Sunday, November 30, 2008

30th Nov 2008 - Sunday Weekly Radio Program

မိုးမခရဲ့ ရေဒီယိုချစ်သူများ ဆစ်ဒနီ
နိုဝင်ဘာ ၃၀၊ ၂၀၀၈
သီချင်းဆို၍ ငိုရသည် - ခင်ညွန့်ရီ
သာသနာ့ဥသျှောင်ဥက္ကဋ္ဌ ပီနန်ဆရာတော်ရဲ့ တရား/ မတရားကောက်နှုတ်ချက်-Burma
သတင်းပဒေသာ၊ သီချင်းပဒေသာ
ပန်တျာတေး/ကြော်ငြာအရေး
သူလိုလူစားရှာမှရှား - ထောင်တွင်းကာလများ
(ဇင်လင်းရေးတဲ့ဦးဝင်းတင်-မိုးမခ)
တင်မိုးရဲ့လွယ်အိတ်ကဗျာ-မောင်စွမ်းရည်
ရခိုင်ဒီချုပ်အဖွဲ့ နာယက ပဏ္ဍိတ်ဆရာကြီး
ဦးဦးသာထွန်း (၉၁)နှစ်မွေးနေ့အမှတ်တရ
(နိုင်နိုင်-စစ်တွေ)
ဇာဂနာသီချင်း/ဇာဂနာဆုရသတင်း
စီစဉ်သူ-ဦးပန်တျာ၊ နှင်းမြတ်ခိုင်
(လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အခမဲ့ ကြော်ငြာနိုင်ပါပြီ)
ဆက်သွယ်ရန် Email - upantra@optusnet.com.au

Quotes for November, 2008

နိုဝင်ဘာလ စာကိုး စကားကိုး
ဒီဇင်ဘာ ၁၊ ၂၀၀၈

ကျွန်တော် အမေရိကားက ပြန်လာတော့ ရပ်ကွက်ထဲမှာ အသိ အဒေါ်ကြီး တစ်ယောက်က “ဟဲ့..နင် အခုမှ နိုင်ငံခြားက ပြန်လာတယ်ဆို။ AIDS စစ်ပြီးသွားပြီးလား။ ဟိုဘက်လမ်းက သီဟတစ်ယောက်တော့ မလေးရှားက ပြန်လာတာ ဆေးစွဲပြီး AIDS ကူးလာလို့” တဲ့။ ကျွန်တော် ဘာပြန်ပြောလို ပြောရမှန်း မသိအောင် ဖြစ်သွားတယ်။ သူတို့ အသိုင်းအ၀ိုင်းမှာက ဒီလို လူတွေများတော့ ကျွန်တော်ကို ဒီလို လာမေးတာ သူ့အတွက်တော့ မဆန်းပါဘူး။ ကျွန်တော်ကလည်း ဒီလို ရပ်ကွက်ထဲမှာ နေတာကိုး။
ကျွန်တော် ကျွန်မတို့သည်၊ http://wesheme.blogspot.com/2008/11/first-impression-on-foreign-countries.html နိုဝင်ဘာ ၁

ဒီလိုနဲ့ ဂျပန်လေဆိပ်ကိုရောက်ပါရော... မြန်မာပတ်စပိုစ့်ဆိုတော့ နဲနဲကြာကြာတော့ ကြည့်ခံရတာပေါ့နော်.. ဒါကလဲ ရိုးနေပါပြီ.. မြန်မာဖြစ်ရခြင်းရဲ့ အထူးအခွင့်အရေးတွေလေ.. သူများထက်စစ်ခံရတာ..
မဗေဒ၊ http://mabaydar.blogspot.com/2008/11/blog-post_16.html နိုဝင်ဘာ ၁၆

ယနေ့ကာလမျိုးတွင် ဆယ်ကျော်သက် အမျိုးသမီးငယ်ကလေးများ၊ တနည်းအားဖြင့် မျိုးဆက်သစ် မိန်းကလေးငယ်များကို နေ့စဉ် သနပ်ခါးသွေးလိမ်းဖို့ စည်းရုံးဆဲဆောင်ရမည့် အရေးမှာ လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်လှပါသည်။
နိုင်မင်းဝေ၊ ကျော်ဇေယျာထွန်း၊ ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန် စီးပွားရေး သတင်းမဂ္ဂဇင်း

ခရီးသွားဆောင်းပါးရေးတာ ဓာတ်ပုံကောင်းတပုံ အမိအရ ရိုက်ရတာနဲ့ ဆင်ဆင်တူတယ်။ တချို့ဓာတ်ပုံကောင်းတွေက တဒင်္ဂ၊ လျှပ်တပြက်အတွင်း ခလုတ်တချက် အမိအရ နှိပ်လိုက်နိုင်မှ ရလိုက်တာမျိုး။
ခရီးသွားဆောင်းပါး ရေးတာကလည်း ခရီးသွားနေစဉ်မှာ အာရုံခံစားမှုတွေ နိုးကြား လတ်ဆတ်နေဖို့ လိုပြီး တွေ့ကြုံခံစားရချက်တွေကို မှတ်မှတ်ရရ မှတ်သား သိုမှီးနိုင်ပါမှ တော်ရုံကျမယ်။
ညီပုလေး၊ စိမ်းလန်းတဲ့တောင်ကုန်း၊ မြင့်မားတဲ့တောင်တန်း၊ နိုဝင်ဘာ ၂၀၀၈

မြန်မာရနံ့ပန်းချီဆိုတာ မြန်မာပန်းချီကားတွေ မြန်မာဆန်ဆန်ရေးဆွဲဖို့ကို ဆိုလိုပါတယ်.. မြန်မာဆန်တယ် ဆိုတာလည်း ရှေးပုဂံခေတ် အင်းဝခေတ်ပန်းချီတွေလို ရေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.. ပန်းချီကားကို မြင်တာနဲ့ ဒါမြန်မာပန်းချီပဲလို့ သိသာစေတာမျိုးကို ဆိုလိုပါတယ်.. ဂျပန်ပန်းချီ တရုတ်ပန်းချီတွေဆို ပန်းချီကားကိုမြင်တာနဲ့ သူတို့မှန်းသိသာအောင်ပဲ ဂျပန် တရုတ် အငွေ့အသက် ရနံ့တွေပါနေတယ်.. အဲလိုသိသာတဲ့ အဓိကအချက်ကတော့ ဟန်.. အရောင်နဲ့ အပြင်အဆင်တွေပဲ.. ဒါတွေကို မူပိုင်ရယူထားရမှာပါ..
နန်းညီ၊ http://www.random-random.co.cc/2008/11/blog-post_13.html

ကြေးမုံဦးသောင်း (ဆရာအောင်ဗလ) က ကျနော်တို့ ကာတွန်းတွေကို ရန်ကုန်သတင်းစာကာတွန်းတွေနဲ့ အလဲအလှယ် သုံးကြဖို့ စနစ်၊ ဆင်ဒီကိတ်စနစ်လုပ်ဖို့တောင် အကြံပြုပါသေးတယ်။ အဲဒီစနစ်ကတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ခုချိန်ထိလည်း မလုပ်ဖြစ်ကြသေးပါဘူး။ အလွန်ကျင့်သုံးသင့်တဲ့စနစ်ပါ။ ဒီကနေ့ခေတ် မဂ္ဂဇင်းပါ ကာတွန်းတွေကို ဆင်ဒီကိတ်စနစ်နဲ့ သုံးကြရင် ကာတွန်းပညာရှင်တွေလည်း အကျိုးပိုပြီးတော့ ခံစားကြရမယ်။ မဂ္ဂဇင်းတွေလည်း အကုန်အကျ သက်သာပြီး လက်ရာများများ ဖော်ပြနိုင်ကြမှာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်အတွက်လည်း အများကြီး ဖတ်ခွင့်ရကြမယ်။ အဘက်ဘက်က အကျိုးများတဲ့ စနစ်ဖြစ်ပါတယ်။
ဝင်းဖေ၊ ၀င်းဖေလွယ်အိတ် အစီအစဉ်၊ ဘီဘီစီ မြန်မာဋ္ဌာနထုတ်လွှင့်ချက်၊ နိုဝင်ဘာ ၁၅

နိုင်ငံမှာ အရေးကြီးတဲ့ ကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်ရမယ့် အညွှန့်အဖူးလူငယ်တွေဟာ သူတို့လုပ်ဆောင်ရမယ့်အလုပ်တွေကို မလုပ်နိုင်ဘဲနဲ့ ဒီလို ထောင်တွင်းအကျဉ်းချခြင်းခံနေရတာဟာ ကျမတို့ ဒီမိုကရေစီလိုလားသူတွေ ချည်းပဲ နစ်နာတာ မဟုတ်ပါဘူး။ အကုန်လုံး အညွှန့်ချိုးခံရခြင်းဖြစ်ပါတယ်။ နိုင်ငံနဲ့အဝန်း တနိုင်ငံလုံးကို အညွှန့်ချိုးခံနေရတယ်။
ဒေါ်လဲ့လဲ့၊ အမျိုးသမီးလုပ်ငန်းအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီဗွီဘီ၊ နိုဝင်ဘာ ၁၁

"
... သုဝဏ္ဏဘူမိ၊ သုဝဏ္ဏဘုမ္မိ မည်သို့ပင် စာလုံးပေါင်းစေကာမူ သုဝဏ္ဏဘုမ္မိ ဘယ်အရပ်မှာ ရှိသလဲ ... ... " " ... ဆရာကြီးဒေါက်တာသန်းထွန်းက ပုဂံခေတ်နိုင်ငံရေးသမိုင်း စာအုပ်ထဲတွင် ပဲခူးကလျာဏီသိမ် ကျောက်စာထဲ၌ သုဝဏ္ဏဘူမိဟူသည် တိုက်ကုလားမြို့ ဟု ရေးထိုးထားကြောင်း၊ ဇဗ္ဗူဒီပ ဦးဆောင်းကျမ်းထဲ၌မူ ဇင်းမယ် ဟု ဖော်ပြထားကြောင်း၊ ထိုင်းတို့ကမူ သုဝဏ္ဏဘူမိသည် ပရပထာမ် ဟု ယူဆကြပြီး မော်လမြိုင် တောင်ပေါက်ဆရာတော်က ပါဠိ အဋ္ဌကထာဋီကာများ ဖတ်ကာ စူမားတြားကျွန်းနှင့်တကွ ဂျာဗား၊ ဘာလီ၊ ဘိုနီယို၊ မာလာယု၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့်တကွ မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ ဖြစ်သင့်သည်ဟု ဆိုကြောင်း ဖော်ပြထားခဲ့ပါသည်။

ဆရာကြီးဒေါက်တာသာလှကမူ 'မြန်မာရာဇ၀င်၊ မွန်ရာဇ၀င်၊ သထုံရာဇ၀င် နှင့် အစဉ်အဆက် မှတ်တမ်းများ၌ တွေ့ရသော သုဝဏ္ဏဘူမိဟူသည် အစဉ်အဆက် မှတ်သားလာခဲ့သော စွဲလမ်းမှု သက်သက်သာ ဖြစ်ကြောင်း၊ သုဝဏ္ဏဘုမ္မိဟူသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်စူးစူး ကီလိုမီတာ ၆၀ ခန့်အကွာရှိ နချန်ယထုံမြို့ဟောင်းသာလျှင် ဖြစ်နိုင်ကြောင်း' တင်ပြခဲ့ဖူးပါသည်။

မွန်သုတေသီ နိုင်ခင်မောင်လေးကမူ သုဝဏ္ဏဘုမ္မိ ဟူသည်မှာ သထုံပါပဲ ဟု ဆိုပါသည်။ ..."
ညွန့်သောင်းစီ၊ ပန်းအင်္လကာမဂ္ဂဇင်း၊ နိုဝင်ဘာ


Khin Myo Chit - What Jataka teach us


အစဉ်ခေတ်မှီနေသော ငါးရာ့ငါးဆယ်

ခင်မျိုးချစ်

နိုဝင်ဘာ ၃၀၊ ၂၀၀၈

ငါးရာ့ငါးဆယ်နိပါတ်တော် ၀တ္ထုများကို ကလေးဘ၀ကမိဘဘိုးဘွားခွင်ထက်မှာ ကြားနာခဲ့ကြရတယ်။ စေတီပုထိုးများမှာပန်းချီပန်းပုများနှင့် သရုပ်ဖော်ထားတာတွေကို မြင်ခဲ့ရတယ်။ ကလေးဘ၀တွင် အငြီးပြေသဘောလောက်သာမက လူ့ဘ၀တလျှောက်လုံး အသုံးဝင်သည့် အတွေးအခေါ် သဘောတရားတွေပါနေတာကိုလည်း ကြာလေ ကြာလေ သဘောပေါက်မိပါတယ်။ ၅၅၀နိပါတ်တော် ဦးဆုံးအစဖြစ်တဲ့ ဧကနိပါတ်ရဲ့ ပထမဇာတ်ဝတ္ထုကို တင်ပြလိုပါတယ်။


ဇာတ်လမ်းကတော့ မဆန်းလှပါဘူး။ လှည်းကုန်သည် ၅၀၀ အစု နှစ်စုတို့ ကန္တာရခရီး ဖြတ်ပြီး ကုန်ရောင်းကုန်ဝယ် သွားကြတဲ့ အကြောင်းပါဘဲ။ အုပ်စု နှစ်စု ဘယ်သူက အလျင်ရှေ့က သွားမလဲဆိုတာ ညှိကြတယ်။ ပညာရှိ လှည်းကုန်သည်က နောက်မှသွားဘို့ ဆုံးဖြတ်တယ်။ လူမိုက် လှည်းကုန်သည်က ရှေ့ကသွားမယ်လို့ ဆိုတယ်။ လှည်းကုန်သည် နှစ်ဦးရဲ့ အတွေးအခေါ် ယူဆပုံကလည်း အတော် စိတ်ဝင်စားစရာ ကောင်းပါတယ်။


လူမိုက် လှည်းကုန်သည်က ဒီလို တွေးတယ်။ ရှေ့က သွားရင် လမ်းတွေ မပျက်စီးသေးဘူး လမ်းကောင်းကောင်းက သွားရမယ်။ နွားတွေလည်း တခြားနွားတွေ မစားသေးတဲ့ မြက်ဦးကို စားရမယ်၊ လူတွေလည်း သူတပါးမခူးသေးတဲ့ ဟင်းရွက်ဦးကို စားရမယ်၊ ရေအိုင်တွေလည်း သူတပါး မခပ်သေးကြတာမို့ ကြည်လင် သန့်ရှင်းမယ်၊ မြို့ပြထဲရောက်တဲ့အခါလည်း ဈေးက ဈေးရောင်းသွားကြတဲ့ ကုန်တွေကို ဈေးတင်ပြီး ကိုယ်ကြိုက်တဲ့ဈေးနှင့် ရောင်းနိုင်မယ်။ အဲသလိုတွေးပြီး သူရှေ့က အလျင်သွားမယ်လို့ ဆိုတယ်။


ပညာရှိ လှည်းကုန်သည်က ခုလို တွေးတယ်။ ရှေ့က သွားတဲ့ လှည်းကုန်သည်တွေက လမ်းမကောင်းရင် ပြင်ဆင်ကြလိမ့်မယ်။ မညီညာရင်ဖို့ကြလိမ့်မယ်၊ ဒီတော့ တို့တတွေ လမ်းကောင်းကောင်း သွားရလိမ့်မယ်၊ ရှေ့ကသွားတဲ့ နွားတွေဟာ မြက်ကြမ်းကို စားကြရမယ်၊ နောက်ကလာတဲ့ နွားတွေက တဖန်တက်လာတဲ့ ရွက်နုကို စားရလိမ့်မယ်။ ရှေ့ကသွားတဲ့သူတွေ ကရေမရှိရင် တူးသွားကြမှာပဲ၊ ဒီတော့ တို့တတွေ ရေ အသင့် ရမှာပေါ့၊ မြို့ပြကိုရောက်လို့ ဈေးရောင်းရာမှာလည်း ရှေ့က ကုန်သည်များက ဈေးတင်ပြီးဖြစ်လို့ အထူးဈေးမဆိုရဘဲ အလွယ်တကူ ရောင်းရလိမ့်မယ်။ အဲသလို တွေးပြီး နောက်မှသွားဖို့ သဘောတူတယ်။


ဒီနေရာမှာ လှည်းကုန်သည် နှစ်ဦး တွေးပုံက လုံးလုံးလျားလျား မှားတယ်လို့ မဆိုနိုင်ဘူး။ ပထမ လှည်းကုန်သည် တွေးသလို ဆိုလည်း ဖြစ်နိုင်တာဘဲ။ ဒါပေမယ့် ဒုတိယ လှည်းကုန်သည်က ပညာရှိတော့ ငါ အလျင် ရှေ့ကသွားမယ်လို့ဆိုရင် စကားများကြမှာပဲ၊ ငြင်းခုန်ရမှာပဲ၊ ဒီတော့ အချိန်ကုန် လူပင်ပန်းခံပြီး စကား အရေးဆို မနေတော့ဘဲ နောက်မှပဲ လိုက်ခဲ့မယ် လို့ သဘောတူလိုက်တယ်။ ပြီးတော့လည်း လှည်းကုန်သည်အုပ်စုသွားပြီး ရက် အတော်ကြာမှ နောက်က လိုက်ခဲ့တယ် ဒါမှ သူတွေးတဲ့အတိုင်း ရှေ့လူတွေ ခူးသွားတဲ့ သစ်ပင်နွယ်ပင် နောက်သစ်ရွက်ဖူးတွေ တက်လာမယ်ပေါ့။


ဒီကိစ္စမှာ သင်ခန်းစာယူစရာက အရေးမကြီးတဲ့ကိစ္စမှာ အချင်းချင်း အငြင်းမပွားကြဘဲ လိုက်လျောသင့်တဲ့အခါမှာ လိုက်လျောရမယ်။ ပြီးတော့ အချိန်ကာလ ဆိုင်းငံ့ပြီး ကိုယ့်အတွက် အကျိုးရှိအောင် လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်၊ စိတ်ရှည်ဘို့၊ သဘောထားကြီးဘို့ဒီဝတ္ထုက ညွန်ပြ သွန်သင်လိုက်တာပါပဲ။ ကဲ ဇာတ်လမ်းဆက်ကြဦးစို့။


ပထမ လှည်းကုန်သည်အုပ်စုဟာ ရေမရှိတဲ့ ကန္တာရအနီး ရောက်လာကြတယ်။ သူတို့ခရီးစဉ်အတိုင်း အဲဒီအရပ်ကို ဖြတ်သွားမှာကို သိကြလို့ လှည်းပေါ်မှာ ရေအိုးတွေ တင်လာကြတယ်။ အဲဒီနေရာမှာ လူသားစားဘီလူးတွေက လူရဲ့အသွင်အပြင်ကို ယူကြပြီး လှည်းယာဉ် စီးလာကြတယ်။ သူတို့ကိုယ်မှာ ရေတွေစိုရွှဲ နေကြတယ်။ ကြာနီကြာဖြူတွေ ပန်ထားကြတယ်။ ကြာစွယ်ကြာခိုင်တွေကို စားလာကြတယ်။ သူတို့လာခဲ့တဲ့ အရပ်မှာ ရေ အလွန် ပေါတယ် ဆိုတာကို မြင်ရသူစိတ်မှာ ယုံကြည်သွားအောင် လုပ်ကြတယ်။


လှည်းကုန်သည်တွေအုပ်စုနဲ့ ရင်ဆိုင်တြွေ့ကတော့

"ရေတွေ ဒီလို အလေးခံယူဘို့ မလိုဘူး"

အစရှိသည်ဖြင့် ပြောကြတယ်။ ရေအိုးတွေ ခွဲ ရေတွေသွန်ပြီး ပေါ့ပေါ့ပါးပါး သွားကြပါတော့ပေါ့ လို့ ဆိုတယ်။

ဒီစကားကို လှည်းကုန်သည်ခေါင်းဆောင်က ယုံကြည်ပြီး သူ့လှည်းသားတွေ ရေတွေ စွန့်၊ ရေအိုးတွေ ခွဲခိုင်းတယ်။ လူတွေကလည်း ၀န်ပေါ့တာပဲ ဆိုပြီး အားရ၀မ်းသာ လုပ်ကြတော့တာပေါ့။ ခရီး ဒီလိုနှင့် ဆက်တော့ ရေက မတွေ့ဘူး၊ နွားတွေလည်း ရေမတိုက်ရ၊ လူတွေလည်း ရေမသောက်ရ၊ ထမင်းဟင်းမှ ချက်လို့မဖြစ်တော့ အစားအစာ ငတ်ပြီး နွမ်းလျကုန်တာပေါ့။ နွားတွေလည်းသေ လူတွေလည်း ချိကုန်တယ်။


သူတို့လူစုက လှည်းသား ငါးရာတောင်ရှိတာပဲ။ ကာကွယ်ရေးအတွက် လက်နက်တွေလည်း ပါတယ်။ ဘီလူးတွေက အလွန်ဆုံး ဆယ့်သုံး လေးယောက်လောက် ရှိတာဆိုတော့ … လူတွေကို ငတ်ပြတ် အားအင်ကုန်ခန်းအောင် လုပ်ပြီးမှ ၀င်စီးတော့တာပေါ့။ သူတို့စခမ်း တွေ့တဲ့နေရာမှာ ကုန်ဝန်စည်စလည် အပြည့်နှင့် လှည်းတွေပဲ ကျန်တော့တယ်။ လူအရိုးတွေလည်း စုပုံနေတော့တယ်။


ပညာရှိကုန်သည်နှင့် အပေါင်းအပါတို့က နောက် ၁ လခွဲလောက် ကြာမှ နောက်က လိုက်လာကြတယ်။ လူနေမြို့ပြလွန်လို့ ကန္တာရထဲ ရောက်တာနဲ့ ဘီလူးတွေက အရင်ကနည်းအတိုင်း ဖြားယောင်းကြပြန်တယ်။ ဒီတော့ ခေါင်းဆောင်လှည်းကုန်သည်က သူ့နောက်လိုက်တွေနဲ့ အခုလို အချီအချ ပြောကြတယ်။


မေး။ ။ အသင်တို့သည် ဤအရပ်ခရီး၌ အိုင် သို့မဟုတ် လေးထောင့်ကန်ရှိတယ်လို့များ သူများပြောစကား ကြားဖူးကြသလား။

ဖြေ။ ။ မကြားဘူးပါ။

မေး။ ။ ယခု ငါတို့နှင့် တွေ့ရတဲ့လူတွေက ပြောတယ်၊ ဒီတောက လွန်ရင် မိုးရွာသတဲ့။ မိုးသက်လေ ဆိုတာ ဘယ်လောက်ဝေးဝေးက လာသလဲ။

ဖြေ။ ။ တ ယူဇနာ ဝေးတဲ့အရပ်က လာပါတယ်။

မေး။ ။ သင်တို့ရဲ့ ကိုယ်ကို မိုးသက်လေ အမှတ်မဲ့ တိုက်ခတ်မိကြသလား။

ဖြေ။ ။ မတိုက်ခတ်မိပါ။

မေး။ ။ မိုးတိမ်ညွန့်ကို ဘယ်လောက်ဝေးဝေးက နေပြီး မြင်နိုင်သလဲ။

ဖြေ။ ။ ၃ ယူဇနာက နေပြီး မြင်ရပါတယ်။

မေး။ ။ မင်းတို့လူစုထဲက တယောက်တလေများ မိုးတိမ်များ မြင်မိကြသလား။

ဖြေ။ ။ မမြင်မိပါ။

မေး။ ။ မိုးသံကို ဘယ်လောက် ဝေးတဲ့ကနေ ကြားရသလဲ။

ဖြေ။ ။ တ ယူဇနာလောက်ကနေ ကြားရပါတယ်။

မေး။ ။ သင်တို့လူစုထဲက တယောက်ကများ မိုးသံ ကြားမိကြသလား။

ဖြေ။ ။ မကြားမိပါ။


ဒီတော့ ခေါင်းဆောင် လှည်းကုန်သည်က သူ့လူတွေကို ရေတွေ မသွန်ပစ်ဖို့ပြောတယ်။ ရေပေါပေါများများရဖို့ ကန် ချောင်း မျက်မြင်တွေ့မှသာ ရေကို သွန်ရမယ်ပေါ။့ ပြီးတော့ သူတို့နှင့် တွေ့တဲ့လူတစုဟာ မရိုးသားဘူး၊ အကောက်ကြံတာပဲ ဖြစ်ရမယ်၊ အစာရေစာ ငတ်ပြတ် အားအင်ကုန်တဲ့အခါမှာ အလစ်ဝင်စီးမှာ သေချာတယ်၊ ဒီတော့ ဒီနေရာက ဝေးအောင် လျှင်လျှင်မြန်မြန် လှည်းတွေ မောင်းစေတယ်။ သိပ်ပြီး မသွားလိုက်ရပါဘူး။ ရှေ့က လှည်းကုန်သည်တွေရဲ့အဖြစ်ကို အထင်အရှား မြင်ကြရတော့တာပဲ။ အရိုးတွေ တောင်လို ပုံနေတာ တွေ့ကြရတယ်။


ဒီတော့ ညဥ့်အချိန် စခမ်းချတဲ့အခါမှာ လူတွေ လက်နက်ကိုင်စွဲပြီး အလှည့်ကျ စောင့်ရှောက်စေတယ်။ နံနက် စောစောထ ကိစ္စပြီးစေတယ်။ သူတို့လှည်းတွေထဲက ကျိုးပဲ့တဲ့ လှည်းတွေကို ရှေ့ကသွားတဲ့ ကျန်ရစ်ခဲ့တဲ့သူတွေရဲ့ခိုင်ခန့်တဲ့ လှည်းတွေနှင့် လဲယူတယ်။ ဥစ္စာပစ္စည်းတွေကို အဖိုးထိုက်တာတွေယူပြီး ကိုယ်မှာပါလာတဲ့ အဖိုးမတန်တာတွေကို ၀န်ပေါ့အောင် ချထားခဲ့ကြတယ်။


အဲသည်လို စီမံပြီး လူနေမြို့ပြပြည်ရွာတွေလှည့်ပြီး ကုန်များ ရောင်းကြတယ်။ အမြတ်အစွန်းလည်း ၂ ဆ ပိုရကြတယ်။ ကိစ္စပြီးတော့ ချမ်းချမ်းသာသာနှင့် ကိုယ့်အရပ်ကို ပြန်ကြတယ်။ ဒီတော့ ပညာဉာဏ် အဆင်ခြင်နှင့် ပြည့်စုံတဲ့ ခေါင်းဆောင်မှုကို ရတဲ့သူတွေမှာ ဘေးကင်း ရန်ကင်းပြီး ချမ်းသာကြရတယ်။


၅၅၀ နိပါတ် ၀တ္ထုတိုင်းမှာ ခေတ်ကာလမရွေး နေရာမရွေး နှလုံးသွင်းအပ်တဲ့ စည်းကမ်းတွေ ပါ ပါတယ်။ ဘယ်တော့မှ ခေတ်မမှီဘူးဆိုတာ မရှိပါဘူး။ မြန်မာလူမျိုးများအဖို့ ၅၅၀ နိပါတ်တော်တွေဟာ တကယ် အားကိုးရာဖြစ်လို့ သားစဉ်မြေးဆက် သိမ်းပိုက်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

Government supporters rally in Thailand against protest alliance

အခြေအနေ တင်းမာနေဆဲဖြစ်သော ဘန်ကောက်မြင်ကွင်း
ဓာတ်ပုံသတင်း

ဒီဇင်ဘာ ၁၊ ၂၀၀၈



ရဲတပ်ဖွဲ့ဂိတ်စခန်းကို ကျော်ဖြတ်ပြီး သုဝဏ္ဏဘူမိ လေဆိပ်သို့ရောက်လာပြီး ဆန္ဒပြသူများထံ အားဖြည့်ပူးပေါင်းသူများ။
အင်္ကျီအ၀ါဝတ် အစိုးရဆန့်ကျင်သူများက ဘန်ကောက်ရှိ လေဆိပ်ကြီး နှစ်ခု နှင့် ၀န်ကြီးချုပ်ရုံးကို သိမ်းပိုက်ထားဆဲဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ကလည်း ရာထူးစွန့်လွတ်ရန် ငြင်းဆန်ဆဲဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၄ ရက်နေ့(လာမည့် ကြာသပတေးနေ့)တွင် ထိုင်းဘုရင်မင်းမြတ်က သူ၏မွေးနေ့အကြိုအဖြစ် ရုပ်မြင်သံကြားမှတဆင့် တနိုင်ငံလုံးသို့ မိန့်ခွန်းပြောဆိုလေ့ရှိသည်။ ထိုင်းပြည်သူများက ၎င်းတို့၏ဘုရင်အား လေးစားချစ်ခင်ကြသည်။ အဆိုပါမိန့်ခွန်းတွင် ယခုဖြစ်ပေါ်နေသော တင်းမာမှုကို ပြောင်းလဲပေးမည့်အဖြေ ပါဝင်မည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်နေသည်။

သုဝဏ္ဏဘူမိလေဆိပ်တွင် အစိုးရဘက်တော်သားတဦးကို ဖမ်းဆီးစစ်ဆေးနေသည့် ဆန္ဒပြသူများ။



အစိုးရကိုထောက်ခံဆန္ဒပြသူများလည်း ရှိသည်။ ၎င်းတို့က လေဆိပ်သိမ်းပိုက်ထားခြင်းကို ကန့်ကွက်နေကြသည်။ ၎င်းတို့၏ အမှတ်အသားမှာ အနီရောင်အ၀တ်အစားဖြစ်သည်။ (ဓာတ်ပုံ - AP, AFP, Getty Image)

Burmese in NYC host Burmese Literary Talk

နယူးယောက်က မြန်မာများက စာပေဟောပြောပွဲကျင်းပကြ

မိုးမခ အထောက်တော် ၀၀၇

နိုဝင်ဘာ ၃၀၊ ၂၀၀၈

၈ ကြိမ်မြောက် မြန်မာစာပေဟောပြောပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်အနီးရှိ UN Plaza အဆောက်အဦတွင်း ခန်းမတခုတွင် နိုဝင်ဘာ ၂၉ က ကျင်းပခဲ့သည်။ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေထိုင်ကြသည့် စာပေအနုပညာရှင်ကြီး ၃ ဦးက ဟောပြောခဲ့ကြသည်။

စာရေးဆရာ ဒါရိုက်တာ ပန်းချီဆရာ ၀င်းဖေ က “၀င်းဖေ လွယ်အိတ်” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဘ၀ဖြတ်သန်းမှုအပေါ် မူတည်ပြီး မည်သို့ မည်ပုံ စာရေးဆရာ ဒါရိုက်တာ ပန်းချီဆရာဖြစ်လာသည့်အကြောင်းများကို ဟောပြောသွားသည်။

ကဗျာနှင့် စာပေဝေဖန်ရေးဆရာ မောင်စွမ်းရည်ကမူ “ကဗျာ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ကဗျာ၏ သံစဉ်များအကြောင်းနှင့် မြန်မာအာဏာရှင်များလက်အောက် ကဗျာဖွဲ့ဆို ဖြစ်တည်လာမှု လမ်းကြောင်းများအကြောင်းကို ရှင်းပြ ဟောကြားသည်။

တိုင်းသိ ပြည်သိ တေးသံရှင် ဒေါ်မာမာအေးက “အသံကို ဘယ်လို အလှဆင်မယ်” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ကက်ဆက်ဖြင့် သီချင်းလေး တပိုဒ် ဖွင့်လိုက် ရှင်းပြလိုက် ဆိုပြလိုက်နှင့် သီချင်းစာသား အသံများ၏ အထားအသို ဖွဲ့စည်းမှု၊ အသံအတက်အကျကြောင့် အသံ အလှအပ ဘယ်သို့ ဘယ်ပုံ ဖြစ်ရသည်များကို ရှင်းလင်းဟောပြောပြီး “မြခြူသံ” ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် မင်းသမီး ဘာကြောင့် လုပ်ဖြစ်ခဲ့သည့်အကြောင်းကို ဟောပြောခဲ့သည်။

ဧည့်ပရိသတ် ၆၀ ကျော် တက်ရောက်နားထောင်ခဲ့သည့် ၎င်းစာပေဟောပြောပွဲတွင် စမူဆာ၊ လဘက်ရည်၊ ဟလ၀ါ၊ လဘက်သုတ်တို့ဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။

နယူးယောက်မြို့နေ မြန်မာများ စုစုစည်းစည်း ရှိလာစေရန် မြန်မာစာပေချစ်မြတ်နိုးစိတ် ရှင်သန်နေစေရေး တို့အတွက် နယူးယောက်မြန်မာစာပေဟောပြောပွဲကို သက္ကရာဇ် ၂၀၀၀ မှ စတင် ကျင်းပလာခြင်း ဖြစ်ကြောင်း စာပေဟောပြောပွဲကျင်းပရေး ကော်မီတီဝင် တဦးက မိုးမခသို့ ရှင်းပြသည်။

ယခုကဲ့သို့ စာပေဟောပြောပွဲ ကျင်းပနိုင်ရန်အတွက် OSI Burma Project အဖွဲ့အစည်းက အမေရိကန် ဒေါ်လာ ၂၀၀၀ ထောက်ပံ့သလို မြန်မာစေတနာရှင်များက ဒေါ်လာ ၉၀၀ ကူညီ ထောက်ပံ့ခဲ့ကြောင်း သိရပါသည်။

Saturday, November 29, 2008

2010 US Census for Burmese - second community meeting at the bay area

၂၀၁၀ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာတို့စာရင်းပေါက်ရေး

ဝိုင်းဝန်းကြရန် ဒုတိယအကြိမ် ဆွေးနွေး

မိုးမခ အထောက်တော် ၀၀၂

နိုဝင်ဘာ ၃၀၊ ၂၀၀၈

နိုဝင်ဘာ ၂၃ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာဒေသ ဒေးလီးစီးတီး ဂျက်ဖာဆန် အထက်တန်းကျောင်း ထေရ၀ါရဓမ္မသင်တန်းခန်းမမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာမိသားစုတို့ စုဝေးကြပြီး ၂၀၁၀ အမေရိကန်သန်းခေါင်စာရင်း ကောက်ခံမည့်အရေးကို ဒုတိယအကြိမ် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

တစထက် တစ မြန်မာအမျိုးသားတို့ စိတ်ဝင်စားလာသည်နှင့်အမျှ ဘေးဧရိယာတ၀ှမ်းရှိ မြန်မာများထူထောင်ထားတဲ့ ဘာသာရေး၊ လူမှုရေး၊ သာရေး နာရေး အသင်းအဖွဲ့များ အဖွဲ့အစည်းများနဲ့ ဦးဆောင်သူတွေ အားလုံးကိုပါ ဖိတ်ခေါ်ပြီး ၂၀၁၀ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာစာရင်းပေါက်ရေး ရှင်းလင်းတင်ပြကြရန်၊ မြန်မာပြည်ဖွားနှင့် မြန်မာမျိုးနွယ်တို့အားလုံးကိုလည်း အစည်းအရုးံများ၊ ဘာသာရေးစုဝေးရာနေရာများနဲ့ အဆင်ပြေသည့် အချိန်နေရာများမှာ အများသိရှိနိုင်ရန် ရှင်းလင်းကြဖို့ တဆင့်ပြီး တဆင့် လိုအပ်တဲ့အကြောင်း တိုင်ပင်ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးတက်ရောက်သူ မြန်မာလူငယ်တဦးက -

“ဒီ အရေးကိစ္စက အမေရိကန်ကို ပြောင်းရွေ့အခြေချတဲ့ မြန်မာနိုင်ငံသားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ တဦး တယောက် တစု တဖွဲ့ကနေပြီး လုပ်ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒီဒေသတင်မက ပြည်နယ်တွေ အားလုံးက မြန်မာတွေ ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်း ပညာပေးကြဖို့၊ ဆော်သြကြဖို့ ဆောင်ရွက်ကြဖို့ အားလုံး ကမကထလုပ်ကြရမှာ ဖြစ်ပါတယ်။ တိုင်ပင်ကြ၊ ညှိနှိုင်းကြရပါမယ်။ အားလုံး ကြားကြားသမျှ တဆင့်စကား တဆင့်နားနဲ့ လက်ဆင့်ကမ်းပြီး သတင်းဖြန့်ပေးကြစေလိုပါတယ်။ ဒေသခံ သက်ဆိုင်ရာ ရုံးတွေကလည်း ဒီလိုစိတ်ဝင်စားကြတာကို သဘောကျတာကို တွေ့ရတယ်”

လို့ သူ့ အမြင်ကို ပြောပြသွားပါတယ်။

Mar Mar Aye 255

အသံနားဆင်ရန် ဤနေရာကို နှိပ်ပါ

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၅)

တန်ဆောင်မုန်း၊ တန်ဆောင်တိုင်
မာမာအေး
နိုဝင်ဘာ ၃၀၊ ၂၀၀၈
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့တပတ်က အဇာတသတ်မင်း မြတ်စွာဘုရားကျောင်းတော်ကို သွားမယ့်လမ်းက မှောင်နေလို့ မီးရှူးမီးတိုင် ကိုင်ဆောင် ထွန်းညှိပြီး သွားရလို့ တန်ဆောင်မုန်းလမှာ မီးထွန်းပွဲ ဖြစ်ခဲ့တယ်၊ မြတ်စွာဘုရားက အဇာတသတ်မင်းကို ‘သာမညဖလသုတ္တန်’ကို ဟောကြားခဲ့လို့ ‘သာမညဖလအခါတော်နေ့’လို့ ခေါ်ကြတယ်၊ အဲဒါ ‘ရဟန်းပြုခြင်းရဲ့အကျိုး’ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရဟန်းပြုလို့ ဖြစ်လာတဲ့ အကျိုးတွေကတော့ - - ရဟန်းပြုပြီ ဆိုတာနဲ့ မင်းခစားဘ၀နဲ့ မင်းပြစ်မင်းဒဏ် ကင်းလွတ်မယ်။ အခွန်ထမ်းဆောင်ရတာတွေ ကင်းလွတ်သွားမယ်။ ပါတိမောက္ခ သံဝရသီလ ပြည့်စုံတဲ့အတွက် အပါယ်ဘေး ကင်းမယ်။ ဒုစရိုက်ကို ရှောင်တာကြောင့်မို့ စူဠသီလနဲ့ ပြည့်စုံတဲ့ အကျိုးရမယ်။ မဦ္စမသီလနဲ့ ပြည့်စုံတဲ့ အကျိုး ရမယ်။ သတိနဲ့ ပြည့်စုံခြင်း၊ သမ္ပဇဉ် - ဆင်ခြင်တုံတရားနဲ့ ပြည့်စုံခြင်း၊ သန္တောသ - ရောင့်ရဲခြင်း စတဲ့ အကျိုးတွေ ရမယ်။ ဒီကမှတဆင့် သမထ၀ိပဿနာတရား ဆက်ပြီး အားထုတ်ခဲ့ရင် နိဝရဏငါးပါးကနေ ကင်းလွတ်မယ်။ ဈာန်တရား ရနိုင်တယ်။ ၀ိဇ္ဇာရှစ်ပါးနဲ့ ပြည့်စုံပြီး မဂ်ဖိုရနိုင်တဲ့အကြောင်း မြတ်စွာဘုရားကိုယ်တော်မြတ်က သံဃာ့ဂုဏ် ကြီးမြတ်ပုံကို ဟောကြားတော်မူတဲ့အခါကျမှ အဇာတသတ်မင်းဟာ “မြတ်စွာဘုရား၊ တပည့်တော်သည် ဘုရားတရားသံဃာ ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသီကာအဖြစ် မှတ်တော်မူပါဘုရား” လို့ လျှောက်ထားပြီး ဗုဒ္ဓဘာသာစစ်စစ်အဖြစ် ခံယူခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီလို ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည် ကိုးကွယ်ခဲ့လို့လည်း အိပ်လို့မရတဲ့ရောဂါ ပျောက်ကွယ်သွားတယ်။ အဇာတသတ်ဟာ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုထုဇဉ် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခံရပါတယ်။ ပထမဆုံးအကြိမ် သံဃာယနာတင်ပွဲ ဖြစ်အောင် ကူညီဆောင်ရွက်တဲ့ သာသနာ့ ဒါယကာ၊ ဗုဒ္ဓရဲ့ ကျန်ကျွင်းရစ်ခဲ့တဲ့ ဓာတ်တော်တွေကို စနစ်တကျ သိမ်းဆည်းထားခဲ့တာ၊ သာသနာတော်နှစ် အတိအကျ သတ်မှတ်ပေးခဲ့တာတွေဟာလည်း အဇာတသတ်မင်းပဲ ဖြစ်တာမို့ ကျေးဇူးတင်ရမယ့်သူထဲမှာ ပါနေပြီ ထင်ပါတယ်ရှင်။

“မြတ်စွာဘုရား - မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် - အာဏာ ဟူသော အကြောင်းကြောင့် တပည့်တော် သတ်ခဲ့မိပါ၏။ ထိုအပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရားက လက်ခံတော်မူပါဘုရား” လို့ သတိ သံဝေဂတွေ ရပြီးတော့ အာဏာရူး လို့ သတ်မိတဲ့အကြောင်း၊ အပြစ်လို့ မြတ်စွာဘုရားက လက်ခံပါလို့ တောင်းပန် လျှောက်ထားရှာခဲ့တယ်။

xxx ပဉ္စာ နနြ္ဒိယကံကြီးဆိုက်ပါပေါ့၊ အဖသတ်သား အများက မသတီ၊ အဖသတ်သား အများက မသတီ၊ သံသရာမှာ မင်း ဘယ်ကိုသွားမလဲ၊ တမလွန်မှာ မင်း ဘယ်ကိုလားမလဲ၊ မတွေးရဲအောင် အတည် အမှောင်ကျမှ နောင်တရလေပြီ၊ မာတာပီတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော၊ မိဘတို့သဘောထား သားသမီးတို့အား မုန်းသည်မရှိငြားပြီ၊ ဤစကားမှန်သည်၊ ဤစကားမှန်သည်၊ သြော် ဟုတ်လေစွ တမ်းတကာ ဖြေမဆည်၊ အဇာတသတ်မင်းဆိုး မိုက်မျိုးတရာ မြေမှာ ကြွေလေပြီ xxx
(လမင်းသာချိန်မှ)

ကျေးဇူးရှင် အနန္တဂိုဏ်းဝင် ဖခင်ကို သတ်ခဲ့လို့ အိပ်မရ နေမရ နောင်တတွေ ရနေတဲ့ အဇာတသတ်ကို မြတ်စွာမုနိတုမရှိက “မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစား စောင့်စားခြင်းသည် အရိယာ၏ ၀ိနည်း အဆုံးအမ၌ ကြီးပွားခြင်းပေတည်း” လို့ မိန့်တော်မူခဲ့ပါတယ်ရှင်။ အဲဒီနောက်တော့ ဗုဒ္ဓဘာသာ ဘုရားသာသနာတော် ထွန်းကားရာ ထွန်းကားကြောင်း ကြိုးစား လှူဒါန်း ထိမ်းသိန်းစောင့်ရှောက်ခဲ့တဲ့ ကုသိုလ်အရပ်ရပ်ကြောင့် သူ အခု ခံစားနေရတဲ့ ငရဲကနေ လွတ်မြောက်ပြီးတဲ့ အနာဂတ်ကာလမှာ “၀ိဇိတာဝီ” ဆိုတဲ့ အမည်နဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူဦးမှာပါတဲ့ ရှင်။

ခုအခါမှာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မမူပေမယ့်လည်း သာသနာ မပျောက်ကွယ်သေးတဲ့ ကာလဖြစ်လို့ ပဉ္စာနန္ဒြိယကံ တပါးပါးကို မိုက်မိုက်မှားမှား တရားမဖက် ရက်စက်ဖူးသူတွေ ရှိနေခဲ့ရင် အပြစ်ကြေအောင် ရွက်ဆောင်နိုင်ပါသေးတယ်နော်။

ပျော်မြူးရွှင်ပြုံး တန်ဆောင်မုန်းတွေ ဆယ်ကြိမ်မက လွန်ခဲ့ကြပြီ၊ မဲဇလီဖူးသုတ်တွေ ပေးဝေကြသေးရဲ့လား။ ကြယ်ပေါင်းစုံလှ ဆေးပေါင်းခတယ် လို့ သက်ကြီးစကား ကြားခဲ့တာနဲ့ နှစ်တိုင်း ခုံခုံမင်မင် ဆေးဖက်ဝင်အောင် စားခဲ့ရတာတွေကလည်း မေ့စရာလားရှင်။ ရွှေတိဂုံကုန်းတော်က မသိုးသင်္ကန်းယက်ပြိုင်ပွဲ ရှိသေးရဲ့လား၊ ကျီးမနိုးပွဲလုပ်ပြီး ရယ်နိုင်ကြပါစေ လို့ ဆုတောင်းရင်းနဲ့ အကိုကြီးမြရဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင်သီချင်းဖွင့် နားစွင့် ခံစားလိုက်ဦးမယ်။ သံပြိုင်ပိုဒ်မှာ မာအေးပေါက်စလေးတုန်းက ၀င်ဆိုထားတာမို့ အမှတ်တရပေါ့ရှင်။

xxx သီတင်းကျွတ်ပွဲတော်ကြီးပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်၊ မသိုးအလှမြတ်သင်္ဃန်းကပ်ဖို့ ရွှေတိဂုံကုန်းတော် မြိုင်မြိုင်ဆိုင် ကထိန်သင်္ဃန်းမို့ ကပ်လို့ကိုမဆုံး ရွှင်ပြုံးသူဇာ ကေသီခိုင်၊ မျှော်တော်ဇောနဲ့ သူ့လည်တိုင် ကျနော်လေ မလာလို့မှိုင် - - - xxx
(တန်ဆောင်တိုင် - ကိုမြကြီး)

Thailand Airport Will Stay Shut

အစိုးရဆန့်ကျင်သူများ ဘန်ကောက်လေဆိပ်ကို ဆက်လက်ပိတ်ဆို့
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၃၀၊ ၂၀၀၈
သံတုတ်ကိုင်ပြီး လုံခြုံရေးယူထားသည့် ဆန္ဒပြသူအချို့။ ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများက လေဆိပ်ကြီး၂ခုကို သိမ်းပိုက် ပိတ်ဆို့ထားဆဲဖြစ်သည်။


ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်အနီးသို့ရောက်လာသော ရဲတပ်ဖွဲ့ဝင်တို့အား ဆန္ဒပြသူများက မောင်းထုတ်လိုက်သည်။ ရဲတို့၏ ဒိုင်းကာများကို လုယူ သိမ်းဆည်းလိုက်ကြသည်။


ဆော်ဒီအာရေဗျသို့ ဘုရားဖူးသွားမည့် အစ္စလာမ်ဘာသာဝင်အချို့ ၀တ်ပြုနေစဉ်။
ခရီးသည်အများအပြား လေဆိပ်တွင် ပိတ်မိနေကြသည်။

လေဆိပ်တွင် အခမဲ့ ဆံပင်ညှပ်ပေးနေသော ဆန္ဒပြသူ။
လေဆိပ်သို့ချည်းကပ်ရာလမ်းမကြီးကိုလည်း အထက်ပါအတိုင်း ပိတ်ဆို့ထားသည်။
ဆန္ဒပြသူများ ထိန်းချုပ်ထားရာ ၀န်ကြီးချုပ်ရုံးဝင်းအတွင်း ပေါက်ကွဲမှုတခု ယနေ့ဖြစ်ပွားခဲ့ရာ ၃၃ ဦး ဒဏ်ရာရခဲ့သည်ဟု ကယ်ဆယ်ရေးဝန်ထမ်းတဦးကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြထားသည်။ (photos: AP, Reuters)

Aung Way - 18

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၈)
အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂၀၀၈

‘ရန်သူဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုးမဟုတ် ကိစ္စကောင်းဖြစ်တယ်’
ပုသိမ်အကျဉ်းထောင်ရဲ့ နံနက်ခင်းတခုမှာ ကျနော်၊ ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ NLD လူငယ်တွေကို အားပေးစကား ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း စည်းရုံးရေးခရီးစဉ် မပြီးဆုံးသေးခင်မှာပဲ ကျနော်တို့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း၊ ကပ္ပလီပင်လယ်ပြင်ထဲမှာပဲ ရှိနေပါသေးတယ်။

ကျနော်တို့ကို ဖမ်းပြီး နောက်တရက်မှာ ဗိုလ်မှူးကြီးအောင်ဘွင့်၊ ဗိုလ်ကြီးကျော်ရှိန်းနဲ့ ဗိုလ်ကြီးထွန်းတင်တို့ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်ကနေ ပုသိမ်ကိုပြန်ရောက်လာရင် NLD တိုင်းရုံးမှာ ကြိုမယ့် ဆိုမယ့်သူ မရှိတော့လို့ပါပဲ တဲ့။

ဗိုလ်မှူးကြီးအောင်ဘွင့်ဆိုတာက အရင် မဆလခေတ်တုန်းက ဧရာဝတီတိုင်း ဒေသပါတီကော်မတီဥက္ကဋ္ဌပါ။ ဗိုလ်ကြီးကျော်ရှိန်းကတော့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဗိုလ်ကြီးဝင်းထိန်တို့ရဲ့ ၁၉၇၆ ဦးနေဝင်းကို လုပ်ကြံဖို့ ကြံစည်တဲ့ ကိစ္စမှာ အမှုတွဲပါ။ ပုသိမ်အနောက်မြို့နယ် NLD စည်းရုံးရေးတာဝန်ခံ ဗိုလ်ကြီးထွန်းတင်က ယခင်အစိုးရလက်ထက်တုန်းက မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဋ္ဌဟောင်းပါ။

သူတို့သုံးဦးကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ပုသိမ်အရှေ့မြို့နယ် NLD စည်းရုံးရေးတာဝန်ခံ ဦးဇော်ဝေကိုတော့ ပြန်လွှတ်မပေးပါဘူး။ ဦးဇော်ဝေက ယခင် မြို့နယ်ရဲစခန်းမှူး အငြိမ်းစားရဲအုပ်ဖြစ်ပါတယ်။

ကျနော်နဲ့အတူ အဖမ်းခံရတဲ့ လူငယ်အများစုက ပုသိမ်မြို့ NLD တိုင်းရုံးကပါ။ ထွန်ဝင်း၊ ဝင်းနိုင်၊ နိုင်လင်း (ခေါ်) ဖြူဖွေး၊ တော်မီစတဲ့ ညီငယ်တွေ ပါပါတယ်။ ဧရာဝတီတိုင်းစည်းထဲက မြန်မာ့အလင်းအယ်ဒီတာ ဦးမြရှိန်လည်း အဖမ်းခံရတဲ့အထဲပါပါတယ်။

NLD ဟာ အဲဒီအချိန်တုန်းက လူကြီးလူငယ် အင်အားထုနဲ့ စုစည်းတည်ဆောက်ထားတဲ့ အဖွဲ့အစည်းပါ။
အဓိကအားဖြင့် NLD မှာ ဒေါက်ကြီးသုံးဒေါက်ရှိတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးတို့၊ ဦးအောင်ရွှေတို့၊ ဦးလွင်တို့လို တပ်မှူးဟောင်းကြီးတွေရယ်၊ ဆရာဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသ၊ ဒေါက်တာတင်မျိုးဝင်း စတဲ့ တတ်သိပညာရှင်တွေရယ်၊ ပြီးတော့ တခါ လူထုလှုပ်ရှားမှုအစဉ်အလာရှိတဲ့ မော်ကျွန်း ဦးလှဖေ၊ မြောင်းမြသခင်စိုးမြင့် စတဲ့ နိုင်ငံရေးသမားကြီးတွေရယ်၊ အဲဒီလို ပူးပေါင်းပါဝင်ဖွဲ့စည်းထားတာပါ။ အဲဒီအထဲမှာ လူကြီးတွေပါသလို လူငယ်တွေလည်း ပါဝင်ကြပါတယ်။

NLD မှာ အထူးသဖြင့် ကျနော်တို့ ပုသိမ်တိုင်းရုံးမှာ ကျနော်တို့ရဲ့ လုပ်ဟန်က လူကြီးတွေရဲ့ စကားကို လူငယ်တွေကနာခံ၊ လူငယ်တွေရဲ့ လှုပ်ရှားမှုကိုလူကြီးတွေက ထောက်ခံ၊ ဒါပဲဖြစ်ပါတယ်။

ကျနော်တို့ရဲ့မူက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးမခဲ့သလိုပါပဲ။ ဆရာကြီးမှိုင်းဟာ သူ့ခေတ်သူ့အခါတုန်းက မညီညွတ်ချင်ကြတဲ့ သူ့တပည့် ကြီးကြီးငယ်ငယ်တွေကို ဂရုဏာဒေါသောနဲ့ အခုလို ကဗျာဖွဲ့ပြီး ဆန်ရင်းနာနာဖွတ် ဆုံးမခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ ကဗျာက ‘လူကြီးကြီး နွားကြီးကြီးပုံဆွယ်။ လူငယ်ငယ်၊ နွားငယ်ငယ်နဲ့ပုံထား။ နွားနှစ်ကောင်၊ ချိုထောင်သွေးတော့၊ ဘေးဟုမှတ်သား’ တဲ့။

အဖမ်းခံရပြီး လေးငါးရက်လောက်မှာ ကျနော်တို့ အပြင်နဲ့ အဆက်အသွယ်ရလာပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ဝန်ထမ်းတချို့က လျှို့ဝှက်ကူညီလို့ပါ။ တပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ခရီးက ပြန်ရောက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရောက်ချင်းမှာပဲ၊ သင်္ဘောဆိပ်ကနေစောင့်ပြီး စစ်တပ်က ဒေါက်တာသက်မင်းကို အတင်းအကျပ် ဝင်ဖမ်းဆီးပြီး ကျနော်တို့ရှိတဲ့ ပုသိမ်ထောင်ထဲကို ပို့လိုက်ပါတော့တယ်။

ရန်သူက ကိုယ့်ကို ဆန့်ကျင်လာပြီဆိုရင် ဒါဟာ ကိုယ်က သူ့ကို ထိခိုက်နစ်နာအောင် လုပ်နိုင်လို့ပဲ။ ဒါ ကောင်းတဲ့ကိစ္စပဲပေါ့။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီး နောက်တနေ့မှာတော့၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီး မဆက်သေးဘဲ အဖမ်းခံထားရတဲ့သူတွေကိစ္စ အရေးဆိုဖို့ ပုသိမ်မှာ ရက်အကန့်အသတ်မရှိ ဆက်နေဦးမယ် ဆိုတဲ့သတင်း ကျနော်တို့အထဲကို ရောက်လာပါတော့တယ်။

ကျနော်တို့ အဖမ်းခံထားရတဲ့သူတွေအားလုံး ပုသိမ်အကျဉ်းထောင် အုတ်ရိုးနဲ့ ကပ်နေတဲ့ သီးခြားတိုက်၊ တိုက်ခန်းတွေထဲကနေပြီး တညီတညာတည်း ပြိုင်တူ ကြွေးကြော်လိုက်ကြပါတယ်။

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

India ends Mumbai rampage after 60 hours, 195 dead

ဘုံဘေတိုက်ပွဲပြီးဆုံး
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၉၊ ၂၀၀၈
တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသူ ဘုံဘေမြို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်၏ဈာပန။
ဗုံးခွဲပစ်ခတ်ခြင်း၊ ဓားစာခံများဖမ်းဆီးထားခြင်း စသည့် လုပ်ရပ်များကို လက်နက်ကိုင် လူငယ် ၁၀ ဦးက လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် ၃ ရက်ကြာ ၃ ရက်ကြာတိုက်ခိုက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း အေပီသတင်းဌာနက ဆိုသည်။ သေဆုံးသူပေါင်း ၁၉၅ ဦးရှိသည်ဟု သိရသည်။

တာ့ခ်ျမဟာဟိုတယ်အတွင်းပိုင်း မြင်ကွင်းတခု



ခါးပတ်ခေါင်းက သူ၏အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြနေသော ဆေးရုံပေါ်ရောက် လုံခြုံရေးတပ်ဖွဲ့ဝင်တဦး။

အော်တိုလက်မှတ်ထိုးနေသော ကွန်မန်ဒိုတပ်သားတဦး။ ကွန်မန်ဒိုတပ်သားများကို နှုတ်ဆက်နေသော ဘုံဘေလူထု။ (photos: AP, Reuters)

Billy's house

ဘီလီရဲ့အိမ်ကလေး
စိုးသင့်ဆွေ
နိုဝင်ဘာ ၂၉၊ ၂၀၀၈

ဘီလီ တယောက် ပရမ်းပတာ လှုပ်ခါရမ်းနေတဲ့ အလုံပိတ်ကုန်တင်ကား အသေးလေးရဲ့ နောက်ခန်းမှာ ငိုက်မြည်းရင်း လိုက်ပါလာတယ်။ ကားကို မောင်းနေတာက သူ့ရဲ့ ကြီးကြပ်ရေးမှုး စမစ်။ သူတို့ နှစ်ယောက်လုံးက မိုးပျံတိုက်တွေရဲ့ မှန်ပြူတင်းတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ကုမ္ပဏီက ဝန်ထမ်းတွေ။ စမစ်ကတော့ လုပ်သက် ၁၀နှစ်ထက် မနည်းရှိပြီ။ ဘီလီကတော့ အလုပ်ဝင်တာ တပတ်ပဲရှိသေးတယ်။


( အပြည့်အစုံဖတ်ရန် ဤနေရာကို နှိပ်ပါ။ )

Rangoon Workers losing jobs, turn into begging

အထွေထွေ အကြပ်အတည်းကြောင့် ရန်ကုန်အလုပ်သမားများ အလုပ်လျော့ချခံရ၊ တောင်းရမ်းစားသူများ တိုးလာဟု ဆို

ညွန့်ထွေး

နိုဝင်ဘာ ၂၈၊ ၂၀၀၈

နိုင်ငံတကာမှာ စီးပွားရေးအကြပ်အတည်းများ ရင်ဆိုင်ရချိန်မှာ ရန်ကုန်မှာလည်း အလုပ်လက်မဲ့ဦးရေ တိုးလာပါတယ်။ ကြံရာမရတဲ့အဆုံး ခွက်လက်စွဲပြီး တောင်းစားနေရသူတွေလည်း တိုးလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်များမှာ လှိုင်သာယာအထည်ချုပ်စက်ရုံတွေက လုပ်သားတွေ လျှော့ချခဲ့ပါတယ်။ အထည်ချုပ် အလုပ်သမ တဦးက ပြန်ပြောပြပုံက -

“ လွန်ခဲ့တပတ် ညနေအလုပ်ဆင်းချိန်မှာတင်ပဲ မန်နေဂျာက နက်ဖြန်ကစပြီး အလုပ်မဆင်းနဲ့တော့လို့ ပြောလိုက်တယ်။ ကျမတို့ ၁၆ ယောက်ကို ရွေးပြောလိုက်တယ်။ လျော်ကြေးလည်း မပေးဘူး။ ဒီတော့လည်း ကျမတို့ အိမ်ပြန်ရတာပေါ့”

အစိုးပညာရေးစနစ် ချွတ်ချုံကျနေပြီးနောက် ကျန်းမာရေး စနစ်များ၊ လူမှုရေး ကာကွယ်စောင့်ရှောက်မှုများ ကင်းမဲ့နေတဲ့ တိုင်းပြည်တခုဖြစ်နေတဲ့အတွက် အခြေခံလူတန်းစားမှာ အတတ်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးပြီး စားဝတ်နေရေး မဖြေရှင်းနိုင်တဲ့တနေ့မှာ ဘ၀တွေ အနစ်မွန်းခံတာ ဖြတ်လမ်းတွေ လမ်းမှားတွေလိုက်ပြီး ပျက်စီးတာ ပြီးတော့ ရာဇ၀တ်မှုတွေ ကျုးလွန်တာအထိ ဖြစ်လာနေတယ်လို့ မျက်မြင်တွေက သုံးသပ်ပြပါတယ်။

“ အစိုးရ တက္ကသိုလ်ဘွဲ့ရက တလ ၂ သောင်းနဲ့ စူပါမားကက်မှာ အရောင်းစာရေးမ ဒါမှမဟုတ် စာရေးအလုပ်လုပ်ပေါ့။ တချို့က စားသောက်ဆိုင်လုပ်ငန်းတို့၊ အနှိပ်ခန်းတို့ ရောက်သွားတယ်။ အသက်ကြီးသူတွေ၊ ကလေးတွေ၊ ပြီးတော့ ကလေးအမေတွေက လမ်းပေါ်မှာ တောင်းရမ်းစားရတယ်။ အလှူခံ ပုဂ္ဂိုလ်တွေလည်း များလာတယ်။ သင်္ကန်းဝတ်တွေလို့ ပြောရမလား အဲလိုမျိုး အလှူခံတွေလည်း ရှိတယ်။ လဘက်ရည်ဆိုင်တွေထဲ စားသောက်ဆိုင်တွေထဲအထိ ၀င်လာကြတယ် ..”

လို့ မိုးမခ ပရိသတ်တဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“ တနေ့ကတော့ ဘားလမ်း (ဗန္ဓုလ ပန်းခြံလမ်း)မှာ သန်သန်မာမာ လူတယောက်က ကျနော်ကို လက်မောင်းက ဆွဲထားတယ်။ အလုပ်ကအပြန် ကားခမရှိလို့ ကားခလေး ပေးနိုင်သလောက် ပေးပါတဲ့။ တောင်းတော့ တောင်းတာပဲ။ လက်မောင်းကိုလည်း ဆွဲထားတယ်။ မပေးရင် တခုခု လုပ်တော့မယ့် ပုံနဲ့ဆိုတော့ ခေတ်ပျက်ရန်ကုန် တောင်းစားနည်းအသစ်လို့ ပြောရမလို ဖြစ်နေတယ်။ ကျနော်လည်း ကြောက်ကြောက်နဲ့ ရှိတာလေး ထုတ်ပေးလိုက်ရတယ် …”

လို့ သူက ပြောပါတယ်။

Friday, November 28, 2008

Golden Triangle Part 4


အဆိပ်အတောက် ရွှေတြိဂံ ရှင်းတမ်း

တရုတ် စာနယ်ဇင်းသမားများ ရေးသည်။ ဖြူစင် ဘာသာပြန်သည်။

အခန်းဆက် ဘာသာပြန် မှတ်တမ်း - ၎

နိုဝင်ဘာ ၂၈၊ ၂၀၀၈

အပိုင်း (၃)

ထမြောက်အောင်မြင်မှု သရဖူဆောင်း ရွှေတြိဂံကူမင်တန် အကြွင်းအကျန် ဘိန်းရာဇာများ

ကူမင်တန်အကြွင်းအကျန် လီမိတပ်နဲ့အတူ မြန်မာပြည်မြောက်ပိုင်း ရွှေတြိဂံဘက်ဆီ ဆုတ်ခွာ သွားကြတယ်။ နယ်မြေရပ်ခြား တရပ်တကျေးမှာ အထီးကျန်ဘဝ စစ်တပ်အဖြစ် 'နိုင်ငံအထဲက နိုင်ငံ' အသွင်သဏ္ဍာန်ဖြင့် စီမံကွပ်ကဲအုပ်ချုပ်ရပါတယ်။ ဒီတပ်ပျက်အင်အားစုကြီး ရွှေတြိဂံဆီ အတင်း ထိုးဖောက် ဝင်ရောက်လာကြပြီး မြန်မာပြည်မြောက်ပိုင်းရဲ့ တမူထူးခြားတဲ့ လူနေမှုအသွင်သဏ္ဍာန်ကို အတင်းပဲ ပြောင်းလဲပစ်လိုက်ကြတယ်။ ဒါ့အပြင် ဘိန်းအဆိပ်ငွေ့ဖြင့် တပ်ရဲ့အသက်သွေးကြောကို ထောက်ပံ့ရှင်သန်စေခဲ့တယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းရဲ့ အသစ်လွင်ဆုံး စာရင်းကောက်ယူ ချက်အရ ယနေ့မျက်မှောက်ခေတ်ကာလတွေမှာ ရွှေတြိဂံနယ်မြေကို ဖြတ်သန်းပြီး ရောင်းဝယ်ဖောက် ကားကြတဲ့ ဟီးရိုးအင်း ဘိန်းဖြူအရေအတွက် အလေးချိန်ပမာဏဟာ ကမ္ဘာ့ကိန်းဂဏန်းရဲ့ (၇ဝ%-၈ဝ%) ရှိပါတယ်။ အဲဒီကိန်းဂဏန်းတွေအထဲက မြန်မာနိုင်ငံက မူးယစ်ဆေးဝါးဟာ ရွှေတြိဂံနယ်မြေ ဒေသတစ်ခုလုံးရဲ့ ၈ဝ% ရှိနေပါတယ်။

၉-၃-၁၉၅ဝ -

တရုတ်ပြည်မကြီးက ဆုတ်ခွာလာကြတဲ့ ကူမင်တန် တပ်ဖွဲ့အင်အား ၈ဝဝ ရှိတဲ့ နောက်ဆုံးအသုတ် အကြွင်းအကျန်တပ်ဖွဲ့ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အတင်း လိုက်လံ တိုက်ခိုက်လေတယ်။ စစ်ရှုံးကူမင်တန်တပ်ဟာ တောင်ပိုင်းနယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံနယ်နိမိတ်အတွင်းပိုင်းဆီ ထိုးဖောက်ရောက်ရှိလာပါတယ်။

ဒီတပ်ဖွဲ့ရဲ့ ဦးစီးကွပ်ကဲရေးမှူး က အမှတ် ၈ တပ်မဟာ၊ ၂၃၇ တပ်မ၊ တပ်ရင်းတပ်ဖွဲ့ကြီး ၇ဝ၉၊ တပ်ရင်းတပ်ဖွဲ့မှူးကြီး မေဂျာဂျင်နရယ် လီကို့ဟွေး ဖြစ်ပါတယ်။ မြန်မာပြည်အရှေ့ဘက် အရေးပါတဲ့ တာချီလိတ်ရဲ့ မိုင်းပန်ရွာကလေးမှာ ဂျင်နရယ်လီကို့ဟွေးနဲ့ အကြွင်းအကျန် အကြပ်တပ်သား ၆ဝဝ ကျော်တို့ တစုတဝေးထဲ တပ်စခန်းချ ထားကြတယ်။ ဒီတပ်ဖွဲ့ရဲ့ဦးစီး ကွပ်ကဲရေးအရာရှိက အမှတ် ၂၆ တပ်မဟာ၊ ၉၃ တပ်မ၊ ၂၇၈ တပ်ဖွဲ့ တပ်ရင်းမှူးကြီး ထန်ကျုန်း ဖြစ်ပါတယ်။ တပ်နှစ်တပ် ပေါင်းစည်းလိုက်ပြီး 'ပြန်လည်ဆန်းသစ် စိုးမိုးရေး တပ်ဖွဲ့' ဆိုပြီး ဖွဲ့လိုက်ကြတယ်။

ဂျင်နရယ် လီကို့ဟွေးက စစ်ဦးစီးချုပ်နှင့် တွဲဘက် ၇ဝ၉ တပ်ဖွဲ့မှူးကြီး အဖြစ် ထမ်းဆောင်ပါတယ်။ ထန်ကျုန်းက ဒုဦးစီးချုပ်နှင့် ၂၇၈ တပ်ဖွဲ့တပ်ရင်းမှူးကြီး တာဝန် ထမ်းဆောင်ကြပါတယ်။ လီထန်တို့ရဲ့ 'ပြန်လည်ဆန်းသစ်စိုးမိုးရေး တပ်ဖွဲ့' ဟာ လူသူလက်နက် စုစည်းပြီး တပ်ကို အလုံးအရင်း တိုးချဲ့လေတယ်။ ဝင်ရောက်ကြတဲ့ လူသူတစိတ်တပိုင်းက မြန်မာ၊ ထိုင်း၊ လောနယ်စပ်တလျှောက်က ကျင်လည်ကျက်စားနေကြတဲ့ ကုန်သည်လုပ်ငန်း လားတပ် အဖွဲ့အစည်းတွေဖြစ်ကြပါတယ်။

နောက်ထပ် တခြား တစိတ်တပိုင်းက ဒုတိယကမ္ဘာစစ်ကာလတုန်းက မြန်မာနိုင်ငံအတွင်းဝင်ရောက်ပြီး လက်နက်တပ်ဆင်ပြီး ဂျပန်ကို တွန်းလှန်တိုက်ခိုက်မယ့် တရုတ်ခရီး ရှည်တပ်ဖွဲ့က ပြန့်ကျဲကျန်ရစ်ခဲ့ကြတဲ့ တပ်သားဟောင်းကြီးတွေ ဖြစ်ကြပါတယ်။ 'ပြန်လည် ဆန်းသစ် စိုးမိုးရေးတပ်ဖွဲ့' အင်အားဟာ တပ်သား ၁၄ဝဝ ကနေ ၃ဝဝဝ အထိ တိုးပွားလာပါတယ်။ ဒါပေမယ့် ဟိုးတုန်းက ခုခံတွန်းလှန်ရေး တရုတ် ခရီးရှည်ချီတပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဟာ၊ တိုက်ရည် ခိုက်ရည် အတန်အသင့်မြင့်မားတာကြောင့် ရွှေတြိဂံနယ်မြေမှာ သူတို့ကိုယ်သူတို့ ထီမထင်တဲ့ လက်နက်ကိုင် အင်အားစုဆိုပြီး ဝံ့ကြွားကြလေတယ်။

တရုတ်ပြည်ခရီးရှည်ချီတပ်ဖွဲ့ဆိုတာက ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်နောက်ပိုင်း၊ မြန်မာနိုင်ငံထဲဝင်ရောက်ပြီး ဂျပန်ကိုတွန်းလှန်တိုက်ခိုက်မယ့်တပ်ဟာ ကြည်းတပ် တပ်မဟာ အမှတ် ၂၆၊ တပ်မ ၉၃ တပ်ဖွဲ့ တရုတ်မြန်မာနယ်စပ်ရဲ့ ချဲဖုနန်ဒေသမှ အခြေစိုက်တပ်စွဲထားတာမှာ ငါးနှစ်ပင်ရှိ သွားပါပြီ။

ထိုနယ်မြေဒေသမှာ အတော်လေး လိုက်လျောညီထွေနေတတ်ပြီး ရေပန်းစားတဲ့ တပ်လည်း ဖြစ်ပါတယ်။ ခရီးရှည်ချီ တရုတ်တပ် စစ်ရေးရှုံးနိမ့်ပြီးနောက်မှာ တပ်ဖွဲ့အများအပြားကို ပြန်လည် ပေါင်းစည်းလိုက်ပြီး တပ်မ ၉၃ ကို ဖွဲ့စည်းလိုက်ပါတယ်။

ဒ့ါကြောင့်လည်း တရုတ်၊ မြန်မာ၊ ထိုင်း၊ လောနယ်စပ်က အရပ်သူအရပ်သားတိုင်းက တပ်မ ၉၃ ကို လူတိုင်းနီးပါး တရင်းတနှီးသိကျွမ်း နှင့်ပြီးဖြစ်ကြပါတယ်။ ဟိုးယခင် ခရီးရှည်ချီတပ် အကြွင်းအကျန်ပဲဖြစ်ဖြစ်၊ တရုတ်ပြည်လွတ်မြောက်ရေး တိုက်ပွဲပြီးဆုံးပြီးနောက် ရွှေတြိဂံတကြောဆီ ချဉ်းနင်းဝင်ရောက်လာကြတဲ့ ကူမင်တန် အကြွင်းအကျန် တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ကိုယ့်ဘာသာ တပ်မ ၉၃ တပ်ဖွဲ့ရယ်လို့ ခေါ်တွင်ကြပါတယ်။

ဂျင်နရယ် လီကို့ဟွေးတို့ 'ပြန်လည်ဆန်းသစ်စိုးမိုးရေးတပ်' ရယ်လို့ အကြိမ်ကြိမ်ကြွေးကြော်နေကြ ပေမယ့်လည်း ဒေသခံတောင်တန်းသားတွေကတော့ သူတို့တပ်ဖွဲ့ကို ၉၃ တပ်မဟာတပ်ဖွဲ့လို့ပဲ ခေါ်ကြပါတယ်။

၁၉၅ဝ ခုနှစ် သြဂုတ်လ။ အမှတ် ၈ တပ်မဟာချုပ်၊ ယူနန်ပြည်နယ်အစိုးရ ဥက္ကဋ္ဌ၊ ပြည်နယ်ငြိမ်ဝပ် ပိပြားရေးဌာန တာဝန်ခံလီမိကတဆင့် ချန်ကေရှိတ်ရဲ့အမိန့်နဲ့ ထိုင်ဝမ်ကနေ ရွှေတြိဂံ ဆီ ရောက်လာတာဖြစ်တယ်။ အထူးတာဝန်တစ်ရပ်အနေနဲ့ ဂျင်နရယ်လီကို့ဟွေး မူလက ဖွဲ့စည်းထား တဲ့ 'ပြန်လည်ဆန်းသစ် စိုးမိုးရေးတပ်' ကို အသစ်ပြောင်းလဲဖွဲ့စည်းပေးဖို့ ရောက်လာခြင်းဖြစ်လေ တယ်။ ၇ဝ၉ တပ်ဖွဲ့တပ်ရင်းကြီးကို ၁၉၃ တပ်မ ပြောင်းဖွဲ့လိုက်တယ်။ ဂျင်နရယ် လီကို့ဟွေးက တပ်မ မှူး။ ၂၇၈ တပ်ဖွဲ့တပ်ရင်းကြီး က ၉၃ တပ်မအဖြစ် ပြောင်းလဲပစ်တယ်။ ထိုင်ဝမ်ကနေ အသစ်စေ လွှတ်တဲ့ ဖုန်ချဲက ဒီတပ်မရဲ့ တပ်မမှူး။ ဒီလိုပဲ ထိုင်ဝမ်ကနေ အသစ်စေလွှတ်လိုက်တဲ့ လွေကို့မိန်ကို ၂၆ တပ်မဟာရဲ့ တပ်မဟာမှူး။ တပ်မဟာမှူးလွေက အထက်ပါ တပ်မနှစ်ဖွဲ့ကို ကိုင်တွယ်ရပါတယ်။

အဲဒီကနေ 'ယူနန်ကွန်မြူနစ် ဆန့်ကျင်ရေး နိုင်ငံတော်ကယ်တင်ရေးတပ်မတော်' ကို ဖွဲ့စည်းတည် ထောင်လိုက်တယ်။ ၁၉၅၂ ခုနှစ်မှာ ထိုင်ဝမ်ကနေ တပ်ဗိုလ် တပ်သား ၇ဝဝ ကျော် ထပ်မံစေလွှတ်ပြီး မြန်မာပြည်မြောက်ပိုင်းက ကူမင်တန်အကြွင်းအကျန်တပ်ဖွဲ့ကို အင်အားဖြည့်ပေးလိုက်တယ်။ ၁၉၅၃ ခုနှစ်ရောက်လာတော့ တပ်အင်အား ၁၈၅ဝဝ အထိ တောင့်တင်းလာပါတယ်။

၁၉၅၄-၁၉၅၅ ခုနှစ် မြန်မာအစိုးရစစ်တပ်က နယ်စပ်ရှိ ကူမင်တန် အကြွင်းအကျန်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လေတယ်။ ချန်ကေရှိတ်က လျိုယွမ်လိန်ကိုစေလွှတ်ပြီး ကူမင်တန် အကြွင်း အကျန်တပ်ဖွဲ့ကို ပြန်လည်စုစည်းပြီး တပ်ကို အသစ်တဖန်ဖွဲ့စည်းစေပြန်တယ်။ လျိုယွမ်လိန်ဟာ ချန်ကေရှိတ်အမိန့်နဲ့ ရွှေတြိဂံက ကူမင်တန်အကြွင်းအကျန် တပ်ဗိုလ် တပ်သား ၄၅ဝဝ ကျော်ကို ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။

'ယူနန် ပြည်သူ့ကွန်မြူနစ်ဆန့်ကျင်ရေး အပျော်တမ်းတပ်မတော်' ကို ဖွဲ့လိုက်တယ်။ လျိုယွမ်လိန် ဆိုတာက နာမည်ကျော် ဟွမ်ပူစစ်တက္ကသိုလ် အပတ်စဉ် ၄ ကျောင်းဆင်း ဖြစ်တယ်။ မူလက လီမီ ဖွဲ့စည်းခဲ့တဲ့ 'ယူနန်ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံတော်ကယ်တင်ရေး တပ်မတော်' ဌာနချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်ကနေ ခုတစ်ကြိမ်အပြောင်းအလဲမှာ ညွှန်ကြားရေး မှူးချုပ် တက်ဖြစ်သွားတာပါ။ အဲဒီနောက် သူ့လက်အောက်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ယောက်ကို ခန့်ထားပြန်တယ်။ တစ်ဦးက ဖုန်ချဲန်၊ နောက်တစ်ဦးက ရွှေတြိဂံနယ်မြေမှာ တော်တော်လေးအစွမ်းအစရှိတဲ့ တွမ့်ရှီးဝန် ဖြစ်တယ်။

တွမ့်ရှီးဝန်ဆိုတာက ကူမင်တန်အကြွင်းအကျန် တပ်ဖွဲ့နှောင်းပိုင်းကာလတွေမှာ လီကို့ဟွေးနဲ့အသွင်တူတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ယူနန် ကျန်ဝူထန် နယ်သားဖြစ်တယ်။ သူ့ဇနီးက ရွှေတြိဂံဒေသ စော်ဘွားကြီးတောင်း တုန့်ချိုင် တူမ ဖြစ်တယ်။

၁၉၆၁ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး လမ်းပေါက်သွားပါတယ်။ မြန်မာအစိုးရ စစ်တပ်က တရုတ်ပြည်ဘက်က နယ်မြေဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လက်ရွေးစင်တပ်သား ၅ဝဝဝ နဲ့ အတူပူးတွဲပြီး လျိုယွမ်လိန် ကူမင်တန်အကြွင်းအကျန် တပ်ဖွဲ့ကို ဒလကြမ်း တိုက်စစ်ဆင်လေတယ်။ လျိုယွမ်လိန်တို့ အကြီးအကျယ် ရှုံးနိမ့်သွားပြီး ကျန်ရှိတဲ့ တပ်ကြွင်းတပ်ကျန်ကို ဦးဆောင်ပြီး လောနိုင်ငံနဲ့ နယ်မြေတွင်းက ထူထပ်နက်နဲတဲ့ တောတောင်တွေထဲ ဝင်ရောက် ပုန်းခိုလိုက်ကြတယ်။

ရွှေတြိဂံနယ်မြေနှင့် လေးနိုင်ငံရဲ့ တောတောင်ရေမြေတွေက တဆက်တည်းဖြစ်နေပါတယ်။ နယ်မြေဖြတ်ကျော်ဝင်ရောက်ပြီး အကြွင်းအကျန် ကူမင်တန်တပ်တွေကို လိုက်တိုက်တဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ဆင်ရေးဟာ တိုင်းနိုင်ငံ နယ်မြေဒေသအပိုင်းအခြား ကန့်သတ်မှု တွေကြောင့် ၄င်းတို့ရဲ့စစ်ဆင်ရေးဟာ ထင်တိုင်းမပေါက်ချေ။ ဒါကြောင့် ကိုယ့်တိုင်းပြည်နယ်မြေတွင်း ဆီ ပြန်လည်ဆုတ်ပေးရလေတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကိုယ့်တရုတ်ပြည် နယ်မြေ ထဲဆီ ပြန်လည်ဆုတ်ခွာပြီးတဲ့နောက် ထိုစဉ်က တပ်သားအင်အား တစ်သိန်းရှိတဲ့ မြန်မာအစိုးရတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ကူမင်တန်ခရီးရှည်ချီတပ်ဖွဲ့ဟောင်းနဲ့ အဓိကဖွဲ့စည်းထားတဲ့ ရန်သူ့တပ်ကို ဘယ်လိုမှ ယှဉ်မရပါ။

အထူးသဖြင့် တောတောင်တိုက်ပွဲတွေမှာ တောသုံးထောင်ကို မင်းမူတဲ့ ကေသရာဇာခြင်္သေ့မင်းတပ်မလို့ နာမည်ကျော်ကြားတဲ့ လီမီရဲ့တပ်ကို မြန်မာအစိုးရစစ်တပ် ဘယ်လိုမှ မယှဉ်သာပါ။ အကြွင်းအကျန် ကူမင်တန်တပ်ဖွဲ့ စစ်ခေါင်းဆောင်တွေက အသံတွေထုတ်လွှင့်ပြီး ပြောပါ တယ်။

'ကျုပ်တို့ စိတ်လိုစိတ်ရရှိရင်၊ ရန်ကုန်ကို အချိန်မရွေး သိမ်းလို့ရပါတယ်။ မြန်မာနိုင်ငံကို ကျုပ်တို့ တပ်ရဲ့ မိုးအောက် မြေပြင် ဖြစ်သွားစေရမယ်' အင်အားချိနဲ့ လွန်းလှတဲ့ မြန်မာအစိုးရ အထိတ်အလန့်နဲ့ တုန်လှုပ်ခြောက်ချားနေရှာတယ်။ နိုင်ငံနယ်နိမိတ်ချင်းကပ်လျက် နိုင်ငံကနေ ချဉ်းနင်းဝင်ရောက်လာတဲ့ ခိုင်မာတောင့်တင်းတဲ့ ရန်သူ့တပ်ဖွဲ့ နောက်ထပ်တစ်ကြိမ် အင်အားတိုးချဲ့လာမှာကို မြန်မာအစိုးရ အစိုးရိမ်ကြီး စိုးရိမ်နေပါတယ်။ မြန်မာအစိုးရ စစ်မက်ရေးရာနဲ့ ကိုယ့်နိုင်ငံကိုယ် ဘယ်လိုမှ မကာကွယ် နိုင်တဲ့အတွက် 'အနုနည်း' ကို ကျင့်သုံးလိုက်တယ်။ ကမ္ဘာ့ကုလသမဂ္ဂကြီးထံ ရင်ဖွင့်တိုင်တန်းလေတယ်။ ထိုစဉ်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဟိုးလေးတကျော် ဂယက်ရိုက်သွားလေတယ်။

ထိုင်ဝမ်ကူမင်တန် အာဏာပိုင်တို့ ထိပ်တိုက်ရင်ဆိုင်လို့ မရတော့ပါ။ ကုလသမဂ္ဂနှင့် နိုင်ငံ တကာအာဘော်တွေက ဝိုင်းဝန်းစောင့်ကြည့်ဖို့ကို တိုက်တွန်းကြလေတယ်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ကနေ ၁၉၅၃ ခုနှစ် မတ်လအတွင်း လူပေါင်း ငါးထောင်ကျော် ခြောက်ထောင် လေကြောင်းခရီးနဲ့ ထိုင်ဝမ်ကို ပြန်ပို့လိုက်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ကူမင်တန် အကြွင်းအကျန်တစ်သုတ် ထိုင်ဝမ်ကို ပြန်ပို့ပြန်တယ်။ ဒါပေမယ့် အကြွင်းအကျန်တချို့ ကျန်နေရစ်ခဲ့ပါတယ်။

ကျန်ရစ်ကြတဲ့ တပ်သားတွေက အဓိကကတော့ ၉၃ တပ်မ အစရှိတဲ့ ယူနန်ပြည်နယ်သားတွေဖြစ်ကြပါတယ်။ ဥပမာ - တွမ့်ရှီဝန်နှင့် သူ့ရဲ့ အမှတ် ၅ တပ်မဟာ ကျဲန်ခန်းနယ်သား တပ်သားတွေ ဆုတ်ခွာမသွားကြပါ။ သူတို့တတွေဟာ သူတို့ရဲ့ဇာတိနဲ့ အလှမ်းမဝေးလှတဲ့ ရွှေတြိဂံကိုရွေးပြုပြီး အခြေချနေထိုင်လိုက်ကြတယ်။ ၁၉၆၄ ခုနှစ် မှာ တွမ့်ရှီဝန်ဟာ သူ့တပ်ဖွဲ့ကို ဦးဆောင်ပြီး ထိုင်းအစိုးရထံ လက်နက်ချ အလင်းဝင်လိုက်ကြတယ်။ နောက်ပိုင်းတော့ 'ထိုင်းမြောက်ပိုင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်' ရယ်လို့ ပြောင်းလဲခေါ်ဝေါ်လိုက် တယ်။

ထိုင်းနိုင်ငံအစိုးရက အဲဒီ တပ်ကြွင်းတပ်ကျန်တွေ ဘိန်းလုပ်ငန်းနဲ့ မပတ်သက်ရလို့ စည်းကမ်း သတ်မှတ်ထားပါတယ်။ တပ်ဖွဲ့တပ်သားမိသားစုတွေ ကောက်ပဲသီးနှံတွေကိုသာ ထွန်ယက်စိုက်ပျိုးကြ ရပါတယ်။ နေထိုင်မှုအတော်လေးကို ပင်ပန်းဆင်းရဲကြပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာ ကတော့ ကူမင်တန် အကြွင်းအကျန်တပ်ဖွဲ့တွေရဲ့ အမည်နာမတွေ၊ တပ်အမှတ်နံပါတ်တွေ အမျိုးမျိုး အဖုံဖုံ ဘယ်လိုပဲ ပြောင်းပြောင်း၊ ဘယ်သူနဲ့ပဲ ပတ်သက် ပတ်သက်၊ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ အစည်းကပဲ ချုပ်ကိုင် ချုပ်ကိုင် ဒေသခံတိုင်းရင်းသားတွေနှင့် မြန်မာပြည်မြောက်ပိုင်းသားတွေရဲ့ အမြင် ကတော့ ဘယ်တော့မှ ပြောင်းလဲမှုမရှိဘဲ သူတို့ကို 'အမှတ် ၉၃ တပ်မ' လို့ပဲ ခေါ်ဝေါ်ကြပါတယ်။

ဒါဟာ ဂျပန်ကို တော်လှန်တိုက်ခိုက်တဲ့ တရုတ် ပြည်ခရီးရှည်ချီတပ်ဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာတွင်ရစ်တဲ့ အမည် နာမကြီးဖြစ်တယ်။

၁၉၈ဝ ခုနှစ်မှာ ကူမင်တန်အကြွင်းအကျန်တပ်ဖွဲ့ ခေါင်းဆောင်ကြီး တွမ်ရှီးဝန် ကွယ်လွန်ပါ တယ်။ မူလ အမှတ် ၅ တပ်မဟာ စစ်ဦးစီးမှူး လေယွီးထျိုင်က 'ထိုင်းမြောက်ပိုင်းတောင်တန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်' ဦးစီးမှူးချုပ်တာဝန်ကို လွှဲပြောင်းယူလိုက်ပါတယ်။ လီဝန်ဝမ့်က နဂိုမူလ အတိုင်း ဒုတိယဦးစီးမှူး အရာရှိဖြစ်ပါတယ်။ ဦးစီးမှူးချုပ် လေယွီးထျိုင်ရဲ့ နာမည်အရင်းက ကျန်းပိန်စု ဖြစ်တယ်။ ၁၉၁၈ ခုနှစ်မှာ မွေးဖွားတယ်။ ယူနန်ပြည်နယ် ကျဲန့်စွေနချီးနယ်သားဖြစ်တယ်။ တွမ့်ရှီဝန် အုပ်ချုပ်စဉ်က သူ့လက်အောက်ခံ အကြပ်တပ်ဗိုလ်တပ်သားတွေ၊ ရွာသူရွာသားတွေက သူ့ကို 'ဗိုလ်ချုပ်လေ'၊ '၉၃ တပ်မမှူး' ရယ်လို့ တလေးတစား ခေါ်ဝေါ်ဆက်ဆံကြပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်းမှာ 'ကိုယ်ပိုင် ရပ်တည်ရေးကျေးရွာ' တည်ထားပါတယ်။ ရွာထဲမှာ အမြဲတမ်းတပ်အင်အား ၆ဝဝ ရှိပါတယ်။ ဟန်တရုတ်စာ၊ ဟန်တရုတ်စကားကို အခြေခံဘာသာ စကား အဖြစ် အသုံးပြုထားပါတယ်။ လူသူအတော်များများက ထိုင်းနိုင်ငံသားအဖြစ် ခံယူထားကြပါတယ်။ ဒါ့အပြင် ဒေသခံတွေနဲ့ အိမ်ထောင် ရက်သားကျတာတွေလည်း များပြားလာပါတယ်။

၁၉၈၅ ခုနှစ်၊ ဂျပန်နိုင်ငံ 'မျက်မှောက်ခေတ်' သတင်းဂျာနယ်က အထူးသတင်းထောက် စုန်းပိုင် လိချူးကို ရွှေတြိဂံဆီ အထူးလျှို့ဝှက် စေလွှတ်လိုက်ပါတယ်။ တစ်လကျော်၊ နှစ်လနီးပါး သတင်းရယူ စုဆောင်းခိုင်းလိုက်တယ်။ ဂျပန်သတင်းထောက်ဟာ တပ်မ ၉၃ အခြေစိုက်နယ်မြေ (ထိုင်းနိုင်ငံ၊ ချင်းမိုင်နဲ့ သိပ်မဝေးတဲ့ မေစလော့မြို့ငယ်လေး)မှာ လေယွီထျိုင်နဲ့ တွေ့ဆုံကြပါတယ်။ ဂျပန်သတင်း ထောက် ရေးဖွဲ့ထားတဲ့ သတင်းက ဒီလိုပါ။ 'ဗိုလ်ချုပ်လေရဲ့ နေအိမ်က ရွာထဲက အေးဆေး တိတ်ဆိတ်တဲ့ တောင်ကုန်းလေးအပေါ်မှာပါ။ နေအိမ်က ကျယ်ဝန်းတယ်လို့ ပြောလို့မရပါ။ ခံတပ် စခန်းအတိုင်း အင်မတန် ခိုင်ခန့်လှတယ်။ အိမ့်လေးဘက်လေးတန်မှာ ကတုတ်ကျင်းတွေ တူးထားပါ တယ်။ ကင်းစောင့်တော့ ချမထားပါ။

ဧည့်ခန်းထဲမှာ ထိုင်ဝမ်ကထုတ်တဲ့ စာအုပ်တွေနဲ့အပြည့်ပါ။ စစ်ရေးနဲ့ပတ်သက်တဲ့ စာအုပ်အရေအတွက်က များပါတယ်။ စာအုပ်စင်မှာ ကူမင်တန်ပါတီရဲ့ အရေးပါ ပုဂ္ဂိုလ်ကြီးတွေရဲ့ ဓာတ်ပုံကြီးတွေ ချိတ်ဆွဲထားပါတယ်။ ဗိုလ်ချုပ်လေဟာ တိုင်းတပါးသားတွေရဲ့ ရှေ့မှောက်မှာ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လေ့မရှိပါ။ ကြားရတဲ့ စကားအရ 'အနီရောင် အကြမ်းဖက် သမား' တွေရဲ့ လုပ်ကြံမှုကို ကာကွယ်ထားခြင်းလို့ ပြောကြပါတယ်။

ဂျပန်သတင်းထောက်ကို လေယွီထျိုင်ပြန်လည်ဖြေကြားတဲ့ စကားကတော့

'ဘိန်းနဲ့ပတ်သက် တဲ့ကိစ္စတွေလား၊ ဒီအရေးကိစ္စတွေထဲ ကျွန်တော်တို့ နည်းနည်းလေးမှ ဝင်မပါပါဘူးခင်ဗျာ။ မျက်မှောက် ကျွန်တော်တို့ လုပ်ရမယ့်အလုပ်တာဝန်တွေက ထိုင်းနိုင်ငံရဲ့ သဘောကို လိုက်နာရမယ်။ ကျွန်တော်တို့ လူတွေ ထိုင်းနိုင်ငံသားတွေအဖြစ် ဝင်ကြရမယ်။ ကျွန်တော်တို့ တရုတ်ပြည်မကြီးက ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဇာတိမြေကို အောက်မေ့ သတိရမှုတွေ တကယ့်ကို ပြင်းပြပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော် ခံစား ရတာက အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားနိုင်ရေးပဲလေဗျ။ ဒီတော့ ပိုပြီး လွတ်လပ်တဲ့ ထိုင်းနိုင်ငံမှာပဲ နေလိုတဲ့ဆန္ဒတွေ များနေပါတယ်။ ခုဆို ထိုင်းနိုင်ငံမှာပဲ အခြေတကျနေထိုင်ကြဖို့ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက် ချထားပြီးပါပြီခင်ဗျာ'

တပ်မ ၉၃ နဲ့ ရွှေတြိဂံမူးယစ်ဆေးဝါး တကယ့်ကိုပဲ ပတ်သက်မှု ကြီးကြီးမားမား မရှိဘူးဆိုတာ ဟုတ်မှဟုတ်ပါလေစ။ ကွပ်ကဲရေးဦးစီးချုပ် လေယွီထျိုင် ပြောစကားအတိုင်း 'နည်းနည်းလေးမှ ဝင်မပါ ပါဘူး' ဆိုတာရော ဟုတ်မှဟုတ်ပါလေစ။ ၅ဝ ခုနှစ် အစဦးပိုင်းတုန်းက ကူမင်တန် စစ်ရှုံးတပ်တွေ အနောက်တောင်ဘက်ဆီ ဆင်းချလာပြီး မြန်မာပြည် နယ်နိမိတ်အတွင်းကို ရောက်စဉ်အခါတုန်းက တကယ့်ကိုပဲ မသာအိမ်က အထိတ်တလန့်ဖြစ်နေတဲ့ ခွေးဝဲစားအတိုင်းပါပဲ။ ဒါကြောင့်လည်း ဘိန်း အကြောင်း လုံးဝကို တွေးချိန် စဉ်းစားချိန် မရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်မတန်လှပတဲ့ ရောင်မျိုးစုံတဲ့ ဘိန်းပန်းရဲ့အလှကို မျက်စိလေးတစ်ချက်ဝင့်ကြည့်ချိန်တောင် သူတို့ မကြည့်အားရှာပါ။

ဒါပေမယ့် ရှိရှိသမျှ အပင်စိုက်လို့ရတဲ့နေရာတိုင်းလိုလို၊ တောင်တန်းသား အများ အပြားဟာ ဘိန်းပင်ကို အဓိကထား တခုတ်တရနဲ့ ဘဝရှင်သန်နေကြရပြီး၊ ခြေအစုံ ခိုင်မြဲမြဲ ရပ်တည် နိုင်ရေး၊ ကျောလည်းပူ၊ ဝမ်းလည်း ပူလောင်နေကြတဲ့ တပ်အကြွင်းအကျန်တွေဟာ ဒီတောကိုမှီ၊ ဒီတောင်ကို အားထား၊ ဒီရေမြေကို သောက်သုံးလုပ်စားနေရတဲ့သူတွေပါ။ ပေါ်ပီပင် စိုက်၊ ဘိန်းကိုချက် တာ ဘာများထူးဆန်းအံ့သြစရာလို့ ထင်ရမှာလဲ။ ဟိုးတုန်းက လီကို့ဟွေးတပ်ဖွဲ့ ရွှေတြိဂံမှာ ခြေအစုံချ ရပ်တည်နိုင်ရေးအတွက် အရာအရောက်ဆုံးအချက်က 'ပြန်လည်ဆန်းသစ်စိုးမိုးရေးတပ်ဖွဲ့' ဆိုတာမှာ အင်အား ၃ စုခွဲပြီး ဖွဲ့စည်းခဲ့ရပါတယ်။

ပထမအင်အားစုက - မြေလွတ်မြေရိုင်းတွေ ခုတ်ထွင်ရှင်းလင်း၊ သစ်ခုတ် ဝါးခုတ် အိမ်ဆောက် လုပ်၊ စိုက်ပျိုးရေး ဝမ်းစာရှာဖွေပေး။

ဒုတိယအင်အားစုက - တပ်သားသစ်စု၊ တင်းတင်းကြပ်ကြပ် စစ်ရေး လေ့ကျင့်မှုပြု၊ အချိန်အခါ မရွေး ရှောင်တခင်ပေါ်ပေါက်လာမယ့် လိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိထား။

တတိယအင်အားစုက - ကုန်စည်သယ်ယူပို့ဆောင်ရေး မြင်းတပ်၊ လားတပ်ဖွဲ့ထဲကို ဝင်ကာ ထား၊ သို့တည်းမဟုတ် ကိုယ့်ဘာသာ မြင်းတပ်၊ လားတပ် ကုန်စည်သယ်ယူပို့ဆောင်ရေးတပ် ဖွဲ့စည်း ထား၊ ဒါမှမဟုတ် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်း။ မြင်းတပ် လားတပ်ကုန်စည်ပို့ဆောင်ရေးကို လုံခြုံ စောင့်ကြပ်ပေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းထား။ ဒီအင်အားနဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ဘိန်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို လုပ်၊ ဥစ္စာငွေကြေးတွေနဲ့ လဲလှယ်မှုပြု။

ကူမင်တန်အကြွင်းအကျန်တို့ဟာ ဒီ အစဉ်အလာဓလေ့ထုံးတမ်းအတိုင်း တလျှောက်လုံး ရပ်တည်သွားပါတယ်။ တွမ့်ရှီးဝန်က မေစလော့ကို တပ်မ ၉၃ အခြေစိုက်စခန်းအဖြစ် ရွေးချယ်သမှုပြု တာက ရှေးယခင် လီကို့ဟွေး တာဝန်ယူစဉ်က လုပ်နည်းလုပ်ဟန်ကိုပဲ ဆက်လက်လုပ်ကိုင်နေတာဖြစ် ပါတယ်။

မေစလော့က လားဟူ တိုင်းရင်းသားတို့ စုစည်းနေထိုင်ကြတဲ့ နယ်မြေပါ။ ပေါ်ပီ ဘိန်းပင် စိုက်ပျိုးခြင်းက ၄င်းတို့နယ်မြေဒေသရဲ့ အဓိကကျတဲ့ စီးပွားရေးရင်းမြစ်ဖြစ်ပါတယ်။ သူတို့ မူးယစ်ဆေး ဝါးထဲ ခြေချကြရပါတယ်။ ဘဝရှင်သန်ရေးအတွက် ဒါကလွဲပြီး အခြားနည်းလမ်း မရှိချေ။

နောက်ပြီး တော့လည်း တပ်မ ၉၃ တပ်ဖွဲ့သားတွေဟာ ခေတ်ဟောင်း တရုတ်ပြည်ကြီးရဲ့ ဘိန်းယဉ်ကျေးမှုကြီးနဲ့ တရင်းတနှီးရှိနှင့်ပြီးသား လူတွေဖြစ်ကြတာကြောင့် ပေါ်ပီဘိန်းပင်နဲ့က သိပ်ပြီး သူစိမ်းဆန်ဆန် မရှိလှ ပါ။ ကူမင်တန် အကြွင်းအကျန်တပ်ထဲ ဒွေးရောယှက်တင် ဝင်ရောက်လာကြတဲ့သူတွေထဲမှာ တချို့ဆို ရင် တကယ့်အားကောင်းမောင်းသန် သွက်လက်ဖြတ်လတ်တဲ့ ဒေသခံလူငယ်လူရွယ်လေးတွေလည်း ပါလာကြတယ်။ အဲဒီ အကြမ်းပတမ်း အစမ်းသပ်ခံ လှိမ့်ပိန့်တက်လာကြတဲ့ သူငယ်တွေထဲမှာ နောင် အချိန်ကာလ ရွှေတြိဂံမူးယစ်ဆေးဝါးလောကမှာ ခေတ်နှစ်ခေတ် ဆက်တိုက် ဘိန်းဘုရင်ရယ်လို့ ကမ္ဘာ ကျော် 'ဘိန်းဗိုလ်ချုပ် လော်စစ်ဟန်' 'ဟီးရိုးအင်းဘုရင် ခွန်ဆာ' တို့ အဲဒီကနေ စတင် သန္ဓေ တည်ခဲ့ပါတယ်။

ကူမင်တန် တပ်ကြွင်းတပ်ကျန် လီမိတပ်ဖွဲ့စစ်ရှုံးပြီး ဆုတ်ခွာလာခဲ့တာ ရွှေတြိဂံဆီ ရောက်လာ ကြတယ်။ နယ်မြေရပ်ခြား တရပ်တကျေးမှာ အထီးကျန်တပ်အသွင်နဲ့ 'တိုင်းနိုင်ငံထဲက တိုင်းနိုင်ငံ' တည်ထောင်နေရပါတယ်။ ဒီအင်အားစုကြီး ရွှေတြိဂံထဲ စီးဝင်လာပြီး အတင်းပဲ မြန်မာပြည် မြောက်ပိုင်း မှာ အသွင်အပြင် ထူးထူးခြားခြားနဲ့ ရပ်တည်ရှင်သန်နေကြလေတယ်။ မူးယစ်နဲ့ စစ်တပ်ဖွဲ့ကြီး ရပ်တည် နိုင်ရေးလမ်းကြောင်းကို ဖောက်ထွင်ရလေတယ်။

သံလွင်မြစ်ကမ်းခြေနှစ်ဘက်မှာ လက်နက်အပြည့် တပ်ဆင်ထားပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးအဖွဲ့ကို လုံခြုံရေးပေးတဲ့ ဂိတ်စခန်း ၂ဝ လောက်ကို ဖွင့်ထားပါတယ်။ ထိုင်း၊ လောနိုင်ငံတွေဆီပို့မယ့် ဘိန်းတိုင်း သူတို့ဂိတ်စခန်းတွေက ဖြတ်သန်းရ တာကြောင့် စောင့်ရှောက်ရေးကြေး ကောက်ခံကြပါတယ်။ ဒါမှမဟုတ်လည်း သူတို့လက်နက်ကိုင် တပ်ဖွဲ့ကို ငွေကြေးပေး ငှားရမ်းရင် လိုက်ပါပို့ဆောင်ပေးပါတယ်။ သူတို့အင်အားစုဟာ 'ရွှေတြိဂံ' မှာ ကျင်လည်ကျက်စားကြတာ နှစ်ပေါင်း ၂၀ ရှိလုပါပြီ။ ဒါကြောင့်လည်း ဒီနယ်မြေဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ အမြင့်ဆုံး ဒီရေချိန်ကို ဝင်ရောက်လာလေတယ်။ နှစ်စဉ် ဘိန်းထုတ်လုပ်မှုက ၅ဝ ခုနှစ် ကုန်ဆုံးလုချိန်လောက်က တန် ၁ဝဝ အထက်မှာ ရှိပါတယ်။ ကမ္ဘာ့ တရားမဝင် ဘိန်းထွက်ရှိမှုရဲ့ ၅ဝ% ရှိပါတယ်။

ဟော ၆ဝ ခုနှစ်ပိုင်းတွေမှာ ဘိန်းဟာ 'ရွှေခေတ်' ကာလကို ဆိုက်ရောက်သွားပါတယ်။ တန် ၁ဝဝ ကနေ တန် ၂ဝဝ အထက် ခုန်တက်လိုက်တယ်။ ၈ဝ ခုနှစ် အစဦးပိုင်းတွေမှာ တန် ၇ဝဝ ကျော် သွားတယ်။

နှစ်အလိုက်စာရင်းကိုဖော်ပြရရင် ၁၉၈၈ မှာ တန် ၁၂ဝဝ၊ ၁၉၈၉ ခုနှစ်- ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲသွားတယ်။ ဘိန်းထွက်နှုန်း အံ့သြစရာကောင်းလောက်ပါတယ်။ တန်ချိန် ၂၄ဝဝ မြောက် တက်သွားတယ်။ ၁၉၉၁ ခုနှစ်မှာ စံချိန်သစ်ထပ်တင်ပြန်တယ်။ တန်ချိန် ၃ဝဝ တဲ့ (နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းရဲ့ ခန့်မှန်း တွက်ဆချက်စာရင်းအရ ဖော်ပြထားတာဖြစ်ပါ တယ်)

x x x

ဟောဒီ ပုံဝတ္ထုပေါ်ပေါက်လာတာက တောင်စွယ်တောင်တန်းတွေ အထပ်ထပ်ထူထပ်လွန်းလှ တဲ့ ကော်လီကုန်းတောင်တန်း၊ မဲနန်ကနေ အလယ်တောင်ပိုင်း ကျွန်းဆွယ်လိုဖြစ်နေတဲ့ ရှမ်းကုန်ပြင် မြင့်နေရာမှာ ဖြစ်ပါတယ်။ ဒါဟာ သမိုင်း အစပ်အဟပ်ကြားလေးထဲမှာ ညှပ်ပြုနေတဲ့ 'ပျံသန်း မြေပြင်' ဆိုတဲ့ တကယ့် ဖြစ်ရပ်တွေပါပဲ။ ဒီဖြစ်ရပ်က အကြောင်းပြုပြီး ခေတ်သစ်မြန်မာ့သမိုင်းမှာ အရေးပါ အရာရောက်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာရလေတယ်။ ဒီ ပဋိပက္ခဆိုတာက မြန်မာရှုတ်ထွေးပွေလီတဲ့ ပြည်တွင်းရေးနဲ့ တိုင်းရင်းသား ပဋိပက္ခကြီးပဲ ဖြစ်တယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃ဝ ကျော်ရှိပါတယ်။ တရုတ်ပြည်ကြီးမှာက တိုင်းရင်းသားလူမျိုးစုပေါင်း ၅၆ ခုသာရှိတာကြောင့် မြန်မာက တစ်ဆကျော်တောင် များနေပါတယ်။ ၂ဝ ရာစုခေတ် ၄ဝ ခုနှစ် တွေရဲ့ နောက်ပိုင်းကာလ။

မြန်မာနိုင်ငံတော်ရဲ့ဖခင်ကြီး အောင်ဆန်းက တိုင်းရင်းသားလူမျိုးစုတွေထဲ မပြတ်တမ်း သွားလာလှုပ်ရှားပြီး ဟောပြောစည်းရုံးပါတယ်။ မြန်မာနိုင်ငံ ကို ပြည်ထောင်စုကြီးအသွင်နဲ့ သူ တည်ဆောက်လိုပါတယ်။ ထိုတုန်းက တိုင်းရင်းသားလူမျိုးစုချင်း တန်းတူ ရည်တူ မျှတမှု ဆိုတဲ့ စကားကို မြန်မာ့လူနည်းစုတိုင်းရင်းသားတိုင်းလိုလို ကြားနာခဲ့ရပါတယ်။

အဲဒါကတော့ 'ဗမာတိုင်းရင်းသားက တစ်ကျပ်ရရင်၊ ခင်ဗျားတို့ကလည်း တစ်ကျပ် ရစေရမယ်' အောင်ဆန်းရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉-၁၂ ရက်နေ့တွေမှာ ရှမ်းပြည် နယ်အရှေ့ပိုင်း ပင်လုံမြို့နယ်လေးမှာ မြန်မာနိုင်ငံတည်ထောင်မှုမှာ သမိုင်းအနှစ်သာရအပြည့်ရှိတဲ့ ပင်လုံညီလာခံကို ကျင်းပခဲ့ပါတယ်။

ညီလာခံကြီးမှာ တိုင်းရင်းသားအသီးသီး သင့်မြတ်ရေး၊ တိုင်းရင်း သားလူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစရှိတဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ အနာဂတ်ပေါ် ထွန်းလာတော့မယ့် မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအတွက် စည်းဘောင်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီ ပင်လုံညီလာခံကြီးကနေ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ဖို့ကို အောင်မြင်တဲ့ မျိုးစေ့ ချနိုင်ခဲ့တယ်။ ညီလာခံပြီးစီးပြီး နောက်မကြာခင်မှာ မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် ပထမအကြိမ် အခြေခံ ဥပဒေကြီး မွေးဖွားသန့်စင်လာရလေတယ်။

ပထမဆုံးပေါက်ဖွားလာတဲ့ အခြေခံဥပဒေကြီးက မြန်မာ့မြောက်ပိုင်း တိုင်းရင်းသားများကို ပိုမိုကြီးမားတဲ့ အခွင့်အာဏာတွေကို ပေးအပ်နှင်းလေတယ်။ သူတို့ရဲ့ သားစဉ်မြေးဆက် အရိုက်ရာဆက်ခံခွင့် အခွင့်အာဏာကို ဆက်လက်ထိန်းသိမ်းထားခြင်းဆို တဲ့အချက်ပါ ပါဝင်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် နိုင်ငံတည်ထောင်သွား မှာဖြစ်တယ်။

ပင်လုံသဘောတူညီချက်နှင့် ၄င်းရဲ့ နောက်ပိုင်းပေါ်ထွက်လာတဲ့ အခြေခံဥပဒေမှာ သတ်မှတ်ထားချက်က ဆယ်နှစ်ကာလအတွင်း အကယ်၍ တိုင်းရင်းသားလူမျိုးစုအသီးသီးမှာ ဆန္ဒ မရှိတော့ရင် မိမိဘာသာ တိုင်းရင်းသားအားလုံးရဲ့ သဘောတူညီချက်နဲ့ ပြည်ထောင်စုကြီးက ခွဲထွက်ပြီး ကိုယ့်ဘာသာ ရပ်တည်နိုင်ခွင့်ရှိတယ်လို့ ပါထားပါတယ်။

ဒါပေမယ့် ၁၉၅၉ ခုနှစ်ကိုရောက်လာတော့ ပင်လုံညီလာခံက သတ်မှတ်တဲ့ ဆယ်နှစ်ကာလကို ရောက်လာပါပြီ။ တိုင်းရင်းသားလူမျိုးစု အသီးသီးက ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာက မြန်မာ (ဗမာ) လူမျိုးကြီးက အုပ်ချုပ်နေတာဖြစ်တယ်လို့ ထင်မြင်ယူဆကြပါတယ်။ သူတို့ဟာ ပြည်ထောင်စုမြန်မာ နိုင်ငံရဲ့ အခွင့်အာဏာဟာ အင်္ဂလိပ်ဘုရင်ခံခေတ်ကာလလောက် အခွင့်အာဏာမကြီးမားဆိုပြီး ယူဆ ကြပါတယ်။

ဒါကြောင့် ပင်လုံညီလာခံက သဘောတူညီချက် စိတ်ဓာတ်ရေးရာအတိုင်း ကိုယ်ပိုင် ရပ်တည်မှုကို တဖွဲဖွဲ တောင်းဆိုကြပါတယ်။ ဒီတောင်းဆိုမှုတွေထဲမှာ ရှမ်းတိုင်းရင်းသား၊ ကချင် တိုင်းရင်းသားအပြင် ပင်လုံညီလာခံမှာ တက်ရောက်လက်မှတ်ထိုးခဲ့ခြင်းမရှိတဲ့ ကရင်တိုင်းရင်းသားတို့ က ဦးဆောင်ဦးရွက် တောင်းဆိုကြပါတယ်။ ဒီတောင်းဆိုမှုတွေရဲ့ နောက်ဆက်တွဲစနက် မီးအစ ကတော့ မြန်မာအစိုးရက ရှမ်းအဆင့်မြင့်အလွှာပိုင်းက တရားစီရင်မှုရေးရာ လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းမှုတွေကို အစိုးရထံ ပြန်လည်အပ်နှင်းဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ဆီ စစ်တပ်စေလွှတ်လေတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပဋိပက္ခကြီး မကြုံစဖူး ဆိုးရွားသွားပါတယ်။

၁၉၆၁ ခုနှစ်မှာ နေဝင်းစစ်တပ်အစိုးရ စင်ပေါ်တက်လာပါတယ်။ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလူမျိုးစုအသီးသီး တောင်းဆိုတဲ့ ကိုယ်ပိုင်ဦးဆောင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရှေ့တစ် လှမ်းတိုး ဖြည့်ဆည်းမှု မပေးနိုင်တာကြောင့်ရယ်၊ တိုင်းရင်းသား ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်း ပေးနိုင်တာကြောင့် အင်အားစတင်သုံးပြီး 'နှိပ်ကွပ်' လိုက်လေတယ်။ နေဝင်းက လက်ဦးဆုံး ပင်လုံ သဘောတူညီချက်မှာ အရေးပါအရာရောက်ခဲ့တဲ့ ရှမ်းခေါင်းဆောင် စဝ်ရွှေသိုက် သေတာကြောင့် ရှမ်း တိုင်းရင်းသားတွေ ပေါက်ကွဲကြလေတယ်။

တချို့ရှမ်းတိုင်းရင်းသားတွေဟာ စတင်ပြီး လက်နက်ဆွဲ ကိုင် တပ်ဖွဲ့ပြီး မြန်မာအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းကို လူသိရှင်ကြား ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာစစ်တပ်အစိုးရက မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားနယ်မြေဒေသတွေဆီ အဆက်မပြတ် စစ်တပ်ဖွဲ့စေလွှတ်ပြီး နှိမ်နင်းတိုက်ခိုက်လေတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ချင်း တိုက်ကြခိုက်ကြတဲ့ ပဋိပက္ခ ကန့်လန့်ကာကြီး ဆွဲဖွင့်လိုက်ပြီး ပြည်တွင်းစစ် ဇာတ်လမ်းရှည်ကြီး ခင်းကျင်းလိုက်လေတယ်။

ဒီဖြစ်ပျက်မှုကြီးဟာ မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ ဘယ်လိုနည်းနဲ့မှ ထိန်းသိမ်းလို့မရတဲ့ တိုင်းရင်းသား ပဋိပက္ခအဓိကရေစီးကြောင်းကြီး အဟုန်ပြင်းပြင်းနဲ့ စီးဆင်းချေပြီ။ မြန်မာနိုင်ငံတော်ကြီး တည်ထောင်လာခဲ့ကတည်းက တိုင်းရင်းသား ပဋိပက္ခကြီး ပြေလည်စေရေးနှင့် နိုင်ငံတော်ပြိုကွဲမှု တားဆီးရေးလုပ်ငန်းကြီးတွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးထက် အဆမတန် အရေးတကြီး ပြဿနာရပ်ကြီးတွေ ဖြစ်လို့နေပါတယ်။

ပြည်တွင်းစစ်ရှောင်လွှားရေးကို ဘက်စုံ လုံးပန်း နေရတဲ့အတွက် မူးယစ်ဆေးဝါးစွက်ဖက်မှုကနေ တိုင်းရင်းသားလူမျိုးစုတွေ မြန်မာနိုင်ငံပြည်ထောင် စုကြီးထဲက အတိအလင်း ခွဲထွက်သွားမှုမျိုးမဖြစ်စေလိုတာကြောင့် မြန်မာစစ်အစိုးရဟာ နှစ်ကာလ ပေါင်းများစွာကတည်းက မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် မူးယစ်ဆေးဝါး ပြဿနာတွေကို သည်းခံစောင့်ဆိုင်းတဲ့ အသွင်သဏ္ဍာန်ကို မလွှဲမရှောင်သာ ကျင့်သုံးပြီး ကိုင်တွယ်ဖြေ ရှင်းနေရပါတယ်။ ဒါကြောင့်လည်းပဲ ရှမ်းပြည်နယ်မူးယစ်ဆေးဝါး ဘီလူးသရဲများက ထိန်းချုပ်မှု ကင်းမဲ့နေတဲ့ အနေအထားအောက်မှာ ထင်သလို နိုင်လိုမင်းထက် လုပ်ချင်တိုင်း လုပ်နေကြလေတယ်။

၂ဝ ရာစုခေတ် ၆ဝ နှစ်ကာလတွေမှာ ရွှေတြိဂံနယ်မြေဒေသမှာ ဘိန်း၊ ဟီးရိုးအင်း ဘိန်းဖြူ၊ မော်ဖီးယား အစရှိတဲ့ ဘိန်းအမျိုးအစားမူးယစ် ဆေးဝါးအများအပြား ထုတ်လုပ်ကုန်ကြပါတယ်။ ဒါ့အပြင် တရားမဝင် ဆေးခြောက်ပင်တွေကိုပါ စတင်စိုက်ပျိုးကြပြီး စိတ်အာရုံပိုင်းဆိုင်ရာ ဆေးဝါး ပစ္စည်းတွေ ဥပဒေမဲ့ ထုတ်လုပ်ကုန်ကြပါတယ်။

အထူးသဖြင့် ၉ဝ ခုနှစ် နောက်ပိုင်းတွေမှာ အထူးသဖြင့် ရေခဲမူးယစ်ဆေး၊ ခေါင်းခါဆေးလုံးတွေက အမျိုးအစားကိုယ်စားပြုတဲ့ မူးယစ်ဆေးဝါးတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သုံးစွဲနေကြပါပြီ။ ရွှေတြိဂံနယ်မြေမှာ ရေခဲမူးယစ်၊ ခေါင်းရမ်းဆေး အစရှိတဲ့ မူးယစ်ဆေးဝါးတွေကို စတင်ပြီး အမြောက်အများ ထုတ်လုပ်နေပြီ ဖြစ်တယ်။ ကျွန်တော်တို့ တရုတ်ပြည်ကြီးက ကနေ့ဖမ်ဆီးမိနေတဲ့ မူးယစ်ဆေးဝါးအများစုဟာ ရွှေတြိဂံနယ်မြေဒေသကနေ ဝင်လာတာတွေပဲ ဖြစ်ပါတယ်။

၈ဝ ခုနှစ် အလယ်ပိုင်းကာလကအစပြုပြီး ရွှေတြိဂံမူးယစ်ဆေးဝါး ထုတ်လုပ်သူတွေ ဘိန်းစိမ်း စိုက်ပျိုးထုတ်လုပ်တဲ့ အခြေခံအချက်အလက်ကနေ အနုစိတ်ချက်လုပ်တဲ့ ဟီးရိုးအင်း ဘိန်းဖြူ အစပျိုး ထုတ်လုပ်ကြလေတယ်။

တစစနဲ့ ရွှေတြိဂံဟာ ဟီးရိုးအင်းဘိန်းဖြူကို အဓိကထားထုတ်လုပ်တဲ့ ကမ္ဘာ့ မူးယစ်ဆေးဝါး ဗဟိုချက်မကြီးဖြစ်မှန်းမသိ ဖြစ်လို့လာချေလေပြီ။ 'အရှေ့တောင်အာရှ ဟီးရိုးအင်း' (SEAHEROIN) က အရည်အသွေး အမြင့်မားဆုံး ဟီးရိုးအင်းရဲ့နာမ်စားဖြစ်လို့ သွားပါပြီ။ အကောင်း တကာ့ အကောင်းဆုံးအမျိုးအစားက ခွန်ဆာထုတ်လုပ်တဲ့ 'ခြင်္သေ့နှစ်ကောင် ကမ္ဘာခြေချနင်း' တံဆိပ် ဟီးရိုးအင်းဖြစ်ပါတယ်။ အရည်အသွေးသန့်စင်မှုနှုန်းက ၉၉% မြင့်မားပါတယ်။ ကမ္ဘာအနှံ့ ဖြန့်ဖြူးရောင်း ချပါတယ်။ ဘိန်းသုံးစွဲသူတွေ အလုအယက် ဝယ်ယူသုံးစွဲကြတဲ့ အမျိုးအစားပါ။

၁၉၈၆ ခုနှစ်နောက်ပိုင်းကနေ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ လုံးဝပြိုကွဲသွားချိန်။ မူလကတည်းက လက်နက်ကိုင်အုပ်ချုပ်မှုမြေနေရာ ၄ ပိုင်း ပိုင်းခြားပြီး စိုးမိုးအုပ်ချုပ်ကြပါတယ်။ အဲဒီပိုင်းခြားမှုအတိုင်းပဲ ကနေ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ (၁) (ကိုးကန့်)၊ ဝပြည်နယ် အထူးဒေသ (၂)၊ ကချင်အထူးဒေသ (၃)၊ ရှမ်းပြည်နယ်အထူးဒေသ (၄) ဆိုပြီး ဒေသကြီးလေးခု ပိုင်းခြားထားပါတယ်။ တရုတ်ပြည်နယ်စပ်နဲ့ အနီးကပ်ဆုံးက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အဖွဲ့အစည်း၊ အုပ်စုအသီးသီးက နယ်မြေ အရူးအမူးတိုက်ခိုက်လုယူမှုတွေနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြန့်ချိရာ လမ်းကြောင်းတွေကို တိုက်ခိုက်လုယူနေကြပါတယ်။

ဒီနယ်မြေဒေသ ကြီး ၄ ခုဟာ အလျင်အမြန်ပဲ ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေမှာ ဟိုးမူရင်း 'ကျဉ်းမြောင်းရွှေတြိဂံ' ထက်ပိုပြီး အဆိပ်အတောက်ကြီးမားတဲ့ မူးယစ်ဆေးဝါး ရင်းမြစ်နယ်မြေ ဒေသကြီး ဖြစ်လို့နေပါပြီ။ ဒီအနေအထားက ရွှေတြိဂံရဲ့ ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးထုတ်လုပ်မှုဟာ အရှိန်အဟုန်မြန်ဆန်စွာနဲ့ ပြန်လည် သက်ဝင်လှုပ်ရှားလာပြီး ဖွံ့ဖြိုးကြီးထွားလာမှာ မလွဲဧကန်ပါ။ ယခင် အမြင့်ဆုံး သမိုင်းမှတ်တမ်းမှတ်ရာတွေကို ကြီးကြီးကျယ်ကျယ် တုန်လှုပ်ခြောက်ခြားဖွယ် ဖြတ်သန်း ကျော်တက်သွားမှာလည်း ဧကန်မလွဲချေ။

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်းတွေရဲ့ထုတ်ဖော်ကြတဲ့ စုံစမ်းတွေ့ရှိတဲ့ အနေအထားအရ ဗမာပြည်ကွန်မြူနစ်ပါတီ ၁၉၈၉ ခုနှစ်မှာ လုံးဝမပြိုကွဲခင်တုန်းက ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင် အစရှိတဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေး နယ်ပယ်ထဲ မဝင်ရောက်သေးခင်အချိန်တုန်းက ထိပ်တန်းခေါင်းဆောင်ပိုင်းက ကေဒါအများစုတို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကနေ အကျိုးအမြတ်တွေ ရရှိနေပြီးဖြစ်တယ်။

ရွှေတြိဂံမူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချရေး အရေးပါတဲ့ နှလုံးသည်းပွတ်ကစတင်ပြီး တရုတ်ပြည် နယ်နိမိတ်မျဉ်းကြောင်းနဲ့ ပိုပြီးနီးကပ်လို့လာပါတယ်။ နိုင်ငံတကာမှာ ပွက်လောညံနေတဲ့ အာဘော်က 'ရွှေတြိဂံမြောက်ဘက် ရွှေ့ပြောင်းခြင်း' ပါတဲ့။

သဘောကတော့ ကနေ့ ရွှေတြိဂံအမည်တွင်တဲ့ 'ကျယ်ပြောရွှေတြိဂံ' ရဲ့ ပြန့်ကားကျယ်ထွက်လာမှုက သူ့ရဲ့ ဧရိယာအကျယ်အဝန်းက ဟိုးယခင်မူလ 'ကျဉ်းမြောင်းရွှေတြိဂံ' ထက် ပြန့်ကားကျယ်ထွက်လာမှုက (ဆယ်) ဆ အထက်ကို ရောက်နေပါပြီ။ ရွှေတြိဂံ (ကျဉ်းမြောင်း) မှုက ပုံသဏ္ဍာန်သွင်ပြင်အချိုးအဆ ပြန့်ကားကျယ်ထွက်လာမှု (ဆယ်) ဆအထက်ရှိတဲ့ 'ကျယ်ပြန့် ရွှေတြိဂံ' ရဲ့ စေတီပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားချေလေပြီ။

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်းကြီးရဲ့ အသစ်လွင်ဆုံး စစ်တမ်း ကောက်ချက်အရ ကနေ့မျက်မှောက်ကာလ ရွှေတြိဂံနယ်မြေဒေသ ဟီးရိုးအင်း ဘိန်းဖြူဖြန့်ချိရောင်း ချမှုက ကမ္ဘာ့နှုန်းထားစာရင်းပေါင်းချုပ်ရဲ့ ၇ဝ%-၈ဝ% ရှိပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက မူးယစ်ဆေးဝါးက ရွှေတြိဂံတပြင်လုံးရဲ့ ၈ဝ% ရှိနေပြန်တယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်မှု ဌာနကြီးရဲ့ စာရင်းအရ ကနေ့မျက်မှောက်ကာလ ကမ္ဘာတဝှမ်း မူးယစ်ဆေးသုံးစွဲသူပေါင်း သန်း ၂ဝဝ ကျော် ရှိနေပါတယ်။ ၂ဝဝဝ ခုနှစ် ကမ္ဘာတဝှမ်း မူးယစ်ဆေးဝါးကုန်သွယ်မှုတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ သိန်း ရှိပါတယ်။ ထိုနှစ်ကာလက နိုင်ငံတကာ ကုန်သွယ်ရေး ငွေကြေးနှုန်းထား ၈% နဲ့ ညီမျှနေပါတယ်။ ကမ္ဘာ့မော်တော်ကားရောင်းချမှု ကုန်သွယ်ရေးနှုန်းထား ကိုတောင် ကျော်လွန်သွားပါတယ်။

၂ဝဝ၁ ခုနှစ် ကမ္ဘာတဝှမ်းမူးယစ်ဆေးဝါး ဥပဒေမဲ့ ရောင်းချမှုက ဒေါ်လာ သန်းပေါင်း ငါးသိန်းရှိပါတယ်။ ရေနံသုံး စက်မှုလုပ်ငန်းသုံးစွဲငွေကိုတောင် ကျော်လွန်ပါတယ်။ စစ်လက်နက်ပစ္စည်း ကုန်သွယ်မှုထက်တော့ နည်းနည်းလေး နိမ့်ပါးနေပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းဖြင့် မူးယစ်ဆေးဝါးထုတ်လုပ် ကုန်သွယ်မှုဟာ အစဉ်တစိုက် ဥပဒေမဲ့ အသွင်သဏ္ဍာန်မှာ ရှိနေတယ်ဆိုပေမယ့်လည်း နည်းနည်းကလေးမှာ အထင်မြင်သေးလို့မရတဲ့ စီးပွားရေး အင်အားစုကြီး တစ်ခုဖြစ်နေပါတယ်။ တဖန် ၄င်းကနေ နောက်ဆက်တွဲ ပေါက်ဖွားလာကြမယ့် လူ့လောက ပြဿနာပေါင်း အမျိုးမျိုးအဖုံဖုံတွေ ထပ်ဆင့်ထပ်ကာ ပေါ်ပေါက်လာချေပါလိမ့်ဦးမယ်။

လူတွေက 'အဖြူရောင် စီးပွားရေး' လို့ ခေါ်တွင်နေကြတဲ့ မူးယစ်ဆေးဝါး ကုန်ပစ္စည်းတွေဟာ လက်တွေ့ကျကျ ဆိုးကျိုးသက်ရောက်မှုတွေဟာ လူတွေ တွေးဆနေတာထက် ပိုလို့ ကြီးကျယ် ပိုလို့များ ပြောင်မြောက် လှပါပေတယ်။

(ဆက်ရန်)