Students Movement in Burma (03)

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၃)
‘၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်’
အောင်ဝေး
ဖေဖော်ဝါရီ ၁၊ ၂၀၀၉

‘သြော် – ဝေးခရီးပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့၊ ဆရာလည်းကွာ မြန်မာ့ပလ္လင်မှာ၊ သမ္မတရှင်ဘုရင် မလူးခင်ပ၊ ထဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့၊ ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းအပေါ်ဖျားမှလ၊ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့’

မြန်မာပြည်မှာ ၁၉၂ဝ ပထမ တက္ကသိုလ် ကျောင်းသားသပိတ်ကြီး ဖြစ်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အားပေး ထောက်ခံလိုက်တဲ့ ကဗျာပါ။

‘အမျိုးသားနေ့အစ၊ ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက’ လို့ ဆိုရိုးရှိတဲ့အတိုင်း နဝမ အကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်ကြီးက အဲဒီသပိတ်ကြီး စခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁ဝ)ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

အမျိုးသားနေ့၊ တနည်း ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နိုင်ငံရေး နိုးကြားမှု အုတ်မြစ် ချပေးနိုင်ခဲ့တဲ့ မဟာအောင်ပွဲ ဖြစ်ပါတယ်။

တက္ကသိုလ် သပိတ် မတိုင်မီ မြန်မာပြည် အနေအထားကို ကြည့်ရင်တော့ ၁၉ဝ၆မှာ Young Man Buddhist Association (YMBA) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးရဲ့ ဝံသာနု အရေးတော်ပုံ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အပေါင်းဘဝင် ချမ်းစေဖို့၊ အကောင်းတမင် မှန်းမှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံ ထူတဲ့အချိန်။ ‘အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ကြ’ ဆိုတဲ့ ကြွေးကြော်သံတွေ ကျယ်လောင်လာတဲ့ အချိန်။

ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ၁၉၂ဝ တက္ကသိုလ် သပိတ်ကြီးက ကိုလိုနီ ကျွန်ပညာရေး စနစ်ကို တိုက်ရိုက် ဆန့်ကျင် ရိုက်ချိုးခဲ့တာပါပဲ။ ဒီသပိတ်ကြီးရဲ့ အဓိက ရည်ရွယ်ချက်တွေက (၁) အမျိုးသား လွတ်မြောက်ရေးစိတ်နဲ့ ကိုလိုနီ ဖိနှိပ်မှုကို ဆန့်ကျင်ရေး၊ (၂) အမျိုးသား သခင်ပညာရေး စနစ် တည်ထောင်ရေးတို့ ဖြစ်တယ်။

ကိုလိုနီ ခေတ်ဦးမှာ ဗြိတိသျှအစိုးရဟာ ကိုလိုနီယန္တရားကို အထောက်အကူပြုဖို့ ဂျပ်ဆင်ကောလိပ်နဲ့ ရန်ကုန်ကောလိပ် တို့ကို ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ သီးခြားကောလိပ်တွေတော့ မဟုတ်ဘူး။ အိန္ဒိယနိုင်ငံ၊ ကလကတ္တား တက္ကသိုလ် အုပ်ချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ ၁၉၂ဝပြည့်နှစ် ဒီဇင်ဘာရောက်မှ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံရဲ့ သီးခြား တက္ကသိုလ်အဖြစ် ခွင့်ပြုခဲ့တာပါ။

၁၉၂ဝ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိက မြန်မာပြည်ဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်ပါပဲ။ ကျောင်းအုပ်ကြီးက မစ္စတာ အာရ်အယ်လ်ဟောင်းဝပ် လို့ ဆိုပါတယ်။ အဲဒီ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို မကျေနပ်လို့ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ ကျောင်းသားကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့ကြတာ ဖြစ်တယ်။

ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းချက်တွေထဲက တချို့ အချက်အလက်တွေကို ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။ ဒါပေမဲ့ တက္ကသိုလ် အဓိပတိက လျစ်လျူရှုခဲ့ပါတယ်။

အဲဒီမှာပဲ တက္ကသိုလ်ကျောင်းသားကြီးတွေက (၂၁)ဦး ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားထု ကိုယ်စားပြု သပိတ်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး သမိုင်းတွင်မယ့် ပထမ တက္ကသိုလ်သပိတ်ကြီးကို စတင်လိုက်ကြပါတော့တယ်။

ဒီတက္ကသိုလ် ပထမသပိတ်ကြီးဟာ မြန်မာတို့ နယ်ချဲ့ လက်အောက် ကျွန်ဘဝ ရောက်ခဲ့ရတဲ့ ကာလတလျှောက် ပြည်သူတရပ်လုံး ပထမဆုံးအနေနဲ့ နယ်ချဲ့ အစိုးရကို ဥပဒေဘောင်အတွင်းက ရင်ဆိုင်အန်တု စိန်ခေါ်ခဲ့တဲ့ နိုင်ငံရေး နိုကြား အုံကြွမှုကြီးပါပဲ။ သပိတ်ကြီးဟာ တပြည်လုံးကို နေ့ချင်းညချင်း ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။

တက္ကသိုလ် ပထမ သပိတ်ကြီးနဲ့ ဆက်စပ်ပြီး ဆရာဇော်ဂျီ ပြောပြခဲ့ဖူးတာကို ကျနော် ပြန်အမှတ်ရမိပါတယ်။ ဆရာဇော်ဂျီက ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားကြီးတွေ သပိတ်မှောက်ကြတဲ့ အချိန်က သူ (ဆရာဇော်ဂျီ)လည်းပဲ ခုနစ်တန်းကျောင်းသား အဖြစ်နဲ့ ဖျာပုံမြို့ကနေ ထောက်ခံ သပိတ်မှောက်ခဲ့တဲ့အကြောင်း ဂုဏ်ယူ ပြောပြခဲ့တာပါ။

နောင်မှာ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အခါမှာ ဆရာဇော်ဂျီဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်တို့လို အမျိုးသားကျောင်းမှာ ဆရာဖြစ်လာခဲ့ပါတယ်။ ဒီ အမျိုးသားကျောင်းတွေကပဲ ဗိုလ်ချုပ်အောင်ဆန်းတို့လို လွတ်လပ်ရေးကို အရယူပေးမယ့် ကျောင်းသား မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ မဟုတ်လား။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးမတိုင်ခင်က ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဝံသာနု လှုပ်ရှားမှုတွေပဲ ရှိခဲ့ရာက သပိတ်ကြီး ပြီးတော့ နိုင်ငံရေး ဒီရေ တဆင့် တက်လာပြီး ၁၉၂၁ မှာ General Council of Burmese Association (GCBA) လို့ ခေါ်တဲ့ မြန်မာ အသင်းချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပါတော့တယ်။

၁၉၂ဝ သပိတ်ကြီးရဲ့ အရှိန်ဟာ ဘယ်လောက်အထိ ကျယ်ပြန့် ရိုက်ခတ်ခဲ့သလဲ ဆိုရင် ၁၉၂၉မှာ တကမ္ဘာလုံး စီးပွားပျက်ကပ်ကြီး ဆိုက်တဲ့ အချိန် မြန်မာပြည် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာစေတဲ့အထိပါပဲ။

၁၉၃ဝပြည့်နှစ် ဒီဇင်ဘာလမှာ ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ဆိုတဲ့ ဂဠုန်ဆရာစံ ဦးဆောင်တဲ့ နယ်ချဲ့ ဆန်ကျင်ရေး လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ခဲ့ပါတယ်။ ဆရာစံဟာ ဂျီစီဘီအေ အဖွဲ့ဝင်တဦးပါ။ မြန်မာတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာ ဥပဒေတွင်း တိုက်ပွဲကနေ လက်နက်ကိုင်တိုက်ပွဲ အသွင်ကို ကူးပြောင်းခဲ့တာပါပဲ။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးနဲ့ ပတ်သက်လို့ လေးစားလောက်တဲ့ သမိုင်းဝင် မှတ်ချက်တခုကတော့၊ အင်္ဂလိပ် စာရေးဆရာကြီး မောရစ်ကောလစ်က သူ့ရဲ့ ‘Last and First in Burma’ ဆိုတဲ့ စာအုပ်မှာ ‘မြန်မာနိုင်ငံ သမိုင်းတွင် ၁၉၂ဝ ပြည့်နှစ် နိုင်ငံရေး လှုပ်ရှားမှုသာ မပေါ်ပေါက်ခဲ့လျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ထိုမျှ စောလိမ့်မည် မဟုတ်’ လို့ ရေးသားခဲ့တဲ့ အချက်ပါပဲ။

၁၉၂ဝ တက္ကသိုလ်ကျောင်းသားတွေ ပထမဆုံး သပိတ်မှောက်ခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် စနေထောင့်မှာ တည်ထားတဲ့ စေတီနဲ့ ကမ္ဗည်း ကျောက်စာတိုင်ကိုတော့ နအဖ စစ်အုပ်စုက မတရားပိတ်ပင် အမှောင်ချထားလို့ နောက်မျိုးဆက် ကျောင်းသားတွေ ဖူးမျှော်ခွင့်၊ အလေးပြုခွင့် မရတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုဆိုရင် ဒီသပိတ်ကြီးရော၊ အမျိုးသားနေ့ရော၊ ရန်ကုန် တက္ကသိုလ်ကြီးရော (၈၈) နှစ်ပြည့်ရောက်လို့ (၈၈)ကြိမ် မြောက်ခဲ့ပါပြီ။ ဒီနေ့အချိန်မှာလည်း ကျောင်းသားတွေဟာ ပြည်သူလူထုကြီး ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး စစ်အာဏာရှင်စနစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင် အန်တုနေဆဲပဲ မဟုတ်ပါလား။ ။

[ မူရင်း - လွတ်လပ်တဲ့အာရှအသံ၊ မြန်မာဌာန၊ www.rfa.org/burmese ]

Comments