student movement 18

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၁၈)
“၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်း”
အောင်ဝေး

ဇူလိုင် ၂၅၊ ၂၀၀၉

ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း

၁၉၇၄-မဆလ စစ်အစိုးရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကျောင်းသား၊ အလုပ်သမား ပြည်သူတွေရဲ့ မဆလဆန့်ကျင်ရေး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။


၁၉၇၄ ဇွန်လ အလုပ်သမားအရေးအခင်း၊ ၁၉၇၄ ဒီဇင်ဘာလ ဦးသန့် အရေးအခင်းနဲ့ ၁၉၇၅ ဇွန်လ ရွှေတိဂုံ အထွေထွေ သပိတ်တို့ ဆက်တိုက် ဖြစ်ခဲ့ပြီးတဲ့နောက် ထပ်မံ ပေါ်ပေါက်လာတဲ့ တိုက်ပွဲကတော့ ၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်းပါပဲ။

၁၉၇၅ ဇွန်လ ရွှေတိဂုံ အထွေထွေ သပိတ်ကြောင့် ရက်ရှည်ပိတ်ထားတဲ့ တက္ကသိုလ် ကောလိပ်တွေ ၁၉၇၆ ဇန်န၀ါရီလထဲမှာ အစိုးရက ပြန် ဖွင့်လိုက်ပါတယ်။ ကျောင်းသားထုနဲ့ အစိုးရကြား ဆက်ဆံရေး တင်းမာနေတဲ့ ကြားကပဲ အာဏာပိုင်တွေဘက်က ကျောင်းလခနဲ့ အဆောင်ကြေးတွေကို အရင်နှစ်တွေကထက် နှစ်ဆ တိုးမြှင့်လိုက်ပါတယ်။

ကျောင်းသားထုကြားမှာ အထွေထွေ မကျေနပ်မှုတွေနဲ့ လှုပ်လှုပ်ရွရွ ဖြစ်လာတဲ့အချိန်ပါ။ “တပေါင်း”၊ “ရေပူစီးကြောင်း” စတဲ့ ကျောင်းသားတွေရဲ့ အစိုးရ ဆန့်ကျင်ရေး စာကူးစက် ကဗျာစာအုပ်တွေ ပလူပျံလာပါတယ်။

၁၉၇၆ ခုနှစ်ဟာ ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ နှစ် တစ်ရာပြည့် ဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာ ပြည့်ကျင်းပဖို့ သခင်လေးမောင်တို့ ဦးစီးတဲ့ ရာပြည့်ကော်မတီကို ပုဂ္ဂိုလ် တစ်ရာနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

သို့သော် ဒီကော်မတီထဲကို ဦးနေ၀င်း ၀င်ပါလာပြီး ဖိအားပေးတာတွေ၊ တင်းကျပ်တာတွေ လုပ်လာတဲ့အတွက် ဆရာဒဂုန်တာရာ တို့လို၊ ဆရာဗန်းမော်တင်အောင် တို့လို ပုဂ္ဂိုလ် တွေ ဒီရာပြည့်ကော်မတီထဲက နှုတ်ထွက်သွားကြပါတယ်။ ရာပြည့်ကော်မတီ အနေနဲ့လည်း ဆရာကြီးမှိုင်း ရာပြည့်ပွဲကို လက်တွေ့ အကောင်အထည် ဖော်ဖို့ ခက်လာပါတော့တယ်။

ဒါပေမယ့် တက္ကသိုလ်ကျောင်းသားထုကြားမှာတော့ ဆရာကြီးရဲ့ နှစ်တစ်ရာပြည့် မွေးနေ့ကို မဖြစ်မနေ ရအောင်လုပ်ဖို့ စီစဉ်ထားကြပါပြီ။ ဆရာကြီးမှိုင်းဟာ ၁၈၇၆ ခုနှစ် မတ်လ (၂၃) ရက်ဖွား ဆိုတော့ ဆရာကြီးရဲ့ရာပြည့်က ၁၉၇၆ မတ်လ (၂၃) ရက်မှာ ကျရောက်တာပါ။

တက္ကသိုလ်များ(ရန်ကုန်)က ကျောင်းသားတွေ စုဝေးတိုင်ပင်ပြီး ဆရာကြီးမှိုင်း ရာပြည့်ပွဲကို ၁၉၇၆ မတ်လ (၂၃)ရက်ကနေ တစ်ပတ် သတ်မှတ်လိုက်ကြပါတယ်။ ကျောင်းသား ခေါင်းဆောင်တွေက “ရင်ဖွင့်သံနိဒါန်း” ဆိုပြီး လက်ကမ်းစာစောင်တစ်ခု လုပ်ကြပါတယ်။ ဒီစာစောင်မှာ ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ကန်တော်မင်ပန်းခြံက ဆရာကြီးမှိုင်း အုတ်ဂူကို ချီတက်မယ့် လမ်းကြောင်းပြမြေပုံ ဖော်ပြထားတယ်။ တစ်ပြည်လုံးက ကျောင်းသားထုကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ လာရောက် စုစည်းပြီး ကျောင်းသား အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ဖို့ လှုံ့ဆော်ထားပါတယ်။

ဒီလိုနဲ့ ဆရာကြီးမှိုင်းရာပြည့်နေ့ မတိုင်ခင် တစ်ရက်အလို မတ်လ (၂၂)ရက်နေ့ မှာတော့ ၁၉၇၅ ရွှေတိဂုံ အထွေထွေ သပိတ်အပြီးမှာ တောခိုသွားပြီး လျှို့ဝှက်ပြန်ဝင်လာတဲ့ ကျောင်းသား ခေါင်းဆောင် ချင်းတိုင်းရင်းသား ကိုတင်မောင်ဦးကို အစိုးရက လက်နက်နဲ့အတူ ဖမ်းဆီးရမိသွားပါတယ်။ သူ့ကို ၀င်ဖမ်းတဲ့ စံရိပ်ငြိမ်က အပြင်ဆောင် တစ်ခုမှာပဲ မှိုင်းရာပြည့် အတွက် လုပ်ထားတဲ့ အလံတွေ၊ နဖူးစည်းတွေ၊ ရင်ဖွင့်သံနိဒါန်း စာစောင်တွေပါ အစိုးရဘက်က သိမ်းဆည်း ရမိသွားပါတယ်။

မဆလရဲ့ မြန်မာ့အသံက ဒီသတင်းကြေညာလိုက်ပြီး ကျောင်းသားတွေရဲ့ မှိုင်းရာပြည့်ပွဲကို သေးသိမ်အောင် ရှုတ်ချ တိုက်ခိုက်ပါတယ်။ အစိုးရက ရန်ကုန်တိုင်း တစ်တိုင်းလုံး လမ်းပေါ်မှာ လူ (၅) ဦးထက် ပိုမစုရ ဆိုတဲ့ ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ (၂၃) ရက်နေ့ ဆိုက်ရောက်လို့လာပါပြီ။ နောက်မဆုတ်တဲ့ တက္ကသိုလ်များ (ရန်ကုန်) က ကျောင်းသားထုဟာ မှိုင်းရာပြည့် ချီတက်ပွဲ အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ လာရောက် ပေါင်းစည်းမိနေကြပါပြီ။

နေ့လည် (၁၁) နာရီမှာ ကျောင်းသားတွေဟာ ဆရာကြီးမှိုင်း အုတ်ဂူကို စတင် ချီတက်ကြပါတယ်။ ကျောင်းသားတွေ ချီတက်ရာ ပြည်လမ်း မြန်မာ့အသံရှေ့၊ ဦးဝိစာရလမ်း တစ်လျှောက်၊ ကန်တော်မင်ပန်းခြံ ဆရာကြီးမှိုင်းဂူအထိ စစ်သားတွေဟာ သေနတ်ချင်း ထိပြီး အသင့် စောင့်ပေးနေကြပါတယ်။ ကျောင်းသားတွေ လက်ထဲမှာတော့ ဆရာကြီးမှိုင်းရဲ့သင်္ကေတ (၄) ခုဖြစ်တဲ့ ကဒေါင်း-တူတံစဉ်-ချိုးဖြူနဲ့ စာအုပ် ပိုစတာကြီးတွေ ၊ သမဂ္ဂ ခွပ်ဒေါင်း အလံတွေပဲ ပါပါတယ်။

စစ်သားတွေ၊ သေနတ်တွေ၊ သံဆူးကြိုးတွေ၊ ပုဒ်မ ၁၄၄တွေ ကြားကနေ ကျောင်းသားတွေဟာ “ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး-ဒို့အရေး၊ ဒို့အရေး”၊ “ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ- ဒို့ရန်သူ” လို့ ကြွေးကြော်ရင်း ချီတက်နေကြတာပါ။ စစ်တပ်ကလည်း ကျောင်းသားတန်းကြီးကို ရုပ်ရှင်ရိုက်စက်တွေနဲ့ အသေးစိတ် လိုက်ရိုက်နေပါတယ်။

ဆရာကြီးမှိုင်းရဲ့ အုတ်ဂူကို ရောက်ပါပြီ။ ကျောင်းသားတွေက ဆရာကြီးကို အလေးပြုကြတယ်။ ဆရာကြီးရဲ့ မဟာလေးချိုးကြီး ကဗျာတွေကို ရွတ်ဆိုကြတယ်။ သ၀ဏ်လွှာတွေ၊ ဂုဏ်ပြုစာတမ်းတွေ ဖတ်ကြတယ်။ အားလုံး အေးအေးချမ်းချမ်းပါပဲ။ ငြိမ်းချမ်းစွာ ဂါရ၀ပြုပြီးရင် ကိုယ့်ကျောင်းကို ပြန်ကြဖို့ပါပဲ။

သို့သော် အဖမ်းခံလိုက်ရတဲ့ ကိုတင်မောင်ဦးရဲ့နှမ (၉)တန်းကျောင်းသူ မလှမြိုင် အုတ်ဂူမှာ စကား ပြောနေတုန်း စစ်ကားတစ်စီးက ကျောင်းသားတွေ ကြားထဲကို အတင်း ဒရကြမ်း မောင်းဝင်လာပြီး ရန်စတဲ့သဘော လုပ်လိုက်ပါတယ်။

ဒီမှာတင် ကျောင်းသားထုဟာ သည်းမခံနိုင်တော့ဘဲ တိုက်ပွဲရဲ့ ကြွေးကြော်သံတွေကို ပြောင်းလိုက်ကြပါတော့တယ်။ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေး၊ အဖမ်းခံ ကျောင်းသား အလုပ်သမားများ ပြန်လွှတ်ပေးရေး၊ ကျောင်းသား အလုပ်သမား ပေါင်းစည်းရေးတွေကို တောင်းဆို ကြွေးကြော်လိုက်ကြပါပြီ။

အဲဒီနေ့မှာပဲ မဆလ အစိုးရကတော့ သူလုပ်နေကျ အတိုင်း တစ်ပြည်လုံးက တက္ကသိုလ် ကောလိပ် သိပ္ပံတွေ အားလုံးကို ရက် အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး အဆောင်နေ ကျောင်းသားတွေ (၂၄)နာရီအတွင်း ထွက်ခွာရမယ်လို့ အမိန့် ထုတ်လိုက်ပါတော့တယ်။

ကျောင်းသားတွေကတော့ ဆရာကြီးမှိုင်းအုတ်ဂူက အပြန် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ သပိတ်စခန်း ဖွင့်လိုက်ကြပါတယ်။

ကျောင်းသားတွေဟာ ငြိမ်းချမ်းစွာ ပညာ သင်ကြားခွင့်ကို လိုလားတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဗိသုကာကြီးရဲ့ နှစ်တစ်ရာပြည့် မွေးနေ့ကို ငြိမ်းချမ်းစွာ ဆင်နွှဲချင်ကြတာပါ။ ဆရာကြီးမှိုင်းဆိုတာ ကိုလိုနီ လက်အောက်မှာတုန်းက ဗြိတိသျှအစိုးရရဲ့ ရန်သူနံပါတ် (၁) ပါ။ ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံပါတ်(၅)ပါ။ ဆရာကြီးမှိုင်းရဲ့ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဂုဏ်ပုဒ်တွေကို မဆလ စစ်အုပ်စုက ဖော်ထုတ်ခွင့် မပြုပါဘူး။

နောက်တနေ့မှာတော့ စစ်တပ်က အလုံးအရင်းနဲ့ ဘွဲ့နှင်းသဘင် ခန်းမကို ၀င်ရောက်စီးနင်းပြီး ကျောင်းသားတွေကို အတင်း ရိုက်နှက် ဖမ်းဆီးပါတော့တယ်။

နောက်နေ့ထုတ် စစ်အစိုးရသတင်းစာတွေမှာ အဖမ်းခံရတဲ့ မှိုင်းရာပြည့်ခေါင်းဆောင် စက်မှု တက္ကသိုလ် ကျောင်းသား ကဗျာဆရာတွေ ဖြစ်ကြတဲ့ မောင်မှိုင်းလွင်(အင်းဝ)၊ ဘုန်းနွယ်လင်း-ချည်ထည်နဲ့ ၀င်းမင်းထွေး(အမရပူရ) တို့ရဲ့ ဓာတ်ပုံတွေကို ဖော်ပြပြီး ကျောင်းသား လှုပ်ရှားမှုကို ပြစ်တင် ရှုတ်ချထားပါတယ်။

ဒီမှိုင်းရာပြည့် အရေးအခင်းဟာ မန္တလေးတက္ကသိုလ်၊ မော်လမြိုင် တောင်ကြီး၊ ပုသိမ်၊ မကွေး ကောလိပ်တွေမှာသာမကပဲ အင်းစိန်၊ ကလော၊ ချောက် စက်မှုလက်မှု သိပ္ပံတွေမှာပါ ဖြစ်ပေါ်ခဲ့တာပါ။ တစ်ပြည်လုံးက ကျောင်းသား အများအပြား ရာသက်ပန် ကျောင်းထုတ်ခံကြရပါတယ်။ ကျောင်းသား (၂၃၀) ကျော် အဖမ်းခံရပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံရပါတယ်။

အခုဆိုရင် ဆရာကြီးမှိုင်း မွေးနေ့လည်း (၁၃၃)နှစ်တိုင် မြောက်ခဲ့ပါပြီ။ ဆရာကြီးမှိုင်း ကွယ်လွန်ခဲ့တာလည်း (၄၅)နှစ် ရှိခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ဆရာကြီးမှိုင်းရဲ့ သမိုင်း အစဉ်အလာကို ဆက်ခံတဲ့ ကျောင်းသားတွေကတော့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အတွက် စစ်အာဏာရှင် စနစ်ကို ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်နေတုန်းပဲ မဟုတ်ပါလား။ ။

[ မူရင်း - လွတ်လပ်သည့် အာရှအသံ Radio Free Asia, Burmese Service ]

Comments