poet Kyi Aung, my friend

သူငယ်ချင်း ကဗျာဆရာ ကြည်အောင်
မောင်စွမ်းရည်
မတ် ၃ဝ၊ ၂၀၀၉

သူငယ်ချင်း ကဗျာဆရာ ကြည်အောင် ကွယ်လွန်ပြီ ဆိုတဲ့ သတင်း ဟာ ၂ဝဝ၉ မတ် ၂၇ ရက်မှာ နော်ဝေက ဒီမိုကရက်တစ် မြန်မာ့အသံက မောင်ဘုန်းမြတ်က လှမ်းပြောလို့ ကြားသိလိုက်ရတော့ ချက်ချင်း စကား ပြန်မပြောနိုင်ခဲ့ဘူး။

သူ့ကို ဆေးရုံတင်ထားတယ် ဆိုတာတော့ သတင်း ရထားပါတယ်။ ကျနော်ကလဲ ခေတ်ပြိုင်ကို ပို့ထားတဲ့ ‘ဦးသန့်နဲ့ဆေးလိပ်’ ဆိုတဲ့ ဆောင်းပါးထဲမှာ ကျောင်းသား ဘဝက အတူ အိပ်၊ အတူ စားခဲ့ကြတဲ့ သူငယ်ချင်းတွေထဲက ဆေးလိပ် အလွန် အကျွံသောက်ကြတဲ့ တင်မိုး၊ ကိုကိုးကျွန်းလေးမောင်၊ ညွန့်အေး (အင်းဝ) တို့ ကွယ်လွန်ကုန်ကြပြီး ကြည်အောင်ပဲ ကျန်တယ်လို့ ထည့်ရေးလိုက်ပါသေးတယ်။ မောင်သာနိုးနဲ့ လူထုစိန်ဝင်းတို့ကတော့ စောစောကပဲ ဆေးလိပ် ဖြတ်ပစ်ခဲ့ကြတယ်။ သူတို့ နှစ်ဦးလဲ ဆေးလိပ် စွဲခဲ့ကြသူတွေပါပဲ။ ဦးသန့်ကလဲ ဆေးလိပ်စွဲသူပါ။ ဆေးပြင်းလိပ်သမားပါ။ စာအုပ်တအုပ်ထဲမှာ ပါးစောင်ကင်ဆာနဲ့၊ တခြား စာအုပ်ထဲမှာတော့ အဆုတ်ကင်ဆာနဲ့ တဲ့ ကွယ်လွန်ရပုံ နှစ်မျိုး ရေးထားပေမဲ့ ဆေးလိပ်ကြောင့် ဖြစ်တဲ့ ကင်ဆာပါပဲ။ လူတော် လူချွန်တွေ ဆေးလိပ်ကြောင့် အရွယ်ကောင်းတုန်း ကွယ်လွန်ကြရတဲ့ အတွက် နှမျောတသ ယူကြုံးမရ ဖြစ်ရပါတယ်။ ဆေးလိပ်ကိုလဲ ရန်သူ ဘီလူးကြီးလို မုန်းမိပါတယ်။ ကျနော်က ဆေးလိပ် လုံးဝ မသောက်ဖူးခဲ့သူဆိုတော့ ဆေးလိပ် သောက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ တကျက်ကျက် ဖြစ်ခဲ့ရတာကို ပြန်လည် သတိရမိပါတယ်။ ခုတော့ လွမ်းစရာ “ရန်ပွဲ” များပါ။

အိပ်ရာထရင် ကြည်အောင်က အရင်ညက လက်ကျန်ဆေးလိပ်ကို မီးညှိပြီး လက်ဖက်ရည်ဆိုင် တန်းသွားတယ်။ အထူးတွဲတာက ကိုကိုးကျွန်း ရက် ၅ဝ အစာငတ်ခံ တိုက်ပွဲမှ ကျဆုံးခဲ့တဲ့ ကဗျာဆရာ လေးမောင် (မြင်းခြံ) နဲ့ပါ။ သူတို့ချင်း မိတ်ဖွဲ့မိကြတာကလဲ စာပေနဲ့ စတင်တာ မဟုတ်ဘဲ (ရတနာပုံဆောင်မှာ နေစဉ်က) ဆေးလိပ် မီးညှိရင်းက စတင်တာပါ။ အိပ်ရာထရင် လက်ဖက်ရည်ဆိုင်ကို အတူသွားပြီး နဂါးဆေးလိပ် တမတ်ဖိုး ဝယ်တယ်။ လက်ဖက်ရည်ကျကျထဲကို ဆေးလိပ်တအုပ်လုံးရဲ့ အစီခံတွေ စုပြုံနှစ်ပြီး သူ့အင်္ကျီအိတ်ကပ်ထဲကို ထဲ့ထားပါတယ်။ အဲဒါကို “လဖိရည်နဲ့နှပ်ထားတာ”လို့သူကခေါ်တယ်။ ဘယ်သူတောင်းလို့မှမပေးဘူး။ လိုချင်ရင် ဝယ်ပေးမယ် တဲ့။ သူနှပ်ထားတာကိုတော့ မပေးပါဘူး။

ကြည်အောင်ဟာ အနေအထိုင် အပြောအဆို အလွန် ရိုးပါတယ်။ ဘိုကေကို ပါးပါး တိုတို ထားတယ်။ ဆီ မလိမ်းတတ်ဘူး။ မျက်နှာမှာ ကျောက်ပေါက်မာ ပါတယ်။ မျက်ခုံး ထူတယ်။ လုံချည် အင်္ကျီကတော့ ချည်ထည်တွေပဲ အဝတ်များတယ်။ လုံချည်တွေက ရွှေဘိုဆိတ်ခွံ၊ ဓာတ်ဆေးဆိုး လုံချည်အနီ၊ အစိမ်း ကွက်စိတ်လေးတွေကို ဝတ်လေ့ရှိတယ်။ လုံချည်တိုတို ဝတ်တယ်။

ကြည်အောင်က အင်းဝသားပါ။ တက္ကသိုလ် တက်တော့ မန္တလေး တက္ကသိုလ် ရတနာပုံဆောင်မှာ နောက်နှစ်မှာတော့ ရွှေပြည်အေးဆောင်မှာ နေပါတယ်။ နောက်တော့ မန္တလေး ယိုးဒယားဈေး တောင်ဖက်က သူ့အစ်မ အိမ်က ကျောင်းတက်ပါတယ်။ ၁၉၅၆ခုနှစ်မှာ တက္ကသိုလ်ကို ကျနော်တို့ အတူ ရောက်တယ်။ သက်တူ ရွယ်တူတွေ ဖြစ်လို့ “ကျယ်လောင်”လို့ ခေါ်ကြတယ်။ နာမည်ရင်းက “ကြည်လင်” တဲ့။

သူ စာ စရေးတာကို မန္တလေး “ဗဟိုရ်စည်” သတင်းစာမှာ ကျနော်တို့ တွေ့မိပါတယ်။ ဆရာ ဇေယျရဲ့ အက်ဆေးလေးတွေကို အတုယူရေးတာပါ။ ကလောင် အမည်က “အင်းဝအောင်ဆွေ” တဲ့။ ကဗျာဆရာ ဒေါင်းနွယ်ဆွေကလဲ အောင်ဆွေ အမည်နဲ့ အားကစား ဆောင်းပါးတွေ ရေးနေတာ တွေ့ရလို့ ဒီနာမည်ကို ဆက်မသုံးတော့ဘူး။ သူ တက္ကသိုလ်ရောက်စက နေတဲ့ ရတနာပုံဆောင်မှာ သူ့အခန်းရှေ့က ဖြတ်သွားရင် “ထမင်းမဝ အချောင်သေမယ့်၊ အင်းဝကောင်တွေ” လို့ ကျနော်က အော်ဟစ် နူတ်ဆက်သွားလေ့ရှိပါတယ်။ သူက သူစာရေးနေတာကို လူသိမှာ သိပ်ရှက်ပါတယ်။ ကျနော်က အဲသလို နောက်သွားလေ့ ရှိတာကိုလဲ စိတ်တိုတတ်ပါတယ်။

ဂျပန်ခေတ်မှာ မန္တလေးက ဒေါ်အုန်း (လူထုဒေါ်အမာနဲ့အတူ သပိတ်မှောက်ကျောင်းသူ) တို့ အင်းဝကို လာရင်း စစ်ဘေးရှောင်ရင်း “အင်းဝဂုဏ်ရည်” ဆိုတဲ့ စာသင်ကျောင်းလေး ဖွင့်ပြီး စာသင်ပေးခဲ့တယ်။ သူနဲ့ ကိုလေးနဲ့ အတူ ကျောင်းတက်ခဲ့ပါတယ်။ အဲဒီ ကျောင်းကနေ စာပေ အခြေခံ ရခဲ့ပါတယ်။ ကိုလေးက တက္ကသိုလ်ကို အရင်ရောက်တယ်။ ဖဲရိုက်နေတာ များပြီး စာမေးပွဲ ကျလို့ ဥပစာ အောင်ပြီး ထင်ပါရဲ့၊ ကျောင်းဆရာ ထွက်လုပ်တယ်။ ကျောင်းထွက်မှ သူတို့နှစ်ယောက် တွဲမိတာပါ။ ကြည်အောင်က ကျောင်းမှာ မြင်းခြံသား၊ မြင်းခြံသူတွေနဲ့ပဲ အတွဲများလို့ သူ့ကို မြင်းခြံသားလို့ပဲ အထင်ခံရပါတယ်။ အင်းဝသား ဆိုလို့ သူတွဲတာ က ညွန့်အေး (အင်းဝ) ခေါ် ကိုကံညွန့်ပါပဲ။ ညွန့်အေးလဲ စောစော ကျောင်းထွက်ပြီး ကျောင်းဆရာလုပ်သွားပါတယ်။ သူလဲ ဆေးလိပ်အသောက်လွန်လို့ ကင်ဆာဖြစ်ပြီး ကွယ်လွန်ခဲ့ရှာပါတယ်။

မန္တလေး တက္ကသိုလ် မဂ္ဂဇင်းမှာ ကျနော်အတွင်းရေးမှုး လုပ်တော့ ကြည်အောင်က အင်္ဂလိပ်စာ အယ်ဒီတာပါ။ မောင်သိန်းနိုင်(ဂုဏ်ထူး) က မြန်မာစာ အယ်ဒီတာပါ။ နောက်တော့ ကလောင်ရှင်အသင်းမှာရော၊ ကျောင်းသားတပ်ဦး တကသ နဲ့ ဗကသ မှာရော သံခဲ၊ သံဒုတ်တို့ အဖေ (ကိုစိုးဝင်းမောင်) ရယ်၊ ဖိုးသံချောင်းရယ်၊ မြင်းခြံ အောင်သူရယ်။ ကဗျာ ဆရာ လေးမောင်ရယ် အတူ တွဲပြီးလုပ်ခဲ့ကြပါတယ်။ ကျနော်တို့နဲ့ တုန်းကတော့ သူနဲ့ လေးမောင်တို့က ရှောင်နိုင်သမျှ ရှောင်ပါတယ်။ နှစ်ဦးလုံး ရှက်တတ်လို့ အသင်းအပင်းတွေကို ရှောင်ကြတာပါ။ နောက်တော့ ဝရမ်းပြေးရ၊ တောင်တန်းတွေကျ၊ ကျွန်းတွေ ကျသည်အထိ စွန့်လွှတ် စွန့်စား လုပ်ဆောင်ခဲ့ကြရှာပါတယ်။

ကြည်အောင်အကြောင်း ပြောရင် လေးမောင် အကြောင်းကလဲ မပါမဖြစ်ကို တွဲပြောနေမိတာပါ။ သူတို့ နှစ်ဦးမှာ တခြား တူညီတာက ခုက ကွယ်လွန်သည့်အထိ လူပျိုကြီးတွေပါပဲ။ ကြည်အောင်က ရည်းစားတောင် မယ်မယ်ရရ ထားဖူးသူ မဟုတ်ပါဘူး။ “ချောင်းကြည့်မဲ့ပြန်” အဆင့်ပါပဲ။ သူရဲ့ ကဗျာစာအုပ်ထဲက “နန်းရှေ့သူ” ဆိုတဲ့ ကဗျာဟာ သူ့ချစ်သူအကြောင်း စိတ်ကူးယဉ်ပြီး ဖွဲ့တာပါ။ တကယ်တော့ သူက နှုတ်ကလဲ ဖွင့်မပြောဖူးလိုက်တဲ့ အပြင်၊ စာနဲ့လဲ မလှမ်းလိုက်ရ ရှာပါဘူး။ သူနဲ့ကျနော် တွဲထုတ်တဲ့ “စိတြ” ကဗျာစာအုပ်ကလေးကိုပဲ လက်ဆောင် ပေးဖူးခဲ့ပါတယ်။ အဲဒါလဲ မိန်းကလေးလက်ထဲ မရောက်ပါဘူး။ နုနုရည်(အင်းဝ)က အဲဒီအကြောင်း ဝတ္ထုတို တပုဒ် ရေးဖူးပါတယ်။ ရယ်ရမလို၊ လွမ်းရမလိုပါပဲ။

မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှာ စာပေကိစ္စတွေ လုပ်ကြတော့ တင်မိုးက အသင်းရဲ့ စာစဉ်တွေ စာအုပ်တွေ အဖြစ် ထုတ်ကြရအောင်လို့ ဆွေးနွေးတယ်။ အားလုံး တက်တက် ကြွကြွနဲ့ သဘောတူကြတယ်။ ထုတ်စရာ စာအုပ် အသင့်မရှိကြလို့ တင်မိုးရဲ့ ကဗျာတွေကို စုပြီး “ဖန်မိးအိမ်” ကဗျာစာအုပ်ကလေးကို ၁၉၅၉ မှာ ထုတ်တယ်။ စာပေဗိမာန်ဆု အပေးခံရတော့ အားတက်ကြတယ်။ စာပေလောကမှာ တင်မိုးဆိုတဲ့ နာမည်ကို ဘယ်သူမှ မကြားဖူးသေးဘူး။ “ဖန်မီးအိမ်” ထုတ်မှ ဒီကလောင်အမည်ကို စသုံးတာဆိုတော့ ဆုရတဲ့-အခါ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ ဆက်ထုတ်စရာမရှိတော့ ကြည်အောင်နဲ့ မောင်စွမ်းရည်နှစ်ယောက် ပေါင်းပြီး “စိတြ” ဆိုတဲ့ အမည်နဲ့ ကဗျာစာအုပ်ကလေး တစ်အုပ်ကို ၁၉၆ဝမှာ စာစဉ် ၂ အဖြစ်ထုတ်ပြီး ကြည်အောင် မောင်စွမ်းရည် ဆိုတာ ပေါ်ပေါက်လာခဲ့ရတာပါ။ ဒီကလောင်နာမည် နှစ်ခုစလုံးဟာလဲ စာပေလောကမှာ အစိမ်းသက်သက်တွေပါပဲ။

၁၉၆ဝ ပြည့်နှစ်တဝိုက်မှာ ကျနော်တို့တတွေ တဂိုးကဗျာတွေကိုပဲ သဲကြီးမဲကြီး ဖတ်နေကြပါတယ်။ တဂိုး ရာပြည့်ပွဲနဲ့လဲ ကြုံတော့ တဂိုးစာအုပ်တွေ၊ တအုပ်ချင်းရော၊ ပေါင်းချုပ်ရော ထွက်လာတဲ့အခါ မလွတ်တမ်း ဝယ်ဖတ်ကြပါတယ်။ တဂိုးနဲ့ ဆက်စပ်ပြီး အိန္ဒိယ ကဗျာဆရာကြီးတွေ၊ ပါရှန်ကဗျာဆရာကြီးတွေကိုပါ ရှာဖွေ ဖတ်ရှုကြရာမှာ အကဲဆုံးက ကြည်အောင် ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတခု ဘေးမှာ ဗယာကြော်ရောင်းနေတဲ့ အူရဒူကဗျာဆရာကြီး တဦးကိုပါ ကြည်အောင်က မိတ်ဖွဲ့ပြီး မန္တလေးတက္ကသိုလ်ရဲ့ စာဆိုတော်နေ့ ကဗျာရွတ်ပွဲမှာ ပင့်ဖိတ် ရွတ်စေခဲ့ပါတယ်။ မောင်သာနိုး ဘာသာပြန်တဲ့ အိုမာခိုက်ယမ်ရဲ့ ရုဘာအီယတ် ကဗျာစာအုပ် အမှာစာကို ကြည်အောင် ရေးပါတယ်။ အဲဒီအမှာစာမှာ ကြည်အောင်ဟာ အိန္ဒိယ၊ ပါရှန်စတဲ့ ကဗျာတွေကို ဘယ်လောက်စွဲတယ် ဆိုတာ သိရပါလိမ့်မယ်။

“စိတြ” ဆိုတာ တဂိုးရဲ့ ကဗျာ စာအုပ်တအုပ် အမည်ပါ။ အင်္ဂလိပ်လို Chitra (ချစ်တရ) ပါ တဲ့။ အဓိပ္ပာယ်က “ဆန်းကြယ်ခြင်း” ပါတဲ့။ ပေါ် ဦး သက် ကိုလဲ သူပဲ သွားပြီး မျက်နှာဖုံးအပ်တော့ ပေါ်ဦးသက်ကလဲ အဆန်းတကြယ် ဆွဲပေးလိုက်ခဲ့ပါတယ်။ ဒီနောက်တော့ ကျနော်တို့တတွေ စာတွေ အများကြီး ရေးလာကြပြီး လုံးချင်း စာအုပ်တွေ ထုတ်လာကြပါတယ်။ “လမင်းတရာ” ဆိုတဲ့ စာအုပ်ကို လူထုတိုက်က ထုတ်ပါတယ်။ သူ့သူငယ်ချင်း၊ လူထုအယ်ဒီတာ မောင်တောလူဆိုတာက ကျနော် ကျောင်းသား သမဂ္ဂ အမှုဆောင် စတင်လုပ်တဲ့ နှစ်မှာ ဥက္ကဌပါ။ အမည်ရင်း ကိုစောလွင်တဲ့။ ကိုစောလွင်က သူ့သားအလတ် တယောက်ကို “လမင်းတရာ”လို့ အမည်ပေးခဲ့ပါတယ်။ ခုသူက သွားဆရာဝန် အဖြစ်နဲ့ လော့စ်အိန်ဂျဲလိစ်မြို့မှာ နေထိုင်ပါတယ်။ “လမင်းတရာ” ဆိုတဲ့ စာအုပ်ဆိုင်လဲ ရန်ကုန်မှာ ရှိခဲ့ဖူးပါတယ်။ စာအုပ် ထုတ်ဝေရေး လုပ်ပါတယ်။ ခုတော့ သူလဲ လော့စ်အိန်ဂျဲလိစ်ကို ရောက်နေပါတယ်။ လမင်းတရာစာအုပ်က အမျိုးသားစာပဆုရပါတယ်။ ကျနော့် အရင် ရတာပါ။ ပြီးတော့ ကိုလေး ရပါတယ်။

ကျနော် ဗမာပြည်မှာ နောက်ဆုံးထုတ်ခဲ့တဲ့ ကဗျာစာအုပ်ကိုလဲ လူထုတိုက်ကပဲ ထုတ်ပေးပါတယ်။ “အမေ့ခေါ်သံ”တဲ့။ ၁၉၉၇ က ထုတ်ခဲ့ပါတယ်။ တည်းဖြတ် စီစဉ်ပြီး အမှာစာရေးတာက သူငယ်ချင်း ကြည်အောင်ပါပဲ။ အဲဒါဟာ သူရဲ့ နောက်ဆုံး ပုံနှိပ်စာလဲ ဖြစ်တယ် ထင်ပါတယ်။ အဖွဲ့ချုပ်ရုံးမှာ ဟောပြောပွဲတွေကို အင်းဝ ညီနောင် နှစ်ဦး နဲ့ပဲ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်သူတို့ နှစ်ဦး ကို စစ်အစိုးရက စာရေးခွင့်ရော၊ ဟောပြောခွင့်တွေပါ ပိတ်လိုက်ပါတယ်။ ဒါကြောင့် ကျနော် ကဗျာစာအုပ် အမှာစာဟာ သူရဲ့နောက်ဆုံး ပုံနှိပ်စာလို့ ပြောလိုက်ရခြင်းပါ။

စိတြ ကဗျာစာအုပ်မှာ လူထုဒေါ်အမာနဲ့ တင်မိုးတို့က အမှာစာ ချီးမြှင့်ခဲ့ကြပါတယ်။ သူ့ရဲ့ “ဒုဌဝတီမှ ဧရာဝတီသို့” ကဗျာစာအုပ်မှာတော့ ဟံသာဝတီ ဦးဝင်းတင်က အမှာစာ ရေးခဲ့ဖူးပါတယ်။

ကြည်အောင်က တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင် သူငယ်ချင်းသုံးယောက်ဟာ “မန္တလေး တက္ကသိုလ် သားအိမ် ၀မ်းဗိုလ်က မွေးထုတ်လိုက်တဲ့ အမြွှာကဗျာဆရာသုံးကောင်” လို့ ကျနော်ရဲ့ အမေ့ခေါ်သံကဗျာစာအုပ် အမှာစာမှာ ရေးခဲ့ပါတယ်။ ကျနော့် အကြောင်းကို သီးခြားရေးရာမှာ “ကျွန်တော်တို့ နှစ်ယောက်ဟာ အမြွှာညီအစ်ကို မဟုတ်ပေမယ့် သူ့အကြောင်းပြောရင် ကျွန်တော့် အကြောင်းပါမယ်။ ကျွန်တော့် အကြောင်းပြောရင် သူ့အကြောင်းပါမယ်။ ဒါ မလွှဲမရှောင်သာတဲ့ ကိစ္စ။ သူနဲ့ ကျွန်တော်က မန္တလေးတက္ကသိုလ်မှာ ကျောင်းနေဘက်လည်းဟုတ်၊ သူငယ်ချင်းလဲ ဖြစ်ပြန်၊ ပထမဦးဆုံး ကဗျာစာအုပ်ကို အတူတူ တွဲပြီး ထုတ်ခဲ့ကြတာ “စိတြ” (၁၉၆ဝ) ကဗျာစာအုပ်လေးပဲ တဲ့။

တင်မိုးနဲ့ ကျနော် ပြည်ပရောက်နေတော့ သူက ကိုလေးနဲ့ ကျန်ရစ်တယ်။ သူတို့နှစ်ဦး တွဲပြီး အဖမ်းခံကြရတာလဲ ရှိတယ်။ သူတို့ကို စာရေးခွင့်၊ ဟောပြောခွင့် ပိတ်တယ် ဆိုတော့ အလွန် မတရားတာပဲ။ သူတို့ကို ဆန့်ကျင်တဲ့ စာကိုသာ ပိတ်ရင် ပြီးတာပဲ။ ခုတော့ ဘာမှ မရေးရဘူး ဆိုတော့ မတရားလွန်းပါဘူး။ သူပြောတဲ့ အမိတက္ကသိုလ်ရဲ့ အမြွှာသားသုံးဦး အနက် ကျနော်ပဲ ကျန်ပါတော့တယ်။ ကျနော်က သုံးယောက်စာ စာတွေ ဆက်ရေးရင်း ဒီမိုကရေစီရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားရတော့မှာပါလားလို့ ခံစားရပါတယ်။ လမင်းတရာ သာတဲ့ ခေတ်ကို ညီညီညွတ်ညွတ် ချီတက်ကြပါစို့။

မောင်စွမ်းရည်
မတ် ၂၇၊ နယူးယောက်

Comments