student movement 15


ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၁၅)
“၁၉၇၄ ဦးသန့်ဈာပန”(ပထမပိုင်း)
အောင်ဝေး
မေ ၉၊ ၂ဝဝ၉
“ - - - ဦးသန့်ရုပ်ပုံ ပန်းချီကားချပ်ကြီး နောက်ခံနဲ့ အုတ်ဂူမှာ သာသနာ့အလံ၊ ကုလသမဂ္ဂအလံ နဲ့ ခွပ်ဒေါင်းအလံ အလံသုံးလက် ယှဉ်တွဲ လွင့်ပျံ နေပါတော့တယ် - - -”

၁၉၇၄ ဇွန်လ(၆)ရက် အလုပ်သမား အရေးအခင်း ပြီးတဲ့နောက်မှာ ထပ်ဖြစ်လာတဲ့ အရေးအခင်းကတော့ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်းပဲ ဖြစ်ပါတယ်။

၁၉၇၄ မဆလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအောက်မှာ စစ်တပ် အုပ်စိုးမှုရဲ့ ဒဏ်ကို ကျောင်းသားထုနဲ့ အလုပ်သမား လယ်သမား ပြည်သူ တရပ်လုံး ခါးစည်းခံနေကြရပါပြီ။

ဒီလို အချိန်မှာပဲ မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် ၁၉၇၄ နိုဝင်ဘာ (၂၅) ရက်နေ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကွယ်လွန်သွားပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးက ဦးသန့်ကို အကြီးကျယ် အခမ်းနားဆုံး နောက်ဆုံး ဂါဝရပြုကြပါတယ်။ ကျန်ရစ်သူ မိသားစု ဆန္ဒအရ မိခင်တိုင်းပြည် မြန်မာပြည်မှာ သင်္ဂြိုဟ်ဖို့ ဦးသန့်ရုပ်ကလာပ်ဟာ ဒီဇင်ဘာ(၁)ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။

မဆလအစိုးရရဲ့ စီစဉ်ချက်အရ ဦးသန့်ရုပ်ကလာပ်ကို ကျိုက္ကဆံကွင်းမှာပဲ မထင်မရှား မဏ္ဍပ်ငယ်နဲ့ ထားရပါတယ်။ ဒီဇင်ဘာ(၅)ရက်နေ့ နေ့လယ်(၁)နာရီမှာ ကြံတောသင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မယ်လို့ အစိုးရက ကြေညာပါတယ်။

ဦးသန့်ဆိုတာ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကို ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံသာမက တတိယ ကမ္ဘာစစ်ကို တားဆီးပြီး ကမ္ဘာ့ငြိမ်းချမ်းကို ကာကွယ် စောင့်ရှောက်သွားခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ငံတော် ဈာပန အဖြစ်နဲ့တောင် တခမ်းတနား ဂုဏ်ပြု သင်္ဂြိုလ်သင့်တဲ့ ဒီလို ကြီးကျယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ နောက်ဆုံးခရီးမှာ ဦးနေဝင်း တဖြစ်လဲ ဗိုလ်ချုပ်ကြီးနေဝင်းက ကြံတောသုဿန်က သူ့ဇနီး ဒေါ်ခင်မေသန်းဂူ အနီးမှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ အမိန့်ပေးတာကို ကျောင်းသားထုနဲ့ ရဟန်း သံဃာ ပြည်သူ တရပ်လုံးက မကျေနပ်ကြပါဘူး။ ဝမ်းနည်းကြ ခံပြင်းကြ ဒေါသထွက်ကြ ဖြစ်နေကြပါတယ်။

ဒီဇင်ဘာ(၅)ရက်နေ့ ဦးသန့် ဈာပန ပို့ဆောင်ဖို့ တက္ကသိုလ် ကောလိပ်ပေါင်းစုံက ကျောင်းသားတွေ ရန်ကုန် တက္ကသိုလ်မှာ စုရပ် လုပ်လိုက်ကြပါတယ်။ အဲ့ဒီနေ့မှာ ကျောင်းသားတွေ စီးဖို့ ဘတ်စ်ကားတွေ ငှားလို့ မရအောင် စစ်အုပ်စုက လုပ်ပစ်လိုက်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေက ရန်ကုန် တက္ကသိုလ် နယ်မြေကနေ ကျိုက္ကဆံကွင်းကို ခြေကျင် ချီတက်လာကြပါတယ်။

စည်းကမ်း ရှိရှိ ညီညီ ညွတ်ညွတ်နဲ့ တက္ကသိုလ် ကောလိပ် ပေါင်းစုံက ကျောင်းသားတွေ ပေါင်းစည်းမိသွားကြပါပြီ။ ဒါဟာ ၁၉၆၂ ဆဲဗင်း ဂျုလိုင် အရေးအခင်း နောက်ပိုင်း ကျောင်းသားထု ပထမဆုံး အင်အား ပြန်လည် စုစည်းနိုင်ခဲ့ခြင်းပါပဲ။

ထောင်သောင်းမကတဲ့ ပြည်သူ လူထုကြီးက ကျိုက္ကဆံကွင်းထဲ တန်းစီ ဝင်လာတဲ့ ကျောင်းသားတွေကို လက်ခုပ် သြဘာတီးပြီး တခဲနက် ကြိုဆိုကြပါတယ်။ ကျောင်းသားတွေဟာ ဦးသန့်ရုပ်ကလပ်ကို ဝိုင်းရံ နေရာယူလိုက်ပါတယ်။

မဆလစစ်အုပ်စုရဲ့ လုပ်ရပ်ကို မကျေမနပ် ဖြစ်နေတဲ့ ပြည်သူ လူထုကြီးကလည်း ကျောင်းသားတွေကို ဝိုင်းရံလိုက်ပါပြီ။ ဒီအချိန်မှာပဲ “ငြိမ်းချမ်းရေး ဖခင်ကြီး ဦးသန့်အတွက် ဂူဗိမာန် ရရှိရေး - ဒို့အရေး ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေ ကျောင်းသားတွေ ပြည်သူတွေကြားမှာ အဆက်မပြတ် ထွက်ပေါ်လာပါတော့တယ်။

နောက်ဆုံးမှာ ဦးသန့်ရုပ်ကလာပ်ကို တက္ကသိုလ်နယ်မြေသို့ သယ်ဆောင်ပြီး ထိုက်တန်တဲ့ ဈာပန အခမ်းအနားနဲ့ ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက်မည် ဖြစ်ကြောင်း ပရိသတ်ကို ကြေညာလိုက်တဲ့ အခါမှာတော့ ပြည်သူလူထုကြီးရဲ့ တခဲနက်သော သြဘာသံတွေ ထွက်ပေါ်လို့ လာပါတော့တယ်။

ဦးသန့်ရုပ်ကလာပ်ကို ထိန်းချုပ်ထားတဲ့ အစိုးရ အာဏာပိုင်တွေဟာ သိန်းချီတဲ့ လူအုပ်ကြီးကို မလွန်ဆန်နိုင်တော့လို့ အသာတကြည်ပဲ နောက်ဆုတ်ပေးသွားကြပါတော့တယ်။

ကျောင်းသားခေါင်းဆောင်တွေက ဦးသန့် မိသားစုကို ခွင့်ပန်ပြီး ဦးသန့်ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေဆီ သယ်ဆောင်လာကြပါတယ်။ ဆရာစံလမ်း၊ ကမ္ဘအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း လမ်းတလျှောက် လူအုပ်ကြီးတွေက ရုပ်ကလပ်ကို ဦးခိုက် ကြိုဆိုနေကြပါတယ်။ ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ယာယီ ထားရှိတာပါ။ ရဟန်းရှင်လူ ပြည်သူအပေါင်းက ဦးသန့်ရုပ်ကလာပ်ကို ခြိမ့်ခြိမ့်သဲသဲ လာရောက် ဂါဝရပြုကြပါတယ်။

ကျောင်းသား ကိုယ်စားလှယ်တွေက ဘွဲ့နှင်းသဘင် ခန်းမ (ဗဟို) ကော်မတီ နဲ့ မန္တလေးဆောင်ကော်မတီ ဆိုပြီး ယာယီ ဈာပနကော်မတီ(၂)ခု ဖွဲ့စည်းလိုက်ကြပြီး ဦးသန့်ကို နိုင်ငံတော် ဈာပန အဖြစ် ပြုလုပ်ပေးဖို့ နိုင်ငံတော်ကောင်စီကို အကြောင်းကြားစာ ပို့လိုက်ပါတယ်။ ဒီဇင်ဘာလ(၆)ရက် ညနေ(၄)နာရီ ထိုးတဲ့ အထိ မဆလ စစ်အစိုးရဆီက ပြန်ကြားချက် တစုံတရာ မရရှိဘူးဆိုရင် ကျောင်းသားတွေက ပြည်သူလူထုရဲ့ အကူအညီနဲ့ မိမိတို့ဘာသာ ဈာပန အခမ်းအနား ပြုလုပ်ပြီး ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက်မည်ဖြစ်ကြောင်း အဲ့ဒီ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။

အစိုးရဘက်က ဒီစာကို လစ်လျုရှုလိုက်တဲ့ အတွက် ကျောင်းသားတွေက ဆဲဗင်းဂျုလိုင် ရင်ပြင် ဗုံးခွဲခံခဲ့ရတဲ့ သမဂ္ဂ အဆောက်အဦ နေရာကို ရှင်းလင်းပြီး အုတ်ဂူနဲ့ ဂူဗိမာန် တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အုတ်ဂူနဲ့ ဂူဗိမာန်ကို ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသားတွေက တာဝန်ယူပြီး ဗိသုကာပုံစံထုတ် တည်ဆောက်တာပါ။ တက္ကသိုလ် ကောလိပ်နဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းသားတွေက တတပ်တအား ပါဝင် လုပ်အားပေးကြပါတယ်။

ဒီဇင်ဘာ (၇)ရက်နေ့မှာတော့ မဆလ စစ်အုပ်စုက ဦးသန့်ကို ကန်တော်မင် ပန်းခြံမှာ နေရာ ပေးမည်ဖြစ်ကြောင်း၊ ကျောင်းသားများကိုလည်း အရေးယူ ဖမ်းဆီးမည် မဟုတ်ကြောင်း ဦးသန့် မိသားစုထံ စာထုတ်ပြန်လာပါတယ်။

အဲဒီည ဘွဲ့နှင်းသဘင်ခန်းမမှာ ယာယီ ဈာပန ကော်မတီ(၂)ရပ် အစည်းအဝေး လုပ်ပါတယ်။ ဒီအစည်းအဝေးမှာ ဦးသန့် ရုပ်ကလာပ်ကို မိသားစုဆန္ဒ (အမှန်ကအစိုးရဆန္ဒ)အတိုင်း ကန်တော်မင် ပန်းခြံမှာ သင်္ဂြိုလ်မည် သို့မဟုတ် ကျောင်းသားထုနှင့် ပြည်သူ့ဆန္ဒအရ ဆဲဗင်းဂျုလိုင် ရင်ပြင်မှာ သင်္ဂြိုလ်မည် ဆိုတဲ့ အဆို(၂)ရပ် မဲခွဲ ဆုံးဖြတ်ကြတဲ့အခါ မိသားစုဝင်များနဲ့ ဘွဲ့နှင်းသဘင် ခန်းမ (ဗဟို) ကော်မတီဝင် အချို့ရဲ့ မဲအများစုနဲ့ ကန်တော်မင် အဆိုက အနိုင်ရသွားပြီး မန္တလေးဆောင် ကော်မတီရဲ့ ဒုတိယ အဆို ရှုံးနိမ့်သွားပါတယ်။

မြန်မာ့အသံ ရေဒီယိုကနေ ဒီဇင်ဘာလ(၈)ရက် မွန်းတည့်(၁၂)နာရီ ဦးသန့် ဈာပန အခမ်းအနား စတင်မယ်လို့ ကြေညာလိုက်ပါပြီ။

ကျောင်းသားတွေ ပြည်သူတွေ ချွေးနဲ့ တည်ဆောက်ခဲ့ရတဲ့ အုတ်ဂူကလည်း နှစ်ရက်တည်းနဲ့ တည်ဆောက်လို့ ပြီးခဲ့ပါပြီ။ ဦးသန့်ရုပ်ပုံ ပန်းချီကားချပ်ကြီး နောက်ခံနဲ့ အုတ်ဂူမှာ သာသနာ့အလံ၊ ကုလသမဂ္ဂအလံ နဲ့ ခွပ်ဒေါင်းအလံ အလံသုံးလက် ယှဉ်တွဲ လွင့်ပျံ နေပါတော့တယ်။ ။

အောင်ဝေး၊ ဝ၂-၂၈-ဝ၉

[ မူရင်း - လွတ်လပ်သည့် အာရှအသံ Radio Free Asia, Burmese Service ]

Comments