student movement 22

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၂)

‘ကျောင်းသားတပ်မတော်ပေါ်ထွန်းလာခြင်း’
အောင်ဝေး
စက်တင်ဘာ ၆၊ ၂၀၀၉

၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက် စစ်တပ်က အာဏာ သိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)ကို ဖွဲ့စည်းလိုက်ပါတယ်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးမှာ မဆလ တစ်ပါတီ စနစ် ဖျက်သိမ်းပြီး ပါတီစုံ ဒီမိုကရေစီ ပေါ်ပေါက်ရေးဆိုတဲ့ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို မလွန်ဆန်နိုင်တဲ့ နဝတ ဟာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ နိုင်ငံရေး ပါတီတွေ တည်ထောင်နိုင်တယ်လို့ တိုင်းပြည်ကို ကြေညာလိုက်ပါတယ်။

အဲဒီ နဝတ အာဏာသိမ်းပြီးစ အချိန်ဟာ မြန်မာ့နိုင်ငံရေးမှာ အလွန် အရေးပါတဲ့ အချိုးအကွေ့နှစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုက ရှစ်လေးလုံး အရေးတော်ပုံမှာ တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေ သောင်းချီပြီး တောခိုသွားကြတဲ့ အချက် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အတိုက်အခံ ပါတီတွေ ဖြစ်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသား ပါတီတွေ ပေါ်ထွက်လာခြင်းပါပဲ။

စစ်တပ်က အာဏာ သိမ်းလိုက်ပြီးတဲ့နောက် ကျောင်းသားတွေ အများအပြားဟာ ထိုင်း-မြန်မာ နယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး နယ်မြေ အသီးသီးကို ကူးပြောင်း ရောက်ရှိသွားကြပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ ဖွဲ့စည်းခဲ့တဲ့ ဗကသများ အဖွဲ့ချုပ်ဟာ သမိုင်းက တောင်းဆိုတဲ့အတိုင်း အဲဒီအချိန်မှာ အသွင်သဏ္ဌာန် သုံးမျိုးနဲ့ ဆက်လက် လှုပ်ရှားခဲ့တာပါ။ ပထမ အသွင်သဏ္ဌာန်က ဗကသဟာ ပြည်တွင်းမှာ မြေအောက် UG အနေနဲ့ ဆက်လက် မောင်းနှင်ဖို့ ဖြစ်တယ်။ ဒုတိယ အသွင်သဏ္ဌာန်က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဆိုပြီး ပြည်တွင်းမှာ တရားဝင် နိုင်ငံရေးပါတီ ထောင်ပြီး ရပ်တည်ဖို့ ဖြစ်တယ်။

တတိယ အသွင်သဏ္ဌာန် အနေနဲ့ လက်နက်ကိုင် တော်လှန်ရေး နယ်မြေကို ရောက်သွားကြတဲ့ ကျောင်းသားတွေက မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ABSDF ဆိုပြီး ကျောင်းသား တပ်မတော်ကို ထူထောင်လိုက်ကြတာပါပဲ။

ကျောင်းသားတွေဟာ မတူခြားနားတဲ့ အခြေအနေမှာ မတူ ခြားနားတဲ့ ပုံသဏ္ဌာန်တွေနဲ့ ၈ လေးလုံး အရေးတော်ပုံကြီးကို ဆက်လက် မောင်းနှင်ဖို့ ကြိုးစားခဲ့ကြတယ်။ တိုက်ပွဲရဲ့ ပုံသဏ္ဌာန် ဘယ်လို ကွဲကွဲ တိုက်ပွဲရဲ့ ဦးတည်ချက် ဘုံ ရည်မှန်းချက်ကတော့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပဲ ဖြစ်တယ်။ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှာ ထူထောင်လိုက်ပါတယ်။

မကဒတ (ABSDF) ကျောင်းသား တပ်မတော်ကိုတော့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်နေ့ လွတ်မြောက်နယ်မြေမှာ ထူထောင်ခဲ့တာ ဖြစ်တယ်။

ကျောင်းသားနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆက်စပ် ပတ်သက်မှုဟာ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ လွန်ခဲ့သော နှစ်ပေါင်း များစွာ ကတည်းက ရှိနေခဲ့တာပါ။

၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းမှာ ဗကသ ဥက္ကဌ ကိုသက်၊ ဗကသ အထွေထွေ အတွင်းရေးမှူး ကိုတင်ထွန်း၊ တကသဥက္ကဌ ကိုဗဆွေလေး စသည်ဖြင့် ဗကသ၊ တကသ ကျောင်းသား ခေါင်းဆောင် အများအပြား လက်နက်ကိုင် တော်လှန်ရေးထဲ ကူးပြောင်းသွားခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။

၁၉၇၄ ဦးသန့် အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင် ချင်းတိုင်းရင်းသား ကိုတင်မောင်ဦး အပါအဝင် ကျောင်းသားတွေ တောခိုသွားခဲ့ကြတယ်။ တောထဲမှာ ပါလီမန်ဒီမိုကရေစီ ပါတီ (PDP)၊ ကရင် အမျိုးသား အစည်းအရုံး (KNU) တို့နဲ့ တိုင်ပင်ဆွေးနွေးပြီး ဥက္ကဌ ကိုတင်မောင်ဦး ခေါင်းဆောင်တဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ ကိုတင်မောင်ဦးဟာ မြို့ပြ လူထု တိုက်ပွဲ ဖော်ဆောင်ရေး အတွက် ရန်ကုန်ကို ပြန်ဝင်အလာ ၁၉၇၆ခုနှစ်၊ မှိုင်းရာပြည့် အရေးအခင်း မတိုင်ခင် တစ်ရက် အလိုမှာ အဖမ်းခံရပြီး အင်းစိန်ထောင်ထဲမှာ ကြိုးပေးခံခဲ့ရပါတယ်။

ကိုတင်မောင်ဦး ကျဆုံးသွားပြီးတဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသားသမဂ္ဂလည်း ၁၉၇၈မှာ PDP နဲ့ အတူ အားနည်း ပျောက်ကွယ်သွားခဲ့ရပါတယ်။

သို့သော် နောင် (၁ဝ)နှစ် ကြာတဲ့အခါ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာတော့ ကမ္ဘာပေါ်မှာ ဘယ်အမျိုးသား နိုင်ငံတော်မှာမှ ပေါ်ပေါက်ခဲ့ဖူးခြင်း မရှိတဲ့ ကျောင်းသားတပ်မတော် ဆိုတာ မြန်မာနိုင်ငံ သမိုင်းမှာ ထူးခြားစွာ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ကျောင်းသားတွေ လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်ရှိသွားခဲ့ကြပေမဲ့ ကျောင်းသားများရဲ့ လက်နက်ကိုင် တော်လှန်ရေး အခန်းကဏ္ဍ အနေနဲ့ သိသာ ထင်ရှားတဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။

ဒီလိုပဲ ကိုတင်မောင်ဦးတို့ ဖွဲ့စည်းခဲ့တဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသား သမဂ္ဂဟာလည်း သက်ဆိုး မရှည်ခဲ့ပါဘူး။ အခု ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကျတော့မှ ကျောင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ တစ်ခန်း တစ်ကဏ္ဍ အနေနဲ့ သိသာ ထင်ရှားလာတာဖြစ်တယ်။

တကယ်ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းက တောင်းဆိုလို့ ပေါ်ထွက်လာတဲ့ ကျောင်းသား တပ်မတော်ရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ စစ်ပွဲသက်သက် မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ စစ်ပွဲပုံစံနဲ့ ဆင်နွှဲနေတဲ့ လူထုလှုပ်ရှားမှု တိုက်ပွဲပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ရွေးကောက်ပွဲ အကြိုကာလ ၁၉၈၉ ခုနှစ်ထဲမှာ နဝတ အစိုးရက မတ်လ အတွင်း ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ဗကသ ကျောင်းသား ခေါင်းဆောင် အများအပြားကို မတရား ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတော့တယ်။

နဝတ ဟာ တစ်ဖက်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိ ပေးထားပြီး တစ်ဖက်မှာတော့ တရားဝင် ထူထောင်ထားတဲ့ နိုင်ငံရေး ပါတီတွေကို မတရား ဖိနှိပ် ချုပ်ချယ်နေတဲ့ အချိန်ပါ။

အဲဒီ အခြေအနေကြားမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ဦးဆောင် ထူထောင်သူလည်းဖြစ်၊ ဗကသ ကျောင်းသား ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုမိုးသီးဇွန် လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းဖို့ ၁၉၈၉ခုနှစ် ဧပြီလ (၂၁)ရက်နေ့မှာ တောခိုသွားခဲ့ပါတော့တယ်။

၁၉၉ဝ မေလ (၂၇)ရက် ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲပြီးလို့ ရက်ပေါင်း (၆ဝ)အတွင်း အာဏာ လွှဲပေးမယ်ဆိုတဲ့ နဝတရဲ့ကတိ မတည်တဲ့ အတွက် NLD က ၁၉၉ဝ ဇူလိုင်လထဲမှာ ဂန္ဒီခန်းမ ညီလာခံ ကျင်းပခဲ့ပါတယ်။ ဒါကို နဝတ က ၁/၉ဝ အမိန့် ထုတ်ပြန်ပြီး ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြုလိုက်ပါတော့တယ်။

ဒီလိုနိုင်ငံရေး အကျပ်အတည်းကြားမှာ လူ့ဘောင်သစ် ပါတီဟာ မြေပေါ်မှာ တရားဝင် ပါတီ အဖြစ်နဲ့ ဆက်လက် ရပ်တည်လို့ မရတော့တဲ့အတွက် ၁၉၉ဝ နိုဝင်ဘာလထဲမှာ လွတ်မြောက်နယ်မြေကို ပါတီလိုက် ကူးပြောင်းခဲ့ရပါတော့တယ်။

ဒီနေ့ဆိုရင် ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားတွေ နအဖ ရဲ့ အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရပြီး၊ ဗကသ မွေးထုတ်ပေးလိုက်တဲ့ မကဒတ (ABSDF) ကျောင်းသားတပ်မတော်နဲ့ လူ့ဘောင်သစ် ပါတီတို့ဟာလည်း တော်လှန်ရေးအနှစ် (၂ဝ)တိုင်ခဲ့ပြီ မဟုတ်ပါလား။ ။



[ မူရင်း - RFA ]

Comments