Sunday, August 31, 2008

Mar Mar Aye 242


ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၂၄၂)
မင်းသုဝဏ်၏တေးကဗျာများ

မာမာအေး
သြဂုတ် ၃၁၊ ၂၀၀၈

ယခုတပတ်ရေဒီယိုဆောင်းပါးတွင် ဒေါ်မာမာအေး ရွတ်ဆိုထားသည့် ဆရာကြီးမင်းသုဝဏ်၏ ‘ပျဉ်းမငုတ်တို’ ကဗျာကို နားဆင်ကြရမည်ဖြစ်သည်။ ထို့ပြင် ဆရာကြီး၏ ကဗျာတပုဒ်ကို စန္ဒရားချစ်ဆွေက ‘အိမ်ရှင်မ’သီချင်းအဖြစ် ဖန်တီးခဲ့ပုံကို ရှင်းပြထားပြီး၊ အဆိုပါသီချင်းကိုလည်း ထည့်သွင်းသီဆိုထားသည်။

(အပြည့်အစုံ နားဆင်ရန် ဤနေရာ ကို နှိပ်ပါ။)

Saturday, August 30, 2008

While NLD against the Junta's political argenda, ex-party writer says "yes"


၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှုဆောင်ဟောင်း သက်ကြီး စာရေးဆရာကြီး မောင်စူးစမ်းက စစ်အစိုးရလမ်းကြောင်းကို လက်ခံကြောင်း စာရေး

မိုးမခ အထောက်တော် ၀၀၂

သြဂုတ် ၃၀၊ ၂၀၀၈

သြဂုတ်လ ၂၉ ရက်စွဲ၊ စာအမှတ် ၁၅ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီပါတီ)က ကြေညာချက်ထုတ်ရာတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်ချက်များသည် မြန်မာပြည်နိုင်ငံရေး တိုးတက်မှုအတွက် အကျိုး မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။


ထို့အပြင် စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ကို ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အနိုင်ရ ပါတီအနေဖြင့် လက်မခံနိုင်ကြောင်း၊ စစ်အစိုးရက မြန်မာပြည်သူတို့၏ ဆန္ဒများကို လစ်လျှုရှုဆောင်ရွက်နေသမျှ၊ မတရားမှုများ ကျူးလွန်နေသမျှ ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်နိုင်ခြင်း မရှိကြောင်း သဘောထားကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။


သို့ဖြစ်ပါ၍ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုအင်အားစုများနှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် ဒီမိုကရေစီ အရေးသို့ တိုးတက်ရေးကိုသာ အလိုရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။


သို့ရာတွင် သြဂုတ်လ ၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်မှ သတင်းစာဖြတ်ပိုင်းအရ - မြန်မာနိုင်ငံ၏ ထင်ရှားသော သက်ကြီး စာရေးဆရာကြီး၊ ယခင် ပါတီ၏ ဗဟိုအမှုဆောင်၊ ၁၉၉၀ ရွေးကောက်ပွဲ အဖွဲ့ချုပ်၏ မော်လမြိုင်မြို့နယ် အနိုင်ရကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း (၁၉၉၀ - ၉၂ ) ဖြစ်သူ မောင်စူးစမ်း (ဦးချမ်းအေး)က ၎င်း၏ ဆောင်းပါးတွင် ယခု စစ်အစိုးရချမှတ်ထားသော နိုင်ငံရေးလမ်းကြောင်းကို လက်ခံကြောင်း စာဖြင့်ထုတ်ဖော်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။


မောင်စူးစမ်းက ၎င်း၏ အာဘော်ကို ထုတ်ဖော်ပြောဆိုရာတွင် - ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်နှင့် အခင်းအကျင်း အသစ် ဖြစ်နေပြီ၊ နိုင်ငံရေးလည်း အသစ်ဖြစ်ဟန်ရှိသည် ဟု ဆိုထားသည်။ ဒိုင်ယာလော့ခ်သည် အလှတန်ဆာဆင်ခြင်းသာ ဖြစ်၍ အနှစ်သာရ မဟုတ်ချေ။ အလှတန်ဆာဆင်မှုကို တရားသေကိုင်သည်မှာ မိုက်မဲသည်ဟု ဆိုထားသည်ကို တွေ့ရသည်။


ပါတီကြေညာချက်နှင့် မောင်စူးစမ်း ဆောင်းပါးတို့ကို ဖတ်ရှုရန် ပူးတွဲ ဖော်ပြလိုက်ပါသည်။

World News in Variety and Brief

ထူးထူးခြားခြား ကမ္ဘာတလွှား၊ နိုင်ငံတကာသတင်း တိုထွာ

မိုးမခ အထောက်တော် ၀၀၈

သြဂုတ် ၃၀၊ ၂၀၀၈


စပိန်နိုင်ငံမှ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲ
(သြဂုတ် ၂၈၊ အေအက်ဖ်ပီသတင်း)

သြဂုတ်လ ၂ရ ရက်နေ့မှာ စပိန်နိုင်ငံရဲ့ Bunol မြို့လေးမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Tomatina ခေါ် ခရမ်းချဉ်သီးပစ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ လူဦးရေ ၉ ထောင်ကျော်လောက်သာရှိတဲ့ ဒီမြို့လေးကို နိုင်ငံအသီးသီးက ပရိသတ် ၄ သောင်းခန့် လာရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။


ပွဲတော်မှာ လူတွေက ထရပ်ကားကြီးတွေနဲ့ သယ်ယူလာတဲ့ ခရမ်းချဉ်သီးများကို တဦးနဲ့ တဦး ပစ်ပေါက်ကြကာ လမ်းများဟာ ခရမ်းချဉ်သီး အရည်များနဲ့ဖုံးလွှမ်းနေပါတော့တယ်။


Tomatina ပွဲတော်ကို နှစ်စဉ် သြဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့မှာ ကျင်းပပါတယ်။ ဒီ ပွဲတော်ပေါ်ပေါက်လာတဲ့ သမိုင်းကို မည်သူကမျှ အသေအချာ မသိကြပါဘူး။ အများစု လက်ခံထားတာက ၁၉၄၄ လောက်မှာ လူငယ်တွေ အချင်းချင်း ရန်ဖြစ်ကြပြီး ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ခဲ့ရာမှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။


မျက်နှာကိုဖုံးထားသည့် အမျိုးသမီးအား ပြတိုက်မှနှင်ထုတ်

(သြဂုတ် ၂၈၊ ရိုက်တာသတင်း)

မျက်နှာဖုံးစွပ်ထားသဖြင့် ပြတိုက်အစောင့်တဦးက နှင်ထုတ်ခဲ့သည့် မွတ်ဆလင် အမျိုးသမီးတဦးကို အီတလီ ဗင်းနစ်မြို့ပတိုက် ဒါရိုက်တာ Filippo Pedrocco က ဗုဒ္ဓဟူးနေ့တွင် တောင်းပန်လိုက်ပြီး၊ ပြတိုက်ကို အချိန်မရွေး လာလည်နိုင်ပါကြောင်း အသိပေးလိုက်သည်။


အဆိုပါ မွတ်ဆလင်အမျိုးသမီးသည် ခင်ပွန်းသည်အပါအ၀င် ကလေးများနှင့်အတူ ဗင်းနစ်ရှိ Ca' Rezzonico ပြတိုက်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လည်ပတ်ခဲ့ရာ အ၀င်ဝကတည်းက အစစ်အဆေးခံပြီး ပြတိုက်ထဲ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ပြတိုက် ဒုတိယအထပ်သို့ ရောက်သောအခါ အစောင့်တဦးက မျက်နှာဖုံးမချွတ်လျင် ပြတိုက်မှ ထွက်ခွာရမည်ဟု ပြောဆိုခဲ့သည်။ သူမက မျက်နှာဖုံးချွတ်ရန် ငြင်းဆန်ပြီး ပြတိုက်ထဲက ထွက်ခွာခဲ့ကြောင်း သိရသည်။


၁၉၇၀ နှစ် နောက်ပိုင်း အကြမ်းဖက်သမားများရန်က ကာကွယ်သည့် ဥပဒေ အရ အီတလီတွင် အများပြည်သူများရှေ့၌ မျက်နှာကို ဖုံးအုပ်သည့် အ၀တ်အစားကို ပိတ်ပင်ခဲ့သော်လည်း ဘာသာရေးအရ အမျိုးသမီးများ မျက်နှာ ဖုံးအုပ်ထားခြင်းကို အထူးကန့်ကွက်ခြင်း မရှိခဲ့ကြပေ။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အီတလီလူမျိုးအချို့က ပြတိုက်အစောင့်ကို သူရဲကောင်းကြီး သဖွယ် သတ်မှတ်ကြကြောင်း သိရသည်။

ကမ္ဘာကျော် ပီဆာ မျှော်စင် ကို စိန်ခေါ်မည့် နောက် မျှော်စင်တခု

(သြဂုတ် ၂၈၊ ရိုက်တာသတင်း)

နယ်သာလန်နိုင်ငံ မြောက်ပိုင်း Bedum မြို့လေးရှိ လူသိနည်းသော ၁၂ ရာစု ခေတ်မှ အဆောက်အဦတခုသည် ဥရောပ၌ အတိမ်းစောင်းဆုံးသော မျှော်စင်ဖြစ်သည်ဟု ဂျီသြမေတြီ ပညာရှင် Jacob van Dijk က ပြောကြားလိုက်သည်။ ယခုတပတ်အတွင်း တိုင်းထွာချက်အရ Bedum မြို့ ရှိ အမြင့် ၃၅.ရ မီတာ ရှိ Walfridus မျှော်စင်သည် ၂.၆၁ မီတာ တိမ်းစောင်းနေပြီး၊ အမြင့် ၅၅.၈၆ မီတာမြင့်သော ပီဆာမျှော်စင်သည် ၄ မီတာ တိမ်းစောင်းနေသည်။ အကယ်၍ ထိုမျှော်စင် ၂ခုသည် အမြင့် အတူတူဖြစ်ပါက နယ်သာလန်၏ Walfridus မျှော်စင်သည် ၆ စင်တီမီတာ ပိုမို တိမ်းစောင်းနေမည်ဟု အဆိုပါ ပညာရှင်က ထုတ်ဖော်ခဲ့သည်။

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို အရှက်ကွဲစေမည့် ရှန်ဟဲရဲများ၏နည်းလမ်း

(သြဂုတ် ၂၇၊ ရိုက်တာသတင်း)

သတ်မှတ်ထားသည့် လမ်းဆုံ လမ်းခွများ၌ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသည့် ခြေလျင်လျှောက်သူများ၊ ဆိုင်ကယ်၊ စက်ဘီးစီးသူများ အားလုံးကို ဖမ်းဆီးပြီး သူတို့၏ ဓာတ်ပုံများကို သတင်းစာ၊ ရဲ တီဗွီ အထူးသတင်းများတွင် ဖေါ်ပြသွားမည် ဖြစ်ကြောင်း ရှန်ဟဲ ဒေးလီး သတင်းစာ၌ ဖော်ပြထားသည်။


အဆိုပါ အစီအစဉ်သည် သာမန် လမ်းစည်းကမ်း ချိုးဖောက်သူတဦးအတွက် လွန်ကဲသည့် ဒဏ်ခတ်မှု ဖြစ်သည်ဟု တရုတ် ရှေ့နေများအဖွဲ့က ဝေဖန်ပြစ်တင်လိုက်ပြီး ရှန်ဟဲ ရဲတပ်ဖွဲ့ကို တန်ပြန် တရားစွဲမည်ဟု တုန့်ပြန်လိုက်သည်။


တရားဥပဒေ၏ အရေးအကြီးဆုံးသော အချက်မှာ ပြစ်ဒဏ်သည် ကျူးလွန်သည့် ပြစ်မှု အရွယ်အစားနှင့် လိုက်ဖက် ကိုက်ညီမှု ရှိရမည်ဟု ရှန်ဟဲ မြို့ခံ ရှေ့နေတဦးဖြစ်သူ Liu Chunquan က ပြောကြားသည်။


ဟင်းချက်သည့်ဆီကိုသာ သုံးသည့် ဥရောပ ကားပြိုင်ပွဲ

(သြဂုတ် ၂ရ ၊ ရိုက်တာသတင်း)

အကုန်ကျ သက်သာပြီး ပတ်ဝန်းကျင်ကိုလည်း ကာကွယ်စေမည့် အစားထိုး လောင်စာဆီ အသုံးပြုမှုကို အာရုံစိုက် သတိပြုမိစေရန် ရည်ရွယ်ချက်ဖြင့် ဟင်းချက်ရာမှစွန့်ပစ်ထားသော ဆီ အကြွင်းအကျန် တမျိုးတည်းသာ အသုံးပြုလျက် အသင်း ၈ ဖွဲ့ ပါဝင်ခဲ့သော လန်ဒန် မှ အေသင် မိုင်၂၅၀၀ ခရီးရှည် ကားမောင်းပြိုင်ပွဲသည် သြဂုတ်လ ၂၇ ရက်နေ့ က ပြီးဆုံးခဲ့သည်။


"Grease to Greece" ဟု ခေါ်ဆိုသည့် ကားပြိုင်ပွဲကို လန်ဒန်မှ အသက် ၃၄ နှစ်အရွယ်ရှိ Andy Pag က ဦးဆောင်ခဲ့ပြီး ၁၀ ရက်ကြာ ဥရောပကို ဖြတ်မောင်းသည့် ခရီးတလျှောက်၌ စားသောက်ဆိုင်မျိုးစုံမှ စွန့်ပစ်သည့် စားသုံးဆီများကို တောင်းခံ အသုံးပြုခဲ့သည်ဟု သိရသည်။


“ စားသောက်ဆိုင်တိုင်းက သူတို့မသုံးတော့တဲ့ ဆီအဟောင်းတွေကို ရက်ရက်ရောရော ပေးကြပါတယ်။ သူတို့ ပစ်ရတော့မယ့် အမှိုက်ကို ကျနော်တို့က သိမ်းပေးသွားတာကိုး " ဟု Andy Pag က ရိုက်တာသတင်းကို ပြောပြခဲ့သည်။


ပြိုင်ပွဲ ပြီးဆုံးသည့် ဗုဒ္ဓဟူးနေ့၌ အေသင်ရှိ ဗြိတိသျှသံရုံးတွင် သံအမတ် Simon Gass က အနိုင်ရရှိသည့် အသင်းကို အခမ်းအနားဖြင့် ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

McCain's pick: Sarah Palin


စင်တော်က ကောက်တော့လည်း

ဉာဏ်ဦးမောင်

သြဂုတ် ၃၀၊ ၂၀၀၈

မနေ့ကပဲ ဒကာနှစ်ယောက် ရောက်လာလို့ နောက်နောက်ပြောင်ပြောင် ပြောလိုက်သေးတယ်။ အယ်လင်နာ ရုစဗဲ့ စကားကို ကိုးကားပြီးတော့ပါ။ အယ်လင်နာ ရုစဗဲ့ကပြောတယ်၊ “ကြီးကျယ်ခမ်းနားသူတွေက အတွေးအခေါ် အယူအဆတွေအကြောင်း ပြောတယ်။ အသိဉာဏ် အလယ်အလတ်ရှိသူတွေကတော့ အဖြစ်အပျက်တွေအကြောင်း ပြောတယ်။ အသိဉာဏ်နိမ့်သူတွေကတော့ လူပုဂ္ဂိုလ်တွေအကြောင်း ပြောလေ့ရှိတယ်” .... တဲ့။ “ကျုပ်က အတွေးအခေါ်စာ ကို ရေးနေတော့ ကြီးကျယ်ခမ်းနားသူထဲမှာ ပါတယ်”လို့ သူတို့ကို နောက်လိုက်တာ။

သူတို့ရောက်လာတော့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း မစ္စတာ အိုဘားမားရဲ့ သူ့ပါတီက တရားဝင် သမ္မတလောင်းအဖြစ်ရွေးချယ်တာကို လက်ခံစကားပြောနေချိန်။ ကော်လိုရာဒိုပြည်နယ်က ဒင်ဘာမြို့ရဲ့ အထင်ကရ ဘောလုံးကွင်းကြီးထဲမှာ။ ပရိသတ်တွေက ၈ သောင်းကျော်တယ်တဲ့။ နိုင်ငံရေးသမားတွေ၊ အဆိုကျော်တွေ၊ အတီးတွေ၊ အကတွေ၊ အခုန်တွေနဲ့။ စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်။

ပြောချင်တာက အဲဒီသမ္မတလောင်းအကြောင်းနဲ့ရော၊ အယ်လင်နာ ရုစဗဲ့ရဲ့စကားနဲ့ရော နှစ်ခုလုံးနဲ့ပါ ဆိုင်တယ်လို့ ပြောနိုင်သလို မဆိုင်ဘူးလို့လည်း ပြောလို့ရတယ်။

ဒီနေ့မှာတော့ မမျှော်လင့်ထားတဲ့ သတင်းကြားရတယ်။ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဂျွန်မက်ကိန်းက သူ့ရဲ့ (running mate) ဒုသမ္မတလောင်းအဖြစ် အလာစကာပြည်နယ် အုပ်ချုပ်ရေးမှူး အသက် ၄၄ နှစ်အရွယ် အမျိုးသမီး မစ္စ ပေလင်းကို ရွေးချယ်လိုက်တယ်တဲ့။ အမေရိကန်နိုင်ငံရေးနဲ့ မစိမ်းလို့ သူမအကြောင်းကို ရီပတ်ဗလစ်ကင်ပါတီ ရဲ့ တောက်ပလာမည့် ကြယ်တစ်လုံးအဖြစ် အရင်ကတည်းက ကြားဖူးထားပေမယ့် နေ့ချင်းညချင်း ခုလို ကမ္ဘာ့အကြီးကျယ်ဆုံး နိုင်ငံတစ်ခုရဲ့ အကြီးမားဆုံး ယှဉ်ပြိုင်မှုမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် ခုလောက်မြန်မြန် သူမ ပါဝင်လာလိမ့်မယ်လို့ ဘယ်လိုမှ မျှော်လင့်မထားပါဘူး။

ဒီလိုမထင်မိလောက်အောင်လည်း အကြောင်းပေါင်းများစွာ ရှိပါတယ်။ စီပြီးအနည်းငယ်မျှပြောရလျှင် ရီပတ်ဗလစ်ကင်တွေဆိုတာက ရှေးရိုးစွဲဝါဒီတွေ။ လူနည်းစုတွေ၊ အမျိုးသမီးအခွင့်အရေးတွေ၊ လိင်တူဆက်ဆံမှုတွေ၊ ကိုယ်ဝန်ဖျက်ချတာမျိုးတွေ စတဲ့အရာမျိုးတွေကို ဦးစားပေးတတ်သူတွေ မဟုတ်ဘူး။ ဒီတော့ သူတို့ပါတီအတွက် အထူးအရေးပါတဲ့ ဒီလို ဒုတိယသမ္မတလောင်းနေရာကို အတွေ့အကြုံနုနယ်တဲ့ အမျိုးသမီးတစ်ဦးကို ရွေးချယ်လိမ့်မယ်လို့ မထင်မိဘူး။ နောက်ပြီး ဒီမိုကရက်ပါတီက မစ္စတာ အိုဘားမား သမ္မတလောင်းအဖြစ် အရေးသာလာကတည်းက မစ္စတာမက်ကိန်း က အိုးဘားမားရဲ့ နိုင်ငံတကာ အတွေ့အကြုံ နည်းတာရယ်၊ နိုင်ငံ ကာကွယ်ရေးဘက်မှာ ပျော့ညံ့တာရယ်၊ နိုင်ငံရေး လောကထဲကို ဝင်ရောက်လာတဲ့ သက်တမ်း နုသေးတာရယ် စတာတွေနဲ့ တိုက်ခိုက် ဝေဖန်နေခဲ့တာ။

ပေလင်း၊ သမီးငယ် ပစ်ပါ၊ ဂျွန်မက်ကိန်း (photos: Reuters)

ဒီလိုအခြေအနေမျိုးမှာ လူဦးရေ ၆ ထောင်ကျော်မျှသာရှိတဲ့ မြို့ကလေးမှာ မြို့တော်ဝန်လုပ်ဖူးတာရယ်၊ လူဦးရေ ၇ သိန်းကျော်မျှသာရှိတဲ့ အလာစကာပြည်နယ်မှာ ၂ နှစ်သက်တမ်းမျှပင် မပြည့်သေးတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ဖူးတာရယ်လောက်သာ အတွေ့အကြုံရှိတဲ့သူတစ်ယောက်ကို သူ့အတွက်၊ သူ့ပါတီအတွက်၊ သူ့နိုင်ငံအတွက် အလွန်အရေးပါတဲ့ နေရာပေး ရွေးချယ်လိုက်တာကို ဘယ်မှာ မအံ့သြပဲ နေပါ့မလဲ။ မစ္စတာဂျွန်မက်ကိန်းကို ဆုံးဖြတ်ချက် ရဲတယ်လို့ပဲ ပြောရမလား၊ မိုက်တယ်လို့ပဲ ဆိုရမလား။

နောက်ပြီး မစ္စတာမက်ကိန်းက မကြာမီကပဲ ဟောလိဝုဒ် သတင်းလောကရဲ့ အကျော်အမော်တွေဖြစ်တဲ့ ပဲရစ် ဟီလ်တန်တို့၊ ဘရစ်တနီ စပီးယားတို့နဲ့ ခိုင်းနှိုင်းပြီး မစ္စတာအိုဘားမားကို ဝေဖန်ထိုးနှက်ခဲ့သေးတာ။ ဒါက ဘာကိုပြသလဲ ဆိုလျှင် ပေါ်ပြူလာဖြစ်သူတွေအပေါ်မှာ နက်နက်ရှိုင်းရှိုင်း မရှိတဲ့သဘော။ ခုတော့ သူက ၁၉၈၄ ခု ဝက်ဆလာမြို့ရဲ့ အလှမယ်၊ အလာစကာရဲ့ ဒုတိယအလှမယ်ကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးသတဲ့။ (အိုဘားမားနဲ့ သူတို့တွေနဲ့ ခိုင်းနှိုင်းပြောဆိုစဉ်က ပဲရစ်ဟီလ်တန်က မက်ကိန်းကို ပြန်ပက်ထားတာကို တွေ့လိုက်မိတယ်။ သူမက ဘာများပြောချင်လေဦးမလဲ မသိ။)

လွန်ခဲ့တဲ့နှစ် ဒီအချိန်လောက်ကဆိုလျှင် မစ္စ ဟီလာရီကလင်တန်ဟာ နောက်တစ်ကြိမ်ရဲ့ အမေရိကန်သမ္မတအဖြစ် အများစုက ထင်ကြေးပေးခဲ့ကြတာ။ ပါတီနှစ်ခုလုံးရဲ့ သမ္မတလောင်းတွေထဲမှာဆို လူသိအများဆုံး၊ အထင်ရှားဆုံး၊ စစ်တမ်းများမှာဆိုလျှင်လည်း ယှဉ်ပြိုင်ကြမည့်သူတွေထဲမှာ အားအကောင်းဆုံး။ အပြတ်အသတ်ကိုပဲ ရှေ့ကပြေးနေတာ။

ထားလိုက်တော့၊ သမ္မတလောင်း မဖြစ်တာရှိစေဦး။ မစ္စတာအိုဘားမားကို ရှုံးနိမ့်ပြီးချိန်အထိ ဒုတိယသမ္မတလောင်းအဖြစ်များ အရွေးခံလေမလားလို့ အချို့ မျှော်လင့်ခဲ့ကြတာ။ မနေ့တနေ့က အချိန်အထိ။ ဂျိုဘိုက်ဒင်ကို ဒုတိယ သမ္မတလောင်းအဖြစ် မကြေညာမီအချိန်အထိ။ ဒီမိုကရက်ပါတီဘက်ကနေ ဟီလာရီပေါ်ထွက်လာလိမ့်မယ်လို့ ထင်ထားခဲ့ကြတာ။

ဒီအချိန်အထိ ရီပတ်ဘလစ်ကင်က ဒုတိယသမ္မတလောင်း စာရင်းထဲမှာ မစ္စ ပေးလင်း ပါဝင်တယ်ဆိုတာ သိသူက အတော်နည်းပါးပါတယ်။ အချို့သိသူတွေတောင်မှပဲ သိပ်ပြီးအလေးအနက်မထားလို့ သူမအပေါ် အာရုံလည်း မရောက်လှပါဘူး။ ဟုတ်တယ်လေ၊ ပေလင်းဆိုတဲ့နာမည်က အမေရိကန်နိုင်ငံရေးဇာတ်ခုံပေါ်မှာ ထင်ရှားလှတဲ့ နာမည်တစ်ခုမှ မဟုတ်တာ။ ဟော .... ခုတော့ သူမက အမေရိကန်နိုင်ငံကြီးက အဓိက ပါတီကြီးတစ်ခုရဲ့ ဒုတိယသမ္မတလောင်းဖြစ်လာပြီပေါ့။ မထင်မှတ်တဲ့ ပါတီဘက်ကနေ အမျိုးသမီးတစ်ဦး ပေါ်ထွက်လာပြီပေါ့။

၁ နှစ်အတွင်း အပြောင်းအလဲတွေ ဖြစ်သွားလိုက်တာ။ မစ္စတာ အိုဘားမားတို့ပြောသလို Change, Change ဆိုတာ အခြားအရာတွေအတွက်တော့ ဖြစ်လာ မဖြစ်လာ တပ်အပ်သေချာ မပြောနိုင်သေးဘူး။ ထင်မှတ်ထားတာတွေက ဖြစ်မလာဘဲ မထင်မှတ်ထားတာတွေကတော့ ဖြစ်လာလိုက်တာ။ ပြောင်းလဲခြင်းတွေ ဖြစ်လာလိုက်တာ။ ဘာကြာလိုက်လို့လဲ။ ကိုယ့်မှာသာ အပြောင်းအလဲဖြစ်နိုင်ဖို့ စောင့်ခဲ့ရတာ။ ကြာရှည်လွန်းဖြစ်နေရတာ။

မက်ကိန်းကို ဝေဖန်ကြတဲ့ သူ့ပါတီဝင်တွေထဲမှာ မက်ကိန်းရဲ့ အသက်အရွယ်ကြီးလွန်းခြင်းလည်း တစ်ခုအပါအဝင်ပေါ့။ သူက အမေရိကန်သမိုင်းရဲ့ ပထမအကြိမ် သမ္မတအဖြစ် ယှဉ်ပြိုင်အရွေးခံသူတွေထဲမှာ အသက်အရွယ်အကြီးဆုံး စံချိန်ရှင်လေ။ ဒီနေ့ပဲ ၇၂ နှစ်ပြည့် မွေးနေ့ကျင်းပခဲ့တာ။ နောက်ပြီး သူ့မှာ အရေပြားကင်ဆာကလည်း ရှိရဲ့။ အကယ်၍များ ရီပတ်ဘလစ်ကင်ပါတီက နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရပါပြီတဲ့။ မပြောကောင်းမဆိုကောင်း အသက်အရွယ်အရ၊ ကျန်းမာရေးအရ ဂျွန်မက်ကိန်းများ တစ်ခုခုဖြစ်ခဲ့သော်။ အစဉ်အလာအရ ဒုတိယသမ္မတက သူ့ကိုယ်စား ဝင်ရောက် တာဝန်ယူရမှာ။ သူတို့ပြောတဲ့ ကွန်မောင်ဒါ အင် ချိဖ် ဆိုတဲ့ တာဝန်ကြီးကို သူမက ယူရဦးမှာ။

ဒီအခါမျိုးမှာ သူတို့အမြဲပြောပြောနေတဲ့ အတွေ့အကြုံနုနယ်သေးတာတွေ၊ အရည်အချင်း မပြည့်ဝသေးတာတွေ၊ အချိန်မရာက်သေးတာတွေ၊ ဒါတွေအတွက် မစဉ်းစားလေရော့သလား။ မိုးမပြိုနိုင် .... ပြိုခဲ့သော်။ ကိုယ်ကပဲ အစိုးရိမ်လွန်နေသလိုများ ဖြစ်နေသလားတော့ မဆိုနိုင်ပါဘူး။ မစ္စတာအိုဘားမားက မစ္စပေလင်းအတွက် ဝမ်းမြောက်စကား ဆိုရင်းနဲ့အတူ နောက်ဆက်တွဲ ဆုတောင်းပေးတဲ့ စကားလေးကို ယူပြီးသုံးချင်ပါတယ်။ ဆိုလိုတဲ့အဓိပ္ပာယ်ချင်းတော့ တူနိုင်ကောင်းမှ တူမှာပါ။ မစ္စတာအိုဘားမားက သူမအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်တဲ့။ ဒါပေမယ့် အလွန်အမင်း ကံကောင်းလွန်းတာမျိုးတော့ မဟုတ်ဘူးပေါ့ .... တဲ့။ မစ္စ ပေလင်း ကံကောင်းပါစေ။ ဒါပေမယ့် ....

ဘာပဲဖြစ်ဖြစ်ပါ။ အယ်လင်နာ ရုစဗဲ့ရဲ့ အခြားစကားလေးနဲ့ပဲ စိုးရိမ်မှုကို ဖြေရမှာပေါ့။ သူမက ပြောထားတာ "A woman is like a tea bag. You never know how strong she is until she gets into hot water." အမျိုးသမီးတွေဆိုတာက လက်ဖက်ခြောက်ထုပ်လိုပဲ။ လက်ဖက်ခြောက်ဆိုတာကလည်း ရေပူနဲ့တွေ့မှ သူ့အရသာ ဘယ်လောက်ပြင်းတယ်ဆိုတာ အမှန်သိနိုင်တာတဲ့။ မစ္စပေလင်းရဲ့ အစွမ်းအစ ဘယ်လောက်ရှိတယ် ဆိုတာကလည်း တကယ့်အရေးမှာမှ သိရမှာပါ့။ သာမန်မြို့ငယ်လေးတစ်မြို့ရဲ့ အလှမယ်ကနေ ကမ္ဘာက မော့ကြည့်နေရတဲ့ အထင်ကရနိုင်ငံကြီးတစ်ခုရဲ့ သမ္မတယှဉ်ပြိုင်ပွဲမှာ ဒုတိယနေရာကနေ ယှဉ်ပြိုင်ခွင့်ရလာတဲ့အထိ ရောက်လာတာကပင် သူမရဲ့အစွမ်းအစ မသေးငယ်လှဘူးဆိုတာတော့ အကောင်းဆုံး သက်သေတစ်ခုပေပ။

Stories of 8888, 20 years ago by newspaper clips of that time - 3

၈၈ အနှစ် ၂၀ - အခန်းဆက်များ

သတင်းစာများက ပြောတဲ့ ၈၈ အရေးတော်ပုံမြင်ကွင်း - ၃

မိုးမခ

သြဂုတ် ၃၀ ၂၀၀၈

၈၈ အရေးတော်ပုံကာလမှာ ကြေးမုံ၊ မြန်မာ့အလင်း၊ လုပ်သားပြည်သူ့နေစဉ်၊ ဗိုလ်တထောင် စတဲ့ သတင်းစာတွေမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သတင်းခေါင်းစဉ်တွေ၊ ဓာတ်ပုံတွေ ဖတ်မိသမျှ မှာ ပြန်ကြည့်ပါ။

- တောင်ကြီးတွင် ဆက်လက်ဆန္ဒပြ၊ ၀န်ထမ်းပေါင်းစုံ သမဂ္ဂ (ယာယီ) ဖွဲ့စည်း

- ဒီမိုကရေစီရေးတိုက်ပွဲ တပ်မတော်သားတို့ ပါဝင်လာကြပြီ

- ကျနော်သာလျှင် တရားဝင် ၀န်ကြီးချုပ်ဟု ဦးနု ကြေညာ

- ကျောင်းသားများ၏ တိုက်ပွဲမှ အောင်မြင်မှုရလဒ်၊ အများလက်ခံသည့် ကြားဖြတ်အစိုးရကိုသာ လိုလား

- စုပေါင်းခေါင်းဆောင်မှုဖြင့် ယာယီအစိုးရ ဖွဲ့ရန် လိုအပ်

- စက်တင်ဘာ ၉ မန္တလေးဆောင်တွင် လေတပ် တပ်မတော်သားများအား သူရဦးတင်ဦး ချီးကျူးဂုဏ်ပြုစကား ပြောကြားစဉ်

- ရန်ကုန်တိုင်း ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲမေများ ဆန္ဒပြကြစဉ်

- တောင်းဆိုချက် တချက်သာရှိ၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် လို

- ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကော်မရှင် လူထုခေါင်းဆောင်များဖြင့် အဆိုပြု

- လက်ရှိအစိုးရနှင့် ကင်းလွတ်သော ကြားဖြတ်အစိုးရ အမြန်ဆုံးဖွဲ့စည်း၊ ရှမ်းပြည် ခေါင်းဆောင်ဟောင်းများ ကြေညာ

- ၃၆ နာရီကြာ အစာငတ်ခံ ဆန္ဒပြပွဲကြီး ဆင်နွှဲ၊ အဖွဲ့အစည်းစုံမှ လူ ၁ ထောင် ကျော် ပါဝင်

- စက်တင်ဘာ ၁၀ လမ်းစဉ်ပါတီ အရေးပေါ်ညီလာခံက ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာချက်ထွက်၊ လူထု ချီတက်ပွဲကြီးတွင် - ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ရေး တောင်းဆို

ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၅)


ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၅)
အောင်ဝေး

သြဂုတ် ၃၀၊ ၂၀၀၈

ဆရာမောင်သာရရဲ့ ကဗျာတပုဒ်ကို ကျနော်အမှတ်ရတယ်။ “ချုပ်နေ့ကျူးက၊ ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟု၊ ကျီးကဲ့သို့လျှင် မတွေးချင်။ ခင်ပုပ်လည်းငှက်၊ ညဥ့်လည်းနက်၊ ထွက်၍တိုက်ခိုက်သည်တကား” တဲ့။

ကျွန်တော်တို့ဘ၀တွေထဲမှာ ယုံကြည်ချက်ကို အသက်ပေးကာကွယ်တိုက်ခိုက်သွားသူတွေ၊ ယုံကြည်ချက်အတွက် အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ ချုပ်နှောင် ထိန်းသိမ်းခံနေရသူတွေ၊ ယုံကြည်ချက်ကြောင့် ဘ၀ရော၊ မိသားစုရော၊ အနာဂတ်တခုလုံးပါ မှောင်အတိကျသွားခဲ့ရသူတွေ၊ ကျနော်တို့ မြန်မာနိုင်ငံ သမိုင်းမှာ ယုံကြည်ချက်ကို ဖက်တွယ်ပြီး အငတ်ငတ်အပြတ်ပြတ်နဲ့ ဒီမိုကရေစီ မရမချင်း ဆက်လက် တိုက်ပွဲဝင်နေတဲ့သူတွေ စသဖြင့် ဒီမိုကရေစီ လိုလားသူ၊ ပြည်သူ့ဘက်တော်သား၊ သူရဲကောင်းတွေဟာ ခေတ်အဆက်ဆက် ရပ်တည်ရင်ဆိုင်ခဲ့ကြတာပါ။

အချိန်တချိန်မှာ ကျနော်တို့ဟာ မညီညွတ်ဘဲ ရှိကောင်းရှိမယ်။ ဒါပေမယ့် တချိန်မှာတော့ ကျနော်တို့အားလုံးဟာ ညီညွတ်သွားကြတာပဲမဟုတ်လား။ တိုက်ပွဲမရှိရင် ညီညွတ်ရေး မရှိနိုင်ဘူး။ တိုက်ပွဲရှိနေလို့သာ ကျနော်တို့ဟာ အချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး ရန်သူကို ရင်ဆိုင်ရတာပဲ မဟုတ်လား။

တိုက်ပွဲဟာ အရေးကြီးတယ်။ တိုက်ပွဲဟာ လိုအပ်တယ်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တိုက်ပွဲလိုအပ်ချက်ရဲ့ အကြီးမားဆုံး ပြယုဂ်ပဲပေါ့။ ဒီ ရှစ်လေးလုံး တိုက်ပွဲစဉ်ကြီးထဲမှာ အားလုံးဟာ ညီညွတ်ခဲ့ကြတယ်။ အားလုံးဟာ စည်းရုံး စုစည်းခဲ့ကြတယ်။

ဗကသ၊ တကသ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန် စတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနောက်မှာ ကျနော်တို့ ပြည်သူလူထုကြီးဟာ တညီတညွတ်တည်း လိုက်ပါခဲ့ကြတယ်။ တပ်မတော်သားတွေ၊ ပြည်သူရဲတွေ၊ ၀န်ထမ်းတွေလည်း ဒီမိုကရေစီတိုက်ပွဲထဲ ခုန်ဝင်လာခဲ့ကြတယ်။

ညီညွတ်ခြင်းရဲ့ ရလဒ်ဟာ မဆလ စစ်အာဏာရှင်အစိုးရကို ကျနော်တို့ ဖြုတ်ချပစ်နိုင်ခဲ့တာပါပဲ။

၈၈ မျိုးဆက်သစ် ကျောင်းသားတွေ၊ လူငယ်တွေ သွေးနဲ့ ခင်းခဲ့တဲ့ သမိုင်းလမ်းကြောင်းပေါ်မှာ သမိုင်းသိစိတ်ရှိတဲ့၊ အစဉ်အလာကြီးတဲ့ မျိုးဆက်ဟောင်း နိုင်ငံရေးသမားကြီးတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ စာပေအနုပညာရှင်တွေ၊ တတ်သိပညာရှင်တွေ၊ တပ်မတော်ခေါင်းဆောင်ကြီးတွေ စသည်ဖြင့် လူကြီးတွေလည်း အတူလိုက်ပါ လျှောက်လှမ်းခဲ့ကြတာပဲ မဟုတ်လား။

ဒါပေမယ့် ... ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆုံးသတ်ခန်းကတော့ မလှပနိုင်ခဲ့ရှာပါဘူး။ ကျောင်းသားတွေရဲ့ အရိုးတွေ တောင်လိုပုံအောင် တိုက်ယူခဲ့ရတဲ့ ဒီမိုကရေစီ အလင်းရောင်ဟာ ကျနော်တို့ အိမ်ပြတင်းမှာ လင်းလက်တောက်ပမယ် ကြံရုံရှိသေးတယ်၊ စစ်တပ်က အာဏာသိမ်းယူသွားတာကို ကျနော်တို့ ခံလိုက်ကြရတယ်လေ။

အောင်ပွဲကို လုယူခံလိုက်ရတာပါပဲ။ ဘယ်လောက် နာကျင်ခံပြင်းစရာ ကောင်းလိုက်ပါသလဲ။ ကျောင်းသားလူငယ်တွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရာနှုန်းပြည့် တာဝန်ကျေခဲ့ကြပါပြီ။

တကယ်တော့ ရန်သူက တော်လို့မဟုတ်ပါဘူး။ ကျနော်တို့ တချက်ညံ့လိုက်တာနဲ့ ကျနော်တို့ တပြုံကြီး သမိုင်းသင်ခန်းစာတွေ၊ သမိုင်းနောင်တတွေ တလှေကြီးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရေစီးကြောင်းထဲမှာ ကျောက်ဆောင်နဲ့ ၀င်တိုက်မိခဲ့ကြတာပဲ မဟုတ်လား။

ကျနော်တို့ ဘာဆက်လုပ်ကြမလဲ။ What is to be done?

အဲဒီအချိန်မှာ ကျနော်တို့ဟာ တခုကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး၊ တခုကို ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါရစေ။

လက်လွှတ်ဆုံးရှုံးလိုက်ရတာကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ အများအပြား သောင်းနဲ့ သိန်းနဲ့ချီပြီး နယ်စပ်ကို ရောက်ရှိသွားကြရတာပါပဲ။ (နောင်မှာ ကျောင်းသားတပ်မတော် ပေါ်ထွန်းလာတာကတော့ သမိုင်းရဲ့ ကြီးမားတဲ့ လက်ဆောင်ပါ။)

ပြန်လည်ရရှိလိုက်တဲ့တခုဆိုတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အပါအ၀င် လူထုလူတန်းစား၊ ကျောင်းသား၊ တိုင်းရင်းသား နိုင်ငံရေးပါတီအင်အားစုတွေပါပဲ။

အဲဒီအချိန်၊ အဲဒီကာလ ပြည်တွင်းမှာ ကျန်ရစ်တဲ့ တိုက်ပွဲဝင်ရဲဘောအားလုံးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ အလံတော်အောက်မှာ စုရုံးလိုက်ကြတယ်လေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံတော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ချက်နဲ့ အတွေးအခေါ်က ဆင်းသက်ပေါက်ဖွားလာတဲ့ တိုက်ပွဲခေါ်သံပဲ ဖြစ်တယ်။ NLD ကို စတင်တည်ထောင်စဉ် ပါတီအလံလုပ်ဖို့ စဉ်းစားကြတဲ့အချိန်မှာ ဦးအောင်ကြီးက ပြည်သူ့ရဲဘော်တံဆိပ်က ‘ကဒေါင်း’ကို လုပ်ဖို့ အကြံပြုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ‘ကဒေါင်း’က ပျော့တယ်၊ ၈၈မျိုးဆက်အပါအ၀င် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို မမှိတ်မသုန် တိုက်ခိုက်ခဲ့တဲ့ ကျောင်းသားတွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုတဲ့အနေနဲ့ ‘ခွပ်ဒေါင်း’ကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ စတုတ္ထမြန်မာနိုင်ငံတော်ကို စည်းရုံး တည်ထောင်စဉ် တုန်းကလည်း ဒီ ‘ခွပ်ဒေါင်း’နဲ့ပဲ ပထမလွတ်လပ်ရေးကို တိုက်ယူခဲ့ကြပြီ။ အခုတခါ ဒေါ်အောင်ဆန်းစုကြည်ခေတ် ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်းမှာလည်း ဒီ ‘ခွပ်ဒေါင်း’နဲ့ပဲ၊ ဒီအစဉ်အလာနဲ့ပဲ ကျနော်တို့ဟာ ဒုတိယလွတ်လပ်ရေးကို ဆက်လက်တိုက်ယူသွားရဦးမယ် မဟုတ်ပါလား။ အရေးအကြီးဆုံးကတော့ ကျနော်တို့အားလုံး ညီညွတ်ဖို့နဲ့ ကျနော်တို့အားလုံး လက်နက်မချဖို့ပါပဲ။ ကျနော်တို့ တိုက်ပွဲကို ခိုင်ခိုင်မာမာ ယုံကြည်နေဖို့ပါပဲ။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးက သံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေရဲ့ သွေးကွက်တွေ မခြောက်သေးပါဘူး။

“ခင်ပုပ်လည်းငှက်၊ ညဥ့်လည်းနက်၊ ထွက်၍တိုက်ခိုက်သည်တကား” တဲ့။ ထွက်၍ တိုက်ခိုက်သူတွေရဲ့ တပ်ဦးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွပ်ဒေါင်းအလံတွေ တလူလူ လွင့်နေဆဲပဲ မဟုတ်ပါလား။

(မှတ်ချက်-၂၀၀၈ ဇူလိုင် ၁၆ ရက်နေ့တွင် RFAသတင်းဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးဖြစ်သည်။)

Friday, August 29, 2008

Quotable Quotes in August 2008

သြဂုတ်လ စာကိုး စကားကိုး

သြဂုတ် ၂၉၊ ၂၀၀၈

“အနှစ်(၂ဝ) ကြာမှ ဦးနု အဲသည်တုံးက လုပ်ခဲ့တဲ့ နိုင်ငံရေးကစားကွက်ဟာ လုပ်သင့်တဲ့ ကစားကွက်လို့ ၁၉၈၈ ကျောင်းသားမျိုးဆက်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း အတော်များများက အပြင်စကားဝိုင်း တွေမှာ ဝန်ခံကြပါတယ်။ နေရာ အဆင့်ဆင့်မှာ လူငယ်ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့သူများ အနေနဲ့ ကိုယ်ကိုယ်တိုင် အားနည်း ခဲ့တာကိုလည်း ပြန်ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ တဦးနဲ့တဦး အပြစ်တင် လက်ညှိုး ထိုးတာတွေကို ရပ်ဆိုင်းသင့်ပါပြီ။ လူတိုင်း အမှားနဲ့မကင်းကြပါ။”

ဇော်မင်း (လူ့ဘောင်သစ်)၊ ရွက်မွန်ဘလော့ဂ်၊ “အပြစ်တွေပုံချနေယုံနဲ့မပြီး” ဆောင်းပါး၊ သြဂုတ် ၂၇၊ ၂ဝဝ၈


“နအဖ မဟုတ်တာ လုပ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကြောင့်၊ အဲဒီ (၂) ချက် ရှိနေသရွေ့ အန်အယ်လ်ဒီသည် အင်အားရှိနေဆဲပဲ။”

တင်မောင်သန်းခေတ်ပြိုင်အင်တာနက်စာစောင်၏ အန်အယ်လ်ဒီရဲ့ အတိုက်အခံအဆင့်အတန်း” သတင်း၊ သြဂုတ် ၇၊ ၂၀၀၈


"ကျနော်လိုက်တဲ့အမှုထဲက ၈၈ မျိုးဆက်ကျောင်းသားထဲက ကိုကျော်ဆန်းဆိုရင် သူက အေးစေတီဘုရားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တခြား အန်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ဆုတောင်းကြတယ်။ ဆုတောင်းတယ်ဆိုတာ သူတို့ စိတ်ထဲကနေ သူတို့ လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းတာ။ ဘယ်သူမှလည်း မကြားနိုင်ဘူး၊ မသိနိုင်ဘူး။ ဒီဟာကိုပဲ ရုံးတင်စစ်ဆေးတဲ့အခါကြတော့ ပုဒ်မ ၁၄၇၊ ၅၀၅(ခ)တို့နဲ့ စစ်ဆေးတဲ့အခါကြတော့ ဘုရားဝတ်ပြုနေတဲ့ပုံကို ဓာတ်ပုံရိုက်ထားပြီး ဒါ ပြစ်မှုကျူးလွန်နေပါတယ်ဆိုပြီး စွပ်စွဲထားတာမျိုးတွေပေါ့။ ဒါ အခြေခံ လူ့အခွင့်အရေးပဲ။ လူတိုင်းမှာရှိတဲ့ လွတ်လပ်စွာ ကိုးကွယ်ဆုတောင်းပိုင်ခွင့် ဆိုတဲ့ အခွင့်အရေးလေးတောင် မရဘူးဖြစ်နေတယ်။"

ရှေ့နေ ဦးညီညီလှိုင်၊ ဗွီအိုအေအသံလွှင့်ဌာန၏ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင် လေ့လာ သတင်း သြဂုတ် ၅၊ ၂၀၀၈


"ကျနော်တို့က ဂမ်ဘာရီ အလုပ်မဖြစ်ဘူး၊ ကုလသမဂ္ဂ အလုပ်မဖြစ်ဘူးလို့ ကဲ့ရဲ့နေရင် နအဖ ပိုကြိုက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက နားမထောင်ချင်တဲ့လူကို ကျနော်တို့က ရှုတ်ချတယ်ဆိုရင် သူ့အတွက် အကျိုးဖြစ်တယ်။ တကယ်ကတော့ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် ကျနော်တို့က အပြည့်အ၀ အားပေးသင့်တယ်လို့ မြင်ပါတယ်။"
"လိုချင်တဲ့အတိုင်းတော့ မဖြစ်ပါဘူး။ ဒါကတော့ သိတဲ့အတိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီး အာဏာအပြည့်အ၀ မပေးထားဘူး၊ ဂမ်ဘာရီသွားလို့ လူတိုင်းကရှုတ်ချနေတယ်၊ သူသွားတဲ့ဟာ ဘာမှမအောင်မြင်ဘူးပြောရင် ကျနော်က ဘာမြင်လဲဆိုတော့ ဘန်ကီမွန်းကိုယ်တိုင် သွားမယ်ဆိုတဲ့နေရာမှာ တကယ်ရော သွားမှာလား၊သူက စိတ်ပြောင်းသွားနိုင်ပါတယ်။"

ဦးဟန်ယောင်ဝေ၊ မြန်မာ့ရေးရာ ဥရောပရုံးတာဝန်ခံ၊ ဗွီအိုအေ အသံလွှင့်ဌာန၏ မစ္စတာ ဂမ်ဘာရီ ကို အပြစ်တင်သင့်သလား? သတင်း သြဂုတ် ၂၇၊ ၂၀၀၈

ဦးဟန်ယောင်ဝေ

“ယနေ့မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပြစ်မှုကို ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝ(လုံးဝ) မရှိဘူးဆိုတာ ရဲရဲကြီး ပြောနိုင်ပါတယ်။”

၂၄-၇-၂၀၀၈ ကြေးမုံသတင်းစာ၊ စာမျက်နှာ ၈တွင် ဖော်ပြခဲ့သော ဆောင်းပါး

“ကဗျာဆရာ ကဗျာရေးတာ အလုပ်လုပ်တာပေါ့ ဗျ။ ကျွန်တော့်အလုပ်အကိုင်က ဘာလဲလို့ တရားဝင် မေးလာရင် ကဗျာဆရာလို့ ဟောဒီရင်ဘတ်ကြီးကို ကော့ပြီး လိပ်ပြာသန့်သန့်နဲ့ ဖြေလိုက်မယ်။ ကျုပ်တို့ အခုရေးနေတဲ့ ကဗျာတွေကို ခင်ဗျားမြေးတွေ တက္ကသိုလ်ရောက်ရင် သင်ကြရလိမ့်မယ်၊ မှတ်ထား။”

မောင်ချောနွယ်မင်းသစ်ရေးသားသည့် လွမ်းရတဲ့သူတွေ (၅)” ဆောင်းပါး၊ မဟေသီမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈

“ကွာလာလမ်ပူမြို့သည် မြက်ခင်း၊ သစ်ပင် နှင့် မိုးမျှော်တိုက်ကြီးများကို အချိုးမျှတ၊ လှပစွာ ပေါင်းစပ်ထားသော မြို့ကြီးတစ်မြို့ဖြစ်ကြောင်း သတိထားမိလိုက်သည်။”

ကံချွန်၏ မလေးရှားသွားတောလား (၃) ဆောင်းပါး၊ ကလျာမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈

“အရင်က အလှူဆိုတာ ရှင်ပြု၊ နားသ လောက်သာ ကွက်တိကွက်ကြား ရှိခဲ့တာမဟုတ်လား။ ခုတော့ ဒုက္ခရောက်တဲ့ လူ သန်းနဲ့ချီပြီး ရှိနေတော့ သန်းပေါင်းများစွာသော အလှူရှင်တွေ ပေါ်လာတော့တာပေါ့။ သိန်း ရာနဲ့ချီပြီး လှူတဲ့ အလှူရှင်တွေကနေ လက်ပတ်နာရီလေးချွတ်ပြီး လှူတဲ့ အလှူရှင်အထိ ရှိပါတယ် သမီး။ (သမီးဘိုးဘိုးရဲ့ နာမည်ကို သုံးကြိမ် တလိုက်ပါတော့)။”

သုမောင်၏ “ချစ်သမီးသို့” ဆောင်းပါး၊ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈

“မွေးနေ့မှာ စာနာမှုများစွာနဲ့ လှူတဲ့ ထက်ထက်မိုးဦးက သူ့ရဲ့အသက်ကို ပြောမပြခဲ့။”

လင်းနိုင်ဦးရွှေမင်းသမီးရဲ့ စာနာမှုနဲ့လှူတဲ့ မွေးနေ့အလှူ ဆောင်းပါး၊ ရွှေအမြုတေမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈


ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ အမျိုးသမီးအတတ်သင်ကျောင်း၊ ကျောင်းအုပ် ဒေါ်မာမာမြင့် နှင့် ထက်ထက်မိုးဦး (၁၇-၆-၂၀၀၈)

Burmese Artists to host perfromace show in Rangoon

ရန်ကုန်က သရုပ်ဖော်အနုပညာ (ပါဖောမင့်ပွဲ) “အဖွင့်နဲ့ အပိတ်” ကျင်းပမည်

မိုးမခ အထောက်တော် (ရန်ကုန်)

သြဂုတ် ၂၉၊ ၂၀၀၈

မြန်မာ အနုပညာရှင် ၆ ဦးက ၃၀ သြဂုတ်၊ ရန်ကုန် အိုလံပစ်တာဝါ၊ ဘိတ် အရောင်းခန်းမတွင် “အဖွင့်၊ အပိတ်” အမည်ရ သရုပ်ဖော်အနုပညာ ပြသမည်ဟု ဆိုသည်။ အဖွင့်နဲ့ အပိတ်အကြား တဒင်္ဂမှာ တစုံတရာဟာ ဘာဖြစ်သလဲ၊ ဘာခံစားရသလဲ ဟူသော ခေါင်းစဉ်နှင့် ဖိတ်စာကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နာမည်ရ အနုပညာရှင်များဖြစ်သော ဖြူမွန်၊ သန်းဌေးမောင်၊ စန်းဦးတို့နှင့်အတူ လူငယ်အနုပညာရှင်များ ဖြစ်သည့် အောင်ပြည့်စုံ၊ မြတ်လင်းထွန်းနဲ့ မိုးစက်တို့ပါဝင်သည့် ပါဖောမင့်ပွဲဖြစ်သည်ကို တွေ့ရသည်။ သူတို့ထုတ်ပြန်သည့် လက်ကမ်းစာရွက်ကို ပူးတွဲ တင်ဆက်လိုက်ပါသည်။



Kay - Democrat Party Conference & Me

အမေရိကန်က ဒီမိုကရက် ပါတီညီလာခံ စတိတ်ရှိုးနဲႛ ကျမ ...

ကေ

သြဂုတ် ၂၉၊ ၂၀၀၈

ခုရက်ထဲ ဒေါ်စုသတင်းကို စိတ်ပူပင်နေရတဲ့ ကြားထဲကပဲ.. ဒန်ဗာမှာ လုပ်တဲ့ ဒီမိုကရက် ညီလာခံကြီးကို ၄ ရက် ဆက် ပြီး “live” ထိုင်ကြည့် ဖြစ်နေတယ်။

ပါတီညီလာခံကြီး ဆိုတာထက် ကြည့်ရတာ တေးဂီတဖြေဖျော်ပွဲ တခုလိုလို၊ ပျော်ပွဲရွှင်ပွဲ တခုလိုလိုနဲ့ တူနေတာမို့ “နိုင်ငံရေး စတိတ်ရှိုး - စင်မြင့်ဖျော်ဖြေပွဲ” တခုလို့ပဲ ခေါင်းစဉ်တပ်လိုက်မိတော့တယ်။ မိန့်ခွန်းတွေကြားထဲမှာ မြူးကြွတဲ့သီချင်းတွေ၊ တီးလုံးတွေဖွင့်တော့.. ပရိသတ်ကလည်း ကတဲ့လူက က၊ ခုန်တဲ့လူက ခုန်နဲ့ ပျော်စရာတော့ တော်တော်ကောင်းမည့်ပုံ။

ဒီနေ့တော့ ပွဲသိမ်းမင်းသား အိုဘာမား ထွက်တဲ့နေ့မို့ ညီလာခံကွင်းကြီးထဲမှာကို ပရိသတ်က ၈ သောင်းကျော် … တဲ့။ ပျားအုံပေါက်မှာ ပြူတစ်နေတဲ့ မဲမဲလုံးလုံး ပျားခေါင်းလေးတွေလိုပဲ၊ ပတ်ပတ်လည် ပွဲကြည့်စင်တွေပေါ်က ပြွတ်ထိုးနေတဲ့ ခေါင်းပေါင်း ၈ သောင်းကျော်ကို ကြည့်ရင်း ၈၈ ကာလက ရွှေတိဂုံဘုရား တောင်ဖက်မုဒ်က ဒေါ်အောင်ဆန်းစု ကြည်ရဲ့ လူ သိန်းကျော် တက်ရောက် နားထောင်တဲ့ လူထုမိန့်ခွန်းကို မြင်ယောင်မိနေတယ်။

အဲဒီတုန်းကလည်း ဒေါ်စုက အခု အိုဘာမား လို ၄၄ နှစ်အရွယ် ပါပဲလား။

လွမ်းလိုက်တာ။

စီအန်အန် သတင်းသုံးသပ်သူတွေကတော့ ဒီလောက် သောင်းသောင်းဖြဖြ ဖြစ်တာ မမြင်ခဲ့ဘူး … ပါတဲ့။ တဖက်မှာတော့ မက်ကိန်းတို့ ရီပက်ဘလစ်ကန်အဖွဲ့က ဒီနေ့ ဒုသမ္မတလောင်းကို မကြေညာဖြစ်ဘူး လို့၊ နောက်ခြေ တလှမ်းဆုတ် ရင်း သူတို့လည်းညီလာခံကျင်းပဖို့ နေရာ ရှာဖွေနေဆဲလို့ ဆိုတယ်။

အစောပိုင်းရက်တွေက အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ ဟီလာရီတို့မောင်နှံလည်း တတိယရက် မှာတော့ အပြုံးပန်းတွေဝေစွာနဲ့ မိန့်ခွန်းချွေခဲ့ကြတယ်။ အိုဘားမားကို ထောက်ခံကြပါလို့ ဘယ်လောက်ပဲ အပြုံးတွေနဲ့ ပြောနေပါစေ၊ သူမရင်ထဲမှာ ဘယ်လို ခံစားနေရမလဲ ဆိုတာ တွေးကြည့်လို့ ရနေတာပဲလေ။

သူမကို မဲပေးဖို့ စောင့်နေတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒရှင်တွေလည်း ဘယ်လောက်တောင် ဖီလင်အောက်နေကြမလဲ။ ဒါပေမဲ့လည်း ပါတီညီညွှတ်ရေးအတွက် ရှေ့ရှူပြီး အားလုံး ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ရတာပဲကိုး။ လူဆိုတာ တခါတရံ ဟန်ဆောင်ရတတ်တယ်၊ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ လိုအပ်တယ် ဆိုတာကို ပျက်ပျက်ထင်ထင်ကို သတိချပ်နေမိတော့တယ်။

ဒီလို နိုင်ငံရေးစင်မြင့်တွေမှာဆို အဲဒီလို သဘောထားကြီးပြရတာကိုက ဂုဏ်ပုဒ်တခု ထင်ပါရဲ့။ ခုတောင် မစ်ချယ် အိုဘာမားက ဟီလာရီကို ချီးမွမ်းလိုက်၊ ဟီလာရီက အိုဘားမားမိသားစုကို ပြန်ညွှန်းလိုက်နဲ့ အလုအယက်ကို သဘောထားကြီးပြနေကြရတော့တာ။

အရင်တုန်းက ပြောတာတွေ မေ့လိုက်တော့။ သင်ပုန်းချေလိုက်တော့ပေါ့လေ။

ညီလာခံ ပထမနေ့က အိုဘားမားရဲ့ အဖေကွဲ ညီမ အင်ဒိုနီးရှား၊ တရုတ်သွေးစပ် “မာယာ” စကားပြောတော့တောင် ကြည့်ရင်း အတွေးတွေ ဝေနေမိတယ်။

“အင်း … ကမ္ဘာကြီးမယ် တဖက်က နိုင်ငံတကာ နယ်နမိတ်တွေ တည်ဆောက်နေသလို၊ တဖက်မှာလည်း လူမျိုးရေးနယ်နမိတ်တွေ တဖြည်းဖြည်း ကျိုးပျက်လာလိုက်တာ။ လူမျိုးအသစ်တွေ ပေါ်လာနေတာလေ …။ တကယ်တော့လည်း အခု တိတိကျကျ ကွဲကွဲပြားပြား သတ်မှတ်ထားတဲ့ လူမျိုးတွေဆိုတာလည်း လူ့သမိုင်းကြီးနဲ့အတူ သွေးနှောဖြစ်ပေါ်လာခဲ့ကြတာတွေပဲ နေမှာပါလေ။ ဘုရားသခင်ကတော့ ကုလားရယ်၊ တရုတ်ရယ်၊ အင်္ဂလိပ်ရယ်၊ ဗမာရယ် လို့တော့ တခါတည်း ဖန်ဆင်းပြီး၊ တနေရာဆီမှာ ပို့စတင်းချပေးလိုက်တာ မဟုတ်လောက်ပါဘူး။

အဲဒီလို ထူးထူးခြားခြား သွေးနှောမှုကိုက အိုဘားမားကို လူတွေ ပို စိတ်ဝင်စားစေတာ ဖြစ်မယ်။ နောက်ပြီး ရှိပြီးသား ဒေသခံ အာဖရိကန်သွေးမဟုတ်၊ တပြည်သားနဲ့ သွေးနှောမှု။ မျိုးချစ်စိတ်တွေ၊ ဘာသာရေးတွေ၊ သစ္စာခံမှုတွေ ငြင်းချင်ရင် အများကြီးငြင်းစရာ ရှိသေးသည်။

ခုတောင် နောက်ဆုံးမိန့်ခွန်းပြီးသွားလို့ မိသားစုဝင်တွေအားလုံး စင်ပေါ်တက်လာတော့၊ တရုတ်လူမျိုးတယောက် တွေ့လိုက်ရတယ်။ “မာယာ” ရဲ့ ခင်ပွန်း ကနေဒီနိုင်ငံသား တရုတ် ပါမောက္ခ … တဲ့။

ဟိုတလော … ကီဗင်ရုဒ် သြစတြေးလျ ၀န်ကြီးချုပ်အဖြစ် စင်ပေါ် မိသားစုတွေ တက်လာတော့လည်း တရုတ်လူမျိုး သားမက်တယောက် တွေ့လိုက် သေး တယ်။ ကမ္ဘာကြီး ပိုကျဉ်း ကြပ် ပိုပါးလျား လာနေတာရယ်။ အရှေ့တိုင်းသားတွေ ပိုမို ပြန့်နှံ့လာတာတွေရဲ့ သင်္ကေတတွေပဲ လို့တောင် တွေးနေမိတယ်။

ထားလိုက်ပါလေ။ ဒါတွေက သိပ်ကျယ်ပြန့်တဲ့ ခေါင်းစဉ်တွေ အောက်မှာ။

ဒါပေမဲ့လည်း အဲလို ထူးခြားတဲ့ဆက်စပ်မူတွေ သိသာတဲ့ ကမ္ဘာ့ အကွေ့အစောင်းလေးတွေအောက်မှာပဲ ဘယ်လိုပဲ ပြောင်းပြောင်း အပြောင်းအလည်းကို လိုလားနေပါတယ် ဆိုတဲ့ မျိုးဆက်သစ်တွေကြားထဲမှာ အာရုံကျစရာ ကောင်းတဲ့ အိုဘားမား တယောက် ပေါ်ပြူလာ ဖြစ်လာနေတော့တာပဲ။

အလုပ်သမားလူတန်းစားအလွှာက ကြီးပြင်းလာတဲ့၊ အလုပ်သမားတယောက်ရဲ့ မြေး၊ အမေတခု သားတခု ဘ၀က လာသူ ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့်၊ ရီပါဘလစ်ကင်က အစွန်းရောက် ရှေးရိုးစွဲ သူဌေးသူကြွယ် ဘွတ်မိသားစုတို့၊ အာဖရိကန် အထက်တန်းစားအလွှာက ရိုက်စ်တို့နဲ့ ယှဉ်လိုက်ရင်၊ အများပြည်သူ အသည်းစွဲစရာအကြောင်းတွေက ဖန်နေတာပေါ့။

သူကတော့.. ပြိုင်ဖက် မက်ကိန်းကို ပြင်းပြင်းထန်ထန်ကို စကားလုံးတွေနဲ့ စီးချင်းထိုးလိုက် ရင်း ကတိက၀တ်အသစ်တွေ ထပ်ပေးလိုက်ပြန်တယ်။

သူ့လိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သမ္မတဖြစ်လာပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ သမ္မတ ကနေဒီ ရဲ့သမီးဖြစ်သူ စင်ပေါ်တက်လာပြီး စကားပြောတော့၊ စိတ်ထဲမယ် တမျိုးကြီးတောင် ဖြစ်မိတယ်။ လူသတ်ဝါဒ ကျဆုံးနေပါပြီလေ လို့ပဲ စိတ်ကိုလျော့လိုက်မိတယ်။

အင်း … ဘာပဲပြောပြော ကြည့်ရတာ အိုဘားမားပဲ နိုင်မယ် ထင်ပါရဲ့။ ကိုယ်နေတဲ့ တိုင်းပြည်လည်း မဟုတ်တော့ သိပ်တော့ မမှန်းတတ်။ တကမ္ဘာလုံးက အမေရိကန်မျက်နှာ ကြည့်နေရတာ ဆိုတော့ ကိုယ်လည်း ကြည့်မိတာပါ။

ဒီမိုကရေစီစည်းမျဉ်းတွေ သံမဏိလိုခိုင်မာနေတဲ့ စံပြနိုင်ငံကြီးတခုက ပါတီညီလာခံကြီးကို ကြည့်ရင်း အားတွေပဲ ကျပြီးရင်း ကျနေရတော့တယ်။ စုစည်းမှု အားတက်မှုတွေနဲ့ မျက်ရည်လည်ရွှဲ ဖြစ်နေကြတဲ့ ဒီမိုကရက်ပရိသတ်ကို မြင်တော့လည်း ၁၉၉၀ တုန်းက ဂန္ဓီညီလာခံကြီးရဲ့ ပတ်ပတ်လည် မှာ မျှော်လင့်ချက်တွေအပြည့်နဲ့ စောင့်ဆိုင်းနေခဲ့ကြတဲ့ မိုးရေတွေထဲက မျက်ရည်တွေကိုပဲ လွမ်းမိတော့တယ်။

ဒီတခါ တော့.. အောင်ဆန်းကွင်းကြီးကို ဖွင့်ချပြီးတော့သာ ဒီမိုကရေစီညီလာခံကြီး ခေါ်လိုက်ကြပါတော့ ...

student activists

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄)

အရေးတော်ပုံ ကျောင်းသားများ

ထိန်လင်း

သြဂုတ် ၂၉၊ ၂၀၀၈

 

၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ ကျောင်းသားတွေရဲ့ နိုင်ငံရေးနိုးကြားမှုပေါ်မှာ အခြေခံပြီး တခြား လတ်တလောအကြောင်းများနဲ့ တိုက်ဆိုင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အရေးတော်ပုံကြီးကို အဓိက ဦးဆောင်ကြတာဟာ လူငယ်ကျောင်းသားတွေ ဖြစ်ပြီး သူတို့ကို စတင်ပူပေါင်း အင်အားဖြည့်ကြတာလည်း လူငယ်တွေပဲ ဖြစ်ပါတယ်။

မဆလ ခေတ်အတွင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေ အကြိမ်ကြိမ် ပေါ်ခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုကြောင့် နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ကြီးမားတဲ့အုံကြွမှုတွေ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်ပဲ မဆလ အာဏာပိုင်တွေက တိုင်းပြည်အာဏာကို ၂၆ နှစ်ကြာအောင် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့်လည်း ငြိမ်သက်နေတဲ့အနေအထားရဲ့ နောက်ကွယ်မှာ နိုးကြားတဲ့နိုင်ငံရေးစိတ်ဓာတ်တွေက ရှိနေပါတယ်။ အဲဒီလို နိုင်ငံရေးအသိအမြင်တွေ ပေါ်ပေါက်ဖို့၊ တော်လှန်ချင်တဲ့စိတ်ဓာတ်တွေ ကိန်းအောင်းဖို့ ဘယ်အရာတွေက တွန်းအားပေးခဲ့ပါသလဲ။

လတ်တလောဖြစ်ရပ်တွေကြောင့် မခံမရပ်နိုင် ဖြစ်ကြရပေမယ့် မခံချင်စိတ်တစ်ခုတည်းနဲ့ အရေးတော်ပုံ မဖြစ်နိုင်ပါဘူး။ ဒီအခြေအနေတွေကနေ တော်လှန်ရေးတစ်ရပ်ဆီကို ကူးပြောင်းဖို့ အင်အားတွေ လိုအပ်တာတော့ အမှန်ပါပဲ။ အထူးသဖြင့် တရားမှု မတရားမှုတွေအပေါ် ဆင်ခြင်သုံးသပ်နိုင်မှုတွေနဲ့ အာဏာရှင်စနစ်အောက်က တော်လှန်ဖို့ အတွေးအခေါ်တွေ လိုအပ်တာတော့ အသေအချာပါပဲ။ ဒီလို အတွေးအခေါ်တွေ အသိဉာဏ်တွေက ချက်ချင်းထွက်တတ်တတ်တဲ့အရာတွေ မဟုတ်ဘဲ အချိန်ကာလ အတိုင်းအတာတစ်ခုကို ဖြတ်သန်းပြီးမှ ရရှိနိုင်တဲ့အရာတွေဖြစ်ပါတယ်။ မဆလ ခေတ်ဟာ ဒီကနေ့ခေတ်လောက် ဖိနှိပ်မှုမရှိပေမယ့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အရာတွေကိုတော့ ပိတ်ပင်တားမြစ်မှုတွေကတော့ ရှိခဲ့တာပါပဲ။ ဒါကြောင့် လွတ်လပ်ပွင့်လင်းတဲ့ စာနယ်ဇင်း အရေးအသားတွေကနေ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ၊ အသိအမြင်တွေ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အတွေ့အကြုံရှိသူတွေဆီက ရတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကိုတော့ လေ့လာခွင့် ရရှိခဲ့ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးလှုပ်ရှားမှုကာလအတွင်း ဖြတ်သန်းလာခဲ့ရသူတွေ ရေးသားကြတဲ့ မှတ်တမ်းမှတ်ရာတွေ၊ အဖြစ်အပျက်အတွေ့အကြုံတွေကို ဖတ်ရမှတ်ရပြီး နိုးကြားတဲ့အသိအမြင်တွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

မဆလခေတ်အတွင်းမှာ ဆဲဗင်းဇူလိုင် အရေးအခင်း၊ ဦးသန့်ဈာပနအရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း၊ အလုပ်သမားအရေးအခင်း စတဲ့ အရေးအခင်းတွေအကြောင်း ရေးသားခွင့်မရှိပေမယ့် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ကနေ မဆလ ခေတ်ဦးလောက်အထိ အဖြစ်အပျက်တွေကိုတော့ ရေးသားထုတ်ဝေခွင့်ရခဲ့ပါတယ်။ ဥပမာအားဖြင့် သိန်းဖေမြင့်ရဲ့ သပိတ်မှောက်ကျောင်းသား၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ မင်းကျော်ရဲ့ ငါတို့ခေတ်နဲ့အပြိုင်၊ ကျော်အောင်ရဲ့ သမဂ္ဂအလံတော်အောက်ဝယ်၊ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ၊ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊ အောင်ပြည့်ရဲ့ ပြိုမှာလေလားမိုးရဲ့ စတဲ့ စာအုပ်တွေဟာ နိုင်ငံရေးအသိအမြင်နိုးကြားတဲ့ လူငယ်တွေကို မွေးထုတ်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ စိတ်ထဲမှာ အဲဒီလို စာပေတွေရဲ့သြဇာ သက်ဝင်နေခဲ့တဲ့အကြောင်း ၈ လေးလုံး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်ထွန်းက အခုလို ပြောပြဖူးပါတယ်။

“ကျနော်တို့ အမျိုးသားတော်လှန်ရေးသမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ ဖြစ်လာခဲ့တဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ၊ ဒီဖြစ်တည်မှု သမဂ္ဂရဲ့လှုပ်ရှားမှုတွေ ပေါ်ပေါက်လာမှုတွေ အဲဒါတွေက ကျနော်တို့တောက်လျှောက် ဖတ်ခဲ့မှတ်ခဲ့ လေ့လာခဲ့ ကျနော်တို့ရင်ထဲ စွဲနေခဲ့တာတွေလေဗျာ။ အဲဒီတော့ ကျနော်တို့ကိုယ်တိုင် တက္ကသိုလ်နယ်မြေ ရောက်တဲ့အချိန်မှာ ကျနော်တို့ကိုယ်တိုင် မတရား ဖိနှိပ်မှုကို ခံစားနေရတယ်လို့ သိလာတဲ့အချိန်မှာ၊ နိုင်ငံတကာနဲ့ယှဉ်ပြီး ကျနော်တို့တိုင်းပြည် ဆုတ်ယုတ်နိမ့်ပါးနေတယ်၊ ပြည်သူလူထုရဲ့ဘဝတွေ ဆုတ်ယုတ်ဆိုးဝါးနေတယ်။ ဒါတွေကို သိလာတဲ့အချိန်မှာ ကျနော်တို့ ရင်ထဲမှာစွဲနေတဲ့ ကျနော်တို့ဂုဏ်ယူခဲ့တဲ့၊ ကျနော်တို့ အားကျခဲ့တဲ့ နိုင်ငံရေးအရ ရှေ့က အမျိုးသားရေးအရ လှုပ်ရှားခဲ့တဲ့ ဖြစ်ခဲ့တဲ့ဟာတွေဟာ ကျနော်တို့ ပုံဖော်အောင်ကြိုးစားတာပဲလေ။ အဲဒါ ကျနော်တို့ အိပ်မက်တွေ”

တကယ်တော့ မဆလ ခေတ်အတွင်းမှာ ဒီလိုစာပေမျိုးတွေက အများစုမဟုတ်ပါဘူး။ မဆလ အစိုးရအလိုကျ ရေးသားခဲ့ကြတဲ့ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ၊ ဇင်ချစ် နောက်ဆုံးနေ့ စတဲ့ စာအုပ်မျိုးတွေနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထုတ်ဝေပြီး ဈေးပေါပေါနဲ့ ဖြန့်ဝေတဲ့ စာအုပ်စာတမ်းတွေက နေရာတိုင်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီစာအုပ်စာတမ်းတွေက အထက်မှာ ဖော်ပြခဲ့တဲ့ စာအုပ်တွေရဲ့ အရှိန်အဝါကို မကျော်နိုင်ခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ ၁၉၈၇ ခုနှစ်လောက်က ရန်ကုန်တက္ကသိုလ်(ပင်မ) ရာမညဆောင်မှာရှိတဲ့ လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီ ရုံးခန်းထဲမှာ ထိုင်ရင်း ကျနော်တို့သူငယ်ချင်းတစု ‘သခင်ရှုမောင်၏ နောက်ဆုံးနေ့များ’ဆိုတဲ့ စာအုပ် ရေးကြမယ်ဆိုပြီး အပြောင်အပြက် ပြောခဲ့ကြတာကို သွားပြီးသတိရမိပါတယ်။ သခင်ရှုမောင်ဆိုတဲ့ ဦးနေဝင်း ကို ထိပါးပြောဆိုခဲ့တဲ့ပြစ်မှုက အခုကာလ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ရုံးခန်းထဲမှာထိုင်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နောက်ဆုံးနေ့များ ဆိုတဲ့ စာအုပ်ရေးကြမယ်လို့ ပြောဆိုတဲ့ပြစ်မှုနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် မဆလခေတ်အတွင်း ထွက်ရှိခဲ့တဲ့ နိုင်ငံရေးဆိုင်ရာစာအုပ်တွေဟာ ၈ လေးလုံး အရေးတော်ပုံ ကျောင်းသားလူငယ်များကိုသာမက ကနေ့ခေတ် လူငယ်များအထိ သြဇာသက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့်ပဲ အရင်ထုတ်ဝေခဲ့တဲ့ တချို့စာအုပ်တွေကို ပြန်လည်ထုတ်ဝေခွင့် မပေးတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရေးတော်ပုံ ကျောင်းသားတွေကတော့ အမြဲတမ်းထွက်ပေါ်နေမှာဖြစ်ပါတယ်။   

 

ထိန်လင်း (၂၅၊ ၈၊ ၂ဝဝ၈)

 

၂ဝဝ၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။