Wednesday, December 31, 2008

Maung Yit - Minority Report

လဲနေသူကို ထူ၊ အားနည်းသူကို အားပေးဖို့

မောင်ရစ်

ဒီဇင်ဘာ ၃၀၊ ၂၀၀၈

မိုးမခ ၀ိုင်းတော်သားတွေကိုတော့ စာမူတောင်းထားပါရဲ့။ ၂၀၀၈ ကနေ ၂၀၀၉ အကူး ဘာလေးတွေများ ရေးချင် ပြောချင်ပါလိမ့် ဆိုပြီးတော့။ ကိုယ်တိုင်လည်း ရေးရဦးမှာပါပဲ။


၂၀၀၈ နာဂစ်အလွန်မှာ ပြည်ပစေတနာ့ဝန်ထမ်းကူညီသူတွေထဲက တချို့ ထင်မြင်ချက်ပေးတာက - စစ်တပ်က မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို တစစီဖြစ်အောင် ရိုက်ချိုးပစ်လိုက်တာပဲ တဲ့။ နာဂစ် အပျက်အစီးပုံ၊ အလောင်းပုံအောက်က ကုန်းရုန်းထလာရတဲ့ ပြည်သူတွေမှာ သူတို့ အသက်ကလေး ပြန်မွေးရဖို့အရေး စစ်အာဏာပိုင်တွေအောက်မှာ အောက်ကျို့ဝပ်တွားနေလိုက်ရတာ … တဲ့။ ငါတို့မှာလည်း မင်းတို့ပြည်သူတွေကို ကယ်ရဖို့အရေး မင်းတို့စစ်အာဏာရှင် မျက်စောင်းအောက်မှာ မျက်မွှေးတောင် မော်မကြည့်ရဲဘဲ ၀င် ကယ်နေရပါ သတဲ့။


ပြီးတော့ နာဂစ်ဘေးသင့် ပြည်သူတွေနဲ့ အစိုးရ ယန္တရားကို ကယ်တင် ထူထောင်ဖို့ထက် သူတို့ အခြေခံဥပဒေကို အတည်ပြုဖို့အရေးနဲ့ အာဏာလက်မလွတ်ရေးက အဓိကဖြစ်နေတော့ နေ့ချင်းညချင်းပဲ နာဂစ်မုန်တိုင်းရဲ့ မြန်မာပြည်သူ အလောင်းပုံအပေါ်မှာ ၂၀၀၈ စစ်အစိုးရ အခြေခံဥပဒေ အလံကို စိုက်ထူလိုက်တော့ အမိုက်တကာ မိုက်ထိပ်ခေါင်တင်တွေ ဆိုတာ ပိုပြီး ထင်ရှားခဲ့တာပေါ့။


ဒါ့အပြင် အမျိုးသားရေးတက်ကြွသူတွေ၊ ရဲရင့်သူတွေကို ၂၀၀၈ အောက်တိုဘာက စတင်ပြီး ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်ပြီး အရေးယူ၊ တရားဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်သူ ရှေ့နေတွေကိုပါ ရန်ရှာ၊ ထောင်ချ။ ဒါ့အပြင် ပြင်ပက မိသားစုတွေ လက်လှမ်းမမီတဲ့ အဝေးက အစွန်အဖျားထောင်တွေကိုပါ ပို့ပစ်ခဲ့ပါတယ်။


နိုင်ငံတကာရဲ့ ဖိအားနဲ့ တောင်းဆိုမှုတွေကို သူတို့က ဖီဆန်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေ တိုးမြှင့်ခဲ့လို့ ကုလသမဂ္ဂရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေတောင် ရပ်ဆိုင်းကုန်ရပြီ ဖြစ်ပါတယ်။ သံဃာတော်တပါးကတော့ ကုလအတွင်းရေးမှူးချုပ်ကို မြန်မာပြည်ကို သွား တောင်းဆိုစေချင်ပါသတဲ့။ သွားလည်း မထူးပါဘူးလို့ ပြန်ပြောလိုက်တော့ အဲဒါကို ထင်ရှားစေချင်လို့ သူ့ကို သွားစေချင်တာတဲ့။ ဒါမှ လုံခြုံရေးကောင်စီကို မြန်မာစစ်အစိုးရကို အရေးယူပေးဖို့ ထပ်မံ တောင်းဆိုနိုင်မှာ တဲ့။


အဲဒါကို မြန်မာအရေး ကျွမ်းကျင်သူ မိတ်ဆွေတွေကို မေးကြည့်တော့ သူတို့က လုံခြုံရေး ကောင်စီတင်တော့လည်း ဟိုဖက်က စစ်အာဏာရှင်မိတ်ဆွေ ဗီတိုပါဝါရှင်တွေက ပယ်ချမှာပါပဲ တဲ့။ သို့သော် လုံခြုံရေးကောင်စီမှာ “မြန်မာအရေးလမ်းဆုံး” ကို အစကတည်းက မတင်လာနိုင်အောင် ထို ဗီတိုတွေက ကုလအတွင်းရေးမှူးချုပ်ကြီး မသွားအောင် ကြိုတင် ကာဆီးထားပုံ ရတယ် လို့ သူတို့က ပြောပါတယ်။


သွားလည်း မထူး၊ မသွားလည်း မထူးတဲ့အတူ ဘာတွေ လုပ်ကြရမှာလဲ လို့ ဘေးပတ်ဝန်းကျင်ကို မေး ကြည့်လိုက်တော့ တချို့က ဒီစစ်အစိုးရနဲ့ လက်တွဲကြဖို့အရေး ဗျို့ဟစ်လာကြတာကလည်း တမှောင့် ဖြစ်လာပါတယ်။


သူတို့က “အင်ဂိတ်” လုပ်ကြပါစို့ … တဲ့။


၂၀၀၈ တနှစ်တည်းရဲ့ မှတ်တမ်းတွေနဲ့တင် မြန်မာပြည် စစ်အစိုးရကို လက်ဖျားခါနေရချိန်မှာမှ သူတို့က (တချို့က) စစ်အစိုးရနဲ့ အင်ဂိတ် (Engage) လုပ်မယ်ဆိုလာတော့ အမှန်တရားနဲ့ တရားမျှတမှုတို့ခင်ဗျာ ဒီခေတ်ကြီးထဲ တော်တော် ခေတ်မစားတော့ပါကလားလို့ သတ္တုချရတော့ မလို ဖြစ်လာပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုတို့ဟာ မြန်မာပြည်က အဖိနှိပ်ခံ မျက်နှာမွဲများနဲ့ တတန်းစားတည်း ဖြစ်ပြီး သူတို့တွေ ကျောခိုင်းခြင်း ခံလိုက်ရပါလား လို့ တွေးမိပါတော့တယ်။


မဖြစ် ဖြစ်တဲ့နည်းနဲ့ မြန်မာပြည်ကို ဒီမိုကရေစီဇာတ်သွင်းကြရာဝယ် အာဏာရှင်ခြုံစောင်ထဲ တိုးဝင်ပြီးမှ “တိုးတိုးတိတ်တိတ်” ဒီမိုကရေစီဆေး တိုက်ကျွေးကြရေးကို ပြည်တွင်း ပြည်ပက တချို့တလေက လက်သီးလက်မောင်းတန်းပြီး ပြောလာတာကို တွေ့ရပါတယ်။


မီးတောင်မှ လာအောင် လုပ်မပေးနိုင်တဲ့ အာဏာရှင်ကို အမှောင်ထဲ ခြုံစောင်အောက် (အာဏာရှင်လက်ပါးစေတို့ရဲ့ အရေကို ခြုံပြီး) ဒီမိုကရေစီဆေး သွားတိုက်ကြမယ်ဆိုတော့ အပေါက်နဲ့ အလမ်း တည့်ကြပါ့မလားလို့ ဆင်ခြေလေး ထုတ်မိပါတယ်။ ပါးစပ်ပေါက်ထဲမ၀င်ဘဲ အပေါက်တလွဲ မျက်စိထဲ ခပ်မိလို့ မျက်ခမ်းတွေစပ်လှချည်ရဲ့လို့ ခပ်ထုတ်ခံကြရမှဖြင့်ပေါ့နော်။


“အင်ဂိတ်” ဆက်လုပ်ကြရမှာက အဖိနှိပ်ခံပြည်သူတွေကို ဖြစ်ပါတယ်။ အာဏာ၊ ပါဝါ၊ ငွေကြေး ဥစ္စာကို မက်လို့ ဒါနဲ့ ပြစားပြီး သူတို့ကို ဒီမိုကရေစီဇာတ် သွင်းစရာကို မလိုတဲ့ အမှန်အကန် ပြည်သူတွေ မိဘတွေ ကျောင်းသား လူငယ်တွေပါ ခင်ဗျာ။ သူတို့က အမှန်တရားနဲ့ တရားမျှတမှုကို အရိုးအရှင်းအတိုင်းလေးပဲ လိုချင်တာပါ။


နှစ်စဉ် လစဉ်တိုင်းမှာ သူတို့ဆုံးရှုံးခဲ့ရတဲ့ သားသမီး မိဘတွေကို ရည်စူး ဆွမ်းသွတ်ရင်းနဲ့ ကြံ့ကြံ့ခံနေတဲ့ ပြည်သူတွေ၊ အပတ်စဉ် ရှိစုမဲစုကို လမ်းစရိတ်လုပ်၊ ထောင်ဝင်စာ ထုတ်ပိုးပြီး မတရာအကျဉ်းကျနေတဲ့ သားချင်းတွေအတွက် အံခဲထားတဲ့ ဆွေမျိုးသားချင်းတွေ၊ ရပ်နီး ရပ်ဝေးတွေမှာ မိဘ သားသမီးတွေနဲ့ ခွဲခွာပြီး မင်းဘေး မင်းဒဏ်သင့်လို့ ရှောင်တိမ်းပြေးလွှားနေရတဲ့ အပြစ်မဲ့တဲ့ အဖိနှိပ်ခံတွေကို အခုလို အချိန်မျိုးမှာ ပိုလို့ ဆထက် ထမ်းပိုးတိုးလို့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အဖက်ဖက်က ပိုပြီး “အင်ဂိတ်” လုပ်ကြဖို့ မလိုပေဘူးလားဗျာ။


ကိုယ့်အိမ် ကိုယ့်ယာကို မီးကလေး ရေကလေးတောင်မှ တဆိတ် မှန်မှန်လာအောင် မလုပ်ပေးနိုင်ဘဲ အစိုးရမင်း တက်လုပ်နေသူတွေကို “အင်ဂိတ်” လုပ်ကြမယ့်အစား အဖိနှိပ်ခံ အပယ်ခံ ကျောခိုင်း မေ့ပစ်ခြင်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အတိုက်အခံခေါင်းဆောင်တွေ၊ သပိတ်မှောက် သံဃာတော်တွေ၊ မိဘ သားချင်းတွေ၊ ကျောင်းသား လူငယ်တွေကို ပွဲကြည့်ပရိသတ်ပြည်သူလူထုကြီးက အာဏာရှင်မျက်စောင်းကို ဖီဆန်ပြီး ၀ိုင်းဝန်း အားပေး လက်တွဲ ရပ်တည်ကြရေးကို အရှိန်မြှင့်ကြဖို့ တဆိတ်ကလေးများ မလိုကြဘူးလားလို့ ပညာရှိကြီးများကို ရွှေနားတော်သွင်းလိုက်ချင်ပါရဲ့။


“လဲနေသူကို ထူပေးပါ။ အားနည်းသူကို အားပေးပါ။ ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည် …” ဆိုတာ မူလတန်းဖတ်စာမှာကတည်းက သင်ခဲ့ရတာပါ။ “လူမိုက်ဆိုလျင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ …” ဆိုတာကလည်း ငယ်ငယ်ကပဲ သင်ခဲ့ရတာပါ။ ကျနော်တို့ ခင်ဗျားတို့ မူလတန်းစာလောက်တော့ သေစာ ရှင်စာလေး ဖြစ်ဖြစ် ကျေခဲ့ကြမယ် ထင်ပါရဲ့ …။

Ottara Moon - South East Asia 2008

၂၀၀၈ နှစ်ထဲက အရှေ့တောင်အာရှ
ဥတ္တရမွန်း

ဒီဇင်ဘာ ၃၁၊ ၂၀၀၈

၂၀၀၈ ဟာ အရှေ့တောင်အာရှဒေသအတွင်း မထင်မှတ်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ၊ သဘာဝဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။


ဖိလစ်ပိုင်နိုင်ငံမှာတော့ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေး ကွန်ရက် ဆောက်လုပ်ရေးအတွက် တရုတ်ပြည် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ကိစ္စမှာ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာအာရိုယို(Gloria Arroyo)နဲ့ သူမရဲ့မိသားစုလည်း ပါဝင်ပတ်သက်သလို ရှိခဲ့တဲ့ လာဘ်စားမှုကိစ္စဟာ သတင်းကျော်ကြားသွားပါတယ်။


မလေးရှားမှ အန်ဝါ အီဘာရာဟင်(Anwar Ibrahim) ဟာ လိင်တူဆက်ဆံမှု အမှုနောက်တစ်ခုနဲ့ စွပ်စွဲခြင်းခံနေရပေမယ့်လည်း သြဂုတ်လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး People's Justice Party ရဲ့ ခေါင်းဆောင် ပြန်ဖြစ်လာပါတယ်။ ကမ္ဘောဒီးယားက ဟွန်ဆ်(Hun Sen) ၀န်ကြီးချုပ်ရာထူးနဲ့ ထပ်မံ အရွေးခံရတယ်။ အရှေ့တီမောနိုင်ငံရဲ့ သမ္မတ Jose Ramos-Horta ကလည်း ဖေဖေါ်ဝါရီလက လုပ်ကြံခံရမှုမှာ ဒဏ်ရာရခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။


ထိုင်းနိုင်ငံအတွက်တော့ ပြဿနာ အရှုပ်အထွေးတွေ များပြားခဲ့တဲ့နှစ် ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် နှစ်ယောက်ကို ရာထူးကနေ ဖယ်ရှားပစ်ခဲ့တယ်၊ နယ်စပ်ပြဿနာကြောင့် ကမ္ဘောဒီးယားနဲ့ စစ်ဖြစ်ခါနီးအထိ ဖြစ်ခဲ့တယ်၊ ပြီးတော့ မကြာခင်ကမှ ပြီးဆုံးသွားတဲ့ ထိုင်းလေဆိပ် ပြဿနာကလည်း ကမ္ဘာ့ခရီးသည်လုပ်ငန်းကို ထိခိုက်စေခဲ့ပါတယ်။


၂၀၀၈ ရဲ့ လူထုဆန္ဒပြပွဲတွေထဲမှာ အောင်မြင်မှု အရှိဆုံးကတော့ ထိုင်းနိုင်ငံ PAD(People Alliance for Democracy) ပါတီက ဦးဆောင်ခဲ့တဲ့ လူထုဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။ ပီအေဒီဟာ ထောင်ပေါင်းများစွာသော လူထုကို သြဂုတ်လ ကနေ ဒီဇင်ဘာလ အထိ စုစည်းနိုင်ခဲ့ပြီး ပါလီမန် အဆောက်အအုံကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံး ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ် နှစ်ခုကိုပါ ပိတ်ဆို့နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်က ၀န်ကြီးချုပ်ကို ဖယ်ရှားနိုင်တဲ့ အထိ အထောက်အကူပြုခဲ့ပါတယ်။


လူမှုသတင်း ၀က်ဆိုက်များဖြစ်တဲ့ Twitter, Youtube, နဲ့ Flickr တို့ကို သုံးစွဲပြီး ဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဥပမာ မြန်မာနိုင်ငံ နာဂစ်ဆိုင်ကလုံးမုန်တိုင်း သတင်းနဲ့ ဆန္ဒပြသူများ ထိုင်းလေဆိပ်ကို သိမ်းပိုက်တဲ့ အဖြစ်အပျက်တွေကို ကမ္ဘာအနှံ့ ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။


ဒါပေ့်လည်း သတင်း လွတ်လပ်စွာစီးဆင်းမှုကို ချုပ်ချယ်ပိတ်ပင်တဲ့ကိစ္စ ဒေသတခွင်မှာ ရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ မလေးရှားနဲ့ မြန်မာနိုင်ငံတို့က နာမည်ကျော်ကြားတဲ့ ဘလော့ဂါတချို့နဲ့ သတင်းထောက်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဗီယက်နမ်မှာ ဘလော့နဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေသစ်ကို ထုတ်ပြန်ခဲ့ပြီး၊ ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်ကို ပုတ်ခတ်တဲ့ ၀က်ဆိုက်တွေကို ပိတ်ပင်ထားပါတယ်။ ဆိုက်ဘာပြစ်မှု (cyber crime) ကို တားဆီးဖို့ဆိုပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ အင်တာနက်ကဖေးမှာ အင်တာနက်သုံးစွဲသူရဲ့ နာမည်နဲ့ မှတ်ပုံတင်နံပတ်တွေကို မှတ်တမ်းတင်ခိုင်းပါတယ်။


မေလမှာ မြန်မာပြည်ကို ကျရောက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းမှာ လူပေါင်း ၁ သိန်းနီးပါး သေဆုံးခဲ့ရပါတယ်။ နာဂစ်ဒုက္ခသည်များဟာ ယခုထိ အစားအစာမလုံလောက်မှု၊ ဖျားနာမှု စတဲ့ ဒုက္ခတွေကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ အတွေ့အကြုံ နဲ့ အစွမ်းအစ ကင်းမဲ့ခြင်းဟာ ဒုက္ခကို ပိုကြီးမားစေခဲ့တယ်။ အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းဟာ အလွန်နှေးကွေးခဲ့ပြီး လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ပြည်ပက အကူအညီတွေကိုလည်း ငြင်းဆန်ဖို့ ကြိုးစားခဲ့ပါသေးတယ်။


နိုဝင်ဘာလမှာလည်း ဗီယက်နမ်နိုင်ငံရဲ့ ၂၅ နှစ်အတွင်း အကြီးမားဆုံးဖြစ်တဲ့ ရေလွှမ်းမိုးမှုကြောင့် မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသမှာ လူများစွာ သေဆုံးခဲ့ရပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ယခုလက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဟာလည်း ဆောက်လုပ်ရေးကုမ္ပဏီများရဲ့ တာဝန်မဲ့ခြင်းနဲ့ အစိုးရရဲ့ လျစ်လျုရှုခြင်းတို့ကြောင့် ဖြစ်ပါတယ်။ စက်တင်ဘာလမှာလည်း အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားဒေသမှာ ငွေအလှူလက်ခံဖို့ တန်းစီနေကြတဲ့ လူတန်းရှည်ကြီး အလုအယက် တွန်းတိုးရာမှ လဲကျဖိမိပြီး လူ ၂၁ ဦး သေဆုံးခဲ့ရပါတယ်။


၂၀၀၈ ရဲ့ သတင်းခေါင်းကြီးအဖြစ် အရှေ့တောင်အာရှနိုင်ငံရဲ့ အားကစားသမားများ ပြီးခဲ့တဲ့ တရုတ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခဲ့တာကိုလည်း ထည့်သွင်းသင့်ပါတယ်။ ကြက်တောင်ပြိုင်ပွဲမှာ မလေးရှားနိုင်ငံရဲ့ ၁၂ နှစ်အတွင်း ပထမဆုံးသော အိုလံပစ်ငွေတံဆိပ်နဲ့ စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ စင်ကာပူက ၄၈ နှစ်အတွင်း ပထမဆုံးသော အိုလံပစ်ငွေတံဆိပ် တစ်ခုကို ရခဲ့ပါတယ်။


တရုတ်ပြည်ရဲ့ နွားနို့နဲ့နို့မှုန့် အဆိပ်သင့်ပြဿနာကလည်း ၂၀၀၈ ရဲ့ သတင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲသတင်းကိုလည်း အရှေ့တောင်အာရှ နိုင်ငံများက မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ပါတယ်။ အိုဘားမားနဲ့ ဂျွန်မက်ကိန်း နှစ်ဦးစလုံးကို လူကြိုက်များကြပါတယ်။ အိုဘားမားရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုဟာ ပြည်သူတွေကို သူတို့နိုင်ငံရဲ့ ပြောင်းလဲရေး လိုအပ်ချက်တွေကို ပြန်လည် တွေးတောလာစေတဲ့အထိ ကူးစက်ခဲ့ပါတယ်။


နိဂုံးချုပ်အနေနဲ့ ၂၀၀၈ နှစ်ဟာ အရှေ့တောင်အာရှ နိုင်ငံများအတွက် ဘေးအန္တရာယ်များ (သဘာဝနဲ့ လူလုပ်တဲ့ဟာ) ရှိခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ ဆန်မလုံလောက်မှု ဖြစ်ခဲ့တယ်၊ နို့ထွက်ပစ္စည်းတွေကလည်း အဆပ်သင့်တယ်၊ အလုပ်အကိုင် ဆုံးရှုံးကြတယ်၊ ဘလော့ဂါသမားများ အဖမ်းခံရတယ်၊ အိမ်တွေဖျက်ီးခံရတယ်။


ဒါပေမယ့် အခြေအနေတွေက အရှေ့တောင်အာရှ နိုင်ငံများအတွက် မျှော်လင့်ချက်မရှိဘူးလို့ မဆိုနိုင်ပါဘူး။ ပြည်သူတွေက နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးကို မျှော်လင့်လာကြတယ်၊ လူထုတွေက စုစည်းဖို့ စည်းရုံးဖို့ အသင့် ရှိနေကြတယ်။ နောက်ပြီး နိုင်ငံအကြီးအကဲများ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်တဲ့အခါမှာ လိုအပ်ရင် ဖိနပ်နဲ့ ပေါက်ဖို့လည်း အဆင်သင့် ရှိနေကြပါတယ်။

(ဒီဇင်ဘာ ၂၆ ရက် Global Voice Online မှ ဆောင်းပါးကို ကိုးကားပါသည်။)

Mar Mar Aye - To Mother Land

အမိမြေသို့
မာမာအေး
ဒီဇင်ဘာ ၃၁၊ ၂၀၀၈

အို … အမိမြေ
လွမ်းနေသူ မယ့်အား၊ ခွင့်သနားတာဖြင့်
လျှောက်ကြားသည့်အရေး၊ နားလည်ပေးနော်။

ထွန်းပေါ်နေထွက်၊ ရေတက်ဖွားမှာ
ကျောသား ရင်သား၊ မခြား ကြည်ဖြူ
တေးကြူချိုအေး၊ ငြိမ်းချမ်းရေး ချစ်၊
ပြည်သူ့ ချစ်ခဲ့။

ရှင်ချစ်သာသနာ၊ ယဉ်ကျေးရာနှင့်
စာပေမြှင့်တိုး၊ ထမ်းပိုးလက်ကမ်း
ကိုယ်စွမ်းသလောက်၊ လမ်းဖောက်ပါလည်း
ငရဲလမ်းပြ၊ လူ့အန္ဓတို့
ပိတ်ကြ တားကြ၊ ပညာပြလို့
ပြန်ရသေးဘူး …
ကျေးဇူးသစ္စာ၊ အမိမြန်မာကို
စောင့်မှာစိတ်ချ ဒေါင်းမမ။

How you can wish Happy New year to Nargis Suvivors

၂၀၀၈ နာဂစ်အလွန် ငါတို့အားလုံးရဲ့ မျက်နှာများ
မိုးမခ အထောက်တော် (ရန်ကုန်)
ဒီဇင်ဘာ ၃၁၊ ၂၀၀၈
၂၀၀၈ မေလ ၁၅၊ လပွတ်တာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတုန်း စစ်တပ်က ဒုက္ခသည်စခန်းသို့ မရွေ့ခင် သူတို့တွေရဲ့ မျက်နှာတွေ၊ ၂၀၀၉ သို့အ၀င်မှာ တင်ဆက်လိုက်ပါတယ်။ “ဘာလဲ … ဟက်ပီး နယူးယီးယား … သူတို့တွေကို ဘယ်မှာရှာပြီး အဲဒီ ဆုမွန်ကောင်း သွားတောင်းပေးရမှာလဲ …”




(Photo - MoeMaKa)

Taryar Wai Yan - 21st Anniversary of Burmese Illustration Artists Puzaw Pwe


၂၁ ကြိမ်မြောက် စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီးများ ဂါရပြုပွဲ အမှတ်တရ

တာရာဝေယံ

(မိုးမခ ဓာတ်ပုံ)

ဒီဇင်ဘာ ၃၁၊ ၂၀၀၈

မြန်မာစာနယ်ဇင်း သရုပ်ဖော်ပန်းချီဆိုတာ မြန်မာပန်းချီသမိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ စာနယ်ဇင်း စာမျက်နှာတွေအတွက် သရုပ်ဖော်ပန်းချီတွေ ရေးနေရင်း ပန်းချီကားများစွာကို ရေးဆွဲသွားခဲ့ကြတဲ့ သရုပ်ဖော် ပန်းချီဆရာကြီးတွေ အများအပြားရှိခဲ့ပါတယ်။


ဦးဘတုတ်၊ ဦးငွေကိုင်၊ ဦးဘလုံ၊ ဦးအုံးလွင်၊ ဦးဘရင်လေး၊ ဗဂျီအောင်စိုး၊ ဦးသောင်းဟန် စတဲ့ ဆရာတွေကနေ မောင်ညိုဝင်း၊ မောင်မောင်သိုက်၊ ကျော်သောင်း၊ ၀သုန်၊ ဇော်မောင်၊ ဘဋ္ဌေးကြည်၊ စိုးနိုင်၊ ဧကစာချိုတို့အထိ တွေ့နိုင်ပါတယ်။


စာနယ်ဇင်း ပန်းချီဆရာတွေစာ သက်ဆိုင်ရာ စာရေးသူတွေရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေကို ပုံရိပ်အဖြစ် ကိုယ်စားပြု ဖော်ပြတာဖြစ်သလို၊ သူတို့ ဖြတ်သန်းရာ ခေတ်စနစ်တွေကို စာမျက်နှာတွေပေါ်ကနေ အရုပ်တွေ အရောင်တွေနဲ့ မှတ်တမ်းတင်ကြသူတွေ ဖြစ်ပါတယ်။


ဒါကြောင့်မို့ ခေတ်အဆက်ဆက် စာနယ်ဇင်းသရုပ်ဖော် ပန်းချီရေးခဲ့ကြတဲ့ ဆရာကြီးများကို လေးစားသောအားဖြင့် လူငယ်စာနယ်ဇင်းသရုပ်ဖော် ပန်းချီသမားများက ဂါရ၀ပြုခဲ့ကြတာ ၂၁ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။


ဂါရ၀ပြုပွဲကို ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၃၀ (အင်္ဂါ) နေ့ နံနက် ၁၀ နာရီက ၁၂ နာရီအထိ ရန်ကုန်မြို့ ၃၅ လမ်း အထက်ဘလောက်က ဓမ္မာသီရိ ဓမ္မာရုံမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။



ကန်တော့ခံဆရာကြီးများကတော့ - ဦးလွန်းကြွယ်၊ ဦးသောင်းဟန်၊ ဦးစန်းလှိုင်၊ ဦးအေးမြင့်၊ ဦးညိုဝင်း၊ ဦးဖေသဏ်း၊ ဦးတင်လှဝင်းထင်၊ ဦးတင်ထွဏ်း၊ ဦးကျော်သောင်း၊ ဦးမောင်မောင်လှမြင့်၊ ဦးစိုးမိုး၊ ဦးမောင်မောင်သိုက်၊ ဦးဇော်ဝင်း (ငှက်ပျောသီး)၊ ဦးမျိုးညွန့် (မောင်ဒီ)၊ ဦးကျော်ညွန့်တို့ ပါဝင်ကြောင်း သိရပါတယ်။

တကယ်တမ်း ခေတ်ကိုပြန်ကြည့်ရင် ၁၉၂၀ ဒဂုန် မဂ္ဂဇင်း ပေါ်ထွက်ချိန်က စတင်ပြီး မြန်မာစာနယ်ဇင်း သရုပ်ဖော်ပန်းချီကို ကျယ်ကျယ်ပြန့်ပြန့် စတင် သုံးစွဲလာတယ်လို့ တွေ့ရပါတယ်။ ပန်းချီဆရာကြီး ဦးဘအုံး၊ ဦးဘိုးလိတ်၊ ဦးဘလုံ၊ ဦးဘကလေး၊ ဦးဘစိန်၊ ဦးဘိုးဘ၊ ဦးစံလွင်၊ ဦးထွန်းကြွယ်၊ ဦးထွန်းမင်း၊ ဆရာမြစ်၊ ဦးသိန်းညွန့်၊ ဦးစောမောင်၊ ဦးချစ်မြဲတို့ရဲ့ လက်ရာတွေ ပါဝင်ခဲ့ပါတယ်။



၁၉၂၅ နောက်ပိုင်းမှာ ဦးမောင်မောင်တင်၊ ဦးချစ်ဖေ၊ ဦးအုန်းလွင်၊ ဦးလှအောင်၊ ဦးဉာဏ်ထွန်း၊ ဦးစု (ရတနာပုံ မောင်စု)၊ ဦးဘဇော် စတဲ့ ပန်းချီဆရာကြီးများရဲ့ သရုပ်ဖော်ပုံ ပန်းချီလက်ရာတွေကို တွေ့လာရပါတယ်။ ၁၉၂၅ ခုနှစ်လောက်မှာ ထုတ်ဝေတဲ့ Burma Boy မြန်မာပြည်သား မဂ္ဂဇင်းမှာ ပန်းချီ ဦးဘဉာဏ်ရဲ့ သရုပ်ဖော်လက်ရာတွေနဲ့ ဆောင်းပါးတွေကို တွေ့နိုင်ပါတယ်။


အဲဒီနောက် ကာလတွေမှာ မဂ္ဂဇင်းစာစောင် အများအပြား ထွက်ရှိခဲ့တာနဲ့ အညီ သရုပ်ဖော် ပန်းချီပညာဟာ ဖွံဖြိုးလာခဲ့ပြီး သရုပ်ဖော်ပန်းချီဆရာ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။


သူရိယ (၁၉၁၇)၊ ဒဂုန် (၁၉၂၀)၊ ပညာမဏ္ဍိုင် (၁၉၂၄)၊ ဂန္ထလောက (၁၉၂၅)၊ က၀ိမျက်မှန် (၁၉၂၇)၊ ဗြိတိသျှဘားမား (၁၉၂၇)၊ လန်ဒန်အတ် (၁၉၂၇)၊ ရန်အောင် (၁၉၂၇)၊ မြန်မာကျက်သရေ (၁၉၂၇)၊ လင်းအရုံ (၁၉၃၀)၊ ကင်းစောင့် (၁၉၃၁)၊ အိုးဝေ (၁၉၃၁)၊ ကြီးပွားရေး (၁၉၃၂)၊ တိုးတက်ရေး (၁၉၃၃)၊ စာဆိုတော် (၁၉၃၅)၊ ဆယ်သန်း (၁၉၃၅)၊ မြန်မာရုပ်ရှင် (၁၉၃၅)၊ လောကအလင်း (၁၉၃၈)၊ မျိုးညွန့် (၁၉၃၈) စတဲ့ မဂ္ဂဇင်းတွေဟာ သရုပ်ဖော်ပန်းချီဆရာများရဲ့ လက်ရာ ဝေေ၀ဆာဆာနဲ့ ထုတ်ဝေခဲ့ကြပါတယ်။


၁၉၄၅ စစ်ကြီးပြီးတဲ့အခါမှာ မဂ္ဂဇင်းတွေ တရှိန်ထိုး ထွက်လာခဲ့ပြီး မြန်မာပန်းချီသစ်ကို ဖန်တီးမယ့်သူတွေဟာ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ မွေးဖွားခဲ့ပါတယ်။



တာရာ (၁၉၄၆)၊ ရှုမ၀ (၁၉၄၆)၊ သွေးသောက် (၁၉၄၅)၊ စသည်တို့မှာ ဗဂျီအောင်စိုး၊ ဦးဘကြည်၊ ဦးဘရင်လေး၊ ဦးလှစိုး၊ ဦးစိန်၊ ဦးသောင်းဟန် စတဲ့ ပန်းချီဆရာများ ပေါ်ထွန်းလာခဲ့ပါတယ်။


၁၉၆၀ ပတ်ဝန်းကျင်နှစ်တွေမှာ ပန်းချီ ညိုလှ၊ မောင်ညိုဝင်း၊ တင်လှဝင်းထင်၊ စံတိုး၊ မောင်ဒီ၊ မောင်မောင်သိုက်၊ ၀သုန်၊ ကျော်သောင်း စတဲ့ ပန်းချီဆရာတွေ ပေါ်ထွက်လာခဲ့ပါတယ်။


အဲဒီအချိန်က ပေါ်ထွက်လာခဲ့တဲ့ ဆရာတွေဟာ အခုအချိန်မှာ အသက် ၆၀ ကျော်၊ ၇၀ နီးလာကြပြီ ဖြစ်ပါတယ်။ သူတို့ထက် စောကြတဲ့ ဆရာ ဦးလွန်းကြွယ်၊ ဆရာ ဦးစန်းလှိုင်၊ ဦးအေးမြင့်၊ ဦးသောင်းဟန်တို့ကတော့ အသက် ၈၀ ကျော်စ ပြုနေကြပါပြီ။


ခေတ်အဆက်ဆက်မှာ သရုပ်ဖော် ပန်းချီကို စွဲမြဲစွာ ရေးသွားခဲ့ကြတဲ့ ဖော်ပြပါ ဆရာတွေကို ဂါရ၀ပြု ပူဇော်ကန်တော့ကြတဲ့ပွဲမှာ အခမ်းအနားမှူးအဖြစ် ပန်းချီမောင်မြင့်လွင်က ဆောင်ရွက်ပြီး ဦးလွန်းကြွယ်၊ ဦးအေးမြင့်၊ ဦးသောင်းဟန်တို့က အမှာစကားပြောခဲ့ကြပါတယ်။ ထို့အပြင် သရုပ်ဖော် ပန်းချီပုံများကိုလည်း ပြပွဲသဖွယ် တင်ဆက်ခဲ့ရာမှာ ခေတ်အဆက်ဆက်က ဆရာကြီးများဆွဲတဲ့ လက်ရာတွေကို မှတ်တမ်းတင်ပြီး တင်ဆက်ပေးခဲ့တာကို တွေ့ရပါတယ်။

အခမ်းအနားစီစဉ်သူများက မဲလိပ်များ စီစဉ်ပြီး ဆရာဦးလွန်းကြွယ်၊ ဦးတင်လှဝင်းထင်၊ ဦးမောင်မောင်သိုက်၊ ဆရာမောင်ကျော်ညွန့်၊ ဆရာမ မမွှေး၊ ဆရာ မောင်မောင်လှမြင့်၊ ဆရာသန်းမြင့်အောင် စတဲ့ ပန်းချီဆရာ ၁၃ ဦးရဲ့ ပန်းချီကား ၁၃ ကားကို မဲဖောက်ပြီး အခမ်းအနားတက်ရောက်သူများကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။



Tuesday, December 30, 2008

Tint Lwin - How to use Google Reader

ကျော်ဝင်ပြီးမှ ကြည့်လို့ရတဲ့ ၀က်ဆိုက်တွေကို (RSS) အာရ်အက်စ်အက်စ်နဲ့ ကြည့်ရအောင်

တင့်လွင်

ဒီဇင်ဘာ ၃၁၊ ၂၀၀၈

နေ့စဉ်လိုလို ၀င်ကြည့်နေတဲ့ သတင်းဝက်ဆိုက်တွေကို နေ့စဉ် (Proxy) ပရောက်စီနဲ့ ကျော်နေရတဲ့ ဒုက္ခ၊ လိုင်းနှေးးရင် သတင်းခေါင်းစဉ်တခုမှ တခု၊ (web page) ၀က်ပေ့ခ်ျ တခုမှတခု ပြောင်းရင်းနဲ့ စိတ်မရှည်နိုင်တော့ပဲ ရပ်လိုက်ရတဲ့ ဒုက္ခတွေက လွတ်ကင်းတဲ့ နည်းတနည်းရှိပါတယ်။ အချိန်ကုန်လည်းသက်သာပြီး နာရီပိုင်းအလိုက် ထပ်မံဖြည့်စွက်တဲ့ သတင်းတွေကိုလည်း ခေါင်းစဉ်နဲ့ အကျဉ်းချုပ် အလိုအလျောက် ထပ်ထပ်ပြီး ဖြည့် စွက်ပေးသွားတဲ့ အတွက် အလုပ်မရှုပ်တော့ပါဘူး။

အဲဒါက ဂျီမေးလ် သုံးစွဲရင်းနဲ့ ဂျီမေးလ်မှာ တွဲလျက်ပါရှိတဲ့ ရီဒါ (reader) ဆိုတဲ့ ဖီချာ တခုပါ။ တကြိမ် ဖြည့်စွက် ထားလိုက်ရုံနဲ့ မိမိမေးလ် သုံးစွဲရင်းနေ့စဉ်ကြည့်လိုတဲ့ သတင်းစာတွေ၊ သတင်းဝက်ဆိုက်တွေ ဒီနေ့တော့ဖြင့် ဘာတွေထူးလဲဆိုတာကို ကလစ်တချက် လုပ်ရုံနဲ့ ချက်ခြင်းသိနိုင်ပါတယ်။

အချို့လည်း သိရှိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ မသိရသေးသူတွေ အတွက်တော့ လုပ်ဆောင်ချက် အသစ်တခု ဖြစ်မှာပါ။

လုပ်ဆောင်ရမှာကတော့ (GMail) ဂျီမေးလ် standard view အနေအထားမှာ လက်ဝဲဘက် အပေါ်ဆုံးထောင့်က ခေါင်းစဉ်ငယ် (features) တွေထဲက ၅ခုမြောက် reader ကို ကလစ်လုပ်လိုက်ပါ။ အဲဒီနောက် ရီဒါ ၀က်စာမျက်နှာပေါ်လာရင် လက်ဝဲဘက် အပေါ်နားမှာ ရှိတဲ့ Add subscriptions ဆိုတဲ့ အကွက်ကို ကလစ်လုပ်လိုက်ပြီး ပေါ်လာတဲ့ url ဘောက်စ်ထဲမှာ မိမိနေ့စဉ်ကြည့်လိုတဲ့ ၀က်ဆိုက် လိပ်စာများကို ဖြည့်သွင်းနိုင်ပါတယ်။

ဥပမာ အားဖြင့် www.mizzima.com , www.burmanet.org , www.voanews.com/Burmese , www.rfa.org/Burmese စသဖြင့်ပါ။ အချို့သော မြန်မာဘာသာ သတင်းဝက်ဆိုက်တွေက အာရ်အက်စ်အက်စ်အတွက် အသင့်လုပ်ပေးမထားလို့ ထည့်သွင်းလို့ မရတာလည်း အနည်းအကျဉ်းရှိပါတယ်။ သို့ပေမယ့် အများစုကတော့ အာရ်အက်စ်အက်စ် (ရီဒါ) လုပ်ဆောင်ချက် ပါဝင်ကြ ပါတယ်။

မြန်မာသတင်းဝက်ဆိုက်တွေသာမကပဲ မြန်မာဘလော့ဆိုက်တွေကို ထည့်သွင်းထားရင် အလွန်အဆင်ပြေပါတယ်။ ဘလော့အားလုံးကိုလည်း ကျော်မှပဲ ကြည့်ရတဲ့ သဘောရှိတာမို့လို့ ဘာခေါင်းစဉ် အသစ်တက်သလဲ ဆိုတာမျိုးအတွက်တော့ အချိန်ကုန်သက်သာ၊ စိတ်ပင်ပန်းခံစရာမလိုပဲ ကြည့်ရှုနိုင်မှာပါ။

မိမိ subscribe လုပ်ထားတဲ့ ၀က်ဆိုက်လိပ်စာတွေဟာ မိမိရဲ့ မေးလ်အကောင့်နဲ့တွဲလျက်ရှိနေမှာ ဖြစ်ပါတယ်။

အချို့သော သတင်းဝက်ဆိုက်များရဲ့ စာမျက်နှာမှာ အ၀ါရောင် သင်္ကေတနဲ့ အာရ်အက်အက်စ် feed ဖီချာပါတာမျိုး လည်း ရှိပါတယ်။ အဲဒီ ၀က်ဆိုက်မျိုးမှာ မိမိအီးမေးလ်ရဲ့ ရီဒါမှာ subscribe လုပ်စရာမလိုပဲ အဆိုပါ ၀က်ဆိုက်က အာရ်အက်စ်အက်စ် သင်္ကေတကို ကလစ်လုပ်ပြီး မိမိအီးမေးလ် လိပ်စာရိုက်ထည့်လိုက် ခြင်းဖြင့်လည်း နေ့စဉ်နာရီပိုင်းနဲ့အမျှ အသစ်တက်တဲ့ ခေါင်းစဉ်တွေ မေးလ် ရီဒါ ထဲကိုအလိုလိုရောက်ရှိလာမှာ ဖြစ်ပါတယ်။

နေ့စဉ်ကြည့် ရှုတဲ့အခါမှာတော့ အပေါ်ပိုင်းက Home ကို ကလစ်လုပ်ပြီး ကြည့်ရှုလို့ရသလို မိမိရဲ့ subscriptions တွေကိုကြည့်လိုရင်တော့ အဆိုပါ Home ရဲ့အောက်က subscriptions ဆိုတဲ့ ဖီချာကို ကလစ်လုပ်လိုက်ရင် သူ့အောက်မှာ မိမိတင်ထားတဲ့ ၀က်ဆိုက်လိပ်စာတွေ တန်းစီပေါ်လာပါမယ်။ အဲဒီအထဲက ကြည့်ရှုချင်တဲ့ လိပ်စာကို ကလစ်လုပ်ပြီး ကြည့်ရှုရုံပဲ ဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ ၀က်ပေ့ခ်ျ ကတော့ (Google Reader) ဂူဂဲလ်ရဲ့ ရီဒါ နဲ့ မိမိ မှာယူ(subscribed url)ထားတဲ့ ၀က်ဆိုက်များမှ သတင်းခေါင်းစဉ်နဲ့ အကျဉ်းချုပ်များကို မြင်တွေ့ရတာပါ။

မှတ်ချက်၊ ဂျီမေးလ်ကို standard view နဲ့မဟုတ်ပဲ html view မှာတော့ ယခု ဖီချာကို အသုံးချလို့ မရပါဘူး။

Moe Cho Thin - Home Sweet Home

ရွှေပြည်ဌာန သာချင်စွ

မိုးချိုသင်း

ဒီဇင်ဘာ ၃၁၊ ၂၀၀၈

ဒီနှစ်သစ်မှာ … လိုရာဆန္ဒ ပြည့်စုံ ပျော်ရွှင်နိုင်ကြပါစေ။ မိသားစု၊ ကိုယ်ချစ်ခင်သူများနဲ့ ဝေးကွာနေရသူများ အမြန်ဆုံး ပြန်လည် ဆုံဆည်း နိုင်ကြပါစေ။ မတရားမှုတွေ အနိုင်ကျင့်မှုတွေ ကွယ်ပျောက်၊ တရားမျှတမှုတွေ အောင်ပွဲခံတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေ။ မေတ္တာတရား လွှမ်းခြုံပြီး ရန်လို ငြူစူ စောင်းမြောင်းခြင်း ကင်းတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ။ ကျန်းမာ အေးချမ်း ပျော်ရွှင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နှစ်သစ်ကူး လက်ဆောင်အဖြစ် အခုလက်ရှိကိုယ့် ခံစားချက်နဲ့ ကိုက်ညီနေတဲ့ အဖေ့ ကဗျာလေး တပုဒ် လက်ဆောင်ပေးချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ရွှေပြည်ဌာန သာချင်စွ

တင်မိုး


အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။

၂၊ ၁၂၊ ၂၀၀၁

ကိုယ်လဲ ဒီနှစ်သစ်မှာ ဒီဆုတောင်းလေး ပြည့်ချင်ပါလှတယ်။ ရွှေပြည်ဌာန သာချင်စွ … ။

elephants eat christmas trees


ခရစ်စမတ်သစ်ပင်စားသော ဂျာမဏီရောက် မြန်မာ့ဆင်

သတင်းဓာတ်ပုံ

ဒီဇင်ဘာ ၃၁၊ ၂၀၀၈

ခရစ်စမတ်သစ်ပင်ကို စားသောက်နေသော မြန်မာပြည်ဖွား ဆင်မကြီး သီဟဖြူ (Thi Ha Phyu) နှင့် သားငယ် မင်းဂျွန် (Ming Jung / My Boy) တို့ကို ယမန်နေ့က တွေ့ရပုံ။ ဆင်မကြီးမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ဆင်ပေါက်လေးမှာ ၁ နှစ်ခွဲ ဖြစ်သည်။ ဆင်များကို ခရစ်စမတ်သစ်ပင်များ ကျွေးလျက်ရှိကြောင်း ၎င်းတို့ရောက်ရှိနေသည့် ဂျာမဏီနိုင်ငံ၊ ကိုလုံးမြို့ တိရိစ္ဆာန်ဥယျာဉ် ညွှန်ကြားရေးမှူးက ရှင်းပြသည်။ ဆင်တကောင်လျှင် ခရစ်စမတ် ထင်းရှူးပင် သုံးပင် နေ့စဉ် စားသုံးကြောင်း၊ ထင်းရှူးပင်ကို စားခြင်းဖြင့် ဆင်တို့၏သွားများ သန့်ရှင်းစင်ကြယ်စေကြောင်း သိရသည်။ (photo: Reuters)

demonstration in Rgn

“ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” စာတန်းကိုင်ဆွဲကာ အဖွဲ့ချုပ်ရုံးမှ ချီတက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ရှေ့အရောက်တွင် တားဆီး ထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ - MMT)

ရန်ကုန်တွင်ဆန္ဒပြ
မိုးမခအထောက်တော် ၆
ဒီဇင်ဘာ ၃၀၊ ၂၀၀၈

ယနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုံ့ဆော်ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက တားမြစ်လိုက်ပြီး ဆန္ဒပြသူ ၉ ဦး ကို ဖမ်းဆီးလိုက်သည်။

ဆန္ဒပြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်သည်။

အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး “သူတို့ရပိုင်ခွင့်အတိုင်း သူတို့ဆန္ဒကို ဖော်ထုတ်ကြတာပါပဲ။ ဒီလုပ်ရပ်က ရာဇ၀တ်မှု မဟုတ်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု AFP သတင်းဌာနသို့ ပြောလိုက်သည်။

May Nyane's poem - 01

ရုပ်ပုံ (ပုံတူ)

မေငြိမ်း

ဒီဇင်ဘာ ၃၀၊ ၂၀၀၈

လက်စသတ်တော့

ဗင်ဂိုးရဲ့

နေကြာပန်းအိုးဟာ

အာလူးစားသူများရဲ့

စားပွဲအလယ်မှာ

ရှိနေတာပါပဲ။

အလျှံညီးညီး

မီးကျီးခဲလို တောက်ပ

ဘ၀ဟာ ပူလောင်လှချည့်

ဒါပေမယ့်

နေကြာလို ခေါင်းတောင် ထရ

ကံကြမ္မာရဲ့ ငရဲမှာ

အဖန်ဖန် တွားတက်ကြရ။

မျက်လုံးတွေကတော့

ပွင့်ဖတ်ဝါ၀ါတွေ

နေကို မော့မျှော်သလို

ပူလောင်ခြင်းကိုသော်မှ

အာသာ တငန်းငန်းနဲ့ပေါ့။

ရိုးတံ ပိန်မြှောင်းတွေက

ငတ်မွတ်ခြင်းရဲ့အကြောင်း

ကောင်းကောင်းသိစွာ

အာလူးကို ဖက်တွယ်ရတဲ့ လက်ချောင်းတွေ။

အောက်ခြေမှာတော့

လှပသယောင်ယောင်နဲ့

ကိုယ့်ကို ချုပ်နှောင်ပြီး

ရိရွဲ ပုပ်ပွအောင်လုပ်မယ့်

ဘ၀တဏှာ ပန်းစိုက်အိုးက

ခပ်မိုက်မိုက်ပြုံးလို့။

[ မူရင်း - စာပေဂျာနယ်၊ ၁၉၉၅ မတ်လ ]


From 2008 To 2009 - Still Standing Strong, Our University Tree


၂၀၀၈ နာဂစ်အလွန် ၇ လ၊ ၂၀၀၉ သို့ အ၀င် … အမှတ်တရ သစ်ပုတ်ပင်

ဖိုးဂျံ

ဒီဇင်ဘာ ၃၀၊ ၂၀၀၈

၂၀၀၈ အကုန် ၂၀၀၉ အ၀င်မှာ အင်အားရှိစရာ ဓာတ်ပုံတပုံ ရှာပါဆိုလို့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက စိမ်းလန်းဝေဖြာနေတဲ့ အထင်ကရ သစ်ပုတ်ပင်ကြီးကို တင်ဆက်လိုက်ပါတယ်။ နာဂစ်တုန်းက သူ ကြံကြံခံပြီး ကျန်ရစ်တယ်။ အခု စိမ်းလို့ …။ ပညာရေးနယ်ပယ်နဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ခေတ်အဆက်ဆက်က နမိတ်ပုံ၊ ပြယုဒ်၊ အမှတ်တရ မော်ကွန်း။ သူရဲ့ ခွန်အားနဲ့ ရပ်တည်ချက်က ကျနော်တို့ကို မျှော်လင့်ချက် အင်အားဖြစ်စေတယ်။

Burmese Helping Burmese Fund to continue on 2009 from MoeMaKa Group


မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ် ဆက်လက်ဆောင်ရွက်လျက်ရှိ

မိုးမခ

ဒီဇင်ဘာ ၃၀၊ ၂၀၀၈

၂၀၀၇ သံဃာ့အရေးတော်ပုံက အစပြုပြီး ကိုယ်ထူကိုယ်ထ စတင်ခဲ့သည့် အမျိုးသားရေး ကူညီမှု ရန်ပုံငွေ လှုပ်ရှားမှု ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာအမျိုးသားများက ပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ အတိုက်အခံများ၊ စွန့်လွှတ်စွန့်စားသူ သံဃာတော်များကို လက်လှမ်းမီသလောက် အကူအညီပေးတဲ့ စေတနာဝန်ထမ်း အလုပ်တခု အဖြစ် - Burmese Helping Burmese - မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ ဆိုတဲ့ အမည်ပေးထားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ရန်ပုံငွေ အမေရိကန် ဒေါ်လာ (ခြောက်သောင်း၊ ရှစ်ထောင်၊ သုံးရာ ဒဿမ ခုနှစ်ဆယ့်ခြောက်) ၆၈၀၃၀၇.၇၆ ရရှိခဲ့ပြီး ဝေယျဝစ္စ စာရိတ်မရှိဘဲ ပြည်တွင်းကို ကူညီခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၀၈ နှစ်ကုန်ခါနီး စာရင်းအရ ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေ (နှစ်သောင်း ခြောက်ထောင် နဲ့ ခုနှစ်) ၂၆၀၀၇.၀၀ နှင့် နာဂစ် ကူညီမှု ရန်ပုံငွေ (နှစ်သောင်း) ၂၀၀၀၀.၀၀ ကောက်ခံရရှိခဲ့ပြီး စုစုပေါင်း (လေးသောင်း၊ ခြောက်ထောင်နဲ့ ခုနှစ်) ၄၆၀၀၇.၀၀ ကို လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၈ အောက်တိုဘာလက စတင်ပြီး မိုးမခ မီဒီယာအဖွဲ့ကို အမေရိကန် အခွန်ဌာနက ပရဟိတအဖွဲ့အစည်းတခုအဖြစ် အခွန်လွတ်အဆင့် တရားဝင် သတ်မှတ်လိုက်တဲ့အတွက် အလှူရှင်များအနေနဲ့ မိုးမခကို လှူဒါန်းသမျှကို အခွန်ကင်းလွတ်ခွင့်ရရန် ၀င်ငွေခွန်မှာ တင်ပြနိုင်ပါတယ်။

ပြည်ပရောက် မြန်မာအမျိုးသားများက ပြည်တွင်းက အမျိုးသားရေးဆောင်ရွက်သူများ၊ မိသားစုများကို ထောက်ခံ အားပေးကူညီလျက်ရှိကြောင်း စိတ်ဓာတ်ရေးရာအရပါ ဆန္ဒပြ ထုတ်ဖော်တဲ့ အစီအစဉ်အဖြစ် အလှူခံရရှိသည့် ငွေ နည်း များကို မဆို လက်ခံပြီး ကူညီတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ အမျိုးသားရေးကို ထက်သန်သူ မြန်မာမိသားစုများကိုယ်တိုင်ကလည်း မိမိ အစီအစဉ်နှင့် မိမိ တပိုင်တနိုင် ကူညီ ထောက်ခံမှု ပြသနိုင်ကြဖို့ လွယ်ကူတဲ့ လက်ဆင့်ကမ်း လှုပ်ရှားမှု ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

၂၀၀၉ နှစ်သစ်မှာလည်း တတ်စွမ်းနိုင်သမျှ မိုးမခ ၀ိုင်းတော်သားများက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း သတင်းပို့လိုက်ပါတယ်။

Monday, December 29, 2008

33rd Anniversary of Burmese Cartoonists Puzaw Pwe

၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြုပူဇော်ကန်တော့ပွဲ မြင်ကွင်း

ကာတွန်းဆရာကြီးများ ကန်တော့ပွဲ သမိုင်းပုံရိပ် အမှတ်တရ စာစောင် မှတ်တမ်း

မိုးမခ ဓာတ်ပုံ သတင်း

ဒီဇင်ဘာ ၃၀၊ ၂၀၀၈

Cartoonists





၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြု ကန်တော့ပွဲ
တာရာဝေယံ
ဒီဇင်ဘာ ၂၉၊ ၂၀၀၈
၁၉၃၄ ခုနှစ်မှာ ကာတွန်းဦးဘဂျမ်းနဲ့ ဦးဟိန်စွန်းတို့ဟာ ကမ္ဘာမှာ မပေါ်ဖူးသေးတဲ့ ကာတွန်း မီးပုံး မီးထွန်းပွဲကို တန်ဆောင်တိုင်ကာလမှာ စတင် တီထွင်ခဲ့ကြပါတယ်။ မီးထွန်းပွဲကို ရန်ကုန်မြို့ ၁၃ လမ်း အောက်ဘလောက်မှာ ကျင်းပခဲ့တယ်။ အဲဒီမီးထွန်းပွဲက ကာတွန်းမီးပုံးတွေမှာ ဖော်ပြတဲ့ ကာတွန်းတွေဟာ သူရိယနဲ့ မြန်မာ့အလင်း သတင်းစာတွေက ပယ်ထားတဲ့ နိုင်ငံရေး ကာတွန်းတွေနဲ့ အင်္ဂလိပ်ခေတ်က မင်းတိုင်ပင် အမတ်တွေရဲ့ ချို့ယွင်းချက်တွေကို သရော်ထားကြတဲ့ ဦးဟိန်စွန်းနဲ့ ဦးဘဂျမ်းတို့ရဲ့ လက်ရာတွေပါ။

အပယ်ခံ ကာတွန်းတွေနဲ့ စခဲ့ကြတဲ့ ဦးဘဂျမ်းလမ်း တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲကနေ မြန်မာ့ကာတွန်းလောကအတွက် မှတ်တမ်းတင်ကျန်ရစ်မယ့် ကာတွန်းလှုပ်ရှားမှု ငါးခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှု ငါးခုက

(၁) မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း
(၂) ဘဂျမ်းဂျာနယ်ပြောင်
(၃) နှစ်စဉ် ကာတွန်းပြိုင်ပွဲ
(၄) ရပ်ကွက်ကာတွန်း မီးထွန်းပွဲတွေ
(၅) ကာတွန်း သက်ကြီးပူဇော်ပွဲတွေ ဖြစ်ကြပါတယ်။

ဦးအောင်ရှိန်၊ ဦးဖေသိန်း၊ ဦးရွှေမင်းသား
မြန်မာ့ယဉ်ကျေးမှု ဓလေ့မှာတော့ သက်ကြီးဝါကြီးတွေကို ငယ်ရွယ်သူတွေက ပူဇော် ကန်တော့ခြင်း ဆိုတာ မင်္ဂလာရှိတဲ့ အစဉ်အလာတခု အနေနဲ့ လက်ခံထားကြပါတယ်။ ကာတွန်း ဆရာကြီး ဦးဟိန်စွန်းဟာ ငယ်စဉ်အခါက သူ့ရဲ့ ဆရာသမားတွေ ဖြစ်ကြတဲ့ ဆရာဦးဘဇော်နဲ့ ဦးဘကလေး (ရွှေတလေး)တို့ကို ၀ါကျွတ်ချိန်တွေမှာ ကန်တော့လေ့ရှိပါတယ်။ ကာတွန်း ဦးဘဂျမ်း သက်ရှိထင်ရှား ရှိစဉ်ကလည်း သူ့ရဲ့ တပည့်တွေက တဦးစီ အနေနဲ့ ကန်တော့ခဲ့ကြပါတယ်။ အဲဒီကာလက ကာတွန်းဆရာအရေအတွက် များများစားစား မရှိသေးတဲ့အတွက် ပူဇော်ကန်တော့ပွဲ ဆိုပြီး ဆိုရလောက်တဲ့ စုစုဝေးဝေး ကန်တော့နိုင်တာမျိုး မရှိသေးပါဘူး။

၁၉၆၀ ပြည့်နှစ်မှာ ကာတွန်းဦးဖေသိန်း ခေါင်းဆောင်တဲ့ ကာတွန်းဆရာ အယောက်အစိတ်လောက်ဟာ အဲဒီနှစ် ဦးဘဂျမ်းလမ်း တန်ဆောင်တိုင်မီးထွန်းပွဲမှာ ကြီးကြပ်နေရသူ ကာတွန်းဆရာ ဦးဟိန်စွန်းကို ကန်တော့ဖို့ စိတ်ကူးရခဲ့ကြပါတယ်။ အဲဒီကန်တော့ပွဲဟာ ဆရာကြီး ဦးဟိန်စွန်းရဲ့ ပုဇွန်တောင် တပ်မြေမှာရှိတဲ့ နေအိမ်မှာ ဆောင်ရွက်ခဲ့တဲ့ မြန်မာပြည်ကာတွန်းဆရာများရဲ့ ပထမဦးဆုံးသော ပူဇော်ကန်တော့ပွဲဖြစ်ပါတယ်။ ထိုစဉ်က အနုပညာလောကမှာ သက်ကြီးပူဇော်ပွဲတွေ မရှိသေးတဲ့အတွက် ကာတွန်းဆရာတွေရဲ့ ကန်တော့ပွဲဟာ အစောဆုံး ပူဇော်ပွဲအဖြစ် ယူဆရန် ရှိပါတယ်။

ကာတွန်းဆရာများ၊ ကာတွန်း အာကာ


ကာတွန်းထက်မိုး၊ ကာတွန်းစိုးစံဝင်း

နှစ်စဉ် တန်ဆောင်တိုင် မီးထွန်းပွဲပြီးချိန်မှာ ဆရာကြီးဦးဟိန်စွန်းကို မျိုးဆက်သစ် ကာတွန်းဆရာများက ပူဇော် ကန်တော့ခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ လူငယ်ကာတွန်းဆရာတွေရဲ့ တိုက်တွန်းမှုအရ ဆရာကြီးဦးဟိန်စွန်းနဲ့ အတူ ကာတွန်းဦးဖေသိန်း၊ ဦးကျော်ဆန်း၊ ဦးဘထွေး၊ ဦးအောင်ရှိန်၊ ဦးသန်းကြွယ်တို့လည်း ကန်တော့ခံကြရပါတယ်။ ၁၉၇၂ ခုနှစ်မှာ ကာတွန်းလုံးချင်း ထုတ်ဝေခွင့်တွေ ရပ်ဆိုင်းသွားတဲ့အတွက် ကာတွန်းဆရာ အများစုဟာ ပုံမှန်ဝင်ငွေ မရှိတော့လို့ စားဝတ်နေရေး ခက်ခဲခဲ့ပေမယ့် ကာတွန်းဆရာ ကန်တော့ပွဲကို စဉ်ဆက်မပြတ် ကျင်းပနိုင်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ဆရာဦးစိန်၊ ၁၉၈၁ ခုနှစ်မှာ ဆရာဦးဗကလေးတို့ အကန်တော့ခံ ဆရာတွေထဲမှာ ပါလာပါတယ်။

၁၉၈၅ နဲ့ ၁၉၉၅ ခုနှစ်အတွင်းမှာ အကန်တော့ခံ ဆရာတွေဖြစ်တဲ့ ဆရာကြီးဦးဟိန်စွန်း၊ ဆရာဦးကျော်ဆန်း၊ ဆရာဦးဘထွေး၊ ဆရာဦးသန်းကြွယ်၊ ဆရာဦးစိန်တို့ ကွယ်လွန်ခဲ့ကြပါတယ်။ ဦးဘဂျမ်းလမ်း တန်ဆောင်တိုင်မီးထွန်းပွဲ (၁၉၅၉ခုနှစ်ခန့်)မှ စတင်ခဲ့တဲ့ ကာတွန်းဆရာ ကန်တော့ပွဲဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကာတွန်းမီးထွန်းပွဲတွေ ရပ်ဆိုင်းသွားတဲ့အခါ သုံးလေးနှစ်လောက် မကျင်းပနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကာတွန်းဆရာကန်တော့ပွဲကို မျိုးဆက်သစ်တွေက လက်ဆင့်ကမ်း သယ်ပိုးခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ် ကန်တော့ခံ ဆရာတွေထဲမှာ ဆရာမောင်သော်က ပါလာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ၀ိုင်အမ်ဘီအေ ခန်းမမှာ ပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် ငွေရတု ကာတွန်းဆရာကြီးများ ကန်တော့ပွဲမှာ ဆရာရွှေမင်းသားလည်း ပါဝင်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများ ကန်တော့ပွဲ အမှတ်တရ လက်ဆောင်အဖြစ် ကာတွန်းဆရာကြီးများကန်တော့ပွဲ သမိုင်းပုံရိပ် ဓာတ်ပုံမှတ်တမ်း စာအုပ်လေးကို အခမဲ့ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ အဲဒီစာအုပ်လေး ဖြစ်မြောက်ဖို့ ဆရာကြီးဦးဖေသိန်းမိသားစု၊ ဦးမောင်မောင်၊ ဦးမြေဇာ၊ ကိုဖေသစ်တည်တို့က အချက်အလက်များ၊ ဓာတ်ပုံများ စုဆောင်းပေးကြပြီး ကိုတင်ထွန်းအောင် (Toon Internet) တို့က ပုံတွေကို စကင် ကူးပေးခဲ့ပါတယ်။ Kid Zone ကလေးဂျာနယ်က ပုံနှိပ်ကူညီ လှူဒါန်းခဲ့ကြောင်း စာအုပ်ရဲ့ ကျေးဇူးမှတ်တမ်းမှာ တွေ့ရှိရပါတယ်။ ခေတ်အဆက်ဆက် ကန်တော့ခဲ့ကြတဲ့ ကာတွန်းဆရာများနဲ့ အကန်တော့ခံ ကာတွန်းဆရာကြီးတွေရဲ့ ပုံရိပ်တွေကို တစုတစည်းထဲ တွေရတဲ့၊ သမိုင်းတန်ဖိုးကြီးမားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။

ဒီနှစ်မှာ အကန်တော့ခံကြတဲ့ ဆရာကြီးတွေက ဆရာဦးဖေသိန်း၊ ဆရာ ဦးအောင်ရှိန်၊ ဆရာရွှေမင်းသားတို့ ၃ဦး ဖြစ်ကြပါတယ်။ ဆရာဦးဖေသိန်းအိမ်မှာ လူငယ်ကာတွန်းသမားတွေ စုဝေးပြီး ညအိပ် ချက်ပြုတ် လုပ်ကိုင်ကြပါတယ်။ မနက်လင်းကတည်းက တဖွဲဖွဲ ရောက်လာကြတဲ့ အနုပညာ ညီအကိုမောင်နှမတွေနဲ့ နှစ်စဉ် ဆုံစည်းနေကြ ကာတွန်းဆရာကြီးများ ကန်တော့ပွဲဟာ အသက်ဝင်လျက် ရှိပါတယ်။ အခမ်းအနားမှူးအဖြစ် ကာတွန်းဝင်းကိုက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအစမှာ ကာတွန်းဆရာကြီး ရွှေမင်းသားက ကျေးဇူးရှိခဲ့ဖူးတဲ့ ဆရာကြီး ဦးဖေသိန်းနဲ့ ဆရာဦးအောင်ရှိန်ကို စတင် ကန်တော့ပါတယ်။ ကွယ်လွန်သွားကြတဲ့ ကာတွန်းဆရာကြီးများကို အောက်မေ့သောအားဖြင့် ၁ မိနစ် ငြိမ်သက် ဂါရဝပြုကြပြီး ဆရာကြီးများကို ကန်တော့ကြပါတယ်။

ကာတွန်း စိုးသော်တာ၊ ကာတွန်း တွတ်တွတ်


ပွဲမစခင်ကတည်းက တက်ရောက်လာကြသူတွေကို မိတ်ဆက်ပေးကြ၊ ဆရာကြီးများကို လက်ဆောင်ပစ္စည်းများနဲ့ အသီးသီး အသက ကန်တော့ကြပြီး တက်ရောက်လာကြတဲ့ ပရိသတ်တွေထဲက ကလေးငယ်တွေ တောင်းဆိုတဲ့အတိုင်း ကာတွန်းဆရာများက အမှတ်တရ ပုံတွေ ရေးပေးကြပါတယ်။ မန္တလေးကာတွန်းဆရာများ (အထက်ဗမာပြည်ကာတွန်းဆရာများ) ကိုယ်စား ကာတွန်းဆရာ တွတ်တွတ်က အမှတ်တရစကား ပြောကြားပြီး ဆရာကြီးများကို ကန်တော့ခဲ့ပါတယ်။

ဒီနေ့ ကျနော်တို့ရဲ့ အမိတိုင်းပြည်မှာ မီးတွေပျက်ပြီး ကုန်ဈေးနှုန်းတွေမြင့်၊ ငွေကြေးတွေ ဖောင်းပွ၊ မဂ္ဂဇင်းဂျာနယ်တွေ ရောင်းအားကျ၊ စီးပွားရေးတွေ ပျက်စပြုနေပြီး စာမူခတွေ တိုးမရကြပေမယ့် ခေတ်ကာလကြီးရဲ့ အဆီအငေါ်မတည့်မှုတွေကို ပျော်ပျော်ပါးပါးနဲ့ လောကကြီး ကောင်းရာကောင်းကျိုးကို တင်ပြနေကြတဲ့ မြန်မာပြည်ကာတွန်းဆရာများရဲ့ ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများ ကန်တော့ပွဲဟာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။ ။



ကာတွန်း ၀လုံး၊ ကာတွန်း ဇော်မောင်


Mar Mar Aye - 258

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၈)
စာရဲ့လေးနက်မှု
မာမာအေး
ဒီဇင်ဘာ ၂၉၊ ၂၀၀၈

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်- မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့တပတ်မှာတုန်းက အဆိုသင်ပေးချင်တဲ့ မာအေး လက်ကွက် အရင်ပေးဖြစ်သွားတယ်လို့ ပြောခဲ့ပါတယ်။ အရိုးကို အရွက်ဖုံးလို့ ကိုယ့်မြန်မာဂီတ စုန်းစုန်းမမြုပ်ခင် မီချင်တဲ့နေရာကနေပြီး မီနိုင်သမျှ လက်တကမ်းစာလေးပဲဖြစ်ဖြစ်၊ နုသစ်သူတို့လက်ထဲ ဆက်လက် မြဲခိုင် တပိုင်တနိုင်သော ဂီတ ပျိုးချကြည့်တဲ့ သဘောပေါ့ရှင်။

မာအေးရဲ့ ချစ်သူ ခင်သူတွေ သောတရှင်တွေ အားလုံးနဲ့ ဝေးနေရတာကလည်း ဆယ်စုကာလ စွန်းခဲ့မှပဲကိုး။ “ဒီနိုင်ငံမှာ ကိုယ့်အကျိုးလည်းရှိ၊ ဂီတအကျိုးလည်းရှိ၊ တိုင်းပြည်လည်း အကျိုးရှိစေမယ့် ရိုးရာဂီတ မှတ်တမ်းတွေ လုပ်ခဲ့ပါလား၊ အဲဒီဂီတ မှတ်တမ်းအတွက် စိတ်ဝင်စားစွာ ထောက်ပံ့ပေးမယ့် မြန်မာချစ်သူ လူတချို့ ရှိလို့ပါ။ ကျနော်တို့လည်း ၀ိုင်းကူပေးမှာပေါ့။ ၁ နှစ် ၂ နှစ်လောက် အချိန်ပေးနိုင်ရင် ဖြစ်ပါတယ်” လို့ မြန်မာကျောင်းဆရာကြီးတဦးက မြန်မာစကား ပီပီသသကြီး မာအေးကို ဖုန်းနဲ့ လိုက်ရှာပြီး ပြောခဲ့တာကို ယုံစားမိလို့ စောင့်စားမိလို့ အနေကြာသွားပါကြောင်း ပြောခဲ့ဖူးပါတယ်။ ခုတော့ အဲဒီစောင့်မိခဲ့တာကြီးကြောင့် ဘ၀တဆစ်ချိုး ထပ်ပိုးလာတဲ့ အပြောင်းအလွဲ ကံကြမ္မာမွဲဖို့ ကံဖန်လာတာလို့ ထားလိုက်ပါပြီလေ။ ဂီတမှတ်တမ်းမှတ်ရာတွေ သူတို့ လုပ်ပေးမှလား လို့ စိတ်မလျှော့ခဲ့ပါဘူး။

မနှစ်က နယူးယောက်မှာ မာအေးနှလုံးကိုခွဲစိတ် ကုသပေးခဲ့တဲ့ ဆရာဝန်တစုက ပြန်ခါနီး နှုတ်ဆက်ကြတော့ ပြောပါတယ် ‘မင်း နောက်ထပ် ပြန်လာစရာ မလိုတော့ဘူး မာမာ၊ မင်းကို နှလုံးအသစ်နဲ့ လူသစ်ဖြစ်အောင် တို့လုပ်ပေးလိုက်ပြီ’ တဲ့၊ သူတို့တတွေရဲ့ အောင်မြင်မှုအတွက် ၀မ်းသာ ပီတိဖြစ်တဲ့ အပြုံးတွေနဲ့ပေါ့။ ကိုယ်လည်း ပြုံးတော့ ပြုံးလိုက်မိတာပါပဲ။ ကိုယ့်ရင်ထဲမှာ သူ့ပစ္စည်းနဲ့သူ မဟုတ်တော့ပါလား လို့လည်း အသိမှာပေါ်တော့ နောက်ဆုံးခရီးတာ ပိုနီးလာတယ်လို့ ခံစားမိတာပေါ့ရှင်။ ဟိုးတုန်းကလောက် အချိန်မရှိတော့ဘူး၊ အားသွန်ခွန်စိုက် လုပ်နိုင်မယ့် လုပ်အားကရော ကိုယ်ရည်မှန်းထားတာတွေ ဘယ်လောက် လုပ်နိုင်မလဲပေါ့။ တယောက်တည်းတော့ နိုင်ပုံမပေါက်တော့ဘူးဆိုတာ သိနေပြီပဲ။ ကိုယ့်နိုင်ငံသား အများစုအားနဲ့ ပေါင်းပြီး ကျိုးစားရမယ်လို့ ဆုံးဖြတ်ပြီး ‘မာမာအေးဖောင်ဒေးရှင်း’ တည်ထောင်ဖို့ရာ ဆန်ဖရန်စစ္စကိုမှာ ရန်ပုံငွေပွဲ ကျင်းပ ခြေတလှမ်းစလိုက်ပါတယ်။

- မာအေးရဲ့ သီချင်းတွေ၊ ရေးခဲ့တဲ့စာတွေ ကဗျာတွေ ဆောင်းပါးတွေ၊ အသံလွှင့်ခဲ့တဲ့ ဟောပြောချက်တွေ အားလုံးကို စုဆောင်း သိမ်းဆည်း ထိန်းသိမ်းမယ်။
- မြန်မာ့ယဉ်ကျေးမှု ဆိုမှု တီးမှု ကခုန်မှုတွေ သင်ကြားပေးမယ်။
- မဟာဂီတ၀င် အခြေခံကြိုးသီချင်းများအတွက် ဆိုနည်းစနစ် ပြုစု ထုတ်လုပ်မယ်။
- ပြည်တွင်းပြည်ပက မြန်မာဂီတပညာရှင်တွေကို ကူညီပံ့ပိုးမယ်။
- ဂီတရေးရာ ဆွေးနွေးပွဲများ၊ စင်တင်ဖျော်ဖြေပွဲများ ပြုလုပ်မယ်။
- ဂီတ၀ါသနာရှင်များအတွက် စာဖတ်ခန်းနဲ့ မြန်မာစာ၊ မြန်မာစကား သင်ကြားပေးမယ် လို့ ရည်ရွယ်ထားပါတယ်။

ဂီတ၀ါသနာရှင်တွေကို မြန်မာစာ မြန်မာစကား သင်ပေးမယ် ဆိုတာ ကြားရတော့ ပြုံးချင်ချင် ဖြစ်သွားကြမလား မဆိုနိုင်ဘူး။ ဒီမှာဘက်က တချို့တလေ စတ်မတာ စာမတတ်ကြဘူး ရှင်တို့ရဲ့။ စကားမပြောတတ်တာတွေလည်း ကိုယ့်လူမျိုးထဲရှိပါ့။ ဒါကြောင့် သီချင်းဆိုချင်ရင် စာနဲ့စကား အရင်သင်မှဖြစ်မယ်၊ စာတတ်မှ သီချင်းက ဘာအဓိပ္ပာယ်လဲ လို့ သိမှာ မဟုတ်လား။ စာရဲ့လေးနက်မှုရှိပုံကို ပြောရအောင် သီချင်းလေးတပိုဒ် နားထောင်လိုက်ပါဦး။

ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင် မိုးလုံးမည်းမျှ မရွာစေချင်ပါပေ xx ဆည်မြောင်းချောင်းကန် အသင့်အမှန်ဖြိုးရန် ပုလဲလုံးရွဲအလှ ရွာစေချင်ပါပေ xx တို့ပြည်သည်ကား ဆန်စပါးအသက်ပေ၊ (တို့မြေဆီကား) တို့ပြည်သည်ကား ဆန်စကားအခက်ဝေ၊ မက်မပြေနိုင်သော လယ်တောယာမြေ၊ ထွန်ယက်ပြုစု ယုယအမြဲလေ (အမြဲတစေ) တိမ်တမန် အို အဆွေ၊ တို့များရွှင်လန်း ပုလဲပန်းကိုချွေ။ xx (တိတ်တမန်မှ - စိုးစန္ဒာထွန်း)

ဒီသီချင်းသားလေးကိုတော့ ချစ်ဆွေတို့ ကြားဖူးနေကြမှာပါ။ တိမ်တမန် ဆိုတဲ့ သီချင်းထဲကပါပဲ။ ရေးတဲ့ ဂီတစာဆိုကတော့ ‘မောင်မောင်လတ်’ တဲ့ရှင့်။ ‘နောင်’ ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာလောကမှာလည်း ထင်ရှားတဲ့သူဖြစ်ပါတယ်။

တိန်တမန်သီချင်းဟာ အဆိုတော်ကြီးမေလှမြိုင် ဓာတ်ပြားသွင်းဖို့ ရေးပေးခဲ့တာပါရှင်။ ဓာတ်ပြား မထုတ်ဖြစ်တဲ့အခါ တီးခတ်ပေးခဲ့ရတဲ့ စန္ဒယားလှထွတ်က သီချင်းကောင်းလေးမို့ နှမြောတသ အသံယူလွှင့်ခဲ့တာနဲ့ ကျော်ကြားတဲ့ တေးတပုဒ် ဖြစ်လာတာပါပဲ။

အကိုမောင်မောင်လတ် ရေးတဲ့ ‘တိမ်မည်းညိုရိပ်တွေ ကုန်သည်လေ’ ဆိုတဲ့ စာကို ‘တိမ်မည်းညိုရိပ်တွေ တောင်ပြန်လေ’ လို့တော့ ပြောင်းပေးခဲ့ရပါသတဲ့။ ‘ကုန်သည်လေ’ ဆိုတာ Trade Wind ကို ပြောမှန်း စာစစ်တဲ့သူက မသိဘူး ဆိုပဲ။ မူလတန်း ပထ၀ီ မကြေလို့ ထင်ပါရဲ့။ မာအေးလည်း ‘တိမ်တမန်’ ဆိုတဲ့သူတွေထဲမှာ ပါပါတယ်။ ‘မိုးပုလဲနဲ့ တိမ်မည်းညို’ ဇာတ်ကားအတွက် မဉ္ဇူရုပ်ရှင်ကို အသံသွင်းပေးခဲ့တာပါ။ ဒီကနေ့ ဆိုတဲ့သူက ‘တို့ပြည်သည်ကား ဆန်စပါး အသက်ပေ၊ တို့ပြည်သည်ကား ဆန်စပါး အခက်ဝေ’ လို့ ဆိုသွားတာကို ကြားလိုက်လို့ပါ။ တကယ်တော့ ‘တို့ပြည်သည်ကား ဆန်စပါး အသက်ပေ’ အဲဒါ မှန်ပါတယ်။ မာအေးတို့နိုင်ငံက စိုက်ပျိုးရေး အဓိကဟာ စပါးလို့ ပြောတာပါ။

နောက်စာတကြောင်းက ‘တို့မြေဆီကား ဆန်စပါး အခက်ဝေ’ လို့ ဆိုမှ တို့နိုင်ငံရဲ့ မြေဆီမြေနှစ်ဟာ ဆန်စပါး အပင်ရဲ့ အခက်အလက်တွေကို ဖွံ့ထွားအောင်မြင်စေတယ် ဆိုတဲ့ မူရင်းအဓိပ္ပာယ်ကို ဖြစ်စေမှာမို့ သီချင်းစာ အမှန် ဆိုရအောင် ပြောပေးလိုက်ပါတယ်ရှင်။ ။

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]