Student Movement 20

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂ဝ)
‘၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံ (ပထမပိုင်း)’
အောင်ဝေး
သြဂုတ် ၁၆၊ ၂၀၀၉
မဆလစစ်အုပ်စု ကြီးစိုးခဲ့တဲ့ ကာလကို နှစ်ပိုင်း ခွဲကြည့်နိုင်ပါတယ်။ ပထမ ကာလကို ၁၉၆၂ မှ ၁၉၇၄ အထိ သတ်မှတ်ရမယ်။ ၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်း စစ်တပ်က တော်လှန်ရေး ကောင်စီ နာမည်နဲ့ အာဏာသိမ်းခဲ့တယ်။ ၁၉၇၄ မှာတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အတည်ပြုပြီး ဗိုလ်ချုပ်ကြီးနေဝင်းဆီကို အာဏာ လွှဲပြောင်းခဲ့တာပါပဲ။

အဲဒီ ၁၉၆၂-၁၉၇၄ ကာလအတွင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တယ်။ အလုပ်သမား တိုက်ပွဲတွေပါ ဖြစ်ပေါ်လာခဲ့တယ်။ အစိုးရက ဒီတိုက်ပွဲတွေကို အပြင်းအထန် ဖိနှိပ်ချေမှုန်းခဲ့တယ်။

မဆလစစ်အုပ်စု ကြီးစိုးတဲ့ ဒုတိယကာလအဖြစ် ၁၉၇၅ ကနေ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်လာတဲ့ ၁၉၈၈အထိ သတ်မှတ်နိုင်တယ်။ ဒီကာလအတွင်း ၈၈ မတိုင်မီကျောင်းသား ၊ အလုပ်သမား လှုပ်ရှားမှုတွေကိုလည် မဆလအစိုးရက အပြင်းအထန် ဖိနှိပ် ချေမှုန်းပစ်ခဲ့တာပါပဲ။

မဆလ စစ်အုပ်စုရဲ့ လက်ထက်မှာ တိုင်းပြည်ဟာ ကမ္ဘာ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ စာရင်းထဲ ဝင်းသွားပါပြီ။ ပြည်သူလူထုရဲ့ ဘဝ အထွေထွေဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျနေပါပြီ။ မဆလ ပါတီတွင်းက အာဏာ လွန်ဆွဲပွဲတွေကလည်း တိုင်းပြည်ကို လက်တွန်းလှည်းကလေးနဲ့ တင်ပြီး ငရဲတွင်းထဲ ပို့နေသလိုပါပဲ။

ဒီလို အခြေအနေကြား ၁၉၈၇ နှစ်လယ်လောက်မှာ စစ်အစိုးရက ၇၅ ကျပ် တန်၊ ၂၅ ကျပ် တန် စတဲ့ ငွေစက္ကူ အချို့ကို တရားမဝင် ငွေစက္ကူအဖြစ် ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ပြည်သူတွေအဖို့ မြေပူရာကင်းမှောင့် ဖြစ်ရသလို၊ ကျောင်းသားတွေ အတွက်လည်း ဘူးလေးရာ ဖရုံဆင့် ဖြစ်ကုန်ပါတယ်။ ကျောင်းသားနဲ့ ပြည်သူတွေက ငွေစက္ကူ မတရား ဖျက်သိမ်းမှုကို ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ကျောင်းသားထုက အစိုးရကို ဖြုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီအရေးဟာ ကျောင်းသား ပြည်သူတွေရဲ့ စားဝတ်နေမှု ဘဝ ရပ်တည်ရေး၊ ပညာသင်ကြားရေး၊ စီးပွားရေး လိုအပ်မှုနဲ့ တိုက်ရိုက် ပတ်သက်နေတာမို့ တော်တော်နဲ့ အေးမသွားပါဘူး။ အဲဒီလို အထွေထွေ အကျပ်အတည်းကြားမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စတင်ဖောက်ခွဲ လိုက်တဲ့ ဖုန်းမော် အရေးအခင်း ဖြစ်ပေါ်လာခဲ့တော့တာပါပဲ။

၁၉၈၈ ခုနှစ် မတ်လ (၁၃)ရက်နေ့ ရန်ကုန် စက်မှု တက္ကသိုလ်မှာ ကျောင်းသား လှုပ်ရှားမှု စတင် ဖြစ်ပွားခဲ့ပါတယ်။ ရပ်ကွက်တွင်းက ဆိုးသွမ်း လူငယ် တစ်စုရဲ့ ရန်စမှုကို မကျေနပ်တဲ့ ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသားထုဟာ သက်ဆိုင်ရာ အာဏာပိုင်တွေက မှန်မှန် ကန်ကန် မဖြေရှင်းပေးတဲ့ အတွက် အုံကြွ ပေါက်ကွဲသွားခဲ့ပါတယ်။

ဒါကို မဆလ အစိုးရက ကျောင်းသားတွေ တမင်သက်သက် ဆူပူမှု ဖန်တီးတယ် ဆိုပြီး ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နှင်းပစ်လိုက်ပါတယ်။

အစိုးရရဲ့ အကြမ်းဖက်မှုကြောင့် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရပါတယ်။ နောက်မကြာခင် ကျောင်းသား ကိုစိုးနိုင် ဆေးရုံပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကျောင်းသားထု ရင်ထဲမှာတော့ မကျေနပ်ချက်တွေက တဟုန်းဟုန်း တောက်လောင်နေပါပြီ။

မတ်လ (၁၆)ရက် ကိုဖုန်းမော် ဈာပန အမှတ်တရနေ့မှာတော့ မဆလ စစ်တပ်နဲ့ လုံထိန်းရဲတွေက အင်းလျားကန်ပေါင်မှာ ကျောင်းသားတွေကို လူမဆန်စွာ အကြမ်းဖက် နှိမ်နင်း သတ်ဖြတ်တဲ့ တံတားနီ အရေးအခင်း ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

ဖုန်းမော် အရေးအခင်း၊ တံတားနီ အရေးအခင်းတွေကနေ ကျောင်းသားတွေဟာ သက်ဆိုင်ရာ တက္ကသိုလ် အလိုက် ယာယီ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းပြီ စစ်အာဏာရှင် စနစ် ဆန့်ကျင် ဖြုတ်ချရေး တိုက်ပွဲ အလံကို လွှင့်တင်လိုက်ကြပါပြီ။

မေလ (၁၄)ရက်နေ့ထုတ် သတင်းစာတွေမှာ ‘ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသား အချို့နှင့် ကြို့ကုန့် အနောက်ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်းနှင့် ပတ်သက်သော စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက်အရ နိုင်ငံတော် ကောင်စီ၏ ထုတ်ပြန်ချက်’ ဆိုပြီး ကျောင်းသားနဲ့ ပြည်သူကို ဗြောင်လိမ်ညာတဲ့၊ အဖြစ်မှန်ကို ဖုံးကွယ်ထားတဲ့ မဆလရဲ့ လိမ်ဆင်ကြီး ထွက်ပေါ်လာပါတယ်။

မဆလ အစိုးရက လူထုကို လှည့်စားဖို့ ဟန်ပြ အနေနဲ့ ဝန်ကြီးချုပ် ဦးမောင်မောင်ခ၊ ပြည်ထဲရေး ဝန်ကြီး နဲ့ ရဲတပ်ဖွဲ့ ညွန်ကြားရေးမှူးချုပ် ဦးသိန်းအောင်တို့ကို တာဝန်က ထုတ်ပယ်လိုက်ပါတယ်။ လူထုရဲ့ မကျေနပ်ချက်တွေကတော့ ဒီရေအလား တရိပ်ရိပ်နဲ့ တိုးပွားလားနေပါပြီ။

ဇွန်လ (၂၁) ရက်နေ့မှာတော့ ကျောင်းသားနဲ့ ပြည်သူတွေ သွေးမြေ ကျရပြန်တဲ့ မြေနီကုန်း အရေးအခင်း ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့် မဆလ ဟာ ဇူလိုင်လထဲမှာ အရေးပေါ် ပါတီ ညီလာခံ ခေါ်ရပါတော့တယ်။ ဇူလိုင် (၂၃) ရက်နေ့ ညီလာခံမှာ မဆလ ဥက္ကဋ္ဌ ဦးနေဝင်းက ဖြစ်ပွားခဲ့တဲ့ မတ်လနဲ့ ဇွန်လ အရေးအခင်းများဟာ ပြည်သူနဲ့ ကျောင်းသားတွေက သူတို့ မဆလကို အယုံအကြည် မရှိကြောင်း ပြလိုက်တာဖြစ်ပြီး သူ့အနေနဲ့လည်း ဒီအရေးအခင်းတွေ အတွက် သွယ်ဝိုက်တဲ့ နည်းနဲ့ တာဝန် မကင်းကြောင်း ဝန်ခံ ပြောကြားခဲ့ရပါတော့တယ်။

ဒီညီလာခံက မဆလ အုပ်ချုပ်ခဲ့တဲ့ (၂၆)နှစ်အတွင်း တိုင်းပြည်ရဲ့ စီပွားရေးဘဝ ချွတ်ခြုံကျခဲ့ရပါတယ်လို့လည်း ဝန်ခံခဲ့ရပါသေးတယ်။

မဆလ တစ်ပါတီ စစ်အာဏာရှင် စနစ်ကို ဘယ်လိုမှ လက်မခံချင်တော့တဲ့ ကျောင်းသားထုက (၈)ရက်၊ (၈)လ၊ (၈၈) ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှာ ခွပ်ဒေါင်းအလံကို အမြင့်ဆုံး လွှင့်ပြီး တိုက်ပွဲကို နောက်တစ်ဆင့် အရှိန်အဟုန် မြှင့်လိုက်ကြပါတယ်။

တစ်တိုင်းတစ်ပြည်လုံးမှာလည်း မဆလ တစ်ပါတီအာဏာရှင် စနစ် ဆန့်ကျင် ဖြုတ်ချရေး လူထု ဆန္ဒပြပွဲတွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြို့တကာ အနှံ့၊ ရွာတကာ အဆုံး အုံးအုံး ကြွက်ကြွက် ပေါ်ပေါက်လာပါတော့တယ်။

သြဂုတ်လလယ်လောက်မှာ စစ်တပ်က ကျောင်းသား ပြည်သူ အပြစ်မဲ့ လူထုကို သေနတ်နဲ့ ရက်ရက် စက်စက် ပစ်ခတ် နှိမ်နင်းနေမှုတွေကို ချက်ချင်း ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီဝင်တွေ လက်မှတ်ထိုးပြီး နိုင်ငံတော် ကောင်စီကို တင်လိုက်တဲ့စာ တိုက်ပွဲထဲ ပျံ့နှံ့သွားပါတယ်။

အဲဒီနောက် စာပေ အနုပညာရှင်တွေကလည်း ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ ဆရာမြသန်းတင့်၊ ဆရာဦးဝင်းတင်တို့ အပါအဝင် အားလုံး လက်မှတ်ရေးထိုးပြီး နိုင်ငံတော် ကောင်စီကို စာတင်ပါတယ်။

ကျောင်းသား ပြည်သူတွေက သြဂုတ်လ (၈)ရက်ကနေ (၂၂)ရက်နေ့ အထိ စစ်တပ်က ရက်ရက် စက်စက် ပစ်ခတ် နှိမ်နင်းနေတဲ့ ကြားက ရဲရဲရင့်ရင့် ဆက်လက် တိုက်ပွဲ ဆင်ခဲ့ကြတဲ့ အတွက် သမ္မတ ဦးစိန်လွင် နုတ်ထွက်သွားရပါတော့တယ်။

မဆလဟာ အာဏာကို လက်ဆုပ် မပြေသေးဘဲ အရေးပေါ် မဆလ ဗဟိုကော်မတီ အစည်းအဝေးနဲ့ အရေးပေါ် ပြည်သူ့လွှတ်တော် ခေါ်ခဲ့ပြီး ဒေါက်တာမောင်မောင်ကို သမ္မတ တင်လိုက်ပြန်ပါတယ်။

သြဂုတ်လ (၂၈)ရက်နေ့ကတော့ သမိုင်းတွင်တဲ့နေ့တစ်နေ့ပါပဲ။

အဲဒီနေ့မှာ တိုက်ပွဲဝင်နေတဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရကသ) အပါအဝင် ယာယီ ကျောင်းသားသမဂ္ဂ အသီးသီး ပါဝင်တဲ့ ကွန်ဖရင့်ကို ရန်ကုန် တက္ကသိုလ် ဆဲဗင်းဂျူလိုင် ရင်ပြင်မှာ တစ်ခဲနက် ကျင်းပခဲ့ပါတယ်။ ဒီကွန်ဖရင့်က မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ ဦးဆောင်တဲ့ အမှုဆောင်ကော်မတီ (၄ဝ)ပါတဲ့ ABFSU ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းလိုက်ပါတယ်။

ဖြစ်စဉ်အရ ဗဟသများ အဖွဲ့ချုပ် ABFSU ရဲ့နောက်ဆုံး ညီလာခံဖြစ်တဲ့ (၆) ကြိမ်မြောက် ညီလာခံကို ၁၉၆ဝ ပြည့်နှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တာ ဖြစ်လို့ အခု မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်တို့ ဦးဆောင်တဲ့ ညီလာခံဟာ (၇) ကြိမ်မြောက် အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

‘တစ်ပါတီ အာဏာရှင် စနစ် ဖြုတ်ချရေး - ဒို့အရေး၊ ဒို့အရေး’

‘ပါတီစုံ ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေး - ဒို့အရေး၊ ဒို့အရေး’ ဆိုတဲ့ ကြွေးကြော်သံတွေကြား၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ တဝေဝေ၊ ခွပ်ဒေါင်းအလံတွေ တလူလူနဲ့ ယမ်းနံ့ သွေးနံ့ ဖုံးနေတဲ့ အဲဒီတုန်းက သြဂုတ်လ မြင်ကွင်းတွေကို ကျွန်တော် မြင်ယောင် အမှတ်ရနေဆဲပါပဲ။

[ မူရင်း - Radio Free Asia ]

Comments