Tuesday, September 30, 2008

Quotable - Quotes in September 2008


စက်တင်ဘာလ စာကိုး စကားကိုး

စက်တင်ဘာ ၃၀၊ ၂၀၀၈

"မြန်မာစစ်အစိုးရဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး။ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ထားတဲ့ အန်န်အယ်လ်ဒီပါတီအပေါ် လျစ်လျူရှုပြီး ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး လုပ်နေကြတယ်။ ဒါတွေကို အသိအမှတ်မပြုဖို့ ဦးဇင်းတောင်းဆိုပါတယ်။

"ဘန်ကီမွန်းကလည်း ဆိုင်ကလုံးဖြစ်တဲ့ အတော်အတွင်းမှာ ရောက်လာတယ်၊ သန်းရွှေနဲ့တွေ့တယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားဖို့ သူက နအဖကိုတိုက်တွန်းခဲ့သေးတယ်။ ဦးဇင်းတို့ ကန့်ကွက်ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို၊ ဦးဇင်းတို့မလိုချင်တဲ့ နအဖ စစ်အစိုးရကိုတောင်မှ သူတို့က အားပေးခဲ့တယ်ဆိုတာ ဒီမိုကရေစီ လိုချင်နေကြတဲ့ ပြည်သူတွေကို စော်ကားတယ်။ နိုင်ငံရေးတက်ကြွတဲ့သူတွေကိုလည်း စော်ကားတာဖြစ်တယ်လို့ ဦးဇင်း ပြောပြခဲ့ပါတယ်။"

(အဲဒီလို အရှင်ဘုရားရဲ့ ပြောဆိုချက်တွေအပေါ်မှာရော အမေရိကန်သမ္မတဘုရှ်က ဘယ်လိုများ တုံ့ပြန် ပြောဆိုခဲ့ပါသလဲ။)


"သူတို့ကလည်း တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတာ ပြောပါတယ်။ ဦးဇင်းကလည်း အပြောသက်သက် မလိုချင်ဘူး၊ လုပ်တာပဲလိုချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ လုပ်တယ် ဆိုတာလည်း ဦးဇင်းတို့ သိပ်တော့ မျှော်လင့်ချက်မရှိပါဘူး။ ဦးဇင်းထင်မြင်ချက်က သမ္မတသက်တမ်းလည်း သူက ကုန်တော့မှာ။ အဲတော့ သူ သမ္မတသက်တမ်း မကုန်ခင်လေးမှာ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီကိစ္စတွေကို စိတ်ဝင်စားတယ်ဆိုပြီး နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခေါ်ပြီး တွေ့ဆုံတာလို့ပဲ ဦးဇင်းမြင်ပါတယ်။

အရှင်ကောဝိဒ၊ ဗွီအိုအေ(မြန်မာပိုင်း)အသံလွှင့်ဌာန၊ စက်တင်ဘာ ၂၄၊ ၂၀၀၈


“ဒီမှာ INGO တစ်ခုက Delegate (ကိုယ်စားလှယ်) တစ်ယောက်ကို လစာ {ဒေါ်လာ}တစ်သောင်းခွဲအထိ ရတယ်။ ကျွန်တော်တို့ မြန်မာဝန်ထမ်းတွေထဲက အမြင့်ဆုံးလုပ်နေတဲ့သူဆို ၁၀၀၀၊ ၁၅၀၀ လောက်ပဲ ရတယ်။ ကျွန်တော်တို့တင် မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Local Staff တွေကို လစာပေးတာ တော်တော်နည်းတယ်။”

ဦးဇော်ထူးဦး၊ လူငယ်စေတနာ့ဝန်ထမ်းများနှင့်ပတ်သက်သော စကားဝိုင်းဆွေးနွေးပွဲ၊ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၈


“ရေခြားမြေခြားမှ မြန်မာနိုင်ငံသို့ လာရောက်ကူညီသည်ကို ကျေးဇူးတင်ရမည် မှန်သော်လည်း မြန်မာနိုင်ငံသားများ အိပ်မက် မမက်နိုင်သော လစာ ရိက္ခာ နှင့် အခွင့်အရေးများ ရရှိ၍ လာရောက်သူများ ဖြစ်ကြပါသည်။ ထိုစရိတ်စကများသည်လည်း ဧရာဝတီတိုင်းမှ ပြည်သူ လူထုအတွက် မည်မျှထောက်ပံ့ထားသည် ဆိုသော အလှူငွေစာရင်းတွင် ထည့်ပေါင်းသွားလိမ့်မည် ဆိုသော အချက်ကိုလည်း စာဖတ်သူများ သတိပြုစေလိုပါသည်။

ဆိုလိုသည်မှာ လာရောက်ကူညီသူများကို ကျေးဇူးမတင်လိုသည့်သဘော မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ကူညီ ထောက်ပံ့မှုများသည် နိုင်ငံသားအဖွဲ့အစည်းများ သန်စွမ်းမှု ရှိခဲ့လျှင် ပိုမို၍ ထိရောက်လိမ့်မည် ဆိုသောသဘောကို ဆိုလိုရင်းဖြစ်ပါသည်။”

ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း၊ အယ်ဒီတာ့အာဘော်၊ စက်တင်ဘာ ၂၀၀၈


“ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးနဲ့ ဘယ်လို အောင်လာတယ်တော့မသိဘူး.. ဒီပုံအတိုင်း ဆက်သွားရင်တော့ ပထမနှစ်ကို အောင်မယ်မထင်ဘူး။ လာစမ်း ကျောက်သင်ပုန်းမှာ ကကြီးကနေ အ အထိ လာရေးပြစမ်း လို့ ဆိုပါတယ်။ ကိုယ်လည်း ဟုတ်တိပတ်တိနဲ့ မြေဖြူကိုကိုင်ပြီး ကျဲတော့တာပေါ့.. ၁၀လုံးလောက်လည်း ရေးပြီးရော ပြဿနာက စတော့တာဘဲ.. အောက်နားက ငတိမတွေ တိုးတိုးတိတ်တိတ် ပြောတဲ့ အသံတွေကို အသာနားစွင့်ပြီး မသိမသာနဲ့ ဗြောင်းဗြန်ဖြစ်နေတာတွေကို အသာပြင်ရေးရင်း အ အထိ ရေးပြီးသွားမှဘဲ ချွေးတလုံးလုံးနဲ့ သက်ပြင်းချမိရဲ့.. ဟင်း အရှက် ကွဲပေတော့မလို့ သီသီလေး လိုတယ်။”

ဆောင်းယွန်းလ http://saungyunela.blogspot.com/ စက်တင်ဘာ ၂၂၊ ၂၀၀၈


“အမိန့်ချတဲ့ နေ့ကလည်း တကယ့်ကို ဇာတ်ထဲကအတိုင်းပဲ။ တရားသူကြီးရော တရားခံဖြစ်တဲ့ ကျမတို့ရော ရှေ့နေတွေရော ရောက်နေတာ ကြာပြီ။ ထောင်ဒဏ်ချမှတ်တာ ဖတ်ဖို့ စာအိတ်က ရောက်မလာသေးလို့ စောင့်လိုက်ရတာ။ ကျမတို့လည်း စောင့်နေသမျှ စကားပြောကြပေါ့။ နောက်မှ စာအိတ်ကလေး ၂ အိတ်ကို တရားသူကြီးလက်ကို လာရောက် အပ်နှံတယ်။ ဒီတော့မှ တရားသူကြီးလဲ သူ့ရဲ့  တရားရုံးကို ဖွင့်၊ စာအိတ်ကို ဖောက် အထဲမှာ ရေးထားတဲ့အတိုင်း ဖတ်တော်မူတော့တယ်။ အော် … တရားခွင်ထဲက တရားသူကြီးတောင် သူစစ်တဲ့ လူကို ထောင်ဘယ်လောက်ချရမယ် မသိဘူးတဲ့နော်။”

ခင်မင်းဇော်၊ khinminzaw.blogspot.com စက်တင်ဘာ ၂၊ ၂၀၀၈

“အရပ်သားကလည်း ခိုးမယ်၊ တာဝန်ရှိတဲ့ အစိုးရကလည်း ခိုးမယ်၊ နိုင်ငံရေးသမားတွေကလည်း ခိုးမယ်၊ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံ ဘာ သွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကိုပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် လေးဆယ်ကောင်းနေလည်း မရဘူး။ လူ (၁၀၀)မှာ (၇၀)လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ ရမှာ။”

အမျိုးသားရေးဦးဝင်းနိုင်၊ ခေတ်ပြိုင်ဂျာနယ်၊ စက်တင်ဘာ ၁၅၊ ၂၀၀၈


“Eleven Media Groupမှ ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဖော်ပြပါရှိသော အကြောင်းအရာများကို ရည်ညွန်းဖော်ပြခြင်း၊ ကောက်နှုတ်ဖော်ပြခြင်းများမှ လွဲ၍ သတင်းများ၊ ဆောင်းပါးများအပေါ် အသေးစိတ်သုံးသပ်ခြင်း၊ စိစစ်ပိုင်းခြား ပြောဆိုခြင်းများကို ပြုလုပ်လိုပါက မည်သည့်မီဒီယာမဆို သက်ဆိုင်ရာအယ်ဒီတာအဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။”

ဝိကလီအလဲဗင်းဂျာနယ်၊ ဂျာနယ် စာမျက်နှာ ၂၊ စက်တင်ဘာ ၁၀၊ ၂၀၀၈



“နေပြည်တော်မှာ ဘယ်မိုဘိုင်းဖုန်းမှ အသုံးပြုလို့ မရပါဘူး။ ဒီအချက်ကလည်း ဝန်ထမ်းတွေ အနေနဲ့ ကျန်ရစ်ခဲ့တဲ့ သူတို့ အိမ်သားတွေနဲ့ ဆက်သွယ်ရေးမှာ အခက်အခဲ တွေ့စေပါတယ်။ လွတ်လပ်မှု မရှိသလို ခံစားကြရပါတယ်။ နောက်တချက်ကတော့ သတင်းအမှောင်ချထားမှုပါ။ နေပြည်တော်မှာ ဝန်ထမ်းအိမ်ယာပေါင်းများစွာ ရှိပေမယ့် ဘယ်အိမ်ယာရဲ့ ခေါင်မိုးပေါ်မှာမှ ဂြိုလ်တုစလောင်း တပ်ဆင်ထားတာ မတွေ့ရပါဘူး။”

တိုင်းကျော်၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ စက်တင်ဘာ ၄၊ ၂၀၀၈


ယခုလ The Waves ၏ မျက်နှာဖုံးအကြောင်းအရာမှာ ကျွန်တော်တို့၏ အိမ်နီးချင်း၊ ကျွန်တော်တို့၏ အာဆီယံအသင်းဖော် (ထိုထက်ဆိုရလျှင် ကျွန်တော်တို့နှင့် ဦးတည်ချက်ချင်း နီးစပ် တူညီသော) ဗီယက်နမ် ဖြစ်လာရတော့သည်။ ဗီယက်နမ် (သို့မဟုတ်) အာရှ၏ နောက်ထပ် အံ့ဘနန်းတစ်ခုအကြောင်း ဆိုပါစို့ - - ။”

အယ်ဒီတာအဖွဲ့The Waves မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၈



“တခါက ကျနော်ဟာ သခင်ချစ်မောင်(၀ိဒူရ)နဲ့ ဦးကိုကိုကြီးအကြောင်း စကားလက်ဆုံကျဖူးပါတယ်။ ဒီအခါမှာ သခင်ချစ်မောင်က “သိန်း ၄၀ ကိစ္စမှာတော့ သူတပြားမှကို မစားရရှာပါဘူး။ ဆရာက ဆိုရှယ်လစ်ပါတီထဲမှာ မာ့က်စ်ဇစ် ဆိုရှယ်လစ်လေ။ ဒီတော့ ဆိုရှယ်ဒီမိုကရက်တွေဖြစ်ကြတဲ့ ကိုကျော်ငြိမ်းတို့အုပ်စုက ထိုးနှက်လိုက်တာပါပဲ။ ကာရိုက်တာကီးလ်လင်း (character killing) ပေါ့” လို့ ပြောခဲ့ဖူးပါတယ်။”

ဝင်းထွဋ်ဇော် ကျနော်သိခဲ့ဖူးတဲ့ ဦးကိုကိုကြီး၊ အတွေးအမြင်၊ သြဂုတ်၊ ၂၀၀၈

Beruma's Game - How to shoot down Than Shwe - published


Beruma's Game - How to shoot down Than Shwe - published September 30th 2008

Cartoon Beruma – Difference between the Burmese regime and Thai, Thai won’t shoot at people


Cartoon Beruma – Difference between the Burmese regime and Thai, Thai won’t shoot at people

September 30, 2008

A monk in labor camp reaches India

အရှင်ပညာသီရိ


အင်တာနက်ကဖေးတွင် အဖမ်းခံခဲ့ရသည့်သံဃာ အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်

lanka-msma.blogspot.com

စက်တင်ဘာ ၃၀၊ ၂၀၀၈

ပြီးခဲ့သော ၂၀၀၇-ခုနှစ်၊ စက်တင်ဘာ၊ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ ခေါင်းဆောင် သံဃာတော်တစ်ပါးအဖြစ် ပါဝင် အကျိုးပြုခဲ့တဲ့ ရဟန်းတော်တစ်ပါးဟာ မကြာသေးခင် ကာလက အလုပ်သမား အကျဉ်းစခန်းကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။

သူဟာ ရွှေဝါရောင်တော်လှန်ရေး ကာလ တစ်လျှောက်လုံးမှာ မြန်မာပြည်လုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (ABMA)ရဲ့ တွဲဘက် တည်ထောင်သူ ဦးသြဘာသနဲ့ တစ်ချိန်လုံး ရှိနေခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈-ရက်နေ့မှာ မုံရွာမှာရှိတဲ့ အင်တာနက်ကဖေးဆိုင်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

သူဟာ အောက်တိုဘာ ၁၈-ရက်ကနေ ၂၄-ရက်ထိ မရပ်မနား နှိပ်စက်ခံခဲ့ရပါတယ်။

မေလမှာတော့ သူ့ကို အာဏာပိုင်တွေက အလုပ်ကြမ်းအကျဉ်းစခန်းကို ပို့ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပါတယ်။

၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၁၆-ရက်၊ မနက် ၁-နာရီ သန်းခေါင်အချိန်မှာ အဆိုပါ အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂-ရက်နဲ့ ၂-ညတိုင်တိုင် တောတွင်းခရီးလမ်းမှာ မရပ်မနား ထွက်ပြေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အိန္ဒိယနယ်စပ်ကို ရောက်ရှိခဲ့ပြီး လွတ်မြောက်လာခဲ့ပါတယ်။ သူဟာ မကြာခင်မှာ သူရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြပါလိမ့်မယ်။

သူဆိုတဲ့ အာဇာနည်ရဟန်းတော်ရဲ့ ဘွဲ့တော်ကတော့ အရှင်ပညာသီရိ လို့ ခေါ်ပါတယ်။

MoeMaKa to publish "U Win Tin & his articles collection" book in october


မိုးမခ မီဒီယာက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဂုဏ်ပြု စာအုပ်ထုတ်မည်

မိုးမခ

စက်တင်ဘာ ၃၀၊ ၂၀၀၈

မိုးမခက အကြောင်းကံသင့်လို့ ဦးဝင်းတင်ရဲ့ စာနယ်ဇင်းဆောင်းပါးများ စုစည်းထားတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖြစ်ပါတော့မယ်။ ဒီစာအုပ်ကို ဆရာမောင်စွမ်းရည်က ၂၀၀၅ ခုနှစ်မှာ အမှာစာရေးသားခဲ့ပြီး စီစဉ်ပေးခဲ့ရာမှာ မိုးမခ လက်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ရပါတယ်။ ယခု ပူပူနွေးနွေး လွတ်မြောက်လာသူ ဆရာဦးဝင်းတင် ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ လာမည့် ၂၀၀၈ အောက်တိုဘာလထဲမှာ ထုတ်ဝေဖြစ်ပါပြီ။

ဆရာကြီးရဲ့ မိတ်ဆွေတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကွယ်လွန်သူ ကဗျာဆရာ တင်မိုးအပါအ၀င် မောင်စွမ်းရည်၊ ၀င်းဖေ၊ လူထုစိန်ဝင်း၊ ဇင်လင်းနဲ့ အခြားစာရေးဆရာတို့ရဲ့ “သူ ဘယ်လိုလူ” ဆိုတဲ့အကြောင်း ဆောင်းပါးများအပါအ၀င် ဆရာရဲ့ ယခင်ကရေးသားခဲ့တဲ့ စာနယ်ဇင်းဆိုင်ရာ ဆောင်းပါးတွေကို “သူဘယ်လို မြင်” ဆိုတဲ့ကဏ္ဍအဖြစ် ကောက်နုတ်စုစည်းပြီး ထုတ်ဝေတင်ဆက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ဘာလဲ၊ ပြည်သူတို့ရဲ့ စကားပြန်၊ သတင်းစာသမားမှ စာဖတ်သူတို့ စတဲ့ မှတ်သားဖွယ် ဆောင်းပါးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

စာအုပ်ဖြစ်မြောက်ရေးအတွက် ၂၀၀၅ ကနေ ၂၀၀၈ တိုင်အောင်အထိ ၀ိုင်းကြတဲ့ ပညာရှင်အားလုံးကို မိုးမခက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ စာအုပ်ကို ထုတ်ဝေရာမှာ ရည်ညွှန်းထားတာကတော့ - “၈၈ အရေးတော်ပုံသက်တမ်းနှင့်အမျှ မတရားဖမ်းဆီး အကျဉ်းကျခံနေရသူ ဟံသာဝတီ ဦးဝင်းတင်နဲ့တကွသော စစ်အာဏာရှင်များကို သပိတ်မှောက် အာဏာဖီဆန်သူ မြန်မာစာနယ်ဇင်းသမားများ အားလုံးသို့ အလေးပြုထုတ်ဝေတယ်” လို့ ဖော်ပြထားပါတယ်။

၂၀၀၈ ဧပြီက ကွယ်လွန်ခဲ့တဲ့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)ကို အလေးပြု အမှတ်တရထုတ်ဝေခဲ့တဲ့ “မိုးမခရဲ့ အမှတ်တရ စာစုများ” ဆိုတဲ့ စာအုပ်ကော၊ ယခုဒီစာအုပ်ကိုပါ မိုးမခက အမြတ်အစွန်းအတွက် ထုတ်ဝေတာ မဟုတ်ဘဲ မြန်မာအမျိုးသားရေးဂုဏ်ဆောင် စာနယ်ဇင်းသမားများရဲ့ စာကောင်းပေမွန်တို့ စာဖတ်သူတို့လက်ထဲ ရောက်ရှိအောင်၊ မြန်မာစာပေနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် အရေးကို တိုးတက်ကူညီ ထောက်ခံဆောင်ရွက် နိုင်အောင်၊ မြန်မာစာနယ်ဇင်းသမားများ ပြည်တွင်း ပြည်ပ ချစ်ခင်ညီညွတ်မှု ပြယုဒ်များ တိုးပွားလာစေအောင် စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်။ စာအုပ် တန်ဖိုးကို သတ်မှတ်ထားခြင်း မရှိဘဲ မိုးမခချစ်သူ စာပေမိတ်ဆွေများထံ ပေးပို့မှာ ဖြစ်ပါတယ်။ အလှူငွေ အနေနဲ့ကတော့ အမေရိကန် ၁၀ ဒေါ်လာ အဖြစ် သတ်မှတ်ထားပါတယ်။ မျက်နှာဖုံး ပန်းချီကတော့ ဦးဝင်းဖေက သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။

Monday, September 29, 2008

How to watch MRTV effectively

မြန်မာပြည်က MRTV ကို မီးကင်းစောင့်ခြင်း

ရန်ကုန်က ရုပ်သံ ၀ါသနာအိုးတဦး

စက်တင်ဘာ ၃၀၊ ၂၀၀၈

စစ်အစိုးရ ရေဒီယိုနှင့် ရုပ်မြင်သံကြား (Military Radio and Television - MRTV) လို့ ပြောရသလဲ ဆိုတော့ စစ်အစိုးရ သတင်းများကိုသာ ထုတ်လွှင့်လျက်ရှိခြင်း၊ စစ်ခေါင်းဆောင်များ၏ လှုပ်ရှားမူများကိုသာ ထုတ်လွှင့်လျက်ရှိခြင်း၊ ၎င်းတို့ အသာစီးရထားသော သတင်းစာ ရှင်းလင်းပွဲများကိုသာ ပြသခြင်း၊ (သတင်းစာရှင်းလင်းပွဲများတွင် အမေးက တခြား၊ အဖြေ တလွဲနည်းဖြင့် မေးမြန်းသူ သတင်းထောက်များကို ပြက်လုံးထုတ်သလို ဖြစ်နေတာကလည်း တပိုင်း)၊ အမေး မတတ်က ဖမ်းခြင်း၊ သူတို့အကြိုက် မေးသူများကိုသာ ဦးစားပေးဖြေခြင်းတို့ကို တွေ့နေရပါတယ်။


ကိုရီးယားကားများဖြင့် ကြော်ငြာဝင်ငွေရှာနေခြင်း (ယခုအခါ အပြင်ဈေးကွက်ထဲ ချရောင်းနေပြီဖြစ်သော ကိုရီးယားကားခွေများကို ရောင်းချခွင့် ပိတ်ပင်လိုက်ခြင်းမှာ လူအများက ခေတ်မီမီ ပြင်ပအခွေများကိုသာ ဦးစားပေးလာပါက သူတို့ ကြော်ငြာဝင်ငွေ လျော့ကျမည်ကို စိုးရိမ်လို့ ဖြစ်ပါတယ်)။ ယခုပြသနေသော ကိုရီးယားမြန်မာ ဖက်စပ် ဇာတ်လမ်းရှည် - “အိပ်မက်ဆိုးမှ မနိုးထခင်“ ကားမှာ အမှန်တော့ စစ်အစိုးရအကြိုက် ရိုက်ကူးထားသော ဆေးသမား ဇာတ်လမ်း၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေး ဇာတ်လမ်း၊ ၀ါဒဖြန့်ကား ဖြစ်နေသည်ကိုတွေ့ရှိရခြင်း၊ ယခုပြသနေသော အင်တာဗျူးများမှာလည်း သတင်းစာထဲက သူတို့အကြိုက် အမြှောက်အပင့်၊ မဟားတရား အဖားဇာတ်ခင်းနေသည်များသာ ဖြစ်နေခြင်း တို့ကို တွေ့နေရပါတယ်။


စစ်ရေဒီယို ရုပ်မြင်သံကြား အများဆုံး အားပေးကြည့်ရှုချိန်များမှာ - (၁) မီးအားပြည့် လာချိန် သို့မဟုတ်ပါက မီးစက်များ အားပြည့်နေချိန် (၂) ကိုရီးယားနှင့် တရုတ်ကားများ ပြသချိန်၊ (၃) ရံဖန်ရံခါ ကောလဟာလတွန်းအားကြောင့် ကြည့်ကြရသော မိုးလေ၀သ အစီအစဉ် စသည်တို့ ဖြစ်ပါတယ်။


သူတို့အစီအစဉ်များကို လူတွေ မကြည့်မှာ စိုးသဖြင့်၎င်း၊ ကျော်လွှားပြီးမှ ဖွင့်ခြင်း၊ အသံပိတ်ပြီး ဖွင့်ထားခြင်းတို့ ပြုလုပ်မည်ကို စိုးရိမ်သဖြင့် စစ် ရုပ်သံ သမားများကလည်း အစွမ်းကုန် နည်းလမ်းများသုံးနေသည်ကိုလည်း သတင်းပို့အပ်ပါသည်။ လူကြိုက်များသော အစီအစဉ်ကို ရုပ်သံပြီးခါနီးမှ ထုတ်လွှင့်ခြင်း၊ ဥပမာအားဖြင့် ဆိုကရေးတီး ပြိုင်ပွဲများကို ပြနေလိုက်သည်မှာ မိုးကြီးချုပ်မှ ရုပ်ရှင်များကို ထုတ်လွှင့်ခြင်းဖြစ်ရာ ပရိသတ်မှာ အစီအစဉ်မလွတ်အောင် ရုပ်သံရှေ့တွင် မီးကင်းစောင့်သလို စောင့်ပြီး ကြည့်နေကြရပါတယ်။


မီးကင်းများ စောင့်သလို တအိမ် တညစီ တာဝန်ယူကြပြီုး ရုပ်သံကို ဖွင့်လိုက် ပိတ်လိုက်နှင့် စောင့်ကြည့်နေကြကာ တကယ့် ရုပ်ရှင်အစီအစဉ်များ လာပြီဆိုမှ သံချောင်းခေါက် အချက်ပေး၍ ရုပ်သံကို ဖွင့်ကြည့်ကြဖို့ အကြံပေးလိုခြင်း ဖြစ်ပါတယ်။


စစ် ရေဒီယို နှင့် ရုပ်မြင်သံကြား (Military Radio and Television - MRTV) ကို ကြည့်ရှုမည့် မြန်မာပြည်သားများ ညီညွတ်ကြ ...

Stilwell Road


စတီးဝဲလ်လမ်း (Stilwell Road) သို့မဟုတ် လူတွေမသိသေးသည့် သမိုင်း

ဥတ္တရမွန်း (ပြန်လည်ရေးသားသည်)

စက်တင်ဘာ ၂၉၊ ၂၀၀၈

မြန်မာပြည်လမ်းမကြီး (Burma Road) နှင့် လီဒိုလမ်း (Ledo Road) တနည်းအခေါ် စတီးဝဲလ်လမ်း (Stilwell Road) ကို တရုတ်ပြည် ယူနန်ပြည်နယ်မှ ဒုတိယကမ္ဘာစစ်သမိုင်းပညာရှင် ဂျီးစူရာ (Ge Shuya) သည် နှစ်ပေါင်း နှစ်ဆယ်ကျော် သုတေသနပြုခဲ့ပြီး မကြာခင်က လီဒိုလမ်း၏အစ အိန္ဒိယနိုင်ငံရှိ လီဒိုမြို့ကို ရောက်ရှိခဲ့သည်။


"ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး နှစ်ပေါင်း ၆၀ အတွင်း အိန္ဒိယမှာရှိတဲ့ သမိုင်းဝင်အမွေအနှစ်ကို လေ့လာခဲ့တဲ့ တရုတ်လူမျိုး တစ်ယောက်မှ မရှိခဲ့ပါဘူး" ဟု ဂျီးက ပြောပြသည်။ ဂျီးနှင့် China National Geography မဂ္ဂဇင်းမှ သတင်းထောက်တစ်ဦးတို့သည် လီဒိုမြို့သို့ လည်ပတ်ခဲ့သည့် ပထမဆုံးသော တရုတ် လူမျိုး ဖြစ်သည်။


မြန်မာပြည်လမ်းမကြီး သည် ယူနန်ပြည်နယ် ကူမင်းမြို့ မှ မြန်မာနိုင်ငံ လားရှိုးမြို့ အထိ ၁၁၅၄ ကီလိုမီတာ ရှည်လျားပြီး ဂျပန်များ ၀င်ရောက်ကျူးကျော်မှု (၁၉၃၇-၄၅)ကို တွန်းလှန် တိုက်ခိုက်စဉ်က ထောက်ပံ့ရေးအတွက် အသုံးပြုသည့်လမ်းဖြစ်သည်။ တရုတ်ပြည်ဘက်မှ လမ်းအပိုင်းကို လူဦးရေ ၂ သိန်းဖြင့် အချိန် ၁၀လ ကြာ ဖောက်လုပ်ခဲ့သည်။ လမ်းဆောက်လုပ်သည့်ကာလအတွင်း လူ ၂၃၀၀ အသက်ဆုံးရှုံးခဲ့သည်။


စတီးဝဲလ်လမ်းမြင်ကွင်း၂ခု နှင့် ယူနန်ပြည်၊ ထိန်ချုံးမြို့မှ ဂူဗိမာန်များ


၁၉၄၂ တွင် ဂျပန်များ မြန်မာပြည်ကို ကျူးကျော်ပြီး ယင်းလမ်းမကို ဖြတ်တောက်လိုက်သည်။

တဆက်တည်းတွင် အမေရိကန်မဟာမိတ်တပ်ဖွဲ့မှ လီဒိုလမ်းကို စတင်ဖောက်လုပ်ပြီး မြန်မာပြည် မြောက်ပိုင်းရှိ မြန်မာပြည်လမ်းမကြီးအပိုင်းနှင့် ဆက်သွယ်ခဲ့သည်။ စုစုပေါင်း ကီလိုမီတာ ၁၇၃၆ ရှည်လျားသည့် မြန်မာပြည်လမ်းမကြီး နှင့် လီဒိုလမ်း နှစ်ခုတို့ကို ထိုအချိန်က အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ်(Joseph Stilwell) ကို ဂုဏ်ပြုသောအားဖြင့် စတီးဝဲလ်လမ်းဟု တရုတ်အစိုးရက အမည်ပေးခဲ့သည်။ စတီးဝဲလ်သည် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်၊ မြန်မာ၊ အိန္ဒိယ စစ်မျက်နှာရှိ (CBI - China Burma India Theatre) အမေရိကန်စစ်တပ်၏ စစ်ဦးစီးဖြစ်သည်။


ကမ္ဘာစစ်အတွင်း တွေ့ရသော ကချင်တိုင်းရင်းသား ရိန်းဂျားစစ်သည်များ၊ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ် နှင့် တရုတ်ဗိုလ်ချုပ် ချန်ကေရှိတ်


မြန်မာပြည်မြောက်ပိုင်းကို ဂျပန်ထံမှ ပြန်လည်သိမ်းယူသည့် (၁၉၄၃-၄၅ နှစ်) တိုက်ပွဲ၌ တရုတ်စစ်သား ၁၅၀၀၀ နှင့် ၂၀၀၀၀ ကြား အသက်ဆုံးရှုံးခဲ့ပြီး ယူနန်ပြည်နယ် အနောက်ပိုင်းကို ပြန်လည်သိမ်းယူရန်အတွက် တရုတ်စစ်သား ၂၀၀၀၀ ကျဆုံးခဲ့သည်။


ဖက်ဆစ်ဂျပန်ကို ဆန့်ကျင်တိုက်ခိုက်သည့်တိုက်ပွဲအတွင်း တရုတ်စစ်သား တစ်သိန်းနီးပါး ကျဆုံးခဲ့ရသည်။

စတီးဝဲလ်လမ်းမကြီး ဖောက်လုပ်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့သည့် သြဂုတ်လတွင် ဂျီးက ဦးဆောင်၍ တရုတ်ပြည်မှ သတင်းဌာန ၆၀ လောက်မှ သတင်းထောက် ၁၀၀ ကျော်နှင့်အတူ စတီးဝဲလ်လမ်းကို သွားရောက်လည်ပတ်ခဲ့သည်။ သူတို့အသင်းသည် တရုတ်ပြည် ကွမ်ဂျိုး (Guizhou) မှ ကူမင်းနှင့် ထိန်ချုံးကိုဖြတ်ပြီး အချို့မှာ မြန်မာပြည်အတွင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့သည်။ မြန်မာပြည်တွင် စစ်အတွင်းက အမေရိကန်တို့ ချီးမြှင့်သော ငွေကြယ်ပွင့်တံဆိပ် ရရှိခဲ့သည့် မြန်မာသူနာပြု အက်စတာပိုး (Esther Po) နှင့်လည်း တွေ့ဆုံခဲ့သည်။ အက်စတာသည် စစ်အတွင်းက တရုတ်စစ်သားအများအပြားကို ကုသကယ်တင်ပေးခဲ့သည့် သူနာပြုတစ်ဦးဖြစ်သည်။


မြန်မာသူနာပြု အက်စတာပိုး နှင့် မူရင်းဆောင်းပါးရှင်


"ကျနော် အလွန်ပဲ စိတ်ကူးယဉ်ခဲ့တဲ့ စတီးဝဲလမ်းကို တကြိမ်တည်း အစအဆုံးလည်ပတ်ဖို့ဟာ ဒီတခေါက် တကယ်ဖြစ်မြောက်ခဲ့ပါတယ်" ဟု ဂျီးက ပြောပြသည်။


ဂျီးသည် ယူနန်ပြည်နယ်ရှိ ယူနန်နော်မယ်တက္ကသိုလ် (Yunnan Normal University) ၌ သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့လွန်ပညာသင်ကြားနေစဉ်က ၁၉၈၄ ခုနှစ် နိုဝင်ဘာတွင် ထိန်ချုံးမြို့ကို လည်ပတ်ခဲ့သည်။ ထိုမြို့၌ မထင်မှတ်ပဲ ပျက်စီးယိုယွင်းနေသော ဂူဗိမာန်များကို တွေ့ရှိခဲ့သည်။ ထိုဂူဗိမာန်များသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကို ထိန်ချုံးမှ တိုက်ထုတ်သည့် စစ်ပွဲများ၌ ကျဆုံးခဲ့သော တရုတ်နှင့်အမေရိကန်စစ်သား ၈၀၀၀ တို့အား မြုပ်နှံရာဖြစ်ကြောင်း ဂျီးက ရှာဖွေသိရှိခဲ့သည်။ "ကျနော် သိပ်ကိုအံ့သြသွားပြီး တုန်လှုပ်သွားတယ်။ ဂျပန်ကိုတွန်းလှန်ခဲ့တုန်းက ထိန်ချုံးမှာ တရုတ်စစ်သား ထောင်ချီသောင်းချီ အသက်ပေးခဲ့ရတယ်ဆိုတာ ဘယ်စာအုပ်မှာမှ မဖတ်ခဲ့ရဖူးဘူး၊ ဘယ်သူမှလည်း မသိကြဘူး။ ဒါကြောင့် ဒီကိစ္စကို သေချာစုံစမ်းမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်" ဟု ဂျီးက ပြောပြခဲ့သည်။


ဂျီးသည် မြန်မာပြည်လမ်းမကြီးတလျှောက် ဒုတိယကမ္ဘာစစ်မှ အသက်ရှင်ကျန်သူ၊ ကိုယ်တွေ့ကြုံဖူးသူ လူပေါင်း ၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့သည်။ သူ၏ သုတေသနပြုလုပ်မှုကြောင့် အမေရိကန်မှ စတီးဝဲလ်၏ မြေး ဂျွန်အီစတာဘရွတ် (John Easterbrook)၊ ဒုတိယကမ္ဘာစစ်အတွင်းမှ Flying Tigers လေယာဉ်မှူးဟောင်း David Lee "Tex" Hill နှင့် Peter Wright တို့နှင့်သာမက ဂျပန်စစ်မှုထမ်းဟောင်းများနှင့်လည်း တွေ့ဆုံခဲ့သည်။


၁၉၉၁ ခုနှစ် နိုဝင်ဘာလ၌ ဂျီးက ဦးဆောင်၍ တရုတ်နှင့် ဂျပန်စစ်မှုထမ်းဟောင်းများ ကူမင်းမြို့တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲ၌ တရုတ်စစ်မှုထမ်းတစ်ဦး၏ စစ်အတွင်း အတွေ့အကြုံကိုပြောပြရာ ဂျပန်စစ်မှုထမ်းဟောင်းတစ်ဦးက ပွေ့ဖက်ပြီး ထောက်ခံခဲ့သည်။ "တွေ့ဆုံပွဲဟာ နှစ်ဖက်စလုံးအတွက် အလွန်ပဲ စိတ်ထားရ ခက်ခဲတဲ့အချိန်ဖြစ်ပေမယ့်လည်း တရုတ်စစ်မှုထမ်းဟောင်းကြီးက ဟိုတုန်းက ရန်သ်ူဖြစ်ခဲ့တဲ့ ဂျပန်စစ်သားရဲ့ ပခုံးပေါ်မှာ မျက်ရည်ကျတာကို ကျနော်တွေ့ခဲ့ရတယ်" ဟု ဂျီးက ပြောပြသည်။


စတီးဝဲလမ်းသည် ယခုအခါ၌ တရုတ်၊ အမေရိကန်၊ ဂျပန်စစ်မှုထမ်းဟောင်းများ လည်ပတ်သည့်နေရာတစ်ခု ဖြစ်လျက်ရှိသည်။ "လမ်းရဲ့ အစိတ်အပိုင်းတစ်ခုစီ၊ တောတောင် သစ်ပင် သို့မဟုတ် ချောင်းကလေးတစ်ခု အားလုံးတို့ဟာ စစ်အတွင်းက ကြောက်လန့်ဖွယ် ငိုကြွေးဖွယ် အဖြစ်အပျက်တွေကို ပြောပြနေသလို ရှိနေပါတယ်" ဟု ဂျီးက ဆက်လက်ပြောပြခဲ့သည်။


(စက်တင်ဘာ ၂၂၊ ချိုင်းနားဒေးလီး)

Cartoon Beruma – Poor Burmese people can only keep their misery as their luxury

Cartoon Beruma – Poor Burmese people can only keep their misery as their luxury

September 29th 2008

Ar Kar - Poem by a student

သွေး ချွေး မျက်ရည် တော်လှန်ရေး

အာကာ

၂၀၀၇ သြဂုတ် ၂၇၊ ဗကသ ပြန်လည်ဖွဲ့စည်းခြင်း နှစ်ပတ်လည် အမှတ်တရ ကဗျာ

စက်တင်ဘာ ၂၉၊ ၂၀၀၈

အကျပ်ကိုင်ခံရလွန်းလို့

ဇောချွေးစီးကြောင်း

ဆူပွက်ပွက်ထဲ

ဒီတစ္ဆေခရီးကို

ဘယ်သူမှ ဆက်သည်းမခံနိုင်တော့ဘူး။

လက်ဖျံရိုး နှစ်ချောင်းနဲ့

အရိုးခေါင်း အလံနက်ကို

မီး တိုက် …

အဆိပ်ကုန်သည် သဘောင်္ကြီး

လောင်မြိုက် ပေါက်ကွဲရေး

ကြာပွတ်ဖျားမှာ သွေးစက်တိုင်း

သတိပေးနေရတယ်။

ဝတ်ကျေတန်းကျေ ရာသီဥတုထဲ

စိန်ပန်းပြာတွေ မရှိ

ခုံပြာတန်း မရှိ

တိုက်ရာပါ ပညာရေးသာ

နင်းမိုင်း ကြွမိုင်းတွေကြား

တလမ်းသွား ပြေးဆွဲနေရဲ့။

ကံကော်အို ဟာ

မျက်ရည်စို ဖျန်းရုံနဲ့

မလန်းဆန်းတော့တာမို့

တခြိမ့်ခြိမ့်မိုးကြီးအောက်

ဒေါင်း တသင်း ရောင်းရင်းဖွဲ့ဖို့

ကျောင်းဝင်းထဲကို ရောက်ခဲ့ပြီ။

Burmese public felt encouraged after U Win Tin released


ဦးဝင်းတင်လွတ်မြောက်လာသည့်အတွက် ပြည်သူလူထုကပါ ၀မ်းသာအားတက်ကြ

ညွန့်ထွေး

စက်တင်ဘာ ၂၉၊ ၂၀၀၈

သာမန်ပြည်သူလူထုကြားထဲတွင် သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်လာသည့်အတွက် စိတ်အား တက်ကြွနေကြပုံရသည်ကို တွေ့မြင်ရသည်။ နေ့စဉ် အထွေအထွေ စားဝတ်နေရေး အကြပ်အတည်းများတွင် ရုန်းကန်နေရသူ သာမန်ပြည်သူ အများစုမှာ နိုင်ငံရေးသတင်းများကို စိတ်ဝင်စားခြင်း မရှိကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခု ဦးဝင်းတင် ပြန်လည် လွတ်မြောက်လာသည်ကို ကြားရသည်နှင့် ၀မ်းသာအားရ ဖြစ်ကြရသည်ဟု ဆိုပါသည်။


“ကျနော်တို့ ပျော်တယ်။ ဘာကြောင့်မှန်းမသိဘူး။ ဆရာကြီးကိုလည်း မတွေ့ဖူးပါဘူး။ ဒါပေမယ့် ကိုယ့်အဖေ ထောင်ကလွတ်လာသလိုမျိုး ခံစားရတယ်။ တိုင်းပြည်အတွက်လည်း အားတက်မိတယ် …” ဟု ၁၀ တန်း ကျောင်းသားတဦးက ပြောပြသည်။


အင်းစိန်လမ်းဆုံတွင် ကုန်စိမ်း ဈေးရောင်းသူ အမျိုးသမီးတဦးကမူ အခြားဈေးသည်များနှင့်အတူ စုဝေးပြီး ဆရာကြီးလွတ်သည့်နေ့က ရောက်ရှိနေသည့် နေအိမ်ရှေ့သို့ သွားမျှော်ကြည့်ခဲ့ကြသည်ဟု ပြောပြခဲ့သည်။

“ကျမတို့ အဲဒီနေ့က သွားကြည့်ကြတယ်။ နှုတ်ဆက်ခွင့်တော့ မရခဲ့ဘူးပေါ့. ပြန်လွှတ်လိုက်ပြီ ကြားတော့ ပျော်တာပဲ။ တခြားနိုင်ငံရေးလုပ်တဲ့သူတွေကို သိပ်လည်း မသိပါဘူး။ စားဝတ်နေရေးအတွက် တနေ့လုပ်မှ တနေ့စားရတာကိုး ကျမတို့မှာက။ ဒါပေမယ့် ဆရာကြီးလွတ်တယ်ဆိုတော့ ကျန်တဲ့ ကျမရဲ့ ဈေးအတူရောင်းသူတွေကတော့ ပြောနေကြတယ်။ ဆရာကြီးလွတ်လာရင် တို့တွေ အဆင်ပြေလာမှာ … တဲ့။ အဲသလိုမျိုး ကျမတို့က ပျော်တယ်။ တကယ်ပါရှင် …” ဟု သူမက ပြောသည်။


ဆရာကြီးကို ပြည်သူလူထုကြီး တရပ်လုံးက စိတ်ဝင်စားကြကြောင်း၊ ဆရာကြီးအိမ်ကို နေ့စဉ်လာပြီး နှုတ်ဆက်နေကြသူတွေထဲတွင် နိုင်ငံရေးလောကမှ လူတွေတင်သာမက အရပ်သူ အရပ်သားတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ ရဟန်းတွေ၊ အဖိုးကြီးတွေ အဖွားကြီးတွေတောင် လာရောက်ကြသည်ကို တွေ့နေရကြောင်း ဦးဝင်းတင်ဆီသို့ သွားခဲ့သူတိုင်းက တညီတညွတ်တည်း ဆိုကြသည်။


“ဒါဟာ ဆရာကြီးကိုချစ်ခင်တယ်၊ အားကိုးတယ်။ ပြီးတော့ သူတို့တတွေ အင်မတန်ကို ယုံကြည်တယ်ဆိုတာ ပြတာပါပဲ …” ဟု ပြည်တွင်းစာရေးဆရာတဦးကပြောပါတယ်။


စာနယ်ဇင်းသမား အများစုက ဆရာကြီး ပြည်တွင်း စာနယ်ဇင်းများတွင် စာရေးသားခွင့်ရှိ မရှိကို သိချင်နေကြသည်။


ဆရာကြီးသာ စာရေးခွင့်ရမည်ဆိုလျင် ပြည်သူတွေအတွက် တကယ် အကျိုးရှိမည်၊ မြန်မာပြည်တ၀ှမ်းလုံးက ဆရာကြီး၏ အာဘော်များကို ဖတ်ရှုနာယူခွင့်ရကြမည်။ လက်ဆင့်ကမ်း ဖြန့်ဝေခွင့်ရကြမည် ဖြစ်သည်ဟု လူငယ် သတင်းထောက်တဦးက ထုတ်ဖော်ပြောဆိုသည်။


ထင်ရှားသည့် စာရေးဆရာ သတင်းစာဆရာကြီးတဦးက “ ဒါဟာ ဆရာကြီး ဆက်လက် တိုက်ပွဲဝင်ရမယ့် အရာတွေထဲက တခုပဲ ..” ဟု မှတ်ချက်ပေးခဲ့သည်။


“ဆရာကြီးရဲ့ ရေဒီယို အင်တာဗျူးတွေကို နားထောင်ပြီး စိတ်ဓာတ်တက်ကြွနေတဲ့ ပြည်သူတွေကို စစ်အာဏာပိုင်များက မျက်လုံးဒေါက်ထောက်ကြည့်နေတော့တာပဲ။ နေရာတိုင်းမှာ သူတို့တွေချည်းပဲ။ မြို့တော်ခမ်းမရှေ့က ရဲသားတဦးနဲ့တဦး ပြောနေကြတဲ့ အထဲမှာဆိုရင် - ဟေ့ကောင် … မင်းစိတ်ထဲ မသင်္ကာရင် ဆွဲကွာ တဲ့။”

ဟု သတင်းထောက်တယောက်က ပြောပြသည်။


“ကျနော် စိတ်ထဲမှာ တုန်လှုပ်သွားတယ်။ ကြောက်တာမျိုး မဟုတ်ဘူးနော်။ တရားမဲ့နေတာ၊ တရားလက်လွတ်ဖြစ်နေတာကို တွေးမိလိုက်လို့။ ဆရာကြီး ပြန်လွတ်လာတော့ လူတွေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားတယ်။ အားလုံးက နိုးကြားသွားကြတယ်။ ပြတ်သားတဲ့ ခေါင်းဆောင်ကို တိုင်းပြည်က လိုနေတာပါ …”ဟု ထိုသတင်းထောက်က သူ့ခံစားချက်ကို ထုတ်ဖော်သည်။


ဆရာကြီး ဦးဝင်းတင် အင်န်အယ်ဒီပါတီ အနှစ် ၂၀ နေ့ကို သွားရောက်ခဲ့သည့်အတွက် ပါတီတွင်း လူငယ်များ၊ ခေါင်းဆောင်များအားလုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။


တစည ပါတီက သက်ကြီးရွယ်အိုတဦးကမူ “ ဘာ ၀င်းတင်လဲ။ အလကား တယူသန်သမား …” ဟု တုန့်ပြန်သည်ကို ကြားကြောင်း မျက်မြင်တဦးက သတင်းပေးသည်။


အနှစ်၂၀ နီးပါး လူထုရှေ့မှောက်က ပျောက်ကွယ်နေပြီး အချုပ်အနှောင်တွင်း ကြံ့ကြံ့ခံနေခဲ့သော ဆရာဦးဝင်းတင်ကို လူထုကြီးက မေ့မသွားဘဲ ထောက်ခံ ကြိုဆို မျှော်လင့်လျက် ရှိသည်ကတော့ အထင်အရှားပင် ဖြစ်သည်ဟု မှတ်ချက်ပေးကြသည်ကို တွေ့ရသည်။


“ဆရာကြီး ထောင်ကထွက်တော့ - ဟေ့ ငါတော့ အပြင်ထွက်လိုက်အုံးမယ်ဟေ့ ဆိုပြီး လက်ဝှေ့ယမ်းပြီး နှုတ်ဆက်ပြီး ထွက်သွားတာဗျ။ ကျနော်တို့တတွေက ထောင်ထဲမှာ ကျန်ရစ်နေသေးပေမယ့် တိုင်းပြည်အတွက်၊ အပြင်က ပြည်သူတွေအတွက် ကျနော်တို့က မျှော်လင့်တယ်။ ၀မ်းသာတယ်။ အားရှိတယ်။ ဆရာကြီးကို ထောင်ထဲက ကျနော်တို့တွေတင်သာမကပါဘူး ဆရာကြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ တိရစ္ဆာန်တွေကတောင် သတိရပြီး ကျန်ရစ်ခဲ့ကြတာပါဗျာ …” ဟု နိုင်ငံရေးအကျဉ်းသားတဦးက သတင်းစကားပါးလိုက်သည်။

Min Thu Wun

နိုင်ငံရေးနဲ့ စာပေအနုပညာ (၈)
အမျိုးသားစာဆိုကြီး မင်းသုဝဏ်
ထိန်လင်း
စက်တင်ဘာ ၂၉၊ ၂၀၀၈
တိုင်းပြည်ရဲ့ ဆိုးဝါးတဲ့အခြေအနေတစ်ခုကို ဖြတ်သန်းရတဲ့အခါ လူတွေရဲ့ ဝါသနာတွေ၊ ကျွမ်းကျင်တဲ့ ပညာရပ်တွေကို ခဏဘေးဖယ်ထားပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒီအခါ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေက ပျောက်ပျက်မသွားပေမယ့် ကိုယ့်စိတ်တိုင်းကျ မလုပ်နိုင်တဲ့သဘောတော့ ရှိတတ်ပါတယ်။ ဒီလိုပဲ ကိုယ်ရွေးချယ်လိုက်တဲ့အရာကြောင့် ဆုံးရှုံးတဲ့အရာတွေ ရှိသလို အဲဒီလို ဆုံးရှုံးအောင် တမင် လုပ်တာကိုလည်း ခံရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ စာပေအနုပညာသမားတွေ ဘယ်လို အရင်းအနှီး ပေးရတတ်တယ်ဆိုတာကို စဉ်းစားမိပါတယ်။

၈၈ အရေးတော်ပုံကာလရဲ့ နောက်ပိုင်း တကျော့ပြန် စစ်အုပ်ချုပ်ရေးရဲ့အောက် နှစ်ပေါင်း ၂ဝ ကျော် ဖြတ်သန်းခဲ့ရတဲ့အခါ အထက်မှာ ပြောခဲ့သလို ကိုယ်ပိုင်အရင်းအနှီးတွေဖြစ်တဲ့ အနုပညာတွေ၊ ဘဝတွေကို နိုင်ငံ့အရေး ပါဝင်လုပ်ဆောင်မှုအတွက် ပေးခဲ့ရတဲ့ အနုပညာသည်တွေ အများအပြား ရှိပါတယ်။ အဲဒီအထဲမှာ ရုပ်ရှင် အနုပညာသည်တွေ၊ ဂီတ အနုပညာသည်တွေ၊ စာပေအနုပညာသည်တွေ ပါဝင်ပါတယ်။ စာပေပညာရှင်တွေက အနုပညာလောကမှာ အရေအတွက်အများဆုံးဆိုတော့ နိုင်ငံရေးလို့ပဲပြောပြော၊ ဒီမိုကရေစီရေးလို့ပဲ ဆိုဆို အဲဒီ လှုပ်ရှားမှုကြီးထဲမှာ တခြားသော အနုပညာနယ်ပယ်တွေထက် များပြားတဲ့အရေအတွက်နဲ့ ပါဝင်ခဲ့ပြီး အဖိနှိပ်ခံရတော့လည်း သူတို့ပဲ အများဆုံးဖြစ်ပါတယ်။

ဥပမာအားဖြင့် ကိုဇာဂနာရဲ့ ဖခင် ဆရာ နန်းညွန့်ဆွေ၊ ကဗျာဆရာ ကြည်အောင်၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) စတဲ့ စာပေနယ်က ပုဂ္ဂိုလ်တွေဆိုရင်လည်း ဒီကနေ့အထိ စာနယ်ဇင်းတွေမှာ ထည့်သွင်းဖော်ပြခွင့် ပိတ်ပင် ခံထားရဆဲပါ။ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင်လည်း နှစ်ပေါင်း ၂ဝ နီးပါး ကြာအောင် ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။ အဲဒီလို စစ်အာဏာပိုင်တွေရဲ့ အနှိပ်အစက် ခံခဲ့ရသူတစ်ဦးကတော့ ဆရာကြီး မင်းသုဝဏ်ဖြစ်ပါတယ်။

၂ဝဝ၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်က ၁၉ဝ၉ ခုနှစ်မှာ မွေးတယ်ဆိုတော့ လာမယ့် ၂ဝဝ၉ ခုနှစ်ဆိုရင် နှစ် ၁ဝဝ ပြည့်ပါပြီ။ ဆရာဇော်ဂျီရဲ့ ရာပြည့်ပွဲ ကျင်းပခဲ့သလို ဆရာမင်းသုဝဏ်ရဲ့ ရာပြည့်ပွဲလည်း ပြည်တွင်းမှာ ကျင်းပခွင့် ရမယ်လို့ မျှော်လင့်ပါတယ်။ ဆရာကြီး မင်းသုဝဏ်ဟာ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်သလို စာပေပညာရှင်တစ်ဦးအဖြစ် စစ်ကြိုခေတ်ကနေ ကွယ်လွန်ချိန်အထိ ရပ်တည်ခဲ့သူဖြစ်ပါတယ်။ စာပေဗိမာန် တည်ထောင်ခဲ့သူတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

“ဝါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ်” လို့အစချီထားတဲ့ ‘သပြေသီးကောက်’ ကဗျာ၊ “ဆွမ်းအုပ်နီနီ အမေရွက်လို့၊ နက်ဖြန်မနက် ကျောင်းထွက်မယ်” လို့ အစချီထားတဲ့ ‘ဥပုသ်စောင့်’ စတဲ့ ဆရာကြီးရဲ့ ကလေးကဗျာတွေကို လူတိုင်းလိုလို သိနေကြပါလိမ့်မယ်။ ဒီလိုပဲ မြန်မာပြည် လွတ်လပ်ရေးမရခင် ၁ဝ နှစ်တိတိက ရေးသားခဲ့တဲ့ ‘သပြေညို’ ကဗျာကိုလည်း သိကြမယ်လို့ ထင်ပါတယ်။ အဲဒီလို အရှိန်အဝါရှိတဲ့ စာပေတွေကို ရေးသားခဲ့သလို တခြား မှတ်တမ်းတင်လောက်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မဆလ ခေတ်မှာ ပြုလုပ်ခဲ့တဲ့ စာတတ်မြောက်ရေးလှုပ်ရှားမှုမှာ အရေးအဖတ်အမြန်သင်ကြားတဲ့ ဝထကလသ နည်းကို တည်ထွင်ခဲ့သလို၊ မျက်မမြင်စာ နည်းသစ်ကို ဦးဆောင်တီထွင်သူ ဖြစ်တယ်လို့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။

ဆရာဟာ မြန်မာစာပေဆိုင်ရာ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ၊ ဘာသာပြန်စာပေတွေ ရေးသားခဲ့သလို တက္ကသိုလ် မြန်မာအဘိဓာန် ၅ အုပ်တွဲကိုလည်း ပြုစုခဲ့ပါတယ်။ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်အထိ ဧည့်ပါမောက္ခအဖြစ် သွားရောက်ပြီး တာဝန်ထမ်းဆောင်ခဲ့ချိန်မှာတောင် မြန်မာ-ဂျပန် အဘိဓာန်၊ မြန်မာဖတ်စာ၊ မြန်မာစကား ပြောပုံနည်းမျိုးစုံ၊ မြန်မာကျေးလက်ကဗျာ အစရှိသဖြင့် ပြုစုခဲ့သူဖြစ်ပါတယ်။

ဆရာမင်းသုဝဏ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာနဲ့ပတ်သက်လို့ ကဗျာဆရာ မောင်စွမ်းရည်က စာပေဟောပြောပွဲတစ်ခုမှာ အခုလို ပြောပြခဲ့ဖူးပါတယ်။

“ဆရာမင်းသုဝဏ်ဟာ ကျောင်းသား ဒေါင်းကဗျာကို ပထမဆုံး ရေးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အပြင် မှိုင်းရာပြည့်ကဗျာကို ရေးတဲ့ကဗျာဆရာအနေနဲ့လည်း ဒီတစ်ဦးတည်းပဲ ရှိပါတယ်။ ၁၉၆၃ ငြိမ်းချမ်းရေးပွဲကြီး ပျက်သွားတဲ့အခါကျတော့ လူတွေအားလုံး လိုက်ဖမ်းနေတာ၊ ကျောင်းသားတွေအားလုံး လိုက်ဖမ်းနေတာ။ အဲဒီနေရာမှာ ၆၄ ကျတော့ ဆရာကြီးကွယ်လွန်သွားတဲ့အခါကျတော့ စဖတ်ဖို့ ဆရာမင်းသုဝဏ် စီစဉ်ပေးတဲ့ကဗျာက တက္ကသိုလ်ကျောင်းသားတွေကိုပဲ တိုင်းပြည်အနာဂတ်အတွက် အားထားရမှာပါ ဆိုတဲ့ကဗျာကို ရွတ်ခိုင်းတာ ဆရာက။ ရွတ်ခိုင်းပြီးတော့ မှိုင်းရာပြည့်ကဗျာကို ဆရာမင်းသုဝဏ်က ရေးတာ”
ဒီလို မျိုးချစ်စိတ်ရှိတဲ့ ဆရာကြီးမင်းသုဝဏ်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပြည်သူဘက်က ရပ်တည်ခဲ့သလို စစ်အစိုးရက ၁၉၉ဝ ပြည့်နှစ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ မရှေးမနှောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၅ဝ ပြည့် မွေးနေ့အတွက် ဆရာကြီးက ‘မွေးနေ့ဆုတောင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ် အခုလို ရေးသားခဲ့ပါတယ်။

မွေးနေ့ဆုတောင်း

ပြည်သူတွေအောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။

တို့အားတို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျိုအိုးဝေ၊ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။

မကြာပါဘူး၊ မြန်မာပြည်မှာ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေမှာ ဆရာကြီးရဲ့ စာတွေ ဖော်ပြခွင့် မရတော့ပါဘူး။ နောက်ပိုင်း ဖော်ပြခွင့်ရပြန်တော့လည်း အကန့်အသတ်တွေ ရှိခဲ့ပါတယ်။ ဆရာကြီးကတော့ သူမြတ်နိုးတဲ့ စာပေတာဝန်ကို ကျေပွန်သလို လုပ်ဆောင်သင့်တဲ့ နိုင်ငံရေးတာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အခုလည်း ကိုယ့်ယုံကြည်ချက်အတိုင်း ရပ်တည်ခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်လို မျိုးချစ်စာဆိုတွေ မြန်မာပြည်မှာ ရှိနေပါတယ်။ သူတို့တွေက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို အသုံးချခွင့် မရကြပါဘူး။ တချို့ဆိုရင် အဖမ်းအဆီး ခံထားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အနေအထား မဟုတ်ပါဘူး။ လက်ရှိအနေအထားကို လွတ်လပ်ပါတယ်လို့ ယူဆနေသူတွေအနေနဲ့ အဲဒီလို မလွတ်လပ်သူတွေအကြောင်းကို စဉ်းစားမိကြမယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ အလားအလာက အကောင်းဘက်ကို မြန်မြန်ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၂၃၊ ၉၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Sunday, September 28, 2008

ထောင်ဗူးပေါက်က မကြောက်တရား


ထောင်ဗူးပေါက်က မကြောက်တရား
(ဦးဝင်းတင်သို့)
မောင်စွမ်းရည်
စက်တင်ဘာ ၂၈၊ ၂၀၀၈


ထောင်ဗူးအဝင် ‘ဘူး’ခံဝင်
ထောင်ဗူးကထွက် ‘ဘူး’ခံထွက်
လက်လည်းမမြှောက် ဒူးမထောက်
သေရမှာကို သူမကြောက်
ချော့တာ မြှောက်တာ သူမမြောက်
လွတ်လပ်ခြင်းနဲ့မျှတခြင်း ငြိမ်းချမ်းခြင်းသို့ သူလမ်းဖောက်
ညီညွတ်ရေးကို သူတည်ဆောက်
‘စု’က လမ်းခင်း၊ ‘ဝင်း’က လမ်းပြ ညီညွတ်ကြ မုချပန်းတိုင်ရောက်။ ။


မောင်စွမ်းရည်
စက်တင်ဘာ ၂၃၊ ၂ဝဝ၈

သရုပ်ဖော်ပန်းချီ သြရသ

(မှတ်ချက် - 2.83 MB မူရင်းပုံရယူလိုပါက ပုံကို နှိပ်ပါ)

သူလိုလူ

(photo:AFP)

သူလိုလူ
(ဦးဝင်းတင်သို့)
မောင်စွမ်းရည်
စက်တင်ဘာ ၂၈၊ ၂၀၀၈

သူနဲ့သူသာ
နှိုင်းစရာမို့
သူသာ စံထူ
သူ့လိုလူကို
လူတိုင်းကြည်ညို
ဆုတောင်းဆိုအံ့
သူလိုလူတွေ များစေသော ...
သူလိုစိတ်ထား ပွားစေသော ...
သူ့သက် ရာကျော် ရှည်စေသော ... ။ ။

မောင်စွမ်းရည်
စက်တင်ဘာ ၂၃၊ ၂ဝဝ၈

Cartoon Beruma – Gambari was sent to finish work but instead he returned himself finished

Cartoon Beruma – Gambari was sent to finish work but instead he returned himself finished

September, 29th 2008

Saffron Revolution anniversary in Singapore




စင်္ကာပူရောက်မြန်မာပြည်သားများ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ ပြုလုပ်
ကိုပေါ
စက်တင်ဘာ ၂၈၊ ၂၀၀၈

ယမန်နေ့ နေ့ခင်းပိုင်းက စင်္ကာပူရောက် မြန်မာ့အရေးတက်ကြွသူများက ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုကို စင်္ကာပူနိုင်ငံရှိ သတိဝိပ္ပဿနာတရားရိပ်သာ (တပါးကျောင်း)တွင် ပြုလုပ်ခဲ့သည်။ သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုဆွမ်းကျွေးအလှူသို့ မြန်မာ့အရေး စိတ်ပါဝင်စားသူ ၂၅ ယောက်ခန့် တက်ရောက်ခဲ့သည်။

ညပိုင်းတွင် တိုပါရိုးရပ်ကွက်၊ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီးကျောင်းရှိ အပတ်စဉ် ၀တ်ပြု ဆုတောင်းသူများအား ဖျော်ရည်ဗူးများ ဝေငှတိုက်ကျွေးခဲ့သည်။ ထို့အပြင် မြန်မာ့အရေးလှုပ်ရှားသူများက နှင်းဆီပန်းအနီများ ထိုးထားသော ပန်းအိုး ၁၁ အိုးကို ဘုရားတွင် ကပ်လှူပူဇော်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ဘောဓိပင်၊ ဘုရားဆင်းတုတော်တို့တွင် ဆီမီး ၁၁၀ ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။

စင်္ကာပူအစိုးရက မြန်မာ့အရေးလှုပ်ရှားသူများကို ဗီဇာသက်တမ်းတိုးပေးရန် ငြင်းပယ်ခြင်းဖြင့် အရေးယူဖိနှိပ်မှုများ ရှိနေသော်လည်း မြန်မာ့အရေးလှုပ်ရှားသူများက မြန်မာပြည်သားများအကြား နိုင်ငံရေးအသိစိတ် မြှင့်တင်ပေးရန်၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်လာစေရန် ရည်ရွယ်သော စည်းရုံးလှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

MoeMaKa Radio Sydney Sept 28th 2008

မိုးမခရဲႚ ေရဒီယိုခဵစ္သူမဵား ဆစ္ဒနီ

စက္တင္ဘာ ၂၉၊ ၂၀၀၈

ဆစ်ဒနီမြို့က ဂရုဏာအလှူပေးတဲ့တရား - သဲကုန်းဆရာတော် (ဦးပန်တျာ)

သတင်းတိုထွာ ပထမပိုင်း

ဦးနှောက်စားတဲ့ ကျော်ဟိန်း

စင်္ကာပူက ရွှေမြန်မာပေးစာနဲ့ လူထုစိန်ဝင်းပြန်ကြားချက်

သတင်းတိုထွာ ဒုပိုင်း

ဇာဂနာ့အရေးနဲ့ ဇာဂနာတေး

စစ်အာဏာရှင်များနဲ့ အင်းယားသက်သေ

ကျားရဲကဗျာနဲ့ သူ၏ တွေ့ဆုံခန်း (ဟံသာဝတီဦးဝင်းတင်)

စီစဉ်သူ - ဦးပန်တျာ၊ မေရီ၊ စောအယ်ကော၊ နန့်ဖေါဆေး