student movement 17

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အမှတ် ၁၇)
‘၁၉၇၅ ရွှေတိဂုံ အထွေထွေသပိတ်’
အောင်ဝေး
ဇူလိုင် ၁၉၊ ၂၀၀၉

၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း ဖြစ်လို့ တက္ကသိုလ် ကောလိပ်တွေ ရက်ရှည် ပိတ်ထားခဲ့ရာကနေ ၁၉၇၅ ခုနှစ် မေလထဲမှာတော့ ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ ရင်ထဲမှာ ဦးသန့်အရေးအခင်းကို မဆလ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့တာတွေ မေ့ဖျောက်လို့ မရသေးပါဘူး။ ကျောင်းသားတွေရဲ့ စိတ်ထဲမှာ စစ်အစိုးရအပေါ် နာကြည်း မုန်းတီးတဲ့ ခံစားချက်တွေ တဖွားဖွား တောက်လောင်နေတဲ့ အချိန်ပါ။ တိုင်းပြည်ကလည်း စစ်အုပ်စုလက်အောက်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေ ယဉ်ကျေးမှု စတဲ့ ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျနေခဲ့ပါပြီ။

မေလကုန်လောက်မှာတော့ ပညာရေးတက္ကသိုလ် ကျောင်းသားတွေရဲ့ နိုင်ငံတော် ကောင်စီရုံး ခဲပေါက်မှု ဖြစ်လာပါတယ်။ ပြဿနာက ညဘက် မြို့ထဲက ပြန်လာတဲ့ ကျောင်းသားတွေကို ဟံသာဝတီအ၀ိုင်းနားမှာ ရှိတဲ့ နိုင်ငံတော်ကောင်စီရုံး ဂိတ်စောင့် စစ်တပ်က ရန်စ စော်ကားလို့ ဖြစ်ရတာပါ။ မကျေနပ်တဲ့ ကျောင်းသားထုက အဲဒီ ဂိတ်တံခါးနဲ့ ကင်းတဲကို ခဲနဲ့ ၀ိုင်းထုပြီး ဖြိုဖျက်ပစ်လိုက်ကြပါတယ်။

ဇွန်လဆန်းမှာတော့ မဆလ စစ်အစိုးရ နိုင်ငံတော် ကောင်စီဝင် ဒေါက်တာ လှဟန်၊ ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းတို့ အဖွဲ့ဟာ တက္ကသိုလ်တွေကို လှည့်ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လုပ်လာပါတယ်။ ကျောင်းသား အုံကြွမှု ပေါ်ပေါက်မလာအောင် ကျောင်းသားတွေကို တဖက်လှည့်နဲ့ ဖြေသိမ့် ဖြိုခွဲဖို့ ကြံစည်တဲ့ သဘောပါပဲ။

ဒါပေမဲ့ စက်မှု တက္ကသိုလ်မှာ တပွဲပဲ လုပ်လိုက်ရပါတယ်။ တက္ကသိုလ် ကျောင်းသားထုက လက်မခံဘဲ ဆူပူ အော်ဟစ် ဆန့်ကျင် တုန့်ပြန်မှုကြောင့် နောင် ပွဲတွေ အလိုလို ပျက်သွားရပါတယ်။

ဒီလိုနဲ့ ဇွန်လ ၆ ရက်နေ့ ‘၁၉၇၄ ဇွန်လ ၆ ရက် အလုပ်သမားအရေးအခင်း’ တနှစ် ပြည့်တဲ့နေ့။ ကျောင်းသားတွေနဲ့ အလုပ်သမားတချို့ ပူးပေါင်းပြီး နှစ်ပတ်လည် အထိမ်းအမှတ် မဆလ ဆန့်ကျင်ရေး သပိတ်ကို အစပြုလိုက်ကြပါပြီ။

သပိတ်အစမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ သပိတ်စခန်း ဖွင့်လိုက်ကြပါတယ်။ တက္ကသိုလ် ကောလိပ်ပေါင်းစုံက ကျောင်းသားတွေ စုဝေးပြီး တိုက်ပွဲ ဦးစီးကော်မတီ ဖွဲ့လိုက်ပါတယ်။ ခွပ်ဒေါင်းအလံတွေဟာ တက္ကသိုလ် နယ်မြေနဲ့ ရန်ကုန်မြို့ထဲမှာ လွင့်ပျံသွားပါပြီ။

ကျောင်းသားထုနဲ့ အလုပ်သမားထုဟာ ရန်ကုန်မြို့ထဲကို ချီတက်ပြီး မဟာဗန္ဓုလ ပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာ ဦးနေ၀င်း နဲ့ ဦးစန်းယုတို့ ရုပ်ကလာပ်တွေကို မီးရှို့ ဆန္ဒပြကြပါတယ်။

၁၉၇၄ ဇွန်လ အလုပ်သမား အရေးအခင်း အပြီးမှာတုန်းက သမိုင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေနဲ့ သမိုင်းဝင်းထဲက တက္ကသိုလ်ကျောင်းသား အဆောင်တွေ ဆက်နေတဲ့ လမ်းပေါ်မှာ စစ်အစိုးရက အုတ်တံတိုင်း ခတ်ပြီး ပိတ်ပစ်ခဲ့ပါတယ်။ အခု ၁၉၇၅ ဇွန်လ ၆ ရက် နှစ်ပတ်လည် အထွေထွေ သပိတ်ကြီး ဖြစ်တော့ ချင်းတိုင်းရင်းသား ကိုတင်မောင်ဦး ဦးဆောင်တဲ့ ကျောင်းသားထုက မေခဆောင် နောက်ဘက်က ဒီ အုတ်တံတိုင်း နေရာကို ဖြိုချပစ်လိုက်ကြပါတယ်။

ဒီတိုက်ပွဲဟာ မဆလ စစ်အုပ်စုကို ဗြောင် စိန်ခေါ်ပြီး တိုက်တဲ့ နိုင်ငံရေး အနှစ်သာရ ပြည့်ဝတဲ့ အထွေထွေ သပိတ်တိုက်ပွဲပါပဲ။ ဇွန်လ ၉ ရက်နေ့မှာတော့ သပိတ်အင်အားစုကြီးဟာ စည်းကမ်းတကျနဲ့ ပြည်လမ်းမကြီးအတိုင်း အင်းစိန်ထောင်ကြီးဆီကို ချီတက်လာကြပါတယ်။ လမ်းတလျှောက် ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမား အရေးအခင်း နဲ့ ဒီဇင်ဘာလ ဦးသန့် အရေးအခင်းတွေတုန်းက အဖမ်းခံထားရတဲ့ အလုပ်သမားတွေ၊ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ကြွေးကြော်သံတွေ တိုင်လာကြပါတယ်။

အင်းစိန်ထောင်ကို ၀ိုင်းပြီး ကြွေးကြော်သံတွေ အော်နေတဲ့ ကျောင်းသား အလုပ်သမားတွေကို ရန်သူ မဆလက မဟန့်တားနိုင်ခဲ့ပါဘူး။ ထောင်ထဲက ရဲဘော်တွေကလည်း ပြန်ပြီး အော်ဟစ် ကြွေးကြော်ကြပါတယ်။

အဲဒီနေ့မှာပဲ မဆလ စစ်အစိုးရက တက္ကသိုလ်ကောလိပ်တွေကို ရက် အကန့်အသတ် မရှိ ပိတ်လိုက်ကြောင်း ကြေညာပါတော့တယ်။

ကျောင်းပိတ်လိုက်တဲ့ အတွက် ကျောင်းသားတွေဟာ ဇွန်လ ၁၀ ရက်နေ့မှာ ဘွဲ့နှင်းသဘင် ခန်းမက သပိတ်စခန်းကို ရွှေတိဂုံဘုရားပေါ် ပြောင်းရွှေ့လိုက်ကြပါတယ်။ ရွှေတိဂုံဘုရား ရင်ပြင်က ၁၉၂၀ ပထမ တက္ကသိုလ်သပိတ် အထိမ်းအမှတ် ကျောက်တိုင်မှာ အထွေထွေ သပိတ် အင်အားစုက နေရာ ယူလိုက်ကြပါတယ်။

ရွှေတိဂုံ အထွေထွေ သပိတ်စခန်းမှာ ကျောင်းသားတွေ၊ အလုပ်သမားတွေ ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ တချိန်တည်းမှာပဲ မန္တလေး တက္ကသိုလ်၊ မကွေး နဲ့ မော်လမြိုင် ကောလိပ် အသီးသီးမှာလည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီလို စစ်ကျွန်အဖြစ်မှာ ဘယ်တော့မှ နွံနစ်မခံဘူး ဆိုတဲ့ ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ကျောင်းသားတွေဟာ အုတ်နံရံကို ခေါင်းနဲ့ တိုက်ပြီး ဖြိုနေရတဲ့ အချိန်မှာ ပဲခူးရိုးမနဲ့ တိုင်းရင်းသားနယ်မြေတွေက လက်နက်ကိုင် တော်လှန်ရေးတွေ ဒီရေကျချိန် ဖြစ်လာတာမို့ ကျောင်းသားထုဟာ ကိုယ့်အားကိုယ်ကိုး ထီးတည်း ခုခံနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ကျောင်းသား သမဂ္ဂ ပြန်လည် ဖွဲ့စည်းရေးကနေ မဆလ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အထိ ရွှေတိဂုံ အထွေထွေ သပိတ်စခန်းမှာ ကြံ့ကြံ့ခံ တောင်းဆို တိုက်ပွဲဝင်နေတဲ့ ကျောင်းသား၊ အလုပ်သမား အင်အားစုကို မဆလ စစ်အစိုးရက ကြာရှည် လှုပ်ရှားခွင့် မပြုတော့ပါဘူး။

ရွှေတိဂုံ အထွေထွေ သပိတ်စခန်းဖွင့်ပြီးလို့ တရက်အကြာ ဇွန်လ ၁၁ ရက်နေ့ နံနက် လင်းအားကြီး ၄ နာရီမှာ စစ်တပ်နဲ့ လုံထိန်းရဲတွေ ရွှေတိဂုံဘုရားပေါ် တက်လာပြီး ကျောင်းသားနဲ့ အလုပ်သမားတွေကို ရိုက်နှက် ဖမ်းဆီးပြီး ချက်ချင်းပဲ အင်းစိန်ထောင်ထဲကို တန်းပို့လိုက်ပါတော့တယ်။

အသက် ၁၂၊ ၁၃ နှစ်အရွယ် အလယ်တန်း၊ အထက်တန်း ကျောင်းသားငယ်လေးတွေ အပါအ၀င် ကျောင်းသားပေါင်း ၃၀၀ လောက် ရွှေတိဂုံ သပိတ်စခန်းမှ အဖမ်းခံခဲ့ရပါတယ်။

အဖမ်းခံရတဲ့ ကျောင်းသားတွေဟာ အင်းစိန်ထောင်ကို ဖမ်းခေါ်လာတဲ့ လမ်းတလျှောက် စစ်ကားကြီးတွေ၊ အချုပ်ကားတွေပေါ်ကနေ ‘အမေကမွေး၊ ထောင်ကကျွေး’၊ ‘အင်းစိန်ထောင်ကြီး ထပ်ချဲ့ ထပ်ချဲ့’၊ ‘ရေကြည်အိုင်လည်း၊ ထပ်ချဲ့ ထပ်ချဲ့’၊ ‘အရေးတော်ပုံ အောင်ရမည်’ စတဲ့ ကြွေးကြော်သံတွေ တက်တက်ကြွကြွ အော်ဟစ်ရင်း လိုက်ပါသွားခဲ့ကြတာပါ။

ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ မကြောက်မရွံ့ သမဂ္ဂစိတ်ဓာတ်နဲ့ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲ ရှေ့ကို ချီခဲ့ကြတဲ့ သမိုင်းတွေကို ကျနော်တို့ အောက်မေ့ ဂုဏ်ပြုကြပါစို့လား။ ။

[ မူရင်း - www.rfa.org/burmese လွတ်လပ်သည့် အာရှအသံ ]

Comments