Aung Way - 23 ( final part )

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၃) (နိဂုံးပိုင်း)
အောင်ဝေး
ဇန်န၀ါရီ ၃၊ ၂၀၀၉
(photo: REUTERS - Apichart Weerawong, Dec 5 1996)

အာဇာနည်မျိုး၊ သေရိုးမရှိ။

၁၉၈၉ခုနှစ်၊ ၄၂ နှစ်မြောက် အဇာနည်နေ့အရေးအခင်းမှာပဲ ကျနော်တို့ ပုသိမ်ထောင်ထဲ ပြန်ရောက်သွားကြပါတယ်။ ပုသိမ်မှာ ကျနော်တို့ကိုဖမ်းတဲ့ ဇူလိုင်လ ၂ဝ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို နဝတစစ်တပ်က အလုံးအရင်းနဲ့ ဝင်စီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ခြံထဲမှာနေကြတဲ့ သုံးရောင်ခြယ်ကျောင်းသားတွေကို ဖမ်းဆီးပြီး အင်းစိန်ထောင်ထဲ ပို့လိုက်ပါပြီ။ ဒီသတင်းကို ကျနော်တို့ ပုသိမ်ထောင်ထဲပြန်ရောက်ပြီး တပတ်လောက်နေတော့မှ သိခဲ့ရတာပါ။


ကျနော့်ကို ပုသိမ်မြို့ အသည်ကြီးရဲစခန်းမှူး ရဲအုပ်ဦးအောင်သာဦးက တရားလိုပြုလုပ်ပြီး ပုဒ်မ ၅(ည)နဲ့ တရားစွဲပါတယ်။ ကျနော့်ကို ဖမ်းတဲ့အချိန်မှာ လက်ဝယ်တွေ့ရှိတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လက်ရွေးစင်လေးချိုးတရာစာအုပ်ကို တရားရုံးမှာ “တရားမဝင် စာရွက်စာတမ်း” ဆိုပြီး ရှာဖွေပုံစံထဲ ထည့်ရေးတာ ခံရပါတယ်။


ဒီအမှုနဲ့ ကျနော့်ကို ပုသိမ်အနောက်မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်ပါတယ်။ စိတ်မကောင်းဖြစ်ရတာက ကျနော့်ကိုထောင် ၁ နှစ်ပဲ ချလိုက်တဲ့ တရားသူကြီးကို တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က အလုပ်ကနေ ရပ်စဲပစ်လိုက်တဲ့ ကိစ္စပါပဲ။

အချိန် သိပ်မကြာလိုက်ပါဘူး။ အသည်ကြီးရဲစခန်းမှူး ဦးအောင်သာဦးလည်း ရာဇာဝတ်မှုတခုနဲ့ ငြိပြီး ပုသိမ်ထောင်ထဲကို အကျဉ်းသားအဖြစ်နဲ့ ရောက်လာပါတော့တယ်။ ထောင်ထဲမှာ သူနဲ့ ကျနော် အမှတ်မထင်ဆုံရတဲ့အခါ သူက ကျနော့်အမှုမှာ အထက်က (ဗိုလ်ချုပ်မြင့်အောင်က) မတရား ဖိအားပေးခဲ့ပုံတွေ ပြန်ပြောပြပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးက ခွင့်ပြုချက်နဲ့ တရားဝင်ထုတ်ဝေထားတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း လက်ရွေးစင်လေးချိုးတရာစာအုပ် နဝတ ခေတ်ကျမှ တရားမဝင် စာရွက်စာတမ်း ဖြစ်ရတာဟာ အဲဒီဖိအားကြောင့်ပါပဲ။


နောင် နှစ်ပေါင်းများစွာကြာလို့ ချင်းတွင်းမြစ်ဝှမ်း ယင်းမာပင်၊ ပုလဲ၊ မင်းတိုင်ပင် စာပေဟောပြောပွဲမှာ ကျနော့်ကို ထောင်ဒဏ် ၁ နှစ်ပဲ အပြစ်ပေးခဲ့တဲ့ တရားသူကြီးနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့ခဲ့ရပါတယ်။ သူကလည်း ကျနော့်အမှုမှာ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် အတင်း အဓမ္မ ဖိအားပေးခဲ့ပုံတွေ၊ သူ့ကို အလုပ်ထုတ်ပစ်ခဲ့ပုံတွေ ပြန်ပြောခဲ့ပါသေးတယ်။


ကျနော် ပုဒ်မ ၅(ည)နဲ့ ထောင် ၁ နှစ် ကျသွားတဲ့အချိန်မှာ ပုဒ် ၁၄၄ အာဏာဖီဆန်မှုက ကျန်နေပါသေးတယ်။ ဒီတော့ အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း နောက်အမှု ရုံးထွက်တဲ့ အကျဉ်းသားတွေ သံခြေကျင်း ခတ်ပြီးမှ တရားရုံးထွက်ရသလို ကျနော်လည်း သံခြေကျင်း တန်းလန်းနဲ့ တရားရုံးထွက်ခဲ့ရပါတယ်။

ရုံးထွက်ရက်တရက် ပုသိမ်မြို့ တိုင်းတရားရုံးကို လာတွေတဲ့ အဘဦးတင်ထွတ်ဟာ ကျနော့်ကို သံခြေကျင်း ခတ်လျက်ကြီးနဲ့လည်း မြင်ရော စိတ်မကောင်းဖြစ်ပြီး ငိုပါတော့တယ်၊

အဲဒီအချိန်ဟာ NLD အဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပါတယ်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယ ဥက္ကဌဖြစ်တဲ့ ဦးတင်ဦးလည်း အထိန်းသိမ်းခံနေရပါတယ်။ ဆရာဦးဝင်းတင်တော့ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းမခံရခင် ဇူလိုင်လဆန်းပိုင်းကတည်းကတင် အဖမ်းခံခဲ့ရပါပြီ။


ဒီလိုနဲ့ ရုံးချိန်းရက် တရက်မှာတော့ တိုင်းတရားရုံးက ကျနော်တို့ အာဏာဖီဆန်မှုကို အမိန့်ချပါတယ်။ အမိန့်ချမယ့်နေ့ဖြစ်လို့ တိုင်းတရားရုံးမှာ ပုသိမ်မြို့ပေါ်က NLD အဖွဲ့ဝင်တွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေ အများအပြား ရောက်ရှိနေကြပါတယ်။


တရားသူကြီးက ‘အမိန့်’ ဆိုပြီး ဖတ်ပြပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ လို့ ကြွေးကြော်တာ မြန်မာ့ယဉ်ကျေးမှုအရ ခွင့်လွှတ်နိုင်သော်ငြားလည်း ဆိုပြီး တရားကြီးက ကျနော့်ကဗျာ နှစ်ပိုဒ်ကို ရွတ်ဆိုပြပါတယ်။

‘မဆလ တခေတ်မှာ
ရွတတဖြစ်သူတွေ
နေရစ်ခဲ့ကြတော့။
ငြိမ်ပိတခေတ်မှာ
ငြိမ်ကြည့်ဖြစ်နေတဲ့သူတွေ
နေရစ်ခဲ့ကြတော့။
ရွေးကောက်ပွဲဆိုတာလည်း
ခွေးခလောက်ဆွဲသလိုပါပဲ’

ရွေမုဌော ဘုရားခြေရင်းမှာ ဖြန့်ဝေခဲ့တဲ့ ကဗျာစာအုပ်ထဲက အဲဒီစာသားတွေကတော့ အများပြည်သူ ထိတ်လန့် တုန်လှုပ် ခြောက်ခြားစေရုံသာမက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကိုပါ ထိပါး နှောင့်ယှက်တဲ့အတွက် ဆိုပြီး ကျနော်တို့ကို အဲဒီပုဒ်မရဲ့ ဌာန်ကုန် ထောင် ၆ လ အမိန့် ချလိုက်ပါတယ်။


အမိန့်ချပြီးလို့ ကျနော်တို့ကို ပုသိမ်ထောင်ထဲ ပို့ဖို့ စစ်ထောက်လှမ်းရေးနဲ့ ရဲတွေက အချုပ်ကားပေါ် အတင်း တွန်းတင်နေတဲ့ အချိန်မှာ အမိန့်လာနားထောင်တဲ့ ပြည်သူလူထုကြီးက
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ … ”
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ … ”
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ … ” ဆိုပြီး ထပ်ခါ ထပ်ခါ ကြွေးကြော်နေကြပါတော့တယ်။

ရဲအချုပ်ကားလည်း တိုင်းတရားရုံးဝင်းထဲကနေ အတင်း မောင်းပြေးရပါတော့တယ်။ ပုသိမ်ထောင်ဗူးဝကို ရောက်တဲ့အချိန်မှာတော့ အကျဉ်းထောင်ဝန်ထမ်းတွေက သေနတ်တွေကိုင်ပြီး အသင့်စောင့်နေတာ တွေ့ကြရပါတယ်။

ထောင်ထဲမှာက ကြိုးတိုက်နဲ့ သီးခြားတိုက်တွေမှာ ဗကသ၊ တကသ၊ လူ့ဘောင်သစ်၊ ၄၈၂၈ ဗကပ ယူဂျီ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိပါတယ်။ သူတို့အားလုံးက ထောင် ၆ လ ကျလာတဲ့ NLD အဖွဲ့ဝင်တွေကို ဂုဏ်ပြုကြိုဆိုကြပါတယ်။

ညဘက်ရောက်တော့ ကျနော့် ကြိုးတိုက်အခန်းနဲ့ ကပ်နေတဲ့ ထောင်အုတ်ရိုးပေါ်က ဗူးတာဝန်ကျ ထောင်ဝန်ထမ်းတယောက်က ကျနော့်ကို “ဗျို့ ကဗျာဆရာ၊ ကဗျာရွတ်ပါဦးဗျို့” လို့ ခါတိုင်းညတွေလိုပဲ လှမ်းအော် တောင်းဆိုနေပါတော့တယ်။

အမိန့်ချတဲ့နေ့မို့ ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေတဲ့ ကျနော်လည်း ထောင်ထဲမှာ ရေးထားတဲ့ “ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း” ကဗျာရှည်ကြီးကို စိတ်ပါလက်ပါ ရွတ်ဆိုပြလိုက်ပါတော့တယ်။

“… အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ
သင်သည် စီးဆင်း၊ တို့ရင်တွင်းမှာ
မြင်းခွာဖြောင်းဖြောင်း၊ ဖုန်ထောင်းထောင်းနှင့်
စစ်မောင်းဟီးမည်၊ တပ်ကြီးချီလော့
နီနီရဲရဲ၊ သင့်အသည်းကို
မခွဲတုံလော … ခွဲတုံလော။

အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ
သင်သည် စီးဆင်း၊ တို့ရင်တွင်းမှာ
နှင်းဆီပွင့်တွေ၊ သည်းသည်းကြွေပြီ
ကြွေလည်းရဲရဲ၊ ဝေရဲရဲမို့
နီနီရဲရဲ၊ သင့်အသည်းကို
မခွဲတုံလော … ခွဲတုံလော။

အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ
‘အောင်ဆန်းစုကြည်’
ကြယ်နီဆင်သ
ပဉ္စမမြန်မာနိုင်ငံတော် တည်စေသော် …”

(ပြီးပါပြီ)
အောင်ဝေး
၁၁-၁၂-၂၀၀၈

[ မူရင်း -
Radio Free Asia, Burmese Service http://www.rfa.org/burmese ]

Comments