Nyan Oo Maung - Let's Dream On

ကြယ်စင်အိပ်မက် ဆက်မက်နေမယ်

ဉာဏ်ဦးမောင်

သြဂုတ် ၁၃၊ ၂၀၀၉

သူမက ကိုယ့်အိပ်မက်ကို ရယ်တယ်၊ ကိုယ်ကတော့ သူမရယ်တဲ့အကြောင်း အိပ်မက် မက်လိုက်တယ်။ (ရှေးစကား)

‘အတွေးအကြံတွေကို တကယ့်ရုပ်ပိုင်းဆိုင်ရာတွေဖြစ်လာအောင် ပြောင်းလဲနိုင်သူဟာ လူသားသာပဲဖြစ်တယ်။ စိတ် ကူးအိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်တာလည်း လူသားသာလျင်ပဲ ဖြစ်တယ်’လို့ နပိုလီယန် ဟေးက ပြောဖူးတယ်။

အီလီနော် ရုစဗဲ့ကတော့ ‘အနာဂတ်ဆိုတာ ကိုယ့်ရဲ့ လှပတဲ့အိပ်မက်တွေကို ယုံကြည်တဲ့သူ တွေအတွက်ပဲ ဖြစ်တယ်’လို့ ဆိုပါတယ်။ ‘လူ့အသိုင်းအဝိုင်းက အပြစ်ကျူးလွန်တဲ့သူတွေကို မကြာခဏ မေ့ပစ်တတ် ပါတယ်။ ဒါပေမယ့် အိပ်မက်လှလှ မက်တဲ့သူတွေကိုတော့ ဘယ်တော့မှ မေ့မပစ်ကြဘူး’တဲ့။ ဒီစကားကိုတော့ အော် စကာဝိုင်းက ပြောခဲ့တာ။

အမည်မသိသူတစ်ဦးကတော့ ‘အိပ်မက်ဆိုတာ ကြယ်တာရာတွေလိုပါပဲ။ သင့်အနေနဲ့ ဘယ်တော့မှ သူတို့ကို ထိ ကိုင်လို့တော့ ရနိုင်မယ် မဟုတ်ပါဘူး။ ဒါပေမယ့် သင်ကသာ သူတို့နောက်ကို လိုက်ပါသွားရင် သူတို့က သင့်အတွက် အကောင်းမွန်ဆုံးဖြစ်နိုင်မယ့် တစ်နေရာကို ဦးဆောင်ခေါ်ယူသွားပါလိမ့်မယ်’လို့ ဆိုထားပါတယ်။

အိပ်မက်အကြောင်း ပြောခဲ့ကြသူတွေက အများကြီး။ မာတာလူသာကင်းကတော့ သူတို့အထဲမှာ အထင်ရှားဆုံးဖြစ်မလားပါ။ ‘ကျနော့် မှာ အိပ်မက်တစ်ခုရှိတယ်။ နောင်တချိန် ကျနော့်ရဲ့ကလေးတွေဟာ သူတို့ရဲ့ အသားအရောင်ကြောင့် သူတို့ဘာလဲ လို့ ဆုံးဖြတ်ခံရတာထက် သူတို့ရဲ့ ကိုယ်ကျင့်အသိတရားကြောင့်သာလျင် သူတို့ဘာပဲဆိုတာ ဆုံးဖြတ်ခံရတဲ့ နိုင်ငံမျိုး မှာ နေထိုင်ခွင့်ရတဲ့ သူလေးတွေ ဖြစ်စေချင်ပါတယ်’လို့ ပြောခဲ့ဘူးတယ်။ သူတို့လို မထင်ရှားပေမယ့် သူတို့လို အိပ် မက်မက်ခဲ့ကြသူတွေကတော့ နည်းမယ်မဟုတ်ပါဘူး။

ကိုယ်လား။ သေချာတာပေါ့။ ကိုယ့်မှာလည်း အိပ်မက်လှလှလေးတွေရှိတာပေါ့။ ခုတိုင်လည်း အိပ်မက်လေးတွေကို ဆက်လက်မက်လို့ နေဆဲပေါ့။ ဒါဆို ကိုယ့်အိပ်မက်လေးက ဘာအရောင်တွေလဲ။ မေးမနေနဲ့လေ။ သေချာပြီးသားကို။ ကိုယ့်အိပ်မက်က တကယ့်ကိုမှ ရွှေရောင်အိပ်မက် လှလှလေးတွေပဲပေါ့။ အိပ်မက်လှလှလေးတွေ အမြဲမက်လေ့ရှိတဲ့ ကိုယ့်ထံ ခုတော့ အိပ်မက်အသစ်လေးတစ်ခု တိုးလျိုးဝင်ရောက်ကာ နေရာယူလာပြန်ပြီလေ။ ကိုယ့်ဆီကို ဒီအိပ်မက် လေး သယ်လာသူက ဒီနေ့နေ့လယ်က တွေ့ခဲ့ရတဲ့ ‘ရွှေကြယ်စင် အိပ်မက်ပွဲတော်’ လေးပေါ့။

ကိုယ်နေထိုင်ရာ ဆန်ဖရန်စစ္စကို ဗေးဧရိယာဆိုတဲ့ ရပ်ဝန်းလေးမှာ တနေ့တခြား မြန်မာနွယ်ဖွား မိသားစုတွေ များ များလာတယ်။ မြန်မာနွယ်ဖွားတွေထဲမှာ ကိုယ့်သွေးသား အရင်းတွေဖြစ်တဲ့ တိုင်းရင်းသား ကချင်၊ ကရင်၊ မွန်၊ က ယား ၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ပလောင်၊ ပအိုဝ့်စတဲ့သူတွေ ၊ တရုတ်နဲ့ အိန္ဒိယနွယ် မြန်မာပြည်သားတွေလည်း ပါဝင်တယ်။

နောက်ပြီးလည်း ဒီနေရာတဝိုက်ကို အခြေချလာသူတွေထဲမှာ မြန်မာပြည် ထက်အောက် အရှေ› အနောက် တနံ တ လျား နေရာဒေသ အစုံက လာကြသူတွေ။ အနွယ်တွေ၊ အရွယ်တွေ၊ ကွဲပြားပေမယ့် အားလုံးက တစ်မြေထဲဖွား၊ မကွဲ မပြား၊ တစ်သွေးတစ်သားထဲချည်းသာပါ။

အခြေခံယဉ်ကျေးမှု တူညီပေမယ့် နေရာဒေသအသီးသီး၊ နောက်ခံသမိုင်းအသီးသီးက အနည်းငယ်ကွဲပြားခြားနားကြ လို့ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အယူအဆလေးတွေ မတူကွဲပြားကြတာလည်း ရှိနိုင်ပါတယ်။ နောက်ပြီး ကိုယ်တို့ တွေ ကြီးပြင်းခဲ့ရတဲ့ စနစ်ကြောင့် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ အထင်အမြင်လွဲမှားမှုတွေလည်း ရှိနိုင်ပါ တယ်။ တကယ်တော့ တို့တွေအားလုံးဟာ ဆိုးရွားတဲ့ စနစ်တစ်ခုအောက်မှာ အတိဒုက္ခ ရောက်ခဲ့ကြသူချည်းပါပဲ။ အနည်းအများ၊ အထူအပါးသာ ကွာလျင် ကွာမယ်ပေါ့။ အခြားအရာတွေ မတူနိုင်သည့်တိုင် တို့အားလုံး တို့အင်မ တန် ချစ်မြတ်နိုးတဲ့ တို့နိုင်ငံကို ခွဲခွာခဲ့ကြရခြင်းမှာတော့ အတူတူပဲဖြစ်မှာပါ။

ဘယ်လိုနည်းနဲ့ပဲ တို့တတွေ အမိမြေကို ခွဲခဲ့ကြသည် ဖြစ်ပစေ။ တို့သွေးတို့အသားထဲမှာတော့ တို့မြန်မာတွေဆိုတဲ့ ဇာတိစိတ်ကတော့ ကိန်းနေဆဲပါ။ တို့မြေ တို့သဘာဝရဲ့ ခုံမင်တမ်းတဖွယ် ယဉ်ကျေးမှုအလှ သင်္ကေတလေးတွေကို လည်း လွမ်းဆွတ်တသ အမှတ်ရနေဆဲပါ။ တို့အသီးသီးရဲ့ နှလုံးသားထဲမှာလည်း တို့တွေ စွဲမြဲယုံကြည်ထားတဲ့ အလှ တရားတွေကို တို့သွေးတို့သားတွေဆီ ဆက်လက်လို့ လက်ဆင့်ကမ်း ဖြန့်ဝေပေးချင်တတ်ကြတာလည်း အတူတူပဲ ဖြစ်မှာပါ။

ဒါပေမယ့် ဒီအရာတွေကို စနစ်တကျ ထိမ်းသိန်းဖို့၊ တို့အားလုံးရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့က တို့ အားလုံးနဲ့ဆိုင်တဲ့ သတ်သတ်မှတ်မှတ် နေရာလေးတစ်နေရာ ရှိဖို့တော့ လိုတယ်လေ။ ဒီနေရာလေးဟာ ဘာသာ မတူသူတွေ အတူတူစုဝေးရာ၊ စကားကွဲပြားသူတွေ ပေါင်းဆုံဆွေးနွေးရာ၊ အစားအစာ ခြားနားသူတွေရဲ့ စုပေါင်း ချက်ပြုတ်ရာ နေရာလေးလည်း ဖြစ်လာနိုင်တာပေါ့။ အထူးသဖြင့် တို့မက်ကြတဲ့ အိပ်မက်လေးကို အကောင် အထည်ဖော်ကပြဖို့ ဇာတ်ခုံလည်း တစ်ခုံလည်းဖြစ်နိုင်သလို တို့အားလုံးရဲ့ အလင်းကြယ်စင်ထွန်းပရာ ကောင်းကင် ပြာပြာကြီးလည်း ဖြစ်နိုင်မှာပေါ့။

ရွှေကြယ်စင်အိပ်မက်ပွဲတော်မှာ သီဆိုသူတွေ၊ ကပြသူတွေ၊ အလှပြသူတွေ၊ အကဲခတ်သူတွေ၊ အကဲဖြတ်သူတွေ၊ အ အေးရောင်းသူတွေ၊ ဈေးရောင်းသူတွေ၊ စားပေးသူတွေ၊ အားပေးသူတွေ၊ လုပ်အားပေးသူတွေ၊ နှုတ်အားပေးသူတွေ၊ အားလုံးအားလုံးမှာ ကိုယ်ပိုင်အိပ်မက်လေးတွေတော့ အသီးသီး ရှိကြမှာပါ။ ဒီအချိန်မှာ ဒို့အားလုံးအတွက် တူညီတဲ့ အိပ်မက်ဟာ တို့အိပ်မက်တွေကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ဖို့ နေရာလေးတစ်နေရာ ရှိဖို့ပါ။

ဗေးဧရိယာမှာ မြန်မာတို့ရဲ့ ကွန်မြူနီတီစင်တာဆိုတာ မကြာမီ အသေအချာပေါ်ပေါက်လို့ လာကိုလာရမှာ။ သင့်ရဲ့ ငွေကြေးအား၊ နှုတ်အား၊ ကိုယ်အား၊ ဉာဏ်အား၊ အား အားလုံးဟာ တို့အားလုံးရဲ့ အိပ်မက်လေး အမှန်တကယ် ဖြစ်လာဖို့ အကောင်းဆုံးအရာပဲဖြစ်မှာပါ။ ကွန်မြူနီတီစင်တာဆိုတာ အားလုံးအတွက်ပါ။

ဒီနေ့ မစသေးတဲ့အရာဟာ မနက်ဖန်မှာလည်း ပြီးဆုံးနိုင်လိမ့်မယ် မဟုတ်ပါဘူးလို့ ဆိုကြတယ်။ ဒီနေ့ (သြဂုတ်လ၊ ၉ ရက်) နေ့လယ်ခင်းဆီက စခဲ့တဲ့ အိပ်မက်ကို ကိုယ်ကတော့ ဆက်လက် မက်ကာ နေဦးမှာ။ တကယ်တော့ ကိုယ့်အိပ် မက်ရဲ့ အဓိကဇာတ်ဆောင်ဟာ သင်သာ အမှန်တကယ်ဖြစ်စေချင်လိုက်တာ။ ကိုယ်ကတော့ ကောင်းကင်ပြာပြာကြီး ထဲက ကြယ်စင်ငယ်လေးတစ်လုံးပမာ။ သင်သွားလိုရာခရီးအတွက် အားကူပေးကာ လင်းနေမှာ။ ။

Comments