2nd day of trial on DASSK - more troops and more aggresive mood from the Junta

ဒေါ်အောင်ဆန်းစုကြည် ရုးံချိန်းဒုတိယနေ့သို့ လာရောက်သည့် ပရိသတ်အပေါ် စစ်အုပ်စုက ပိုမိုရိုင်းပြ

မိုးမခ အထောက်တော် ၀၀၃

မေ ၁၉၊ ၂၀၀၉

U Win Tin arriving near Insein Prison early morning of 19th May 2009

ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်မိတ်ဆွေများကို အကျယ်ချုပ်ဖောက်ဖျက်မှုနှင့် စစ်အစိုးရက တရားစွဲဆိုလျက်ရှိရာ ဒုတိယနေ့ ရုံးချိန်းရက်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။ လမ်းမကြီးနှင့် လမ်းသွယ်များကို လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များက အဆင့်ဆင့် ပိတ်ဆို့ထားသည့်ကြားက နံနက်စောစောကတည်းက တရားရုံးစစ်ဆေးရာ အင်းစိန်ထောင်အနီးသို့ လူထုပရိသတ် ၁ ထောင် ကျော် လာရောက်ခဲ့ကြသည်။ အသက် ၈၀ အတွင်း ရောက်နေပြီဖြစ်သည့် အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် မိတ်ဆွေများ၊ ပါတီဝင်များကလည်း နံနက်ကတည်းက ရောက်ရှိနေခဲ့သည်ဟု ဆိုသည်။

Armed troops near Insein Prison

အင်းစိန်ထောင်နှင့် အနီးရပ်ကွက်များကို စစ်မက်ဖြစ်ပွားသည့်ဒေသသဖွယ် လက်နက်ကိုင်များ အပြည့်ချထားပြီး ပရိသတ်ကို ကြောက်လန့်ပြီး မလာရဲအောင် တမင်အင်အားပြချိန်းခြောက်နေသည်ဟု မျက်မြင်များက ဆိုသည်။ လက်နက်ကိုင် လုံခြုံရေးတပ်သားများအပြင် ကြံ့ဖွတ်များ၊ စွမ်းအားရှင်များကို လမ်းပေါ်သို့ လွှတ်ပေးထားပြီး ပရိသတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်စေရန် ရန်စမှု၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆို ပြုမူမှုများ ပြုလုပ်ခိုင်းထားသည်ဟု ၎င်းတို့က ပြောသည်။

“အကျီ စိမ်းပြာ၊ လုံချည်စိမ်း ကန့်လန့်စင်း ၀တ်ထားတဲ့ မိန်းမကြံ့ဖွတ်တွေက ထောင်ရှေ့ကလူအုပ်ကြီးနားမှာ ခေါက်တုံ့ ခေါက်ပြန် သွားပြီး ဆဲဆိုနေတယ်။ ရဲတွေအပြင် အရပ်ဝတ်နဲ့ ကြံ့ဖွတ်တွေကိုလည်း အစိုးရအဆောက်အဦတွေ ရုံးတွေထဲမှာ အဆင်သင့် စောင့်ဆိုင်းခိုင်းထားတယ်။”

ဟု ပြည်တွင်းဂျာနယ်တခုက သတင်းသမားက ဆိုသည်။ ထိုအဖြစ်ကို မိမိဂျာနယ်ရုံးသို့ သတင်းပို့မည်ဖြစ်သော်လည်း ဂျာနယ်တွင် ဖော်ပြခွင့်တော့ ရမည် မဟုတ်ဟု သူက မှတ်ချက်ပေးသည်။

The Building in front of the platform where U Win Tin and his friends sat, Junta's "Thugs" were seen inside the building

“လူတွေကို ထိတ်လန့်အောင် စစ်ကားတွေ အတင်းမောင်း၊ စစ်သားတွေ ခုန်ဆင်း၊ သေနတ်နဲ့ ဟိုချိန် ဒီချိန်လုပ်။ လူတွေက လမ်းကြားထဲ ပြေးဝင်လိုက်၊ ပြန်ထွက်လာလိုက်။ ဦးဝင်းတင်တို့ ထိုင်နေတဲ့နေရာကို လာရန်စတာလည်း ရှိတယ်။ ဆရာထိုင်နေတဲ့ လမ်းဘေးက မျက်နှာချင်းဆိုင်တိုက်ထဲမှာ ကြံ့ဖွံ့ တွေ ရာနဲ့ချီပြီး စောင့်နေတယ်။ “စောင်” နေတယ်လို့ သိရတယ်။”

ဟု အင်န်အယ်ဒီလူငယ်တဦးက ၎င်းကြုံတွေ့ရသမျှကို ပြောပြသည်။

“အင်န်အယ်ဒီပါတီက ခေါင်းဆောင်တွေကို အိမ်တွေ၊ ရုံးတွေအထိ လိုက်ပြီး စောင့်ကြည့်နေတယ်။ ဒေါ်မေ၀င်းမြင့်နဲ့ ဒေါ်လဲ့လဲ့တို့ အိမ်တွေကို ဧည့်စာရင်းဝင်စစ်တယ်လို့ ပြောသံကြားတယ်။ အဖွဲ့ဝင်တွေအချင်းချင်းလည်း တဦးကို တဦး မျက်ခြေမပြတ် စောင့်ကြည့်နေရတယ်။ တော်ကြာ အစဖော်လို့ မရအောင် ပျောက်သွားမှာကို ကာကွယ်ဖို့ လိုတယ်။ ဆရာကြီး ဦးဝင်းတင်ကိုလည်း အားလုံးက စိုးရိမ်နေတယ်။ ကျန်းမာရေး၊ လုံခြုံရေး အားလုံးပဲ။” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

Road Block in Insein Township

မြို့ထဲက မြင်ကွင်းကို ရန်ကုန်မြို့နေတို့က ပြောကြားရာတွင် -

“ စစ်ကားတွေက တမြို့လုံး လျောက်မောင်းနေကြတယ်ဆိုတော့ လူတွေကို လှုံ့ဆော်နေသလိုမျိုး ဖြစ်နေတယ်။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြနေသလို ခံစားရတယ်။ အင်တာနက်ကဖေးတွေမှာလည်း အစိုးရလူတွေက တိုးတိုးတမျိုး၊ ကျယ်ကျယ် တဖုံ သတင်းတွေ မဖတ်အောင်၊ မဖြန့်အောင်၊ အီးမေးတွေ မပို့နိုင်အောင် အနှောက်အယှက်တွေ ပေးတယ်။ ရုံးသမားတွေကတော့ တနေကုန် ဒီအကြောင်းပဲ ပြောနေကြတယ်။” ဟု သိရှိရသည်။

NLD Spoke-person U Nyan Win at NLD- HQ on Tuesday Afternoon

“စစ်အစိုးရကတော့ အချိန်ဆွဲပြီးတော့ မနေပါဘူး။ သူလုပ်စရာရှိတာကို သူ ပြတ်ပြတ်သားသား လုပ်မှာပဲ။ ဘယ်လိုမျိုး သူ ဖောက်ခွဲပစ်မလဲဆိုတာရယ်။ အင်န်အယ်ဒီက ဘယ်လိုမျိုး ပြင်ဆင်မှုတွေနဲ့ ရင်ဆိုင်မလဲ ဆိုတာရယ်ကို တွေ့ကြရတော့မယ်။”

ဟု သတင်းထောက်တဦးက သုံးသပ်သည်။

Comments