခြင်းမရှိဘဲ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

အာဏာရှင်နိုင်ငံတခုဖြစ်သည့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်သည်လည်း ၎င်း၏ အာဏာပိုင်များက အရေးယူမည်ကို စိုးရိမ်သဖြင့် အစည်းအဝေးသို့ လာရောက်ခြင်းမရှိဟု AFP သတင်းတွင် ရေးသားထားသည်။

ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်စဉ် ဒေသတွင်း တခြား နိုင်ငံ ၇ ခုမှ လူထုအခြေပြု အဖွဲ့များသာ ပါဝင်ခွင့် ရခဲ့သည်ဟု ဆိုသည်။

အာဆီယံအစည်းအဝေးပြုလုပ်စဉ် မြန်မာစစ်အစိုးရကို စက်ဘီးစီးပြီး ကန့်ကွက်ကြသူများ (ဓာတ်ပုံ-Reuters)

Burmese Journal Digest - Feb 28, 2009


ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

စိုက်ဆင်းလေပြင်းသတင်း မမှန်ဟု မိုးဇလက ငြင်း။ အဝေးပြေးကားလုပ်ငန်းများ ကျောင်းပိတ်ချိန်ကို မျှော်။ လူငယ်တွေ စိတ်ဝင်စားတဲ့ အင်တာနက်ပေါ်က ဓာတ်ပုံဝက်ဆိုက်။ ဖြူသီမွေးနေ့ သီတဂူဆရာတော် တက်ရောက်ချီးမြှင့်။

သီတဂူဆရာတော် ၇၂ နှစ်ပြည့်မွေးနေ့ စစ်ကိုင်းတောင် သီတဂူတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ဖွင့်ပွဲနှင့် အခြားအခမ်းအနားများ စည်ကားစွာဖြင့် လာမည့် မတ် ၅ တွင် ကျင်းပမည်။

ပီအေစီစင်တာများ မြန်မာပြည်တွင် ၄၀၉ ခု ဖွင့်လှစ်ခဲ့ပြီး ဖြစ်။ ငွေ ၂ သိန်းနဲ့ ဆော်ဒီသွားနိုင်ပြီ။ ဒီနေရာမှာ ဖတ်ပါ့။

Biography Books

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၅)

နိုင်ငံရေး နှင့် အတ္ထုပ္ပတ္တိစာပေ
ထိန်လင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉
ခေတ်တစ်ခုရဲ့ ကောင်းခြင်းဆိုးခြင်းဟာ အဲဒီခေတ်မှာ ရှင်သန်နေသူတွေအပေါ် မူတည်သလို ဖြစ်ပေါ်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုလည်း အဲဒီခေတ်အခါမှာ ရှင်သန်နေသူတွေပဲ အနီးဆုံး ခံစားကြရပါတယ်။ အတိတ်ခေတ်တွေရဲ့ ကောင်းမွေဆိုးမွေတွေကို နောက်ပိုင်းခေတ်တွေမှာ ခံစားရတာဖြစ်ပေမယ့် လတ်တလော ခံစားရတာကတော့ သက်ဆိုင်ရာအချိန်ကာလမှာ ရှင်သန်နေကြသူတွေဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုမှာ နိုင်ငံရေးစနစ်၊ နိုင်ငံရေးအခြေအနေ ကောင်းရင်ကောင်းသလို လူထုရဲ့ ရပိုင်ခွင့်၊ အခြေခံအခွင့်အရေး စတဲ့ အရာတွေ ပြည့်စုံနိုင်မှာဖြစ်သလို နိုင်ငံရေးအခြေအနေ ဆိုးပြီ၊ စနစ်ဆိုးပြီဆိုရင်တော့ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သမျှအားလုံး ဆိုးဝါးတဲ့အခြေအနေတွေအောက်မှာပဲ ရုန်းကန်ရှင်သန်ရတာဖြစ်ပါတယ်။ ဒီလိုရှင်သန်ရတဲ့အခါ လွတ်လပ်ခွင့်ဆိုတာတွေ ဆုံးရှုံးရမှာဖြစ်ပြီး အဲဒီထဲမှာ စာပေလွတ်လပ်ခွင့်ဆိုတာလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိခေတ်ကာလမှာ စာပေလွတ်လပ်ခွင့် မရှိဘူးဆိုတာကတော့ အများပြည်သူ သိပြီးသားကိစ္စဖြစ်ပါတယ်။

စာပေလွတ်လပ်ခွင့်မရှိတဲ့အခါ ခေတ်ကို ထင်ဟပ်စေမယ့် အရေးအသားတွေ၊ ပွင့်လင်းတဲ့ သဘောထား အမြင်တွေကို စာရေးသူတွေက ဖော်ထုတ်ခွင့်မရသလို၊ ပိတ်ဆို့ထားတဲ့ ခေတ်ဆိုတော့ တချို့အခြေအနေမှန်တွေ၊ ဖြစ်ရပ်မှန်တွေကို စာဖတ်သူ သို့မဟုတ် ပြည်သူလူထုက သိခွင့်မရနိုင်တော့ပါဘူး။ ဒီလိုအခြေအနေကြီးမှာ နှမြောစရာ အဖြစ်ဆုံးကိစ္စကတော့ အတ္ထုပ္ပတ္တိစာပေ လွတ်လပ်ခွင့် မရှိခြင်းပဲဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း သက်ဆိုင်ရာ အုပ်စိုးသူတွေရဲ့ အာဃာတတွေ အမုန်းတွေ အငြိုးအတေးတွေကြောင့် မြန်မာပြည်က ဂုဏ်ပြုထိုက်သူတွေ၊ လေးစားထိုက်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေ ပြည့်ပြည့်စုံစုံ မရှိပါဘူး။ စာပေနယ်ကပဲ ဖြစ်ဖြစ်၊ တခြားသော အနုပညာရှင်တွေပဲဖြစ်ဖြစ် ဘယ်လိုထင်ရှားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ဆက်စပ်ပတ်သက်ပြီ၊ အာဏာပိုင်တွေ မကြိုက်တဲ့ဘက်မှာ ရပ်တည်တဲ့သူ ဖြစ်ပြီဆိုတာနဲ့ သူ့အကြောင်း ဖော်ပြခွင့်တွေ ပိတ်ပင်ခံရမှာ အသေအချာပါပဲ။ အကယ်၍များ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီဆိုရင်တော့ ပြောစရာ မရှိတော့ပါဘူး။

စာအုပ်အထူကြီးတွေ အတွဲလိုက် ထုတ်ဝေထားတဲ့ အာရှတိုက်က တချို့သော နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ တွေ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့တိုင်းပြည်က ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်များရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကတော့ ခုထက်ထိ ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာခြင်းမရှိပါဘူး။ အထူးသဖြင့် သခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်း စတဲ့သူတွေရဲ့ အတ္ထုပ္ပတ္တိ ပြည့်ပြည့်စုံစုံ မထွက်ပေါ်နိုင်ခြင်းဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ စာပေလွတ်လပ်ခွင့်ရှိတဲ့ကာလက တိုတောင်းပြီး ကိုလိုနီခေတ်ထက် ပိုပြီး ပိတ်ပင်တားဆီးခံရတဲ့အချိန်က ရှည်လျားလှပါတယ်။ သက်ဆိုင်ရာ အုပ်စိုးသူတွေနဲ့ သူတို့ရဲ့ အလိုတော်ရိတွေကလည်း မထင်ရင်မထင်သလို ကန့်သတ်မှုတွေက လုပ်လေတော့ ဘာမှ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ပါဘူး။

တကယ်တော့ ဒီလို ချုပ်ချယ်မှုတွေက သမိုင်းဖျောက်ဖျက်ချင်တဲ့ အာဏာပိုင်တွေအတွက် အောင်မြင်တယ်လို့ ယူဆနိုင်ပေမယ့် တိုင်းပြည်အတွက် နစ်နာသလို နောက်မျိုးဆက်တွေအတွက် ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အချိန်ကာလ ကြာမြင့်မှု၊ အဖြစ်အပျက်တွေမှာ ပါဝင်ခဲ့သူတွေ ပျောက်ပျက်ကုန်မှုတွေကြောင့် သမိုင်းအချက်အလက်တွေ ဆုံးရှုံးနိုင်တဲ့အဖြစ်တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ အတွေးအမြင်စာစောင်မှာ သံအမတ်ကြီးဟောင်း ဦးသက်ထွန်းရဲ့ ဦးသန့်နဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အဲဒီထဲမှာ ဦးသန့်အပေါ် ဦးနေဝင်းက အထင်လွဲမှားပြီး ဘာကြောင့် စိတ်ကွက်သွားတယ်ဆိုတဲ့အချက်ကို ရေးသားထားပါတယ်။ ဖြစ်ရပ်မှာ အဓိကပတ်သက်ခဲ့သူများဖြစ်တဲ့ ဦးသန့်၊ ဦးနု နဲ့ ဦးနေဝင်းတို့အကြောင်း ထည့်သွင်းရေးသားထားတဲ့အတွက် အရင်က မသိထားသူတွေအဖို့ အင်မတန်တန်ဖိုးရှိတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအချက်အလက်တွေက ဦးသန့် ကွယ်လွန်ပြီး ၃၅ နှစ်၊ ဦးနု ကွယ်လွန်ပြီး ၁၄ နှစ်၊ ဦးနေဝင်း ကွယ်လွန်ပြီး ၇ နှစ် ကြာမြင့်မှ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အကယ်၍သာ ဒီလိုအချိန်မျိုးအထိ ထုတ်ဖော်ခွင့် မရနိုင်ဘူးဆိုရင်၊ ထုတ်ဖော်နိုင်သူလည်း မရှိတော့ဘူးဆိုရင် နောက်လူတွေ သိနိုင်တော့မှာ မဟုတ်ပါဘူး။ တကယ်တော့ သမိုင်းအလှည့်အပြောင်း ဖြစ်ရပ်တွေက ဒီလို ဖော်ထုတ်နိုင်ခြင်းမရှိရင် ပျောက်ပျက်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၁၈ နှစ်လောက်က အာဇာနည်ခေါင်းဆောင် သခင်မြရဲ့ သားမက်တော်သူ သခင်ခင်အောင်ဆီ လူငယ်တွေ သွားရောက်ပြီး လွတ်လပ်ရေးတိုက်ပွဲအတွင်း အတွေ့အကြုံတွေကို မေးမြန်းခဲ့ကြပါတယ်။ သခင်ခင်အောင်ရဲ့ ပြောစကားတွေကို ကက်ဆက်နဲ့ အသံဖမ်းယူခဲ့သလို၊ ဓာတ်ပုံတွေလည်း ရိုက်ယူခဲ့ကြပါတယ်။ ရက်အနည်းငယ်ကြာတဲ့အထိ အခေါက်ခေါက် သွားရောက်ပြီး မေးမြန်းကြတဲ့အခါ တချို့သော သမိုင်းတွင်မယ့် မထင်မရှား အဖြစ်အပျက်တွေကို ကြားခဲ့ရပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်ကို တိုက်ထုတ်ဖို့ လျှို့ဝှက်ပြည်ပခရီးက ပြန်ရောက်လာတဲ့ သခင်အောင်ဆန်းက ရန်ကုန်ပြန်ရောက်ရောက်ချင်း တို့ဗမာအစည်းအရုံး ဌာနချုပ်ကို ဘတ်စ်ကားနဲ့ သွားတဲ့အခါ ကားပေါ်မှာ သခင်ခင်အောင်နဲ့ ဆုံခဲ့တဲ့အကြောင်း၊ အဲဒီအချိန်မှာ အင်္ဂလိပ်က တို့ဗမာအစည်းအရုံးကို စောင့်ကြည့်နေပြီး သခင်ခေါင်းဆောင်တွေကို လိုက်ဖမ်းနေတဲ့အတွက် ဌာနချုပ်ကို မသွားဖို့ ပြောပြီး သခင်မြတို့ဆီ ခေါ်သွားတဲ့အကြောင်းမျိုးဖြစ်ပါတယ်။

အဲဒီအချိန် သခင်အောင်ဆန်းရဲ့ ရည်ရွယ်ချက်က ရဲဘော်သုံးကျိပ် စုစည်းပြီး ဂျပန်အကူအညီနဲ့ စစ်ပညာသင်ဖို့ ဖြစ်ပါတယ်။ သဘောကတော့ အကယ်၍ ကားပေါ်မှာ သခင်ခင်အောင်နဲ့ မဆုံဖြစ်ခဲ့ဘဲ အင်္ဂလိပ်က သခင်အောင်ဆန်းကို ဖမ်းမိသွားခဲ့မယ်ဆိုရင် ရဲဘော်သုံးကျိပ် အစီအစဉ်လည်း တမျိုးတဖုံ ပြောင်းသွားနိုင်ပါတယ်။ ဒါတွေက သမိုင်းဖြစ်ရပ်တွေထဲက အလှည့်အပြောင်းတွေ ဖြစ်တဲ့အတွက် တန်ဖိုးရှိလှပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာပိုင်တွေက စောင့်ကြည့်ပြီး ဒီလူငယ်တွေကို အန္တရာယ်ပြုမယ့်အရိပ်အယောင် ရှိလာတဲ့အတွက် ဆက်ပြီးမလုပ်နိုင်တဲ့အပြင် ရထားတဲ့ မှတ်တမ်းမှတ်ရာတွေတောင် ကောင်းကောင်းမွန်မွန် မသိမ်းထားနိုင်ဘဲ တကွဲတပြား ဖြစ်ကုန်ပါတယ်။ အခုတော့ ကာယကံရှင် သခင်ခင်အောင် ကွယ်လွန်ခဲ့ပြီးဖြစ်သလို အကျပ်အတည်းအောက်မှာ သိမ်းထားတဲ့ မှတ်တမ်းတွေလည်း ဘယ်လောက် ရှိနိုင်ဦးမလဲ မသိနိုင်ပါဘူး။ ဒါတွေဟာ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ ပျက်စီးဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေပါ။

တကယ်တော့ အတ္ထုပ္ပတ္တိစာပေ ထွန်းကားမှ၊ လွတ်လွတ်လပ်လပ် ရေးခွင့်ရှိမှ အတိတ်က လူတွေအကြောင်း သိနိုင်သလို၊ ခေတ်စနစ်တွေအပေါ် ခြေခြေမြစ်မြစ် လေ့လာသုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာက သမာသမတ်ရှိတဲ့ အတ္ထုပ္ပတ္တိရေးသားနိုင်သူတွေ ပေါ်ပေါက်ဖို့လိုအပ်တာ မှန်ပေမယ့် စာပေလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့က ပိုပြီးလိုအပ်ပါတယ်။ ဒီအခြေအနေတွေ မပြည့်စုံနိုင်သေးတဲ့ အချိန်ကာလမှာတော့ ကာယကံရှင်တွေက ကိုယ့်ရဲ့မှတ်တမ်းမှတ်ရာတွေကို တတ်နိုင်သမျှ ကျန်ရစ်အောင် ကြိုးပမ်းသင့်သလို စာပေပညာရှင်များကလည်း ရနိုင်သလောက် စုဆောင်းဖော်ထုတ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ မျက်မှောက်ခေတ်သမိုင်းကို နှောင်းလူတွေ ပြောဆိုကြတဲ့အခါ ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ်ဆိုတဲ့ အဖြစ်မျိုးတွေက ကင်းဝေးမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့်ရရှိပါစေ။

ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၂၄၊ ၁၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Students Movement in Burma (07)

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၇)
‘ကျောင်းသား သမဂ္ဂနှင့် လွတ်လပ်ရေး’
အောင်ဝေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ကျောင်းသား သမဂ္ဂကို အခုလို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ကြတယ်။

(၁)လူမှုဆက်ဆံရေးနယ်ပယ်၌ ကောင်းစွာ ဆောင်ရွက်နိုင်သော ဘဝကို ဖြစ်ထွန်းလာစေရန်
(၂)မိမိကိုယ် မိမိအားကိုး၍ လွတ်လပ်စွာဆောင်ရွက်နိုင်သော ဘဝကိုဖြစ်ထွန်းလာစေရန်နှင့်
(၃)တာဝန်ဝတ္တရားများကို သိတတ်သော စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်။

ဒီလိုရည်ရွယ်ချက်တွေနဲ့ နယ်ချဲ့လက်အောက် ၁၉၃၁ ခုနှစ်၊ ဇန်နဝါလ (၃၁)ရက်နေ့မှာ ရန်ကုန် သက္ကသိုလ် ကျောင်းသား သမဂ္ဂ (တကသ) ပေါ်ပေါက်လာတယ်။ ၁၉၃၆ မေလ (၈)ရက် ဒုတိယ တက္ကသိုလ် သပိတ်ကြီးမှာ ကနဦး ဗကသ လို့ ခေါ်တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ABSU) ပေါ်ထွက်လာခဲ့တယ်။

ဒီ တကသ၊ ဗကသ ကျောင်းသား သမဂ္ဂများဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာ တပ်ဦးကနေ ပါဝင်ခဲ့တယ်။

၁၃ဝဝပြည့် အရေးတော်ပုံကြီးမှာ ကျောင်းသားတွေဟာ အလုပ်သမား၊ လယ်သမား၊ ပြည်သူတွေနဲ့ ပေါင်းစည်းမိသွားကြပြီ။

ရဲဘော်သုံးကျိပ် ဆိုတာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ UNION ထဲကနေ သန္ဓေတည် မွေးဖွားခဲ့တာ ဖြစ်တယ်။

၁၉၄၁ နောက်ပိုင်း ဂျပန်ခေတ်အတွင်းမှာ ကျောင်းသားသမဂ္ဂများ ယာယီ ရပ်ဆိုင်းနေခဲ့ရပေမဲ့ တကသ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေဟာ ဖက်ဆစ် တော်လှန်ရေး ကာလ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး နယ်ပယ် အသီးသီးမှာ အဓိက အခန်းက တာဝန်ယူခဲ့ကြတယ်။

ဖက်ဆစ် တော်လှန်ရေးကြီး အပြီး၊ ၁၉၄၆ ခုနှစ် ထဲမှာ ကျောင်းသား သမဂ္ဂ အတွက် သာမက၊ တမျိုးသားလုံးအတွက် အကြီးမားဆုံး ဆုံးရှုံးမှုကတော့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း ကွယ်လွန်သွားခြင်းပါပဲ။

ဖက်ဆစ်ဂျပန်တွေ မြန်မာ့မြေပေါ်က ဆုတ်ခွာသွားတဲ့အခါ၊ အင်္ဂလိပ်နယ်ချဲ့တွေ မြန်မာနိုင်ငံ ပြန်ဝင်လာကြပါတယ်။ ကက်စ်ဘီ လို့ခေါ်တဲ့ စက္ကူဖြူ အုပ်ချုပ်ရေးကို သွတ်သွင်းလာခဲ့တယ်။ ဘုရင်ခံအဖြစ် ရောက်လာသူကတော့ ဆာဟူးဘတ်ရန့် ဖြစ်တယ်။

ဒီနောက်ခံမှာပဲ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ပြန်လည် မြင်တွေ့လာရပါပြီ။ ၄၆ ခုနှစ် အတွင်းမှာပဲ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ရွှေတိဂုံ ကုန်းတော်ပေါ်က ဒိုက်ဦးဇရပ်မှာ ကွန်ဂရက် ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဗကသ က စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲနဲ့ ပတ်သက်တဲ့ ကျောင်းသားတွေရဲ့ သဘောထားကို ထုတ်ပြန် ကြေညာလိုက်တယ်။

၁၉၄၆ စက်တင်ဘာမှ ပေါ်ပေါက်လာတဲ့ တနိုင်ငံလုံး အထွေထွေ သပိတ်ကြီးမှာ ကျောင်းသား သမဂ္ဂဟာ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း၊ ပြည်သူများနဲ့ အတူ ပါဝင် တိုက်ပွဲဆင်ခဲ့ပြန်ပါတယ်။

နယ်ချဲ့အစိုးရရဲ့ စက္ကူဖြူ အုပ်ချုပ်ရေးကို မြန်မာ ပြည်သူ လူထုက မနှစ်သက်ကြပါဘူး။ မကျေနပ်ကြပါဘူး။ ဒါကြောင့် ၁၉၄၆ စက်တင်ဘာ (၅) ရက်နေ့ကစပြီး အစိုးရအမှုထမ်းပေါင်းစုံရဲ့ အထွေထွေ သပိတ်ကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဒီတိုက်ပွဲစဉ်ထဲမှာ ဦးဝမ်းမောင် ခေါင်းဆောင်တဲ့ ပုလိပ်သပိတ်ကြီးလည်း အပါအဝင်ပေါ့။

ဖက်ဆစ်တော်လှန်ရေးအပြီးမှာ အခိုင်အမာ ဖွဲ့တည်လာတဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးကလည်း ပြည်သူတွေရဲ့ရှေ့မှာ သံမဏိတပ်ဦးကြီးအဖြစ် မားမားမတ်မတ် ရပ်တည်ခဲ့တယ်။

ဒီ ၄၆ အထွေထွေ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရား ရပ်စဲသွားတော့မတတ် ဖြစ်နေပါပြီ။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်လည်း တင်းမခံနိုင်တော့ပါဘူး။

အထွေထွေ သပိတ်ကြီးကြောင့် ဘုရင်ခံဟာ ပန်းဖျားဖျားပြီး အိပ်ရာထဲ လဲနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝါလိန်း အိမ်ကို ဘုရင်ခံဟာ လူမမာမေးဟန်ဆောင် လျှို့ဝှက်သွားလို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့ဖို့ ကိစ္စ တိတ်တဆိတ် ညှိနှိုင်း သဘောတူခဲ့ရပါတယ်။ ဒီသတင်းဟာ ၂၆ ရက် ၉ လ ၁၉၄၆ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးမှာ စာလုံးမည်းကြီးနဲ့ ပါလာပါတော့တယ်။

မြန်မာ့လွတ်လပ်ရေး အလင်းရောင်မုခ်ဦးကို မြင်စပြုနေပါပြီး။ အမျိုးသား လွတ်မြောက်ရေး ရောင်နီဟာ မြန်မာ့မြေပေါ်မှာ သန်းစပြုလာပါပြီ။

ဒီအချိန်မှာပဲ လွတ်လပ်ရေး ပန်းတိုင် ရောက်ခါနီးမှာ မြန်မာတမျိုးသားလုံး အတွက် အားကိုးအားထားရာ ရွှေတောင်ကြီး ပြိုလဲသွားရပါတော့တယ်။

အဲဒါကတော့ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရတဲ့ အဖြစ်ပါပဲ။

အဲဒီနောက် ပြည်သူ့အင်အား၊ ပြည်သူ့ညီညွတ်မှုတွေနဲ့ အောင်ဆန်း - အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ နု-အက်တလီ စာချုပ်တွေကို ဖြတ်သန်းပြီး ဗြိသျှအစိုးရက မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးလိုက်ရပါတော့တယ်။

‘အောင်စေသတည်း။ မြန်မာသက္က္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉)ရက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက် တနင်္ဂနွေနေ့၊ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤ ငါတို့မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်သတည်း။

-ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ အားလွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

-ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုံ့လ ဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသား ညီညွတ်ရေးကို ကျောက်စိုင် ကျောက်ခဲ ကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

-ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု၊ ငါတို့အား မတရားပြုခြင်းကိုလည်း မခံ အသက်နှင့်လဲ၍ ကာကွယ်မည်’ စသည်ဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထိုးထားတဲ့ သစ္စာအဓိဋ္ဌာန် (၉) ချက်ကို ကျနော် ပြန်အမှတ်ရ လာမိပါတော့တယ်။

ကိုဗဟိန်း၊ ကိုအောင်ဆန်း၊ ကိုနု စတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တကသ၊ ဗကသ စတဲ့ ကျောင်းသား သမဂ္ဂတွေရဲ့ လွတ်လပ်ရေးကျေးဇူး၊ တနည်း အိုးဝေကျေးဇူးကို ကျနော်တို့ ဂုဏ်ယူ အောက်မေ့ ဦးထိပ်ပန်ဆင်ကြပါစို့လား။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ၊ မြန်မာပိုင်း ]

Quotes for Feb 2009

ဖေဖော်ဝါရီ စာကိုး၊ စကားကိုး
ဖေဖော်ဝါရီ ၂၇၊ ၂ဝဝ၉

"အလုပ်ဖြုတ်ခံရတဲ့ အထဲမှာ ဒါရိုက်တာကစလို့ အဆင့်ပေါင်းစုံသော ဝန်ထမ်းတွေ ပါပါတယ်။ လေယာဉ်လက်မှတ်ကလွဲလို့ သူတို့မှာ ဘာအကျိုးခံစားမှုမှ မရှိပါဘူး။ ရင်နာစရာပါ။ - - မြန်မာ ဝန်ထမ်းတွေကို မြန်မာပြည်ကို ပြန်လွှတ်မယ်ဆိုရင် လေယာဉ်လက်မှတ် ဈေးနူန်းတွေက အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ၂ဆကျော်ကျော်လောက် ပိုများလို့ပါ။ - - - ဒါ့ကြောင့် အတ္တလန်တစ် ဟိုတယ်က ဖြုတ်ပစ်ခဲ့တဲ့အထဲမှာ မြန်မာဝန်ထမ်း တစ်ယောက်စ နှစ်ယောက်စပဲ ပါပါတယ်။ မြန်မာပြည်ရဲ့ ဆင်းရဲလွန်းလှတဲ့ ပို့ဆောင် ဆက်သွယ်ရေးစနစ်ကို ဒီအချိန်မှာ ကျေးဇူးတင်သင့်ပါတယ်"
နှင်းနဲ့မာယာ၊ ဘလော်ဂါ
mysterysnow.blogspot.com ဖေဖော်ဝါရီ ၁

"နေမထွက်ခင်ကတည်းက တမျှော်မျှော် စောင့်နေရသော်လည်း နေမြင့်သည့်တိုင် ပေါ်မလာတတ်။ လူတွေလည်း လမ်းဘေးတွင် မိုးတိုးမတ်တပ်, ယပ်တခပ်ခပ်, ချွေတလုံးလုံးနှင့် နေပူထဲ စောင့်ကြရသည်။ မရပ်နိုင်လျှင်လည်း ကိုယ့်ဖိနပ်ကို ဖင်ခု၍ ထိုင်ရသည်။ - - - အချို့နှစ်များဆိုလျှင် အလံတော်က အမိုးဖွင့် ကားပေါ်တွင် ခပ်သွက်သွက်လေးပါ သွားသည်။ တိုင်းရင်းသားဝတ်စုံ ကိုယ်စီဝတ်ထားသော အလံကိုင်အဖွဲ့က ခပ်နှေးနှေး ပြေး၍ သယ်လာဆောင်လာသော နှစ်များဆိုလျှင်တော့ တော်ပါသေးသည်။ “မလိုက်မနေရ” ဆိုတာကြီးကြောင့်လားမသိ။ ကျွန်တော်ငယ်ငယ်က ဤသို့ အလံတော်ကြိုရခြင်းကို မကြိုက်ခဲ့, မပျော်ခဲ့။ အာဇာနည်ခေါင်းဆောင်များ, တိုင်းရင်းသားခေါင်းဆောင်များ အသက်ချွေးသွေးရင်း၍ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ဒီလောက်လေးမှ အပင်ပန်းခံ ဂုဏ်မပြုနိုင်ဘူးလားဟု အပြစ်တင်လျှင်လည်း ခံရုံသာရှိပါသည်။ ငယ်စဉ်ကလေးဘ၀က အမြင်ကို ပွင့်ပွင့်လင်းလင်း ပြန်ပြောခြင်းသာ ဖြစ်သည်"
သီတာဧရာ၊ ဘလော်ဂါ
sonata-cantata.blogspot.com/ ဖေဖော်ဝါရီ ၁၁

"နိုင်ငံတစ်နိုင်ငံရဲ့ ကိစ္စအတော်များများဟာ..သက်ဆိုင်ရာအုပ်ချုပ်သူအစိုးရတွေ ရဲ့ တာဝန်ဖြစ်တဲ့ အကြောင်း ..ယေဘုယျ အားဖြင့် ကျမ လက်ခံပါတယ်..။ ဒါပေမဲ့ တပြိုင်နက်ထဲမှာပဲ..နိုင်ငံသား တစ်ဦးစီမှာ လဲ..ကိုယ်စီ တာဝန် ရှိပါတယ်"
မမသီရိ၊ ဘလော်ဂါ
http://mamathiri.blogspot.com/ ဖေဖော်ဝါရီ ၂၀

“ညီမတို့က ဝန်ထမ်းဆိုတော့ စိစစ်ရေးအပိုင်းတွေ လုပ်ရတော့ မီဒီယာအပိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိသွားတာပေါ့နော်။ မီဒီယာဆိုတာ ဘယ်လိုလဲ၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ဘယ်လိုလုပ်နေသလဲ ဆိုတဲ့ ပညာရပ်တွေ ရပါတယ်။
စာပေစိစစ်ရေး ဆိုလည်း စာပေလောကသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက် လေးရပ် နဲ့ လုပ်နေတာ ဆိုတော့ ဒီသင်တန်းတွေ (၁/၂ဝဝ၉ စာနယ်ဇင်းပညာသင်တန်းတွေ) ဖွင့်လှစ်လိုက်လို့ ပိုပြီးတော့ တိုးတက်လာတယ်။ ညီမတို့လည်း ဗဟုသုတ အများကြီး ရပါတယ်”
ယုယုနွယ်၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန
ပေါ်ပြူလာဂျာနယ်၊ ဖေဖော်ဝါရီ ၁၇

“လေးဖြူ၏ သီချင်းများကို စွဲလမ်းရာမှာ လေးဖြူ၏ ဆိုပေါက်အပြင် စကားလုံးများ၏ အင်အားကလည်း အဓိက ပါဝင်နေသည်။ သူ့သီချင်းတွေက ခံစားမှုထဲမှာ နစ်မျောမနေ။ ခံစားမှုထဲက ထိုးဖောက် ပေါက်ကွဲနေ၏”
မောင်ကိုကို(အမရပူရ)၊ စာရေးဆရာ
၇ ရက်သတင်းဂျာနယ်၊ ဖေဖော်ဝါရီ ၁၂

“အိမ်ထောင်သည်တွေက မိမိ လှပဖို့ကို သေချာ ဂရုစိုက်ပြီး ပြင်ဆင်လာကြတယ်။ အရင်ကထက်ကို ပြင်လာတာ။ အရင်ကတော့ ကလေးတယောက် မွေးပြီးရင် ပစ်စလက်ခတ် နေကြတာ များတယ်။ အခုကျတော့ မျက်နှာ အရေးအကြောင်း မဖြစ်အောင် ပြင်ကြတယ်။ ဆံပင်တွေ ပြင်တယ်။ အဆီချတယ်။ မျက်နှာ၊ ဆံပင် ပေါင်းတင်တယ်၊ လက်သည်းခြေသည်းလည်း ပြင်ကြတယ်။ အိမ်ထောင်သည်တွေ အလှပြင်ဆိုင်ကို လာရင် ကျပ် သောင်းဂဏန်းကနေ ကျပ်သိန်းချီအထိ ငွေသုံးပြီး အလှအပ ထိန်းကြတယ်”
ဒေါ်သန်းသန်းအေး၊ ဝါဝါသန်းအလှပြင်ဆိုင်
မော်ဒန်သတင်းဂျာနယ်၊ ဖေဖော်ဝါရီ ၂ဝ

“မင်းသမီး ဇာတ်ဆောင်ဆု မဟုတ်ရင်တောင် ဇာတ်ပို့ဆု တစ်ခုခုရရင် တော်သေးတာပေါ့။ အခုတော့ မင်းသမီးဆု လုံးဝ မပါဘူး ဆိုတော့ ရင်ထဲမှာ ဟာတာတာကြီးနဲ့ ဘယ်လိုကြီးမှန်းကို မသိဘူး။ ကိုယ့်ဇာတ်ကားလည်း မပါပါဘူး။ ဒါပေမဲ့ သူများတွေ ရရင်လည်း ပျော်တာပေါ့။ ဘယ်မင်းသမီး ရရပါ။ တစ်ဦးဦးကို ရစေချင်တယ်။ စင်ပေါ်မှာ မင်းသမီး မပါတော့ တစ်မျိုးကြီး ခံစားရတယ်။ ပန်းဖြူ အကယ်ဒမီပွဲကို တက်ခဲ့တာ (၁ဝ)ကြိမ်မက ရှိနေပြီ။ ဒီလို မင်းသမီး ဆုမရာက ပထမဆုံးအကြိမ် ကြုံတွေ့ရတာပါပဲ”
ပန်းဖြူ၊ သရုပ်ဆောင်
ရန်ကုန်တိုင်းမ်ဂျာနယ်၊ ဖေဖော်ဝါရီ ၁၉

အချစ်ဆိုတာ မတွေ့ချင်သေးတဲ့ လူတစ်ယောက်က အိမ်ထောင်ဘက်ကို မစဉ်းစားသေးဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဘက်က လက်ခံချင်လာပြီ စဉ်းစားချင်လာပြီ ဖြစ်တော့မှပဲ စဉ်းစားပြီး Planချပြီး ရွေးချယ်မှာပါ”
သင်ဇာဝင့်ကျော်၊ မော်ဒယ်ဂဲလ်၊ သရုပ်ဆောင်
၂၄ နာရီ ၇ ရက် သတင်းဂျာနယ်၊ ဖေဖော်ဝါရီ ၂၂

"ထောင်က ၁၅ နှစ်ပေါ့နော်။ ဒါပေမယ့် ရှေ့နေတွေ ဝင်ခွင့်မပေးတဲ့ အတွက် စိတ်မကောင်းဘူး။ အခု လောလောဆယ် ကျန်းမာရေးတော့ ကောင်းနေပါတယ်။ ဒေါက်တာတင်မင်းထွဋ်နဲ့ အတူတူနေရပါတယ်။ သူ့အတွက်စိတ်မပူနဲ့တဲ့၊ ထောင်ပြောင်းမပြောင်းဆိုတာတော့ မသိသေးဘူး တဲ့။ သမီးတို့ဖေဖေ အခုလို ဖြစ်သွားတာ မိသားစုအတွက် ဆုံးရှုံးပေမယ့် အများအတွက် လုပ်တဲ့အတွက်ကြောင့် ဂုဏ်ယူစွာနဲ့ပဲ ဖြစ်လာတဲ့ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီးတော့ ဖြေရှင်းသွားမယ်လို့ပဲ ပြောချင်ပါတယ်"
မကြည်ကြည်ဦး၊ နိုင်ငံရေးအကျဉ်းသား ဦးညီပု၏သမီး
ဒီဗွီဘီသတင်းဌာန၊ ဖေဖော်ဝါရီ ၁၄

“ရိုဟင်ဂျာ ပြဿနာက ဒီ အရှေ့တောင်အာရှမှာ တော်တော် ပျံ့နှံ့နေပြီ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုပြောနေတာက ရိုဟင်ဂျာလူမျိုး၊ နောက် မျိုးနွယ်စုဆိုတာ မရှိဘူး။ ကျနော်တို့ကတော့ အဲဒီ မျိုးနွယ်စုက ပြဿနာက အဓိက မဟုတ်သလို ထင်ပါတယ်။ လူသား ပြဿနာပဲ။ လူ ဒီနိုင်ငံထဲမှာ ရှိနေတယ်၊ generation အဆက်ဆက်ဆိုရင် သူတို့ရဲ့ ခံစားခွင့်၊ ရပိုင်ခွင့်တွေက အဓိပ္ပာယ်တမျိုး ရှိရမယ်လေ။ လူမျိုး ဟုတ်တယ်၊ မဟုတ်တယ်ဆိုတဲ့ ပြဿနာက အဓိကမကျဘူးလို့ ကျနော်တို့ ထင်တယ်လေ။ အဲဒီတော့ လူ့အခွင့်အရေး ရှုထောင့်ကပဲ သူတို့ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူသားတယောက် ရသင့်တဲ့ အခွင့်အရေးကို တနည်းနည်းနဲ့ ပေးအပ်ဖို့တော့ လိုတာပေါ့”
ဦးဉာဏ်ဝင်း၊ နိုင်ငံရေးသမား
RFA အသံလွှင့်ဌာန၊ ဖေဖော်ဝါရီ ၉

Friday, February 27, 2009

university students attacked in Rgn

ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ
မိုးမခအထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

ထို့နောက် အခြားကျောင်းသားများ ဖြစ်သော ကိုပြည့်နိုင်ဖြိုး၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့လည်း ရိုက်နှက်ခံရသည်။

ကိုဝေဖြိုးကျော်က ထွက်ပြေးလွတ်မြောက်သွားပြီး စော်ဘွားကြီးကုန်း ပွဲရုံတန်း ရယကရုံးသို့ သွားရောက် တိုင်ကြားပြီး အကူအညီ တောင်းခဲ့သည်။ ရယက ရုံးရှိ ဆယ်အိမ်ခေါင်း ကိုနီတွတ်က ကိုဝေဖြိုးကျော်အား ၄ ချက်ခန့် ပါးရိုက်ပြီး “ဘာ ကျောင်းသားလဲ” ဟု အော်ဟစ်လိုက်သည်ဟု ဆိုသည်။ ရယက ရုံးတွင် ရောက်နေသော ရဲတပ်ဖွဲ့ဝင်တဦးက ကိုဝေဖြိုးကျော်ကို လက်ထိပ်ခတ်လိုက်ပြီး ထပ်မံရိုက်နှက်ကြသည်ဟု ဆိုသည်။

ကျောင်းသား ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့ကို အင်းစိန်မြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးထားသည်ဟု သိရသည်။

နည်းပြဆရာသည်လည်း ချွန်ထက်သည့် သတ္ထုချောင်းတခုဖြင့် ထိုးနှက်ခံရသည်ဟု ဆိုသည်။

၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်း၊ မော်ကွန်းထိန်း ဦးဘဖေတို့က ရိုက်နှက်ခံခဲ့ရသူများကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နောင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရန် အတင်းအကျပ် ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းသည်ဟု ဆိုသည်။

ရိုက်နှက်ခံရသူများကို ကြာသပတေးနေ့တွင်လည်း ထပ်မံ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။

ရိုက်နှက်မှု ကျူးလွန်သူများမှာ အရေးယူခံရခြင်းမရှိသေးကြောင်း သိရသည်။

ထိုဖြစ်ရပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားများအကြားတွင် မကြေနပ်မှုများ ဖြစ်ပွားနေသည်။ ကျောင်းသားများအား ကာကွယ်ပေးခြင်းမရှိသော ကျောင်းအာဏာပိုင်များကို ဒေါသထွက်နေကြသည်။

အဆိုပါအမှုကို အင်းစိန်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်။ အမှုလိုက် အရာရှိမှာ ဒုရဲအုပ် တင်ညွန့်ဖြစ်သည်။ သို့သော် ယမန်နေ့က စုံစမ်းသိရှိရသည်မှာ အမှုကို ပိတ်သိမ်းလိုက်ပြီဟု ဆိုသည်။

၁၉၈၈ ခုနှစ် အုံကြွမှု အစောပိုင်းကာလ ကျောင်းသား ကိုဖုန်းမော် သေဆုံးမှုနောက်ဆက်တွဲ ကျောင်းသားဆန္ဒပြမှုကဲ့သို့သော လှုပ်ရှားမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အမှုပိတ်ခြင်း၊ သတင်းပိတ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

Aung Chaint & Thit Kaung Eain - Poem for Khin Khin Pyo

ခင်ခင်ပျိုရေ သို့ ကဗျာများ

အောင်ချိမ့် နဲ့ သစ်ကောင်းအိမ်

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

အောင်ချိမ့်

တရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ

ငါ စောင့်ခဲ့တယ်။

မီးလျှံလို

ကြိုးတန်းမှာ လိမ်ညှစ်လှန်းထားတဲ့ အ၀တ်လို

ပျောက်ဆုံးသော အရာ

ငါ စောင့်ခဲ့တယ်။

ခင်ခင်ပျို ရေ

ငါ စောင့်ခဲ့တယ်။

ကိုယ်က ပြောစရာရှိပြီး

သူက ပြောစရာ မရှိတော့သော ယတိပြတ်မှုကို

ငါ ချိန်းဆိုခဲ့ပါတယ်။

ငါ စောင့်ခဲ့တယ်။

(အောင်ချိမ့်၊ ပိတော်ပွင့်သစ်၊ ဇန်န၀ါရီ ၂၀၀၉)

ခင်ခင်ပျိုရေ … ညနေခင်းဆို လေတွေပြို

သစ်ကောင်းအိမ်

တောမီးလောင်နေချိန်မှာ

တောကြောင်တွေ လမ်းသလားနေတာ

ဆန်းသလား မေပျိုရယ်

ဗိုလ်အောင်ကျော်လမ်း

ဆဲဗင်းန် လက်ဘက်ရည်ဆိုင်မှာ

ငူငူ ငိုင်ငိုင်နဲ့

ကိုအောင်ချိမ့်တယောက်တော့

ခင်ခင်ပျိုကို စောင့်နေရှာသတဲ့

၃၃ လမ်းရေ

၃၃ ဘ၀ မက ငါလွမ်းဆွတ်မိပါရဲ့

ခုချိန်ဆို

၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ

စာငှက်ကလေးတွေ

အိပ်တန်းတက်နေရှာရော့မယ်

ဒီမယ် ကိုလှသန်း

ငါတို့ အောင်မြင်မှုဟာ

ညနေခင်းအရက်ဝိုင်း

အဲဒီ အရက်ဝိုင်းမှာ

အရက်တပိုင်းတော့ လပ်ဟာနေမှာပဲ

အဲဒီ ခွက်ကို

ကျနော်သောက်မယ်။



(သစ်ကောင်းအိမ်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၀၉)

Power Outage in Rangoon at its worst while Naypyidaw with electricity 24 / 7

ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ

မိုးမခ အထောက်တော် (ရန်ကုန်)

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ယခုလအတွင်းမှ စတင်ပြီး ရန်ကုန်မြို့ အနှံ့တွင် မီးပြတ်တောက်မှုများ ဆိုးဝါးလာသည်ဟု မြို့ခံတို့က ပြောကြားသည်။ ယနေ့ညဥ့်နက်ပိုင်းမှ မီးလာသဖြင့် မိသားစုများက မီးဖိုချောင်ကိစ္စ၊ ရေချိုးခန်းကိစ္စများကို စောင့်ပြီး ဆောင်ရွက်ရကြောင်း၊ နေ့ခင်းနှင့် ညပိုင်းတွင်သုံးရန် ဘက္ထရီများ အားသွင်းရကြောင်း ၎င်းက ပြောကြားသည်။

“အခု တပတ်လုံးလုံး ဆင်ခြေဖုံးအရပ်တော်တော်များများမှာ နေ့ခင်းနဲ့ ညဦးပိုင်းမှာ မီးမလာဘူး။ အရင်က တရက်ပျက်၊ တရက်လာ၊ နောက်တော့ တပိုင်းစီ ပျက်၊ တပိုင်းစီလာ။ အခုတော့ တပတ်လုံးပျက်ပြီး မနက် ၁ နာရီကနေ ၃ နာရီလောက်ထိ လာတော့တယ်” ဟု မိုးမခ စာဖတ်သူတဦးက စာရေးပို့ထားသည်ကို တွေ့ရသည်။

စစ်အစိုးရ မြို့တော် နေပြည်တော်တွင် တပတ်၊ ၂၄ နာရီ မီးထိန်ထိန်သာအောင် လာကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်နေပြည်သူတို့မှာ မိမိရပ်ရွာကို စွန့်ပြီး နေပြည်တော်သို့ သွားရောက် ခိုလှုံရမည့် ပုံ ပေါက်နေကြောင်း၊ စစ်အစိုးရက ပြည်သူတို့ကို လျှပ်စစ်မီးဖြင့် ပြန်ပေးဆွဲထားသည့်ပုံ ဖြစ်နေကြောင်း အခြားစာဖတ်သူတဦး၏ ပေးစာက ဆိုထားသည်။

“မီးစက်တွေက လုပ်ငန်းရှင်တွေ အားလုံးမှာ ရှိတယ်။ မိသားစုတွေကလည်း မီးစက်တွေနဲ့ပဲ ရပ်တည်နေကြရတယ်။ ရပ်ကွက်တွေမှာ တချို့က မီးစက်တို့၊ အင်ဗာတာတို့၊ ဘက္ထရီတို့ ပြန်သွယ်တာ၊ ငှားစားတာ လုပ်ကြတယ်။” ဟု သူက ရေးသားထားသည်။

စီးပွားကျသည်ဆိုသည့် အမေရိကန်တွင် ဓာတ်ဆီဈေး ဒေါ်လာ ၂.၀၀ ၀န်းကျင်ကို လွယ်ကူ လွတ်လပ်စွာ ၀ယ်ယူနိုင်သည့်အချိန်တွင်၊ မြန်မာပြည် ဓာတ်ဆီဈေးမှာ အထူးဆိုင်များတွင် အက်ဖ်အီးစီ ဒေါ်လာ ၂.၉၀ ပေါက်သည်ဟု သိရသည်။

Child Aid Myanmar Foundation helped 500 Nargis Orphans

ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော်ကို ကူညီခဲ့

မိုးမခ အထောက်တော် ၀၀၂

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉

မေလ ၂ နှင့် ၃ ရက်၊ ၂၀၀၈ က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် မိဘ ၂ ပါး မဲ့ခဲ့ရသည့် ကလေးသူငယ်များကို စာရင်းပြုစုပြီး ကူညီထောက်ပံ့မှုပေးနေသော ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များဦးဆောင်သည့် ရန်ပုံငွေအဖွဲ့က ကလေး ဦးရေ ၅၆၀ ကို လစဉ်ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။


မန္တလေးမြို့ ဖောင်တောင်ဦး ဘုန်းတော်ကြီးကျောင်းတွင် ပြုစုစောင့်ရှောက်ထားသော နာဂစ်သင့် ခိုကိုးရာမဲ့ ကလေးသူငယ်များထဲမှ ၂ ဖက်မိဘမဲ့သူ ၂၀ ဦးရေ၎င်း၊ ဧရာဝတီတိုင်း နာဂစ်ဒေသက ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးသားချင်းမိသားစုများက စောင့်ရှောက်ထားသည့် ကလေးသူငယ်များကို၎င်း ဆရာတော်နှင့် ဒကာ၊ ဒကာမများက ယခင်လတွင်လည်း သွားရောက် လှူဒါန်းခဲ့ကြသည် ဟု သိရသည်။


ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများက ကလေးငယ်တဦးလျင် တလကို အမေရိကန် ဒေါ်လာ ၁၀ နှုန်းဖြင့် တနှစ်စာ ပညာရေး၊ လူမှုရေး ထောက်ပံ့မှုအဖြစ် လှူဒါန်းကြပြီး၊ ပြည်တွင်းရှိ စေတနာရှင်တို့က ထိုဒေသတို့သို့ သွားရောက် ပေးလှူစောင့်ရှောက်မှုများ ပြုလုပ်ကြကြောင်း၊ ယခုလာမည့် ၂၀၀၉ နှစ်အတွက်ကိုလည်း လက်ခံရရှိသည့် အင်အားအလျှောက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလှူရှင်များကိုလည်း အကြောင်းကြားမည် ဖြစ်ကြောင်း ကြားသိရသည်။


အလှူရှင်များထံသို့ ပေးပို့ရန် ပြင်ဆင်နေသည့် နာဂစ်သင့် မိဘမဲ့ကလေးသူငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့၏ လက်ဆောင်ပို့စကဒ်ငယ်ကို ဖော်ပြလိုက်ပါသည်။ http://childaidmyanmar.org


9th Annual Burmese Literary Talk (8th Nov 2008) - Daw Mar Mar Aye

9th Annual Burmese Literary Talk (8th Nov 2008)
Part 5
Daw Mar Mar Aye

Thursday, February 26, 2009

Biography of Mann Win Maung - 10

မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၁ဝ)
မှတ်စုမှတ်တမ်း
ဖေဖေါ်ဝါရီ ၂၇၊ ၂ဝဝ၉

ဆွဲတဲ့နေရာမှာလည်း တသမတ်တည်းမဟုတ် ဆွဲလိုက်၊ ရပ်လိုက် လုပ်တော့ ခံရတဲ့လူဟာ တအော်တည်းအော်နေရပြီး ညနေကြမှ အသံပျောက်သွားပါတယ်လို့ ထပ်မံ သိရှိရတယ်။ ရွာထဲရှိအိမ်တချို့မှာလည်း သေနတ်ဒဏ်ကြောင့် ပေါက်ပြဲနေတာ တွေ့ရသလို ရွာနည်းစပ်သစ်ပင် တွေမှာလည်း ကျိုးပဲ့နေတာ တွေ့ရပါတယ်။

ဟင်္သာရွာကို ပါပါတို့ရောက်တဲ့နေ့ဟာ ကချင်အမျိုးသား နဲ့ ချိန်းဆိုထားတဲ့နေ့ဖြစ်ပါတယ်။ ညမိုးချုပ်သော်လည်း ပေါ်လာသည်ကို မတွေ့ရပါ။ နောက်တနေ့ ထပ်မံ စောင့်ပါတယ်။ သို့သော် အရိပ်အရောင်မျှ မတွေ့။

နိုဝင်ဘာလ (၁ဝ) ရက်သို့မဟုတ် (၁၁) ရက်မှာ ဟင်္သာရွာသို့ သူအရောက်လာမယ့်အကြောင်း မြတောင် တောရမှာ ဦးစောအောင်ခင်လှ ရှေ့မှာ ပါပါကို သူ ပြောတယ်။ သူလာနိုင်အောင်လည်း သူ့ကို ရွှေဒဂါးတပြား ပေးထားတယ်။ ချိန်းဆိုထားတဲ့ ရက်ကုန်ဆုံးသွားသော်လည်း ပေါ်လာနိုးနဲ့ ပါပါတို့ နောက်ထပ်တရက် စောင့်ရန် ဆုံးဖြတ်တယ်။

ဟင်္သာရွာမှာ ကချင်အမျိုးသားကို စောင့်စောင့်မျှော်ရင်း ပါပါတို့နဲ့ ပါလာတဲ့ ပိုးဖျင် အဝါရောင်မြေပုံကို ထပ်မံလေ့လာကြတယ်။ တကောင်းမှာ ရှိစဉ် လေ့လာပြီးသား ဖြစ်တဲ့အတွက် ထပ်မံလေ့လာခြင်း ဖြစ်တယ်။ လမ်းပြ အဖြစ် ကချင်အမျိုးသား လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ပါပါတို့ ရွှေဂူဘက်သို့ ဦးတည်ပြီး သွားရန် ဆုံးဖြတ်ကြတယ်။ ၎င်းမှ တဆင့် မြစ်ကြီးနားကို သွားရန် ဖြစ်တယ်။ မသွားဘူး မလာဘူးတဲ့ နေရာဖြစ်သော်လည်း ပိုးဖျင်အဝါရောင်မြေပုံဟာ ပါပါတို့အတွက် လမ်းပြသဖွယ် ဖြစ်နေပါတယ်။

နောက်ထပ်တရက်ပိုစောင့်သော်လည်း၊ ကချင်အမျိုးသားဟာ ပေါ်မလာပါ။ (ပါပါ ဝန်ကြီးအဖြစ် ကချင်ပြည်နယ် ရောက်စဉ် ဟင်္သာမှာ ပါပါတို့နဲ့ ချိန်းဆိုထားတဲ့ ကချင်အမျိုးသားကို ပြန်လည် တွေ့ဆုံပါတယ်။ ပါပါသူ့ကို တွေ့တဲ့အချိန်မှာ သူ့ရဲ့အဖွဲ့မှာ အမှုထမ်း နေပါတယ်။ ဟင်္သာရွာသို့ သူမလာနိုင်တဲ့အကြောင်းက သူ့ဇနီးမျက်နှာ မြင်နေသောကြောင့် ဖြစ်တယ်လို့ သူပြောပြပါတယ်။

ပါပါတို့လည်း မူလ အစီအစဉ်အတိုင်း ဦးစံဒွန်းနှင့် ဒေါ်စကာ တို့ကို နှုတ်ဆက်ပြီး ဟင်္သာရွာမှ ထွက်ခွာသွားပါတယ်။ (ပါပါ ဝန်ကြီးအဖြစ် ကသာကို နယ်လှည့်ထွက်ရာ ဦးစံဒွန်းနှင့် ဒေါ်စကာတို့ အကြောင်းကို စုံစမ်းမေးမြန်းတယ်။ ဦးစံဒွန်းတော့ သေဆုံးသွားပြီး သိရှိရတယ်။ ဒေါ်စကာကို ရန်ကုန် အလည်လိုက်ဘို့ ပါပါ ခေါ်လာပါတယ်။ ပါပါ သမ္မတဖြစ်တော့လည်း ဒေါ်စကာကို အလည် ခေါ်ပါသေးတယ်) ဟင်္သာရွာမှ ပါပါတို့ လှေဘိုရွာကို သွားကြပါတယ်။ ၎င်းမှတဆင့် ရွှေလီမြစ်ကမ်းမှာ ရှိတဲ့ အင်းရွာသို့ ရောက်ရှိသွားပါတယ်။ အင်းရွာသူကြီးအိမ်မှာ တည်းခိုပါတယ်။

သူကြီးအိမ်ဟာ သစ်သားနှစ်ထပ် အိမ်ကြီးဖြစ်ပါတယ်။ အိမ်ကြီး ဖြစ်သော်လည်း စစ်ပြေးများ လာရောက်ခိုလှုံ နေပါသဖြင့် တအိမ်လုံး လူပြည့်နေပါတယ်။ ရောက်စမှာ သူကြီး အိမ်အလှူများ ရှိနေသလားလို့ ထင်ရပါတယ်။ လူပင်များသော်လည်း ပါပါတို့ကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံ ကျွေးမွေးပါတယ်။

ရွှေလီမြစ်သည် တရုတ်ပြည်တွင် မြစ်ဖျားခံ၍ မြန်မာပြည်တွင်းသို့ နယ်စပ်ရွာ စီနူးမှ ဖြတ်၍ မကိန်းတောင် ကုန်းရွာအတိုင်း စီးဆင်းသောမြစ် ဖြစ်သည်။ ၎င်းရွာတွင် ဧရာဝတီမြစ်နှင့် ဆုံသည်။ ၎င်းရွာမှ ရွှေချောင်း (ရွှေလီမြစ်လက်တက်ချောင်း) အရောက် ဆန်တက်ခဲ့ရသည်။ အစုံခရီးမဟုတ်ပါ။

နောက်တနေ့ အင်းရွာမှ မိုးမိတ်နယ် ပြချောင်းရွာသို့ မြေပုံအရ ပါပါတို့ ရေးဆွဲထားသော ခရီးစဉ်အတိုင်း ဆက်လက် ခရီးထွက်ခွာပါတယ်။ ပြချောင်းသို့ ရွှေလီမြစ်အတိုင်း လှေဖြင့် စုန်ဆင်း ရမယ်ဖြစ်တဲ့အတွက် ညနေကြမှ ခရီးစတင် ထွက်ပါတယ်။ အင်းရွာမှ ထွက်ခွာပြီး မကြာမီ ကျောက်တောင်နှစ်ခုကြားသို့ အရောက်မှာ ညနေ ဆည်းဆာချိန် ဖြစ်သည့်အားလျော်စွာ လေကလေး တဖြူးဖြူး တိုက်ခတ်လာသဖြင့် အလွန်မှ ချမ်းစိမ့်လာပါတယ်။ တောင်ကမ်းပါးမှာလည်း စံပယ်ကုံးများ ဆွဲထားသည့်အလား ရေတံခွန်များ ဖွေးခနဲ ဖြာဆင်းလာပြီး သစ်ပင်ပေါ်ရှိ မျောက်များမှာ တပင်မှ တပင်သို့ ကူးလူး သွားလာ နေကြပါတယ်။ လှေသမားလည်း လှေခပ်မှန်မှန် လှော်ရင်း ည (၁ဝ) နာရီ အချိန်ခန့်မှာ ပြချောင်းရွာသို့ ချောမောစွာ ရောက် ရှိသွားပါတယ်။

ပြချောင်းရွာရောက်ပြီး နောက်တနေ့ မန်းကလေးရွာသို့ ဆက်လက် ခရီးထွက်ရန် ဖြစ်သော်လဲ အခြေအနေ လေ့လာရန် အတွက် ပြချောင်းရွာမှာပဲ နေပါတယ်။ ပါပါတို့ပြချောင်းရွာ ရောက်ရှိတဲ့အချိန်မှာ ရှေ့တန်း စစ်မြေမျက်နှာပြင် ဖြစ်နေကြောင်း သိရှိရပါတယ်။

ရှေ့တန်း စစ်မြေမျက်နှာပြင်မှာ အဖော်က သုံးယောက်တည်း၊ ဘီဒီအေ ယူနီဖောင်း ကားကား ဝတ်ပြီး ဘာများ လာလုပ်သလဲ အကြည့်မျိုးနဲ့ သူကြီးက ပါပါတို့ကို ကြည့်နေပါတယ်။ နောက် ပါပါတို့ ပြချောင်းကနေ ဘယ်ဆက်သွားမလဲလို့ မေးပါတယ်။ ပါပါတို့က မန်းကလေးရွာသို့ ဆက်သွားရန် အစီအစဉ် ရှိကြောင်း ပြောပြရင်း သူကြီး သံသယ ကင်းရှင်းရန် တပ်မတော်အတွက် ရှေ့တန်း စစ်မျက်နှာ အခြေအနေကို သတင်းရယူရန် လာရောက်ခြင်း ဖြစ်ကြောင်း ဆက်လက် ပြောပြပါတယ်။

ပြချောင်းရွာမှာ ပါပါတို့ နှစ်ည အိပ်ပါတယ်။ ပထမညအိပ်ပြီး မိုးလင်းသောအခါ ဗိုလ်မှူးချစ်ကောင်းက ညက အိပ်မက်တဲ့ အကြောင်း ပြောပြပါတယ်။ အနားမှာလဲ လေထီး ဦးအုန်းမောင်က ရှိပါတယ်။ ဗိုလ်မှူးချစ်ကောင်းက သူ့အိပ်မက်အကြောင်း အံ့သြစွာဖြင့် ပြောပါတယ်။

အိပ်မက်ပုံက ဒီလိုပါ။ ပါပါကို ဂျပန်ဖမ်းသွားတယ်။ နောက်လှံစွပ်နဲ့ ထိုးသတ်တယ်။ သုံးခါတိတိ ထိုးတယ်။ ထိုးတိုင်း ထိုးတိုင်း လှံစွပ် ကောက်သွားတယ်။ ဒီအိပ်မက်ကို ကြားရတော့ အောင်မြေနင်းရန် နီးပြီ ဖြစ်ကြောင်း ပါပါ သူတို့ကို ပြန်ပြောတယ်။

ပြချောင်းရွာမှာ နှစ်ရက်နေပြီး ပါပါတို့ ခရီးစဉ်အရ မန်းကလေးရွာသို့ ကုန်းလမ်းအတိုင်း သွားပါတယ်။ မန်းကလေးရွာသို့ ညနေရောက်သောအခါ ရွာဟာ သုသာန်တစပြင်လို ဆိတ်ငြိမ်ပြီး အိမ်တိုင်း လိုလို တံခါး ပိတ်ထားတာကို တွေ့ရတယ်။ အိမ်တအိမ်မှာ လူတယောက်ကို လှမ်းမြင်တော့ သူ့အိမ်ကို သွားရာ ရွာခေါင်းဖြစ်မှန်း သိရပါတယ်။ ရွာခေါင်း ပြောပြချက်အရ သိရှိရသည်မှာ ရွှေဂူမြို့ကို အမေရိကန်နှင့် တရုတ်တပ်များ သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အမေရိကန် သြဇာခံ ချန်ကေရှိက် တရုတ်တပ်များ၊ မန်းကလေးရွာကိုလာပြီး ညအိပ်သွားကြောင်း၊ ရွာသူရွာသားများ ကြောက်ရွှံ့သည့်အတွက် ရွာမှာ မနေရဲဘဲ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း အစရှိသည်တို့ ဖြစ်ပါတယ်။

ရွာခေါင်းအိမ်မှာ ပါပါတို့ စခန်းချပြီး ပါပါတို့ဟာ တပ်မတော်ထောက်လှမ်းရေးမှ ဖြစ်ကြောင်း၊ ရှေ့တန်း စစ်မြေမျက်နှာပြင် အခြေအနေနဲ့ ပတ်သက်၍ လာရောက် စုံစမ်း ထောက်လှမ်းကြောင်း ယခု အမေရိကန်နှင့် တရုတ်တပ်များ ရွှေဂူသို့ ရောက်ရှိနေကြောင်း ကြားသိရ၍၊ ရွှေဂူသို့ သွားရောက် စုံစမ်းလိုကြောင်းကို ရွာခေါင်းအား ပါပါ ပြောပြပါတယ်။ ပါပါ ပြောပြချက်ကို ရွာခေါင်းက ယုံကြည်သဖြင့် သူကိုယ်တိုင် ရွှေဂူသို့ လိုက်ပို့မယ့် အကြောင်း ပြောပါတယ်။ လမ်းခရီးမှာ တောတောင် ထူထပ်ပြီး ဆင်၊ ကျား၊ ကျားသစ်များ တွေ့တတ်ကြောင်းလည်း သူပြောပြပါတယ်။

အစီအစဉ်အရ နောက်တနေ့ ရွှေဂူကို ပါပါနှင့် ရွာခေါင်းသွားပြီး မဟာမိတ်တပ်နှင့် အဆက်အသွယ်ရသောအခါ ဗိုလ်မှူးချစ်ကောင်း နှင့် လေထီး ဦးအုန်းမောင်တို့ကို ပြန်လာခေါ်ရန် ဖြစ်တယ်။ ရွှေဂူကို အရပ်သားအဖြစ် လားဝယ်သွားရန်သဘော ခရီးသွားရန် ဖြစ်တယ်။ နွားဝယ်သွားရန် လက်မှတ်ကို ရွာသူကြီးက ထုတ်ပေးပါတယ်။ အရပ်သားအဖြစ် ဝတ်ဆင်ရန် တပတ်နွမ်း အဝတ်အထည်များကို ရှာဖွေ ဝယ်ယူရပါတယ်။

သားရဲတိရိစ္ဆာန်ထူပြော၍ လျှိုမြောင် ပေါသော တောကြီး ဖြစ်စေကာမူ လူတို့၏ ဇွဲ၊ သတ္တိ၊ လုံ့လဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟူသော စိတ်ဓာတ်ဖြင့် နံနက် (၂) နာရီ အချိန်မှာ ပါပါနှင့် ရွာခေါင်းတို့ စတင် ခရီး ထွက်ကြပါတယ်။ လမ်းမှာ စားရန် ကောက်ညှင်းပေါင်း ယူသွားပါတယ်။ ဓားမ တချောင်းလည်း ပါတယ်။ ရွာခေါင်းနည်းတူ ပါပါလည်း ဖိနပ်မစီး ရပါ။ ရွာအလွန်မှာ တောကြီးထဲ ရောက်သွားပါတယ်။ တတောလုံး ဆိတ်ငြိမ်ပြီး နေပြောက်များ မကျရောက်နိုင်သည့် မြိုင်တောမျိုး ဖြစ်တယ်။ လူသွားလမ်းရယ်လို့ အတည်အကျ မရှိပါ။ တချို့နေရာမှာ လှည်းသွားနိုင်လောက်အောင် ကျယ်ဝန်းပြီး တချို့နေရာကျတော့ ကိုင်းပင်များ၊ ကြိမ်ပင်များ ရောယှက်ပေါက်နေသော လမ်းကျဉ်းလေး ဖြစ်ပါတယ်။

လမ်းပေါ်တချို့နေရာများမှာ စီးကရက် အတိုအစ၊ မီးခြစ်ခွံ၊ စစ်ဖိနပ်၊ ခြေရာများ တွေ့ရှိရသဖြင့် မန်းကလေးကို လာရောက်သွားသော တရုတ်စစ်တပ်၏ ခြေရာလက်ရာဖြစ်ကြောင်း သိရှိရပါတယ်။ နေ့လယ်အချိန်မှာ ပါပါတို့နဲ့ သိပ်မဝေးတဲ့လမ်းဘေး တနေရာမှာ ဗုံးခနဲ အသံမြည်ကာ လမ်းပေါ်သို့ ရုတ်တရက် တောတိရစ္ဆာန်သား အမိနှစ်ကောင် ပေါ်လာပါတယ်။ ပါပါတို့လည်း လန့်ဖြတ်ပြီး ကြည့်လိုက်တော့ ဆတ် သားအမိနှစ်ကောင် ဖြစ်နေတာ တွေ့ရလို့ စိတ်အေးသွားပါတယ်။ ပါပါလည်း ဖိနပ် မစီးရလို့ ခြေဖဝါးတွေ ကြိမ်းပြီး နာကျင်စဖြစ်လာတယ်။ မလျှော့သော ဇွဲလုံ့လဖြင့် ခရီးပြင်း ဆက်လက် သွားရာ ရွှေဂူမြို့ပြင်ဘက်မှာ တပ်စွဲထားသော တရုတ်တပ်သို့ ညနေ (၄)နာရီမှာ ရောက်ရှိသွားပါတယ်။

တရုတ်စစ်သား တယောက်က တရုတ်စစ်ဗိုလ်ဆီ ခေါ်ဆောင်သွားပါတယ်။ ဗမာစကား မတတ်တတတ် စကားပြန်နဲ့ ပါပါတို့ကို စစ်ဆေး မေးမြန်းပါတယ်။ ပါပါတို့လည်း လားလာဝယ်တဲ့ အကြောင်းပြောပြီး သူကြီးပေးတဲ့ လက်မှတ်ကို ထုတ်ပြတော့ ပါပါတို့ကို သွားခွင့် ပြုပါတယ်။ စစ်ဗိုလ်ဟာ သဘောကောင်းပါတယ်။ ပါပါ ရေသောက်ချင်တယ် ပြောတော့ သူ့ဓာတ်ဘူး ထဲက လက်ဖက်ရည်ကြမ်းကို ထုတ်ပေးပါတယ်။

ရွှေဂူမြို့ထဲသို့ ပါပါ (၂) နာရီအချိန်မှာ ရောက်သွားပါတယ်။ အုပ်ချုပ်သော အမေရိကန်စစ်ဗိုလ်ထံ သွားရောက်တွေ့ဆုံကာ ပါပါတို့ လာရတဲ့အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ အမေရိကန်စစ်ဗိုလ်က ပါပါကို အင်္ဂလိပ်စစ်ဗိုလ်လက်သို့ လွှဲပြောင်း ပေးလိုက်ပါတယ်။ အင်္ဂလိပ်စစ်ဗိုလ်ဟာ ကတ်(စ်)ဘီ ခေါ် မြို့ပြအုပ်ချုပ်ရေး အရာရှိအဖြစ် လိုက်လာသော စစ်ဗိုလ် ဖြစ်တယ်။ ပါပါတို့ လာရတဲ့အကြောင်းရင်း အင်္ဂလိပ်စစ်ဗိုလ်က သိရှိတဲ့အခါ “မင်းတို့ ဂျပန်တော်လှန်ရေးသမားတွေဟာ တို့မဟာမိတ် နိုင်မယ် သိတော့ တို့နဲ့လာပေါင်းတယ်၊ မဟုတ်လား” လို့ ပါပါ့ကို ခနဲ့စကား ပြောပါတယ်။ နောက် ပါပါ နေထိုင် စားသောက်ဘို့ စီစဉ်ပေးတယ်။ ပါပါ့ခြေဖဝါးတွေ ပေါက်ပြီး အနာဖြစ်နေတဲ့အတွက် လိုအပ်သလို ကုသပေးရန် ဆေးမှူးအား တာဝန်ပေးပါတယ်။ ဖန်ရည်ဆေးရန် ခွက်မရှိသဖြင့် စစ်သားဆောင်း သံဦးထုပ်ကိုပဲ အသုံးပြုပါတယ်။ ဆေးထည့်ပြီး ခြေဖဝါးနှစ်ဖက်စလုံးကို ပတ်တီး စီးထားပါတယ်။

ဆောင်းဝင်ပြီး ဖြစ်သဖြင့် ရွှေဂူမြို့ဟာ အလွန်မှ အေးပါတယ်။ မန်းကလေးကို ရွာခေါင်းနဲ့ ပါပါကို တအိမ်ထဲမှာပဲ နေရာပေးပါတယ်။ ပါပါနဲ့အတူ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီး ဦးအုန်းမောင်တို့ ပါလာပြီး သူတို့ကို မန်းကလေးရွာမှာ ထားခဲ့ကြောင်း လက်နက်ခဲယမ်း မီးကျောက်များပါ ပါလာကြောင်း အင်္ဂလိပ် စစ်ဗိုလ်အား ပြောသွားပြီး ဖြစ်သဖြင့် သူတို့ကို သွားခေါ်ရန် အင်္ဂလိပ်စစ်ဗိုလ်က အစီအစဉ် လုပ်ပါတယ်။

ကချင်စစ်ဗိုလ်နှင့် စစ်သားလေးယောက်ဟာ မန်းကလေးရွာမှာ ကျန်ရစ်ခဲ့တဲ့ ဗိုလ်မှူးချစ်ကောင်းတို့ကို နောက်တနေ့ သွားရောက် ခေါ်ရန်နှင့် ရွာခေါင်းက လမ်းပြအဖြစ် ပြန်လိုက်သွားရန် ဖြစ်ပါတယ်။ မန်းကလေးသို့ ရွာခေါင်းပဲ ပြန်သွားရမယ် ဖြစ်တော့ ပါပါ ရွှေဂူမှာ အဖမ်းခံတယ်လို့ သူထင်တယ်။ သူ စိတ်မကောင်းကြောင်း ပါပါ့ကို ပြောတယ်။ ပါပါလဲ မသိလိုက်ဘာသာ နေပြီး သူပြောတာကိုပဲ နားထောင်တယ်။

နောက်တနေ့ နံနက်လင်းသောအခါ ရွာခေါင်းဟာ လမ်းပြအဖြစ် ကချင်စစ်ဗိုလ်နောက်သို့ မန်းကလေးကို ပြန်လိုက်သွားရတယ်။ နံနက် (၉) နာရီအချိန်မှာ မြစ်ကြီးနားမှ လေယာဉ်ပျံငယ်ကလေး ရွှေဂူသို့ ရောက်လာပြီး ပါပါ့ကို မြစ်ကြီးနားသို့ ခေါ်ဆောင်သွားပါတယ်။ ပါပါ့အနေနဲ့ ပထမဆုံး လေယာဉ်ပျံ စီးရခြင်းဖြစ်တယ်။ လေယာဉ်ပျံပေါ်မှ အောက်သို့ ငုံ့ကြည့်သောအခါ ရွှေဂူနှင့် မြစ်ကြီးနားကြားမှာ တောအထပ်ထပ် တောင်အထပ်ထပ် တွေ့ရပါတယ်။ အကယ်၍သာ ရွှေဂူမြို့သို့ အမေရိကန်တပ်၊ တရုတ်တပ်တွေ မသိမ်းပိုက်သေးလျှင် ပါပါတို့ ဒီတောဒီတောင်တွေကို ဖြတ်သန်းသွားလာရမှာပဲလို့ တွေးမိရင်း၊ ရင်လေးမိပါတယ်။ ရွှေဂူမှ ထွက်ပြီး တနာရီကြာသောအခါ ပါပါတို့ မြစ်ကြီးနားကို ချောမောစွာ ရောက်ရှိသွားပါတယ်။

(ပါပါကို လေယာဉ်ဖြင့် လာခေါ်သော လေယာဉ်မောင်း အရာရှိကို ပါပါ ဝန်ကြီး ဖြစ်ပြီးနောက် ရန်ကုန်မှာ ပြန်လည် တွေ့ဆုံကြပါသေးတယ်။ ဧည့်ခံပွဲတနေရာမှာ တွေ့ဆုံခြင်း ဖြစ်တယ်။)

Than Soe Hlaing - Nargis Reporter Story - 1

သတင်းထောက် တဦး၏ နာဂစ်ဒိုင်ယာရီ

သန်းစိုးလှိုင်

ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉

ဧပြီလ ၂၉၊ ၃၀ရက်၊ ၂၀၀၈ခုနှစ်၊

ပူပြင်းလှသည့် နွေရာသီ ဧပြီလ၏ နောက်ဆုံးသီတင်းပတ်၊ မိုးကသည်းထန်စွာ ရက်ဆက်ရွာသွန်းနေခဲ့သည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေသည်လား၊ မုန်တိုင်းဖြစ်ပေါ်နေသည်လား တခုခု ဖြစ်လိမ့်မည်ဟု အင်တာနက်သတင်းများမှာ စေ့ငုကြည့်တော့ ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် သို့မဟုတ် မြန်မာနိုင်ငံ ဧရာဝတီတိုင်းကို ၀င်ဖို့ အလားအလာရှိနေသည် ဟုဧပြီလ ကုန် ၂၈၊၂၉ ရက်ဝန်းကျင်တွင် ဖတ်ရှုရသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက်ဆုံးဝင်ခဲ့သည့် ဆီဒါ အမည်ရှိသည့် အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းလောက် မပြင်းထန်နိုင်ပေမယ့် ဆိုင်ကလုန်း အဆင့် အားဖြင့် ၁ မှာရှိသဖြင့် ဖျက်ဆီးနိုင်စွမ်းကြီးမား သည့်မုန်တိုင်း ဖြစ်နိုင်သည်ဟု ဟာဝိုင်အီ မိုးလေ၀သ ခန့်မှန်းရေး ဌါနက ပြောဆိုသည်ကို ဗီအိုအေ သတင်းတွင် ဖတ်ရသော်လည်း အစိုးရပိုင် သတင်းစာ၊ ရေဒီယိုများတွင် စိုးရိမ်ဘွယ်ရာ မုန်တိုင်းဟု ကြေငြာတာမျိုးမရှိသဖြင့် အပျက်အစီးများမည့် မုန်တိုင်း ဟုမထင်မှတ်ခဲ့။ ယခုလို နွေအကုန် မိုးဦးကျမှာ ရခိုင်ကမ်းရိုးတန်း ဘက်သို့ ၀င်ရောက်လေ့ရှိသည့် မုန်တိုင်းမျိုးဟုထင်ကာ ဒီလောက်ကြီး အရေးတကြီးမထားခဲ့။


သို့ရာတွင် ဧပြီလကုန်နောက်ဆုံးရက် ဖြစ်သည့် ၃၀ရက်တွင်တော့ မုန်တိုင်းသည် ဧရာဝတီ တိုင်းကို ဖြတ်ဝင်မည်မှာ သေချာသလောက် ရှိနေပြီး မည်မျှပြင်းထန်မည် ဆိုသည်ကိုမူ တိကျစွာ မမှန်းဆ နိုင်ခဲ့ကြ။


မေလ ၁ ရက်နေ့တွင် မုန်တိုင်းသည် မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းနှင့် မိုင်ရာဂဏန်းမျှကွာဝေး သည့်နေရာတွင် ဗဟိုပြုနေသည် ဆိုသည့် သတင်းမျိုးတော့ ထပ်မံကြားသိရသော်လည်း ၊ ရန်ကုန်ကိုဝင်မည်၊ ဧရာဝတီတိုင်း တခုလုံးကို ဖြတ်သန်းမည်ဆိုသည့် သတင်း သေသေချာချာ မကြားသိသေး။


မုန်တိုင်း အမှန်တကယ် ဧရာဝတီတိုင်းကို ဖြတ်မည်ဆိုသည့် သတင်းကို ၂ရက်နေ့ (သောကြာနေ့)နံနက်ပိုင်းမှာ စတင်ကြားသိရသည်။ အင်တာနက်ပေါ်တွင်လည်း မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက်များ ကြားသိနေရသဖြင့် တဖြည်းဖြည်းနှင့် စိတ်ဝင်စားလာသည်။

(၀န်ကြီးများရုံးရှေ့ မြင်ကွင်း၊ ရန်ကုန်)

မေလ ၂ရက်နေ့


ယခုတစ်ကြိမ်တော့ နာဂစ်အမည်ပေးထားသည့် မုန်တိုင်းသည် ဧရာဝတီတိုင်းကို ဖြတ်မည် ဟိုင်းကြီးကျွန်းရဲ့ အနောက်တောင်ဘက် သမီလှကျွန်းမှ မိုင် ဆယ်ဂဏန်း အကွာကို ဗဟိုပြုပြီး အရှေ့ မြောက်ယွန်းယွန်းကို ရွေ့လျားဘွယ်ရှိနေပြီး ရွေ့လျားနှုန်းက တနာရီ ၁၀၊ ၁၂မိုင်နှုန်းဟု ဆိုသည်။ ထိုအတိုင်းသာ ဆိုလျင် ဟိုင်းကြီးကျွန်းကို ၂ရက်နေ့မှာပင် ဖြတ်ကျော်လိမ့်မည် ဖြစ်ပြီး ဧရာဝတီတိုင်း ရှိမြို့များဖြစ်သည့် ပုသိမ်မြို့ကို ၂ရက်နေ့ ညနေတွင် ဖြတ်ကျော်မည်ဟု ခန့်မှန်းရသည်။


မိုးကလည်း နံနက်ပိုင်းမှာလည်း မနားပဲ သည်းသည်းမဲမဲ ရွာသွန်းနေသည်။ ရေဒီယိုမှ လွှင့်ထုတ်သည့် မိုးလေ၀သ သတင်းကို နားထောင်ရာတွင် ဆိုင်ကလုန်း မုန်တိုင်းမှာ ဧရာဝတီတိုင်းမှ အရှေ့မြောက်ယွန်းယွန်း သို့ဖြတ်ကျော်လိမ့်မည်၊ ရန်ကုန်ကို ညနေသို့မဟုတ် ညဦးပိုင်းတွင် ဖြတ်ကျော်နိုင်သည့် သဘောမျိုးနားလည် ထားသည်။

ပုသိမ်မြို့ သို့မုန်တိုင်းဖြတ်လိမ့်မည် ဟုမျှော်လင့်ရသဖြင့် ပုသိမ်မြို့ရှိ မိတ်ဆွေထံသို့ နံနက်ခင်းကတည်းက ဖုန်းလှမ်းဆက်ကာ အခြေအနေကို မေးမြန်းနေမိသည်။ ပုသိမ်မြို့ အခြေအနေကတော့ မိုးတွေသည်းသည်းမဲမဲ ရွာနေသည်မှလွဲပြီး လေမကြမ်းသေး ဟုနေ့လည်မွန်းတည့် ချိန်အထိ ကြားသိနေရသည်။ ရန်ကုန်မြို့ရှိ စတိုးဆိုင်များ၊ အစိုးရရုံးများ မှ ၀န်ထမ်းများကို မွန်းလွဲ ၂နာရီခွဲ ခန့်ကတည်းက အိမ်ပြန်ခွင့်ပြုလိုက်ကြသည်။ ရန်ကုန်ကို မုန်တိုင်းဖြတ်မည် ၊ မိုးသည်းထန်မည်ဟု တွက်ဆကာ အိမ်အပြန် ခက်ခဲမည်စိုးသဖြင့် စောစော လွှတ်လိုက်ကြခြင်း ဖြစ်သည်။

(သိမ်ဖြူနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ရန်ကုန်)


ဟိုင်းကြီးကျွန်းထိပြီ


မွန်းလွဲ ၂နာရီခွဲတွင် ဂျာနယ်တိုက် တတိုက်မှ သတင်းထောက် တယောက်က ဖုန်းဆက်လာသည်။ ဟိုင်းကြီးကျွန်း ကိုမုန်တိုင်းဖြတ်ပြီ။ ဟိုင်းကြီးကျွန်းမှာ အပျက်အစီး အလွန်များသည်တဲ့။ ဓါတ်တိုင်တွေလဲ၊ အိမ်တွေပြိုလဲ၊ သစ်ပင်တွေကျိုးကျနှင့် တစ်မြို့လုံး ရစရာမရှိ တော့ဟု ဆိုသည်။ ဖုန်းလိုင်းတွေလည်း ပြတ်၊ လျှပ်စစ်မီးတွေ ပြတ်ကုန်ပြီဟု လည်းပြောသည်။


ဟိုင်းကြီးကျွန်း အခြေအနေ ဤမျှဆိုးလျင် မုန်တိုင်းလမ်းကြောင်းကျရာ လမ်းရှိမြို့များလည်း အပျက်အစီးများနိုင်သည် ဟုတွေးမိသည်။ ညနေ ၄နာရီခွဲ ၅နာရီခန့်ထိ ရန်ကုန်မှာ မိုးသည်းထန်တုန်း ဖြစ်သည်ကို မှတ်မိသည်။


၅နာရီခန့်တွင် လှိုင်မြို့နယ် ဘက်တွင်နေသူက ဖုန်းဆက်လာသည် သူတို့ မြို့နယ်တွင် ရပ်ကွက် ကောင်စီက မုန်တိုင်း ဖြတ်သန်းမှာ ဖြစ်လို့ အိမ်ပြင်မထွက်ကြဖို့ မုန်တိုင်းတိုက်ချိန်မှာ လျှပ်စစ်မီးတွေ ပိတ်ထားကြဖို့ကို စပီကာဖြင့် လိုက်အော်သည်ဟု ဆိုသည်။ ပုဇွန်တောင်မြို့နယ် သံလျက်စွန်းဘက်တွင်လည်း ထိုသို့သတိပေးချက် ကြေငြာတာမျိုးရှိသည်ဟု ကြားသည်။


ရန်ကုန်မြို့လယ် ရှိမြို့နယ်များ၊ လမ်းများတွင်တော့ မည်သည့် သတိပေး ကြေငြာချက်မျိုးမှ မကြားသိခဲ့ရ။


(မဟာဗန္ဓုလမ်းမ၊ နာဂစ်အပြီး မနက်ခင်း၊ ရန်ကုန်)

နာဂစ်ည


ညနေ ၆နာရီဝန်းကျင်တွင် ပုသိမ်မြို့သို့ ဖုန်းထပ်ဆက်ကြည့်သည်။ မုန်တိုင်းဝင်ပြီလား။ လေမိုးအခြေအနေ ဘယ်လို ရှိသလဲ သိချင်၍ မေးကြည့်ရာ၊ ဟိုင်းကြီးကျွန်း အပျက်အစီး ပုသိမ်မှလည်း သတင်းကြားကြောင်း သိရသည်။ သို့ရာတွင် ဖုန်းလိုင်းများ ပျက်စီးသွားပြီ ဖြစ်သဖြင့် ဘယ်လောက်ထိ ပြင်းထန်သည်၊ ပျက်စီးသည်ကိုတော့ မသိရသေးဟု ဆိုသည်။ ပုသိမ်မြို့အခြေအနေကတော့ လေအနည်းငယ် ပြင်းထန်လာပြီ။ မိုးလည်း ရွာနေဆဲဖြစ်ပြီး ၊ အိမ်ရှိလူများ အားလုံး အိမ်ထဲမှာ စုနေကြပြီး မုန်တိုင်းကို စောင့်နေကြသည်ဟု သိရသည်။ ဖုန်းပြောနေစဉ် လေတိုက်သံ၊ ပြူတင်းတံခါးတွေ ရိုက်ခတ်သံ ဖုန်းထဲမှာ ကြားနေရသည်။ သို့ရာတွင် ဆိုးဆိုးဝါးဝါးတော့ ယခုအချိန်ထိ မဖြစ်သေးဟု ပြောသည်။ မီးအမှောင်ထဲမှာ အိမ်ရှိ မိသားစုအားလုံး စုထိုင်နေကြပြီး မုန်တိုင်းကို ဖြတ်သန်းဖို့ စောင့်နေကြရသည်ဟု ဆိုသည်။ ရန်ကုန်မှာ ရောအခြေအနေ ဘယ်လိုလဲ ဟုမေးသဖြင့် ရန်ကုန်မှာတော့ မိုးသာသည်းထန်နေပြီး ယခုအချိန်ထိ မုန်တိုင်း မ၀င်သေးဟု ပြောပြလိုက်သည်။


ရန်ကုန်ကို သောကြာနေ့ညမှာ ဖြတ်လိမ့်မည်ဟု ရေဒီယိုက ကြေငြာသော်လည်း ယခုအချိန်ထိ လေပြင်းထန်သည့် အရိပ်အရောင် မတွေ့ရှိရသေးပေ။


ထိုနေ့က အနောက်နိုင်ငံ သံရုံးအချို့မှ ၀န်ထမ်းအားလုံးကို မုန်တိုင်း သတိပေးချက် ဖြန့်ဝေပြီး အစားအသောက်၊ သောရေ စုဆောင်းထားဖို့ နှိုးဆော်မှုများရှိခဲ့ပြီး အနောက်နိုင်ငံ သံရုံးတရုံးမှ ဆိုလျင် ၀န်ထမ်းများကို မုန်တိုင်းဒဏ်မှ စိတ်ချရသည့် ဟိုတယ်လိုမျိုးတွင် တည သွားတည်းဖို့ စရိတ်ထုတ်ပေးကာ တည်းခိုစေသည် ဟုဖြစ်ပျက်ပြီးနောက် သိရသည်။


ရန်ကုန်မြို့တွင် ည ၁၀နာရီခွဲခန့်တွင် လေပြင်းတိုက်စ ပြုလာသည်။ မုန်တိုင်း ၀င်တော့မည်ဟု ထင်သည်။ လေပြင်းတိုက်ခတ်ပြီး ၁၅မိနစ်ခန့်အကြာတွင် လျှပ်စစ်မီးတွေ ပြတ်တောက်သွားသည်။ တယ်လီဖုန်းကို ကိုင်ကြည့်တော့ ဖုန်းလိုင်းက လာနေသေးသည်။ ည ၁၁နာရီ ၀န်းကျင်တွင်တော့ လေပြင်းက အဆက်မပြတ် တိုက်ခတ်လာနေသည်။ မိုးရေလည်းပါ လေလည်းပြင်းသည်။ လမ်းများပေါ်တွင် ကားအသွားအလာ မရှိသလောက် နည်းပါးသွားသော်လည်း ၁၀မိနစ်၊ ၁၅မိနစ် တခါလောက် ဖြတ်သန်းသွားသည့် ကားများကို မြင်တွေ့ နေရသေးသည်။ အိမ်ဝရန်တာ တံခါးကိုဖွင့်ပြီး အပြင်မြင်ကွင်းကို ကြည့်မိတော့ ပေ ၆၀၊ ၇၀ မြင့်သည့် အုန်းပင် ကလေထဲတွင် တောင်မြောက် ယိမ်းထိုးနေသည်။ လဲပြိုမည့်အလား ထင်ရပေမယ့် လေနည်းနည်းပျော့သွားသည်နှင့် အပင်က ပြန်မတ်သွားသည် ကိုမြင်ရသည်။

ပြင်းထန်သည့် မုန်တိုင်း တစ်ခုကို ဖြတ်သန်းတွေ့ကြုံရမည် ဆိုသည့်အသိက သတင်းထောက် တယောက်အတွက် မှတ်တမ်းတခုဟု စိတ်မှာ ယူဆပြီး အသေးစိတ်အဖြစ်အပျက် အားလုံးကို လိုက်မှတ်နေမိသည်။


အိမ်ရှိလူများထဲမှ အိပ်သည့်သူ လေသံ မိုးသံကြားထဲ အိပ်ကြပြီး ၃ယောက် ၄ယောက်ကတော့ မအိပ်နိုင်ကြ၊ ၀ရန်တာကို ထွက်ကြည့်လိုက်၊ အသံကိုနာထောင်လိုက်နှင့် တဖြည်းဖြည်း လေအရှိန်ပြင်းလာသည်ကို သတိပြုမိသည် ညကလည်း သန်းကောင် ၁နာရီကျော်လာပြီ။ ခါတိုင်း ကြားဖူးသည့် မုန်တိုင်းများလို ၂နာရီ အများဆုံး ၃နာရီလောက် ဖြတ်သန်းတိုက်ခတ်ပြီး ငြိမ်သွားလိမ့်မည် ဟုမျှော်လင့်ထားသည်။


သို့ရာတွင် ထင်မှတ်ထားသလို နာဂစ်မုန်တိုင်းက ၂နာရီ ၃နာရီနှင့် မငြိမ်သွားပဲ စုစုပေါင်း ၁၂နာရီကြာ တိုက်ခတ်မည် ဆိုသည်ကိုတော့ နံနက် ၆နာရီခန့်မှ ခန့်မှန်းတွက်ဆမိတော့သည်။


(ဆက်လက်ဖေါ်ပြသွားပါမည်)