
Friday, October 31, 2008
Burmese Journal Digest - 31st Oct 2008
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
အောက်တိုဘာ ၃၁၊ ၂၀၀၈
စမ်းချောင်း ၃ ထပ်တိုက် တခြမ်း ပြိုကျ၊ ရန်ကုန် အဲဝေး သံတွဲခရီးစဉ် နားမည်၊ နာဂစ်အပြီး မိုးလေ၀သ ကြေညာချက်များ ပိုကောင်း၊ မန္တလေး လူငယ်များ ပြည်ပမှာ ပညာသင်လိုသည်၊ မန္တလေး နိုင်ငံခြားဘာသာသင် တက္ကသိုလ် တရုတ်နိုင်ငံသားများ တက်ရောက်၊ မလေးရှားသို့ ဆိတ်အရှင် ၁၅၀၀ ပို့မည်၊ လိုအပ်ပါက နိုင်ငံတော် စာရိတ်ဖြင့် တရားခံ ရှေ့နေငှားယမ်းပေးမည်၊ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ ဈေးကောင်းရ၊ တိုက်ကြီးကား တိမ်းမှောက်ပေါက်ကွဲမှု သတင်းထုတ်ပြန်၊ အိန္ဒိယက ၀က်အရှင် ၀ယ်မည်။ ဒီနေရာမှ ဖတ်ပါ့ ။
| Reactions: |
Myat Lay
ရုပ်ရှင်မင်းသားတွေဟာ အများအားဖြင့် ရန်ကုန် မြို့တော်မှာ အနေများပါတယ်။ ကျနော်က မန္တလေးမှာ ဆိုတော့ ရုပ်ရှင်မင်းသားတွေနဲ့ နီးစပ်ဖို့ မလွယ်ပါဘူး။ ရုပ်ရှင်မင်းသားမြတ်လေးနဲ့ ကောလိပ်ဂျင်နေဝင်းတို့ကတော့ ကျနော်တို့နဲ့ ခေတ်ပြိုင် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေလို့ ရင်းနှီးခွင့် ကြုံခဲ့ရပါတယ်။
ကျနော် မန္တလေးတက္ကသိုလ်ရောက်တဲ့ကာလ ၁၉၅၆-၆ဝ ခုနှစ်အတွင်းမှာ ရန်ကုန်တက္ကသိုလ် မန္တလေးတက္ကသိုလ် နဲ့ မော်လမြိုင်တက္ကသိုလ် ကျောင်းများက ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်များဟာ မကြာခဏ တွေ့ဆုံရင်းနှီးခွင့် ကြုံခဲ့ရပါတယ်။ ကျောင်းသားပွဲတော်များ ပညာရေး နှီးနှောဖလှယ်ပွဲများ မကြာခဏလုပ်ပါတယ်။ အားကစားအဖွဲ့၊ စာပေအဖွဲ့ (ကလောင်ရှင်အသင်း)၊ အနုပညာအဖွဲ့တွေလည်း ပါဝင်တတ် ပါတယ်။ နိုင်ငံခြားကဖိတ်တဲ့ လူငယ်ပွဲတော်တွေကိုလည်း တက္ကသိုလ်ပေါင်းစုံက ကျောင်းသားကိုယ်စားလှယ်တွေ လွှတ်ပြီး ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။
ကျောင်းသားပွဲတော်တွေ လုပ်ရင် ဘယ်မှာလုပ်လုပ် သီချင်းစပ်ဖို့ ကိုမြတ်လေး ပါလာတတ်ပါတယ်။ အားကစားသမားထဲမှာ ဘော်လုံးသမား ကိုနေဝင်း ပါလာတတ်ပါတယ်။ မင်းနောင်၊ မောင်မောင်ကြီး၊ မောင်မောင်နေညွန့် စတဲ့အဆိုတော်တွေလဲ ပါလာတတ်ပါတယ်။ ကိုမြတ်လေးကတော့ စာပေသမားလဲဖြစ် သီချင်းလည်းစပ်ပြီး ကျနော်တို့ကို ချပေးရတာဆိုတော့ ပိုပြီးရင်းနှီးခွင့်ကြုံတယ်။ သူနဲ့အတူ စန္ဒယားချစ်ဆွေလည်း ပါလာတတ်ပါတယ်။
ကိုမြတ်လေးက မန္တလေးက ဘဏ်တခုမှာ လုပ်ဖူးသလိုလို ကြားဖူးတယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းမရောက်ခင်ကတည်းက ကိုသာနိုး နဲ့ ရင်းနှီးနေကြတယ်။ တယောက်နဲ့တယောက် “ဟေ့ကောင် သာနိုး၊ ဟေ့ကောင် မြတ်လေး” လို့ ပြောလေ့ရှိကြပါတယ်။ သီချင်းရေးရင် ကိုသာနိုး အခန်းမှာပဲ ရေးလေ့ရှိပါတယ်။
သီချင်းလောကမှာ နဘေထပ်တွေရေးတာကို ကိုမြတ်လေးကပဲ စတင်တယ် ထင်ပါတယ်။ ကျနော်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီး အသံတွေကို မိဘတွေဆီကနာခံရင်း ကြီးပြင်းလာခဲ့ရလို့ ကာရန်နဘေ ကြိုက်ပါတယ်။ ဒါကြောင်သီချင်းစာအုပ် ဆိုလို့ ကိုမြတ်လေးရဲ့ တေးကဗျာ ဆိုတာ တအုပ်ပဲ ဝယ်ယူ ဖတ်ရှုဖူးပါတယ်။ ကိုမြတ်လေးက ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဂုဏ်ထူးတန်း တက်ဖူးတယ်လို့ ကြားဖူး ပါ တယ်။ ဟုတ်ရဲ့လားလို့တော့ မမေးဖူးပါဘူး။ အဲဒီခေတ်က မြန်မာစာယူသူတွေဟာ အမှတ်နည်းလို့ယူကြတာမဟုတ်ဘဲ ဝါသနာပါလို့ ယူကြတာ များပါတယ်။ ကိုမြတ်လေးက မြန်မာစာအုပ်တွေသာမက အင်္ဂလိပ်စာအုပ်တွေလဲ ဖတ်ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်ရှင်အကြောင်း အင်္ဂလိပ် စာအုပ်တွေပဲ အဖတ်များပါတော့တယ်။
ကဗျာဆရာတင်မိုးကတော့ သီချင်းဆိုရင် မြို့မနဲ့ ဂီတ နက်သန်ပဲ အကြိုက်များပြီး အမြဲတန်း သီချင်းဆိုလေ့ရှိပါတယ်။ ကျနော် တက္ကသိုလ် ရောက်ပြီး နောက်တနှစ်မှ သူရောက်လာတော့ ကျနော့လွယ်အိတ်ထဲက ကိုမြတ်လေး တေးကဗျာများကို တွေ့သွားပြီး လက်က မချတော့ပါဘူး။ ပြန်လည်း မပေးတော့ပါဘူး။
ကိုမြတ်လေးရဲ့ အများစုဆန္ဒ ပြည်တွင်းငြိမ်းချမ်းရေးသီချင်း တပ်ဦးသီချင်း မန္တလေး သီးခြား တက္ကသိုလ်အကြိုသီချင်း တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံ သီချင်းတို့ကို ညည်းလေ့ရှိပါတယ်။ မခင်နှင်းဆီတို့ ဂိုယာရမ်တို့လည်း ရပါတယ်။ ကိုမြတ်လေးကလည်း တင်မိုးရဲ့ ကဗျာတချို့ကို သီချင်း လုပ်ဖူးပါတယ်။ “ငဘ” ရုပ်ရှင်ကားထဲက မိုးကျ၍ ပျိုးချရမည် ကဗျာအပါအဝင် ကလေးကဗျာတွေကိုပါ တေးသံသွင်းဖူးပါတယ်။ ကျနော့ ကဗျာထဲကတော့ “လှိုင်း” တပုဒ်တည်း သွင်းဖူးတယ်လို့ မှတ်မိပါတယ်။
မြတ်လေးက အသားညိုညို ထောင်ထောင် မောင်းမောင်းနဲ့ ယောက်ျားပီသတဲ့ ရုပ်လက္ခဏာ ရှိပါတယ်။ အမြင်ရိုးမှာစိုးလို့ဆိုပြီး လူတောမတိုးတဲ့ ဇတ်မင်းသားဟန်မျိုးလည်း မရှိပါဘူး။ အညာသားမဟုတ်ပေမဲ့ ကြက်တိုက်တာ ဝါသနာပါတော့ အညာဒေသ တောရွာတွေလဲ အနှံ့ ရောက်ပါတယ်။ မြင်းခြံအနီးက တင်မိုးတို့ရွာ ကျနော်တို့ရွာတွေကို တိုက်ကြက်ရှာရင်း ရောက်ဖူးပါတယ်။ တခါတလေ အညာကို ကျနော်တို့စာပေ ဟောပြောပွဲတွေသွားရင်းလည်း သူ တိုက်ကြက်ရှာတာနဲ့ ဆုံရတတ်ပါတယ်။ တခါက သာစည်နားက ရွာတရွာမှာ ကျနော်စာပေ ဟောပြောနေတုန်း ရှေ့က ဝင်ထိုင်တယ်။ ဟောစင်ကလည်း နိမ့်တော့ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်နေပြီး အပြန်အလှန် နှုတ်ဆက်စကား ပြောကြတာနဲ့ ကျနော် ဘာပြော နေမှန်း မသိတော့ဘဲ ပွဲပျက်ရမလို ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ ပရိသတ်က ကျနော်တို့ရဲ့နှစ်ပါးသွားကို သဘောကျပြီး ဆက်ပြောကြပါလို့ အားပေး ကြပါ တယ်။
ကျနော် ရန်ကုန်ပြောင်းတော့ မြို့ထဲမှာ လည်ပတ်စရာ အထူးနေရာ နှစ်နေရာ ရှိပါတယ်။ ကိုထွန်းဝေ (ရုပ်ရှင်မင်းသားကြီး ) ရဲ့ ရန်ကင်း ရုပ်ရှင် ရုံးခန်းနဲ့ ကိုမြတ်လေးရဲ့ လေးနှင့်အပေါင်းအသင်းများ ရုံးခန်းဖြစ်ပါတယ်။ အသိုင်းအဝိုင်းတွေကလည်း ဒီလူ ဒီလူတွေပဲများပါတယ်။ ကျနော်တို့က ရုပ်ရှင်လောကနဲ့ မနီးစပ်တော့ ရုပ်ရှင်ပညာအကြောင်း ပြောလို့မရပါဘူး။ ကျောင်းသားသမဂ္ဂ ရဲဘော်တွေအကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ စာပေအကြောင်းပဲ ပြောကြရတာများပါတယ်။ ရန်ကုန်တက္ကသိုလ်ရော မန္တလေးတက္ကသိုလ်ရော သူ့ခေတ်ပြိုင်ကျောင်းသားတွေက ဖိုးမြတ်လို့ သူ့ကို ခေါ်ကြတာ များပါတယ်။ နယ်ကလာတဲ့ ဗ က သ ရဲဘော်တွေက ကိုမြတ်လေးကို သူတို့သူငယ်ချင်း သူတို့ရဲဘော် ဆိုပြီး ရင်းနှီးခဲ့ကြတယ်။ ရန်ကုန်ဝင်ရင် သူ့ဆီ ဝင်ပြီး လက်ဖက်ရည် တခွက်ဖြစ်စေ သောက်သွားပြီးမှ ပြန်တက်ကြပါတယ်။
ငြိမ်းချမ်းရေးသီချင်းရေးတဲ့ သီချင်းဆရာရဲ့ဘဝဟာလည်း သိပ်တော့ မငြိမ်းချမ်းပါဘူး။ ငြိမ်းချမ်းရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ထောင်ထဲကို ရောက်ရဖူးပါတယ်။ သူရော ကိုထွန်းဝေရော ရောက်ကြရတာပါ။ သူကထောင်ထဲမှာ ငိုတယ်ကြားလို့ တဲ့ ကိုထွန်းဝေက စိတ်ဆိုးဖူးတာ တော်တော်နဲ့ ပြေပုံ မရပါဘူး။ လူပုံက ကြီးကျန်းပေမဲ့ နှလုံးသားက နုပုံရပါတယ်။ လူတိုင်းကိုလည်း အလိုလိုက်တတ်ပါတယ်။ လူတိုင်းကလည်း ဖိုးမြတ်ကြီးဆိုပြီး ခင်ကြပါတယ်။ သူကလဲ လမ်းပေါ်နေတဲ့ လူမျိုးပါ။ သူ့ကိုခင်လို့ စန္ဒရားချစ်ဆွေတို့ မာမာအေးတို့လည်း တက္ကသိုလ်မောင်နှမတွေ ဖြစ်လာခဲ့ရပါတယ်။ တင်မိုးလိုပဲ မာမာအေးလည်း ကိုမြတ်လေးရဲ့ ငြိမ်းချမ်းရေးသီချင်းတွေ ရကုန် ဆိုကုန်ပါပဲ။
သူ့ရဲ့ အပေါင်းလက္ခဏာ ရုပ်ရှင် လေးနဲ့အပေါင်းအသင်းများ အခန်း ဖြုတ်လိုက်တော့ ရေကျော်က သူနေထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာပဲ ဖြစ်စေ မြို့လယ် ၃၃ လမ်းက လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာဖြစ်စေ ဆုံတတ်ပါတယ်။ စာရေးဆရာ မြသန်းတင့် အိမ်ကိုလည်း မကြာခဏ လာလေ့ရှိပါတယ်။ သူ့ရုပ်ရှင်ရုံတင်ရင်လည်း သူနဲ့ရင်းနှီးတဲ့ စာပေအသိုင်းအဝိုင်းကို ရုပ်ရှင်လတ်မှတ် ပေးလေ့ရှိပါတယ်။ ကျနော်တို့က သူ့ရုပ်ရှင်ကားတွေကို သိပ် အကောင်း မပြောတတ်ကြပါဘူး။ သူက ရုပ်ရှင်သဘောတရားတွေ ပြောလွန်းလို့ သူ့ကို ပိတ်ပြောကြတာပါ။ သူကလည်း ကျနော်တို့မို့ သီးခံတာပါ။ သူပေါင်းတဲ့ အညာသားတွေက မောင်သာနိုး မောင်ရိုးသူ တင်မိုး မြသန်းတင့် နဲ့ မောင်စွမ်းရည် စသူတို့ ဖြစ်ပါတယ်။ ရန်ကုန် မှာ ဒီလူတွေနဲ့ ရန်ကုန် တ-က-သ ရဲဘော်တွေပဲ အဖေါ်လုပ်လေ့ရှိပါတယ်။ သည်းညည်းလည်း ခံပါတယ်။
ရုပ်ရှင်လောကမှာ ရုပ်ရှင်သဘောတရားတွေကို စာနဲ့ပေနဲ့ တကယ်လေ့လာသူတဦးဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်သမားအချင်းချင်းက သူရေးတဲ့ အတွေး၊ သူပြောတဲ့ စကားတွေကို နားစွင့်ကြရပါတယ်။ တင်မိုးက ပေဖူးလွှာ မဂ္ဂဇင်းကို ကိုင်တော့ သူက ငါမင်းကို ဆောင်းပါးရေးပေးရအုံးမယ် လို့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ပြောပါတယ်။ တင်မိုးက “ငါမင်းကို မတောင်းဘူး၊ ငါလုပ်မှာက စာပေ မဂ္ဂဇင်း၊ မင်းရေးတဲ့ ဘာစကီ ညာစကီဆိုတာတွေ ငါလည်း နားမလည်ဘူးလို့ ငြင်းလိုက်တော့ ဟ-ဘဂျမ်းရ ငါလည်း ဒါပဲ ရေးတတ်တာ ဆိုပြီး ပြောရှာ ပါတယ်။
ဆရာ မြသန်းတင့်ရယ် မင်းသားကြီး ကိုထွန်းဝေရယ်၊ တင်မိုးရယ်၊ ကိုမြတ်လေးရယ် သူတို့ လေးယောက် အညာကို ဦးသိန်းဖေမြင့် ဂူဗိမာန်ဖွင့်ပွဲ အပြန်မှာ ချိန်းချက်ပြီး အညာတခွင် လျှောက်လည်ကြတယ်။ ပန်းချီ ယဉ်မင်းပိုက်လည်း ပါတယ်။ ခွဲလိုက်ဆုံလိုက် အကြိမ်ကြိမ် လုပ်ကြတော့ ထောက်လှမ်းရေးက သူတို့ခရီးစဉ်ကို တော်တော် အံ့သြ ထိတ်လန့်ခဲ့ပုံရပါတယ်။
တခါတော့ ဆရာတင်မိုးနဲ့ ကိုမြတ်လေးတို့ ဟောပြောပွဲ ထွက်ကြတယ်။ သူတို့သုံးယောက် နောက်ဆုံး ဆုံကြတဲ့ပွဲပါပဲ။ အညာတခွင်လျှောက်သွားပြီး ရန်ကုန်ရောက်လာကြတာ ကျနော့်အိမ်ကို ဦးဆုံးရောက်လာသူက ဆရာမြသန်းတင့်ပါ။ သူက တင်မိုးနဲ့ ကိုမြတ်လေးအကြောင်းကို ခုလိုပြောပြပါတယ်။ “ဗိုလ်မိုးကွာ ဟောပြောပွဲမတိုင်ခင် နေရာတိုင်းမှာ ဖိုးမြတ်ကိုများ ကြိမ်းမောင်းလိုက်တာ စာပေဟောပြောပွဲမှာ ရှုဘင်စကီးဘူနင်ကိန်း ဆိုတာ တွေမပြောရဘူး။ ရုပ်ရှင်သဘောတရားတွေ မပြောရဘူး။ ပြောရင် ငါအောက်ကနေ ခဲနဲ့ ထုမယ်။ အော်မယ် ဟစ်မယ် မျက်နှာထားကြီးနဲ့ကို ချဲတာ။ ဖိုးမြတ်ကလဲ ဟ-ဘဂျမ်းရ ငါက စာပေအကြောင်းပြောစရာမှ မရှိဘဲ မပြောတတ်ဘူးကွ လို့ ပြန်ပြောရှာတယ်။ မင်းရဲ့ တေးကဗျာတွေ အကြောင်းပြောပေါ့။ ဒါစာပေပဲ တဲ့။ ဖိုးမြတ်က အဲဒါတွေ မရဘူးကွ။ ရထားတာတွေက တပိုင်းတစဘဲ။ အဲဒါတွေလဲ မေ့ကုန်ပြီဆိုတော့ ငါအကုန်ရတယ်။ မင့်စာတွေ ငါရေးပေးမယ်။ ဘယ်ဟာပီး ဘယ်ဟာဆို၊ ဆိုပြီးတော့ မြတ်လေးကိုများ ချရေးပေးသေးတယ်။ ဟိုကောင်ကလည်း စင်ပေါ်တက်ပြီးပြောတော့ ကျနော် ပြင်ဆင်ထားတာကို ဟိုဘဂျမ်းဆိုတဲ့အကောင်က မပြောရဘူး။ သူပြောခိုင်းတာပဲ ပြောရမယ်။ သူပြောခိုင်းတာမပြောရင် အောက်က ခဲနဲ့ပေါက်မယ် ပြောပါတယ်။ ဒါကြောင့် ဟိုကောင် ပြောခိုင်းတဲ့အတိုင်း ပြောပါမယ်ဆိုပြီး တကယ်ပဲ ဗိုလ်မိုးပြောခိုင်းတာတွေပဲ ပြောတယ်။ မေ့နေရင်အောက်ကို လှမ်းမေးတယ်။ ဗိုလ်မိုးက အောက်က လှမ်းထောက်တယ်။ သီချင်းတွေ တပုဒ်ပြီးတပုဒ် နောက်ကြောင်းပြောသွားလိုက်တာ ပရိတ်သတ်ကလဲ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ သူတို့နှစ်ပါး သွားတာကို သဘောကျလိုက်ကြတာ။ စင်ပေါ်က ဆင်းတော့ ဗိုလ်မိုးက အောက်ကနေ မတ်တတ်ရပ်ပြီး ဆီးကြိုပွေ့ဖက်ပြီး ချီးကျူးလိုက်သေး။
ကိုမြတ်လေးဟာ အလွန်မာကြောတဲ့ လူပါ။ ဒါပေမဲ့ သူငယ်ချင်းအပေါင်းအသင်း ရဲဘော်ရဲဘက်တွေအပေါ်မှာ အလွန်သည်းခံပါတယ်။ သူ့ ရဲဘော်တွေကို တခြားလူတွေက ထိပါးတယ် ထင်ရင်တော့ သည်းမခံပါဘူး။ ဦးမြသန်းတင့်ရဲ့ ဈာပနမှာ ဦးအောင်သင်းက “သူငယ်ချင်းကိုမြသန်းရေ သွားနှင့်ပေတော့” ဟု ထ-အော်လိုက်တယ်။ နောက်နားလေးမှာ ကြိတ်ငိုနေတဲ့ ကိုမြတ်လေး ကြားတော့ “အောင်မာ ဘယ်ကောင်လဲကွ သူငယ်ချင်း လို့ ခေါ်ရဲတာ” ဆိုပြီး ထအော်လို့ ကျနော်တို့ မနည်း ပါးစပ်ပိတ်ယူရပါတယ်။ တကယ်က ဦးအောင်သင်းဟာ ဆရာမြထက် အသက်လည်းကြီးတယ်။လူချင်းကလည်းအလွန် ရင်းနှီးကြပါတယ်။ ကိုမြလေးကတော့ ကိုမြသန်းရေ သူငယ်ချင်းရေ လို့ခေါ်တာကို လုံးဝ သဘောမကျကြောင်း တဖွဖွ ပြောလို့ မပြီးပါဘူး။ တနေရာမှာလည်း သာနိုး မထိနဲ့ မီးပွင့်သွားမယ်။ စွမ်းရည်မထိနဲ့ မီးပွင့်သွားမယ်လို့ သွားအော်ဖူးသတဲ့။ ဘုန်းတော်ကြီးတပါးက အမူးသမား တယောက်ယောက် အော်နေတယ် ထင်လို့ ထွက်ကြည့်တော့ ကိုမြတ်လေး တဲ့။
ကျနော်ကတော့ ကိုယ့် ငါးချဉ်မို့ ချဉ်ရတာမဟုတ်ပါ။ သူနဲ့ ခေတ်ပြိုင်ထဲမှာ တေးကဗျာဆိုတဲ့ သီချင်းမျိုးနဲ့ သူ့ဟန်အမူအရာ သရုပ်ဆောင်ပုံမျိုးဟာ သူလို တခေတ် ထူနိုင်သူ ရှားပါတယ်။ မင်းသားထဲမှာ ပညာတတ် စကားပြောဟန်တမျိုးကို အမူအရာနဲ့တကွ ထူထောင်ခဲ့ပြီး သီချင်းတွေကိုလဲ ကဗျာဟန်နဲ့ ကာရန် နဘေသုံးပြီး ထူထောင်ခဲ့တာပါ။ ငြိမ်းချမ်းရေးသီချင်းတွေနဲ့ကျောင်းသား သီချင်းတွေလည်း သူမို့သာ ရေးရဲပြီး ရေးလဲ ရေးတက်နိုင်စွမ်းသူဖြစ်ပါတယ်။ သူကတော့ သူ့သီချင်းတွေကို ချီးမွမ်းရင် ငါကောင်းလို့ မဟုတ်ဘူး။ ချစ်ဆွေ ကောင်းလို့ ဆိုပြီး ပြောလေ့ရှိပါတယ်။ ကျနော်ကတော့ သူ့အမူအရာကိုလဲ တခြား သူငယ်ချင်းတွေ စ သလို မစ ပါဘူး။ ကဗျာဆရာ ကြည်အောင်ဟာ ခင်ဗျားနဲ့မသိခင်ကတည်းက ခင်ဗျားရဲ့အမူအရာ ကို အတုခိုးခဲ့တာ လို့ ပြောပြပါတယ်။ ရုပ်ရှင်ကားထဲမှာတော့ သူနဲ့ကောလိပ်ဂျင်နေဝင်းတို့ နှစ်ယောက်တွဲ သရုပ်ဆောင်တဲ့ “ပန်းပန်လျက်ပါ” ထဲက သရုပ်ဆောင်တာကို အကြိုက်ဆုံးပါဘဲ။
အညာသားတွေနဲ့တွဲပြီး အညာရုပ်ပေါက်သူဖြစ်လို့ သူ့ကို တချို့က အညာသားလား လို့ မေးဖူးပါတယ်။ တကယ်တော့ သူဟာ ဆိပ်ကြီး ခနောင်တိုသားပါ။ ၁၉၂၈ မှာမွေးပြီး ၂၀ဝဝ ပြည့်နှစ်မှာ ဆုံးရှာပါတယ်။ ရုပ်ရှင်ကားပေါင်း ၁ဝဝ ကျော် ရိုက်သွားခဲ့ပါတယ်။ ပင်လုံထိပ်ထားဦး ဇာတ်ကားမှာ တင်တင်မူနဲ့ တွဲပြီး စတင် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ “အမုန်း၏နောက်ဝယ်” နဲ့ “ရင်ထဲမှာရွာတဲ့မိုး” ဇတ်ကားများနဲ့ အကယ်ဒမီရဖူးပါတယ်။ သီချင်းပေါင်း ၂ဝဝ ကျော် ရေးခဲ့ပါတယ်။ ကိုမြကြီးဆိုတဲ့ မခင်နှင်းဆီ သီချင်းနဲ့ စတင်ပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ ကွယ်လွန်တော့ အသက် ၇၂ နှစ်ပါ။ အသဲရောင်ရောဂါနဲ့ ဆုံးရတာပါ။ ငြိမ်းချမ်းရေး တေးသံရှင်ခမျာ ငြိမ်းချမ်းရေး ကို မြင်မသွားရရှာပါ။
“အများစုဆန္ဒ” ငြိမ်းချမ်းရေးသီချင်း၊ ကျောင်းသားတပ်ဦးသီချင်း နဲ့ မန္တလေးသီးခြားတက္ကသိုလ် အကြိုသီချင်းတွေကို ကျနော်မေတ္တာရပ်ခံလို့ သူငယ်ချင်းတင်မိုးက ဆိုခဲ့ပါတယ်။ ကိုမြတ်လေးရဲ့ ရဲဘော်မ မာမာအေး နဲ့ ကျနော်တို့က ဘေးက ထောက်ပေးနိုင်တာ ထောက်ပေးပြီးရင် စည်းဝါး လိုက်ကြပါတယ်။ ကျော်သက်က အသံဖမ်းထားပါတယ်။ တင်မိုး ကွယ်လွန်တော့ ကျနော်တို့ အလွမ်းပြေ ပြန်ပြီးနားဆင်ကြပါတယ်။ တင်မိုးနဲ့ ကိုမြတ်လေး ချစ်သူငယ်ချင်း နှစ်ဦး နောင်ဘဝမှာ ပြန်လည် ဆုံတွေ့ကြပါစေ။ အဲဒီအခါ ဗမာပြည်လဲ ငြိမ်းချမ်းသာယာနေပါစေသတည်း။ ။
| Reactions: |
Aung Way POems Book
ကဗျာဆရာ အောင်ဝေး ခရမ်းပြာမြင်းရိုင်း ကဗျာစာအုပ်ထုတ်
ဂျာနယ်ဂြိုလ် သာဂိ
အောက်တိုဘာ ၃၁၊ ၂၀၀၈
ဂျပန်က အာဟာရ မြန်မာစာအုပ်တိုက်က ထိုင်းနိုင်ငံရောက် မြန်မာကဗျာဆရာ အောင်ဝေးရဲ့ ကဗျာ ၂၆ ပုဒ်၊ မိတ်ဆွေများရဲ့ အမှာစာ ၃ ပုဒ်ကို စုစည်းပြီး ထုတ်ဝေလိုက်ပါတယ်။ ထုတ်ဝေချိန်က မတ် ၂၀၀၈ ဆိုတော့ ကဗျာဆရာ အောင်ဝေး အမေရိကန်ကို ပြောင်းရွှေ့ ခိုလှုံချိန်မှာ ထွက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အာဟာရရဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ် ထုတ်တဲ့စာအုပ်လို့ ရေးထားပါတယ်။ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀ လို့ သတ်မှတ်ထားပါတယ်။ စာအုပ် ဝေဖန်ရေးတို့ ထင်မြင်ချက်တို့ကိုတော့ သိသူ တတ်သူများက ရေးပါလိမ့်မယ်။ သာဂိက စာအုပ်စင် မိတ်ဆက်ပဲ ရေးတတ်လို့ စာဖတ်သူတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူ့ကဗျာစာအုပ်ဟာ မြန်မာပြည် နိုင်ငံရေး မုန်တိုင်းထန်တဲ့ ၂၀၀၇နဲ့ ၂၀၀၈ ကာလများအတွင်း ကဗျာဆရာတယောက်ရဲ့ ဖြတ်သန်းမှုကို သရုပ်ဖော်တဲ့ ကိုယ်တိုင်ရေး ကဗျာ မှတ်တမ်းပါပဲ။
| Reactions: |
Thursday, October 30, 2008
Quotes for October, 2008
အောက်တိုဘာ ၃၀၊ ၂၀၀၈

" နအဖအစိုးရကို ဖားပြောတာလည်း မဟုတ်ဘူး တချို့ သူမှားတာရှိတယ်။ မှားတာ တမတ်ဖိုးပေမယ့် အောက်က သူက ခိုင်းထားတဲ့တပည့်က သူ့အာဏာတမတ်ဖိုးပေးလိုက်တာကို တကျပ်ဖိုး သုံးတဲ့အတွက် ပိုမှားတယ်။ အခု ရှင်းရှင်းပြောရရင် နအဖအစိုးရလည်း ဝန်ထမ်းတွေရဲ့ လိမ်လည်ခြင်းကို ခံနေရတယ်။ အခုချိန်ထိ သူ့ကိုယ်သူ လိမ်ပြီးခံရတယ် ဆိုတာကို မသိသေးဘူး။"
ဦးအေးမြင့် (လုပ်အားပေးသတင်းများစုဆောင်းဖော်ထုတ်မှုကြောင့် သေဒဏ်ချခံရဖူးသည့် ရှေ့နေ)၊
ဒီမိုကရက်တစ်မြန်မာ့အသံ၊ အောက်တိုဘာ ၁၇
"လူတွေဒုက္ခရောက်နေတဲ့အချိန်မှာ သံဃာတော်တွေဟာ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဒါပေမယ့် အရေးအခင်းတွေ ပြီးဆုံးသွားတဲ့အခါ သံဃာတွေဟာ ၀န်ကြီးနေရာလည်း မယူပါဘူး၊ ၀န်ကြီးချုပ်နေရာလည်း မယူပါဘူး၊ ရပ်ကွက်လူကြီးနေရာလည်း မယူပါဘူး ဒကာကြီး၊ ကိုယ့် စာသင်စာချအလုပ် ပြန်လုပ်တာပါပဲ။"
ဦးကောဝိဒ (ကနေဒါဆရာတော်)၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊
ဘီဘီစီအသံလွှင့်ဌာန၊ အောက်တိုဘာ ၁၇
"ပြဇာတ်ပြိုင်ပွဲများမှာ ''လူငယ်အားမာန် မိုးယံဆီသို့'' ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ လူငယ်များရဲ့ အပြုသဘောဆောင်တဲ့စိတ်ဓာတ်၊ ဒို့တာဝန်အရေးသုံးပါးအပေါ် ပြင်းပြထက်သန်တဲ့ ခံယူချက်၊ နိုင်ငံ့အပေါ်ထားရှိတဲ့ စေတနာတို့ပေါင်းစည်းပါဝင်တဲ့ လူငယ်အားမာန်ကို ဖော်ညွှန်းကပြရင်း အပြိုင်အဆိုင် တင်ဆက်သွားကြတာဟာ အလွန်ပဲ ပီပြင်လှပါတယ်။"
ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ အတွင်းရေးမှူး(၁)၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊
ကြေးမုံသတင်းစာ၊ အောက်တိုဘာ ၃၀
"လေဘေးသင့် ဒေသတွေကို သွားဖြစ်နေတယ်။ အဲဒီခရီးစဉ်မှာတော့ ထရီဇာက အဆိုတော်ဖြစ်လိုက်၊ သရုပ်ဆောင်ဖြစ်လိုက်၊ ဆရာဝန်ဖြစ်လိုက်နဲ့ ၃မျိုးစလုံး အားဖြည့်လုပ်ဖြစ်နေတယ်။ မိဘမဲ့ကလေးတွေကို ကြည့်ပြီး အရမ်း ကိုယ်ချင်းစာမိလို့ ခရီးက တစ်ခါပြန်လာတိုင်း ငိုရတယ်။ မေမေကတောင်ပြောတယ် စိတ်မနိုင်ဘဲ ဘယ်လိုဆက်လုပ်မလဲ လို့ ပြောတယ်။ ထရီဇာကတော့ သွားနေတာပဲ။ ပြန်လာတိုင်းလည်း ငိုနေတာပဲ။ လုပ်နိုင်သလောက် ဆက်လုပ်မယ်။"
သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန် ချစ်သုဝေ (ခေါ်) ထရီဇာ၊
ရွှေအမြုတေမဂ္ဂဇင်း၊ အောက်တိုဘာ
"တချို့လူတွေမှာတော့ ကျနော် စကားလှမ်းပြောရင် ပြန်မပြောတာမျိုး ရှိတတ်ပါတယ်။ တကယ်ဆိုရင် ခွေးတစ်ကောင် သူများကို လှမ်းဟောင်ရင်တောင် ဟဲ့ခွေးလို့တော့ အနည်းဆုံး အော်ခံရနိုင် သေးတာပဲ။ ကျနော် လှမ်း နှုတ်ဆက်တာလေးကို ပြန်မဖြေတော့ ကျနော် ခံစားရမလဲ စဉ်းစားကြည့်ပေါ့။ အလုပ်က ဒီနေ့ မပြီးရင် ကမ္ဘာကြီး ပျက်စီး သွားတော့မလောက် အလုပ် မတရား များပါတယ်ဆိုပြီး invisible မလုပ်ပဲ G-talk ဖွင့်ထား တာကတော့ အဓိပ္ပါယ် မရှိဘူးလို့ မြင်တယ်။ တခါတလေများဆို မီးလေးတောင် စိမ်းနေလိုက်သေးတယ် (Busy တောင် မလုပ်ထားဘူး)။
* Invisible ကို ခများတို့ G-mail ထဲမှာ ၀င်သုံးတဲ့အခါ လက်ဝဲဖက် ဘောင်က Chat box မှာ ၀င်ပြောင်းနိုင်ပါတယ်။
ကျနော် ဆိုလိုချင်တာက အေး သူငယ်ချင်း... ငါ အခုတော့ အလုပ်များနေတယ်... နောက်မှ အေးဆေး စကား ပြောတာပေါ့ ဆိုတာလောက်လေး မပြောသင့်ပေဘူးလား လို့ တွေးကြည့်တာပါ။"
ထူးမြတ်၊
htoomyat.blogspot.com၊ အောက်တိုဘာ ၂၀
"မင်းတို့ သီချင်းတွေကလည်း ဘာတွေဆိုနေမှန်း မသိဘူးပေါ့။ အဲဒီလို။ သိပ် လက်မခံဘူး။ နောက်တော့လည်း ကိုယ့်သားသမီး သီဆိုတာ ဆိုတော့လည်း သူတို့ လက်ခံ သဘောကျပေးလာရတာပေါ့။"
ရဲဖြိုး၊ Street Emcees၊
လမ်းမပေါ်က Hip Hop ဖန်တီးသူများနဲ့ တွေ့ဆုံခြင်း၊ ပန်းအလင်္ကာဂျာနယ်၊ အောက်တိုဘာ
"အီးမေးလ် ဘလော့ဂ်တို့တွင် အပုပ်ချမှု၊ စောင်းမြောင်းပြောဆိုမှု၊ လိမ်ပြောမှု ကောလဟလ အညစ် အပတ် စသည်ဖြင့် အညစ်အကြေးပေါင်းစုံ သိပ်များသည်။"
မောင်စူးစမ်း၊
မီဒီယာဂေဟစနစ် နှင့် လူစီဖာအကျိုး၊ ပန်းအလင်္ကာဂျာနယ်၊ အောက်တိုဘာ
"ကျောင်းစာက ခက်တာပါပဲ..တဲ့။ ဒါဖြင့် မြန်မာစာကို ဘာလို့ယူတာလဲမေးကြည့်တော့ ဒါပဲရတာကိုး တဲ့။ ကျမ ငိုချင်သလို ဖြစ်သွားခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလ ဒီလို ကျောင်းသားတွေ အတွေ့များလာတော့ ကျမ အဲလို မမေးတော့ပါဘူး။"
မေငြိမ်း၊
http://maynyane.blogspot.com/၊ အောက်တိုဘာ ၁၁
"ဗိုလ်ချုပ်ခင်ညွန့်က တိုင်းရင်းသားသူပုန် အင်အားစုများနှင့် ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို အစပျိုးဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သူက ဤနည်းအားဖြင့် စစ်အစိုးရ၏ အာဏာထိန်းချုပ်မှုကို ပိုမို ခိုင်မြဲစေခဲ့ပြီး နောက်ဆယ်စုနှစ်တိုင် ဆက်လက်၍ အာဏာကို ချုပ်ကိုင်ထားနိုင်ရန် ဖန်တီးခဲ့သူလည်း ဖြစ်သည်။"
အောင်ဇော်၊
ဧရာဝတီအင်တာနက်စာမျက်နှာ၊ အောက်တိုဘာ ၈
"ရန်ကုန်- အင်းစိန် လမ်းမပေါ်က ဆပ်ပြာ စက်ရုံ တစ်ရုံ တည်ရှိရာ ရပ်ကွက် တစ်ခုမှာ အခုဆိုရင် ခွေး လေ ခွေးလွင့်၊ ကြောင်လေ ကြောင်လွင့်၊ ကြွက်သာ မက ကုန်ကုန် ပြောရရင် အဲဒီ စက်ရုံနားက ရေ မြောင်း တွေမှာ သက်ရှိ ဆိုလို့ ငါးနဲ့ ရေညှိတောင် မရှိတော့ လောက်အောင် အဆိပ်သင့် နေခဲ့ ပါပြီ။ ပိုဆိုးတာက အဲဒီ ရပ်ကွက်မှာ အသက် ၇၀ ကျော် သက်ကြီး ရွယ်အိုလဲ မရှိတော့ ပါဘူး။ သူတို့ အား လုံး ဗိုက်ကြီးတွေ ဖောင်းကားပြီး ကျောက်ကပ် ပျက်စီးလို့ သေဆုံး ခဲ့ကြ ပါတယ်။ ၀မ်းနည်း စရာ ကောင်းတာက ဒီအကြောင်းကို သက်ဆိုင်ရာကို အကြောင်းကြား တဲ့အခါ အရေးယူမှု အနေနဲ့ အလွန် မြင့်တဲ့ အုတ်တံတိုင်းနဲ့ အဲဒီ စက်ရုံကို ၀င်းခတ် လိုက်တာပါပဲ။ အပြင်ကနေ ဓာတ်ပုံရိုက် ယူလို့ မရ တော့ဘူး ပေါ့လေ။ "
ခွန်မြလှိုင်၊
khunmyahlaing.blogspot.com၊ အောက်တိုဘာ ၂၃
"ရန်ကုန် လို မြို့ကြီးမှာ ဘာလို့ ကလေးဆေးရုံ တစ်ရုံထဲ ရှိနေခဲ့ရပါသလဲ..။ နောက်ထပ် ကလေးဆေးရုံ ထပ်ဆောက်ဖို့ မလိုတော့လို့ လား..။ နှစ်စဉ် ရာသီအကူးအပြောင်းတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ ဘယတွေကြောင့် ဆေးရုံရောက်လာတဲ့ ကလေးငယ်များထဲက တချို့ ကြွေလွင့်သွားတာဟာ ဘယ်သူမှ မတတ်နိုင်တဲ့ ကံတရားရဲ့ စေစားမှုလား..။
ကျောင်းကြီးတွေ ဆောက် ဘုရားကြီးတွေဆောက်.. ထမင်းရေချောင်းစီး အလှူကြီး ပေးနေကြသူတွေ ရဲ့ စေတနာသဒ္ဒါတရားဟာ ကလေးဆေးရုံဆီ ဘာကြောင့် ရောက်မလာရတာလဲ..။ ဘယ်အချက်တွေက သူတို့လက်ရှိအလှူတွေဟာ ကလေးဆေးရုံကို လှူတာထက် ပိုသာမြင့်မြတ် ကောင်းမွန်တယ်လို့ တွန်းအား ပေးနေခဲ့ပါသလဲ..။"
Navana၊
http://navana07.blogspot.com/2008/10/324.html ၊ အောက်တိုဘာ ၂၀
ခွင့်မလွှတ်ထိုက်တဲ့ ကိစ္စရပ်တွေကို မှားယွင်းစွာ ခွင့်လွှတ်ထားခဲ့ရင် ခွင့်လွှတ်လိုက်သူပါ ခွင့်မလွှတ်ထိုက်သူ ဖြစ်သွားပါလိမ့်မယ်။ မှားယွင်းစွာ ခွင့်လွှတ်ခြင်းဟာ နောက်ထပ်အပြစ် ကျူးလွန်ဖို့ ဖိတ်ခေါ်ရာ ရောက်ပါတယ်။ ဖြောင့်မှတ်ခြင်းကို တန်ဖိုးထားရကောင်းမှန်းမသိ၊ သစ္စာစောင့်ထိန်းခြင်းကို တန်ဖိုးထားရကောင်းမှန်း မသိ။ တိုင်းပြည် လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမှန်း မသိ။ တရားသဖြင့်သာ ရှင်သန်နေထိုင်ရမယ် ဆိုတာကို လက်ခံနိုင်ခြင်မရှိ ဖြစ်သွားပါလိမ့်မယ်။
တင်တင်၊ ခွင့်လွှတ်ခြင်း ဆောင်းပါး၊ အတွေးအမြင်၊ အောက်တိုဘာ ၂၀၀၈
| Reactions: |
Cartoon Aw Pi Kye - Saving our Earth and Environment - Cartoon Series 14

| Reactions: |
Nay Phong Wai short stories 01

နေဘုဏ်းဝေ
အောက်တိုဘာ ၃၀၊ ၂၀၀၈
သူမကို သတိရလို့ လေချွန်မိတာပါ။ နတ်ဆိုးတွေကို လက်ယောင်ပြတာ မဟုတ်ပါဘူး။ ဘုရားရှင် ခင်းထားတဲ့လမ်းမှာ ကျွန်တော် အတော်ဆန့်လိုက်တော့ အတ္တနဲ့ နည်းနည်းလေး ကပ်လွတ်သွားတယ်။ ကျွန်တော်သာ တံစိုးလက်ဆောင် မက်မောနေမယ်ဆို ကျွန်တော့်ဈာပနကျရင် သားဆိုးသားမိုက်လို့ အမည်တပ်လိုက်စမ်းပါ အမေ…။
မိုက်မဲခြင်းအမှုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ကောင် မဟုတ်ပါဘူး။ ကျွန်တော့်ယုံကြည်မှုကို အကြောဆေး ထိုးစရာမလိုဘူးလေ။ ဖြည်းဖြည်းလျှောက်လည်း ဒီလမ်းမြန်မြန်လျှောက်လည်း ဒီလမ်း။ အကုန်လုံးအားနည်းနေတဲ့ ခရီးကြမ်းမှာ ကျွန်တော်က အခွင့်အလမ်းတစ်ခုကို ပူဇော်ကိုးကွယ်နေတာ မဟုတ်ဘူး။ ဝဋ်ကြွေးချင်းတူရင် အချင်းချင်းပွေ့ဖက်နမ်းရှုံ့တတ်တဲ့ကောင်ပါ အမေ…။
အမိုက်မှောင်ဆိုတဲ့ မှုန်ဝါးဝါး ခပ်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ကျွန်တော့်ငယ်မူငယ်သွေးဘဝကို အပေအတေ သိုးမည်းတွေနဲ့တော့ မနှိုင်းယှဉ်ပါနဲ့။ ကံတစ်ခုရဲ့ အဆိုးအကောင်းကြားမှာ ကျွန်တော် အခုစားနေတဲ့ထမင်းက ရိုးသားပါတယ်။ သွေးရောထားတဲ့ မုသာဝါဒ ညစာ မဟုတ်ပါဘူး။ ဘယ်သြဇာခံအောက်မှာမှ ကျွန်တော့်ထမင်းအိုးထဲမှာ ပျိုးကြဲခဲ့တာ မဟုတ်ပါဘူး အမေ…။
ချစ်လှစွာသော အဖေပေးခဲ့တဲ့အမွေ၊ ချစ်လှစွာသော အမေပေးခဲ့မယ့်အမွေ၊ အခက်အခဲနဲ့ ဆူးငြိနေလည်း ကွဲပြားခြားနားခြင်းတော့ ကျွန်တော်သိပါတယ်။ ဆန့်ကျင်ဘက်တွေကသည်း ခြံခင်းတရားကကို ခပ်ယူလို့ ကျွန်တော်ဟာ မိုက်မဲခြင်းနဲ့ ဘယ်တော့မှ သွေးမဆူခဲ့ဘူးလေ။ အပေးအယူ တည့်နေသူတွေရှေ့မှာ ကျွန်တော် ရိက္ခာယူဖို့ မကြိုးစားဘူးအမေ…။
တကယ်တော့ ဒါဟာ ဖိတ်စာအတုမှာ သိက္ခာအတုတွေ တပ်ဆင်၊ မျက်မမြင် ပုဏ္ဏားတွေထင်လို့ လှည့်စားခံရတာပါ။ ပဲပြားပင်တွေလို လေနှင်ရာယိမ်းနွဲ့တတ်တဲ့ သီလတရားမှာ မှောင်အတိ ကျနေတဲ့ကောင် မဟုတ်ပါဘူး။ အမှောင်ထုဆိုတာ သူတော်စင်တွေကို လှည့်စားဖို့ တစ္ဆေတွေရဲ့ ညပဲမဟုတ်ဘူးလား။ လေးမှန်ဖူးတဲ့ စာသူငယ်လို၊ တစ်ခါသေဖူးတော့လည်း ပျဉ်ဖိုးတော့ နားလည်ပါတယ်အမေ…။
တယူသန်ဆိုတာ လူမှန်တွေရဲ့ အလုပ်မဟုတ်ဘူး။ မူမမှန်ခြင်းက ကျွန်တော်သောက်ခဲ့တဲ့ လက်ဖက်ရည်။ တစ်နေ့တစ်မျိုး ပြောင်းနေတဲ့ အခြေအနေက ပျော်စရာရဲ့ သဘောထားလား။ လူပြောသူပြောများတဲ့ ကျွန်တော့်ရင်ခွင်ဆီကို သံယောဇဉ်မလေး မလာတော့ဘူး။ လူ့ဘဝဆိုတာ အလျှံအပယ်ပေါများသူတို့က ပေါများလို့၊ အခွင့်အရေးဆိုတဲ့ တောထဲမှာ နေထိုင်ကြတယ် အမေ…။
ဆင်းရဲသားဝါဒမှာ အသုံးချနေရတာပခုံး၊ တစ်ဆင့်ပြီးတစ်ဆင့် ရှုံးနိမ့်နေရတဲ့ အဖြစ်က ရင်လေးစရာ၊ အိုမင်းရင့်ရော်လာတဲ့ကျွန်တော့်ဘဝ တစ်ခုလုံးက ဘယ်လိုကျင့်သုံးခံရဦးမှာလဲ။ စိတ်က အိုးမဲ့အိမ်မဲ့ဝေဒနာ၊ အကြီးမားဆုံး ဆုံးရှုံးခံလိုက်ရတာက အနာဂတ်ပါ။ ဝင်သက်ထွက်သက် မမှန်လို့ ကြေကွဲခြင်းဆိုတာ ပေါ်ပေါက်လာတာပဲ မဟုတ်ဘူးလား။ သံသရာကူးပြောင်းမသွားခင်တော့ လောကဓံကို အပိုင်ဝယ်ယူလိုက်တယ်။ နလန်ထူဖို့ဆိုတာတော့ သမိုင်းနောက်ခံကောင်းဖို့ပဲ မဟုတ်ဘူးလား။ ဟောဒီ ဖုန်းဆိုးမြေမှာ ဗြဟ္မစိုရ်တရားကို ဘယ်လို စိုက်မလဲ။ အရှုံးဘက်ကကြည့်ရင်တော့ ညံ့ဖျင်းလွန်းအားကြီးတယ်။ ကျွန်တော့်အတွက် နာမည်ဆိုးကတော့ ပတ်ဝန်းကျင် ရွတ်ဆိုလိုက်တဲ့ ဂါထာပါ အမေ…။
ဘယ်သူက ဘယ်လိုအညစ်အကြေးနဲ့ ဘယ်လိုအစားအစာတွေ စားသလဲဆိုတာ သိပါတယ်။ စုပြုံပိတ်လှောင်နေတဲ့ အခြေအနေမှာ ကျွန်တော်က လွင့်မျောမောဟိုက်လို့ ဒုက္ခဆင်းရဲခြင်းကို အသိအမှတ် ပြုခဲ့ရတယ်။ အတိအကျမသိရတဲ့ အနာဂတ်က မနက်ဖြန် ပျံသန်းလာမှာလား။ ကျွန်တော့်ဝမ်းနည်းမှု ကျွန်တော် အသုံးပြုကြည့်တော့ အများနည်းတူ ဘဝခါးခဲ့ရတယ် အမေ…။
ဟောဒီ ကြေကွဲခြင်းအတွက် ကာကွယ်ဆေးစားဖို့ လိုသေးလား။ မဖြူစင်တဲ့ သဘောထားက ကျွန်တော်နေထိုင်ရာအရပ်မှာ သူတော်စင်ယောင်ဆောင်လို့။ ကိုယ်ကျင့်တရားဆိုတာ ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား။ စိုးရိမ်စိတ်က ဘဝကို ကုန်ကျစရိတ်များစေတယ်မေ…။
လူသားဖောင်းပွမှုမှာ အစာရေစာမဖောင်း ပွတာ ရင်လေးစရာ၊ ပိုလျှံတယ်ဆိုတာ မုသားကို အသုံးချတာပဲ မဟုတ်ဘူးလား။ အထူးသဖြင့် ကျွန်တော်ချုပ်ဝတ်ထားတဲ့ ဝဋ်ကြွေးက ဆံပင်ရှညည်သလို ရှည်လာတယ်။ မသေချာတဲ့ အကြောင်းအရာတွေကို ဖာထေးသုံးနေရတဲ့နေရာ၊ လောကဓံဟာ သားသတ်သမားအစစ်ပါ အမေ…။

လူဖြစ်မှတော့ ကိုယ့်ဝဋ်ကြွေး ကိုယ်ခံပေါ့လို့ မပြောပါနဲ့၊ နဂိုကတည်းက ကျွန်တော် ဟောဒီကြေကွဲခြင်းအတွက် ကာကွယ်ဆေးစားဖို့ လိုသေးလား။ မဖြူစင်တဲ့ သဘောထားက ကျွန်တော် နေထိုင်ရာအရပ်မှာ သူတော်စင်ယောင် ဆောင်လို့။ ဟာ ပန်းဝင်နောက်ကျခဲ့တာပါ။ ကျွန်တော်ဖောက်ပြန်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ လူတချို့ရဲ့ ကာမဂုဏ် စစ်တလင်းမှာ ကျွန်တော်တို့က အပြစ်မကင်း သူတွေလား။ မရိုးသားတဲ့ ဇာတ်ဝင်သီချင်းတွေကတော့ နားထောင်ကောင်းတယ်။ ဒါပေမယ့် ညနေစောင်းခဲ့ရတာက ကျွန်တော်တို့တစ်တွေပါ အမေ…။
မှားယွင်းမှုမှာ ကျွန်တော့်စိတ်ဓာတ်က လေကောင်းလေသန့် မရှူဘူး။ သွေးသားတောင်းဆိုမှုကြောင့် ကိလေသာမှာ ရိုးသားမှုကို မောင်းမဖြုတ်ခဲ့ဘူး။ ဘယ်သူ့ကိုယ်က ချွေးနံ့နံနံ၊ အပြစ်မကင်းမှန်း သိပါတယ်။ အိမ်ပြန်လမ်းလေးမှာတော့ အပုပ်နံ့ မလွှမ်းအောင် ကြိုးစားရမှာပေါ့။ မသမာမှုနဲ့ပေါင်းစည်းဖို့ ဘယ်တော့မှ မကြိုးစားဘူး အမေ…။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမည်မသိ ဝေဒနာနဲ့ တနင်္ဂနွေသမီးလေးကို လွမ်းတယ်။ သူမ လက်ချက်နဲ့ ဂျူးအကျဉ်းသားလို ကျဆုံးခဲ့ရတဲ့နေ့။ ဂျာမနီက ပိုလန်နိုင်ငံ ဝါဆောမြို့ကို သိမ်းပိုက်တယ်။ ဂျပန်ကလည်း ''အာရှ'' သာတူညီမျှ ကောင်းစားရေးတဲ့။ သူမနဲ့ ကျွန်တော်ဇောင်းပေးရပ်နေမိတဲ့ ခရီးလိုပါပဲ။ အကြောင်းပြချက် အမျိုးမျိုးပေးတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ကိုလိုနီစနစ်ကလည်း အန္တရာယ်ဖြစ်စေခဲ့တာပဲ မဟုတ်ဘူးလား။ ဒီလိုနဲ့ အခွင့်အလမ်းမရှိတဲ့ ကျွန်တော့်ဘဝက သူမနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ရတယ် အမေ…။
ကမ္ဘာမှာ အတ္တအစွဲတွေကြောင့် ဘယ်တုန်းက မီးငြိမ်းခဲ့ဖူးလဲ။ ငြိမ်းချမ်းရေးဆိုတာ မီးလောင်ပျက်ကျသွားတဲ့ မျှော်လင့်ချက်လား။ အသုံးပြုမရတဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာက ကမ္ဘာသုံးဘာသာစကား ဖြစ်ခဲ့တယ်။ ဘယ်ရောဂါက ကျွန်တော့်ဝေဒနာကို သက်သာ ပျောက်ကင်းစေမှာလဲ။ မရေရာတဲ့အယူအဆတွေနဲ့ ဖောက်တဲ့လမ်း၊ ဒီခရီးက အလွမ်းများတယ် အမေ…။
ချဉ်ငံစပ် စကားတွေ မထားချင်ဘူး။ အခု ဘာသာရပ်မှာ လွဲမှားမှုနဲ့ အမှတ်အများဆုံး ဘယ်သူရလဲ။ ဖောက်ပြန်ခြင်းက တွန့်လိမ် ကွေ့ကောက်နေတယ်။ ချွတ်ယွင်းချက်ဆိုတာ ကျွန်တော်စားရမယ့် ထမင်းများလား။ ဘုရားသခင်သာ မပွင့်ရင် ကျွန်တော်လည်း အလင်းရှိမှာ မဟုတ်ဘူး။ အရေပြားတွေကို သုတေသနပြုကြည့်ရင် ရောဂါတွေကိုတွေ့ရမှာ အမှန်ပါ။ အငြင်းပယ်ခံဘဝတွေပေါ်မှာအရှက်တကွဲ အကျိုးနည်း မေတ္တာတရားတွေ သုံးစွဲလို့၊ ရှုံးပွဲဆက်နေတာ ဘယ်သူဖြစ်မလဲအမေ…။ ပိုးသတ်ထားတဲ့ ဝေဒနာဆိုတာ ဒဏ်ရာတော့ ကျန်မှာပဲ။ ကျွန်တော် ဖတ်ရှုခဲ့တဲ့ မှုခင်းမှာ သဲလွန်စရတယ်။ ဒီဘဝမှာ ရေငန်ပိုင် ဦးရှင်ကြီးလည်း အညှီအဟောက်ကြိုက်တယ်။ အလကား ဝိုင်သောက်တယ်။ တကယ်တော့ အသံကောင်းဟစ်ခြင်းက မီးကြွင်းနေတဲ့ ပေါင်မုန့်ပါ အမေ…။
သုံးမရတော့မှ အန်ထုတ်ပေးတာ မေတ္တာလား။ ''ရတယ်'' နောင်တတွေ၊ ''ရတယ်'' သံဝေဂတွေ၊ အောင့်သီးအောင့်သက်ဆိုတာ မခံချိမခံသာ ဖြစ်စရာပဲမဟုတ်ဘူးလား။ ဒီသင်ခန်းစာတွေဟာ အခြေခံစားသုံးကုန်လား။ ကျွန်တော့်ရောဂါတွေဟာ ဈေးပေါပေါနဲ့ ဝယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွမ်းကျင်သူတချို့သိတဲ့မုသားကို ကျွန်တော် အရောင်မဆိုးခဲ့ပါဘူးအမေ…။
ဆွေးမြေ့ပျက်စီး အနာဂတ်ခရီးအတွက်အမှန်တရားက သက်ဆိုးရှည်ပါ့မလား။ ဝမ်းပျက်ရောဂါဆိုတာ ရေကြောင့်ဖြစ်ခြင်းထက် ဘဝကြောင့်ဖြစ်ခြင်းက ပိုမှန်မှာပါ။ အလယ်အလတ် လမ်းစဉ်ဆိုတာ အိမ်ပြန်သွားပြီမဟုတ်လား။ ဒုက္ခတရားဆိုတာလည်း သံသရာက ကြိုးတပ်တီးခတ်ရတဲ့ ဂီတာပါ။ သစ်ပင်စိုက်ပေမယ့် ဗြဟ္မစိုရ်တရားတွေ မသီးခဲ့ပါဘူး အမေ…။
ကျွန်တော်က သေခြင်းတရားကို ငုံပြီးခရီးဆက်ခဲ့ရသူပါ။ လူ့ဘဝဆိုတာ မုသားပေါများတယ်။ လူ့ဘဝဆိုတာ အတ္တပေါများတယ်၊ လူ့ဘဝဆိုတာ လှည့်စားမှုပေါများတယ်။ လူ့ဘဝဆိုတာ လိမ်ညာခြင်းပေါများတယ်။ စစ်ပြေးဒုက္ခသည်ထက် ဘဝပေးဒုက္ခသည်က ကမ္ဘာဦးစကတည်းကပါ။ အလယ်ခေတ်မှာ စားစရိတ်မလိုဘူး သေစရိတ်လိုတယ်။ ဒီခေတ်မှာ ငွေကြေးက ဘုရားသခင်ကို အနိုင်ပိုင်းသွားပြီ အမေ…။
နေထိုင်ခြင်း မျက်နှာစာမှာ အထိနာခဲ့တာ ဘယ်သူတွေလဲ။ ကြပ်တည်းခြင်းမှာ ရက်ရက်ရောရော ကြိတ်ခြေနေတာ ဘယ်သူတွေလဲ။ လေဝင်လေထွက် ကောင်းပါတယ်ဆိုတာ ဘယ်သူ့စကားလဲ။ ပိတ်ဆို့မှုဟာ ကျွန်တော့်အိမ်ရှေ့ရောက်လာတဲ့ အာဟာရလား။ မြင်ကွင်းတွေကို အကွက်ချ စီမံထားတာညံ့လွန်းပါတယ်။ ကျီးလန့်စာစားနဲ့ သူလိုဘဝကိုသနားမိပါတယ် အမေ…။
ဘဝရဲ့သာယာမှုဆိုတာ ကျွန်တော့်ကိုယ်ပေါ်က ချွေးစက်တွေလား။ ဘယ်ဝါဒကတနင်္ဂနွေသမီးလေးရဲ့ အယူအဆကို လွှမ်းမိုးထားလဲ။ လူ့သမိုင်းပြတိုက်ထဲမှာ နတ်ဆိုးက သူ့မုသာဝါဒတွေကို ထုဆစ်ထားသို၊ မရိုးသားတဲ့လှည့်စားမှုက ပွင့်ပွင့်လင်းလင်း ဖော်ပြထားတဲ့ ကြေးနန်းစာလား။ အားလုံးပြည့်စုံတယ်ဆိုတာ ထွင်လုံး သက်သက်မျှသာဖြစ်တယ်အမေ …။
အမှန်တကယ် ဝဋ်ကြွေးထက် ပြုပြင်ဖန်တီးနေတဲ့ဝဋ်ကြွေးက အဝါ၊ ထင်ရှားတဲ့ အမှတ်အသားက ဒဏ်ရာတွေပါ။ ဒီသမိုင်းရဲ့ နောက်ဆက်တွဲ စာမျက်နှာက မရေရာ၊ ဘယ်အစီရင်ခံစာတွေက ကျွန်တော့်ဘဝကိုနွေးထွေးစေမှာလဲ။ ၁၉၄၈ ခုနှစ်ဆိုတာ ကျိုးပြတ်နေတဲ့ အလင်းပါအမေ…။
ကျွန်တော်စားနေတဲ့ ထမင်းအတွက် အတည်ပြုချက် ယူရဦးမလား။ လျစ်လျူရှုခြင်းမှာ အောင်ပွဲခံသူတွေက အောင်ပွဲခံလို့ အလံလဲသူတွေက နလန်မထူအောင်လဲလို့ ကျွန်တော်တို့ဇာတာက ဇာတ်သိမ်းမကောင်းခဲ့လို့လား။ ကျွန်တော်ကိုင်ဆောင်ထားတဲ့ အခွင့်အရေးလေးကို ဘယ်သူသတ်ပစ်ခဲ့လဲ။ မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေနဲ့ အနာဂတ်ပျောက်ဆုံးခဲ့တယ် အမေ…။
မမာမကျန်းခြင်းက မငြိမ်းချမ်းမှုရဲ့အစ ထပ်တူထပ်မျှ ရောဂါတွေဟာ မတော်တဆမှ မဟုတ်တာ။ လမ်းပေါ်သွားရင် ရေငတ်ခြင်းကို တွေ့ရမယ်။ ဒါဟာ ချောင်းမြောင်းတိုက်ခိုက်ခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား။ အကျင့်ပျက်မှုတွေ ပေါပေါလောလောရှိတဲ့ ကမ္ဘာမှာ ကပ်ကြီးသုံးပါးဆိုတာ စီးပွားရေးဈေးကွက်အရ ဝင်ရောက်လာတာ မဟုတ်ဘူး အမေ…။
ဘယ်သူသေသေ ငတေမာချင်တဲ့ ဆန္ဒက သူတစ်ပါးကိုးကွယ်ရာ လက်နက်လား။ ယနေ့ ငြိမ်းချမ်းရေးဆိုတာ ခေတ်လွန် ဝါကျတစ်မျိုးပါ။ ဒဏ်ရာရနေတဲ့ ကျွန်တော့်ဘဝကို ဖုံးကွယ်လိမ်ညာတော့ရော ဘာထူးမှာလဲ။ သံသယက ကျွန်တော့်စိတ်ကို ပြိုင်မြင်းတစ်ကောင်လို မောင်းနှင်ခဲ့တယ် အမေ…။
အခွင့်မသာတဲ့ လူ့လောကကို နာကျင်မှုနဲ့ စိုက်ပျိုးစေတာ ဘယ်သူလဲ။ ကျွန်တော့ယုံကြည်မှုကတော့ မိုင်းထိထားတဲ့ သားကောင်။ ''အင်ဂိုလာ''က မြေမြုပ်မိုင်းတွေက လူသားစားတယ်။ ''မိုဇမ်ဘစ်''က မြေမြုပ်မိုင်းတွေကရော ဥပုသ်စောင့်ပါဦးမလား။ တကယ်တော့ ကျွန်တော်တို့ဟာ ကံကြမ္မာကြမ်းခင်းထက်မှာ လမ်းလျှောက်နေကြတာပါအမေ…။
အဲဒီ အကျိုးတရားတွေကို သူမ နားမလည်ခဲ့ဘူး။ အတ္တကြီးခြင်း ဆုံးရှုံးမှုမှာ ကျွန်တော်နဲ့ သူမက ခဏခဏ ကျဆုံးခဲ့ရတယ်။ အလင်းရောင်က ပျက်ပြယ်၊ မုန်းတီးမှုကို ဆေးခြယ်ပြီး မွမ်းမံနေရတာ အယူအဆအသစ်လား။ တကယ်တမ်း စဉ်းစားမိရင် အရသာမရှိတဲ့ သစ်သီးတစ်လုံးပါ။ အခုသမိုင်းကို ဘုရားရှင် လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး အမေ…။
သွေးလွှတ်ကြောတွေ ပိတ်နေတဲ့ဘဝ သေမလား ရှင်မလား၊ သွေးပြန်ကြောတွေ ပိတ်နေတဲ့ဘဝ သေမလား ရှင်မလား။ အတိတ်မေ့ရောဂါအားလုံး ဘယ်အဖွဲ့အစည်းက ကျလာတာလဲ။ ဘယ်ရောဂါမှ လူနာကို ရှင်သန်ခွင့်မပေးဘူး။ ဘယ်သူက သေတွင်းပို့တာလဲ။ အားလုံးက အသက်အတုတွေနဲ့ ရှင်သန်နေထိုင်တာမှ မဟုတ်တာဘဲ အမေ…။
အားလုံး ယိုစီးကျနေတယ်။ မသင်္ကာမှုက အဝါ၊ ရုရှားလုပ် ဆိုရှယ်လစ်ကြီးလည်း စစ်အေးလွန်ခေတ်မှာ ပြိုကျသွားတယ်။ အတုံးအရုန်း သတ်ဖြတ်မှုတွေမကင်းတဲ့ ယူဂိုဆလပ်ပြည်ထောင်စုလည်း စစ်အတွင်းခရီးသည် မီလိုစီဗစ်လည်း ငယ်ရည်းစားလေးနဲ့ ဝေးခဲ့ရတယ် မဟုတ်ဘူးလား။ အလူးအလဲ ခံခဲ့ရတာ ကျွန်တော်ပါ။ မိုးခေါင်ရေရှား အယူအဆတွေနဲ့ ရှင်သန်နေထိုင်တာ ဘယ်သူတွေ ဖြစ်သွားကြလဲ အမေ…။
အဲဒီနောက် မှိုလိုပေါက်နေတဲ့ ပါးစပ်ပေါက်တွေက ရှည်လျား၊ သူမ နားမလည်တဲ့ ဒုက္ခအဝန်းအဝိုင်းထဲက ရှောင်တိမ်းပြေးလွှားဖို့ ကြိုးစား၊ အယူဝါဒတွေ ဆွဲကိုင်ထားတဲ့လူ့ဘဝမှာ ကျွန်တော်တို့က ရွပ်ရွပ်ချွံချွံ ကျဆုးံ ခဲ့ရ၊ သာယာဖြောင့်ဖြူးမှုဆိုတာ အကျင့်ပျက် လူတန်းစားထားနေကျ သိက္ခာပဲ မဟုတ်ဘူးလား။ ယိုယွင်းပျက်ကျနေတဲ့ လောကကို ဘုရားရှင်တောင် အထုပ်ပိုက်ပြီး ရှောင်ထွက်သွားတယ်အမေ…။
အဆုံးသတ်မရတဲ့ ပုစ္ဆာက မရေရာ၊ အခွင့်အရေးဆိုတာ သူတို့အတွက် ကာကွယ်ဆေးပါပဲ။ ရှုံးနိမ့်မှုက ကျွန်တော်တို့အတွက် ရိက္ခာပဲ မဟုတ်ဘူးလား။ အသုံးချဆွေးနွေးပွဲတွေက ညှီနံ့ညှော်နံ့ ထွက်တယ်။ ကမ္ဘာ့ဈေးကွက်မှာ စစ်ပွဲတွေ ခေတ်စားလာတယ်။ ရန်လိုမှုတွေ ခေတ်စားလာတယ်။ အငြင်းပွားမှုတွေခေတ်စားလာတယ်။ မြို့ပြဟာ ကျင်းတွေချိုင့်တွေနဲ့ ဝဲပေါက်နေတဲ့ ကလေးတစ်ယောက်လို၊ ပြည်သူတွေက အမှိုက်ပုံမှာ စုဝေးရောက်ရှိလို့ အငတ်ဘေးက သူတို့ကို လိုက်လံသတ်ဖြတ်နေတယ်။ အဲဒါ ဒုတိယကမ္ဘာစစ်ပဲအမေ…။
ကျွန်တော်တို့ သောက၊ ဗျာပါဒတွေက ရုံဝင်ခ မပေးရဘူး။ ဒဏ်ရာဒဏ်ချက်ဆိုတာ လေဝင်လေထွက် မကောင်းလို့ရတာပါ။ အရိုးအပြိုင်းပြိုင်းထနေတဲ့ ဝေဒနာက ဘယ်သူ့ကြောင့် ရခဲ့တာလဲ။ မျက်လှည့်ဆန်တဲ့ စနစ်မှာ ကျွန်တော်တို့ မျှော်လင့်ချက်က အသစ်ဖြစ်မလား။ ကျွန်တော့်ရဲ့ သားစဉ်မြေးဆက်တွေဟာ ဒုက္ခတရားအတွက် မှတ်ပုံတင်ခဲ့ကြတယ်အမေ…။
စပါးမရှိတဲ့ ကျီ၊ ငွေမရှိတဲ့ ဘဏ္ဍာတိုက် ကြည့်ကောင်းသလား။ ဆင်းရဲမွဲတေမှုမှာ သူတို့ခန္ဓာကိုယ်တွေက ယိမ်းထိုးလှုပ်ခါလို့၊ အမှောင်ဖုံးလွှမ်းမှုဟာ မပြည့်စုံမှုဘဲ မဟုတ်ဘူးလား။
စက်ဆုပ်ဖွယ်ရာအမှုကို ပျားရည်သုတ်လိမ်းလို့ ထာဝရချိုမြိန်ပါ့မလား။ အရှက်တကွဲ အကျိုးနည်း နည်းပညာတွေက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးပါ။ ကျွန်တော် သားစပ်ြ ခံတံခါးဝကို မသွားခဲ့ဘူး အမေ…။ ကျွန်တော် မုသာဝါဒတွေကိုမထွန်းညှိခဲ့ဘူး အမေ…။ ကျွန်တော် ဆင်းရဲသားဝါဒမှာ (၃၅) နှစ် နေခဲ့တယ် အမေ…။
အခု မင်းချမ်းသာနေပြီလားလို့ မမေးပါနဲ့အမေ။ ကြေးဝါနဲ့ ထုဆစ်ထားတဲ့ အမှန်တရားတွေ ချမ်းသာခဲ့ပြီ။ (၃၁) ဘုံမြို့သားအားလုးံ မရိုးသားသူတစ်ချို့ကို နှာခေါင်း ရှုံ့လို့၊ ဆုံးရှုံးသူတချို့ကို ဘုရားရှင်ပေးကမ်း လိမ့်မယ်။ အို… မရိုးသားသူအပေါင်းတို့ သင်တို့လျှာကို တိုက်ချွတ် ဆေးကြောကြလော့၊ သင်တို့ မုသားကို ရိတ်သိမ်းကြလော့။ သင်တို့ ထုဆစ်ကိုးကွယ်နေတဲ့ အတ္တအယူဝါဒတွေဟာ ကွန်ဆာဗေးတစ်တွေသာဖြစ်တယ်။ ရုပ်သိမ်းကြလော့ဟု ဘယ်သူပြောမလဲ အမေ…။
အခုတလော လူပြောသူပြောများတဲ့ ရာဇဝင်နဲ့ အသိုက်ဆောက်တယ်။ အထောက်အထားတွေက မခိုင်လုံတဲ့ အထောက်အထား၊ အကြောင်းပြချက်တွေက အိုးနင်းခွက်နင်း အကြောင်းပြချက်တွေပဲ မဟုတ်ဘူးလား။ သွေးရောထားတဲ့ အမှားတွေကို ထောက်ခံရဦးမှာလား အမေ…။
သူတို့လိပ်စာတွေ နေဝင်သွားမှာပါ။ သူတို့နေရပ်တွေ အမှောင်ဝင်သွားမှာပါ။ မမြဲတရားက တရွေ့ရွေ့ ပျံသန်းလာတဲ့ ကင်ဆာပါ အမေ…။
| Reactions: |
29th Oct 2008 - Moemaka Radio Program

၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၂၉ ရက် မိုးမခ ရေဒီယို အစီအစဉ်
သီတဂူဆရာတော်ကြီး၏ တတိယမြောက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၇ ကြိမ် ပြုလုပ်ခဲ့သည့် အီတိုး၏ မင်္ဂလာဧည့်ခံပွဲများ၊ ကမ္ဘာ့အမှတ်အများဆုံးဆုရ မြန်မာကျောင်းသား၊ ပင်လယ်ဓားပြ ပြန်ပေးဆွဲခဲ့သည့် မြန်မာသင်္ဘောသားများ စသည့် မျက်မှောက်ရေးရာ သတင်းများ
မင်းခန့် ၏ ကဗျာ - တဖန်ပြန်လည် ဦးညွတ်ခြင်း
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း - ဒီမိုကရေစီရအောင် ဘာလုပ်နိုင်သလဲ
လူထုဒေါ်အမာ ၏ဆောင်းပါး - ဗန်းမော်တင်အောင် ဋီကာ
(စီစဉ်သူ ထိန်လင်း)
| Reactions: |
BBC in Burmese
ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနက ၎င်း၏ အင်တာနက်စာမျက်နှာကို မြန်မာဘာသာဖြင့် ဖော်ပြလိုက်သည်။
ယခင်က အင်္ဂလိပ်ဘာသာကိုသာ အသုံးပြုခဲ့ရာမှ ယမန်နေ့က စတင်ပြီး မြန်မာဘာသာဖြင့် ပြောင်းလဲဖော်ပြလိုက်ခြင်းဖြစ်သည်။ ယခင်ကကဲ့သို့ပင် ထိပ်တန်းရောက် မြန်မာ နှင့် ကမ္ဘာ့သတင်း အကျဉ်းချုပ်ကို ဖော်ပြထားသည်။ ပုံမှန်အစီအစဉ်များကိုလည်း အနည်းငယ် မိတ်ဆက် ရှင်းလင်းထားသည်။ ၇ ရက်စာ ထုတ်လွှင့်ချက်များ၊ ပုံမှန်အစီအစဉ်များကို ပြန်လည်နားဆင်နိုင်သည်။
၎င်း၏ပြိုင်ဘက် DVB, RFA, VOA စသည့် မြန်မာပိုင်းအသံလွှင့်ဌာန အင်တာနက်စာမျက်နှာများကမူ သတင်းများကို အစအဆုံး ဖော်ပြလေ့ရှိသည်။
ဘီဘီစီက အင်တာနက်လိပ်စာကိုမူ ပြောင်းလဲလိုက်သည်။ www.bbc.co.uk/burmese ဟူသော လိပ်စာဟောင်းတွင် myanmar ဟူသောစကားလုံးကို ပြောင်းလဲထည့်သွင်းထားသည်။
အပြောင်းအလဲအသစ်တွင် ဘီဘီစီက myanmar1 ဖောင့်ကို အသုံးပြုထားသည်။ ပီသရှင်းလင်းစွာ ဖတ်ရှုနိုင်ရေးအတွက် အဆိုပါဖောင့်ကို ကွန်ပျူတာတွင် ထည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။ ညာဘက်ထောင့်ရှိ “မြန်မာဖောင့်ရယူရန်” ဟူသောနေရာကိုနှိပ်ပြီး myanmar1 ဖောင့်ကို ရယူနိုင်သည်။ ။
အသံလွှင့်ဋ္ဌာန ၀က်ဆိုက်များတွင် အသုံးပြုသည့် ဖောင့် (font) များ
DVB - Wwin_Burmese
RFA - BIT
VOA - Zawgyi-One
BBC - Myanmar1
| Reactions: |
Wednesday, October 29, 2008
Nyunt Htwe - Burmese Generals stepping on Nargis to win 2010 Election
နာဂစ်ကို အမြတ်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် စစ်ဗိုလ်ချုပ်
ညွန့်ထွေး
အောက်တိုဘာ ၃၀၊ ၂၀၀၈
နာဂစ်မုန်တိုင်းက စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြိုကွဲအောင် မတိုက်နိုင်ခဲ့ဘူး။ မေလက နာဂစ်အပြီးမှာပဲ စစ်အစိုးရက သူတို့ အခြေခံဥပဒေကို အတည်ပြုလိုက်တယ်။ ထောက်ခံမဲက တင်းကြမ်း များလွန်းတော့ မြန်မာပြည်မှာ အတိုက်အခံဆိုတာ ရှိသေးရဲ့လားလို့တောင် ထင်ရပါတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုတော့ အတိုက်အခံက ရွေးကောက်ပွဲအကြောင်း မပြောရသေးခင်မှာ စစ်အစိုးရနဲ့ ဘက်တော်သားများက ၂၀၁၀ ရွေးကောက်ပွဲ အဖျားတက်ကုန်ကြပြီ ဖြစ်ပါတယ်။
ဝန်ကြီးတွေ၊ ဦးဆောင်ညွန်ကြားရေးမှူး ရုံးချုပ်တွေ၊ ၀န်ကြီးရုံးတွေနဲ့ စစ်အစိုးရရဲ့ လုပ်ငန်းရှင် အဖွဲ့အစည်းမျိုးစုံက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရှင်းလင်းပွဲတွေ၊ ဆွေးနွေးပွဲတွေအတွက် ခြေလှမ်းပြင်နေကြတယ်လို့ သိရပါတယ်။
ဥပမာ - နအဖ စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ် လွန်းသီကို ကြည့်နိုင်ပါတယ်။ သူ့ဇာတိက ကွမ်းခြံကုန်း။ ရန်ကုန်နဲ့ မိုင် ၃၀။ နာဂစ်အလွန် ပြာပုံ … အော် သည်းခံပါခင်ဗျာ။ အပျက်အစီးပုံ၊ အလောင်းပုံထဲက စစ်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ခွဲတမ်းချတော့ ဗိုလ်ချုပ်လွန်းသီနဲ့ အေးရှားဝေါလ်ဒ် ကုမ္မဏီတို့ တာဝန်ကျပါတယ်။ တောင်ပိုင်းခရိုင် မုတ်ကျွန်းဒေသ၊ ကွမ်းခြံကုန်း ဒေသတွေကို တာဝန်ယူကြရတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ် လွန်းသီက ပေးမယ့် ထမင်းထုတ်ကို လက်က မလွှတ်ခင်မှာ လက်ဖြန့်နေတဲ့ ဒုက္ခသည်များကို အမှာစကား ချွေတာက -
“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ပွဲ၊ ပြည်သူကို အမြဲ စောင့်ရှောက်နေတာက တပ်မတော် အစိုးရ၊ အမေရိကန်တို့ ဘာတို့က ခင်ဗျားတို့ကို ဆန်ကျိုးလေး တစေ့တောင် ကျွေးတာ မဟုတ်ဘူး။ ခင်ဗျားတို့မှာ ရွေးစရာက တပ်မတော်က ပေးစာကမ်းစာပဲ ဖြစ်တယ် …”
ဆိုတာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ လ ကတည်းက မုန်တိုင်းသင့်ဒေသကို ချောင်းပေါက်မတတ် လာတဲ့ ၀န်ကြီးကြောင့် သာတူညီမျှ ကောင်းစားကုန်တာမဟုတ်ဘဲ သားတူညီများ ဆိုတဲ့ သူနဲ့ ဆွေမျိုးနီးစပ်တွေ ကြီးပွားသည်ထက် ကြီးပွားလာတယ်လို့ သိရပါတယ်။ ရေခဲစက် ကြာဇံစက်ပိုင်သူတွေက သူ့အမျိုးတွေလို့ ဆိုပါတယ်။ နွမ်းပါးတဲ့ ဆွေမျိုး တချို့တလေကိုတော့ ၀န်ကြီး ကိုယ်တိုင်က အရေးမလုပ်ဘဲ သာမန်နင်းပြား ပြည်သူတွေကဲ့သို့ တပြေးညီ ဆက်ဆံပြပါတယ်။
လေဘေးအကူအညီ ပစ္စည်းတွေကို တပ်မတော်က သိမ်းပိုက်ထားပြီး သူတို့ စိတ်တိုင်းကျ ပြန်ပေးဆွဲ ဝေငှနေတာကို အလွန်ဆင်းရဲဒုက္ခ ရောက်နေတဲ့ ဒေသခံများက အလွန် ကျေးဇူးတင်ကြပါတယ်။
အင်န်အယ်ဒီတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေက အဖမ်းအဆီးခံရမှာ စိုးလို့ ရုပ်ဖျက်ပြီး ခိုးကြောင် ခိုးဝှက် အလှူအတမ်း ပြုနေရချိန်မှာ၊ အကူအညီပေးနေရချိန်မှာ ၀န်ကြီးနဲ့ အပေါင်းအပါတွေက ပေါ်ပေါ်ထင်ထင် နိုင်ငံတကာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက တဆင့် ရတဲ့ အလှူတွေကို သူတို့လက်ကတဆင့် လှူနေတာ ဆိုတော့ မသိနားမလည်တဲ့ ပြည်သူတချို့က
“ဟင် … ဘယ်မှာလဲ အင်န်အယ်ဒီက လူတွေ။ ရေဒီယိုမှာတော့ သူတို့တွေ လှူနေကြတယ် ဆို …” ဟု မြည်တမ်းတော့ ၀န်ကြီး ဗိုလ်ချုပ် လွန်းသီက အလွန် ကျေနပ်သွားတယ် လို့ ဆိုပါတယ်။
ကွမ်းခြံကုန်းက လက်ရှိအခြေအနေကို မေးမြန်း စုံစမ်းကြည့်တော့ ၀န်ကြီး ဗိုလ်ချုပ်လွန်းသီက နာဂစ်ကို အကြောင်းပြုပြီးတော့ ၂၀၁၀ အတွက် နိုင်ငံရေး အမြတ်ထုတ်နေတာ ဖြစ်တယ်လို့ ဝေဖန်ကြတာကို ကြားသိရပါတယ်။ ဆောက်ပေးတဲ့ အိမ်ယာတွေကလည်း လမ်းပေါ်က လမ်းကြောင်းသွားတဲ့ (၀န်ကြီး ဖြတ်သန်းတဲ့) နေရာက မျက်နှာစာ အိမ်တချို့ ကို ဆောက်တာ ဖြစ်တယ် လို့ ပြောပြကြပါတယ်။
အလှူရှင်လို့ မဏ္ဍပ်တိုင် မတက်ပြရဲတဲ့ အလှူရှင် အဖွဲ့အစည်းစုံက အစားအစာတွေ၊ အဆောက်အဦတွေ၊ အကူအညီတွေကြောင့် ဒေသခံတွေ ပြန်လည် ထူထောင်လာနိုင်ရတာ ဖြစ်ပေမယ့် ၀န်ကြီးနဲ့ စစ်အာဏာရှင်လက်ပါးစေတွေက နေရာတကာ ပါနေတော့ ပေါ်ပေါ် ထင်ထင် ထုတ်ပြောဖို့ ခွင့်မသာဘူးလို့ မျက်မြင်တချို့က ပြောပါတယ်။
“တကယ်လို့ ကယ်ဆယ်ရေး စေတနာရှင်တွေက မာကျောတဲ့ နှလုံးသားနဲ့ စစ်အစိုးရ လက်ထဲကို ဒီနယ်မြေတွေကို နင်တို့ချည်းပဲ စိတ်ကြိုက် ကယ်ကြပေတော့လို့ ပစ်ထားခဲ့ရင် စစ်အာဏာရှင် ဘီလူးရုပ်ကို ထင်းထင်းကြီး မြင်ကြရမှာပဲ။ အခုတော့ စေတနာရှင်တွေကိုကော ဒုက္ခသည်တွေကိုပါ စစ်တပ်က နိုင်ငံရေးအမြတ်ထုတ်နိုင်ဖို့ စေတနာရှင်တွေက ကျောခင်းပေးနေရသလိုပဲ” လို့ ဒေသခံ နိုင်ငံရေးတက်ကြွသူတချို့က သုံးသပ်ပြပါတယ်။
မည်သို့ပင် ဖြစ်စေကာမူ နာဂစ်အလွန် ဒုက္ခသည်ဒေသတွေမှာ စစ်အာဏာရှင်တွေရဲ့ အသိုင်းအ၀ိုင်းတွေက သြဇာတည်ဆောက်တာ၊ လွှမ်းမိုးဖို့ ကြိုးစားတာ၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဦးတည်တဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ စနစ်တကျ ပြင်ဆင်တာကို တွေ့နေရပြီ ဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်တွေကပဲ ကိုယ်တိုင်ရွေးကောက်ပွဲ ၀င်မှာလား၊ သူတို့ ကျောထောက်နောက်ခံ ပေးလိုက်တဲ့ ဒေသခံ မြို့မျက်နှာဖုံးတွေ၊ လူကြီး ဆိုသူတွေကိုပဲ ရွေးကောက်ပွဲ ၀င်စေမှာလား ဆိုတာကတော့ ကာယကံရှင်တွေကို သတင်းစာသမားက တိုက်ရိုက် မေးခွင့်ရမှ သိမှာပဲ ဖြစ်ပါတယ်။
| Reactions: |

