Students Movement - 25

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အမှတ် ၂၅)
‘ဗကသ နှင့် ရွှေဝါရောင်တော်လှန်ရေး’
အောင်ဝေး
စက်တင်ဘာ ၂၆၊ ၂၀၀၉

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတွင် ဟောပြောနေသော ကျော်ကိုကို

ကျောင်းသားသမဂ္ဂ သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် အထက်မြန်မာပြည် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုဟာလည်း အရေးကြီးတဲ့ အခန်းက ပါဝင်နေတယ် ဆိုတာ တွေ့ရပါတယ်။


‘မြင်းခွာ တချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်’ ဆိုတဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင် ကိုဗဟိန်းဟာ မန္တလေး တက္ကသိုလ်ကနေ ရန်ကုန် တက္ကသိုလ်ကို ရောက်ရှိလာခဲ့သူပါ။ ၂ဝဝ၈ ခုနှစ်ထဲမှာ နအဖ စစ်အစိုးရရဲ့ ထောင်ဒဏ် (၁ဝ၄) နှစ် မတရား ချမှတ်ခြင်း ခံရတဲ့ ကျောင်းသား ခေါင်းဆောင် ကိုဗိုလ်မင်းယုကိုဟာ မန္တလေးက အထက်မြန်မာပြည် ဗကသ အဖွဲ့ဝင် တစ်ယောက်ပါ။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ် မကျခင် ၁၉၈၉ ဇွန်လထဲမှာ အထက် မြန်မာပြည် ဗကသ ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။

အတိတ်မှာတုန်းကတော့ ၁၉၅ဝ ပြည့်လွန် နိုင်ငံရေးအစိုးရခေတ်မှာ မန္တလေး တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ မန္တလေး တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုဟာ ရန်ကုန်တက္ကသိုလ်နဲ့ အပြိုင် အားကောင်း မောင်းသန် ရပ်တည်ခဲ့တာ ဖြစ်တယ်။

အဲဒီခေတ်တုန်းက မန္တလေး တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဦးဆောင်မှု ပေးခဲ့တဲ့သူတွေကတော့ ဆရာမောင်သာရ၊ ဆရာမောင်သာနိုး၊ ဆရာမောင်မိုးသူ၊ ဆရာမောင်စွမ်းရည်၊ ဆရာကြည်အောင်၊ တက္ကသိုလ်မောင်စောလွင်၊ မောင်ပေါက်စည်(မန်းတက္ကသိုလ်)၊ မုံရွာတင်ရွှေ၊ ရဲဘော်စိုးဝင်းမောင်၊ ရဲဘော်ဖိုးသံချောင်း၊ မြင်းခြံလေးမောင် စသူတို့ပါပဲ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ABFSU) ရဲ့ သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် ၁၉၅၁ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့မှာ ဗကသ များ အဖွဲ့ချုပ်ကို စတင် ဖွဲ့စည်းခဲ့တယ်။ ၁၉၅၆မှာ စတုတ္ထကွန်ဂရက်၊ ၁၉၅၈မှာ ပဉ္စမကွန်ဂရက်။ ၁၉၆ဝမှာ ဆဌမကွန်ဂရက် စသည်ဖြင့် ကွန်ဂရက်အသီးသီးကို ကျင်းပခဲ့တယ်။ ၁၉၆ဝ ဆဌမကွန်ဂရက်ဟာ နိုင်ငံရေးအစိုးရခေတ် တနည်း ပါလီမန် ဒီမိုကရေစီခေတ်မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ကွန်ဂရက် ဖြစ်တယ်။

၁၉၆၂ တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းတဲ့ အချိန်ကစပြီး ၁၉၈၈ မဆလ စစ်အစိုးရ ပြုတ်ကျမသွားခင်အထိ ကျောင်းသားသမဂ္ဂ အနေနဲ့ ကွန်ဂရက် ခေါ်ယူ ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် မဆလခေတ် ကုန်ဆုံးတဲ့ ၁၉၈၈ခုနှစ်၊ သြဂုတ်လ(၂၈)ရက် ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ ကျင်းပခဲ့တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ ဦးဆောင်တဲ့ ဗကသ ပြည်လည် ဖွဲ့စည်းရေး ကျောင်းသားထု အစည်းအဝေးကြီးဟာ ဗကသများ အဖွဲ့ချုပ်ရဲ့ သတ္တမ ကွန်ဂရက်အဖြစ် သမိုင်းဝင်တယ်လို့ ကျောင်းသား ခေါင်းဆောင်ဟောင်းကြီးတွေက ဆိုပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ သမိုင်းအရ ပြောရရင် ၁၉၈၈ ကနေ ၂ဝဝ၇အထိ ဗကသ ဖွဲ့စည်း လှုပ်ရှားမှု သုံးကြိမ် ပေါ်ပေါက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

၁၉၈၈မှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ ဦးဆောင်တဲ့ ဗကသ ပေါ်ထွက်ခဲ့တယ်။ အဲဒီ ၈၈ ဗကသ ကနေ မွေးဖွားခဲ့တဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABFSU) ကျောင်းသား တပ်မတော်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ဟာ ဒီနေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲထဲမှာ လူထုနဲ့ အတူ ရှိနေဆဲဖြစ်တယ်။

၁၉၉၃ မှာ ဗကသ (ယာယီ) ဖွဲ့စည်း လှုပ်ရှားမှု တစ်ခု ပေါ်ထွက်လာခဲ့တယ်။ ၉၃ ဗကသ ကို ဦးဆောင်သူ တဦးက အိုးဝေဇော် (ခေါ်) ရဲဘော်ထက်မိုး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ၉၃ ဗကသ ကနေ ဆင်းသက်လာတဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ)ဟာ ဒီနေ့ လွတ်မြောက် နယ်မြေမှာ ရပ်တည် လှုပ်ရှားနေပါတယ်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး မတိုင်ခင် ၂ဝဝ၇ သြဂုတ်လ (၂၈)နေ့မှာ ကျော်ကိုကိုတို့ ဦးဆောင်တဲ့ ဗကသ တဖန် ပေါ်ထွန်းလာခဲ့ပါပြီ။

နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ကြရတဲ့ ကျောင်းသားသမဂ္ဂရဲ့ နီရဲတဲ့ ခွပ်ဒေါင်း အလံတွေကို အဲဒီ ၂ဝဝ၇ ဗကသ နဲ့ အတူ ရွှေဝါရောင် တော်လှန်ရေးမှာ ပြန်လည် မြင်တွေ့ခဲ့ကြရပါတယ်။

၂ဝဝ၇ ဗကသကို မဖွဲ့စည်းခင်ကတည်းက ၂၀၀၇ မျိုးဆက် ကျောင်းသားငယ်တွေဟာ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားကြီးတွေနဲ့အတူ လက်တွဲ လှုပ်ရှားခဲ့ကြတာပါ။ သြဂုတ်လ (၈)ရက် ငါးထပ်ကြီးဘုရား၊ သိပ္ပံကျောင်းတိုက်မှာ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးစီး ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၁၉)နှစ်ပြည့် အခမ်းအနားမှာ မင်းကိုနိုင်၊ ကိုကိုကြီး မျိုးဆက်ဟောင်းတွေနဲ့ အတူ အဲဒီ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားငယ်တွေ လူထုရှေ့မှောက် ရောက်လာပါတယ်။

၂ဝဝ၇ သြဂုတ်လ (၂၁)ရက် ညသန်းခေါင် ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင် (၁၅) ဦးကို နအဖ က ထိန်းသိမ်းလိုက်ပြီးတဲ့နောက်၊ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေး၊ မနော်အုန်းလှတို့ ဦးဆောင်တဲ့ သြဂုတ်လ လူထု ဆန္ဒပြပွဲတွေမှာ အဲဒီ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားတွေ ဝိုင်းရံခဲ့ကြတယ်။

သြဂုတ်လ (၂၈)ရက်နေ့မှာ သူတို့ ဗကသကို ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း ကြေညာတယ်။ ၂ဝဝ၇ စက်တင်ဘာ (၅) ရက် ပခုက္ကူ သံဃာ့ အရေးအခင်းကစပြီး လမ်းလျှောက် မေတ္တာပို့ ဆန္ဒပြတဲ့ သံဃာတော်တွေကို အဲဒီ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားတွေက လိုက်လံ စောင့်ရှောက်ပေးခဲ့ကြတယ်။

၂ဝဝ၇ စက်တင်ဘာ (၂၄)ရက်နဲ့ (၂၅)ရက် အထွေထွေ သပိတ်ကြီးမှာ ၂ဝဝ၇ ဗကသရဲ့ အခန်းကဏ္ဍက အရေးပါခဲ့တယ်။ ရွှေတိဂုံအရှေ့ဘက်မုခ် ကြေးသွန်းဘုရား သပိတ်စခန်းမှာ ၂ဝဝ၇ ဗကသ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံ လွှင့်ပြီး စာပေ အနုပညာရှင်တွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အတူ သံဃာ့ လှုပ်ရှားမှုကို လက်တွဲ မြှင့်တင်ခဲ့ကြတယ်။

ဆူးလေဘုရားမှာ ဗကသများ အဖွဲ့ချုပ် ကိုယ်စား ကျောင်းသား ခေါင်းဆောင် ကျော်ကိုကိုက တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင် ဖြုတ်ချရေး ရဲရဲတောက် မိန့်ခွန်းပြောခဲ့တယ်။

စက်တင်ဘာလ (၂၆)ရက်နေ့ကစပြီး နအဖရဲ့ စစ်တပ်နဲ့ လုံထိန်းရဲတွေက သံဃာ့ လှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲခဲ့ပါတယ်။ နအဖ က ရက်ရက်စက်စက် အင်အားသုံး ချေမှုန်းနေတဲ့ ကြားမှာပဲ စက်တင်ဘာ (၂၇) (၂၈) (၂၉)ရက်နေ့တွေအထိ ၂ဝဝ၇ ဗကသ ကျောင်းသားတွေ မကြောက်မရွံ့ ခွပ်ဒေါင်း အလံတွေ တလူလူ လွှင့်ပြီး သံဃာတွေ၊ ပြည်သူတွေနဲ့ အတူ ဆက်လက် ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အခုတော့ ဒီ ၂ဝဝ၇ ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမြဟိန်း၊ ကိုစည်သူမောင်၊ ကိုဉာဏ်လင်းအောင်၊ မဟန်နီဦး စသူတို့ကို နအဖ စစ်အစိုးရက ဝေးလံ ခေါင်ဖျားလှတဲ့ အကျဉ်းထောင် အသီးသီးမှာ မတရား ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါပြီ။

နအဖ အစိုးရက ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ်၊ ကျောင်းသားစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်က ဘယ်တော့မှ သေမသွားဘူး ဆိုတာ ရွှေဝါရောင်တော်လှန်ရေးကြီး တနှစ်ပြည့်တဲ့ အချိန်မှာ ဖွဲ့စည်း ပေါ်ထွက်လာတဲ့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) ရဲ့ ဒီကနေ့ လှုပ်ရှားမှုတွေက အထင်အရှား သက်သေပြနေပြီပဲ မဟုတ်ပါလား။ ။

(ရှေ့တပတ်တွင် နိဂုံးပိုင်းကို တင်ဆက်ပါမည်။)



[ မူရင်း - လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese ]

Comments