Students Movement in Burma (01)

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း
ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အပိုင်း - ၁)
အောင်ဝေး
ဇန်န၀ါရီ ၁၈၊ ၂၀၀၉
နိဒါန်း

ကျနော် တတိယနိုင်ငံကို ထွက်ခွာဖို့ မဲဆောက်ကနေ ဘန်ကောက်ကို သွားနေတဲ့ ဘတ်စကားကြီးပေါ်မှာ ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့။

ကျနော်နဲ့အတူ ကားတစီးတည်းမှာ ဦးဇင်း ဦးပညာဝံသ၊ ကိုလှိုင်မိုးသန်း၊ ကိုလောအယ်စိုးနဲ့ မတင်မိုးလွင်တို့လည်း လိုက်ပါလာပါတယ်။

ကျနော်တို့ ခရီးစဉ်က မတ်လ (၁၉)ရက်ကို ကူးတာနဲ့ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်သစ်ကြီးကနေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို တိုက်ရိုက် ပျံသန်းမယ့် ခရီးစဉ်ပါ။

ညနေ (၆)နာရီခွဲပြီဆိုတော့ ကျနော် သတင်းနားထောင်ဖို့ ရေဒီယိုကလေးကို ဖွင့်လိုက်ပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ တရှိန်ထိုး ပြေးနေတဲ့ကားက ရုတ်တရက် ချောက်ထဲ ထိုးကျသွားသလို ခံစားလိုက်ရပြီး ကျနော့် လက်ထဲက ရေဒီယိုကလေးကို ကြောင်ငေး ကြည့်နေမိပါတော့တယ်။

သတိပြန်ရလာတော့မှ ချက်ချင်းပဲ ကားပေါ်အတူပါလာတဲ့သူတွေကို ‘ဗကသ’ ကျောင်းသားခေါင်းဆောင် ကျော်ကိုကို ကို နအဖစစ်အုပ်စုက ဖမ်းမိသွားပြီ ဆိုတဲ့သတင်း ကျနော် ပြောပြလိုက်ပါတယ်။ အားလုံး တုန်လှုပ်ကြေကွဲသွားကြပါပြီ။

အဲဒီမှာ မတင်မိုးလွင်ရယ်လေ အဆက်မပြတ် ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။ ကျနော်တို့ ဘယ်လို နှစ်သိမ့် နှစ်သိမ့် မရတော့ပါဘူး။

‘ကျမတို့က ယာယီလွတ်မြောက်တဲ့နေရာကို သွားနေတဲ့အချိန်မှာ ပြည်တွင်းမှာ ကျန်ရစ်တဲ့ ကျမတို့ ရဲဘော်တွေက တယောက်ပြီးတယောက် အဖမ်းခံလိုက်ရပြီ၊ ကျမတို့ တတိယ နိုင်ငံကို ထွက်လာတာ ကျော်ကိုကိုတို့အတွက် တရားမှ တရားရဲ့လား၊ ကျမ စဉ်းစားရင်း စိတ်ထိခိုက်လွန်းလို့ပါ’ တဲ့။

မတင်မိုးလွင်ကတော့ ပုန်းအောင်းနေရဆဲဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်တို့၊ မနီလာသိန်းတို့ရဲ့ လုံခြုံရေးအတွက်ကိုလည်း အထူး စိုးရိမ်ပူပန်မိတယ်လို့ ပြောရင်း ငိုရင်းပါပဲ။

ပြီးခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်တို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာနှစ်ခုကို ရခဲ့ကြတယ်။ တခုက ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အစဉ်အလာကို ပြန်အသက်သွင်း ဆက်ခံနိုင်ခဲ့ခြင်းနဲ့ နောက်တခုကတော့ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားတွေရဲ့ ‘ဗကသ’ ကို ပြန်လည် မွေးဖွားနိုင်ခဲ့ခြင်းတို့ပါပဲ။

၂ဝဝ၇ စက်တင်ဘာ (၅) ရက် ပခုက္ကူသံဃာအရေးအခင်းမတိုင်ခင် သြဂုတ်လ(၂၁)ရက်နေ့ညမှာကတည်းက နအဖ စစ်အုပ်စုက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

သြဂုတ်လ (၂၂)ရက်နေ့ကနေ ၂၅-၂၆ နေ့တွေလောက်အထိ ရန်ကုန်မြို့ နေရာအနှံ့မှာ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေးနဲ့ မနော်အုန်းလှတို့ ဦးဆောင်တဲ့ နအဖ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ထွက်ခဲ့တယ်။

အဲဒီဆန္ဒပြပွဲတွေမှာ အန်အယ်လ်ဒီ လူငယ်တွေနဲ့ လက်ရှိ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အင်နဲ့အားနဲ့ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို နအဖ စစ်အုပ်စုက စစ်တပ်၊ လုံထိန်း၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ လက်ကိုင်တုတ်တွေ သုံးပြီး အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေ အများအပြား ဖမ်းဆီးခံကြရပါတယ်။

သြဂုတ်လ (၂၈)ရက် နေ့မှာတော့ ကျနော်တို့ဟာ ကြက်သီးဖြန်းဖြန်း ထလောက်အောင် ကျေနပ် အားရစရာကောင်းလှတဲ့ သတင်းတခုကို ကြားလိုက်ရပါတော့တယ်။

အဲဒီသတင်းကတော့ လက်ရှိ ၂ဝဝ၇ မျိုးဆက်သစ် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားလူငယ်တွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) All Burma Federation of Student Unions (ABFSU) ကိုအောင်မြင်စွာ ပြန်လည်ဖွဲ့စည်းလိုက်ပြီ ဆိုတဲ့ သတင်းပါပဲ။

ကျော်ကိုကို တို့ရဲ့ ၂ဝဝ၇ သြဂုတ်လ (၂၈)ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ‘ဗကသ’ဟာ ၁၉၈၈ခုနှစ်က သြဂုတ်လ (၂၈)ရက် ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင် ရင်ပြင်နီမှာ ဖွဲ့စည်းခဲ့တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ရဲ့ ‘ဗကသ’ကို ဆက်ခံလိုက်တဲ့ သမိုင်းအမွေ တိုက်ပွဲဝင် ခွပ်ဒေါင်းတွန်သံပါပဲ။

‘ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော – ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော’ ကိုလိုနီခေတ်တုန်းက အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးမှာ လွတ်လပ်ရေးကို ‘က’ပြီးတော့ မယူဘူး၊ ‘ခွပ်’ပြီးမှ ယူမယ် ဆိုတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓာတ်၊ ခွပ်ဒေါင်းသွေးဟာ လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန်အစိုးရ လက်ထက်မှရော၊ နောက်တက်လာတဲ့ စစ်အာဏာရှင် အစိုးရ အဆက်ဆက် လက်အောက်မှာပါ ခိုင်မြဲနေဆဲ နီရဲနေဆဲပါပဲ။

ကျနော့်မျက်လုံးထဲမှာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရွှေတိဂုံဘုရားမှာ၊ ဆူးလေမှာ တလူလူ လွှင့်ထူခဲ့တဲ့ ခွပ်ဒေါင်းအလံ နှစ်လက်ကို ပြန်မြင်ယောင်နေမိပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ စက်တင်ဘာ (၁၈) ရက်နေ့ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြတာကနေစပြီး ကျောင်းသားပြည်သူတွေဟာ ဒီမိုကရေစီတိုက်ပွဲထဲ ပါဝင်လာခဲ့ကြတာပါ။ စက်တင်ဘာလ (၂၄)ရက်နေ့မှာ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်တဲ့ အထွေထွေသပိတ်ကြီး စတင်လိုက်ပါတယ်။ ဒီသပိတ်ကြီးအစမှာ သာသနအလံကလွဲလို့၊ မေတ္တာပို့ဆုတောင်းသံကလွဲလို့၊ ဘာအလံ ဘာဆိုင်းဘုတ်မှ မတင်ဖို့၊ ဘာကြွေးကြော်သံမှ မကြွေးကြော်ဖို့ သံဃလှုပ်ရှားမှု ဦးစီးကော်မတီနဲ့ ကျနော်တို့ ကနဦး သဘောတူညီထားခဲ့ပါတယ်။

ဒါပေမဲ့ အထွေထွေသပိတ်ကြီးရဲ့ ပထမနေ့ စက်တင်ဘာ (၂၄)မှာပဲ ရွှေတိဂုံအရှေ့မုခ်၊ ကြေးသွန်းဘုရား သပိတ်စခန်းကနေ ရန်ကုန်မြို့တွင်း လှည့်လည်ဖို့ တန်းစီကြတဲ့အချိန်မှာပဲ ကျောင်းသားလူငယ် အင်အားထုတခုက ခွင့်ပန်လာတဲ့ ‘အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားမှု’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကျနော် သံဃဦးစီးကော်မတီကို တင်ပြခဲ့ရာမှာ သံဃာတော်တွေက ခွင့်ပြုလို့ ကျောင်းသားလူငယ်တွေဟာ အားမာန်အပြည့်နဲ့ ကိုင်ဆောင် လှည့်လည်နိုင်ခဲ့ကြပါတယ်။

အထွေထွေသပိတ်ကြီးရဲ့ ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့ နံနက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသား အင်အားစုက သမိုင်းဝင် ခွပ်ဒေါင်းအလံကို လွှင့်ထူခွင့် တောင်းခံလာပါတော့တယ်။ ကျနော် သံဃကော်မတီကို လျှောက်ထားလိုက်ပြန်တဲ့အခါမှာတော့ ‘ဒါ သိပ်အရေးကြီးတဲ့၊ သိပ်လိုအပ်တဲ့ ကိစ္စပဲ ဒကာကြီး’ လို့ သံဃာတော်တွေက ပြတ်ပြတ်သားသား မိန့်သွားပါတော့တယ်။

အဲဒီနေ့က ရွှေတိဂုံဘုရားကို လက်ယာရစ် လှည့်လည်ပူဇော်ဖို့ ဘုရားရင်ပြင်ပေါ် အတက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသားတွေ လျှို့ဝှက်ယူဆောင်လာတဲ့ ခွပ်ဒေါင်းအလံနှစ်လက်ဟာ ရွှေတိဂုံအရှေ့မုခ် ပထမဆုံး လှေကားထစ်ကို နင်းလိုက်မိတာနဲ့ တပြိုင်နက်တည်း ကောင်းကင်ယံကို ဘွားခနဲ ထိုးတက်သွားပါတော့တယ်။

အဲဒီတုန်းက ခွပ်ဒေါင်းအလံနှစ်လက်ဟာ ရန်ကုန်မြို့ကြီးကို တပ်လှန့် လှုပ်နှိုးလိုက်သလိုပါပဲ။ ဆူးလေဘုရားရှေ့မှာ ခွပ်ဒေါင်းအလံတော်အောက်မှာ ဗကသ ဥက္ကဌကျော်ကိုကို မိန့်ခွန်းပြောနေတဲ့ မြင်ကွင်းကို ကျနော် မြင်ယောင် ရင်ခုန်နေတုန်းပါပဲ။ ။

[ မူရင်း - လွတ်လပ်တဲ့အာရှအသံ၊ မြန်မာဌာန၊ www.rfa.org/burmese ]

Comments