Students' Movement 23

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အပိုင်း - ၂၃)

‘ရှစ်လေးလုံး အလွန်ကျောင်းသားတိုက်ပွဲများ’
အောင်ဝေး
စက်တင်ဘာ ၁၂၊ ၂၀၀၉(graphic: kyaw win)
ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး မြန်မာ့နိုင်ငံရေး သမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသားတိုက်ပွဲ နှစ်ခု ဆက်လက် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါတွေကတော့ ၁၉၉၁ ဒီဇင်ဘာ နိုဘယ်ဆု အရေးအခင်းလို့ ခေါ်တဲ့ တိုက်ပွဲနဲ့ ၁၉၉၆ ဒီဇင်ဘာ အရေးအခင်းတွေပါပဲ။

၁၉၉၁ ထဲမှာ ၁၉၈၉ ခုနှစ် ကတည်းက နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံကို သွားရောက်ပြီး ဆု လက်ခံယူဖို့ အခက်အခဲ ဖြစ်အောင် နဝတ က လုပ်ပါတယ်။

နဝတ စစ်အုပ်စုဘက်က ဒေါ်အောင်ဆန်းစုကြည် ဆုယူဖို့ သွားမယ် ဆိုရင် သွားခွင့်ပြုမယ်၊ ဒါပေမဲ့ တိုင်းပြည်ကိုတော့ ပြန်လာလို့ မရတော့ဘူး ဆိုတဲ့ လေသံ ထွက်လာပါတယ်။ နဝတရဲ့ သဘောထားကို ပြည်သူလူထုက မကျေနပ်ကြပါဘူး။ အဲဒီအချိန်မှာ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)က စတဲ့ အစိုးရ ဆန့်ကျင်ရေး ကျောင်းသား အုံကြွမှု ပေါ်ပေါက်လာခဲ့တာပါပဲ။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ တက္ကသိုလ်ပေါင်းစုံက ကျောင်းသူ ကျောင်းသားတွေဟာ နဝတ အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရတဲ့ အပေါ် ထားတဲ့ သဘောထားကို ဆန့်ကျင် ရှုတ်ချပြီး ဆန္ဒပြကြပါတယ်။

ဒီဇင်ဘာ (၁၁)ရက် (၁၂)ရက်နေ့အထိ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားထုကြီးရဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ ကျောင်းသားတိုက်ပွဲပါပဲ။ အဲဒီအချိန်မှာ ရှစ်ဆယ့်ရှစ် အရေးအခင်း အပြီး ကျောင်းတွေ အကြာကြီး ပိတ်ထားရာကနေ ပြန်ဖွင့်လိုက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။

အဲဒီကာလဟာ ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ထောင်ထဲ ရောက်နေကြပါတယ်။ ကိုမိုးသီးဇွန် တောခိုသွားပါပြီ။ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီလည်း လွတ်မြောက်နယ်မြေကို ကူးပြောင်းသွားတဲ့ အချိန်ပါ။

NLD က ၉ဝ ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမဲ့ နဝတ က အာဏာ လွှဲမပေးတဲ့အပြင် လူဖမ်းပွဲကြီး အကြီးအကျယ် လုပ်လာတဲ့ အတွက် NLD လူကြီး လူငယ်တွေ ထောင်ထဲ ရောက်သူရောက်၊ တောထဲ ပြေးသူပြေး ဖြစ်ကုန်ပါတယ်။

၁၉၉၁ နိုဘယ်ဆု အရေးအခင်းဟာ နဝတ စစ်အုပ်စုက အပြင်းအထန် နှိမ်နှင်းချေမှုန်းတဲ့ အတွက် ရပ်တန့်သွားခဲ့ရပါတယ်။ ကျောင်းသား (၂ဝဝ)ကျော် အဖမ်းခံရပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ကျောင်းသားထုရဲ့ ရင်ထဲမှာတော့ ရှစ်ဆယ့်ရှစ် စိတ်ဓာတ်က မကျိုးမကြေဘဲ ကြံ့ကြံ့ခံ ကျန်ရစ်နေခဲ့ပါတယ်။

ဒီ ရှစ်ဆယ့်ရှစ် စိတ်ဓာတ်နဲ့ပဲ ၁၉၉၆ ခုနှစ်ထဲမှာ နောက်ထပ် ကျောင်းသားတိုက်ပွဲ တခု ထွက်ပေါ်လာခဲ့ပြန်တာ ဖြစ်တယ်။

၁၉၉၆ အရေးအခင်းဟာ စက်မှုတက္ကသိုလ်ကပဲ စတင်ခဲ့တာပါ။ ၁၉၉၆ အောက်တိုဘာ (၂ဝ) ရက်နေ့ အင်းစိန် စော်ဘွားကြီးကုန်း အဝေးပြေး ကားဂိတ်မှာ စက်မှုတက္ကသိုလ် ကျောင်းသား (၃)ဦးနဲ့ စည်ပင်ရဲ၊ နယ်ထိန်းရဲတချို့ ပြဿနာဖြစ်ရာက စခဲ့တာပါ။

ဒီကျောင်းသား (၃)ယောက်ကို ရဲတွေက ဖမ်းဆီး ချုပ်နှောင်ပြီး အင်းစိန် ရဲစခန်းထဲထည့် ရိုက်နှက်ကြပါတယ်။ စက်မှု တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဆရာတွေက ဒီကျောင်းသား (၃)ယောက်ကို အင်းစိန် ရဲစခန်းကနေ ခေါ်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်ပါ။

အောက်တိုဘာလ (၂၁) ရက်နေ့ညမှာ စက်မှုတက္ကသိုလ် ကြို့ကုန်းအဆောင်၊ လှိုင်နယ်မြေ သမိုင်းဆောင်တွေက ကျောင်းသားတွေပါ စုစည်းပြီး၊ လှည်းတန်းလမ်းဆုံမှာ ကျောင်းသားအင်အား (၁ဝဝဝ)ကျော် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ ထိုင်သပိတ်မှောက် ဆန္ဒပြကြပါတယ်။

အဲဒီည သန်းခေါင်မှာ ပညာရေးဝန်ကြီး ဦးပန်းအောင် သပိတ်မှောက် ကျောင်းသားတွေဆီကို ရောက်လာပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက အပြစ်ရှိတယ် ဆိုတဲ့ ရဲသား (၆)ဦးကို ခေါ်လာပြီး ကျောင်းသားတွေ ရှေ့မှောက်မှာ ထိုင်ကန်တော့ခိုင်းပါတယ်။ ကန်တော့တာကိုတော့ ကျောင်းသားတွေက လက်မခံ တားမြစ်ပါတယ်။

အဲဒီညက ပညာရေးဝန်ကြီးနဲ့ ဆရာတွေက ဖျောင်းဖျလို့ ကျောင်းသားတွေ လူစုခွဲပြီး အဆောင်ကို ပြန်ကြပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ (၂၂)ရက် အစိုးရရဲ့ သတင်း ထုတ်ပြန်ချက် ထွက်လာတဲ့အခါ သတင်းမှန် ထိန်ချန်ပြီး ကျောင်းသားလှုပ်ရှားမှုကို သေးသိမ်အောင် လုပ်ထားတဲ့ အတွက် ကျောင်းသားတွေက မကျေမနပ်ဖြစ်ပြီး တက္ကသိုလ်ပေါင်းစံက ကျောင်းသား (၂ဝဝဝ)ကျော် အပါအဝင် ကျောင်းသားပြည်သူ အင်အား(၅ဝဝဝ)ကျော် လှည်းတန်း လမ်းဆုံမှာ ဆန္ဒပြကြပါတယ်။

အောက်တိုဘာလ (၂၃)ရက်မှာ အစိုးရက ထုံးစံမရှိပါဘဲ သီတင်းကျွတ် ကျောင်းပိတ်ရက် ဆိုပြီး ကျောင်းတွေ ရုတ်တရက် ပိတ်လိုက်ပြီး ကျောင်းသား ခေါင်းဆောင်အချို့ကို ဖမ်းဆီးလိုက်ပါတယ်။

နိုဝင်ဘာလထဲမှာ ကျောင်းတွေ ပြန်ဖွင့်ပြီး ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ပြန်လွတ်ပေးလိုက်ပါတယ်။ ဒီအချိန်မှာ နဝတ စစ်ထောက်လှမ်းရေးနဲ့ အာဏာပိုင်တွေ လုပ်ကြံဖန်တီးတဲ့ ကျောင်းသား လှုပ်ရှားမှု ဆန့်ကျင်ရေး ပစ်စာ တစောင် ထွက်လာပြီး စစ်မှန်တဲ့ ကျောင်းသား အများစု မကျေမနပ် ဖြစ်ကုန်ကြပါတယ်။

ဒီဇင်ဘာလ(၂)ရက်နေ့မှာတော့ စက်မှုတက္ကသိုလ် ကျောင်းသားတွေ ရန်ကုန် တက္ကသိုလ်ကို ချီတက်ပြီး ဂျပ်ဆင်ခန်းမရှေ့မှာ စုရုံးကြပါတယ်။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသား ကျောင်းသူတွေ အပြင် ဆရာ ဆရာမတွေလည်း သပိတ်ထဲ ပါဝင်လာကြပြီး အင်အား(၂ဝဝဝ)ကျော် လှည်းတန်း လမ်းဆုံမှာ ထိုင်သပိတ် ဆင်နွှဲကြပါတယ်။

ခွပ်ဒေါင်းအလံတွေ တလူလူ လွှင့်ပြီး ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် တရား ဟောကြပါတယ်။ သပိတ်သမားတွေက ‘မတရားမှု မှန်သမျှ ဆန့်ကျင်ကြ’၊ ‘မတရားတဲ့အစိုးရ အလိုမရှိ’၊ ‘ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပေး’ ဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြနေကြတာပါ။ ဆန္ဒပြ ကျောင်းသားတွေကို ပြည်သူလူထု တစ်သောင်းကျော်က ဝန်းရံ ထောက်ခံပေးထားပါတယ်။

နဝတ အာဏာပိုင်တွေဘက်က ကျောင်းသားနဲ့ ပြည်သူတွေကို လူစုခွဲဖို့ အကြိမ်ကြိမ် ခြိမ်းခြောက် သတိပေးနေပါတယ်။ ကျောင်းသားတွေကတော ညီညီညွတ်ညွတ်နဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နေဆဲပါပဲ။

ဒီဇင်ဘာ အရေးအခင်းအစမှာ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်း၊ ကိုရဲကျော်စွာ တို့က ဦးဆောင်ခဲ့ကြတယ်။ တိုက်ပွဲ အရှိန်မြင့်လာတဲ့အခါ (၁ဝ)ဦး ကော်မတီ ဖွဲ့ပြီး တိုက်ပွဲကို ဆက်လက် ဦးဆောင်ခဲ့တယ်။

ဒီဇင်ဘာလ(၆)ရက် ည(၇)နာရီလောက် တက္ကသိုလ်ပေါင်းစုံက ကျောင်းသား (၃၅ဝဝ)ကျော် အပါအဝင် ပြည်သူအင်အား (၅ဝဝဝ)ကျော် လှည်းတန်း လမ်းဆုံမှာ ထိုင်သပိတ် ဆင်နွှဲနေတဲ့နေရာကို စစ်တပ်နဲ့ လုံထိန်းရဲတွေ အမြောက်အများ ရောက်ရှိလာပါတယ်။

သပိတ်မှောက် အင်အားစုက လူစုမခွဲဘဲ သတ္တိရှိရှိ ရင်ဆိုင် ခုခံနေတဲ့အတွက် နောက်တစ်နေ့ ဒီဇင်ဘာလ(၇)ရက် နံနက်လင်းအားကြီး (၁)နာရီမှာ စစ်တပ်နဲ့ ရဲတွေက လမ်းမီးတွေကို မီးသတ်ပိုက်နဲ့ ထိုးငြိမ်းပြီး ဆန္ဒပြသမားတွေကို အတင်းဝင် ရိုက်နှက် ဖြိုခွဲ ဖမ်းဆီးပါတော့တယ်။ အဲဒီအချိန်မှာ ဂျပန်သတင်းထောက် တစ်ဦးလည်း အရိုက်ခံရလို့ ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါတယ်။

ဒီဇင်ဘာလ(၉)ရက်နေ့မှာ အစိုးရက ကျောင်းတွေကို ရက်ရှည် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီနေ့မှာပဲ ကျောင်းသားတွေက လှည်းတန်း လမ်းဆုံက သံဆူးကြိုး အရံအတားတွေကို ဖယ်ရှားပစ်ပြီး ထိုင်သပိတ်မှောက် ဆန္ဒပြကြပါသေးတယ်။

ဒဂုံတက္ကသိုလ်ကနေ မြို့ထဲကို ချီတက်လာတဲ့ ကျောင်းသား(၃ဝဝဝ)နဲ့ လူထုကြီးကို စစ်တပ်က တောင်ဥက္ကလာနဲ့ မြောက်ဒဂုံ အစပ်က ဘေလီတံတားမှာ ပိတ်ဆို့ ဟန့်တားမှု လုပ်ခဲ့ပါတယ်။

ဒီဇင်ဘာလ(၁၁)ရက် လမ်းမတော် ဆေးတက္ကသိုလ် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို နှိမ်နှင်းဖို့ လာတဲ့ စစ်တပ်ကို ကျောင်းသားတွေက ‘ပြည်သူ့တပ်မတော် တို့တပ်မတော်’၊ ‘ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ကျောင်းသားပြည်သူသတ်ဖို့ မဟုတ်ဘူး’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ တုံ့ပြန်တဲ့ အတွက် စစ်သားတွေ နောက်ပြန်ဆုတ်သွားခဲ့ကြပါတယ်။

နိုင်ငံတကာက သတင်းထောက်တွေ မှတ်တမ်းတင်နိုင်တဲ့ အတွက် ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားတိုက်ပွဲကို ကမ္ဘာက သိသွားခဲ့ပါတယ်။ နိုင်ငံတကာက ကျောင်းသားတွေကလည်း မြန်မာ ကျောင်းသားတွေရဲ့ တိုက်ပွဲကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအသီးသီးမှာလုပ်ခဲ့ကြပါတယ်။

နဝတ အစိုးရကတော့ သူတို့ရဲ့ ‘ကျောင်းတံခါးပိတ်၊ ထောင်တံခါးဖွင့်’ ပေါ်လစီ အတိုင်း ကျောင်းအပိတ်မှာ ကျောင်းသားခေါင်းဆောင်တွေကို ရှာဖွေ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတော့တယ်။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese ]

Comments