Saturday, January 31, 2009

Students Movement in Burma (03)

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၃)
‘၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်’
အောင်ဝေး
ဖေဖော်ဝါရီ ၁၊ ၂၀၀၉

‘သြော် – ဝေးခရီးပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့၊ ဆရာလည်းကွာ မြန်မာ့ပလ္လင်မှာ၊ သမ္မတရှင်ဘုရင် မလူးခင်ပ၊ ထဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့၊ ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းအပေါ်ဖျားမှလ၊ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့’

မြန်မာပြည်မှာ ၁၉၂ဝ ပထမ တက္ကသိုလ် ကျောင်းသားသပိတ်ကြီး ဖြစ်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အားပေး ထောက်ခံလိုက်တဲ့ ကဗျာပါ။

‘အမျိုးသားနေ့အစ၊ ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက’ လို့ ဆိုရိုးရှိတဲ့အတိုင်း နဝမ အကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်ကြီးက အဲဒီသပိတ်ကြီး စခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁ဝ)ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

အမျိုးသားနေ့၊ တနည်း ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နိုင်ငံရေး နိုးကြားမှု အုတ်မြစ် ချပေးနိုင်ခဲ့တဲ့ မဟာအောင်ပွဲ ဖြစ်ပါတယ်။

တက္ကသိုလ် သပိတ် မတိုင်မီ မြန်မာပြည် အနေအထားကို ကြည့်ရင်တော့ ၁၉ဝ၆မှာ Young Man Buddhist Association (YMBA) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးရဲ့ ဝံသာနု အရေးတော်ပုံ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အပေါင်းဘဝင် ချမ်းစေဖို့၊ အကောင်းတမင် မှန်းမှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံ ထူတဲ့အချိန်။ ‘အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ကြ’ ဆိုတဲ့ ကြွေးကြော်သံတွေ ကျယ်လောင်လာတဲ့ အချိန်။

ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ၁၉၂ဝ တက္ကသိုလ် သပိတ်ကြီးက ကိုလိုနီ ကျွန်ပညာရေး စနစ်ကို တိုက်ရိုက် ဆန့်ကျင် ရိုက်ချိုးခဲ့တာပါပဲ။ ဒီသပိတ်ကြီးရဲ့ အဓိက ရည်ရွယ်ချက်တွေက (၁) အမျိုးသား လွတ်မြောက်ရေးစိတ်နဲ့ ကိုလိုနီ ဖိနှိပ်မှုကို ဆန့်ကျင်ရေး၊ (၂) အမျိုးသား သခင်ပညာရေး စနစ် တည်ထောင်ရေးတို့ ဖြစ်တယ်။

ကိုလိုနီ ခေတ်ဦးမှာ ဗြိတိသျှအစိုးရဟာ ကိုလိုနီယန္တရားကို အထောက်အကူပြုဖို့ ဂျပ်ဆင်ကောလိပ်နဲ့ ရန်ကုန်ကောလိပ် တို့ကို ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ သီးခြားကောလိပ်တွေတော့ မဟုတ်ဘူး။ အိန္ဒိယနိုင်ငံ၊ ကလကတ္တား တက္ကသိုလ် အုပ်ချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ ၁၉၂ဝပြည့်နှစ် ဒီဇင်ဘာရောက်မှ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံရဲ့ သီးခြား တက္ကသိုလ်အဖြစ် ခွင့်ပြုခဲ့တာပါ။

၁၉၂ဝ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိက မြန်မာပြည်ဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်ပါပဲ။ ကျောင်းအုပ်ကြီးက မစ္စတာ အာရ်အယ်လ်ဟောင်းဝပ် လို့ ဆိုပါတယ်။ အဲဒီ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို မကျေနပ်လို့ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ ကျောင်းသားကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့ကြတာ ဖြစ်တယ်။

ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းချက်တွေထဲက တချို့ အချက်အလက်တွေကို ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။ ဒါပေမဲ့ တက္ကသိုလ် အဓိပတိက လျစ်လျူရှုခဲ့ပါတယ်။

အဲဒီမှာပဲ တက္ကသိုလ်ကျောင်းသားကြီးတွေက (၂၁)ဦး ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားထု ကိုယ်စားပြု သပိတ်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး သမိုင်းတွင်မယ့် ပထမ တက္ကသိုလ်သပိတ်ကြီးကို စတင်လိုက်ကြပါတော့တယ်။

ဒီတက္ကသိုလ် ပထမသပိတ်ကြီးဟာ မြန်မာတို့ နယ်ချဲ့ လက်အောက် ကျွန်ဘဝ ရောက်ခဲ့ရတဲ့ ကာလတလျှောက် ပြည်သူတရပ်လုံး ပထမဆုံးအနေနဲ့ နယ်ချဲ့ အစိုးရကို ဥပဒေဘောင်အတွင်းက ရင်ဆိုင်အန်တု စိန်ခေါ်ခဲ့တဲ့ နိုင်ငံရေး နိုကြား အုံကြွမှုကြီးပါပဲ။ သပိတ်ကြီးဟာ တပြည်လုံးကို နေ့ချင်းညချင်း ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။

တက္ကသိုလ် ပထမ သပိတ်ကြီးနဲ့ ဆက်စပ်ပြီး ဆရာဇော်ဂျီ ပြောပြခဲ့ဖူးတာကို ကျနော် ပြန်အမှတ်ရမိပါတယ်။ ဆရာဇော်ဂျီက ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားကြီးတွေ သပိတ်မှောက်ကြတဲ့ အချိန်က သူ (ဆရာဇော်ဂျီ)လည်းပဲ ခုနစ်တန်းကျောင်းသား အဖြစ်နဲ့ ဖျာပုံမြို့ကနေ ထောက်ခံ သပိတ်မှောက်ခဲ့တဲ့အကြောင်း ဂုဏ်ယူ ပြောပြခဲ့တာပါ။

နောင်မှာ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အခါမှာ ဆရာဇော်ဂျီဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့လို အမျိုးသားကျောင်းမှာ ဆရာဖြစ်လာခဲ့ပါတယ်။ ဒီ အမျိုးသားကျောင်းတွေကပဲ ဗိုလ်ချုပ်အောင်ဆန်းတို့လို လွတ်လပ်ရေးကို အရယူပေးမယ့် ကျောင်းသား မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ မဟုတ်လား။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးမတိုင်ခင်က ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဝံသာနု လှုပ်ရှားမှုတွေပဲ ရှိခဲ့ရာက သပိတ်ကြီး ပြီးတော့ နိုင်ငံရေး ဒီရေ တဆင့် တက်လာပြီး ၁၉၂၁ မှာ General Council of Burmese Association (GCBA) လို့ ခေါ်တဲ့ မြန်မာ အသင်းချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပါတော့တယ်။

၁၉၂ဝ သပိတ်ကြီးရဲ့ အရှိန်ဟာ ဘယ်လောက်အထိ ကျယ်ပြန့် ရိုက်ခတ်ခဲ့သလဲ ဆိုရင် ၁၉၂၉မှာ တကမ္ဘာလုံး စီးပွားပျက်ကပ်ကြီး ဆိုက်တဲ့ အချိန် မြန်မာပြည် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာစေတဲ့အထိပါပဲ။

၁၉၃ဝပြည့်နှစ် ဒီဇင်ဘာလမှာ ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ဆိုတဲ့ ဂဠုန်ဆရာစံ ဦးဆောင်တဲ့ နယ်ချဲ့ ဆန်ကျင်ရေး လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ခဲ့ပါတယ်။ ဆရာစံဟာ ဂျီစီဘီအေ အဖွဲ့ဝင်တဦးပါ။ မြန်မာတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာ ဥပဒေတွင်း တိုက်ပွဲကနေ လက်နက်ကိုင်တိုက်ပွဲ အသွင်ကို ကူးပြောင်းခဲ့တာပါပဲ။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးနဲ့ ပတ်သက်လို့ လေးစားလောက်တဲ့ သမိုင်းဝင် မှတ်ချက်တခုကတော့၊ အင်္ဂလိပ် စာရေးဆရာကြီး မောရစ်ကောလစ်က သူ့ရဲ့ ‘Last and First in Burma’ ဆိုတဲ့ စာအုပ်မှာ ‘မြန်မာနိုင်ငံ သမိုင်းတွင် ၁၉၂ဝ ပြည့်နှစ် နိုင်ငံရေး လှုပ်ရှားမှုသာ မပေါ်ပေါက်ခဲ့လျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ထိုမျှ စောလိမ့်မည် မဟုတ်’ လို့ ရေးသားခဲ့တဲ့ အချက်ပါပဲ။

၁၉၂ဝ တက္ကသိုလ်ကျောင်းသားတွေ ပထမဆုံး သပိတ်မှောက်ခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် စနေထောင့်မှာ တည်ထားတဲ့ စေတီနဲ့ ကမ္ဗည်း ကျောက်စာတိုင်ကိုတော့ နအဖ စစ်အုပ်စုက မတရားပိတ်ပင် အမှောင်ချထားလို့ နောက်မျိုးဆက် ကျောင်းသားတွေ ဖူးမျှော်ခွင့်၊ အလေးပြုခွင့် မရတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုဆိုရင် ဒီသပိတ်ကြီးရော၊ အမျိုးသားနေ့ရော၊ ရန်ကုန် တက္ကသိုလ်ကြီးရော (၈၈) နှစ်ပြည့်ရောက်လို့ (၈၈)ကြိမ် မြောက်ခဲ့ပါပြီ။ ဒီနေ့အချိန်မှာလည်း ကျောင်းသားတွေဟာ ပြည်သူလူထုကြီး ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး စစ်အာဏာရှင်စနစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင် အန်တုနေဆဲပဲ မဟုတ်ပါလား။ ။

[ မူရင်း - လွတ်လပ်တဲ့အာရှအသံ၊ မြန်မာဌာန၊ www.rfa.org/burmese ]

Quotes for Jan 2009

ဇန်န၀ါရီ စာကိုး၊ စကားကိုး
ဇန်န၀ါရီ ၃၁၊ ၂၀၀၉

"သားစိုးနှင့် ငယ်ငယ်တို့သည် စေ့စပ်ပွဲဖိတ်စာအား ယွန်းပန်းကန်ပေါ်တွင် စာသားရေးသား၍ ဖိတ်ကြားခဲ့ပြီး၊ သူတို့၏ စေ့စပ်မင်္ဂလာ ဧည့်ခံပွဲအားလည်း ထူးခြားသော တင်ဆင်မှုများဖြစ်သည့် ယိမ်းအက၊ ဇာတ်မင်းသားအက နှင့် ရုပ်သေးရုပ်အကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်"
7 DAY NEWS ဂျာနယ်၊ ဇန်န၀ါရီ ၁၅
သားစိုး (ကိုစိုးမွန်အောင်) နှင့် ငယ်ငယ် (မထက်ထက်ခိုင်)

"ဂျပန်တို့ စစ်ရှုံးတော့မည်မှာ အတော် သေချာနေသည်။ ထို့ကြောင့် ဒေါက်တာဘမော်က ရဲဝံ့စွာပင် ဂျပန်ဝန်ကြီးချုပ်ကို မြန်မာပြည် နောက်တစ်ကြိမ် စစ်မြေပြင် မဖြစ်ရအောင် ဂျပန်တပ်များ မြန်မာပြည်မှ ဆုတ်ပေးဖို့ တောင်းဆိုခဲ့သည်။ သူ့တောင်းဆိုချက် အကောင်အထည် ဖြစ်မလာခဲ့။ သို့သော် သူသည် တိုင်းပြည်အပေါ် စေတနာကောင်းထားပြီး ပြောသင့် မပြောသင့် မချင့်ချိန်ဘဲ ရဲရဲကြီး ပြောခဲ့သည်ကတော့ အမှန်ပင်။ - - - ဂျပန် စစ်ရှုံးပြီး လက်နက်ချတော့ ဂျပန်ရောက် အဓိပတိ (ဒေါက်တာဘမော်)မှာ မဟာမိတ်တပ်များ၏ ဖမ်းဆီး ရုံးတင် စစ်ဆေး အပြစ်ပေးခံခဲ့ရသည်"
ကိုသန်း(ကြည့်မြင်တိုင်)၊ စာရေးဆရာ
ရနံ့သစ်မဂ္ဂဇင်း၊ ဇန်န၀ါရီ

"ကလေးတွေ ကျူရှင်ခ၊ သူ့အဖေ အလုပ် အသွားအပြန် ကားခ၊ နေ့စဉ် ဟင်းဖိုး စတာတွေ လောက်အောင် သုံးတယ်။ ရတဲ့လစာက တစ်သိန်းကျော်ပဲ ရှိတာ။ ကျွန်မဆိုရင် မုန့်ဟင်းခါးတောင် ပုံမှန် မစားဖြစ်တော့ဘူး။ စားရင်လဲ အလွတ် (အကြော်မပါ)ပဲ စားတယ်"
အသက် ၃၅ နှစ်အရွယ် အိမ်ရှင်မတဦး
မော်ဒန်သတင်းဂျာနယ်၊ ဇန်န၀ါရီ ၁၆


"ရွေးကောက်ပွဲ ၀င်ဖို့ ပါတီတွေ ဖွဲ့ဖို့ ပြင်ဆင်နေတာတွေလည်း တွေ့ရတယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်သွားမယ့် လက္ခဏာတွေပဲ။ ရွေးကောက်ပွဲ လုပ်ဖို့ ဖြစ်လာတာကိုက တိုးတက်မှု ရှိတာပေါ့။ "
သခင်တင်မြ၊ နိုင်ငံရေးသမား
Fowers News ဂျာနယ်၊ ဇန်န၀ါရီ ၆

သခင်တင်မြ

"လွတ်လပ်ရေးနေ့ ရောက်တိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တပ်မတော်သားတွေ ရဟန်း သံဃာတွေ၊ ကျောင်းသားတွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးကို သတိရမိတယ်။ တိုင်းပြည်အတွက် ရင်းဝံ့တဲ့ သူတို့ရဲ့ သွေးတွေ၊ ချွေးတွေဟာ မြန်မာ ပြည်သူတွေရဲ့ ရင်ထဲမှာ ခုထိ ခြောက်မသွားသေးပါဘူး"
ကြည်ဖြူသျှင်၊ ရုပ်ရှင်ဒါရိုက်တာ
The Voice ဂျာနယ်၊
ဇန်န၀ါရီ ၅
ကြည်ဖြူသျှင်

"၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးရတယ်။ ၃ လတောင် မကြာဘူး၊ မတ်လ ၂၈ ရက်နေ့ ရောက်တော့ အချင်းချင်း ထချကုန်ကြရော။ အခု နှစ်ပေါင်း ခြောက်ဆယ်ကျော်သည်ထိ ဒီ 'ချသမိုင်း' ကြီးက အကင်းမသေသေးဘူး"
ကျော်ဝင်း၊ စာရေးဆရာ
The Voice ဂျာနယ်၊
ဇန်န၀ါရီ ၅
ကျော်ဝင်း

"ယောဆရာလည်း ကျောစိမ့်လာတယ်...
ယောဆရာက နာမည်သာကြီးတာ
ဘာကမှ ပညာ မြင့်တာမဟုတ်ဘူး။
သူက ၀မ်းတွင်းရူးစာနဲ့ ဂါထာလိုလိုရေးရင်
တေးဟစ်ပ်ဟော့ထင်ပြီး အားပေးသူကပေး
မဲပြာပုဆိုး ရေဒီယိုတွေကမေးတော့
ပုံသေနည်း နိသျှတွေကို ရွေးပြော
သည်အထာသဘောနဲ့ ဟိုတတော
"မြန်မာ့အရေး နယ်တကြော" မှာ
ဟိုပြောသည်ပြော လူနပ်ကြီးလုပ်နေခဲ့တာ
ဒီမှော်မှာတော့ မောတော့မယ်"
ယောဟန်အောင်၊ ဘလော်ဂၝ
yaw-han-aung.blogspot.com ဇန်န၀ါရီ ၂၂

ယောဟန်အောင်

"(နာဂစ်ဒေသမှာ) လယ်မြေတွေ ပြန်ပြီးတော့ ဖော်ထုတ်ဖို့ လိုနေတယ်။ ဘုန်းကြီးကျောင်းတွေ ပြင်ဖို့ လိုနေတယ်။ ထားပါတော့ ဘုန်းကြီးကျောင်းတို့ ဘာတို့က။ အဓိက လိုနေတာက လူတွေရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးဖို့ လိုနေတယ်။ အဲဒီကိစ္စတွေ လိုနေတာကို သူတို့ပြောတဲ့ အတိုင်းဆို အဆင့်ဆင့် သွားနေရတယ်။ ကြံ့ဖွံ့ဆိုလား ဘာဆိုလား အဲဒါတွေနဲ့ သွားဆက်သွယ်ရတယ်။ လူတွေကလည်း အဲဒီအသံ ကြားလို့ရှိရင် တွန့်နေကြတော့ မသွားချင်ကြဘူး။ - - ပိုပြီး အစစ် အဆေးတွေ များလာတယ်။ ငွေလက်ခံတဲ့ သူတွေကလည်း နည်းနည်းကြောက်လာတယ်။ ခါတိုင်း ပို့နေကျ လူတွေကလည်း အခု ထောင်ထဲ ရောက်နေပြီ။ ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ။ ဥပမာ အားဖြင့် ကိုဇာဂနာတို့ ထောင်ထဲ ရောက်ကုန်ပြီ"

ဦးကောဝိဒ၊ သာသနမောဠိအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ
ဘီဘီစီမြန်မာပိုင်း၊ ဇန်န၀ါရီ ၂၄

"ဂဠုန်ဦးစောသည် လန်ဒန်မှ အပြန် အမေရိကန်သို့ ၀င်၏။ ထိုမှ ခရီးဆက်မည် အပြုတွင် ဂျပန်လေတပ်က အမေရိကန် ပြည်ထောင်စု၏ ဟာဝေယံကျွန်း နှင့် ပုလဲဆိပ်ကမ်းကို ရုတ်ခြည်း ၀င်ရောက် ဗုံးကြဲ တိုက်ခိုက်သည်နှင့် တိုး၏။ - - - ပစိဖိတ်သမုဒ္ဒရာနှင့် ဂျပန်နိုင်ငံကို ဖြတ်၍ မြန်မာပြည်သို့ ပြန်ရန် မလွယ်တော့သဖြင့် ဦးစောသည် ဥရောပတိုက်သို့ လှည့်၏။ လစ်စဘွန်းမြို့တွင် ခရီးတထောက် နား၏။ ထိုစဉ် ဦးစောသည် ဂျပန်သံရုံးသို့ သွားရောက်ဆက်သွယ်သည်ဟု အင်္ဂလိပ်သတင်း ထောက်လှမ်းရေးမှ ဆိုင်ရာသို့ သတင်းပို့သည်။ ထို့ကြောင့် ဦးစော ခရီးအဆက် ပါလက်စတိုင်း (ယခု အစ္စရေး) နိုင်ငံ ဟိုင်ဖားမြို့ လေဆိပ်၌ အင်္ဂလိပ်တို့က ထိန်းသိမ်းလိုက်ကြသည်။ ထိုသို့ ထိန်းသိမ်းကြောင်း သတင်းကို တစ်လကျော်မျှ သိုဝှက်၍ ထား၏"
မောင်သန်းဆွေ (ထားဝယ်)၊ စာရေးဆရာ
ရွှေအမြုတေ မဂ္ဂဇင်း၊ ဇန်န၀ါရီ

"ဒီဘက်ခေတ် ကလေးတွေ အားလုံး မြန်မာစာ ၀ါကျကို ဖြောင့်အောင် မရေးနိုင်ကြတော့ဘူးလေ။ တချို့များဆို ရုံးခွင့်တိုင်စာတောင် စာမစီနိုင်ကြဘူး။ မခက်ပေဘူးလား။ သူတို့တွေ တော်လာတာ - - ကမ္ဘာသုံး အင်္ဂလိပ်စာ။ - - မြန်မာပြည်မှာ လူဖြစ်ကြပြီးမှ မြန်မာစာ ညံ့တာလည်း ယဉ်ကျေးမှုညံ့တာပဲ လို့ ကျွန်မ ယူဆတယ်"
နှင်းဝေငြိမ်း၊ စာရေးဆရာမ
ချယ်ရီမဂ္ဂဇင်း၊
ဇန်န၀ါရီ
နှင်းဝေငြိမ်း

"(မြန်မာပြည်ကို) ပြင်ပကနေ အဓမ္မ တွန်းအားပေးပြီး ပြောင်းလဲအောင် လုပ်နိုင်တာထက် သူ့ပြည်တွင်းမှာ ကိုယ့်ဘာသာကိုယ် ပြောင်းလဲအောင် လုပ်ကြဖို့သာ လိုပါတယ်"

အဖိဆစ် ဝေ့ချာချီဝ၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်
ဗွီအိုအေ မြန်မာပိုင်း၊ ဇန်န၀ါရီ ၁၄

"သီချင်းစာသား အများစုမှာ အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် နေထိုင်မှုကို ထိပါးစေသည့် စာသားများ ပါဝင်ခဲ့ပြီး ကြားရသူအဖို့လည်း နားမခံနိုင်လောက်အောင်ပင် မျက်နှာပူစရာ အခြေအနေ ဖြစ်ခဲ့ကြောင်း သိရှိရသည်။ - - - - 'လပိုင်းအတွင်းမှာပဲ သိန်းဂဏန်းအထိ ပျံ့နှံ့သွားတာဟာ ခိုးကူးကွန်ရက်ကနေ ပျံ့နှံ့မှု အရှိန် မြင့်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကိုေ-ျာက် -ျက် သီချင်းခွေ ရှိလားလို့ မေးလိုက်တာနဲ့ လက်ထဲ အလွယ်တကူ ရောက်အောင် ထည့်ပေးမှာဖြစ်တဲ့ ခိုးကူးခွေ အရောင်းဆိုင်တွေက မှန်ကန်ကြောင်း သက်သေ ပြပါလိမ့်မယ်' ဟု ဂီတဈေးကွက် လေ့လာသူတဦးက ပြောပြခဲ့သည်"
မျက်နှာဖုံးသတင်း
Bi Weekly ဂျာနယ်၊ ဇန်န၀ါရီ ၁၆

"Bi Weekly Eleven ဂျာနယ်က ရေးသားသည့်သတင်းကြောင့် ဟစ်ဟော့အဆိုရှင် ဂျောက်ဂျက်အား စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ကတိလက်မှတ်ထိုးခိုင်းကြောင်း ဟစ်ဟော့သတင်းရပ်ကွက်က သိရသည်။ - - - ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကာယကံရှင် ဂျောက်ဂျက်အား ဆက်သွယ်မေးမြန်းရာ ၀န်ခံကတိ ထိုးရသည်မှာ ဟုတ်မှန်ကြောင်း၊ - - - - - လောလောဆယ် သီချင်းခွေထုတ်ခြင်းကို ရပ်ထားရကြောင်း ပြောသည်"
ခေတ်ပြိုင်သတင်းဂျာနယ်၊ ဇန်န၀ါရီ ၁၉
ဂျောက်ဂျက်

"ဟစ်ဟော့(ပ်)ဂီတကို ရူးသွပ်ကြသော လူငယ်များက ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်စင်ကိုယ် ဆောက်ခဲ့ကြရသည်။ ACID အဖွဲ့၏ "စတင်ခြင်း" အယ်လ်ဘမ် မထွက်ခင်ကအထိ ထိုလူငယ်များကို မည်သူမျှ ဆေးဖော် ကြောဖက် မလုပ်ချင်ကြ။ နာမည်ရ စာနယ်ဇင်းသမားတဦး ဆိုပါလျှင် ထို အဆင့်မရှိသည့် ဂီတကို သူ့အနေဖြင့် ဂျာနယ်စာမျက်နှာများထက်၌ ရေးကြီးခွင်ကျယ် နေရာမပေးနိုင်ကြောင်း လူသိရှင်ကြား ပြောခဲ့သည်။ နောက်ပိုင်းကျတော့ နာမည်ကြီး ရက်(ပ်) အဆိုတော်များကို ပရိသတ် စိတ်ဝင်စားနေမှန်း သိ၍ သူ့ဂျာနယ်တွင် အပတ်စဉ် အင်တာဗျူး ထည့်တော့သည်။ ယခင်က တေးစီးရီးထုတ်သည့် ပရိုဂျူဆာများ၊ ရှိုးပွဲ စီစဉ်သူများက ထိုဂီတကို မျက်နှာလွှဲခဲပစ်နေကြသော်လည်း ဟစ်ဟော့(ပ်)ဂီတကို ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ၏ လူငယ်ထုက အုံနှင့် ကျင်းနှင့် အားပေးလာကြသောအခါ ပရိုဂျူဆာနှင့် ရှိုးပွဲ စီစဉ်သူများက သူတို့နောက်က တကောက်ကောက် လိုက်ကြတော့သည်"

ငြိမ်းချမ်းငြိမ်း
မဇ္ဈိမသတင်းဌာန ဇန်န၀ါရီ ၂၃

Friday, January 30, 2009

Burmese Great Cartoonist U Pe Thein turns 85


ကာတွန်း (ဦး) ဖေသိန်း ၈၅ နှစ်ပြည့်မည်

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၃၀၊ ၂၀၀၉

လာမည့် စနေနေ့မှာ ဆရာကြီး ကာတွန်း (ဦး) ဖေသိန်းရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ အလှူကို ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်စဉ် ကာတွန်းဆရာ လူကြီး လူငယ်များနဲ့ မိတ်ဆုံပွဲသဖွယ် ပြုလုပ်နေကြ ပွဲတော်ဖြစ်တာမို့ စာပေ အနုပညာရှင် လူကြီး လူငယ်များနဲ့ စည်ကားမှာ ဖြစ်ပါတယ်။

ဆရာကြီး ဦး ဖေသိန်းဟာ သတင်းစာ ကာတွန်းဆရာ၊ ကလေးသူငယ်များအတွက် သရုပ်ဖော် ကာတွန်းဆရာ၊ ကလေးသူငယ်များအတွက် စေတနာထား အထူးထုတ်ဝေတဲ့ ပုံပမာ စာစဉ်များ ကိုယ်တိုင်ရေးဆွဲ စီစဉ်ထုတ်ဝေသူ၊ မြန်မာဗုဒ္ဓဘာသာဝင်ကလေးငယ်တို့ အသည်းစွဲ ၃၈ ဖြာ မင်္ဂလာ ကာတွန်းပဒေသာ ပေါင်းချုပ်၊ ၅ ပါး သီလ ကာတွန်း စာအုပ်တို့ရဲ့ ဖန်ဆင်းရှင် ပညာသည်တဦး ဖြစ်ပါတယ်။

ဆရာရဲ့ စွပ်ကျယ်စက်လမ်းနေအိမ်ဟာ ကာတွန်းပညာရှင်တို့ စုဝေးရာ နေရာလေးတခုလည်း ဖြစ်ပါတယ်။ ဆရာကြီး ကာတွန်းဖေသိန်း သက်တော် ရာကျော် ရှည်ပါစေ လို့ မိုးမခ ၀ိုင်းတော်သား အားလုံးက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဆရာကြီးအကြောင်း ဖော်ပြခဲ့တဲ့ စာတပုဒ် ပြန်လည်တင်ဆက်လိုက်ပါရစေ။ ဒီမှာ ဖတ်ရှုတော်မူကြပါ။


ဒီမှာကတော့ မနှစ်က ၈၄ နှစ်ပြည့် ဖိတ်စာနဲ့ သတင်း ဖြစ်ပါတယ်။


Burmese Speaking American English -Audio Lesson CD - weekly program introduction



မြန်မာတို့အတွက် အမေရိကန်အင်္ဂလိပ် စကားပြော လေ့ကျင့်ခန်း အသံထွက်အစီအစဉ်

မိုးမခက အပတ်စဉ် ထုတ်လွှင့်မည်

မိတ်ဆက် - အပိုင်း ၁

ဇန်န၀ါရီ ၂၉၊ ၂၀၀၉

ဒီနေရာမှာ နားဆင်ပါ။

ထက်မိုး (နယူးဒေလီ) နှင့် အိန္ဒိယရောက် မြန်မာလူငယ်များ စီစဉ်တဲ့ - မြန်မာတို့အတွက် အမေရိကန်အင်္ဂလိပ်စကားပြော လေ့ကျင့်ခန်း စီဒီ - နိုင်ငံတကာ အင်တာနက်၊ ရေဒီယို၊ ရုပ်သံတို့က ကောက်နုတ်ထားပြီး မြန်မာဘာသာပြန်နဲ့ တွဲဖက်ထားသည်။ အိမ်သုံး၊ ကျောင်းသုံး၊ ရုံးသုံး စကားပြောလေ့ကျင့်ခန်းမျိုးစုံကို တင်ဆက်ထားသဖြင့် အမေရိကန်အင်္ဂလိပ်စကားပြော သင်ယူလိုသူ၊ လေ့ကျင့်လိုသူနှင့် လက်စွဲပြုလိုသူ အားလုံးအတွက် အထူးသင့်တော်ပါသည်။ ရပ်နီး ရပ်ဝေးက ပညာဒါနပြု၊ လက်ဆင့်ကမ်းမှာကြားလိုပါက - MoeMaKa, PO Box 320-207, San Francisco, CA 94132, contact@moemaka.com သို့ ဆက်သွယ်ပါ။

Biography of Mahn Win Maung, President of Burma in 1957 (Part 8)

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉

ပျဉ်းမနားမြို့နှင့် မန္တလေးကားလမ်းပေါ်တွင် အင်္ဂလိပ် လေယာဉ်ပျံများက နေ့တွင်မကဘဲ ညဘက်မှာလည်း လိုက်လံ ပစ်ခတ်ကြောင်း ပျဉ်းမနားမှာ နေစဉ် ကြားသိရပါတယ်။ ညဘက် သွားသောအခါ မီးထိုးပြီး သွားရပါသဖြင့် မီးထိုးထားသော ကားကို လိုက်လံပစ်ခတ်ခြင်း ဖြစ်တယ်။ ဤကဲ့သို့ ပစ်ခတ်ခြင်းကြောင့် သေကြေ ပျက်စီးကြကြောင်းလည်း သိရှိရပါတယ်။ ဒီသတင်းကို ကြားသိထားရသဖြင့် ညနေဘက် ပါပါတို့ ဆက်လက် ခရီးထွက်တော့ သတိ ဝီရိယ ထားပြီး သွားရပါတယ်။ ဖြည်းဖြည်းသွားပြီး မီး ထိုးတလှည့်၊ မထိုးတလှည့် သွားရပါတယ်။ မိတ္ထီလာ ရောက်တော့ ဗိုလ်ကြီး တင်ထွန်းဟာ တွေ့စရာရှိတဲ့ လူတွေနဲ့ ဝင်တွေ့ပြီး ဓာတ်ဆီရှာရတာနဲ့ နည်းနည်း ကြာသွားပါတယ်။

essay for Min Htut Khaung

မြူခိုးဝေေ၀သစ္စာသစ်တရား၊ အာဟာရမှုန့်နှင့် အာကင်ဆောရောက် မင်းထွဋ်ခေါင်သို့ လွမ်းချင်းကဗျာ
ခင်လွန်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉

“ တောင်ခိုးတဲ့ဝေေ၀၊ မြူခြေတဲ့ဆိုင်းဆိုင်း
ငါ့အဖေမော်ကာကြည့်တယ် ခေါင်းပေါင်းပြုတ်ကျ ” တဲ့။

ကျနော်တို့နေတဲ့ ဒုက္ခသည်စခန်းလေး တခွင်မှာ ခုနေဆိုရင် နှင်းလားမြူလား မကွဲပြားအောင် ရှစ်ခွင်တိုင်း မှိုင်းမှိုင်းမှုန်ရီနေပါပြီ။ ဒီလိုအချိန်မျိုးမှာ ငယ်ငယ်တုန်းက ကဗျာရူး စာရူးဘ၀မှာ ကာရန် အမြီးအမောက် မတည့်တဲ့ ကဗျာလေးတပုဒ် ကြားခဲ့ဖူးတာကို ပြန်သတိရလာတတ်ပြီး ကဗျာအကြောင်းလေး ပြောချင်လာမိပါတယ်။

ကဗျာဆိုတာ အလှဗေဒ ရသဂုဏ်မြောက်၊ အဖွဲ့ အနွဲ့ အဆင်တန်ဆာတို့နဲ့ ခံစား သီကုံး ရေးစပ်ကြရတာမျိုးလို့ ခပ်ကြမ်းကြမ်းလေး ဆိုလို့ရမလား ခင်ဗျာ။ အဲဒါဆိုရင်တော့ ကျနော်လဲ ကျနော် ကိုယ်တိုင် ရေးဖွဲ့ခဲ့ဖူးတဲ့ ကျော်စောကတ္တိ သိပ်မရှိလှတဲ့ ကဗျာလေးတပုဒ် အကြောင်းကို ပြောပြချင်ပါတယ်။ ဒီလိုလေး စပါရစေ။


တလောလေးတင်က သတင်းတပုဒ်မှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေဆီက အကြောင်း သဲ့သဲ့လေး ကြားမိလိုက်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ကလေး မွေးဖွားနှုန်း အဆ မတန် မြင့်တက်လာနေတဲ့အတွက် သက်ဆိုင်ရာတွေ ခေါင်းခဲနေကြတယ် ဆိုတဲ့ အကြောင်းပါ။

Thursday, January 29, 2009

soldiers with heavy burden

မနိုင်ဝန် ထမ်းသူများအကြောင်း
ဒီအောင်ခင်
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ပြီးခဲ့တဲ့လဆန်းပိုင်းမှာ သုံးရက်ကြာ လုပ်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပြင်ပကို ပေါက်ကြားလာပါတယ်။ မပခ နယ်မြေမှာ ကချင်ပြည်နယ် ပါဝင်ပါတယ်။ ကချင်ဒေသနဲ့ နီးတဲ့ ရှမ်းပြည်နယ်ထဲက မြို့တချို့လည်း ပါဝင်ပါတယ်။

မြစ်ကြီးနားမြို့မှာလုပ်တဲ့ ဒီအစည်းအဝေးကို တိုင်းမှူးဖြစ်လာတာ ၆ လပဲ ရှိသေးတဲ့ ဗိုလ်မှူးချုပ် စိုးဝင်း တက်ပါတယ်။ မြောက်ပိုင်းတိုင်းထဲမှာရှိတဲ့ ဗျူးဟာမှူး၊ တပ်ရင်းမှူး စသဖြင့် အရာရှိ အယောက် ၈၀ ၀န်းကျင်ရဲ့ နာမည်တွေလည်း တွေ့ရပါတယ်။

ပထမဆုံး တိုင်းမှူးက သူ့အထက် ခေါင်းဆောင်တွေရဲ့ အမှာစကားတွေကို ပြန်ရှင်းပြတဲ့အကြောင်း ထိပ်တန်းလျှို့ဝှက် ဆိုတဲ့ ဒီအစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မှာကြားချက်တွေ အများကြီး ရှိတဲ့ထဲက အချက် ၄ ခုက စိတ်ဝင်စားဖို့ကောင်းပါတယ်။
၁။ အရပ်သားအစိုးရ တက်လာတဲ့အခါ ဒီနေ့ဆောင်ရွက်နေတဲ့ လုပ်ပိုင်ခွင့်တွေ ထိခိုက်လာလိမ့်မယ်
၂။ ရန်သူကို ချေမှုန်းရမှာ အားနည်းပြီး အထက်က ဖိအားပေးမှ ဆောင်ရွက်နေကြတယ်။
၃။ မြန်မာပြည်မှာ ကျေးရွာပေါင်း ၆၀၀၀၀ ကျော် ရှိတယ်၊ စစ်သားသစ် စုဆောင်းဖို့ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ရမယ်။
၎။ တပ်တွေကို လေ့ကျင့်ရေးကလွဲပြီး စီးပွားရေးကိစ္စတွေမှာ မသုံးနဲ့။
တိုင်းမှူးကတဆင့်ပြောပြတဲ့ သူ့မှာကြားချက်တွေကိုကြည့်ရင် တိုက်ခိုက်ရေးကောင်းတဲ့ စစ်တပ်ကြီး ဖြစ်စေချင်တဲ့ ဆန္ဒကို တွေ့ရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး
ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ညွှန်ကြားချက်တွေ ဆိုတဲ့ထဲမှာလည်း
၁။ မိုင်းထောင်ဖို့ အမြဲ စဉ်းစား ဆောင်ရွက်နေရမယ်၊
၂။ အပစ်ရပ်အဖွဲ့တွေရဲ့ ဆက်ဆံရေးရုံးတွေကို လိမ္မာပါးနပ်စွာနဲ့ ဖယ်ရှားဖို့။ (စာထဲမှာတော့ “မထားဖို့” လို့ ဆိုပါတယ်)
၃။ ဆက်ဆံရေးရုံးတွေကို အမည်ထပ်ပြောင်းခွင့် မပြုဖို့။
၎။ သဘာဝဘေးဒဏ် ကာကွယ်ရေး ကယ်ဆယ်ရေး စီမံချက်များ ရေးဆွဲဇာတ်တိုက်ထားပြီး ပြည်သူတရပ်လုံးသိဖို့ ဆောင်ရွက်ပါ။
နံပတ် ၄ အချက်က ပြည်သူလူထု ကောင်းကျိုးအတွက် ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကြီး ၂ယောက်ရဲ့ အမှာစကားတွေကို ယှဉ်ကြည့်ရင် ဗိုလ်ချုပ်မောင်အေးက ပြည်သူတွေအရေး ဆောင်ရွက်ပေးဖို့ သူ့ လက်အောက်ငယ်သားတွေကို ခိုင်းတတ်တယ်လို့ မှတ်ချက်ချရမလို ဖြစ်နေပါတယ်။

စစ်တပ်အရည်အသွေး၊ ကြက်ဆူပင်၊ ရန်သူများ
တပ်မတော်စစ်ဆေးရာအရာရှိချုပ်နဲ့ တခြားခေါင်းဆောင်တွေကတော့ “တပ်မတော်၏ အစဉ်အလာကောင်းများသည် တဖြည်းဖြည်း လျော့နည်းရာမှ အရည်အသွေးများမှာ ကျဆင်းလာသည်ကို တွေ့ရကြောင်း” လို့ ဆိုပါတယ်။ ပြီးတော့ လောင်စာအတွက် တနှစ်ကို ဒေါ်လာ သန်း ၅၀၀ ကျော် ကုန်ကျနေတဲ့အတွက် ကြက်ဆူပင်စိုက်ဖို့အရေးကြီးကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကမ်းလွန်ရေနံနယ်မြေ အငြင်းပွားချက်ကိုလည်း ရှင်းထားပါတယ်။ “မိမိရေပိုင်နက်အတွင်းရှိသည့် စီးပွားရေးဇုံအတွင်း ဆောင်ရွက်သည် ဖြစ်သော်လည်း အမေရိကန်နိုင်ငံ၏ အားပေးထောက်ပံ့မှုအရ မရရအောင် ပြန်လည် တောင်းဆိုလာသော အနေအထား၊ တနည်းအားဖြင့် ရန်စသော အနေအထားကို တွေ့ရမှာဖြစ်ကြောင်း” လို့ ဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ်၊ ယိုးဒယား နှစ်နိုင်ငံလုံးမှာ အမေရိကန်နှင့် ပတ်သက် - - - - ၊ အချိန်မရွေး ပြည်ပကျူးကျော်စစ်ကို ဆင်နွှဲနိုင်သောအနေအထားဖြစ်ကြောင်း” လို့လည်း ဆိုပါတယ်။

မထူးဆန်းပါဘူး
ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ပြန်လည် ဖောက်သည်ချရာမှာလည်း တပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို တွေ့ရပါတယ်။

“တပ်မတော် တစ်ရပ်လုံး အုပ်ချုပ်မှု ဖြစ်စဉ်များကို သုံးသပ်ရာတွင် အရာရှိများ၊ အထက်အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ အရက် အလွန်အကျွံ သောက်စား မူးယစ်ပြီး ပြဿနာရှာခြင်း၊ - - - -လုံခြုံမှုအားနည်းခြင်းတို့ကို အဓိက တွေ့ရှိရသည့်အတွက် ကြပ်မတ် ကွပ်ကဲ ပြုပြင်သွားရန် လိုအပ်” လို့ ဖော်ပြထားပါတယ်။

စာမျက်နှာ ၄၀ နီးပါးရှိတဲ့ ဒီရဲ့ မှတ်တမ်းကို ဖတ်ပြီးရင် မြန်မာပြည်မှာ စစ်သား၊ စစ်ဗိုလ်၊ စစ်ခေါင်းဆောင်တွေက မနိုင်ဝန် ထမ်းနေပါလား ဆိုတာ တွေ့ရမှာပါ။ စစ်သားက ကာကွယ်ရေး၊ လုံခြုံရေး အလုပ်တွေသာ မဟုတ်၊ စိုက်ပျိုးမွေးမြူရေးက အစ နိုင်ငံတကာဆက်ဆံရေးအဆုံး အလုပ် တာဝန်ပေါင်း များစွာကို ယူထားတာ တွေ့ရမှာပါ။

စစ်သားတယောက်ဟာ သေနတ်ကိုင်တတ်ရုံတင်မကဘဲ အပင်စိုက်တတ်ဖို့၊ နိုင်ငံရေးသမားတွေကို စောင့်ကြည့်ဖို့၊ တနိုင်ငံလုံးရဲ့ စီးပွားရေး အဆင်ပြေဖို့လည်း လိုအပ်တယ်လို့ ဒီအစီရင်ခံစာက ပြောနေသလိုပါပဲ။ ဒီတော့လည်း မြန်မာ့တပ်မတော် အရည်အသွေး ကျလာတာဟာ သဘာဝကျပါတယ်လို့ပဲ ပြောရပါတော့မယ်။ ။

SPDC talks about Rohingya

ရိုဟင်ဂျာအရေး နေပြည်တော် အော်ပြီ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉ရခိုင်ပြည်နယ်ဘက်မှ ရိုဟင်ဂျာများအရေးနှင့်ပတ်သက်ပြီး ဆူပွက်နေချိန်တွင် မြန်မာစစ်အစိုးရ၏ သဘောထားကို ယနေ့ထုတ်သတင်းစာများမှတဆင့် တွေ့လိုက်ရသည်။

10 th Anniversary of Passing of Khin Myo Chit by Maung Swan Yi presented by Htain Linn

စာရေးဆရာမကြီး ခင်မျိုးချစ် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ မောင်စွမ်းရည် စကား

ထိန်လင်း စီစဉ်တင်ဆက်သည်

ဇန်န၀ါရီ ၂၉၊ ၂၀၀၉

ဒီနေရာကနေ သွားရောက် နားဆင်ပါ။

(Filed Photo - Khin Myo Chit with Yin Min Pike)

NLD seminar on current Burmese law and its issues - Photo News

အင်န်အယ်ဒီပါတီ အင်္ဂါနေ့စကားဝိုင်း - ဓာတ်ပုံမြင်ကွင်း

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၂၉၊ ၂၀၀၉

လွန်ခဲ့တဲ့ အင်္ဂါက ကျင်းပခဲ့တဲ့ အင်န်အယ်ဒီ ပါတီရဲ့ လူငယ်ပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ပြသနာများကို ဟောပြောဆွေးနွေးကြပါတယ်။ အဲဒီက မြင်ကွင်းကို တင်ပြလိုက်ပါတယ်။

NLD urged for all political prisoners released

အင်န်အယ်လ်ဒီပါတီက ကုလကိုယ်စားလှယ်ခရီးအမီ သဘောထားထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အဓိကထား

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၂၉၊ ၂၀၀၉


ယနေ့ထုတ်ပြန်ချက် အပြည့်အစုံကို ဖတ်နိုင်ပါတယ်။ ၂၀၀၈ တပ်မတော်အခြေခံဥပဒေနဲ့ ၂၀၁၀ တပ်မတော် ရွေးကောက်ပွဲ အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ တိုင်းပြည်၏ အထွေထွေ အကြပ်အတည်းကို ဖြေရှင်းရန်အတွက် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေးကို အဓိကထား ဆောင်ရွက်ကြရန် သဘောထားထုတ်ပြန်ထားပါတယ်။ ပြည်သူများကလည်း အင်န်အယ်ဒီပါတီ၏ သဘောထားအတိုင်း ရပ်တည်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။

2009 and economic cirsis

၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း
သန်းစိုးလှိုင်
ဇန်နဝါရီ ၂၉၊ ၂ဝဝ၉
(photos: moemaka)
ပြည်ပကလွှင့်တဲ့ မြန်မာပိုင်း ရေဒီယိုတွေ၊ အပတ်စဉ် ထွက်နေတဲ့ ဂျာနယ်တွေရဲ့ စာမျက်နှာပေါ်မှာ ကမ္ဘာမှာ စီးပွားရေး အကြပ်အတည်း ကြုံတွေ့နေရတာ၊ ကုမ္ပဏီတွေက လုပ်သားအင်အား လျှော့တာ၊ ၃လတခါ ထုတ်ပြန်တဲ့ စီးပွားရေး အချက်အလက်တွေမှာ စားသုံးသူ ဝယ်လိုအား လျော့ကျနေတာ၊ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း အမှာစာ လျော့ကျနေလို့ စက်ရုံတွေ ရပ်ထားတာ စတဲ့ သတင်းတွေ ကြားနေ ဖတ်နေရပါတယ်။ ဒါတွေက ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများကို ထိုးနေတဲ့ စီးပွားရေး အရိပ်မည်းကြီးတခုလို ဖြစ်နေပါတယ်။

၂ဝဝ၇-၂ဝဝ၈ ခုနှစ်မှာ အမေရိကန် နိုင်ငံက အိမ်ချေးငွေ စာချုပ်စာတမ်းတွေကနေ အစပြုလိုက်ရာက နေအိမ် ဈေးတွေကျ၊ ငွေကြေးဈေးကွက်ထဲက ဧရာမ ကုမ္ပဏီကြီးတွေ အကြပ်ဆိုက်၊ စတော့ရှယ်ယာတွေ ဈေးထိုးကျနဲ့ ဗြောင်းဆန်နေတဲ့ ဈေးကွက်ရဲ့ ဂယက်က ဥရောပကို ကူးစက်၊ ဂျပန်ကို ကူးစက်၊ တရုတ်နိုင်ငံကို ကူးစက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကြပ်အတည်း တခု အဖြစ်ကို ရောက်ရှိ လာခဲ့ပါတယ်။

အခြားတဘက်မှာလည်း သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေက ဈေးကွက်ထဲမှာ အကြပ်အတည်းတွေ ကြုံနေရတာကို နေ့ချင်း၊ ညချင်း ဆွေးနွေး အဖြေရှာ ရေတို၊ ရေရှည် ကုနည်းတွေနဲ့ ကုဖို့ ကြိုးစားနေတာလည်း ကြားသိနေရပါတယ်။ တနိုင်ငံချင်းသာ မကပဲ ဥရောပ နဲ့ ဂျပန်နဲ့ တရုတ်နိုင်ငံနဲ့ တိုင်ပင် ဆွေးနွေးကြပြီး အတိုးနှုန်း တပြိုင်တည်း လျှော့ချပေးကြတာမျိုးလည်း လုပ်ကိုင်ကြတာကို ကြားသိနေရပါတယ်။ အလုပ်အကိုင် ဆုံးရှုံးတဲ့ လူတွေအတွက် အလုပ်အကိုင်သစ်တွေ ဖန်တီးဖို့ အစိုးရရဲ့ ဘဏ္ဍာငွေထဲက သုံးနိုင်သလောက် သုံးစွဲပြီး အခြေခံ အဆောက်အဦတွေ ဖြစ်တဲ့ လမ်းတွေ၊ တံတားတွေနဲ့ အခြားလိုအပ်ချက်တွေကို လုပ်ဆောင်ပေးကြတာကိုလည်း ကြားရပါတယ်။

ဈေးကွက် စီးပွားရေး စနစ် ဖြစ်တဲ့အတွက် ကုမ္ပဏီ မပြိုလဲရအောင် လုပ်သား အင်အား လျှော့ချတာမျိုး၊ လုပ်ငန်းခွဲတွေ ပိတ်သိမ်းတာမျိုး လုပ်ဆောင်ကာ ရပ်တည်ဖို့ ကြိုးစားကြရတဲ့အပေါ် အစိုးရက ဝင်ရောက် စွက်ဖက်ခွင့် မရှိပေမယ့် အလုပ်အကိုင် ဆုံးရှုံးရသူတွေအတွက် တဘက်မှာ အစိုးရက ထောက်ပံ့ကြေး၊ အလုပ်အကိုင်သစ် ဖန်တီးပေးရေး နည်းတွေနဲ့ အဖြေရှာကြတာကို ကြားသိနေရပါတယ်။

အိမ်ဈေးကွက်
မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ စီးပွားရေး ဆက်စပ်မှု နက်နက်ရှိုင်းရှိုင်း မရှိတဲ့ အချက်ကြောင့် ကမ္ဘ္ဘာ့ စီးပွားရေး အကြပ်အတည်းမှာ အရင်းရှင် နိုင်ငံကြီးတွေလို ခံရစရာမရှိဘူး။ ကိုယ့်နိုင်ငံမှာ စားသုံးမယ့် သီးနှံစပါးကို ကိုယ့်ပြည်တွင်းမှာသာ စိုက်ပျိုးနိုင်တာကြောင့် “ထမင်းတော့ မငတ်ပါဘူး” ဆိုတဲ့ စကားလုံးမျိုးနဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောခဲ့ပါတယ်။ ဒီအချက်ဟာ တကယ်ပဲ မှန်ကန်ပါသလား။

ပြီးခဲ့တဲ့ လအနည်းငယ်က စတင်ပြီး မြို့ကြီးတွေက အိမ်ဈေး မြေဈေးတွေ ကျဆင်းစ ပြုလာပါတယ်။ ဘယ်သူမှ ဒီလိုအချိန်မှာ အိမ်တွေ မြေတွေကို ပိုင်ဆိုင်မှုတရပ် အဖြစ် သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု တရပ် အဖြစ် သော်လည်းကောင်း မဝယ်ကြတော့ပါဘူး။ ပိုင်ဆိုင်မှု ပစ္စည်း ဝယ်ဖို့ထက် လောလောဆယ် ကာလမှာ ငွေသာလျင် လှည့်ပတ်သုံးစွဲဖို့ အကောင်းဆုံး ဖြစ်မယ်လို့ သဘောပေါက် နားလည်ထားကြတာကြောင့်အပြင် လုပ်ငန်းတိုင်းမှာ ဝယ်လိုအား ကျဆင်းနေတဲ့ အတွက် ငွေ များများ စားစားလည်း လူတွေလက်ထဲ မလည်ပတ်နိုင်ကြလို့ ဖြစ်ပါတယ်။


စစ်အစိုးရကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ မပြုလုပ်မီ ဝန်ကြီးဌာနပိုင် မြေနဲ့ အဆောက်အဦ၊ စက်ရုံတွေကို အလောသုံးဆယ် လေလံတင် ရောင်းချလျက် ရှိပါတယ်။ ၂ဝဝ၅ခုနှစ်ကုန် ရန်ကုန်မြို့မှ ပျဉ်းမနားကို စစ်အစိုးရ ပြောင်းရွှေ့သွားပြီး ဝန်ကြီးရုံးတွေကို ဒီအတိုင်းထားရှိပြီး အငှားချတာ ရောင်းချတာမျိုး မလုပ်ခဲ့ဘဲ ယခု၂ဝဝ၈ အကုန်မှာမှ ဆက်တိုက်ဆိုသလို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ယခုလို လုပ်ဆောင်တာဟာ နအဖ စစ်အစိုးရအနေနဲ့ လိုငွေ ပြနေတာကြောင့်လား သို့မဟုတ် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ထုခွဲစရာရှိတာကို ထုခွဲထားပြီး ယူစရာ အကျိုးအမြတ်ကို အိတ်ထဲ တခါတည်း ထည့်ထားတာလား ဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ကားဈေးကွက်
ယခင်က ငွေပိုငွေလျှံ အများဆုံးကို လှည့်ပတ် ရင်းနှီးကြတဲ့ ကားဈေးကွက်လည်း ဝယ်သူမရှိဖြစ်လာတာ ကြောင့်ရပ်ဆိုင်းလု နီးပါးဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ၂ဝဝ၄ ခုနှစ်အကုန်ကတည်းက လူထုထံမှ ခြိမ်းခြောက် သိမ်းဆည်းထားတဲ့ လိုင်စင်မဲ့ကားအစီးရေ တသောင်းခွဲကျော် အနက်က လူကြီးဆိုသူ စစ်အရာရှိတွေ ယူတာယူပြီး ကျန်တာတွေကို လူထုဆီ လေလံတင်ပြီး ပြန်ရောင်းချနေပါတယ်။ နေပြည်တော်၊ တောင်ငူ၊ မန္တလေးတို့မှာ အစီးရေ ရာဂဏန်းနဲ့ ချီ ရောင်းချခဲ့ရာမှာ သိန်းပေါင်း သောင်းဂဏန်း၊ သိန်းဂဏန်းအထိ လူတွေလက်ထဲမှ နအဖ အစိုးရက သိမ်းယူ သွားပြန်ပါတယ်။

ရန်ကုန်မြို့မှ ခြောက်ကပ်နေသော ဟံသာဝတီ ကားပွဲစားတန်း

စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ပစ္စည်း၊ သစ်မာနဲ့ အခြားထွက်ကုန် တင်ပို့ခြင်း လုပ်ငန်းတွေမှာ အခြေအနေ မကောင်းတဲ့အတွက် ကားဈေးကွက်ဟာလည်း အကျိုးဆက်အားဖြင့် ကောင်းမွန်နိုင်ဘွယ် မရှိပါဘူး။ ငွေပိုငွေလျှံရှိလို့ ကားဈေးကွက်မှာ လာမြှုပ်နှံကြသူတွေလည်း ကားဈေးကွက်ကို စွန့်ခွာစ ပြုနေကြတာကို တွေ့ရပါတယ်။ စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ ဇိမ်ခံကားတွေကို အစဉ်အမြဲ ဈေးမြင့်မားနေစေလိုပါတယ်။ ဒါမှ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ မလျော့ပါးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သည်လုပ်ငန်းရှင်တွေက သူတို့နဲ့ ပခုံးချင်းယှဉ်ပြီး လင်ခရုဇာကား၊ မတ်တူး ဇိမ်ခံကားတွေ စီးလာကြမှာကို မလိုလားကြပါဘူး။

နအဖ ခေါင်းဆောင်တွေ အပေါ် စစ်အရာရှိတွေ သစ္စာစောင့်သိဖို့ စည်းရုံးရေး ကိရိယာများ အထဲမှာ အိမ်တွေ မြေကွက်တွေ ပါဝင်သလိုပဲ ဆလွန်းနဲ့ ဗင်ကားဝယ်ခွင့်၊ ကားပါမစ်တွေလည်း ပါဝင်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ တိုင်းမှူးတွေဟာ လင်ခရုဇာ ဇိမ်ခံကား ဝယ်ခွင့်ရရင် သိန်း၂ဝဝဝလောက် အကျိုးအမြတ် ရှိနေတာ ဖြစ်ပါတယ်။ ဒိအပြင် မြန်မာ စစ်တပ်တခုလုံးကို ထောက်ပံ့နေတဲ့ စီးပွားရေး ဦးပိုင် လီမိတက်ရဲ့ ငွေရအလွယ်ဆုံး လုပ်ငန်းတွေအထဲက တခုကတော့ ဂျပန်နိုင်ငံမှ တပတ်ရစ်နဲ့ ဇိမ်ခံကား တင်သွင်း ရောင်းချတာ ဖြစ်ပါတယ်။

ကားပါမစ်တစောင်ကို ကျပ်ငွေ သိန်း ၂ထောင်ကျော် ၃ထောင်နီးပါးအထိ ဦးပိုင်က လွယ်လွယ်နဲ့ ရရှိနေခဲ့တာပါ။ အခု ကားဈေးကွက် အပျက်မှာ စီးပွားရေး ဦးပိုင် အနေနဲ့လည်း ဝင်ငွေလျော့သွားမှာ သေချာပါတယ်။ ငွေများများ လိုချင်ရင်တော့ ခါတိုင်းထက် ကားအရေအတွက် များများ ပိုသွင်းရမှာလည်း ဖြစ်ပါတယ်။

ပဲဈေးကွက်
မကြာခင် လပိုင်းတွေက အိန္ဒိယ နိုင်ငံကို မှီခိုအားထားနေရတဲ့ မြန်မာ့ ပဲဈေးကွက်ဟာ ဈေးနှုန်းကျဆင်း၊ အမှာကျဆင်းပြီး ကြိုရောင်းကြိုဝယ် လုပ်ဆောင်ထားတဲ့ ကုန်သည် ပွဲစားတွေ ထွက်ပြေးကာ ဈေးကွက်လည်း ပျက်စီးခဲ့ပါတယ်။ အစိုးရက ဒီလိုဈေးကွက်ပျက်ရတဲ့ အချက်ကို ပါးစပ်နဲ့ လေပတ်ကား ရောင်းဝယ်တဲ့ ကုန်သည် ပွဲစားတွေကြောင့်လို့ လွယ်လွယ် ကောက်ချက်ချပေမယ့် တကယ့်အခြေအနေက ဒိထက် နက်ရှိုင်းတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ပဲဈေးကွက် ဈေးကျတာဟာ ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းရဲ့ ဂယက်ရိုက်ခတ်မှု တခု ဖြစ်သလိုပဲ အိန္ဒိယ ပဲဈေးကွက်ထဲမှာ မြန်မာနိုင်ငံနဲ့ ဈေးနှုန်းအရ ပြိုင်ဆိုင် ရောင်းချမယ့် ဗီယက်နမ်လို နိုင်ငံတွေ ပေါ်ထွက်လာတာကလည်း အကြောင်း တချက် ဖြစ်ပါတယ်။

ပဲတင်ပို့မှုက ထွက်ရှိတဲ့ အကျိုးအမြတ်ကို စိုက်ပျိုးတဲ့ လယ်သမားတွေက တချို့တဝက်သာ ခံစားရပြီး အတော် များများကို Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) ရဲ့ အဖွဲ့ဝင် ပဲတင်ပို့သူတွေက ပိုခံစားကြရတာပါ။ ဒါကြောင့်လည်း ယခုရက်ပိုင်းမှာ စိုက်ပျိုးရေး ထွက်ကုန် အိတ်စ်ပို့ လိုင်စင်ကို အချက်အလက် ပြည့်စုံရင် နေ့ချင်းပြီး လုပ်ပေးမယ်လို့ စစ်အစိုးရ စီးပွားကူးသန်း ဝန်ကြီးဌါနက ဆိုတာပါ။ ပဲတင်ပို့သူတွေ အကျိုးကို ကြည့်ပေမယ့် စိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးတာမျိုးကို စစ်အစိုးရက ဂရုစိုက်တဲ့ လက္ခဏာ ဘာမှ မတွေ့ရသေးပါဘူး။

ဆန်စပါးဈေးကွက်
ယခုနှစ် စပါးသစ် ပေါ်ချိန်မှာ စပါးဈေး သိသိသာသာကို ကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့ နှစ်မေလမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ စပါး အထွက် ၃၅ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အက်ဖ်အေအို အစီရင်ခံစာက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားရတဲ့ ဧရာဝတီတိုင်းက စပါး အထွက် ကျဆင်းသည့် တိုင် ဈေးနှုန်းမတက်ဘဲ ကျရတဲ့ အကြောင်းရင်းကတော့ နိုင်ငံတကာ ဈေးကွက်မှာ ဈေးကျနေတဲ့ အချက်နဲ့ ဝယ်လိုအား ကျနေတာကြောင့်လို့ ဈေးကွက်ထဲမှ သုံးသပ်ကြပါတယ်။ ယခင်နှစ်တွေက နအဖ အစိုးရက တရားဝင် တင်ပို့ခွင့် ပြုလိုက် မပြုလိုက် လုပ်နေပေမယ့်လည်း နယ်စပ်ထွက်ပေါက်များမှ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို ဆန်ပမာဏ များပြားစွာ တင်ပို့နေခဲ့တာပါ။ ဒီနှစ်တော့ နိုင်ငံတကာ ဆန်ဈေးကွက်မှာလည်း ဈေးကျ အဝယ် မလိုက်တဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံမှာ နအဖ အစိုးရက ဆန်တင်ပို့ခွင့် ပြုသည့်တိုင် ဆန်ဈေး မတက်နိုင်ဘဲ ဖြစ်နေတာပါ။
နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မှ မြင်ကွင်းတခု။ မုန်တိုင်းက အိမ်များ၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဖျက်ဆီးသွားခဲ့သည်။

လက်ရှိ စပါးဈေးဟာ စိုက်ပျိုးသူ တောင်သူလယ်သမားတွေအတွက် စိုက်စရိတ် မကြေတဲ့ အဆင့်ထိ ရောက်နေပါပြီ။ နာဂစ်ကြောင့် ပျက်စီးမှုဒဏ် ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက လယ်သမားတွေအဖို့ ပြီးခဲ့တဲ့ မိုးဦးက စပါးစိုက်နိုင်အောင်၊ မျိုးပေါက်အောင်၊ နောက်တဖန် မြေသြဇာ ထည့်နိုင်အောင် ကိုယ်ထူကိုယ်ထ တဖုံ၊ ကယ်ဆယ် ကူညီရေး အဖွဲ့အစည်းတွေရဲ့ အားယူပြီး တသွယ် ကြိုးစား လုပ်ဆောင်ခဲ့ရပါတယ်။ နာဂစ်က နလန် ပြန်ထလာဖို့ ကြိုးစားခဲ့ရတဲ့ လယ်သမားတွေကို ကမ္ဘာ့ စီးပွးရေး အကြပ်အတည်းက ထပ်မံ နှိပ်စက်ဦးမယ့် အနေအထားကို ယခု ရောက်ရှိနေပါတယ်။

၁၉၃ဝ ဆရာစံ လယ်သမား အရေးတော်ပုံ
၁၉၃ဝ ခုနှစ် ဆရာစံ တောင်သူလယ်သမား ပုန်ကန်မှုဟာ ကမ္ဘာ့ စီးပွားပျက်ကပ်ကြောင့် ထိုစဉ်က မြန်မာ့ဆန် တင်ပို့မှုကို ထိခိုက်ခဲ့ရပါတယ်။ ပြည်ပဈေးကွက်မှာ စပါးဈေးတွေကျ၊ လယ်သမားတွေ အကြွေးတွေတင်၊ ပြန်မဆပ်နိုင်၊ ဒီအကြပ်အတည်း အခါသမယမှာ လယ်သမားတွေကို ဆရာစံ ဦးဆောင်တဲ့ လက်နက်ကိုင် ပုန်ကန်မှုက အရှိန်အဟုန် ကြီးကြီးနဲ့ တောက်လောင်ခဲ့ပါတယ်။ ပုန်ကန်မှုရဲ့ အရင်းခံ အကြောင်းမှာ အင်္ဂလိပ် အစိုးရကို တော်လှန်လိုမှုနဲ့ ထိုစဉ်က အင်္ဂလိပ်အစိုးရမှာ လယ်သမားများကို ကြည့်ရှုဖို့ရာထက် စပါးတင်ပို့ခြင်းဖြင့် အကျိုးရှိနေတဲ့ ကုမ္ပဏီကြီးတွေ အကျိုးကိုသာ ထည့်တွက်ခဲ့တာကို မကျေနပ်လို့ ဖြစ်ပါတယ်။

ယခု ၂ဝဝ၉ ခုနှစ်မှာ ကြုံတွေ့ရတဲ့ ကမ္ဘာ့ စီးပွားပျက်ကပ်ဟာလည်း ၁၉၃ဝ နောက်ပိုင်းမှာ အကြီးဆုံးလို့ အကဲဖြတ်ကြပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ အခြေအနေနဲ့ ယနေ့ ကမ္ဘာ့ အခြေအနေ မတူညီတာတွေ အများအပြား ရှိသလိုပဲ အဲဒီတုန်းက ကိုလိုနီလက်အောက် မြန်မာနိုင်ငံအခြေအနေနဲ့ ယနေ့ စစ်အုပ်ချုပ်မှု လက်အောက် မြန်မာနိုင်ငံ အခြေအနေ မတူညီတာတွေလည်း ရှိမှာ ဖြစ်ပါတယ်။

သို့ပေမယ်လို့ ယခုလက်ရှိ စပါးဈေး ထုတ်လုပ်မှု စရိတ်အောက်ကို ကျဆင်းနေတဲ့ အချက်ကတော့ တိုင်းပြည်ရဲ့ လူဦးရေ ၈ဝ ရာခိုင်နှုန်းက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ ရှိနေတဲ့ မြန်မာနိင်ငံအတွက် အလွန်အရေးကြီးတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ ဒီအချက်ကို ၂ဝ၁ဝ ရွေးကောက်ပွဲ ကိုပဲ စိတ်ဝင်စားနေတဲ့ နအဖ စစ်အစိုးရက သတိမပြုမိဘူးဆိုရင် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံမှာ စီးပွားရေး မကြေနပ်မှုတွေ၊ လူထု အုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နအဖ အစိုးရကတော့ လက်ရှိစီးပွားရေး အကြပ်အတည်းဟာ ဘယ်လောက်ထိ ထပ်မံနက်ရှိုင်းလာနိုင်တယ် ဆိုတာထက်ကို ကြံ့ဖွံ့ အဖွဲ့ကို အသွင်းပြောင်းရေး၊ လက်ရှိ ဝန်ကြီးတွေကို ပါတီထောင်ပြီး ဝင်ရောက် ယှဉ်ပြိုင်စေရေး၊ လာမယ့် ရွေးကောက်ပွဲကို ဝေဘန်ပြောဆိုမယ့် အတိုက်အခံ အင်အားစုအားလုံးကို ဖမ်းဆီး နှိပ်ကွပ်ထားရေးနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံအောင် လုပ်ရေးတွေကိုသာ စိတ်စောနေပါတယ်။

၂ဝဝ၉ ခုနှစ် စီးပွားရေး အကြပ်အတည်းက နိုင်ငံရေး ပြဿနာတရပ်၊ ပေါက်ကွဲမှု တရပ် ဖြစ်လာနိုင်တယ် ဆိုတာကိုတော့ နအဖ စစ်အစိုးရအနေနဲ့ အခု အချိန်ထိ ထည့်သွင်း စဉ်းစားမိပုံ မရသေးပါဘူး။

နာဂစ်မုန်တိုင်းအပြီး ပြန်လည် ရုန်းကန်နေရသည့် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှ လယ်သမားများ

အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံရေး ပြဿနာ သက်သက်ကို စိတ်ဝင်စား ပြောဆိုဖို့ လိုအပ်သလိုပဲ မြန်မာလူထုတွေ နေ့စဉ် ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်မလဲ ဆိုတာကိုလည်း အာရုံစိုက် ပြောဆိုသင့်ပါတယ်။ အာဏာလက်ရှိ စစ်အစိုးရမှာ အများဆုံး တာဝန်ရှိတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ။

3 outstanding Burmese

မြန်မာလူရည်ချွန်သုံးဦး ရာပြည့်
မောင်စွမ်းရည်
ဇန်နဝါရီ ၂၉၊ ၂ဝဝ၉

“ပူဇော်ထိုက်သူ ပူဇော်မူ မှတ်ယူမင်္ဂလာ” ဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တမျိုးတည်းရဲ့ ယဉ်ကျေးမှုဓလေ့ မဟုတ်ပါ။ ကမ္ဘာ့လူသား တရပ်လုံးရဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ ပူဇော်ထိုက်သူ မပူဇော်ဘူး ဆိုရင်တော့ လူရိုင်းတွေ၊ မယဉ်ကျေးသူတွေ၊ အောက်တန်းကျသူတွေလို့ ဆိုရပါမယ်။ ကျနော်တို့ မြန်မာတွေဟာ ပူဇော်ထိုက်သူ ပူဇော်ရေးမှာ တာဝန်ကျေကြပါရဲ့လား ဆိုတာ ကိုယ့်ဘာသာ အလွယ်နဲ့ စဉ်းစားနိုင်ကြပါတယ်။

ဒီနှစ်မှာ မြန်မာလူရည်ချွန် သုံးဦးတို့ရဲ့ သက်တမ်း နှစ်တရာပြည့်တဲ့အခါနဲ့ ကြုံကြိုက်ပါတယ်။ ပညာရှိ စာဆို ဆရာကြီး မင်းသုဝဏ်၊ သတင်းစာဆရာ ဝတ္ထုရေးဆရာကြီး မောင်ထင်၊ ငြိမ်းချမ်းရေး ဗိသုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်တို့ဟာ ၁၉ဝ၉ ခုနှစ်မှာ မွေးဖွားကြသူတွေ ဖြစ်လို့ ဒီနှစ်မှာ ဆရာကြီးတို့ရဲ့ သက်တမ်းဟာ (၁ဝဝ) ပြည့်ပြီဖြစ်ပါတယ်။

ဒါကို ပြည်တွင်းပြည်ပ လူငယ်တွေ သတိပြုမိကြပြီး ရာပြည့်ပွဲတွေ လုပ်ကြမယ်၊ ရာပြည့်စာအုပ်တွေ ထုတ်ကြမယ်လို့ ပြင်ဆင်နေကြပါတယ်။ ဒီအချက်ကို ကြည့်ရင် လူငယ်တွေရဲ့ လက်ရှိ စိတ်ထားကို ချီးကျူး ဝမ်းမြောက်ကြရမှာ ဖြစ်သလို အနာဂတ်အတွက်လည်း ဝမ်းသာရပါတယ်။

ဆရာကြီး ဦးဖေမောင်တင် မှတ်ချက်ပြု မိန့်ဆိုထားခဲ့တဲ့ စကားတခွန်းဟာ အလွန် တန်ဖိုးရှိပါတယ်။ “ကျွန်ုပ်တို့ရဲ့ မြန်မာစာပေသမိုင်းဟာ ကျေးဇူးတရားနှင့် အစပြုခဲ့တယ်” တဲ့။ ပုဂံခေတ်မှာ မြန်မာစာပေကို အပီအသ စတင် ရေးသားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီကာလမှာ ရေးသားခဲ့တဲ့ မြစေတီကျောက်စာ ခေါ် ရာဇကုမာရ်ကျောက်စာဟာ ဖခင်ကို ကျေးဇူးဆပ်တဲ့ စာဖြစ်ကြောင်း အများ သိရှိကြပြီး ဖြစ်ပါတယ်။ ရာဇကုမာရ်ဟာ သားအရင်းဖြစ်လို့ ထီးမွေ နန်းမွေကို ရထိုက်သူဖြစ်ပေမယ့် သားရှိတာကို မသိသေးတဲ့ ဖခင် ကျန်စစ်သားမင်းကြီးက မြေးဖြစ်သူ အလောင်းစည်သူကို ထီးနန်းအမွေ ပေးလိုက်ခဲ့တယ်။

ဒီကတိကို မဖျက်လိုတဲ့အတွက် သားအရင်းကို လယ်မြေဆု၊ ရွာစား မြို့စားဆုလောက်သာ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သားက ဖခင်ကျေးဇူးကို သိတတ်၊ ဆပ်ပေးတဲ့အပြင် ဖခင် ခိုင်းစေသမျှကိုလည်း စိတ်တိုင်းကျအောင် လုပ်ပါတယ်။ စာကြည့်တိုက်တွေ (ပိဋကတ်တိုက်တွေ) တည်ဆောက်ပြီး၊ ပိဋကတ်သုံးပုံကို သံဃာတော်များနဲ့ သေချာ စစ်ဆေးရေးသားပြီး လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့စာပေသမိုင်းဟာ ကျေးဇူးတရားနဲ့ စခဲ့တယ်လို့ ဆရာကြီးက မှတ်ချက်ချပါတယ်။

ခုခေတ် လူငယ်တွေကိုလည်း ကျေးဇူးတရားသိတတ်မှု၊ ပူဇော်ထိုက်သူ ပူဇော်မှုအတွက် သူတို့ကိုလည်း ချီးကျူး ဂုဏ်ပြုရမှာဖြစ်ပါတယ်။ ဆရာကြီးတွေရဲ့ ဂုဏ်ရည်တွေကို ပူဇော်ရင်း အားကျမှုတွေ ဖြစ်ထွန်းလာပါမယ်။

ကဗျာဆရာကြီး မင်းသုဝဏ်ဟာ ခေတ်သစ် မြန်မာစာပေသမိုင်းမှာ အဓိကစာဆိုတဦး ဖြစ်ပါတယ်။ ကျေးဇူးဆပ်လို့ မကုန်နိုင်တဲ့ ကလေးကဗျာ၊ ကလေးစာပေရဲ့ ဖခင်တဦးလည်း ဖြစ်ပါတယ်။ ကျောင်းသုံးဖတ်စာ၊ သက်ကြီးဖတ်စာ၊ “အသုံးလုံး” ဖတ်စာ ပြုစုရေးနဲ့ စွယ်စုံကျမ်း ပြုစုရေးတို့မှာလည်း ခေါင်းဆောင်ခဲ့ပါတယ်။ အဘိဓာန် ပြုစုရေးကိုလည်း တသက်လုံးဘဝကို မြှုပ်နှံပြီးလုပ်ခဲ့တာပါ။

ဒီခေတ်ဟာ ပြည်သူတွေ အဖိနှိပ် ခံနေရတဲ့ ခေတ်ဖြစ်ပါတယ်။ ပြည်သူတွေဘက်က တသက်လုံး ရပ်တည်သွားတဲ့အတွက် ပြည်သူချစ် အမျိုးသားစာဆိုကြီး အဖြစ် ပြည်သူတွေ လေးစားခဲ့ကြတာ ဖြစ်ပါတယ်။

စာရေးဆရာ သတင်းစာဆရာကြီး မောင်ထင်ဟာ ဆရာမင်းသုဝဏ်နဲ့ အတူ တက္ကသိုလ်က ဘွဲ့ရပြီး ဂန္ထလောကမှာလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ စာရေးခဲ့သူ ဖြ စ်ပါတယ်။ တက္ကသိုလ်ပြင်ပရောက်ပြီး မြို့အုပ်ဖြစ်မှ “မြို့အုပ်မင်းဘုံရုံကဗျာများ” ကို လူထုဦးလှရဲ့ ကြီးပွားရေး မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ ခေတ်စမ်းခေတ် စာဆိုတွေထဲက ဝတ္ထုရှည်ရေးသူ အဖြစ် “ငဘဝတ္ထု” နဲ့ မှတ်တိုင် ထူခဲ့ပါတယ်။

သတင်းစာဆရာများဥက္ကဋ္ဌ၊ စာရေးဆရာများအသင်း ဥက္ကဋ္ဌ၊ အသံလွှင့်ဌာန ညွှန်ကြားရေးဝန် စသဖြင့် တာဝန်များလည်း ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံရေးစာပေအဖြစ် ယောမင်းကြီး အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မ သင်္ဂဟကျမ်းတို့ကို ပြုစု တည်းဖြတ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို “နိုင်ငံရေးသုခမိန်” အဖြစ် လေ့လာ ရေးသားခဲ့ခြင်းတို့ဟာ ထူးခြားတဲ့ စွမ်းဆောင်မှုတွေဖြစ်ပါတယ်။

ဦးသန့်ကတော့ ပန်းတနော်ဦးသန့်ရယ်လို့ စာနယ်ဇင်းလောကမှာ ထင်ရှားခဲ့ပါတယ်။ ဂန္ထလောကခေတ်ကတည်းက စာပေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံသားတဦးအဖြစ် သာမက အာရှတိုက်သားတဦး အနေနဲ့ အဦးဆုံး ပေါက်ရောက်သွားခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စတွေကို ဣနြေ္ဒရရ ဖြေရှင်း ဦးဆောင်ခဲ့သူတဦးအဖြစ် ကုလသမဂ္ဂရဲ့ အထင်ရှားဆုံး ခေါင်းဆောင်၊ ငြိမ်းချမ်းရေး ဗိသုကာကြီးရယ်လို့ အများက သိမြင် လေးစားတာကို ခံယူခဲ့ရသူ ဖြစ်ပါတယ်။

“စာပေဂျာနယ်” မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအစ လေးစားထိုက်တဲ့ စာပေခေါင်းဆောင်ကြီးတွေရဲ့ ဘဝနဲ့ စာပေဆိုင်ရာ အထူးထုတ်တွေကို အယ်ဒီတာ မောင်သွေးသစ်က လုပ်ဆောင်ခဲ့ဖူးသလို၊ ခုအခါ မောင်စိမ်းနီ၊ မောင်တင်သစ် စတဲ့ အယ်ဒီတာတွေက “ပိတောက်ပွင့်သစ်”၊ “မြန်မာသစ်” မဂ္ဂဇင်းတို့မှာ ပြုစု ဖော်ထုတ်နေကြတာတွေဟာလည်း အလွန် ကောင်းပါတယ်။

ဂျပန်က မိုးသောက်ကြယ်၊ အာဟာရ၊ အလင်းအိမ်၊ မေခ စတဲ့ စာစောင်တွေ၊ အမေရိကန် ပြည်ထောင်စုက မာယာမဂ္ဂဇင်း၊ သစ္စာမဂ္ဂဇင်းနဲ့ မိုးမခ၊ ယနေ့ဗမာ စတဲ့ ကွန်ပျူတာ မဂ္ဂဇင်းတွေထဲမှာလည်း အလားတူ လုပ်ဆောင်ကြပါတယ်။ မြန်မာ့ “ပင်မရေစီး” နဲ့ “ပြင်ပရေစီး” ပေါင်းစပ်တဲ့ သဘောပါပဲ။

ပြည်ပမှာ ပြည်တွင်းထက် ကောင်းတာက စာပေလွတ်လပ်ခွင့်ရှိခြင်းပါပဲ။ ပြင်ပမှာက ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရ၊ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်လက်ျာ၊ ဦးနု၊ ဦးသန့်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) စတဲ့ ပြည်တွင်းမှာ စစ်အစိုးရက ပိတ်ဆို့ တားမြစ်ထားတဲ့ အကြောင်းအရာ၊ အတ္ထုပ္ပတ္တိတွေကို ရေးသင့် ရေးထိုက်တာ ပြည့်စုံအောင် ရေးလို့ရပါတယ်။ ပြည်တွင်းမှာ သမိုင်းတို့၊ စာပေတို့ မလေ့လာ မထိတွေ့ခဲ့ရဖူးတဲ့ ပြည်ပရောက် မြန်မာလူငယ်တွေဟာ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေအကြောင်းကို အကျယ်အပြန့် သိရှိခွင့် ရလာခဲ့ကြပါတယ်။

ဂျပန်မှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်တွေ၊ တိုင်းရင်းသားတွေ တော်တော်များ ရှိလာတယ်။ ဂျပန်လူမျိုးတွေကလည်း မြန်မာတွေကို ဆွေမျိုးလို ကူညီကြတာတွေ အများကြီး တွေ့ရပါတယ်။ ဂျပန်ရောက် မြန်မာလူငယ်တွေက နှစ်စဉ် စာပေဟောပြောပွဲ အကြီးအကျယ် လုပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ နော်ဝေ၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျကို ရောက်ရှိနေကြတဲ့ မြန်မာတွေထက် လုပ်နိုင်ကြပါတယ်။ အဖွဲ့ ကွဲနေရင်လည်း တူတာ တွဲလုပ်ကြပါတယ်။ ကိုရီးယား (တောင်) နဲ့ စင်ကာပူရောက် မြန်မာတွေလည်း ပိုလို့ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။

မနှစ်က စာဆိုတော်နေ့မှာ ဂျပန်က ဆရာဇော်ဂျီရာပြည့်ပွဲ လုပ်တယ်။ ဒီနှစ် ၂ဝဝ၉ မှာတော့ ဆရာကြီး ဦးဖေမောင်တင် အထိမ်းအမှတ်ပွဲလေးတခု လုပ်ပြီးနောက် ဆရာကြီးမင်းသုဝဏ်နဲ့ ဦးသန့်ရာပြည့်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

နိုင်ငံရေး အဖွဲ့ အစည်းတွေရော၊ နိုင်ငံရေး အဖွဲ့အစည်းဝင် မဟုတ်သူတွေရော ပူးပေါင်း လုပ်ကြမယ်။ ပြည်တွင်းက စာရေးဆရာတွေကို ဖိတ်လို့ရရင် ဖိတ်ကြမယ်။ ပြည်ပရောက် စာရေးဆရာတွေ၊ စာပေပညာရှင်တွေကို ဖိတ်ပြီး စာတမ်းဖတ်ပွဲတွေ လုပ်ပြီး စာအုပ်ထုတ်ကြမယ်။ စာတမ်းပေါင်းချုပ်တွေ ထုတ်ကြမှလည်း အဖတ်တင်မှာပါ။ သူတို့ရဲ့ အားထုတ်မှုတွေကို ပီတိဖြစ်မိလို့ ဝေမျှလိုက်တာပါပဲ။ ။

[ မူရင်း - ခေတ်ပြိုင်အင်တာနက်စာမျက်နှာ၊ http://khitpyaing.org ]

Wednesday, January 28, 2009

Thit Kaung Ein - Again Come Long Hair


ငါ့ဆံပင်တွေ ပြန်ရှည်လာခဲ့ပြီ မာရီလင်

သစ်ကောင်းအိမ်

ဇန်န၀ါရီ ၂၈၊ ၂၀၀၉

နက္ခတ် မကြုံလည်း

မြေသားပေါ်က ငရဲဘုံမှာ

တို့ ပြန်ဆုံကြရအောင် …


ကိုယ်ပိုင်အရောင်အဆင်း မရှိတဲ့

ကြယ်အလင်းတွေ အောက်မှာ

ပိုးစုန်းကြူးငယ်တွေက

မင်းကို လှောင်ရယ်နေကြလိမ့်မယ်

ပျောက်ဆုံးသွားတဲ့ မီးပြတိုက်တွေအတွက်

ငိုရှိုက်မနေပါနဲ့တော့ မာရီလင် …


လူ့အဖြစ် သားရဲတွင်းထဲ

လေထီးမပွင့်ဘဲ ခုန်ဆင်းခဲ့ ...


ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ဟာ

မဆုံးတဲ့ ညဥ့်နက်တွေကို

လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင်

မရိတ်သိမ်းရသေးတဲ့ ကောက်ရိုင်းပင်တွေအတွက်

နွေဦးကြို တံစဉ်တလက်

လရောင်အသိုက်မှာ ငှက်နှိုက်ဖို့

ကျောက်တောင်နံရံတွေကို အာခံနေတဲ့

တောင်တက်သမား တယောက်


မဏိမေခလာမရှိတဲ့ သက္ကရာဇ်တွေထဲ

အလျားလိုက် လက်ပစ်ကူး

တံခွန်ခူးဖို့

ချောတိုင် တက်ခဲ့တယ်


ဇူလိုင် ၂၉ ၂၀၀၈

exodus of Chin ethnic from burma

ချင်းဒေသခံများ အိန္ဒိယသို့ အစုလိုက် အပြုံလိုက် ထွက်ပြေး
မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇန်န၀ါရီ ၂၉၊ ၂၀၀၉

သိန်းနှင့်ချီသော ချင်းပြည်နယ်မှဒေသခံများသည် အိန္ဒိယသို့ ထွက်ပြေး ခိုလှုံနေရကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Human Rights Watch (HRW)၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။ စားနပ်ရိက္ခာရှားပါးမှု၊ လုပ်အားပေး၊ အနိုင်ကျင့်နှိပ်စက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့် ၃ နှစ်အတွင်း လူပေါင်း ၁၄ဝ နှင့် တွေ့ဆုံမေးမြန်းမှုမှ ရရှိသည့်အချက်အလက်များဖြင့် ပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။ ချင်းပြည်တွင် ဖြစ်ပေါ်နေသော အဆိုပါ မတရားမှုများမှာ မြန်မာ့တပ်မတော် နှင့် ချင်းသူပုန်အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အဆိုပါ မတရားပြုမှုများကို ရပ်ဆိုင်းရန် HRW အဖွဲ့ကြီးက တိုက်တွန်းထားသည်။ အိန္ဒိယနိုင်ငံကိုလည်း အဆိုပါ ထွက်ပြေးလာသူများကို အကာအကွယ်ပေးရန်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အား ထွက်ပြေးလာသူများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ပြုရန် မေတ္တာရပ်ခံထားသည်။

Zarganar - Personal Interview

Zarganar turns 48 in Myitkyinar Prison

ဇာဂနာ ၄၈ နှစ် မြစ်ကြီးနားထောင်ထဲမှာ ပြည့်ခဲ့ပြီ

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၂၈၊ ၂၀၀၉

ယမန်နေ့ ၂၇ ရက်နေ့က ပြည်သူ့အချစ်တော် လူရွှင်တော် (ကို) ဇာဂနာ ၄၈ နှစ်ပြည့်ပါတယ်။ အဲဒီအချိန်မှာ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ် ကျခံနေရပါတယ်။ သူရဲ့ အမှတ်တရ အဖြစ် ဓာတ်ပုံမှတ်တမ်းလေးတခုကို တင်ဆက်လိုက်ပါတယ်။

the victim get 5 weeks imprisonment

အကြမ်းဖက်ခံရသူ ထောင်ကျ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၉၊ ၂၀၀၉လူ ၄ ဦး၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လက်ကျိုးသွားသော ဒေါ်ခင်သိန်း။

ပြီးခဲ့သည့် သောကြာနေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးက ဒေါ်ခင်သိန်းကို ထောင်ဒဏ် ၁ လ နှင့် ၇ ရက် ချမှတ်လိုက်သည်။ ၎င်းအား ၀ိုင်းဝန်း ရိုက်နှက်သူ ၄ ဦးအနက် ၃ ဦးကို အမှုမှ အပြီးအပြတ် လွတ်ပေးလိုက်သည်။ ရိုက်နှက်ရာတွင် ပါဝင်သူ မဘုတ်ဆုံ ဆိုသူကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် နေထိုင်သော လယ်သူမကြီး ဒေါ်ခင်သိန်း၏ သမီး မစန်းစန်းသွင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ အဖွဲ့ဝင် တဦး ဖြစ်သည်။ ထို့ကြောင့် ဒေါ်ခင်သိန်းသည် လက်ကျိုးသည်အထိ ရိုက်နှက်ခံရသူ ဖြစ်သော်လည်း ထောင်ကျခဲ့ခြင်းဖြစ်ကြောင်း ယူဆနေကြသည်။ ရိုက်နှက်မှုကြောင့် မျက်မှန်နှင့် နားကပ်လည်း ပျက်စီးသွားသည်ဟု ဆိုသည်။

Indonesia to repatriate 193 boat migrants

အင်ဒိုရောက် ရိုဟင်ဂျာများ ရှေ့ရေး မသေချာ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၈
အင်ဒိုနီးရှား ရေတပ်စခန်းတခုတွင် အထိန်းသိမ်းခံနေရသော ရိုဟင်ဂျာများ ယနေ့ ညနေပိုင်းက ဘုရားဝတ်ပြုနေစဉ် (အပေါ်ပုံ)။ ၎င်းတို့သည် အင်ဒိုနီးရှားသို့ လွန်ခဲ့သည့် ၃ ပတ်က ရောက်ရှိခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ ၎င်းတို့လှေတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရိုဟင်ဂျာ ၁၉၃ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ရာ ထိုင်းစစ်သားများက ကောင်းမွန်စွာ ဆက်ဆံခြင်း မရှိခဲ့ကြောင်း၊ သင့်လျော်သည့် ထောက်ပံ့မှုများ မပေးဘဲ ပင်လယ်တွင်းသို့ တွန်းပို့ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်သည့် အေပီသတင်းတပုဒ်တွင် "အင်တာဗျူးထားတာတွေကို ကြည့်ပြီး ပြောနိုင်တာကတော့ ဒီလူတွေက နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့သူတွေ မဟုတ်ဘူး၊ အလုပ်အကိုင်ရဖို့ ရွှေ့ပြောင်းသွားနေတဲ့သူတွေပဲ" ဟူသော အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး၏ ပြောဆိုချက်ကို ကိုးကားရေးသားထားသည်။
၎င်းတို့ကို အင်ဒိုနီးရှားတွင် နေထိုင်ခွင့် ပြုမည်မဟုတ်ဟု ဆိုသော်လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ မည်သို့ မည်ပုံ ပို့ဆောင်မည်ဆိုသည်ကိုမူ မသိရသေးပေ။ (ဓာတ်ပုံ - AP)