Student Movement

ကိုဗဟိန်းမှသည်ကျော်ကိုကိုအထိ(၁၃)
“၁၉၇ဝ ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုသဘင်”
အောင်ဝေး
ဧပြီ ၁၁၊ ၂၀၀၉

၁၉၆၃ နိုဝင်ဘာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားသွားတဲ့အခါ မြန်မာ့ နိုင်ငံရေး အခြေအနေလည်း တဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်။

၁၉၆၄ မတ်လမှာ တော်လှန်ရေးကောင်စီ စစ်အုပ်စုက အမျိုးးသား စည်းလုံး ညီညွတ်ရေး ဥပဒေဆိုတာကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးကို တဖက်သတ် ဖျက်သိမ်းပစ်ခဲ့ပါတယ်။

၁၉၆၄ ဇူလိုင်လ(၂၃)ရက်နေ့မှာတော့ “ဆရာ မသေခင် ငြိမ်းချမ်းရေး ရတာ မြင်သွားချင်တယ်”လို့ တဖွဖွ ပြောခဲ့တဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း အသက် ( )အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ပြည်တွင်း ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးနေဆဲပါပဲ။

၁၉၆၇ မှာပြည်တွင်း ဆန်ရှားပါးမှုဖြစ်ပြီး စစ်အုပ်စုက လူထုကို အာရုံ ပြောင်းတဲ့ အနေနဲ့ တရုတ် ဗမာ အဓိကရုဏ်းကို တမင် ဖန်တီးခဲ့ပါတယ်။ ရုပ်ရှင် မင်းသားကြီး ဦးထွန်းဝေ နဲ့ ဦးမြတ်လေးတို့ ဒီ တရုတ် ဗမာ အရေးအခင်းမှာ အဖမ်းခံခဲ့ကြရပါတယ်။

ဗကသ တကသ ရကသ ကျောင်းသားသမဂ္ဂကြီး(၃)ခုလည်း အခက်အခဲ အကြပ်အတည်း အမျိုးမျိုး ကြားထဲကနေ ၁၉၆၇ လောက်အထိ ရုန်းကန်ရပ်တည်ခဲ့ရပါတယ်။

ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားတိုက်ပွဲတွေထဲမှာ ပေါ်ပေါက် လာခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ကြည့်ရင်
(၁) လက်ဝဲ နိုင်ငံရေး အရောင်အသွေး ရှိတဲ့ အုပ်စု
(၂) တိုင်းရင်းသားလူမျိုးစု ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ အုပ်စု
(၃)ကျောင်းသားလှုပ်ရှားမှု ကျောင်းသား သမဂ္ဂ အမာခံတွေ ဖြစ်တဲ့ သမဂ္ဂဝင်များ၊
တက်ကြွ လှုပ်ရှားသူများ (Unionist) (Activist) အုပ်စု ဆိုပြီး (၃) မျိုး တွေ့ရပါတယ်။

ဒီ(၃)မျိုးစလုံးထဲမှာ ကျောင်းသူတွေလည်း ပါပါတယ်။ (၁၉၅ဝ-၅၇ တကသ အမှုဆောင် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့တဲ့ ဒေါ်ခင်ခင်တိုးဟာ အခု အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိပါတယ်)

၁၉၆၇ ဧပြီလမှာတော့ တတိယ အုပ်စုဖြစ်တဲ့ သမဂ္ဂဝင်များနဲ့ တက်ကြွစွာ လှုပ်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အများအပြား ဖမ်းဆီးခံလိုက်ရတဲ့ အတွက် ကျောင်းသား သမဂ္ဂရဲ့ ပုံမှန် လုပ်ငန်းများ ၁၉၆၇ ခုနှစ် အောက်တိုဘာလောက်မှာ ရပ်ဆိုင်းသွားခဲ့ပါပြီ။

ဗိုလ်ချုပ်ကြီး နေဝင်း စစ်အစိုးရဟာ ပညာရေး စနစ် တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ထက် ကျောင်းသား လှုပ်ရှားမှုတွေ ဖြစ်ပေါ်မလာအောင် ထိန်းချုပ်ရေးကိုပဲ ဦးတည်ခဲ့တယ်။ စစ်အစိုးရ ပညာရေးစနစ်ဟာ ကျောင်းသားတွေကို ဘဝ အာမခံချက် မပေးနိုင်ဘူး၊ ပညာတတ် အလုပ်လက်မဲ့တွေ ပေါများလာတယ်။ ပြည်သူလူထုရဲ့စီးပွားရေး လူမှုရေး အခြေ အနေတွေက ကြပ်တည်းသထက် ပိုကြပ်တည်းလာခဲ့တယ်။ ဒီတော့ ဥပဒေတွင်း ဥပဒေပ နိုင်ငံရေး အခြေအနေတွေ ပိုမို တင်းမာလာပါတော့တယ်။

ဒီလိုအချိန်မှာ မြေအောက်ဆင်းသွားတဲ့ ကျောင်းသား ခေါင်းဆောင်တွေဟာ “သမဂ္ဂ ပြန်လည် တည်ဆောက်ရေးနှင့် ကျောင်းသားအရေး ဆောင်ရွက်မှု ကော်မတီ” ကို လျို့ဝှက်စွာ ဖွဲ့စည်း လှုပ်ရှားခဲ့ကြပါတယ်။

တော်လှန်ရေး ကောင်စီ လက်ထက် မြန်မာ့နိုင်ငံရေးရဲ့ ထူးခြားချက်က ဥပဒေတွင်း ဒီမိုကရေစီရေး တိုက်ပွဲတွေဟာ လက်ဝဲ နိုင်ငံရေး အင်အားစုတွေရဲ့ ခေါင်းဆောင်မှု အောက်မှာ ရှိနေတာပါပဲ။ တစ်ဖက်မှာ ဥပဒေပမှာ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတွေ အားကောင်း မောင်းသန် ရှိနေကြတာ ဖြစ်တယ်။

လက်နက်ကိုင် တော်လှန်ရေးနဲ့ ဥပဒေတွင်း တိုက်ပွဲ ချိတ်ဆက် ဖြစ်နေတာကို စစ်အစိုးရက မကြိုက်ပါဘူး။ ဒီနှစ်ခုရဲ့ အဓိက ကွင်းဆက်ဟာ ကျောင်းသား သမဂ္ဂ နဲ့ ကျောင်းသား ခေါင်းဆောင်တွေပဲ ဖြစ်တယ် လို့ စစ်အုပ်စုက ယူဆတယ်။ ဒါ့ကြောင့် ကျောင်းသား လှုပ်ရှားမှုတွေကို အပြတ်အသတ် ဖိနှိပ်တယ် ခြေမှုန်းတယ်။ ကျောင်းသား ခေါင်းဆောင်တွေကို ရက်ရက် စက်စက် သုတ်သင်ပစ်တယ်။ ဥပမာ လက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့ တောခိုသွားတဲ့ ၁၉၆၂ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေးကို ကျုံပျော်ပန်းတောကြီး တိုက်ပွဲမှာ ခလရ(၃၆)တပ်ရင်းက ဒဏ်ရာနဲ့ အရှင် ဖမ်းမိသွားတဲ့အခါ ချက်ချင်းပဲ ပစ်သတ်လိုက်တဲ့ သမိုင်း ရှိပါတယ်။

၁၉၆၉ ဒုတိယ ကိုကိုးကျွန်း အပို့ခံရတဲ့အထဲမှာ ဆရာ ဗန်းမော်တင်အောင် ဆရာ မြသန်းတင့် အဘ လေထီး ဦးအုန်းမောင်တို့နဲ့ အတူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ (၄၁)ယောက် ပါသွားပါတယ်။ ကိုကိုးကျွန်း ဖျက်သိမ်းရေး ရက်ပေါင်း (၅၅) ရက် ကြာ အစာငတ်ခံ တိုက်ပွဲမှာ အကျဉ်းသား (၈) ဦး ကျဆုံးခဲ့ရတယ်။

ဒီအထဲမှာ ပြည်ခရိုင် ကျောင်းသား ခေါင်းဆောင် ကိုချစ်ဆွေနဲ့ မန္တလေး တက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ကိုလေးမောင် (မြင်းခြံ) တို့ အသက် ပေးလှုခဲ့ကြတာပါ။

ကျောင်းသား သမဂ္ဂ (တရားဝင်) မရှိတော့ပေမဲ့ ကျောင်းသားထုရဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ လူထုကြားမှာ ပုံစံ အမျိုးမျိုးနဲ့ မကြာခဏ ဖြစ်ပေါ်နေခဲ့ပါတယ်။

၁၉၆၉ ခုနှစ် ရန်ကုန်မှာ (၅)ကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပွဲ ကျင်းပပါတယ်။ စစ်အစိုးရက ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခမ်းမမှာ အလေးမပွဲတွေ မဖွယ်မရာ လာလုပ်လို့ ကျောင်းသားနဲ့ ပြည်သူတွေ တစ်ခဲနက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ် ဒီ ကျွန်းဆွယ် အရေးအခင်းမှာ တက္ကသိုလ် ကောလိပ် အသီးသီးက ကျောင်းသားတွေ အများအပြား ကျောင်းထုတ်ခံရ ဖမ်းဆီး ထောင်ချခံရပါတယ်။

ဒီလိုနဲ့ ၁၉၇ဝ ပြည့်နှစ်ထဲမှာ ရန်ကုန် တက္ကသိုလ်ကြီးရဲ့ နှစ်ငါးဆယ်ပြည့် ရွှေရတုသဘင် ရောက်ရှိလာခဲ့ပါတယ်။
၁၉၂ဝ မှာ ပထမတက္ကသိုလ်သပိတ်ကြီးနဲ့ စခဲ့တဲ့ လွတ်လပ်ရေးကြိုးပမ်းမှု အစဉ်အလာ ကြီးမားလှတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ၁၉၃၆ ဒုတိယသပိတ် ၁၉၃၈ တတိယသပိတ် ၁၉၆၂ ခုနှစ် ဇူလိုင်လ(၇)ရက် အရိပ်တွေဟာ ရွှေရတုသဘင်မှာ ထင်ဟပ်လာခဲ့ပါတော့တယ်။
ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်တဲ့ ၁၉၇ဝ မှာပဲ တစ်နှစ်တည်း ကျရောက်တဲ့ နှစ်ငါးဆယ်ပြည့် အမျိုးသားနေ့ ရွှေရတုသဘင်မှာ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက “နာစရာရှိရင် လွမ်းစရာနဲ့ဖြေ”လို့ ပြောလိုက်တဲ့ စကားကလည်း ခံခဲ့ရတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေအဖို့ ဘယ်လိုမှ လက်မခံနိုင်စရာ ဖြစ်နေတဲ့ အချိန်ပါ။

ရန်ကုန်တက္ကသိုလ်ရွှေရတုသဘင်ပွဲဟာ မျိုးဆက်သစ် ကျောင်းသားတွေ နဲ့ အတိုင်းအတာ တစ်ခုအထိ စည်ကားခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာမကြေ ဥဒါန်းမပြေနိုင်တဲ့ ကျောင်းသားတွေက ဒီ ရွှေရတုသဘင်ပွဲတော်မှာ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ သမိုင်းကြောင်း စာစောင်တွေ ရိုက်နှိပ်ပြီး သေနင်္ဂဗျူဟာမြောက် ဖြန့်ဝေလိုက်ကြပါတော့တယ်။

စစ်အုပ်စုဟာ လတ်တလော အခြေ အနေကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး သူတို့လုပ်နိုင်တာက ရွှေရတုသဘင်ပွဲ မပြီးခင်မှာပဲ တက္ကသိုလ်ကောလိပ်တွေကို ချက်ချင်း ပိတ်ပစ်လိုက်တာပါပဲ။ ဒီ ရွှေရတုသဘင် အရေးအခင်းမှာလည်းပဲ ကျောင်းသားတွေ အများအပြား ဖမ်းဆီး ထောင်ချခံရ ကျောင်းထုတ်ခံခဲ့ကြရပါတယ်။

ဘာပဲဖြစ်ဖြစ် ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ်ငါးဆယ်ပြည့်တဲ့အချိန်မှာလည်း ကျောင်းသားတွေဟာ ခွပ်ဒေါင်းစိတ်ဓါတ် ခွပ်ဒေါင်းသွေးနဲ့စစ်အာဏာရှင် အုပ်စိုးမှုကို ဆက်လက် တိုက်ပွဲဝင်နေတာကို အမိတက္ကသိုလ်ကြီးက ကျေနပ် ဂုဏ်ယူနေမှာကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။ ။

Comments