student movement 16

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၁၆)
“၁၉၇၄ ဦးသန့်ဈာပန”(ဒုတိယပိုင်း)
အောင်ဝေး
ဇူလိုင် ၁၁၊ ၂၀၀၉

ဒီဇင်ဘာ ၈ ရက်။ ဒီနေ့ဟာ ဦးသန့်ရုပ်ကလာပ်ကို မိသားစု ဆန္ဒအရ ကန်တော်မင် ပန်းခြံကို ပို့ဆောင် မြှုပ်နှံရတော့မယ့်နေ့။

ဦးသန့်ရဲ့ နောက်ဆုံးခရီးကို ဂါရ၀ပြု လိုက်ပါ ပို့ဆောင်ကြမယ့် ကျောင်းသား ပြည်သူ သံဃာထုကြီးရဲ့ ပေါင်းစည်း ညီညွတ်မှုကတော့ တက္ကသိုလ်နယ်မြေ တခုလုံး လူပင်လယ် လှိုင်းထလို့ လိုနေပါတော့တယ်။

ဘွဲ့နှင်းသဘင် ခန်းမ ၀န်းကျင်တ၀ိုက်၊ အဓိပတိ လမ်းမကြီးတလျှောက် နေရာတိုင်းဟာ ရင်ခုန် လှုပ်ရှားဖွယ် ဖြစ်နေပါတယ်။

မွန်းတည့် ၁၂ နာရီ ဈာပန ပို့ဆောင်မယ့် အစီအစဉ်အရ ဦးသန့်ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင် ခန်းမထဲကနေ သမဂ္ဂ ရင်ပြင်ဆီကို ပြည့်ကျပ်နေတဲ့ လူအုပ်ကြီး ကြားထဲက ခဲရာခဲဆစ် သယ်ဆောင်လာပါပြီ။

ဦးသန့်ရုပ်ကလာပ်ကို ကန်တော်မင် ပန်ခြံ မသယ်ဆောင်ခင် ကျောင်းသားနဲ့ ပြည်သူတွေ ချွေးနဲ့ တည်ဆောက်ခဲ့ရတဲ့ သမဂ္ဂ ရင်ပြင်က အုတ်ဂူပေါ်မှာ ခေတ္တ တင်ပြီး ဂရ၀ ပြုဖို့ မန္တလေးဆောင် ကော်မတီက ဦးသန့် မိသားစုနဲ့ ဘွဲ့နှင်းသဘင် ခန်းမ (ဗဟို) ကော်မတီ တို့ ထံမှာ မေတ္တာရပ်ခံ ခွင့်တောင်းထားပါတယ်။

သမဂ္ဂရင်ပြင်က ဂူမှာ နိုင်ငံခြား သံတမန်တွေ၊ နိုင်ငံတကာ သတင်းထောက်တွေလည်း အများအပြား ရောက်ရှိနေကြတာပါ။ သာသန အလံ၊ ခွပ်ဒေါင်းအလံ၊ ကုလသမဂ္ဂအလံ အလံ ၃ လက် ယှဉ်တွဲ လွှင့်ထူထားတဲ့ ဦးသန့်ရုပ်ပုံ ပန်းချီကားချပ်ကြီး နောက်ခံနဲ့ အဲဒီ အုတ်ဂူပေါ်မှာ ဦးသန့်ရုပ်ကလာပ်ကို တင်၊ လူထု ပရိသတ်ကြီးက ဂါရ၀ ပြုကြပြီးလို့ ဈာပန အစီအစဉ်အတိုင်း ကန်တော်မင်ပန်းခြံသို့ ဆက်လက် ပို့ဆောင်ဖို့ ကြေညာလိုက်တဲ့ အခါမှာတော့ “ဦးသန့်ရုပ်ကလာပ်ကို သမဂ္ဂ၀င်းအတွင်းကနေ ဘယ်ကိုမှ ထုတ်မသွားရဘူး” ဆိုတဲ့ အသံတွေ တခဲနက် ဆူညံ ထွက်ပေါ်လာပါတော့တယ်။ ကျောင်းသားနဲ့ ပြည်သူ လူထုကြီးဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါပြီ။ သံဃာတော်တွေလည်း နိုးနိုးကြားကြား ဖြစ်ကုန်ပါပြီ။ ဦးသန့်ရဲ့ ကျန်ရစ်သူ မိသားစုနဲ့ မဲခွဲ ဆုံးဖြတ်ရလို့သာ ကန်တော်မင်း ပန်းခြံကို ပို့ဖို့ သဘောတူခဲ့ရပေမဲ့ ဦးသန့်ကို ဒီ တက္ကသိုလ်နယ်မြေမှာပဲ ထာဝရ မြှုပ်နှံ သဂြိုင်္ဟ်လိုကြောင်း ကျောင်းသားတွေက ထုတ်ဖော် ကြွေးကြော်လာကြပါတော့တယ်။

ဦးသန့်မိသားစုဝင် တယောက်က မန္တလေးဆောင်ပေါ်က အသံချဲ့စက်နဲ့ ပရိသတ်ကြီးကို မေတ္တာရပ်ခံ စကားပြောပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ကြားမှာ သဘောထား ၂ မျိုး ကွဲခဲ့လို့ ပရိသတ်တွေလည်း သဘောထား ကွဲသွားကြပါတယ်။

ဒီအချိန်မှာပဲ မန္တလေးဆောင် ကော်မတိဘက်က ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားနဲ့ ပြည်သူတွေ တည်ဆောက်ထားတဲ့ သမဂ္ဂ ရင်ပြင်က အုတ်ဂူမှာပဲ ထာဝရ မြှုပ်နှံဖို့ ဆုံးဖြတ်ကြောင်း ကြေညာလိုက်တဲ့ အခါမှာတော့ ပရိသတ်ကြီးက တခဲနက် သြဘာပေး ထောက်ခံလိုက်ကြပါတော့တယ်။

ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားတွေ ပခုံးပြောင်း ယူပြီး အုတ်ဂူထဲ ထည့်သွင်း သဂြိုင်္ဟ်လိုက်ပါပြီ။ ပန်းရံဆရာက ဂူကို ပိတ်ပြိးတဲ့အခါမှာတော့ ‘အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ’ ဆိုတဲ့ ဥဒါန်း ကျူးရင့်သံတွေ တက္ကသိုလ် နယ်မြေ တခုလုံး ပဲ့တင် မြည်ဟိန်းသွားပါပြီ။

ကျောင်းသားတွေက ကုလသမဂ္ဂ အလံတော်ကို အုတ်ဂူပေါ်မှာ လွှမ်းခြုံလိုက်ကြပါတယ်။

အဲဒီနေ့ ညဘက် မြန်မာ့အသံကနေ စစ်အစိုးရက ကျောင်းသားတွေဟာ ဦးသန့်မိသားစု ဆန္ဒကို ငြင်းပယ်ပြီး တက္ကသိုလ်နယ်မြေထဲမှာ ဦးသန့်ကို သဂြိုင်္ဟ်ကြောင်း သတင်း ကြေညာခဲ့ပါတယ်။

ကျောင်းသားနဲ့ ပြည်သူတွေဟာ ဦးသန့်ရဲ့ ငြိမ်းချမ်းရေး ဂူဗိမာန်ကို ဆက်လက် တည်ဆောက်ကြပါတယ်။ ဦးသန့် အုတ်ဂူကို ကာကွယ် စောင့်ရှောက်ဖို့ အသေခံ တပ်ဖွဲ့ ဖွဲ့ပါတယ်။ ခွပ်ဒေါင်းအလံ နဖူးစည်း နီနီတွေနဲ့ ကျောင်းသားလေးတွေက အုတ်ဂူကို ခြံရံ စောင့်ကြပ်နေကြပါတယ်။

မဆလ စစ်အစိုးရကလည်း အချိန်နဲ့အမျှ ရေဒီယို သတင်းစာတွေကနေ ကျောင်းသားတွေကို ရှုတ်ချ တိုက်ခိုက်နေပါတယ်။

၁၉၇၄ ဇွန်လ ၆ ရက် အလုပ်သမား အရေးအခင်း သွေးစွန်းပြီးလို့ ၆ လ အကြာမှာ ဦးသန့် ဈာပန အရေးအခင်း ဖြစ်လာတာမို့ လူထုရဲ့ မကျေနပ်မှုတွေဟာ ဒီနေရာမှာ ပေါင်းစည်း ပေါက်ကွဲကုန်ကြပါပြီ။

တက္ကသိုလ်နယ်မြေထဲမှာ နိုင်ငံရေး ဟောပြောပွဲတွေလည်း ခြိမ့်ခြိမ့်သဲသဲနဲ့ပါ။ လူထုရဲ့ နိုင်ငံရေး ရေချိန်ကလည်း ရန်ပုံငွေအတွက် ရွှေ ငွေ ကျောက်သံပတ္တမြား လက်ဝတ် လက်စားတွေ ချွတ်လှူတဲ့အထိ ဖြစ်နေပါပြီ။

ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းမှာတော့ မဆလ စစ်တပ်က တက္ကသိုလ်နယ်မြေကို ပိတ်ဆို့ပြီး ကျောင်းသားတွေကို နှိမ်နင်း ဖြိုခွဲဖို့ တိတ်တဆိတ် စီမံနေပြီ ဆိုတဲ့ သတင်း ကျောင်းသားတွေက ရလိုက်ပါတယ်။ ဒါကြောင့် ကျောင်းသား ခေါင်းဆောင်တွေက တက္ကသိုလ် နယ်မြေထဲ ရောက်နေတဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းသားငယ်လေးတွေ အမျိုးသမီး နဲ့ သက်ကြီး ရွယ်အိုတွေကို တက္ကသိုလ် နယ်မြေထဲကနေ အချိန်မီ ပြန်ထွက်ဖို့ မေတ္တာရပ်ခံ စီစဉ်ပေးရပါတယ်။ တချို့ကတော့ ပြန်မထွက်ချင်ကြပါဘူး။

ည ၁၀ နာရီ လုံခြုံရေးဂိတ် ပိတ်လိုက်ချိန်မှာတော့ လူအုပ်က ကျောင်းသား ပြည်သူ စုစုပေါင်း ၂ သောင်း လောက် တက္ကသိုလ်ထဲမှာ ကျန်နေပါတော့တယ်။

စစ်တပ်ဟာ သန်းခေါင်ယံအချိန် မတိုင်မီ ကတည်းက တက္ကသိုလ် ကျောင်းဝင်းကို လေးဖက် လေးတန်က ပိတ်ဆို့ထားလိုက်ပါပြီ။

နောက်တနေ့ ဒီဇင်ဘာ ၁၁ ရက် နံနက် လင်းအားကြီး ၂ နာရီ ဆန္ဒပြ ကျောင်းသား ပြည်သူတွေ အိပ်မောကျနေတဲ့ အချိန်မှာ စစ်တပ်ဟာ အဓိပတိ လမ်းထိပ်က ခြင်္သေ့တခါးကြီးကို ကရိန်းနဲ့ ဆွဲဖြုတ်ပစ်လိုက်ပြီး စစ်သားတွေ အလုံးအရင်းနဲ့ ကျောင်းဝင်းအတွင်း ၀င်ရောက် စီးနင်းကြပါတော့တယ်။

ကျောင်းဝင်းအနှံ့ ဆလိုက်မီးမောင်းကြီးတွေ ထိုးပြီး စစ်သားတွေက သံချပ်ကာ ကားတွေ၊ မျက်ရည်ယိုဗုံးတွေ၊ နံပတ်တုတ်တွေ၊ မောင်းပြန်သေနတ်တွေ နဲ့ ရိုက်နှက် ပစ်ခတ်ပြီး လူအုပ်ကို အစိတ်စိတ် အမြွာမြွာ ဖြစ်အောင် ဖြိုခွဲပါတော့တယ်။

ဘူဒိုဇာ မြေတူးစက်တွေနဲ့ ဦးသန့်အုတ်ဂူကို ဖြိုဖျက်ပြီး ရုပ်ကလာပ်ကို ပြန်ဖော်ယူကြပါတယ်။ ရုပ်ကလာပ်ကို ညတွင်းချင်းပဲ ကန်တော်မင်ပန်းခြံကို သယ်သွားပြီး အဲဒီက အုတ်ဂူမှာ ထည့်သွင်း သဂြိုင်္ဟ်လိုက်ပါတယ်။

စစ်တပ်ရဲ့ ရက်ရက်စက်စက် နှိမ်နင်း ဖြိုခွင်းမှုကြောင့် ကျောင်းသားတချို့ သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့ကြပါတယ်။ တက္ကသိုလ်နယ်မြေဟာ ဒုတိယအကြိမ် သွေးစွန်းခဲ့ရပြန်ပါပြီ။ စစ်တပ်ဟာ ပိတ်မိနေတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ သံဃာတွေကို အတင်းအဓမ္မ ဖမ်းဆီး ချုပ်နှောင်ပြီး စစ်ကားကြီးတွေ အစီးပေါင်း များစွာနဲ့ အင်းစိန်ထောင်ကို ပို့နေတာဟာ နံနက် ၈ နာရီ ထိုးတဲ့အထိ တိုင်အောင်ပါပဲ။

မဆလ စစ်တပ်ရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ လူအုပ်ကြီးဟာ အဲဒီနေ့ နံနက်မှာပဲ ရန်ကုန်မြို့ထဲက မဆလ ပါတီယူနစ် ရုံးတွေ၊ ရဲစခန်းတွေ၊ ရုပ်ရှင်ရုံတွေကို မီးရှို့ ဖျက်ဆီးပြီး တန်ပြန် အကြမ်းဖက် ဆန္ဒပြခဲ့ကြပါတော့တယ်။

ဒီအရေးအခင်းမှာ ကျောင်းသားတွေ ပြည်သူတွေ သံဃာတွေ အများအပြား ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။

ဦးသန့် အရေးအခင်းနဲ့ ပတ်သက်လို့ အဲဒီတုန်းက မန္တလေးဆောင် ကော်မတီမှာ တာဝန်ယူခဲ့သူ တဦးဖြစ်သူ အခု KNU ဗဟိုကော်မတီ ဗိုလ်မှူး စောလှငွေရဲ့ “ဦးသန့်အရေးအခင်းဟာ သန့်စင်တဲ့ နိုင်ငံရေး လှုပ်ရှားမှု (White Politics) ဖြစ်တယ်။ ဦးသန့်အရေးအခင်းကို အစဉ်သဖြင့် ရှေ့ဆီကို တူရူ လည်နေတဲ့ ဘီးတဘီး အနေနဲ့ ပုံခိုင်းရရင် အလယ်ဝင်ရိုးဟာ ကျောင်းသားထုရဲ့ စိတ်ဓာတ်နဲ့ သိက္ခာပါပဲ” ဆိုတဲ့ ပြန်ပြောင်း ရေးသားချက်ကို ကျနော် အမှတ်ရနေဆဲပါ။ ။

[ မူရင်း - လွတ်လပ်သည့် အာရှအသံ Radio Free Asia, Burmese Service ]

Comments