Students Movement in Burma (06)

ကိုဗဟိန်းမှသည် ကျော်ကိုကို အထိ (၆)
‘ကျောင်းသားသမဂ္ဂ၊ ရဲဘော်သုံးကျိပ်နှင့် ဖက်ဆစ်တော်လှန်ရေး’
အောင်ဝေး
ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉

၁၃ဝဝ ပြည့် အရေးတော်ပုံကြီးပြီးတဲ့အခါ ကမ္ဘာမှာ ဒုတိယအကြိမ် စစ်မီးကြီး ထတောက်လာပါတယ်။ ၁၉၃၉ခုနှစ်ခုမှာ ဥရောပနဲ့ အာရှတိုက်မှာပါ ဒုတိယကမ္ဘာစစ်ဖြစ်လာပါတယ်။ အရှေ့ဖျားမှာ ဂျပန်က အင်္ဂလိပ်တို့ရဲ့ ကိုလိုနီအင်ပါယာကို ခြိမ်းခြောက်လာပါတယ်။

၁၃ဝဝ ပြည့် အရေးတော်ပုံအတွင်းမှာ စုစည်းမိသွားကြတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား တပ်ပေါင်းစု အင်အားသစ်ဟာ အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး အတွက် နည်းလမ်းမျိုးစုံကို တွေးတောလာကြပါတယ်။

ဒီအရေးတော်ပုံကြီးအတွင်းမှာ ရန်ကုန်မှာ ကျောင်းသား အာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတယ်။ မန္တလေးမှာ (၁၄)နှစ်အရွယ် ကျောင်းသားက လေးအပါအဝင် ရဟန်းရှင်လူပြည်သူ (၁၇) ဦး အသက်ပေးခဲ့ရတယ်။ မြေကျခဲ့တဲ့ ကျောင်းသားတွေရဲ့သွေး၊ ခွပ်ဒေါင်းသွေးဟာ လွတ်လပ်ရေးကို တိုက်ယူဖို့ ချင်းချင်းနီနေခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂ ထဲက ပညာတတ် လူငယ် ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက ရှေ့တန်း ရောက်လာပါတယ်။ ၁၉၃၉ ခုနှစ်ထဲမှာပဲ အဲဒီ ပညာတတ် လူငယ်တွေဟာ CPB (ဗမာပြည်ကွန်မြူနစ်ပါတီ) ကို ထူထောင်လိုက်ကြပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပထမဆုံး အထွေထွေ အတွင်းရေးမှူးဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်မီးကြီး အာရှကိုပါ ကူးစက်လာတော့ မြန်မာနိုင်ငံကို အုပ်စိုးနေတဲ့ ဗြိတိသျှ အစိုးရ အဖို့ အခက်အခဲနဲ့ ကြုံတွေ့လာရပါတော့တယ်။ အရှေ့ဖျားက ဂျပန်ရဲ့ ရန်ကြောင့် နယ်ချဲ့ အစိုးရ အကြပ်ရိုက်နေပါပြီ။

အဲဒီအချိန်မှာ နယ်ချဲ့ကို မောင်းထုတ်ဖို့ နိုင်ငံတကာ အကူအညီ ရဖို့ လိုအပ်တယ် ဆိုတဲ့ အတွေးခေါ်က ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေကြားမှာ ရောက်ရှိနေပါပြီ။

အစောဆုံးအနေနဲ့ ၁၉၃၉ခုနှစ်ကထဲမှာ တကသ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုဗဟိန်းနဲ့ ဆရာ ဒဂုန်တာရာတို့ တရုတ်ပြည် ကွန်မြူနစ်ပါတီ၊ ဥက္ကဌမော်တို့နဲ့ ဆက်သွယ်ဖို့ လားရှိုးကနေ တရုတ်နိုင်ငံ ယူနန်ဘက်ကို လျှို့ဝှက် ခရီးထွက်ကြပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ် နယ်ချဲ့ ပုလိပ်စုံထောက်တွေက ပိတ်ပင်ဟန့်တားလို့ ကိုဗဟိန်းနဲ့ ဆရာဒဂုန်တာရာတို့ရဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ ကိစ္စဟာ အထ မမြောက်လိုက်ရတော့ပါဘူး။

၁၉၃၉ နဲ့ ၄ဝ တွေမှာ တို့ဗမာအစည်းအရုံးကြီးရဲ့ မော်လမြိုင်နဲ့ သာယာဝတီ ညီလာခံတွေကို ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံတွေကနေပြီး ‘အင်္ဂလိပ်အခက်၊ ဗမာအချက်’ ဆိုတဲ့ ကြွေးကြော်သံကို ထုတ်ပြန်ခဲ့ကြပါတယ်။

၁၉၄ဝ စက်တင်ဘာမှာ ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ကို ဖွဲ့စည်း ထူထောင်လိုက်ကြပါတယ်။

တကသ ခေါင်းဆောင်တွေ၊ ပညာတတ် လူငယ်တွေရဲ့ နိုင်ငံတကာ အကူအညီရရှိရေး အတွေးအခေါ်ဟာ ပျောက်ဆုံး မသွားသေးပါဘူး။ တရုတ်ပြည် ကွန်မြူနစ်ပါတီ ဥက္ကဌမော်တို့နဲ့ အဆက်အသွယ် ရဖို့ ဒုတိယအကြိမ် ကြိုးပမ်းသူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ပါ။ သခင်လှမြိုင်ဆိုတာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ပါ။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဌမော်နဲ့ တွေဖို့ တရုတ်နိုင်ငံ အမွိုင်းကို သွားတဲ့ ခရီးဟာလည်း အထ မမြောက်ဘဲ ကံအားလျော်စွာ ဂျပန်နဲ့ ဆက်သွယ်မိပြီး ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ဖို့ ဖြစ်သွားခဲ့ရပါတော့တယ်။

၁၉၄ဝ ပြည့်နှစ်ထဲမှာပဲ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံမှာ စစ်ပညာသင်ဖို့ လျှို့ဝှက် ထွက်ခွာသွားကြပါတယ်။ အဲဒီ ရဲဘော်သုံးကျိပ်ဆိုတာမှာ တို့ဗမာအစည်းအရုံး သခင်ကိုယ်တော်မှိုင်း လက်ဝဲဂိုဏ်းက (၂၁)ဦး၊ သခင်ဘစိန်၊ သခင်ထွန်းအုပ် လက်ယာဘက်ဂိုဏ်းက (၈)ဦးနဲ့ ဂျပန်မှာ အရင်ရောက်နှင့်တဲ့ ကိုဆောင်း ဆိုသူ(၁)ဦး စုစုပေါင်း အယောက်(၃ဝ)ဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအဖွဲ့က (၂၁)ဦးမှာ သခင်အောင်ဆန်းက ခေါင်းဆောင်၊ ကိုလှဖေ(ဗိုလ်လက်ျာ)က ဒုတိယ ခေါင်းဆောင်ပါ။ သခင်ဘစိန်၊ သခင်ထွန်းအုပ်အဖွဲ့ (၈)ဦးမှာ ခေါင်းဆောင်က သခင်ရှုမောင်(ဗိုလ်နေဝင်း) ပါပဲ။ ဒီနှစ်ဖွဲ့ကြားမှာ ဆက်သွယ်ရေး အရာရှိအဖြစ်က သခင်ကိုယ်တော်မှိုင်းအဖွဲ့က ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)ဖြစ်ပါတယ်။

အဲဒီလိုသမိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ရဲဘော်သုံးကျိပ်ဆိုတာ တကယ်တော့ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အအုံ Union ထဲကနေ သန္ဓေတည်ခဲ့တာဖြစ်ပါတယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး အပြီး နယ်ချဲ့ကို တိုက်ဖို့ နိုင်ငံတကာ အကူအညီ ယူရမယ်ဆိုတဲ့ အတွေးအခေါ်ကို တကသ ခေါင်းဆောင်တွေဟာ ဒီ Union သမဂ္ဂ အဆောက်အအုံကြီးထဲမှာပဲ ဆွေးနွေး တိုင်ပင်ခဲ့ကြတာပါ။

ဒါကြောင့်လည်း ရဲဘော်သုံးကျိပ်ထဲမှာ တကသ ခေါင်းဆောင်တွေအနေနဲ့ (၁) ကိုအောင်ဆန်း(ဗိုလ်တေဇ)၊ (၂) ကိုလှဖေ(ဗိုလ်လက်ျာ)၊ (၃) ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်) နဲ့ (၄) ကိုလှမောင်(ဗိုလ်ဇေယျ) တို့ (၄)လေးဦး ပါဝင်နေတာ ဖြစ်ပါတယ်။

၁၉၄၁ မှာတော့ ကျောင်းသား သမဂ္ဂ ယာယီ ရပ်ဆိုင်းသွားခဲ့တယ်လို့ ဆိုရပါမယ်။ တကသ ခေါင်းဆောင်တွေဖြစ်တဲ့ သခင်နုနဲ့ ကိုဗဟိန်းတို့ဟာ သခင်သန်းထွန်း၊ သခင်စိုးတို့နဲ့ အတူ ဗြိတိသျှအစိုးရရဲ့ အင်းစိန် အကျဉ်းထောင်ထဲမှာ ရောက်နေကြတဲ့အချိန်ပါ။

၁၉၄၂ မှာတော့ ဗမာ့ လွတ်လပ်ရေးတပ်မတော် (BIA) ဖွဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂျပန်ဗိုလ်ချုပ်ကြီး အီးဒါးတို့ မြန်မာနိုင်ငံထဲကိုပြန်ဝင်ရောက်လာခဲ့ကြပါတယ်။ အဲဒီနောက်တော့ BIA ကနေ BDA (ဗမာ့ကာကွယ်ရေး တပ်မတော်) PBF မျိုးချစ် UGတွေ ဖွဲ့စည်းကြရပြန်ပါတယ်။

၁၉၄၄ မှာ ဗမာ့တပ်မတော်ရယ်၊ ဗမာ့ပြည်ကွန်မြူနစ်ပါတီရယ်၊ နောက်ဆုံးဖွဲစည်းလိုက်တဲ့ ပြည့်သူ့ အရေးတော်ပုံပါတီ (BRP) ပူးပေါင်းပြီးတော့ ဖတပလ အဖွဲ့ချုပ် (နောင် ဖဆပလ) ကို ထူထောင်လိုက်ကြပါတယ်။

ဂျပန်ခေတ်မှာ သကသ၊ ဗကသ ရဲ့ ကျောင်းသားလှုပ်ရှားမှုကို တသီးတခြား မတွေ့ကြရပေမဲ့ ဂျပန်ဆန့်ကျင်ရေးအတွက် လှုပ်ရှားကြတဲ့ အဖွဲ့အစည်း အသီးသီး၊ လုပ်ငန်းအသီးသီးမှာတော့ တကသ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ အရေးကြီးတဲ့ နေရာက တာဝန်ယူခဲ့ကြရပါတယ်။

၁၉၄၅ခုနှစ်၊ မတ်လ(၂၇)ရက် ဖက်ဆစ်တော်လှန်ရေးကြီးဆင်နွှဲတဲ့ အချိန်မှာတော့ တကသ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေး၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံတွေဖြစ်ပြီး ဦးသိန်းဖေမြင့်က အင်္ဂလိပ် အမေရိကန် မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ဖို့ အိန္ဒိယကို သွားတယ်။

ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက ပဲခူးရိုးမ ကရင်တိုင်းရင်းသားတွေနဲ့ အတူ ဂျပန်ခုခံဆန့်ကျင်ရေး ပြောက်ကျားစစ်ပွဲကို ဦးဆောင်ရပါတယ်။

ဖက်ဆစ်တော်လှန်ရေးပြီးတော့မှသာ၊ ၁၉၄၆မှာ အရေးပေါ် ကျောင်းသားသမဂ္ဂ ဆိုပြီး ရွှေတိဂုံကုန်းတော်၊ ဒိုက်ဦးဇရပ်မှာ ကွန်ဂရက် ခေါ်ယူကျင်းပနိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ‘မြင်းခွာတချက်ပေါက်ရင်၊ မီးဟုန်းဟုန်း တောက်စေရမယ်’ ဆိုတဲ့ ကျောင်းသား ခေါင်းဆောင် ကိုဗဟိန်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် သခင်ဗဟိန်းဟာ မန္တလေးဆေးရုံကြီးပေါ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ၊ မြန်မာပိုင်း ]


Comments