Than Soe Hlaing - After the Judgement Day ...

၃နှစ် အမိန့်ချပြီးသည့်နောက်ဝယ်

သန်းစိုးလှိုင်

သြဂုတ် ၁၄၊ ၂၀၀၉

လူထုအားလုံး စောင့်နေတဲ့နေ့

မြန်မာနိုင်ငံသားအများနဲ့ ကမ္ဘာ့က မြန်မာအရေး ကိုစိတ်ဝင်စားသူတွေ စောင့်ကြည့်နေခဲ့ကြတဲ့ သြဂုတ်လ ၁၁ရက်နေ့။

အင်းစိန်ထောင်ရှေ့လမ်းမှာ သွားစောင့်ပြီး အားပေးတဲ့သူ၊ အမိန့်ချမှတ်တာကို ချက်ခြင်း သိချင်ပြီး ပြည်တွင်းမှာ ရေးလို့မရမှန်းသိလျက်နဲ့ သွားစောင့်တဲ့ ပြည်တွင်း သတင်းထောက်များ၊ ရန်ကုန်မြို့ရဲ့လမ်းများပေါ်မှာ တနေ့တာ ၀မ်းစာအတွက် ကားမောင်းရင်းနဲ့ ဒေါ်စုကို ဘယ်လို အမိန့်ချမလဲဆိုတာ ငံလင့်နေတဲ့ တက္ကစီမောင်းသမားများ၊ ...

ရန်ကုန်မြို့ရဲ့ ဈေးတဈေးမှာ ဈေးရောင်း နေရင်းနဲ့ ဒေါ်စု လွတ်မြောက်ဖို့ အမွှေးတိုင်ထွန်းပြီး ဆုတောင်းကာ နားစွင့်နေတဲ့ ဈေးသည်၊ ရန်ကုန်နဲ့ မိုင် ၂၀၀ လောက်ဝေးတဲ့ နယ်မြို့တမြို့မှာနေပြီး ဒေါ်စုအမိန့်ချတဲ့ သတင်းကြားတာနဲ့ ဖုန်းနဲ့ မက်ဆေ့ခ်ျ ပို့ပေးပါလို့ ရန်ကုန်ရှိ သူငယ်ချင်းကို ပြောထားပြီး စောင့်မျှော်နားထောင်နေသူ ကိုယ်ပိုင်စီးပွားရေး လုပ်သူတဦး စသည် စသည် အသီးသီးသော သူတွေဟာ ထိုနေ့က အမိန့်ချမှတ်တဲ့ အချိန်ကို မှေးမှိန်တဲ့ မျှော်လင့်ချက် ၊ စိတ်လှုပ်ရှားမှု တပိုင်းဖြင့် နားထောင်နေခဲ့ကြတာပါ။

အင်းစိန်ထောင်ရှေ့လမ်း ပေါ်က လက်ဘက်ရည်ဆိုင်တွေမှာလည်း ဖုန်းခါးကြားထိုး၊ လမ်းလျှောက်စကားပြောစက်အင်တာနာ လွယ်အိတ်ကြားက ထောင်ထွက်နေတဲ့ အရပ်ဝတ်ရဲတွေ သာမာန် အရပ်သားလို အသွင်နဲ့ ပြည်တွင်း သတင်းထောက်တွေနဲ့ ပြည့်ကျပ်နေခဲ့ပါတယ်။ ပုံမှန်အားဖြင့် လက်ဘက်ရည်ဆိုင်ထိုင်ရင် မျက်နှာချင်းဆိုင် ၀ိုင်းထိုင်ကြပေမယ့် အခုတော့ လက်ဘက်ရည် ဆိုင်တိုင်းမှာ ထိုင်နေသူတွေက လမ်းဘက်ကို မျက်နှာမူပြီး စောင့်မျှော် နားထောင်နေခဲ့ကြတာပါ။ ဘယ်သူမှ ကိုယ်ထိုင်နေတဲ့ ၀ိုင်းက မျက်နှာချင်းဆိုင်သူကို မကြည့်ပဲ လမ်းဘက်ကိုသာ မျှော်ကြည့်နေခဲ့ကြပါတယ်။

ကမ္ဘာလှည့်ပြီး အင်းစိန်ရှေ့ပြန်ရောက်လာတဲ့ စက်ရပ်သတင်း

ထိုနေ့ မွန်းတည့် ချိန်ကျော်ကျော်မှာတော့ အင်းစိန်ထောင် တရားရုံး ကနေ ထွက်ရှိလာတဲ့ သတင်းဟာ မိုဘိုင်းဖုန်းမှ တဆင့် နိုင်ငံတကာ သတင်းအေဂျင်စီတွေရုံးစိုက်ရာ ဘန်ကောက်မြို့သို့ရောက်ရှိပြီး အင်တာနက်ပေါ် စက္ကန့်၊ မိနစ်အနည်းငယ်အတွင်း ရောက်ရှိသွားပါတယ်၊ အဲဒီအချိန်မှာ အင်တာနက်ကို စောင့်ကြည့်နေတဲ့ ရန်ကုန်မြို့နေရာအသီးသီးက စိတ်ဝင်စားသူတွေက ဖတ်ရှုပြီး အင်းစိန်ထောင်ရှေ့မှာ စောင့်နေတဲ့သူတွေဆီ ပြန်အကြောင်းကြားကြပါတယ်။ အဲဒီနောက် မိနစ်အနည်းငယ်မှာမှ တရားရုံး အထဲက ထွက်လာတဲ့သူတွေထံမှ ဘယ်လောက် အမိန့်ချတယ်ဆိုတာကို အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက ကြားသိကြရတာပါ။

မြန်မာနိုင်ငံရဲ့ သတင်း ဆက်သွယ်ရေး စနစ်ဟာ အထက်ကဖေါ်ပြသလိုပါပဲ။ စစ်အစိုးရက ခြိမ်းခြောက်ထား၊ ပိတ်ဆို့ထား၊ အဆက်အသွယ်ဖြတ် တားဆီးထားတာကြောင့် အင်းစိန်ထောင်ရှေ့မှာ စောင့်နေပေမယ့်လို့ အထဲမှာ အမိန့်ဘယ်လိုချတယ်ဆိုတာကို အပြင်က အရင်ဆုံး မသိရှိနိုင်ပဲ မိုင်ရာနဲ့ချီအကွာအဝေးရှိတဲ့ နေရာကို ရောက်ရှိပြီးမှာ အင်းစိန်ထောင်ရှေ့ကို ပြန်ရောက်လာတဲ့သဘောပါ။

အဲဒီလို အမိန့်ချတဲ့ သတင်းပြန့်နှံ့သွားပြီးတဲ့နောက်မှာ ရန်ကုန်မြို့ပေါ်မှာ လက်နက်ကိုင်ရဲ ၅ယောက် ၆ယောက် တင်ဆောင်ထားတဲ့ ရဲကားတွေလမ်ထောင့်တွေမှာ စောင့်ဆိုင်းနေကြ၊ လှည့်တဲ့ကားက လှည့်နေကြပါတယ်။ မကြာမီ မြန်မာ့ အသံနဲ့ မြန်မာ့ အသံချယ်နယ် ၄ တို့မှာ အထူးသတင်းကြေငြာချက်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမှတ်တဲ့ သတင်းနဲ့ နအဖ ဥက္ကဌကြေငြာချက်နဲ့ တနှစ်ခွဲအဖြစ်လျော့လိုက်တဲ့ ကြေငြာချက်ကို နာရီဝက် တကြိမ်လောက် ကြေငြာနေခဲ့ပါတယ်။

နအဖ ဥက္ကဋ္ဌရဲ့ သဘောထားအမှန်နဲ့ြ့ပည်သူ့အသံ

လူအချို့က အဲဒီသတင်းကို ကြားသိပြီးအခုလို အမိန့်ချတာဟာ စစ်အစိုးရ သက်ညှာတာလား၊ လိမ်မာပါးနပ်တာလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်က လွတ်လပ်ရေး အရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လို့ ဆိုတဲ့ အကြောင်းကြောင့် ထောက်ထားတာလားလို့ေ၀၀ါးနေခဲ့တယ်လို့ လည်းကြားရပါတယ်။

နောက်ရက်မှာမှ နအဖ ဥက္ကဌရဲ့ သက်ညှာလျော့ပေါ့တဲ့ အမိန့်ရဲ့ ကြေငြာချက် သဘောကို စာဖတ်သူတွေနဲ့ ပြည်သူတွေ ရှင်းလင်းစွာနားလည်လာကြပါတယ်။ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ကို တနှစ်ခွဲသို့ လျော့ပေါ့လိုက်ပေမယ့် နေအိမ်အကျယ်ချုပ်နဲ့ တနှစ်ခွဲ နေထိုင်စေဆိုတဲ့ အပိုဆောင်း လိုက်တဲ့အချက်ကိုလည်း သတိထားမိလာကြပါတယ်။ အဆိုပါ နေအိမ်အကျယ်ချုပ်နဲ့ တနှစ်ခွဲနေထိုင်စဉ်ကာလမှာ နအဖ အစိုးရက စည်းကမ်းချက်နှင့်အညီ ကောင်းမွန်စွာမနေထိုင်ဘူးလို့ ယူဆတာနဲ့ ထောင်ဒဏ် တနှစ်ခွဲကို သီးခြားကျခံရဦးမယ့် သဘောလို့ နားလည်လာကြပါတယ်။

နေအိမ်အကျယ်ချုပ်နေထိုင်တဲ့ကာလကိုလည်း ကျခံရမယ့် ထောင်ဒဏ်ထဲက ထုတ်နှုတ်ခံစားခွင့်ရှိမှာ မဟုတ်ပါဘူး။ လွယ်လွယ်ကူကူပြောရရင် နေအိမ်အကျယ်ချုပ်တနှစ်ခွဲ ကာလပြီးဆုံးချိန်အထိ ထောင်ဒဏ် တနှစ်ခွဲအမြဲတမ်း ထပ်မံကျခံရနိုင်ခြေ ရှိနေပြီး စစ်အစိုးရလက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၃နှစ် ထိန်းသိမ်းထားပိုင်ခွင့် အာဏာကိုင်စွဲ ထားတဲ့သဘောပါ။

ဒီအချက်ကို နားလည်သဘောပေါက်တဲ့ အသက် ၆၀ အရွယ် အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူ တဦးကတော့ “ဒါက နားလှည့်ပါးရိုက်တာပါ၊ မလိမ့်တပတ်လုပ်တာပါ” လို့ကောက်ချက်ချပါတယ်။ အသက် ၄၀အရွယ် အခြား လုပ်ငန်းရှင်တဦးကလည်း “ဒါက ဒေါ်စုကို ရွေးကောက်ပွဲ မ၀င်နိုင်အောင်၊ အဲဒီကာလမှာ အပြင်မှာ မရှိအောင် ဖယ်ရှားလိုက်တာ ရှင်းနေတာပဲ” လို့ဝေဘန်ပါတယ်။ ဆံပင်ညှပ်တဲ့ဆိုင် မှာ ဆံပင်ညှပ် ဆံပင်ကောက်တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးငယ် တဦးကလည်း “ဒေါ်စုကို အခုလို ထောင်ချလိုက်တာ ကြားရတော့ စိတ်ထဲမှာ မကောင်းဘူး၊ တနှစ်ခွဲ လျော့ပေါ့ပေးလိုက်တယ်ဆိုတဲ့ ကြေငြာချက်က မလိမ့်တပတ်လုပ်တာပါ၊ အဖ ဦးအောင်ဆန်း လို့သူတို့မို့ နှုတ်ကထွက်ရဲတယ်။ ခွေးပါးစပ်က နတ်စကားထွက်တာ” လို့ဆိုပါတယ်။

စစ်အုပ်စု ပြင်ဆင်မှု၊ လူထုတုံ့ပြန်မှုနဲ့ အင်န်အယ်ဒီဦးဆောင်မှု

ဒီသတင်းကို ကြားသိရပြီးနောက်မှာ လူတွေရဲ့ မှေးမှိန်တဲ့ မျှော်လင့်ချက်ဟာ စစ်အစိုးရရဲ့ ကြေငြာချက်ကြောင့် ပျောက်ကွယ်ခဲ့ရတာကို တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံရေးမှာ ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆိုတာတွေ တပတ်ပြန်လည်ဝေးကွာသွားပြန်ပြီ ဆိုတာနားလည်လိုက်ကြပါတယ်။

ထိုနေ့က ရန်ကုန်မြို့ရဲ့ ဦးထောင်ဗိုလ်အ၀ိုင်း၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ တို့လို လမ်းဆုံလမ်းခွတိုင်းမှာ ဆူးကြိုးတပ် သစ်သားတန်းအတားအဆီးတွေ အရံသင့်ထားရှိပြီး လိုအပ်ရင် လမ်းပိတ်ဖို့ စီစဉ်ထားခဲ့တာပါ။ စစ်အစိုးရဟာ ရန်ကုန်နဲ့ မြို့ကြီးအချို့မှာ လူထုရဲ့ တုံ့ပြန်မှုကို တွက်ဆထားခဲ့ပြီး ပြင်ဆင်ထားခဲ့တာပါ။

သို့ပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်အပြစ်ပေးလိုက်တာနဲ့ ပတ်သက်လို့ မည်သည့် ဆန့်ကျင်ဆန္ဒပြမှုမှ ရန်ကုန်မြို့မှာ ပေါ်ထွက်ခဲ့ခြင်းမရှိပါဘူး။ အင်းစိန်ထောင်ရှေ့က ပြန်လာတဲ့ အန်အယ်လ်ဒီထောက်ခံသူတွေ ပန်းခြံနားအရောက်မှာ တယောက်ယောက်က အော်လိုက်တဲ့အတွက် အနီးအနားတ၀ိုက်မှာ ၀ိုင်းနေတဲ့ ယူနီဖောင်းနဲ့ အရပ်ဝတ်ရဲတွေက ဖြတ်လာတဲ့ ဘတ်စ်ကားကြီးတစီးကို တားပြီး အဲဒီလူအုပ်ကိုမောင်းတင်သွားခဲ့ပါတယ်။ နောက်မှ အဆိုပါ လူအုပ်ကို အဖွဲ့ချုပ်ရုံးရှိရာ ရွှေဂုံတိုင်လမ်းမှာ ပြန်လွှတ်ခဲ့တယ်လို့ ကြားသိရပါတယ်။

လူထုက ဒေါ်အောင်ဆန်းစုကြည်ကို မတရား ထောင်ချတဲ့အခါ တစုံတရာ တုံ့ပြန်ဖို့ အဆင်သင့်ရှိပေမယ့်လည်း အန်အယ်လ်ဒီမှာ ထိုအခြေအနေကို ဦးဆောင်ဖို့ အစီအစဉ် နကိုကတည်းက ရှိခဲ့ပုံမရပါဘူး။ ရှေ့နေရှေ့ရပ်တွေနဲ့ ဥပဒေကြောင်းအရ အမှုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေခဲ့တာ လိုအပ်တာမှန်ပေမယ့်လည်း ယခုအမှုဟာ ဥပဒေကြောင်းအပြင် စစ်အစိုးရက နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဆင်ပြီး စွပ်စွဲတဲ့အမှု ဖြစ်လို့ လူထုရဲ့ ခံစားချက်ကို နားထောင်ပြီး လူထုကို နိုင်ငံရေးအရ ဦးဆောင်ဖို့ အစီအစဉ်မျိုး ရှိခဲ့ပုံမပေါ်ပါ။ ဒီအချက်ကြောင့် ထိုနေ့က လူထုရဲ့ မကျေနပ်တဲ့ သဘောထား၊ မတရားဘူးဆိုတဲ့ ခံစားချက်တွေ ရှိခဲ့ပေမယ့်လည်း အန်အယ်လ်ဒီက လူထုရဲ့ ခံစားချက် ကိုတုံ့ပြန်ခဲ့တာ မတွေ့ရပါဘူး။

တက္ကသိုလ်ရိပ်သာလမ်း တပတ်လည်ကာ ပြန်ပိတ်ဆို့ထားလိုက်ပြီးတော့ မြန်မာနိုင်ငံရေး ခရီးလည်း တပတ်ပြန်လည်သွားပြီလားလို့ ပြည်တွင်းမှ နိုင်ငံရေး အကဲခတ်သူတွေက ယူဆလျက်ရှိနေကြပါတယ်။

(photos: AP and Reuters)

Comments