Than Soe Hlaing - Burmese Phone Calling Charg to be surged into triple



၂၀၁၀ နှစ်သစ် - တယ်လီဖုန်းပြောဆိုခများ ရုတ်တရက် ဈေးမြင့်တက်
သန်းစိုးလှိုင်၊ ရန်ကုန်
ဒီဇင်ဘာ ၃၁၊ ၂၀၀၉
          အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျင် တယ်လီဖုန်းလိုင်းဈေး အမြင့်မားဆုံး ဖြစ်သည့် မြန်မာနိုင်ငံတွင် မြို့တွင်းနယ်ဝေးပြောဆိုခများကို မနက်ဖြန် ဇန်န၀ါရီလ ၁ရက်နေ့မှစတင်ပြီး ၃ဆကျော် တိုးမြှင့်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးဝန်ထမ်း တဦးကပြောဆိုသည်။
          ယနေ့အထိ မြို့တွင်းပြောဆိုခ တမိနစ် ၁၅ကျပ် သတ်မှတ်ထားသည့် လိုင်းဖုန်းခေါ် ကြိုးဖုန်းများနှင့် စီဒီအမ်အေ ခြင်းဖုန်းများ၊ တမိနစ် ၂၅ကျပ် သတ်မှတ်ထားသော မိုဘိုင်းဖုန်းများအားလုံးကို အထွက်ခေါ်ဆိုခ တမိနစ်လျင် ကျပ်၅၀ သို့တိုးမြှင့်လိုက်သည်ဟု ရန်ကုန်မြို့ အော်တိုအိတ်ချိန်းရုံးမှ ဆက်သွယ်ရေး ၀န်ထမ်းတဦးက ပြောဆိုသည်။
          အဆိုပါဝန်ထမ်းက `ဒီနေ့ပဲ ကျွန်မတို့ဆီကို ပြောဆိုခနှုန်း မြှင့်လိုက်တဲ့ကြောင်း ဌါနတွင်းအကြောင်းကြားစာ ၀န်ကြီးရုံးက၀င်လာပါတယ်။ မနက်ဖြန်ကစပြီး အကျုံးဝင်မယ်လို့ရေးထားတယ်။ အဲဒါနဲ့ ကိုယ့်အသိမိတ်ဆွေတွေ ဆီ ဖုန်းဆက်ပြီး အသိပေးလိုက်တယ်´ဟု ပြောဆိုသည်။
          တယ်လီဖုန်းပြောဆိုခ ဈေးမြှင့်မည့် သတင်း၊ တယ်လီဖုန်း စတင်တပ်ဆင်ခ မြှင့်မည့် သတင်းနှင့်  လောင်စာဆီဈေးနှုန်းမြှင့်တင်မည့် သတင်းမျိုးကို သက်ဆိုင်ရာဝန်ကြီးဌါနအတွင်းမှာပင် စတင် အကျုံးဝင်မည့်ရက် မတိုင်မီ တရက်အလိုမှ ကပ်ပြီးအကြောင်းကြားလေ့ ရှိသည်ဟု သက်ဆိုင်ရာ ဌါနမှ ၀န်ထမ်းများက ပြောဆိုကြသည်။
          ယခုလို ဖုန်းပြောဆိုခများ မြှင့်တင်လိုက်ခြင်းကို အစိုးရပိုင် သတင်းစာများမှ တရားဝင် ကြိုတင်အသိပေး ထုတ်ပြန်ကြေငြာသည်ကို မတွေ့ရသော်လည်း ယနေ့ထုတ် ပုဂ္ဂလိက ဂျာနယ်တစောင်တွင် အကျယ်တ၀င့် အသေးစိတ် ပါရှိသည်ကိုတွေ့ရကြောင်း ရန်ကုန်ရှိ ဂျာနယ်ပရိသတ်တဦးက ထောက်ပြသည်။
          ၂၀၀၃ ခုနှစ်မတိုင်မီ လိုင်းဖုန်းအထွက်ခေါ်ဆိုခ တမိနစ်ကို ၃ကျပ် သတ်မှတ်ခဲ့ရှာ ၂၀၀၃ နှစ်စဇန်န၀ါရီလ ၁ရက်နေ့တွင်ပင် ၁၅ကျပ်သို့ မြှင့်တင်ခဲ့သည်ကို တွေ့ရှိရပြီး ယခုတကြိမ် ဇန်န၀ါရီလ တရက်နေ့တွင် ဈေးနှုန်းမြင့်တက်မည့် ကိစ္စကိုလည်း ရန်ကုန်မြို့ခံ အချို့က နအဖ အစိုးရ၏ နှစ်သစ်ကူးလက်ဆောင်ဟု နောက်ပြောင်ပြောဆိုနေကြသည်။
          ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်း သုံးစွဲသူတဦးက `အခုလောက် ပြောခတွေ မြှင့်လိုက်တော့ ဖုန်းသုံးတဲ့သူတွေ သိပ်မပြော နိုင်တော့ဘူးပေါ့၊ တချို့သော နိုင်ငံတွေထက်ကို သက်သာတယ်လို့ ဆိုဦးတော့ မြန်မာနိုင်ငံရဲ့ ၀င်ငွေနဲ့ ယှဉ်ရင် များတယ်လို့ ပြောရမယ်။ ဆက်သွယ်ရေး ပိုကောင်းလာရမယ့် အစား ပြောဆိုခမြင့်သွားတာကြောင့် အတားအဆီးတွေများလာတဲ့ သဘောပဲ´ဟု ပြောဆိုသည်။
          မော်လမြိုင်မြို့မှ ဖုန်းသုံးစွဲသူ တဦးကလည်း `ဒီနေ့မနက်ပဲ အဲဒီသတင်းကြားတယ်။ လက်ဘက်ရည်ဆိုင်မှာ ပြောနေကြတယ်။ အဲဒီသတင်းမှန်တယ်ဆိုရင် ကျွန်တော်လည်း ဖုန်းပြောဆိုတာကို ပိုလျော့ရမယ်၊ သတိထားရတော့မယ်။ ပြောစရာရှိတာတွေ ဒီနေ့ကတည်းက ပြောထားရမယ်ထင်တယ်´ ဟုပြောဆိုသည်။
          လက်ရှိ လိုင်းဖုန်း (အိမ်သုံး ရုံးသုံးဖုန်းလိုင်း) များအားမြို့တွင်း တမိနစ် ၁၅ကျပ်နှင့် နယ်ဝေး ခေါ်ဆိုလျင် ၂၅ကျပ်ဖြစ်ပြီး ဂျီအက်စ်အမ်၊ စီဒီအမ်အေ ၄၅၀ နှင့် ၈၀၀ မီဂါဟတ်ဇဖုန်း နှင့် ဆယ်လူလာ စနစ်သုံး လပေးဖုန်းများအား မြို့တွင်း တမိနစ် ၂၅ကျပ်နှင့် နယ်ဝေး ၃၅ကျပ် နှုန်းဖြင့် တွက်ချက်ကောက်ခံလျက် ရှိခဲ့သည်။
          ယခုလို တယ်လီဖုန်းခေါ်ဆိုခ ရုတ်တရက် မြှင့်တင်လိုက်ခြင်း အကြောင်းရင်းကို အစိုးရ၏ အသုံးစရိတ် လိုငွေများပြားလျက်ရှိခြင်းကြောင့် ဟုစီးပွားရေး အကဲခတ်သူများက သုံးသပ်ကြပြီး ၂၀၁၀ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ် မကုန်ခင် ၀န်ကြီးဌါနများတွင် ဘတ်ဂျက်ပိုငွေ မရှိအောင်သုံးစွဲ ခိုင်းခြင်းတို့ကိုလည်း ကြားသိနေရပြီး ထိုအချက်နှစ်ချက်မှာ နားလည်ရခက်ခဲ နေသည်ဟုလည်း လေ့လာသူများက ဆိုသည်။
          သို့ရာတွင် ၂၀၀၉ ခုနှစ်အတွင်း အခွန်အကောက်နှင့်ပတ်သက်ပြီး ယခင်နှစ်များထက် နှုန်းထားကို သိသာစွာမြှင့်တင် ကောက်ခံလာသည့် သာဓကများစွာ ရှိသည်ကိုတွေ့ရသည်။ ဥပမာအားဖြင့် ရန်ကုန်မြို့နှင့် နယ်မြို့များမှ အငှားပြေးဆွဲနေသည့် အငှားယာဉ်များအား ယခင်က တနှစ်တကြိမ်သာ ပြေးဆွဲခွန်ပေးဆောင်ရသော်လည်း ယခုနှစ်တွင် နှစ်နှစ်စာ ကြိုတင်တောင်းခံခြင်း၊ စီးပွားရေးလုပ်ငန်းငယ်များနှင့် အလတ်စားများအပေါ် ၀င်ငွေခွန်ကောက်ခံသည့် နှုန်းထားကို သိသာစွာ မြှင့်တင်ခဲ့ခြင်းတို့ ဖြစ်သည်။
          မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် မိုဘိုင်းဆင်းကဒ် တကဒ်ကို ၃၅ဘတ် (ကျပ် ၁၀၅၀ ၀န်းကျင်)ဖြင့် ၀ယ်ယူရရှိနိုင်ပြီး သက်တမ်းလနှင့် ချီခံကာ ပြောဆိုခ တမိနစ် ကျပ်၃၀ ၀န်းကျင်ဖြင့် သုံးစွဲနေပါက သက်တမ်းကိုသီးသန့် တိုးမြှင့်ရန်မလိုတော့သည် ကိုတွေ့ရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံမှ ကဒ်ဖုံးများကဲ့သို့ အ၀င်ခေါ်ဆိုခပေး ဆောင်ရခြင်းလည်း မရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်မူ လပေး စနစ်သုံး မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းမှာ ကျပ်၁၀သိန်းဝန်းကျင်မှ ၁၆သိန်း၊ ၁၇သိန်းထိ၎င်း၊ တခါသုံးဆင်းကဒ် တကဒ်ကို အက်ဖ်အီးစီ ၂၀ (ကျပ် ၂သောင်းကျော်) ကြိုးဖုန်းများမှာ ကျပ်၁၈သိန်းမှ ကျပ်သိန်း ၃၀ ၀န်းကျင်ထိဈေးကွက်တွင် ဈေးဖြစ်ပေါ်လျက်ရှိသည်။
          ဈေးကွက်စီးပွားရေး ကျင့်သုံးသည့် နိုင်ငံများတွင် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား ခွင့်ပြုလုပ်ကိုင်စေပြီး ထိုသို့ ဆက်သွယ်ရေး ကုမ္ပဏီအချင်းချင်းဈေးကွက်တွင် ပြိုင်ဆိုင်လုပ်ကိုင်ရာမှ ဈေးနှုန်းကျဆင်းလာပြီး သုံးစွဲသူအကျိုးဖြစ်ထွန်းကာ ဖုန်းလိုင်းခ၊ ပြောဆိုခများလည်း တဖြည်းဖြည်းကျဆင်းလာပြီး ၀န်ဆောင်မှုမှာလည်း တိုးတက်လာသည်ကို တွေ့ရှိရသည်။
          မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရကသာ ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး မိုဘိုင်းဖုန်း ကွန်ရက်များမှ အရည်အသွေးကျဆင်းကာ လိုင်းခေါ်ရကြပ်ခြင်း ပြောဆိုသံ မသဲကွဲခြင်း၊ လိုင်းမမိခြင်းစသည့် အခက်အခဲများဖြင့် သုံးစွဲနေကြရသည်။
(ဓာတ်ပုံ - ပန်းဆိုးတန်းနှင့် မဟာဗန္ဒုလလမ်းထောင့်ရှိ မြန်မာ့ဆက်သွယ်ရေးမှ အများသုံး ဖုန်းဆိုင်တခု၊ ယခု တမိနစ်ကို ယခု ၃၀မှ ၅၀ ၀န်းကျင်အကြား ပေးရပြီး မနက်ဖြန်မှစတင်ပြီး တမိနစ် ၅၀ ကျပ်နှင့် အထက်ကောက်ခံလိမ့်မည် ဖြစ်သည်။)

Comments