2 journalism trainers deported to Bangkok


မြန်မာပြည်မှ နှင်ထုတ်ခံရသူ စာနယ်ဇင်း သင်တန်းဆရာ နှင့် ဆရာမ
ဓာတ်ပုံသတင်း
မေ ၁၂၊ ၂၀၀၉

မကြာသေးမီက မြန်မာအစိုးရက နှင်ထုတ်လိုက်သည့် စာနယ်ဇင်း သင်တန်းဆရာ နှစ်ဦး ဖြစ်သော
ဂျယ်ရီရက်ဖန်း နှင့် ကာရင်ကုတ်စ် (ဓာတ်ပုံ - redcoates.net )

(ဘန်ကောက်တွင် သူတို့နှစ်ဦးက အောက်ပါအတိုင်းထုတ်ပြန်သည့် စာကို အောက်ပါအတိုင်း တွေ့နိုင်သည်။)


မိမိတို့၂ဦး မေလ ၆ ရက်နေ့က မန္တလေးတွင် ထိန်းသိမ်းခံရသည်။ နောက်တနေ့တွင် ဘန်ကောက်သို့ နှင်ထုတ်ခံရသည်။ ရန်ကုန်မြို့ အမေရိကန် စင်တာ (American Center)က စီစဉ်သည့် ဆောင်းပါး အရေးအသား နှင့် ဓာတ်ပုံပညာရပ် ဆိုင်ရာ သင်တန်းများအပြီးတွင် ဖမ်းဆီးခံရသည်။ သင်တန်းများမှာ စိစစ်ရေးဌာနထံမှ ခွင့်ပြုချက်ရပြီးဖြစ်သည်။

ဖမ်းဆီးပြီးနောက် တွေ့ခဲ့ရသည့် အစိုးရ အရာရှိ ၂၀ ကျော်က သူတို့အနေဖြင့် နေပြည်တော်မှလာသည့် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သည်ဟု ဆိုသည်။ ဖမ်းဆီးရခြင်း အကြောင်းရင်းကို သူတို့က မရှင်းပြပေ။ မိမိတို့ ၂ဦး အဘယ်ကြောင့် ဖမ်းဆီးခံရသည်ကို သူတို့အများစု မသိကြပါ။ မိမိတို့ကို မေးခွန်းထုတ်ခြင်းမရှိ၊ စကားပြောခြင်းမရှိ၊ ရှာဖွေခြင်းမရှိ၊ သိမ်းဆည်းခြင်း မရှိပေ။ ညှင်းပန်းနှိပ်စက် မတော်မတရား ပြုခံရခြင်းလည်း မရှိပါ။

မေလ ၆ ရက်နေ့ ညစာစားအပြီး ဟိုတယ်တွင် ဖမ်းဆီးခံရသည်။ လူဝင်မှုကြီးကြပ်ရေး ဌာန အာဏာပိုင်တို့ ဟိုတယ် အောက်ထပ်သို့ ရောက်လာပြီး ရန်ကုန်သို့ ရထားဖြင့် သွားနိုင်ရေးအတွက် ထုပ်ပိုး ပြင်ဆင်ရန် ပြောပါသည်။ မိမိတို့ကို ဖမ်းရန် နေပြည်တော်က အမိန့်ရပြီးဖြစ်သည်ဟု သူတို့က ဆိုသည်။ ထိုအမိန့်မှာ သင်တန်းများပြီးဆုံးပြီး တနာရီအကြာတွင် ရောက်လာသည်။

နောက်ထပ် ၁၆ နာရီတိတိ အရာရှိ ၂ ဦးနှင့်အတူ ရထား အိပ်စင် တွဲတခုတွင် လိုက်ပါသွားရသည်။ ရန်ကုန်ရောက်သည့်အခါ လေယာဉ်ကွင်းသို့ သွားရသည်။ ထို့နောက် ရန်ကုန်မြို့တွင်းမှ လ၀က ရုံးသို့ သွားရသည်။ ထို့နောက် လေယာဉ်ကွင်းသို့ သွားရပြန်သည်။ ထို့နောက် ဘန်ကောက်သို့သွားသည့် လေယာဉ်ပေါ်သို့ ရောက်သွားသည်။

ဆောင်းပါး နှင့် ဓာတ်ပုံရိုက်ခြင်း ဆိုင်ရာ သင်တန်းများအတွက် မြန်မာပြည်သို့ ရောက်ဖူးပါသည်။ အဆိုပါ အစီအစဉ်များမှာ ဇန်န၀ါရီကတည်းက အစပြုခဲ့သည့် သင်တန်းများပင် ဖြစ်သည်။ ဆင်ဆာအဖွဲ့ နှင့် ရဲအထူးတပ်ဖွဲ့က ခွင့်ပြုထားသည့် သင်တန်းများလည်း ဖြစ်သည်။ ဧပြီ ၂၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော သင်တန်းကို ရဲ အထူးတပ်ဖွဲ့ အရာရှိများပင် လာရောက် စစ်ဆေးကြသည်။ သင်တန်းအားလုံးမှာ ပြဿနာမရှိဘဲ အဆုံးသတ်နိုင်ခဲ့သည်။ အရာရှိများလည်း ထပ်မံ လာရောက်ခြင်း မရှိပေ။

မိမိတို့ အဘယ်ကြောင့် အဖမ်းခံရသည်ကို မသိရပါ။ ကောလာဟလ များစွာကိုမူ ကြားရပါသည်။
အခြား အမေရိကန်တဦး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရေးအတွက် ရေကူးပြီး သွားရောက်ခဲ့ချိန်နှင့် တိုက်ဆိုင်နေသည်။ ထိုသူကို မိမိတို့ သိကျွမ်းခြင်း မရှိ၊ အဆက်အသွယ်လည်း မရှိပါ။ မိမိတို့မှာ သင်တန်းဆရာ ယောင်ဆောင်ထားသည့် CIA ၀န်ထမ်းများဖြစ်သည်ဟု တချို့က ပြောသည်။ ထိုအချက် မမှန်ပါ။ နိုင်ငံရေးအရ အကဲဆတ်သည့် လှုပ်ရှားမှု ရှိသည်၊ သံဃာများနှင့် တွေ့သည်ဟု တချို့က ပြောသည်၊ မမှန်ပါ။ မန္တလေးမှ လူရွှင်တော်အဖွဲ့ နှုတ်ခမ်းမွေးညီနောင်နှင့် တွေ့သည်ဟု ကောလာဟလများ ထွက်လာသည်၊ မှန်ကန်ခြင်း မရှိပါ။

အမှန်တကယ်တွင်မူ မိမိတို့သည် သင်တန်းပြင်ပတွင် လူအနည်းငယ်ကိုသာ တွေ့ခဲ့သည်။ အစိုးရနှင့် ပဋိပက္ခ ဖြစ်မည်ကို ရှောင်လိုသောကြောင့် ဖြစ်သည်။ လျှို့ဝှက် လုပ်ငန်းများ လုပ်ကိုင်ကြသည်ဟူသော ကောလာဟလ လည်း ထွက်ပေါ်လာသည်။ မမှန်ပါ။

မိမိတို့ စိတ်ကူးထားသည်မှာ ရိုးရာ လက်ဖက်သုတ်ကို မြည်းစမ်းပြီး လက်ဖက် အရသာ နှင့် ထူးခြားသည့် သမိုင်းကြောင်းကို ပြောဆိုရန်သာ ဖြစ်သည်။ ခရီးသွားမဂ္ဂဇင်းတစောင်၏ အစားအသောက် စာမျက်နှာတွင် ဖော်ပြရန် ရည်ရွယ်ပါသည်။

မန္တလေးတွင် မိတ်ဆွေတဦးက ၀ါရင့် လက်ဖက်လုပ်ငန်းရှင်တဦးနှင့် မိတ်ဆက်ပေးထားသည်။ လုပ်ငန်းရှင်က မိမိတို့ကို သူ့ထံသို့ ဖိတ်ခေါ်သဖြင့် သွားရောက်ခဲ့သည်။ သူက လက်ဖက်နှင့် အကြော်စုံ အရောင်းဌာနကိုလည်း ဖိတ်ခေါ်ပါသည်။ သူက ၀မ်းသာအားရ ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ကြာသပတေးနေ့ နံနက်ပိုင်းတွင် တွေ့မည်ဟု ချိန်းလိုက်သည်။ သို့သော်လည်း မဆုံဖြစ်ခဲ့ပါ။

မိမိတို့ နှင်ထုတ်ခံရခြင်းမှာ ထိုအကြောင်းအရာကြောင့် ဖြစ်မည်။ သို့မဟုတ် တစိတ်တဒေသ သက်ဆိုင်ပေမည်။

ရထားခရီးမှာ သက်တောင့်သက်သာ မရှိပါ။ ရထားစီးရန်လည်း မလိုအပ်ပါ။ (ရန်ကုန်ပြန်မည့် လေယာဉ် လက်မှတ်ကို ကြာသပတေး မနက်အတွက် ပြောင်းနိုင်ပါသည်။) သို့သော်လည်း မိမိတို့ နှစ်ပေါင်းများစွာ ထောင်ချခံရမည် မဟုတ် ဆိုသည်ကိုတော့ အသေအချာ သိနေသည်။

မြန်မာပြည်သို့ ထပ်မံ သွားရောက်ခွင့် မရတော့မည်ကို များစွာ စိုးရိမ်သည်။ သို့သော်လည်း ခရီးစဉ်အတွင်း ကူညီခဲ့သူများအတွက် ပိုမို စိုးရိမ်သည်။ အစိုးရက စိစစ်ပိတ်ပင်မည့်ဘေးမှ ရှောင်နိုင်ရန် ကြိုးပမ်းပါသည်။ စာနယ်ဇင်းသမားပုံမပေါက်ရန်လည်း ထိန်းပါသည်။ နောက်ဆုံးတွင် မိမိတို့ ဘာအတွက်ကြောင့် အဖမ်းခံခဲ့ရမှန်း မပြောတတ်ခဲ့ပါ။ အဖြစ်အပျက်များက လျှို့ဝှက် ဆန်းကျယ်လှသည်။ မြန်မာအစိုးရကလည်း လျှို့ဝှက် ဆန်းကျယ်လှသည်။

ဂျယ်ရီရက်ဖန်း (Jerry Redfern)
ကာရင်ကုတ်စ် (Karen Coates)

Comments