Students Movement - 26 ( finial part )

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၆) [ နိဂုံးပိုင်း ]
‘အနာဂတ်ကျောင်းသားတိုက်ပွဲ’
အောင်ဝေး
အောက်တိုဘာ ၃၊ ၂၀၀၉

မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ခြုံငုံ သုံးသပ်ကြည့်မယ် ဆိုရင် အပိုင်း(၂) ပိုင်းခွဲပြီး သုံးသပ်နိုင်ပါလိမ့်မယ်။ ပထမ တပိုင်းက ကိုလိုနီခေတ်အတွင်းက ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုများ ဖြစ်ပြီး နောက် ဒုတိယပိုင်းက လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီခေတ်နဲ့ စစ်အာဏာရှင်ခေတ်များ အတွင်းက ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုတွေပဲ ဖြစ်တယ်။

ကိုလိုနီခေတ် သူ့ကျွန်လက်အောက်မှာ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ပေါက်လာရတဲ့ အခြေခံ အကြောင်းရင်းကတော့ တိုင်းပြည်နဲ့ လူမျိုး သူ့ကျွန်ဘဝက လွတ်မြောက်ရေးပဲ ဖြစ်တယ်။ အဲဒီလွတ်လပ်ရေး စိတ်ဓာတ်က အဓိက အရင်းခံ အဖြစ် မောင်းနှင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားတွေဟာ ပညာတတ်များပီပီ လူငယ်များပီပီ အမှန်တရား မြတ်နိုးခြင်းနဲ့ မတရားမှုကို ခုခံ ဆန့်ကျင်ခြင်းဆိုတဲ့ တိုက်ပွဲဝင်စိတ် ခိုင်မာသူများ ဖြစ်လို့ ကိုလိုနီခေတ် အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ တပ်ဦးနေရာက ဦးဆောင်နိုင်ခဲ့တာပါပဲ။

ကျောင်းသားသမဂ္ဂကနေ ရဲဘော်သုံးကျိပ်ကို မွေးဖွားပေးနိုင်ခဲ့တဲ့ သမိုင်းဟာလည်း ကျောင်းသားတပ်ဦးရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြနေတာပါပဲ။

၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်၊ ၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ် ၁၉၃၈ တတိယ သက္ကသိုလ် သပိတ်တွေကနေ မြန်မာ့နိုင်ငံရေး ဒီရေ မြင့်တက်လာပြီး ၁၉၃၈ ခုနှစ်မှာ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တယ်။ ရဲဘော်သုံးကျိပ် ပေါ်ထွန်းလာခြင်းနဲ့အတူ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်။

‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွတ်လပ်ရလေ၊ တို့တတွေသည်၊ အိုဝေကျေးဇူးပါတကား’လို့ ဆရာကြီး မင်းသုဝဏ် ဂုဏ်ပြု ကဗျာဖွဲ့ခဲ့သလို ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှု သမိုင်းဟာ လွတ်လပ်ရေးကို အရယူနိုင်ခဲ့တဲ့ သမိုင်း ဖြစ်တယ်။

ဒီလို အစဉ်အလာ ကြီးမားတဲ့ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှုဟာ လွတ်လပ်ရေး ရပြီးတဲ့နောက် ပြည်တွင်းစစ်ထဲမှာ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ စစ်အာဏာရှင် စနစ်တွေကို ဆက်လက် ဖြတ်သန်းခဲ့ရတယ်။

ပါလီမန်ဒီမိုကရေစီခေတ်က လွတ်လပ်ရေးရတဲ့ ၁၉၄၈ ကနေ ပထမအကြိမ် စစ်အာဏာသိမ်းတဲ့ ၁၉၅၈ အထိ (၁ဝ)နှစ်ပဲ ကြာခဲ့ပါတယ်။

လွတ်လပ်ရေးခေတ်ဦးဖြစ်တဲ့ ပါလီမန် ဒီမိုကရေစီခေတ် တနည်းအားဖြင့် နိုင်ငံရေးအစိုးရခေတ်မှာ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုတွေဟာ ပြည်တွင်းစစ် ရပ်စဲရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး အဓိပ္ပာယ်တွေနဲ့ ပြည့်ဝ လေးနက်နေခဲ့တယ်။

ကျောင်းသားတွေဟာ ပထမအကြိမ် စစ်အာဏာသိမ်းတဲ့ ၁၉၅၈ အိမ်စောင့်အစိုးရ လက်ထက်မှာ စစ်အာဏာရှင် စနစ်ရဲ့ ဖိနှိပ် ချုပ်ချယ်မှု အမျိုးမျိုးကို ကြုံတွေခဲ့ရပါပြီ။ ကျောင်းသားတွေ အကျဉ်းထောင်ထဲ ရောက်ရ၊ တချို့ ကိုကိုးကျွန်း အပို့ခံရတဲ့ အထိ စစ်အစိုးရရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာပါ။

အဲဒီနောက် ၁၉၆၂မှာ ဒုတိယအကြိမ် စစ်အာဏာသိမ်းတဲ့ အခါမှာတော့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး မိုင်းခွဲ ဖြိုချခံရတဲ့အထိ စစ်အာဏာရှင်အစိုးရက ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုတွေကို ချေမှုန်းပစ်လိုက်ပါတယ်။

ဒုတိယ အကြိမ် စစ်အာဏာသိမ်းတဲ့ ၁၉၆၂ ကနေ ၁၉၈၈ အထိ (၂၆) နှစ်ကြာ မဆလခေတ်ထဲမှာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ ကျောင်းသား၊ အလုပ်သမား၊ ပြည်သူတွေရဲ့ ၁၉၇၄ ဇွန်လ (၆)ရက်အရေးအခင်း၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် ဈာပန အရေးအခင်း၊ ၁၉၇၅ ဇွန် ရွှေတိဂုံ အထွေထွေ သပိတ်၊ ၁၉၇၆ မတ်လ မှိုင်းရာပြည့် အရေးအခင်း စတဲ့ တိုက်ပွဲတွေ ဆက်တိုက် ပေါ်ထွက်လာခဲ့တယ်။

ခွပ်ဒေါင်းသွေးတွေ အကြိမ်ကြိမ် မြေကျခဲ့ရတယ်။ အဲဒီ ခွပ်ဒေါင်းတွေရဲ့ သွေးစီးကြောင်းပေါ်မှာပဲ ၁၉၈၈မှာ ကျောင်းသားတွေဦးဆောင်တဲ့ ၁၃၅ဝ ပြည့် အရေးတော်ပုံလို့ ဆိုရမယ့် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ထွက်လာခဲ့တာပါပဲ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ပြည်လည် ပေါ်ထွန်းလာခြင်းနဲ့အတူ ကျောင်းသားတွေဟာ မဆလ စစ်အစိုးရရဲ့ သမ္မတ သုံးယောက်ကို နှစ်လအတွင်းမှာ ဆက်တိုက် ဖြုတ်ချနိုင်ခဲ့တဲ့အထိ သမိုင်း ဂုဏ်ရောင် ပြောင်ခဲ့တာပဲမဟုတ်လား။

ဒီမိုကရေစီပန်းတိုင်ကို ရောက်ခါနီး လက်တကမ်း အလိုမှာတော့ ၁၉၈၈ စက်တင်ဘာမှာ တတိယအကြိမ် စစ်တပ်က အာဏာသိမ်းတာကို ခံလိုက်ရပြီး ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုတွေဟာ ထပ်မံ ဖိနှိပ် ချုပ်ချယ်ခံရပြန်ပါတော့တယ်။

ခွပ်ဒေါင်းတွေရဲ့ သွေးဟာ ခန်းခြောက်သွားတာ မဟုတ်ဘူး။ ဒီသွေးအိုင်ထဲကနေ NLD ပေါ်ထွက်လာခဲ့တယ်။ ၁၉၉ဝ မေလ ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တယ်။ ဒါဟာ ကျောင်းသားတွေ သွေးမြေအကျခံပြီး တိုက်ယူခဲ့ရတဲ့ အောင်ပွဲတွေရဲ့အဆက် ဖြစ်တယ်။

တတိယအကြိမ် စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ကနေ ဒီကနေ့အထိ နဝတ၊ နအဖခေတ် တလျှောက်လုံး ကျောင်းသားတွေဟာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ ဒီိမိုကရေစီ နဲ့ လူအခွင့်အရေး ရရှိရေး လှုပ်ရှားမှုတွေကို အသက်အသေခံ၊ ထောင်ကျခံ၊ ဒုက္ခခံပြီး နည်းမျိုးစုံနဲ့ ဆောင်ရွက်ခဲ့ကြတာပါပဲ။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်စတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ဆင်နွှဲတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တွေဟာ ပြည်သူလူထုက အပြည့်အဝ ယုံကြည် ကိုးစားတဲ့သူတွေ ဖြစ်လာခဲ့ပါတယ်။

‘ရဲဘော်သုံးကျိပ်အစ၊ ကျောင်းသားသမဂ္ဂက’ ဆိုတဲ့ စကား၊ ‘ရှစ်လေးလုံး အရေးတော်ပုံ အစ၊ ကျောင်းသားက’ ဆိုတဲ့ စကားတွေက မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ကျောင်းသားတွေရဲ့ ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှု၊ တိုက်ပွဲဝင်မှု၊ ညီညွတ်မှုတွေကို မော်ကွန်း တင်ထားတာပဲ မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းခေတ်၊ ပထမ လွတ်လပ်ရေး တိုက်ပွဲတုန်းက ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်စဉ်က ‘ဟေ့ သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူက မိရင် လက်အားရင် လက်နဲ့ထိုး၊ ခြေအားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့’ ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားဟာ ခွပ်ဒေါင်းစိတ်ဓာတ်၊ သမဂ္ဂစိတ်ဓာတ်ရဲ့ သာဓကပါပဲ။ ဒါ ဗကသ စိတ်ဓာတ်ပါပဲ။

အဲဒီ စိတ်ဓာတ်နဲ့ပဲ အခု ဒေါ်အောင်ဆန်းစုကြည်ခေတ်၊ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲမှာလည်း ‘တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ၊ ခွပ်ဒေါင်းအလံဟေ့ - ကျောင်းနံရံတဝိုက်၊ ဒေါင်းအလံ ပြန်စိုက်ရမယ်’ လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးခဲ့တဲ့ ကဗျာအတိုင်း စစ်အာဏာရှင် ဖြုတ်ချရေး အနာဂတ် ကျောင်းသား တိုက်ပွဲတွေကို ကျွန်တော် ယုံကြည် မျှော်လင့် နေမိပါတော့တယ်။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese ]

Comments