Than Soe Hlaing - Insein Prison, the potrait of oppression in Burma

အင်းစိန်ထောင် သို့မဟုတ် ဖိနှိပ်မှုရဲ့ ရုပ်ပုံလွှာတချပ်

သန်းစိုးလှိုင်

စက်တင်ဘာ ၂၂၊ ၂၀၀၉

အင်းစိန်ထောင် ဆိုတဲ့ အမည်ကိုကြားလိုက်တဲ့ အခါတိုင်း ဆိုးရွားတဲ့ ခံစားမှု၊ ကြောက်ရွံ့ခြင်း၊ မတရားမှု အသက်အန္တရာယ်၊ ဘ၀ရဲ့ မှောင်မိုက်တဲ့ နေ့ရက်များစတဲ့ ခံစားမှုပုံရိပ်တွေဟာ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ခံစားမှုမှာ ပေါ်လာလေ့ရှိပါတယ်။

အင်္ဂလိပ် ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အင်းစိန်ထောင်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတလျှောက်နဲ့ လွတ်လပ်ရေးရပြီး နောက် အနှစ်၆၀ အတွင်း နိုင်ငံရေး သမားအများစုရဲ့ ဘ၀တက္ကသိုလ် တခုဖြစ်ခဲ့ရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင် အများစုဟာ အင်းစိန်ထောင်နဲ့ မလွတ်ကင်းနိုင်ခဲ့ကြပါဘူး။

လူထု အများစုရဲ့ ယုံကြည်ကိုးစားမှုကို ခံယူရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျင် မကြာမီကလေးကတင် အင်းစိန်ထောင်မှာ နေထိုင်ခဲ့ရပြီး မတရားအမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

နယ်ချဲ့ အစိုးရက သူ့ရဲ့ အုပ်ချုပ်ရေး တည်ငြိမ်အောင်နဲ့ နယ်ချဲ့စနစ်ကို တော်လှန်သူတွေကို ထိန်းသိမ်းဖို့ရာ အတွက်အကျဉ်းထောင် တည်ဆောက်၊ ရာဇသတ်ကြီးပုဒ်မတွေ ရေးဆွဲ၊ အကျဉ်းထောင်လက်စွဲ နည်းဥပဒေတွေ ရေးသားပြီး အုပ်ချုပ်ခဲ့တာပါ။

သို့ပေမယ့် အင်္ဂလိပ် အစိုးရအုပ်ချုပ်မှု အနှစ် ၁၀၀ ၀န်းကျင်ပြီးဆုံးသော်လည်း အင်းစိန်ထောင်ကို တော်လှန်သူ၊ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ထိန်းသိမ်းဖို့ နေရာအဖြစ် သုံးနေရဆဲ ဖြစ်သလို အင်္ဂလိပ် အစိုးရရေးဆွဲခဲ့တဲ့ ကိုလိုနီခေတ် အကျဉ်းထောင် လက်စွဲ နည်းဥပဒေတွေဟာ ယခုထိ အသုံးတဲ့နေဆဲပါ။

မြန်မာနိုင်ငံရေး သမိုင်းနဲ့ အင်းစိန်အကျဉ်းထောင်ဟာ ခွဲခြားမရလောက်အောင်ဖြစ်ခဲ့ပြီး မြန်မာ့သမိုင်းနဲ့ အင်းစိန်အကျဉ်းထောင်ပုံရိပ်ဟာ ယနေ့ထက်ထိ တွဲလျက်နေဆဲပါ။ ဒီအချက်ဟာ တိုင်းပြည်အတွက် ကောင်းတဲ့အချက် တချက်တော့ မဟုတ်ပါဘူး။ တိုင်းပြည် ကောင်းဖို့ရာ အတွက် နိုင်ငံရေး လုပ်ကိုင်သူတွေကို အင်းစိန်အကျဉ်းထောင်မှာ မြင်ရတွေ့နေရတာဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး အကြပ်အတည်း ဘယ်လောက်ကြီးမားသလဲ ဆိုတာကို ပြသနေတဲ့ သဘောလည်း ဖြစ်နေပါတယ်။

အာဏာသိမ်း ၂၁နှစ်မြောက် သို့မဟုတ် ….

ကိုလိုနီခေတ်ရဲ့ ပိသုကာလက်ရာများက အင်းစိန်ထောင် ဗူးဝမှာ နကိုအတိုင်းမြင်ရပေမယ့် မကြာမီနှစ်များက ပြန်လည် ပြင်ဆင်ထားဆောက်လုပ်ထားတဲ့ အင်းစိန်ထောင်ဝင်းရဲ့ အ၀င် ဂိတ်ဝမှာတော့ မြန်မာဘာသာနဲ့ အကျဉ်းဦးစီးဌါနလို့ လက်ယာဘက်မှာ ရေးသားထားပြီးလက်ဝဲဘက်မှာ ပြန်လည်ပြင်ဆင်ရေး ဌါန ရန်ကုန် လို့အဓိပ္ပါယ်ရတဲ့ Correctional Department Yangon ဆိုပြီး တွေ့မြင်ရပါတယ်။

ထောင်အ၀င်ဝ ဆိုင်းဘုတ်ကို ရွှေကနုတ် ဘောင်ခတ်ပြီး ရေးသားထားပေမယ့် အထဲက ဘ၀တွေကတော့ အဲဒီအဓိပ္ပါယ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ် လို့ဆိုရလောက်အောင် ကြမ်းတမ်း ခက်ခဲတယ် ဆိုတာကြားရ ဖတ်ရလို့ လူအများသိနေပြီးသားပါ။

ယနေ့ နေ့လည် ၁နာရီမှာ လွှတ်ပေးမယ့်အကြောင်း မီဒီယာကို လှမ်းဖိတ်ထားတာကြောင့် ဒါဇင်နဲ့ ချီတဲ့ ပြည်တွင်း ပြည်ပ သတင်းဌါနအတွက် သတင်းယူပေးနေတဲ့ သတင်းထောက်တွေ ထောင်ဝကို ရောက်နေကြပါပြီ၊

အင်းစိန်ထောင်ဝင်း အတွင်း ဗူးဝရဲ့ လက်ယာဘက်မှာ ရှိတဲ့ခန်းမတခုအတွင်းမှာတော့ အကျဉ်းဦးစီးက အရာရှိများနဲ့ သတင်းထောက်များ လွှတ်ပေးတဲ့ စာရင်းထဲပါဝင်တဲ့ အမျိုးသမီး လွတ်လူ ၅၀ကျော်ကို ထိုင်ခုံမှာ ထိုင်နေကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂမှာ လုပ်မယ့် အစည်းအဝေးမှာ မျက်နှာရစေဖို့ အတွက် နအဖ အစိုးရရဲ့ အာဏာသိမ်းတဲ့ နှစ်လည်နေ့မှာ အကျဉ်းသား ၇၁၁၄ ယောက်ကို လွှတ်ပေးဖို့ စက်တင်ဘာ ၁၇ရက်နေ့ညမှာ ကြေငြာလိုက်ပါတယ်။ အဲဒီ ၇ထောင်ကျော်မှာ နိုင်ငံရေးနဲ့ ဆက်နွယ်သူ ဘယ်လောက်ပါသလဲ ဆိုတာ လွှတ်ပေးတဲ့ နေ့အထိ သဲသဲကွဲကွဲ မရှိသေးပါဘူး။ ၂၅၀ ကျော်ပါတယ်လို့ အကျဉ်းဦးစီး တာဝန်ရှိသူတွေက ပြောပါတယ်။ သို့ပေမယ့် နယ်ထောင်တွေကပါ လွှတ်မှာမို့ လို့အရေ အတွက်ဘယ်လောက်လဲ ဆိုတာ အတည်ပြုဖို့ ခက်ခဲနေခဲ့ပါတယ်။

ထောင်ဝင်းအတွင်းက ခန်းမအတွင်း မှာတော့ ဒုတိယမြောက် ထိုင်ခုံတန်းထိပ်မှာ ထိုင်နေသူ မိန်းကလေးတဦးဟာ လွန်ခဲ့တဲ့နှစ်က နာဂစ်ဒုက္ခသည်တွေကို ကုလသမဂ္ဂ အဖွဲ့အစည်းဆီ ခေါ်သွားပေးလို့ အရေးယူ အပြစ်ပေးခံခဲ့ရတဲ့ သတင်းထောက် မအိမ့်ခိုင်ဦးပါ။

ပထမဆုံး သတင်းထောက်တွေ သူ့အနားကို ၀ိုင်းသွားကြပြီး ကျန်းမာရေး အခြေအနေ၊ ဘယ်သူတွေလွတ်တယ် ကြားလဲ စသဖြင့်ဝိုင်းမေးကြပါတယ်။ သူက အေးဆေးစွာ၊ သိပ်ပြီး စိတ်လှုပ်ရှားတဲ့ အမူအရာ မပြပဲ မေးတဲ့ မေးခွန်းတွေကို ဖြေနေတာတွေ့ရပါတယ်။ အခုလို လွတ်လာပြီဆိုတော့ သတင်းထောက်ပြန်လုပ်မလား၊ ဘာလုပ်ဖို့ စိတ်ကူးထားသလဲလို့ မေးတဲ့အခါ တည်ငြိမ်စွာပဲသတင်းထောက်ပဲ ပြန်လုပ်မှာပါလို့ ဖြေပါတယ်။ ပေါင်ပေါ်တင်ထားတဲ့ လက်ထဲမှာတော့ ၉လုံးပုတီးကုံးငယ် ကိုကိုင်ထားတာ တွေ့မြင်ရပါတယ်။

သူဟာ အင်းစိန်ထောင်ရဲ့ အမျိုးသမီးဆောင် တိုက် ၁မှာ နေထိုင်ခဲ့ရပြီး နှစ်နဲ့ချီတဲ့ အချိန်တွေကို စာဖတ်ခြင်း၊ ပုတီးစိပ်ခြင်း တို့နဲ့ တည်ငြိမ်စွာ ကျော်ဖြတ်ခဲ့ပုံပေါ်ပါတယ်။ လက်ဝဲဘက် လက်ဖျံမှာတော့ အင်းစိန်အကျဉ်းထောင်ရုံးက မလွှတ်မီ လူစစ်ပြီး ရိုက်ထားတဲ့ တံဆိပ်တုံး အရာကိုလည်း မြင်ရပါတယ်။

အမျိုးသမီး လွတ်လူများကို ခေါ်ပြီးမကြာခင်မှာ အမျိုးသား လွတ်လူများဝင်ရောက်လာကြပါတယ်။ အရှေ့ပိုင်း ထိုင်ခုံမှာ ထိုင်နေတဲ့အထဲမှာ ရုပ်ရည် သန့်သန့်နဲ့ အသက် ၆၀ ၀န်းကျင် အရွယ် တီကြား သန်းလှလို့ခေါ်တဲ့ ဘိုးတော် သန်းလှဟာလည်း တယောက် အပါအ၀င်ဖြစ်ပါတယ်။ သူ့ကို သတင်းထောက်တွေက မေးဖို့ ချဉ်းကပ်တဲ့အခါ ဥပုသ်စောင့်ထားလို့ မဖြေပါရစေနဲ့ လို့ဆိုပြီး ငြင်းခဲ့ပါတယ်။ မီဒီယာမှာ မပါချင်တာကြောင့် လို့နားလည် လိုက်ကြပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ လက်စွဲ အခါတော်ပေးလုပ် ခဲ့တာကြောင့် သူဟာ အဖမ်းခံခဲ့ရပြီး နှစ်နီးပါး အကြာမှ ပြန်လွတ်လာတာပါ။ သတင်းထောက်တွေရဲ့ကင်မရာမီးတွေ၊ ဗီဒီယိုကင်မရာ တွေအကြား ခေါင်းငုံ့ပြီး တတ်နိုင်သရွေ့ မထင်ရှားအောင် ထိုင်နေခဲ့တာပါ။

သူနဲ့ တတန်းထဲ ထောင့်ခုံမှာတော့ ဆံပင် အဖြူ တ၀က်နဲ့ ခပ်ပိန်ပိန်၊ အကျီင်္င်္နွမ်းနွမ်းဝတ်ထားကာ အစိမ်းရောင် လွယ်အိတ်တလုံး မြွေရေခွံအိတ်လို့ခေါ်တဲ့ နိုင်လွန်အိတ်နဲ့ ချုပ်ထားတဲ့ လက်ဆွဲအိတ်ကို ရှေ့မှာချထားသူ တယောက်ကို မြင်တွေ့ရပါတယ်။

သူ့ကို ဘာအတွက်နေခဲ့ရတာလဲ ဘယ်လောက်နေခဲ့ရလဲ လို့မေးလိုက်တဲ့အခါမှာဗီဒီယို မှတ်တမ်းတင်မှုနဲ့ ကျတာ၊ သေဒဏ်ကျပြီး ၂၁နှစ်နီးပါး နေခဲ့ရတယ်၊ အစိုးရ တီဗီမှာ ပြခဲ့တဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်ဆိုတာ ကျွန်တော်ရိုက်တဲ့ ဗီဒီယို မှတ်တမ်းပါလို့ ဖြေပါတယ်။

အဲဒီလို ဆိုတော့မှသူဟာ ၈လေးလုံး အရေးတော်ပုံ ကာလက တောင်ဥက္ကလာ မြို့နယ်ဘက်မှာ စစ်အစိုးရရဲ့ ထောက်လှမ်းရေး တွေက အခြေအနေ ရှုပ်ထွေးအောင် အဆိပ်ခတ်တဲ့ လုပ်ရပ်တွေကြောင့် လူထုက ဒေါသနဲ့ တုံ့ပြန်တဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ခဲ့သူမှန်း သိရပါတော့တယ်။ ရှင်းရှင်းပြောရရင်တော့ အဆိပ်ခတ်သူလို့ စွပ်စွဲ ပြီးဖမ်းဆီးခံရသူတွေကို လူထုက ခေါင်းဖြတ်အပြစ်ပေးတဲ့ အဖြစ်အပျက်တွေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့သူပါ။

သူ့နာမည်က ဦးဝင်းမြင့်။ တောင်ဥက္ကလာမှာ လောကနတ် ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းကိုလုပ်ကိုင် နေခဲ့သူပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ နယ်စပ်ကို ရှောင်တိမ်းသွားခဲ့ပြီး အခြေအနေအနည်းငယ် ပြန်ငြိမ်သွားတဲ့ ၁၉၈၈ ခု ဒီဇင်ဘာလ ပြည်တွင်းကို ပြန်ဝင်အလာ မုဒုံမှာ အဖမ်းခံခဲ့ရပါတယ်။ မော်လမြိုင်မြို့က အမှတ် ထောက်လှမ်းရေးတပ်မှာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီးနောက် စစ်ခုံရုံးနဲ့ သေဒဏ် အပြစ်ပေးခဲ့ပါတယ်။

အဲဒီနောက်တော့ အင်းစိန်ထောင်နဲ့ သာယာဝတီထောင်တွေမှာ ၈၉ခုနှစ်ကနေ လွတ်လာတဲ့ ယနေ့အထိ အချိန်ကာလ အားဖြင့် ၂၁ နှစ်နီးပါး နေထိုင်ခဲ့ရပါတယ်။ သူအဖမ်းခံရစဉ် အသက် ၃၅ နှစ်အရွယ် သာရှိသေးပြီး၊ ယခုလွတ်မြောက်လာတဲ့အခါ ၅၆နှစ်၊ အဖမ်းခံရစဉ်က အရွယ်မရောက်သေးတဲ့ သမီးဖြစ်သူဟာ အခုအိမ်ထောင်ကျပြီး သားသမီးတွေတောင်ရ နေပြီ။ တခါတခါမှာ သမီးကထောင်ဝင်စာ လာတွေ့တယ်လို့ သူကဆိုပါတယ်။

ဘ၀သက်တမ်းရဲ့ ၃ပုံတပုံနီးပါးကို အုတ်နံရံများအကြား၊ သေဒဏ်စီရင်ချက်ချခံထားရသူ သူ အဖြစ်နဲ့ရော၊ တသက်တကျွန်း အကျဉ်းသား အဖြစ်နဲ့ပါ နေထိုင်ကုန်လွန်စေခဲ့ ရတာပါ။

အခုလို နအဖအစိုးရရဲ့ ၂၁နှစ်မြောက် အာဏာသိမ်းနှစ်ပတ်လည် နေ့မှာ နိုင်ငံတော် အစိုးရရဲ့ စိတ်ကောင်း စေတနာနဲ့ လွှတ်ပေးမယ့် စာရင်းထဲ သူပါနေလို့ ပျော်သလားလို့ မေးကြည့်တဲ့အခါကျွန်တော့်လွတ်ရက်က နောက်လ ၁၉ရက်ပါ၊ ဘယ်လိုမဆို ကျွန်တော် လွတ်ဖို့ တလပဲကျန်တော့တာ .. အခု တလအလိုမှာ လွှတ်ပေးတယ် ဆိုတော့ ပြောရရင်တော့ ထူးထူးခြားခြား ၀မ်းမသာဘူးပေါ့ဗျာလို့ဆိုခဲ့ပါတယ်။

သူ့လို ၀မ်းမသာနိုင်တဲ့ သူတွေ ထိုထောင်နဲ့ချီတဲ့ လွှတ်လူတွေအကြား ရှိနေကောင်း ရှိနေဦးမှာ ဖြစ်ပါတယ်။

(ဓာတ်ပုံ - မိုးမခ)

Comments