Students Movement in Burma (11)

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၁၁)
‘၁၉၆၂ ဇူလိုင်လ (၇)ရက် အရေးအခင်း’
အောင်ဝေး
ဧပြီ ၁၈၊ ၂ဝဝ၉

၁၉၆၂ခုနှစ်၊ မတ်လ(၂)ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်း စစ်တပ်က ပထစ အစိုးရ လက်ထဲကနေ ဒုတိယအကြိမ် စစ်အာဏာ သိမ်းလိုက်တဲ့ အခါမှာတော့ ပါလီမန် ဒီမိုကရေစီ စနစ်လည်း အပြီးတိုင် ချုပ်ငြိမ်းခဲ့ရပါတော့တယ်။

စစ်တပ်ဟာ ‘တော်လှန်ရေးကောင်စီ’ နာမည်ခံပြီး တိုင်းပြည်ကို ချုပ်ကိုင်လိုက်ပါပြီ။ တော်လှန်ရေး ကောင်စီ အာဏာသိမ်းတာကို ကျောင်းသား သမဂ္ဂ၊ တိုင်းရင်းသား အဖွဲ့ တချို့၊ လူငယ် အဖွဲ့ တချို့နဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) တို့က အဓိက ဆန့်ကျင်ခဲ့ကြပါတယ်။ ဝိဓူရ သခင် ချစ်မောင်တို့ရဲ့ ပမညတ အဖွဲ့ ကတော့ တော်လှန်ရေး ကောင်စီကို ထောက်ခံ ကြိုဆိုခဲ့ကြတာပါ။

ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ကြားမှာလည်း သဘောထား ကွဲသွားပါတယ်၊ ဥက္ကဋ္ဌ ကိုခင်မောင်အုန်းနဲ့ EC (၄)ဦးက စစ်အာဏာ သိမ်းတဲ့ တော်လှန်ရေး ကောင်စီကို ထောက်ခံလိုက်တယ်။ ဒုတိယဥက္ကဌ ကိုသက်၊ အထွေထွေ အတွင်းရေးမှူး ကိုတင်ထွန်း၊ အမှုဆောင် ဘိုကလေး ကိုလှရွှေတို့ EC (၆)ဦး ကတော့ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

ဗကသ၊ တကသ၊ ရကသ ကျောင်းသား သမဂ္ဂကြီး (၃)ခု စုစည်းပြီး တော်လှန်ရေး ကောင်စီ စစ်အာဏာသိမ်းမှုကို အကြီးအကျယ် ကန့်ကွက် ဆန္ဒပြကြပါတယ်။

အာဏာသိမ်း စစ်အစိုးရဟာ မေလ က စပြီး အဆောင်နေ ကျောင်းသားများကို ချုပ်ကိုင်တဲ့ ကျောင်းဆောင် စည်းကမ်း (၂၂)ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် ကောင်စီနဲ့ ဗဟို ကျောင်းသားဆောင် ကော်မတီမှာ ပါဝင်နေတဲ့ သမဂ္ဂ ကိုယ်စားလှယ်တွေကို ထုတ်ပစ်လိုက်တယ်။ တက္ကသိုလ်ရုံးက သမဂ္ဂ ဝင်ကြေး ကောက်ခံပေးနေတာကို ရပ်ဆိုင်းခိုင်းလိုက်တယ်။

စစ်အစိုးရဟာ မေလ (၁ဝ)ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနု အဓိပတိ အဖြစ် ပါဝင်တဲ့ တက္ကသိုလ် ကောင်စီ ပုဂ္ဂိုလ် (၄ဝ) အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး မေလ (၁၇)ရက်နေ့မှာ အဓိပတိအဖြစ် ဗိုလ်မှူးချုပ် သန်းဖေ ဦးဆောင်တဲ့ (၅) ဦး ကောင်စီကို ဖွဲ့စည်း လိုက်ပါတယ်။

ဇူလိုင်လ (၃) ရက်နေ့ သမဂ္ဂ အဆောက်အအုံ Union မှာ ကျောင်းသားထု အစည်းအဝေး ခေါ်ပါတယ်။ ဒီအစည်းအဝေးက ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းရေးနဲ့ မတရားတဲ့ အဆောင် စည်းကမ်းတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြပါတယ်။

နောက်တနေ့ ဇူလိုင်လ (၄) ရက်နေ့မှာတော့ တော်လှန်ရေး ကောင်စီက ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ’ (မဆလ) ကို ဖွဲ့စည်း ထူထောင် လိုက်ပါတော့တယ်။ ဇူလိုင် (၆) ရက်နေ့မှာ စစ်အစိုးရက တက္ကသိုလ် ဆီးနိတ်အဖွဲ့ နဲ့ ကျောင်းဆောင် ကော်မတီတွေကို သူတို့ စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းလိုက်ပြန်ပါတယ်။

ဒီလို စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ကျောင်းသား သမဂ္ဂတွေက လက်မခံပါဘူး။ ၁၉၆၂ခုနှစ်၊ ဇူလှိုင်(၇)ရက်နေ့လည်ပိုင်းမှာ တကသ အစည်းအဝေး လုပ်တော့ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေးက ‘အခု တက်လာတဲ့ တော်လှန်ရေး အစိုးရဟာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ မလုပ်ဘဲ တင်းကျပ်တဲ့ စည်းကမ်းတွေ တဖက်သတ် ထုတ်ပြန်လာတာဟာ မူအရ မမှန်ပါဘူး’ လို့ အဖွင့် မိန့်ခွန်း ပြောပါတယ်။

ပြီးတော့ ကျောင်းသားတွေဟာ ကြွေးကြော်သံတွေ ကြွေးကြော်၊ နီရဲတဲ့ ခွပ်ဒေါင်း အလံတွေ လွှင့်ထူပြီး ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲ အပြီးမှာတော့ ဗကသ ဥက္ကဌ ကိုသက်က ‘ဒီတိုက်ပွဲအတွက် အကောင်းဆုံး လက်နက်ဟာ ကျောင်းသား ညီညွတ်ရေးပဲ၊ ကျောင်းသားထု ညီညွတ်ရေးကို မရမနေ တည်ဆောက်ပြီး၊ ကျောင်းသား သမဂ္ဂရဲ့ ခွပ်ဒေါင်း အောင်လံ အောက်မှာ စုစည်း ညီညွတ်ပြီး ဆက်လက် တိုက်ပွဲဝင်သွားကြပါစို့’ လို့ နိဂုံးချုပ် မိန့်ခွန်းပြောခဲ့ပါတယ်။

ဆန္ဒပြပွဲအပြီး မွန်းလွဲ(၂)နာရီ လောက်မှာ စစ်ထောက်လှမ်းရေးနဲ့ ရဲ(၂ဝဝ)ကျော်က ကျောင်းသား ခေါင်းဆောင်တွေကို ဝင်ဆွဲပါတော့တယ်။ ကျောင်းသားထု ဘက်က မခံ မရပ်နိုင် ဖြစ်ပြီး တကသ မှာ တခဲနက် ပြန်လည် စုစည်းလိုက်ကြပါတယ်။

ညနေ(၄) နာရီလောက်မှာ စစ်တပ်နဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ရောက်လာပြီး မျက်ရည်ယို ဗုံးတွေနဲ့ အပြင်းအထန် လူစုခွဲပါတယ်။ ကျောင်းသားတွေက နောက်ဆုတ်မသွားပါဘူး။ ဆက်လက် ဆန္ဒပြ ကြွေးကြော်နေကြပါတယ်။

ညနေ(၅)နာရီခွဲလောက်မှာ ရဲတွေကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး စစ်ကားကြီး (၂)စီးစာ စစ်သားတွေက ပြောင်းလဲ နေရာယူလိုက်ကြပါပြီ။ နောက်တော့ စစ်တပ်က ဂျီသရီး၊ ဂျီဖိုး မောင်းပြန် သေနတ်တွေနဲ့ ကျောင်းသားထု စုဝေးနေတဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိ လမ်းတလျှောက် တရကြမ်း ပစ်ခတ် နှိမ်နင်းပါတော့တယ်။

စပစ်တဲ့ အချိန်က ညနေ (၆)နာရီခွဲလောက်ရှိပါပြီ။ ပစ်တဲ့ စစ်တပ်က သနက (၄) ဖြစ်ပြီး၊ ပစ်ချက်က ၃-မိနစ် ပစ် ၂-မိနစ် နား၊ ၃-မိနစ် ပစ် ဖြစ်တယ်။ အဲဒီတုန်းက ပစ်မိန့်ပေးတဲ့သူကတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ပြုတ်သွားတဲ့ သမ္မတ ဦးစိန်လွင်ပါပဲ။

ကွပ်ကဲရေးရုံးကို မြန်မာ့အသံမှာ ဖွင့်လှစ်ထားရှိပြီး ဗိုလ်မှူးကြီး ကျော်စိုး၊ ဦးသန်းစိန် ဒေါက်တာ လှဟန်၊ ဗိုလ်မှူးကြီး ဘနီ၊ ရဲချုပ် ဦးဘအေး၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဦးကာ တို့က အခြေ အနေကို ကွပ်ကဲခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီအနေအထားမှာ ကျောင်းသား ခေါင်းဆောင်တွေ တာဝန် ခွဲဝေပြီး တချို့ တက္ကသိုလ် နယ်မြေထဲကနေ ရှောင်ထွက်သွားကြပါတယ်။ ကျန်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် ဘိုကလေး ကိုလှရွှေတို့က ကျောင်းသားထုကြီးကို ဆက်ပြီး ဦးဆောင်နေပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် ကျောင်းသားတွေ ရာချီပြီး ကျဆုံးခဲ့ရတယ်။ စစ်တပ်ဟာ မသေမရှင် ကျောင်းသားတွေ အပါ အဝင် သေဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက် ပါတယ်။

ဒဏ်ရာရနေတဲ့ ကျောင်းသား တဦး ဖြစ်တဲ့ မြောင်းမြမြို့သား ကိုကျော်ဝင်းဟာ မန္တလေးဆောင် နံရံမှာ သူ့ကိုယ်က ထွက်တဲ့ သွေးနဲ့ ‘၇ ရက် ဇူလိုင် မမေ့ကြနဲ့’ လို့ ရေးလိုက်ပါတယ်။

နောက်နေ့ ဇူလိုင် (၈) ရက် အရုဏ်ဦး နံနက် လင်းအားကြီး (၄)နာရီလောက်မှာတော့ စစ်တပ်ဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ အရေးပါတဲ့ သမဂ္ဂ အဆောက်အအုံ Union ကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။

ဒဏ်ရာနဲ့ ခိုနားနေတဲ့ မြောင်းမြ ကိုကျော်ဝင်း အပါအဝင် အခြား ကျောင်းသား အများအပြားလည်း သမဂ္ဂ အဆောက်အအုံနဲ့ အတူ ပါသွားကြပါတော့တယ်။ ပေါက်ကွဲသံကြီးဟာ ဘယ်လောက်တောင် ပြင်းထန်သလဲ ဆိုရင် ကမာရွတ် လှည်းတန်း တဝိုက် တုန်ခါသွားတဲ့ အပြင် အဓိပတိ လမ်းပေါ်က ပလက်ဖောင်း ကျောက်ပြားကြီးတွေတောင် အများအပြား ကြေမွ ပျက်စီးသွားခဲ့ပါတယ်။

အဲဒီနေ့ နံနက် (၈) နာရီ ရေဒီယိုက သတင်း ကြေညာတော့ ဗိုလ်ချုပ်ကြီး နေဝင်း က ‘ဓား ဓားချင်း၊ လှံ လှံချင်း၊ face to face ရင်ဆိုင်ဖို့ပဲ’ ဆိုတဲ့ မိန့်ခွန်းနဲ့ တိုင်းပြည်ကို စိန်ခေါ် စော်ကားခဲ့တာပါ။

အဲဒီနေ့က စပြီး ရန်ကုန် တက္ကသိုလ်ကြီးကို ရက် အကန့်သတ် မရှိ ပိတ်ပစ်လိုက်ပါတယ်။ လွမ်းမောဖွယ် တက္ကသိုလ် နယ်မြေဟာ သုဿန် တစပြင်လို တိတ်ဆိတ် ငြိမ်သက်ခဲ့ရပါပြီ။

စစ် အစိုးရရဲ့ ဒီ လူမဆန်တဲ့ လုပ်ရပ်ကို တတိုင်းပြည်လုံးက ဆန့်ကျင် ရှုတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ဝိဓူရ သခင် ချစ်မောင် ဦးစီးတဲ့ ပမညတ အုပ်စုက ဆဲဗင်း ဂျူလိုင် လှုပ်ရှားမှုကို တိတ်တဆိတ် ရှုတ်ချခဲ့တယ် ဆိုတဲ့ အချက်ပါပဲ။

ဘာပဲဖြစ်ဖြစ်၊ ကျနော့် စိတ်ထဲမှာတော့ ဆဲဗင်းဂျူလိုင် အကြောင်း ရေးထားတဲ့ ဆရာအောင်ပြည့်ရဲ့ ‘ပြိုမှာလေလား မိုးရဲ့’ ဝတ္ထုကို အမှတ်တရ ကြေကွဲ နေမိပါတော့တယ်။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ www.rfa.org/Burmese ]

Comments