Students Movement in Burma (05)

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အပိုင်း ၅)
‘၁၉၃၈ တတိယ တက္ကသိုလ် သပိတ် ၁၃ဝဝ ပြည့် အရေးတော်ပုံ’
အောင်ဝေး
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉

၁၉၃၆ တက္ကသိုလ် ဒုတိယ သပိတ်ကြီး အပြီးမှာတော့ နဂိုမူလ ကဒေါင်းအလံတွေ နေရာမှာ ရဲရဲနီတဲ့ ခွပ်ဒေါင်းအလံတွေ အစားထိုး လွင့်ပျံလာခဲ့ပါပြီ။

၃၆ သပိတ်ကြီးက မွေးဖွားပေးခဲ့တဲ့ ‘ဗကသ’ ABSU ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ခွပ်နေတဲ့ဒေါင်းပုံရေးဆွဲပေးဖို့ တောင်းဆိုလို့ ကာတွန်းဦးဘဂျမ်းက ခွပ်ဒေါင်းပုံ ရေးဆွဲပေးခဲ့တာ လို့ ဆိုပါတယ်။ လွတ်လပ်ရေးကို ‘က’ ပြီးတော့ မယူဘူး၊ ‘ခွပ်’ပြီးတော့ ယူမယ် ဆိုတဲ့ ခွပ်ဒေါင်း စိတ်ဓာတ် အစဉ်အလာက အဲဒီ အချိန်ကတည်းက စခဲ့တာပါပဲ။

မြန်မာပြည်သူလူထုရဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု နိုင်ငံရေးဒီရေဟာ တဖြည်းဖြည်း မြင့်တက်လာနေပါပြီ။

၁၉၃၇ မှာတော့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ လှုပ်ရှားမှုတခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ‘နဂါးနီ’ စာအုပ်အသင်း ပေါ်ထွက်လာခြင်းပါပဲ။ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုးတို့ ဦးဆောင်ပြီး နဂါးနီကို ထူထောင်လိုက်ကြပါတယ်။ နဂါးနီစာအုပ်အသင်းဟာ မြန်မာ့လွတ်လပ်ရေးအတွက် တော်လှန်တဲ့ အတွေးအခေါ်တွေ ဖြန့်ချိပေးနိုင်တဲ့ လှုပ်ရှားမှု ဖြစ်လာပါတယ်။

‘ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်’ ဆိုတဲ့ ‘နဂါးနီ’ သီချင်းဟာလည်း ၁၉၃၅ခုနှစ်က ပေါ်ထွက်ခဲ့တဲ့ ‘တို့ဗမာ’သီချင်းလိုပဲ မြန်မာပြည်သူ လူထုရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့ပါတော့တယ်။

၁၉၃၈ ရောက်တော့ ဧပြီလ (၂၅) ရက်နေ့ ပုသိမ်မြို့မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) All Burma Students Union (ABSU) ရဲ့ တတိယ အစည်းအဝေး ကျင်းပပါတယ်။ ဒီအစည်းအဝေးမှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို ဗြိတိသျှ အစိုးရက သြဂုတ်လ ဥပဒေအထိ ဘာမှ ဖြစ်မလာသေးဘူးဆိုရင် ကျောင်းသားတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။

အဲဒီညီလာခံမှာ သဘာပတိဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက – ၁၉၃၆ သပိတ်ဟာ ပထမပိုင်းမှာ အောင်မြင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မိမိတို့ အင်အား ပြန်လည် ဖြည့်တင်းဖို့ အောင်မြင်စွာ သပိတ်လှန်ခဲ့ရကြောင်း၊ ဒီတခါ သပိတ်မှောက်ရင်တော့ အောင်ဆန်းသော်လည်း ပြုတ်ရမယ်၊ တိုက်ပွဲသော်လည်း အောင်ရမယ် လို့ ပြောဆိုသွားပါတယ်။

ဒီအစည်းအဝေးပြီးလို့ မကြာပါဘူး၊ ကိုအောင်ဆန်းက ကျောင်းသားခေါင်းဆောင် ဘဝက ထွက်ပြီး တို့ဗမာအစည်းအရုံးကြီးကို ခြေစုံပစ် ဝင်သွားခဲ့ပါတော့တယ်။ ကိုအောင်ဆန်းရဲ့ နေရာကို ကိုဗဟိန်းက ဆက်ခံပါတယ်။

မြန်မာသက္ကရာဇ် ၁၃ဝဝပြည့်၊ ၁၉၃၈ နိုဝင်ဘာမှာတော့ ချောက်ရေနံမြေက ဘီအိုစီ အလုပ်သမားတွေရဲ့ သပိတ်ကြီးပေါ် ထွက်လာခဲ့ပါတယ်။ ရေနံမြေ သပိတ်တပ်သားတွေဟာ ရန်ကုန်မြို့ကို ချီတက်ဖို့ ထွက်ခွာလာကြပါတယ်။

အလုပ်သမားသပိတ်တပ်ကြီးကို ထောက်ခံဖို့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဗဟိန်းနဲ့ ကိုဗဆွေတို့ မကွေးမြို့ အထိ တက်ပြီး သွားရောက် ကြိုဆိုကြပါတယ်။ အဲဒီမှာ နယ်ချဲ့ အစိုးရက ကိုဗဟိန်းနဲ့ ကိုဗဆွေတို့ကို ဖမ်းပြီး မကွေးထောင်ထဲ ထည့်လိုက်ပါတော့တယ်။

သပိတ်တပ်ကြီးရဲ့ အရှိန်အဟုန်က ရပ်တန့် မသွားပါဘူး။ မကွေးထောင် အချုပ်ခန်း ခေါင်မိုးကို ဖောက်ပြီး ကိုဗဟိန်းက သပိတ်တပ်ကြီးကို ‘ရဲဘော်တို့ ရှေ့ကို ဆက်ပြီး ချီတက်ကြပါ၊ နယ်ချဲ့ မြင်းစီးပုလိပ်တွေရဲ့ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်’ လို့ ရဲရဲတောက် မိန့်ခွန်း ပြောလိုက်ပါတယ်။

စစ်တောင်းမြစ်ဝှမ်းက တောင်သူလယ်သမား တပ်ကြီးလည်း ရန်ကုန်မြို့ကို ချီတက်လာနေပါပြီ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေ လက်တွဲသွားကြပါပြီ။ ကိုဗဟိန်း အဖမ်းခံနေရတော့ အာဏာရှင်ကိုလှရွှေ လို့ ခေါ်တဲ့ ကိုလှရွှေက တကသခေါင်းဆောင် ဖြစ်လာပါတယ်။ ၁၃ဝဝပြည့် လူထုလှုပ်ရှားမှု တိုက်ပွဲက အရှိန်အဟုန် မြင့်တက်လို့ လာပါပြီ။

၁၉၃၈ ဒီဇင်ဘာ (၂ဝ)ရက်နေ့မှာတော့ ကျောင်းသားတွေက အတွင်းဝန်ရုံး ရှေ့မှာ ဆန္ဒပြကြပါတယ်။ အဲဒီတုန်းက ဆရာဒဂုန်တာရာနဲ့ NLD က အန်ကယ် ဦးကြည်မောင်တို့ဟာ တပ်ဦးက အလံကိုင် တပ်ဖွဲ့ဝင်တွေပေါ့။

ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ တပ်ဦးနောက်မှာ ဆရာဖြစ်သင်ကောလိပ်က ကျောင်းသားတွေ လိုက်ပါ ချီတက်ကြပါတယ်။ ဆရာဖြစ်သင်ကျောင်းသားတွေကို ခေါင်းဆောင်နေတဲ့ သူကတော့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောပါပဲ။

ဆရာဒဂုန်တာရာရေးတဲ့ ‘ဒဂုန်တာရာ၏ ဒဂုန်တာရာ’ စာအုပ်၊ ဦးသိန်းဖေမြင့်ရဲ့ ‘အရှေ့က နေဝန်းထွက်သည့်ပမာ’ စာအုပ်၊ မကြာသေးခင်က ထွက်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ‘ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ’ စာအုပ်တွေကို ကျနော် ပြန်အမှတ်ရလာပါတယ်။

အေးအေးချမ်းချမ်း ဘာလက်နက်မှ မပါဘဲ အကြမ်းမဖက် ဆန္ဒပြပြီးကြလို့ ကျောင်းသားတွေ အတွင်းဝန်ရုံးရှေ့က ပြန်ထွက်လာတဲ့ အချိန်မှာ နယ်ချဲ့ လက်ပါးစေ မြင်းစီးပုလိပ်တွေက နံပါတ်တုတ်တွေနဲ့ တပ်ဦးက ကျောင်းသားတွေကို အတင်းဝင်ရိုက် ဖြိုခွဲပါတော့တယ်။

ဂျပ်ဆင်ကောလိပ်က ကိုအောင်ကျော်ခမျာ နံပါတ်တုတ်နဲ့ ဆင့်ကာဆင့်ကာ အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ဆေးရုံကို ပို့ကြရပါတယ်။ ဒဏ်ရာ ပြင်းထန်လွန်းတဲ့အတွက် ဒီဇင်ဘာ(၂၂)ရက်နေ့မှာတော့ ကိုအောင်ကျော် ကျဆုံးခဲ့ရရှာပါတယ်။ အဲဒီနေ့ ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးတဲ့ နေ့ကို မြန်မာနိုင်ငံ ကျောင်းသားနေ့လို့ သတ်မှတ်ခဲ့တာဖြစ်တယ်။

၁၃ဝဝပြည့် အရေးတော်ပုံကြီးက တပြည်လုံးကို ကူးစက်ပျံ့နှံ့ လို့ သွားပါပြီ။ ဂျာနယ်ကျော်ဦးချစ်မောင် ဦးစီးတဲ့ မြန်မာ့အလင်း သတင်းစာက ‘လွတ်လပ်ရေးတိုက်ပွဲတွင် မျိုးချစ်အာဇာနည် ဗမာပီသည့် ကိုအောင်ကျော်ကား မြတ်သော သေခြင်းဖြင့် သေခဲ့လေပြီ’ လို့ ဂုဏ်ပြု ကမ္ဗည်းတင်ပါတယ်။

ဗိုလ်အောင်ကျော် ဈာပနမှာ ကျောင်းသားအာဏာရှင် ကိုလှရွှေက ‘ဟယ် – နယ်ချဲ့အစိုးရ’ လို့ လက်ညှိုးငေါက်ငေါက်ထိုးပြီး စွပ်စွဲ တိုက်ခိုက် မိန့်ခွန်းပြောပါတယ်။ ကိုအောင်ကျော် မိခင်ကြီး ဒေါ်ရွှေကျော့ကတော့ ‘အောင်ကျော်ရေ - မင်းသေလို့ အမေ ဝမ်းနည်းတာထက် မင်းလို သားမျိုး နောက်ထပ် မမွေးနိုင်မှာကို အမေ ပိုဝမ်းနည်းတယ် သားရေ’ လို့ ယူကျုံးမရပြောခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေတဲ့ ကိုဗဟိန်း၊ ကိုဗဆွေ၊ သခင်စိုး စသူတို့ကလည်း ‘အာဇာနည် ရဲဘော်အောင်ကျော်၊ သင်ယခုကဲ့သို့ အသက်စွန့်ရခြင်းဖြင့် ကိုယ့်မင်း ကိုယ်ချင်း လောက နိဗ္ဗာန်ကြီး တည်ထောင်ရေးစခန်းသည် မုချဧကန် တိုးတက်စေအံ့’ ဆိုပြီး ဝမ်းနည်းသဝဏ်လွှာ ထောင်ထဲကနေ ရေးပို့ခဲ့ကြပါတယ်။

ဒီ ၁၉၃၈ တတိယ တက္ကသိုလ်သပိတ်၊ ၁၃ဝဝပြည့် အရေးတော်ပုံကြီးရဲ့ အဓိက အောင်မြင်မှုကတော့ ဗြိတိသျှ နယ်ချဲ့တို့ ကြိုးကိုင်းထားတဲ့ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားတာပါပဲ။

ဒီအရေးတော်ပုံကြီးမှာ ကျောင်းသားတွေရဲ့ သွေး စပြီး မြေကျခဲ့ရတယ်။ ဒီသွေးတွေ အခုအထိ မခြောက်သေး၊ မခမ်းသေးပါဘူး။ ။

[ မူရင်း - လွတ်လပ်တဲ့အာရှအသံ၊ မြန်မာဌာန၊ www.rfa.org/burmese ]

Comments