Thursday, July 31, 2008

Shwe Phone Lu - When the school were open

ကျောင်းဖွင့်ချိန်

ရွှေဘုန်းလူ (တာရာမင်းဝေ)

(ကွယ်လွန်သူ ကဗျာဆရာရဲ့ ကဗျာကို ပြန်လည်ဖော်ပြပါတယ်)

ဇူလိုင် ၃၁၊ ၂၀၀၈

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

http://nnai.blogspot.com မှ ကူးယူဖော်ပြပါသည်။

Wednesday, July 30, 2008

refugees Thailand for third countries

မြန်မာဒုက္ခသည်များ မွေးရပ်မြေနှင့် ပို၍ဝေးရာသို့ ပြောင်းရွှေ့အခြေချနေရ
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၈

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများအနက် အကြီးဆုံးဖြစ်သော မယ့်လာ (Mae La) စခန်း။ စခန်းတွင် လူဦးရေ ငါးသောင်းခန့်ရှိသည်။ အများစုမှာ ကရင်တိုင်းရင်းသားများဖြစ်သည်။ မြန်မာနယ်စပ်နှင့် ၄ ကီလိုမီတာအကွာတွင် ရှိသည်။ လွန်ခဲ့သည့် ၂၄ နှစ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ထိုးစစ်များကြောင့် ထွက်ပြေးခဲ့ရသူဒုက္ခသည်များကြောင့် ဤစခန်း ပေါ်ပေါက်လာရခြင်းဖြစ်သည်။ (photos: Reuters)

ကျန်းမာရေးစစ်ဆေးခံယူရန် ဆေးရုံသို့သွားရောက်မည့် မယ့်လာဒုက္ခသည်စခန်းမှ ဒေသခံအချို့။ ၂၀၀၅ ဇန်န၀ါရီမှစတင်ပြီး ယနေ့တိုင် ကုလသမဂ္ဂအဖွဲ့ကြီးက ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်များကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတေးလျ နှင့် ဥရောပတိုက်နိုင်ငံများသို့ အခြေချနေထိုင်ရန် စီစဉ်လျက်ရှိသည်။ လစဉ် ဒုက္ခသည် ၁၃၀၀ ခန့် အဆိုပါနိုင်ငံများသို့ ထွက်ခွာနေသည်။
သုံးနှစ်အတွင်း ဒုက္ခသည်ပေါင်း သုံးသောင်းခန့် ပို့ဆောင်ပြီးဖြစ်သည်။

Writer, Taryar Min Wai one year of his passing


စာရေးဆရာ တာရာမင်းဝေ (ရွှေဘုန်းလူ) ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဖိတ်

မိုးမခ

ဇူလိုင် ၃၀၊ ၂၀၀၈

ယခင်နှစ် သူ ကွယ်လွန်ချိန်က သူ၏ မိတ်ဆွေများဖြစ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ကိုဇာဂနာတို့က သူ့၏ အသုဘကို ၀ိုင်းဝန်းပို့ဆောင်ပေးနိုင်ခဲ့ကြသော်လည်း ထို ၂၀၀၇ သြဂုတ်နောက်ပိုင်းမှာပင် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ စစ်အစိုးရ၏ လိုက်လံဖမ်းဆီး နှိမ်နှင်းမှုခြင်းကို ခံခဲ့ရပြီး ဖြစ်ရာ ယခု ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဆွမ်းကျွေးဖိတ်ကြားချက်တွင် ယခင်ကလို လူစုံတော့မည်မဟုတ်ဘဲ စာပေလောကသားများနှင့် မိသားစုများ၊ မိတ်ဆွေများသာ တက်ရောက်ကြလိမ့်မည်ဟု ထင်မြင်မိပါသည်။

Thai court takes new case against Thaksin over Burma loan

မြန်မာစစ်အစိုးရအားငွေချေးမှု ထိုင်း တရားရုံးချုပ် ကြားနာမည်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၈

ထိုင်းနိုင်ငံ တရားရုံးချုပ်၏ ယမန်နေ့က မြင်ကွင်း။ တရားရုံးချုပ်က ၀န်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်အသစ် တင်ထားခြင်းကို ကြားနာမည်ဖြစ်သည်။ သက်ဆင်အာဏာရှိစဉ်က သူ၏ မိသားစုအကျိုးအတွက် မြန်မာစစ်အစိုးရကို ငွေချေးခဲ့ကြောင်း စွပ်စွဲခံနေရသည်။ (photo: Reuters)

Burmese immigrants reportedly died in Turkey

တူရကီကုန်တင်ကားအတွင်းသေဆုံးသူများထဲတွင် မြန်မာပြည်သားများပါဝင်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၈

တူရကီနိုင်ငံ မှုခင်းအရာရှိများ ယနေ့ အလုပ်များသွားသည်။ နိုင်ငံတွင်း ခိုးဝင်လာပြီး သေဆုံးသွားသူများကို တွေ့ရှိရသည့်နေရာတွင် စစ်ဆေးနေကြခြင်းဖြစ်သည်။ ရုပ်အလောင်းများကို အစ်စတန်ဘူ (Istanbul)မြို့တော် ဆင်ခြေဖုံးတွင် တွေ့ခဲ့ရကြောင်း၊ ကုန်တင်ကားအတွင်း အသက်ရှူကြပ်ပြီး သေဆုံးကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ကုန်တင်ကားပေါ်တွင် ၁၃၈ ဦးတင်ဆောင်ခဲ့သည်၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံမှ လူပေါင်း ၈၀ ခန့် ပါဝင်သည်ဟု ဆိုသည်။ (photo: AFP)

Moe Cho Thin - Used to be on the other side of the world ...


တလွဲတွေနဲ့ နေသားကျ
မိုးချိုသင်း

ဇူလိုင် ၃၀၊ ၂၀၀၈

ဒီနေ့ ကျမတို့နေတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ငလျင်လှုပ်ပါတယ်။

တကယ်တော့ ငလျင်ကြောပေါ်မှာ မြို့ကရှိတာမို့ အမြဲတမ်းလိုလို ငလျင်အသေးလေးတွေကတော့ ရှိနေတာပါပဲ။ ကိုယ်ကသာ မသိလိုက်တာလေ။ ဒါပေမဲ့ အခုတခါကတော့ ငလျင်ဗဟိုပြုလှုပ်တဲ့နေရာနဲ့က သိပ်အဝေးကြီးမဟုတ်တော့ သိသိသာသာ ခံစားလိုက်ရတယ်။ 5.4 magnitude ရှိတယ်လို့ သတင်းတွေက ဆိုကြတယ်။

ငလျင်လှုပ်စဉ်က ရုံးမှာ အလုပ်လုပ်နေတုန်းမို့ ပထမအကြိမ် ခပ်ဖြေးဖြေးလှုပ်တုန်းက ရယ်တောင်ရယ်မိသေးတယ်။ “ငလျင်လှုပ်တယ်ဟ" ပေါ့လေ။ သိပ်မကြာဘူး။ ခပ်ကြမ်းကြမ်းလဲ လှုပ်ရော တရုံးလုံး အပြင်ကို ပြေးထွက်ကြပါလေရော။ ရုံးအတွင်းပိုင်းမှာ ရှိနေတဲ့သူတွေကျတော့လဲ စားပွဲအောက်ထဲ ပြေးဝင်ကြတယ်။ ကိုယ်သာ ဘာလုပ်ရမှန်းမသိဘဲ၊ အခန်းထဲက မထွက် ကုလားထိုင်မှာ ထိုင်ရက် ခေါင်းကိုသာ လက်နှစ်ဖက်နဲ့ အုပ်ထားမိတယ်။ ရုတ်တရက်ဆိုတော့ လုပ်မိလုပ်ရာပေါ့လေ။ အပေါ်က မျက်နှာကြက်တွေ ပြိုကျမှာ ကြောက်တာကိုး။

လှုပ်ပြီးသွားတော့ လမ်းပေါ်မှာ လူတွေမှ တပုံကြီး။ ရုံးတိုင်း ရုံးတိုင်းက ထွက်လာလိုက်ကြတဲ့လူတွေ၊ တော်တော်နဲ့ အထဲပြန်မ၀င်ကြဘူး။ တယောက်နဲ့တယောက် လက်ညှိုးထိုးပြီး ပြောပြောပြီး ရယ်ကြတာ။ သူက အရင်ဆုံးထွက်ပြေးတယ်တို့၊ ခုံအောက်ကို ပြေးဝင်တာ ဘယ်လိုကြီးတို့ ဟားနေကြတာလေ။ ဘာမှ အထိအခိုက်မရှိတော့လဲ ပျော်စရာကြီးကို ဖြစ်လို့။

အဲဒီမှာ သွားတွေးမိတာက သူတို့နဲ့ ကိုယ်နဲ့မတူ လွဲလွဲနေတာလေးတွေကိုပါ။ တကယ်ဆို ကိုယ်ကမှ ဘူမိဗေဒဘာသာရပ်ကို ယူပြီး ငလျင်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်တယ်၊ ဘယ်လိုကြောင့် ပေါ်ပေါက်လာတယ်ဆိုတာမျိုး သင်လာခဲ့ရသေးတာ။ တကယ့်အရေးကြုံတော့ နေရာကတောင် မထ မိဘူး။

သူတို့ကတော့ သဘာဝဘေးအန္တရာယ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ လက်တွေ့ကျကျ သင်ခဲ့ကြတော့ အရေးကြုံရင် ကိုယ့်အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ နားလည်နေတာပေါ့။

ဒီရောက်တော့မှ ကိုယ့်ပြည်နဲ့မတူတဲ့ အံ့သြစရာတွေ တပုံကြီး ဖြစ်နေတော့တာ။

တခြားဝေးဝေးမပြောနဲ့၊ ငလျင်လှုပ်ပြီး ၂မိနစ်လောက်နေတော့ ရုံးက ဖုန်းတွေမြည်လာလို့ ကိုင်လိုက်တော့ ငလျင်လှုပ်ရင် ဘယ်လိုကိုယ့်ကိုယ်ကို ကာကွယ်သင့်တယ်ဆိုတာ စက်ကပြောနေတဲ့ ပညာပေးဖုန်းတွေ လာနေတာပါ။ ထူပူပြီး မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင် နောက်တခါ မလှုပ်ခင်စပ်ကြားလေးတောင် ပညာက ပေးနေသေးတာပါ။

အဲဒီတော့လဲ အံ့သြမိတာပေါ့။

ကိုယ်က ဗမာကိုး …

ဗမာပြည်ကနေ ရောက်စကဆို ဒိထက်ပိုဆိုးသေး။ ကိုယ့်မှာ တချိန်လုံး အံ့သြစရာချည်း။

မီးကလဲ နေ့တိုင်းလာသေးတာ။ အင်ဗာတာတွေ၊ မီးစက်တွေနဲ့များ ခုတ်နေသလားလို့ လိုက်ကြည့်မိသေးတယ်။ လင်းလင်းချင်းချင်းကြီးကို ဖြစ်လို့။

တီဗီကြည့်ရတာတောင် စိတ်မဖြောင့်ဘူး။ တီဗီကြည့်တုန်း မီးပျက်တာ အကျင့်ပါနေလို့။

ကိုယ်က ဗမာကိုး …

နောက်ပြီး ဒီမှာ လူတွေ ဘာလို့ ရာသီဥတုကို စကားလုပ်ပြောနေကြသလဲဆိုတာလဲ အခုမှ နည်းနည်း နားလည်သလိုလိုရှိတယ်။ သူတို့က မနက်တိုင်း ရာသီဥတုအခြေအနေကို အင်တာနက်ထဲကဖြစ်ဖြစ်၊ သတင်းကဖြစ်ဖြစ် ကြည့်တာကိုး။

အစမှာတော့ ကိုယ်က မယုံရေးချ မယုံဘဲလေ။ အော် မိုးရွာမယ်လား၊ ယုံပါဘူးပေါ့။ ပြီးမှ တကယ်ရွာတော့ ကြွက်စုတ်ဖြစ်ရော။

ဒီနေ့တော့ အေးမယ်ဟေ့ ဆို လက်ပြတ်ကလေးဝတ်ပြီး အပြင်ထွက်တာ။ မိုးလေ၀သ သတင်းလောက်တော့ ရီတာပေါ့။ (ကိုယ်က ဗမာပြည်ကလေ) တကယ်လဲအေးရော ဘာဆွဲခြုံရမှန်းမသိဘူး။ ချမ်းလိုက်တာ တုန်တောင်တက်တယ်။

နောက်တော့ ကြောက်လန့်ပြီး အပြင်ထွက်လေရာ အနွေးထည်အထူကြီးဝတ်ပြီးထွက်ရော။ ဒီလောက်ခံရတာတောင် မိုးလေ၀သသတင်းကို ကြည့်ရကောင်းမှန်း မသိသေးဘူး။ အကျင့်မှ မပါသေးတာ။ ဒါပေမဲ့ အဲဒီလိုနေ့ကျမှ "ဆန်းနီး" တဲ့။ တိမ်တွေကလဲ တောက်လို့။ နေကလဲ ကြဲကြဲတောက်။ ချွေးတဒီးဒီးကျ လို့ ကိုယ့်အကျီ င်္ အထူကြီး ဆုတ်ဖဲ့ပစ်ချင်တာ။ ခံပေါ့။ သတင်းမှ မယုံဘဲလေ။

ကိုယ်က ဗမာကိုး …

အခု ဒီအိမ်မှာ သတင်းစာလဲ မမှာဘူး။ လာမပို့နဲ့ဘဲ။ ဘာတွေ လာပြောနေလ၊ဲ "ဒို့မယုံဘူး" ပဲ။

ရန်ကုန်မှာတုန်းကတည်း မယူတာ အနှစ် ၂၀တောင် ရှိပြီ၊ ဒီမှာ ဘာလုပ်ဖို့။ အဲဒီလို တလွဲလေးတွေကြောင့် ကိုယ်လဲ ကိုယ့်မြို့မှာ ဘာတွေဖြစ်နေလို့တောင် ဖြစ်မှန်းမသိ၊ သူများပြောမှ ပါးစပ်ဟ ပြီး နားထောင်ရတာ။

ကိုယ်က ဗမာကိုး …

အဲလို လွဲတာတွေမှ တပုံကြီး။ ဒါကြောင့် ထူးအိမ်သင်ဆိုတဲ့ လွဲလွဲလေးပဲ ကောင်းပါတယ်ဆိုတဲ့ သီချင်းကို ကြိုက်မိတာ နေမှာ။

ဒါပေမဲ့ တခါတလေတော့ တမျိုးပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ ကိုယ့်ဖာသာကိုယ် ခဏခဏမေးရင်း ၀မ်းနည်းမိတယ်။ ဘယ်လောက်ထိ လွဲနေရအုံးမှာလဲ လို့လဲ မျက်ရည်ဝဲရင်း တွေးမိပါတယ်။

(မိုးချိုသင်း ဘလောက်စပေါ့က ယူပါတယ်)

Tuesday, July 29, 2008

Interview with Ko Ko Gyi - 8888 - 20 Years

၈၈ အနှစ် ၂၀

(အခန်းဆက်များ)

ကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်

သူနှင့် အေအေပီပီ အင်တာဗျူး မှတ်တမ်း (ဒီဇင်ဘာ ၁၈၊ ၂၀၀၆)

(သူ့အကြောင်း မှတ်မိသမျှ - ကိုကိုကြီးက ဗကသ ဒုဥက္ကဌအဖြစ် သြဂုတ်လ ၂၈၊ ၁၉၈၈ မှာ စတင် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုကိုကြီးက ဗကသကို ဆက်လက်တာဝန်ယူပါတယ်။

၁၉၈၉ အတွင်းမှာ ခေတ္တ အထိမ်းသိမ်းခံရတဲ့အချိန်၊ ဗကသကို ညိုထွန်းက ဦးဆောင်မှုပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

နောက်ပိုင်းမှာ ကိုကိုကြီးက ဆက်လက်ပြီး ဗကသကို တာဝန်ယူခဲ့ရာမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစုပါတီများ (အထူးသဖြင့် အင်န်အယ်ဒီ ပါတီနဲ့ မဟာမိတ်များ)ကို ကျောင်းသား သမဂ္ဂနှင့် တပ်ဦးများက ၀ိုင်းယံပြီး ဖြတ်သန်းဖို့ တင်ပြ ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

ထိုအချိန်က ၉၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး သဘောထားများ ကျောင်းသား၊ လူငယ်များအကြား ဆွေးနွေးတိုင်ပင်နေကြချိန်မှာ ကိုကိုကြီးရဲ့ စာတမ်း - “ ၃ ချောင်း ထောက်” စာတမ်းက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အတိအကျကို ပြန်ရေးပါဦးမယ်။

စစ်အစိုးရရဲ့ ထောက်လှမ်းရေးများရဲ့ အနီးကပ်စောင့်ကြည့်မှုများကြောင့် လှုပ်ရှားမှု အကန့်အသတ်ဖြစ်နေတဲ့ ကိုကိုကြီးတို့ ဗကသ ကျောင်းသားအစုအဖွဲ့ကို ၁၉၉၁ ဒီဇင်ဘာ ဒေါ်စု နိုဘယ်ဆု ရတဲ့ အထိမ်းအမှတ် ကျောင်းသားဆန္ဒပြမှုမှာ စစ်အစိုးရက သိမ်းကျုံးဖမ်းဆီးပစ်ခဲ့ပါတယ်။ အဲဒီက ထောင် အနှစ် ၂၀ ကျခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟာ မတ် ၂၀၀၅ မှ ထောင်က ထွက်ရပါတယ်။

အခု ၂၀၀၇ သြဂုတ်လ လောင်စာဆီသပိတ်မှာ ဖမ်းဆီးခြင်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားများထဲက တဦး အပါအ၀င်ပါ။ ၂၀၀၆ တုန်းက သူ့အင်တာဗျုးကို အေအေပီပီက လုပ်ထားတာပါ။ ဖတ်ကြည့်ပါဦး။ မိုးမခမှာ အဲဒါကို တင်ဖူးပါတယ်။)





Famers in the delta facing so much difficulty

တောင်သူလယ်သမားများ ကပ်ဆိုက်နေသည်ဟု ဆို

မိုးမခ အထောက်တော် (ရန်ကုန်)

ဇူလိုင် ၂၉၊ ၂၀၀၈

နာဂစ်အလွန် ဧရာဝတီတိုင်းရှိ လယ်သမားများမှာ မိုးရာသီ စပါးစိုက်ချိန်အတွင်း အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။ ရေစိုစပါးများကလည်း ပြန်လည်ထုတ်ရောင်းကြရာတွင် ဈေးကောင်းမရ၊ ဓာတ်မြေသြဇာများက ဈေးခေါင်ခိုက်နေချိန်တွင် လယ်ထွန်စက်များ ကျွဲနွားများကလည်း အလွယ်တကူ ငှားရမ်း၍ မရကြောင်း၊ စက်သုံးဆီများနှင့် လယ်သူရင်းငှားခများကလည်း အဆမတန်တက်နေသဖြင့် လယ်စိုက်သည့်လုပ်ငန်းက မည်သို့သော အကျိုးအမြတ်ကို မျှော်လင့်ရမည်ကို မသိ ဖြစ်နေကြသည် ဟုဆိုသည်။

လယ်လုပ်ငန်းကို မလုပ်ကိုင်ပါက လက်ရှိ လယ်မြေများကို အစိုးရက ၎င်းတို့လက်ဝေခံ လုပ်ငန်းရှင်များကို လွှဲအပ်လိုက်မည်ဖြစ်ရာ၊ လယ်မြေနှင့် လယ်လုပ်ငန်းများ၊ ၎င်းတို့ဇာတိ ရပ်ရွာများ ရွေ့ပြောင်းဆုံးရှုံးမည်ကို စိုးရိမ်ကြသဖြင့် ကြိတ်မှိတ်ပြီး လယ်လုပ်နေကြရသည်ဟု သိရသည်။ အမတော်ကြေးနှင့် ထောက်ပံ့ကြေးများကိုလည်း အထူးတိုးမြှင့်ပြီး အကူအညီမပေးသည်ကိုလည်း လယ်သမားများက အံ့သြနေကြရသည်။ မျိုးစပါးများကိုလည်း အလွယ်တကူ ၀ယ်မရခြင်း၊ ရရှိသော မျိုးစပါးများကလည်း အပင်မပေါက်ခြင်း၊ စံနှုန်းမမီခြင်းတို့ကိုလည်း ရင်ဆိုင်နေရသည်။

ယခင် စပါးဈေးတက်ခဲ့သည့် နှစ်များက ကုန်သည်ကြီးများအသင်းနှင့် စစ်အစိုးရတို့ ပူးပေါင်းပြီး ဈေးကို နှိမ်ပြီး ထိမ်းချုပ်ဝယ်ယူခဲ့သော်လည်း ယခု ရေစိုစပါးဈေး အဆမတန် ကျဆင်းနေချိန်တွင် လယ်သမားများ သက်သာချောင်ချိစေရန် ကြားဝင်ဆောင်ရွက်ခြင်း လုံးဝ မရှိချေ။

“ စပါးဈေးမှာ ရေမမြုတ်မီက တင်း ၁၀၀ ကို ၆ သိန်း၊ အခု ၁ သိန်းပဲ ရှိတော့တယ်။ မြေသြဇာက ၁ အိတ်ကို ၃ သောင်း ၄ ထောင်၊ အမတော်ကြေးက မနှစ်ကထက် ငွေ ၅ ထောင်ပဲ ပိုထုတ်ပေးတာပါ။ ပြီးတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေဆီက အကူတွေနဲ့ဆိုတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို တိုးလုပ်ပစ်လိုက်မယ် ဟဲ့ ဆိုပြီး စိတ်ကို တင်းထားတာကလည်း စစ်တပ်က ချယ်လှယ်ပုံတွေနဲ့ အကုန်ပစ်လိုက်ရတာပေါ့။ ကျွဲတွေ နွားတွေမှာလည်း ခွာနာ လျှာနာတွေ ဖြစ်နေတယ်။ အခုက ကပ်ဆိုက်နေတာ …”

ဟု လယ်သမားများက ပြောကြားခဲ့သည်။

mail for U Aung Lin Htut and friends


ထောက်လှမ်းရေးဟောင်းများဖတ်ဖို့

ဇာနည်ဝင်း
ဇူလိုင် ၂၈၊ ၂၀၀၈

ထောက်လှမ်းရေးချီးမွမ်းခန်း

“ထောက်လှမ်းရေးထဲမှာလည်း မကောင်းတဲ့သူ အချို့ တ၀က် ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကောင်းတဲ့သူက အများစု ဖြစ်ပါတယ်” ဆိုတာကတော့ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ရဲ့ စကားတွေပါ။ ဇူလိုင် ၂၁ နေ့စွဲနဲ့ youtube ၀က်ဆိုက်မှာ တင်ထားတဲ့ DVBရုပ်သံမှာ ပြောသွားခြင်းဖြစ်ပါတယ်။ photayokeking.blogspot.com မှာလည်း ကြည့်နိုင်ပါတယ်။

ဦးအောင်လင်းထွဋ် ရဲ့ ယခင် အင်တာဗျူးတွေ၊ ထုတ်ဖော်ချက်တွေမှာတော့ ဗိုလ်ချုပ်မှူးကြီးက မည်သို့မည်ပုံ ရက်စက် ယုတ်မာပါကြောင်း ဆိုတာတွေနဲ့ ပြည့်နေပါတယ်။

ဒီထုတ်လွှင့်ချက်မှာတော့ ဦးအောင်လင်းထွဋ်က ဖျက်သိမ်းခံလိုက်ရတဲ့ တပ်မတော်ထောက်လှမ်းရေး တော်ကြောင်း၊ ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ထားတာပါ။ သူပြောတာတွေကို သုံးသပ်ချင်လို့ ဒီစာကို ရေးပါတယ်။

ဒီပဲယင်းအလွန်

၂၀၀၃ခုနှစ် ဒီပဲယင်းသတ်ကွင်းထဲက လွတ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲ ထည့်လိုက်တယ်၊ တပ်မတော်ထောက်လှမ်းရေးက ဒေါ်စုကို ကုလသမဂ္ဂအရာရှိ မစ္စတာ ရာဇလီအစ်စမေးလ်နဲ့ ပေးတွေ့ခဲ့တယ်၊ ဒေါ်စု အသက်မသေဘူး၊ ဒဏ်ရာမရဘူးဆိုတာကို ကုလသမဂ္ဂ သိသွားတယ်၊ ဒီလိုပေးတွေ့ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေဆီမှာ ခွင့်မတောင်းခဲ့ဘူးလို့ ဦးအောင်လင်းထွဋ်က ဆိုပါတယ်။ “တင်ပြရင် ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့ ဘယ်လိုမှ သဘောတူစရာ အကြောင်း မရှိပါဘူး” တဲ့။


သူကတော့ ဂဠုန်ဦးသန်းရွှေ အကြောင်း ပြောပြတာပါ။ သို့ပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို အမှုန့်ကြိတ်ခဲ့ကြသူတွေထဲမှာ တပ်မတော်ထောက်လှမ်းရေး မပါဝင်ကြောင်းပါခင်ဗျားလို့ ပြောနေ၊ ဆင်ခြေပေးနေသလိုပါပဲ။

ဆွေးနွေးပွဲ

“ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီးမှ Photo diplomacy ဆိုပြီးတော့မှ နိုင်ငံတကာကို လှည့်ပြီးတော့မှ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါတယ်၊ ဘယ်လိုပြုပါတယ် ဆိုပြီး ဓာတ်ပုံတွေနဲ့ လိုက်ပြီးတော့ ပြတာ၊ သတင်းတွေမှာ ပါတာ ရှိပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေက ဗိုလ်ချုပ်ကြီးခင်ညွန့်အပေါ်မှာ ယုံကြည်တယ်။” လို့ ဆိုပါတယ်။

တပ်မတော်ထောက်လှမ်းရေးက မြန်မာပြည်မှာ ဆွေးနွေးနေကြပြီ အဆင်ပြေနေကြပြီလို့ ကမ္ဘာလှည့်ပြီး အဲသလို ပြောခဲ့တာပါ၊ ဘာကြောင့် အဲသလို ဗြောင်လိမ်ခဲ့ပါလိမ့်။

ဦးသန်းရွှေတို့ကို ဆွေးနွေးရေးအတွက် တိုက်တွန်းလို့မရဘူးဆိုတာ ထောက်လှမ်းရေးအရာရှိများ ၁၉၉၅ ကတည်းက သိခဲ့ပြီးသားပါ။ နိုင်ငံတော်အကြီးအကဲများက အဖွဲ့ချုပ်နဲ့ ဆွေးနွေးလို့ရပါတယ်၊ ဒေါ်စုတော့ မပါစေနဲ့ ဆိုတဲ့အသံကို ထောက်လှမ်းရေး ဗိုလ်မှူးတွေကပဲ ပြောခဲ့တာမဟုတ်ဘူးလား။ နောက်တနှစ်မှာတော့ ၀န်ကြီးဦးစိန်ဝင်းက ဒေါ်စုကို သတ်ပစ်ရမယ်လို့ ကြုံးဝါးခဲ့လေရဲ့။

ဒေါ်စုက ထောက်လှမ်းရေးကို အားကိုးသတဲ့လား

လမ်းပြမြေပုံ ၇ဆင့် တီထွင်ပြီးနောက်ပိုင်းမှာ “ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြန်ပြီးတော့မှ နိုင်ငံအတွက် ကျနော်တို့နဲ့တွဲပြီး အလုပ်လုပ်ဖို့ ပြန်ပြီး မေတ္တာရပ်ခံတာတွေ ရှိတယ်၊ ကျနော်တို့ မှားခဲ့တဲ့ဟာတွေအတွက်လည်း တောင်းပန်ရတာပေါ့ဗျာ၊ ကြားထဲက ကျနော်တို့က ဗိုလ်ချုပ်သန်းရွှေ သူ့ဟာသူ ဘယ်လောက်ကြီးပဲလုပ်ခဲ့လုပ်ခဲ့ ကျနော်တို့ကတော့ တိုင်းပြည်ကောင်းဖို့ အတွက် အစ်မကြီး မပါရင် မပြီးတော့ဘူးဆိုပြီးတော့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထား ပြည့်ဝပါတယ်။ သဘောထားပြည့်ဝတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းတယ်။ ညှိနှိုင်းပြီးတော့မှ နောက်ဆုံး အင်န်အယ်လ်ဒီ စီအီးစီ အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပေးတွေ့တယ်။”

“အဲဒီတုန်းက ကျနော်သိသလောက်တော့လေ အင်န်အယ်လ်ဒီကို အမျိုးသားညီလာခံ ပြန်ဖွင့်ရင် အင်န်အယ်လ်ဒီ ပါတီလည်း အမျိုးသားညီလာခံ ပြန်ဝင်မယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ တခါတည်း ပြန်လွတ်မယ်၊ အမျိုးသားညီလာခံမှာပါတဲ့ မူ ၁၀၄ ချက်တို့၊ ကျန်တဲ့ ဆွေးနွေးချင်တဲ့အချက်တွေကိုလည်း ပြန်ဆွေးနွေးခွင့်ပေးမယ် ဆိုတာတွေဟာ မူအားဖြင့်တော့ သဘောတူပြီးဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်က အကိုကြီးတွေက ၀မ်းသာရတော့မယ် တဲ့၊ ၉၅ ရာခိုင်နှုန်းကတော့ စိတ်ချနေရပြီ တဲ့၊ ကျနော်တို့လည်း ၀မ်းသာပါတယ်။”

သူတို့ဝိုင်းဝန်းခဲ့တဲ့ အမျိုးသားညီလာခံ၊ လမ်းပြ မြေပုံတွေဟာ ဘာလဲဆိုတာကို ခုချိန်ထိ ဦးအောင်လင်းထွဋ်တို့ ကိုယ်တိုင် သိဟန် မတူပါဘူး။ ဒါမှမဟုတ် စစ်ထောက်လှမ်းရေးအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ သူတို့အခေါ် အစ်မကြီး ဒေါ်စုနဲ့ အဆင်ပြေတယ်ဆိုတာ ပြောချင်တာလည်း ဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေးလည်း ဒီမိုကရေစီ လိုချင်သည်

“ကျနော်တို့လည်း နားလည်ပါတယ်၊ ကျနော်တို့ တပ်မတော်ထောက်လှမ်းရေးထဲမှာ ရှိတဲ့သူတွေဟာ ဒီမိုကရေစီ လိုချင်ကြတဲ့သူတွေပါ၊ ဒီ အာဏာရှင်စနစ်ရဲ့အောက်မှ ဘယ်သူမှ ကြိုက်လို့နေတာ မဟုတ်ပါဘူး။ အကြောက်တရားနဲ့၊ ကိုယ်က မကြိုက်ဘူးသွားပြောရင် ကိုယ့်ရဲ့ အိုးအိမ် စည်းစိမ် နောက်ဆုံး ဘ၀ပျက်မှာပေါ့လေ။ ဘ၀ပျက်မှာ စိုးလို့သာ မှိန်းပြီးတော့ နေရတဲ့သူတွေပါပဲ။”

ဒီမိုကရေစီလိုချင်တယ်ဆိုတာကတော့ သဘာဝကျပါတယ်။ မှိန်းပြီးနေခဲ့တဲ့အကြောင်းကိုတော့ နိဂုံးပိုင်းမှာ ပြောချင်ပါတယ်။

ထောက်လှမ်းရေးဟောင်းများ

ထုတ်လွှင့်ချက် ကြည့်အပြီးမှာတော့ ဦးအောင်လင်းထွဋ်ရဲ့ သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော် ရဲဘက်တွေအပေါ် ထားတဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။

ဒီလို ထုတ်ဖော်ပြောကြား ဝေဖန်နေတဲ့အတွက် အာဏာပိုင်အဆင့်ဆင့်က နည်းမျိုးစုံသုံးပြီး ဒုက္ခပေးမယ်ဆိုတာ သိထားပြီးသားဖြစ်မှာပါ။

စာနယ်ဇင်းတွေနဲ့ တွေ့ရဲ ရင်ဆိုင်ရဲတာလည်း လေးစားစရာ ပါပဲ။

ထောက်လှမ်းရေး အရာရှိဟောင်းတွေက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ချင်တယ်၊ ကမ်းလှမ်းပါတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်အားထက်သန်တဲ့ တုန့်ပြန်မှု၊ ယုံကြည်မှုတွေ မရဘူးဆိုတဲ့ သူတို့ရဲ့ ညည်းတွားသံတချို့ကိုလည်း ကြားနေရပါတယ်။

ဘာကြောင့် ပူးပေါင်းဆောင်ရွက်မှု မရသေးတာလဲ

ဒီပဲယင်းမှာ ဒေါ်စုတို့ကို သတ်ဖို့ ဘယ်သူတွေက အကောင်အထည်ဖော်ခဲ့တယ်၊ ဘယ်သူရဲ့စိတ်ကူးဖြစ်တယ် ဆိုတာ တပ်မတော်ထောက်လှမ်းရေးအဖွဲ့က သိတယ်။ လူသတ်ပွဲ ဖြစ်ပြီး ၅ နှစ်အတွင်း အဲဒီအဖွဲ့ထဲက ဘယ်သူကမှ အသံမထွက်ခဲ့ပါဘူး။ အများသူငါသိအောင် တနည်းနည်းနဲ့ ဖွင့်ချတာ မရှိခဲ့ပါဘူး။ အခုတော့ ဦးအောင်လင်းထွဋ်က ဖွင့်ချလိုက်ပါပြီ။

စစ်ထောက်လှမ်းရေးများလည်း အာဏာရှင်စနစ်ကို မကြိုက်ပါဘူးတဲ့။ မကြိုက်ဘူးဆိုပေမယ့် တကယ်တမ်းတော့ မှိန်းပြီးနေတာမဟုတ်ဘဲ အစွမ်းကုန် ကာကွယ်ပေးခဲ့တာပါပဲ။

ဥပမာ ဒီမိုကရေစီအော်တဲ့သူကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ လွှတ်ရက်ကျော်ပေမယ့် ပြန်မလွတ်ပေးဆိုတဲ့ အဆင့်၎ဆင့်စလုံးကို ဂုဏ်ယူစွာနဲ့ တာဝန်ယူခဲ့ကြတာ တပ်မတော် ထောက်လှမ်းရေးပါ။ အဲဒီလိုလုပ်ရမယ်လို့တော့ ဦးသန်းရွှေက အမိန့်ထုတ်ခဲ့ဟန် မတူပါဘူး။

ဒီမိုကရေစီအော်မိတဲ့သူတွေ ထောင်ထဲမှာ တယောက်ပြီး တယောက် ဒုက္ခိတဖြစ်ကြ၊ သေကြတာလည်း ထောင်ဝန်ထမ်းကြောင့် နည်းနည်း၊ ထောက်လှမ်းရေးကြောင့် များများပါ။ ဒါက ထင်သာ မြင်သာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဥပမာပေးတာပါ။

တပ်မတော်ထောက်လှမ်းရေးရဲ့ အခြားအခြားသော လက်သံပြောင်ချက်တွေကြောင့် ဒီနေ့အချိန်မှာ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေဆီက ပူးပေါင်း ဆောင်ရွက်မှုကို မရတာပါ။

ပူးပေါင်းမှုရရေးကို ဦးစားပေးမယ့်အစား နအဖအုပ်စုရဲ့မိသားစုဝင်တွေ အနောက်နိုင်ငံတွေမှာ လိမ်ညာပြီး ခိုလှုံခွင့် လျှောက်ထားတာတွေ၊ အခြေချနေတာတွေကို ဖော်ထုတ်နိုင်ပါတယ်။ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး ကွန်ယက်တွေကို စုံစမ်း ထောက်ပြနိုင်ပါတယ်။ ဒါတွေကို အာရုံစိုက်သင့်ပါတယ်။

ပူးပေါင်းလို့ရပါ့မလား

ပူးပေါင်းမှုဟာ ဒီမိုကရေစီ ဘက်တော်သားတွေ ကြားထဲမှာတောင် ရာနှုန်းပြည့် မရှိသေးပါ။

ထောက်လှမ်းရေးအရာရှိဟောင်းတွေ အနေနဲ့ ငါတို့ မှားခဲ့တယ်၊ ငါတို့ မှန်ခဲ့တယ် ဆိုတာလည်း ပြောဖို့ မလိုပါ။ ဘယ်သူဘာလဲဆိုတာ အပြန်အလှန် သိနေကြပြီးပါပြီ။ ပြည်ပရောက် အတိုက်အခံများနဲ့တော့ တူတာတွေ တွဲလုပ်၊ မတူတာ ခွဲလုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတော့ အချိန်ယူပြီးလုပ်ရင် သေချာပေါက် ရနိုင်ပါတယ်။

အတိုက်အခံတွေ လုပ်ချင်တာက ဦးသန်းရွှေမျက်နှာဖုံး ခွာချရေး တခုတည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေး၊ စစ်တပ်အာဏာသိမ်းမှုတွေ ပြန်မဖြစ်ရေး ဒါတွေကို လုပ်ချင်တာပါ။

နိုင်ငံမှာ လုပ်ဆောင်စရာတွေ၊ ပြုပြင်စရာတွေ၊ အစပျိုးစရာတွေ အများကြီး ရှိပါတယ်။ လာမယ့် အနှစ် ၂၀အတွင်းမှာလည်း ပြဿနာမျိုးစုံဖြစ်လာမှာကိုလည်း အံ့သြရလောက်အောင် တွေ့ရဦးမယ်လို့ ထင်ပါတယ်။

Monday, July 28, 2008

Burmese Writer, Maung Ye Naing pssed away at 69


စာရေးဆရာ မောင်ရဲနိုင် (၆၉ နှစ်) ကွယ်လွန်ပြီ

မိုးမခ

ဇူလိုင် ၂၉၊ ၂၀၀၈

၁၉၉၀ နှောင်းပိုင်း ဘာသာပြန်စာအုပ်များ ရေးသားခဲ့သူ၊ ၁၉၆၂ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု မျိုးဆက် တဦးဖြစ်သူ ဦးရဲမြင့် ( စာရေးဆရာ မောင်ရဲနိုင်) ဇူလိုင်လ ၁၅ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း သိရသည်။ စာရေးဆရာမှာ မေလ နာဂစ်မုန်တိုင်းအပြီး ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်ငန်း ခရီးက အပြန် ကျန်းမာရေးထိခိုက်ပြီး ဆေးရုံတင်ကုသထားစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ စာရေးဆရာအတွက် အမှတ်တရထုတ်ဝေသော လက်ကမ်းစာစောင်ကို ပူးတွဲတင်ဆက်လိုက်ပါသည်။

an exhibition of children


သုဝဏ္ဏဘူမိပန်းချီပြပွဲ ကလေးများကို ပွဲထုတ်မည်

မိုးမခအထောက်တော် ၂
ဇူလိုင် ၂၇၊ ၂၀၀၈

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာ့အနုပညာပြခန်းဖြစ်သည့် သုဝဏ္ဏဘူမိတွင် ကလေးပန်းချီပြပွဲတခုကို လာမည့် ၆ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ဟု သိရသည်။

ပြပွဲတွင် စကော့လန်နိုင်ငံမှ မူလတန်းကျောင်းတကျောင်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာပြည်သားများ ဖွင့်လစ်ထားသည့် လှည်းဘီးမူလတန်းကျောင်း စသည့် ကျောင်း၂ကျောင်းမှ ကလေးငယ်များ၏ လက်ရာများ ပါဝင်မည်ဟု ဆိုသည်။

ယင်းပန်းချီပြပွဲ ဖွင့်ပွဲကိုသြဂုတ်လ ၈ ရက်နေ့ ည ၇နာရီတွင် စတင်မည်ဖြစ်သည်။ ဖွင့်ပွဲတွင် နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေခြင်း၊ ၁၉၈၈ လူထုလှုပ်ရှားမှုကြီး အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားတို့၏ စာပေလက်ရာများကို ဖတ်ကြားခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရသည်။

ပြပွဲကို သြဂုတ်လ ၆ရက် မှ ၁၈ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

Bloggers Q & A - Webmaster the Geek

မြန်မာ ဘလောက်ဂါ လမ်းညွှန်၊ မြန်မာစာ အလွတ်စွယ်စုံကျမ်း - ၀ီကီ နဲ့
အင်တာနက် သံချပ်ကာ အင်္ကျီ ၀တ်နည်း

ဝက်မာစတာ သာဂိ

ဇူလိုင် ၂၈၊ ၂၀၀၈

ကနောင်လက်နက်စက်ရုံက အဲလေ ကနောင်မြန်မာစာပြောင်းစနစ်ကို ကြိုက်ကြလို့ မေးခွန်းတွေ မိုးမခဆီကို လာပါတယ်။ အယ်ဒီတာတွေကတော့ မေးချင်တာမေး၊ ဖြေချင်တာဖြေ ကဏ္ဍ ဖွင့်ချင်သတဲ့။ အဲဒါတော့ မလုပ်နိုင်သေးဘူး ခင်ဗျာလို့ ငြင်းလိုက်ပါတယ်။ မိုးကုတ်စက်ဝိုင်းတို့၊ မောင်မိုး (ပွင့်သစ်)တို့က အရင်က အညွှန်းတွေ ရေးကြတယ်။ အခု မရေးကြပြန်ဘူး။ ၀မ်းတထွာအတွက် ရုန်းနေကြရတာ မို့လား။ ဒါကြောင့် အားနေတဲ့ သာဂိက ခဏ ၀င်ရေးတာပါ။

ဘလောက်တွေရေးကြတဲ့အခါ ပြသနာတွေ ရင်ဆိုင်ရရင် ဘာလုပ်ကြရမလဲတဲ့ …။ ဒီတော့ အဲဒါတွေကို ညွန်းစရာတွေ ထည့်ပေးလိုက်ပါတယ်။ မြန်မာဘလောက်ဂါ အကူစာပွဲပါ တဲ့။ အဲဒီကို သွားကြပါ။ မေးကြပါ။ လေ့လာပါလို့ ညွန်းချင်ပါတယ်။ http://mmbloggershelpdesk.blogspot.com/

နောက်ပြီး မြန်မာစွယ်စုံကျမ်း မိတ်ဆက်ပေါ့ဗျာ။ ကိုမောင်လှက (http://blog.mghla.com/ ) ရေးထားတယ်။ ဒီလို -

Zawgyi-One အသုံးပြုကြတဲ့ user တွေ အတွက် http://www.myanmarwikipedia.org လာပါပြီ... မည်သူမဆို လွတ်လပ်စွာဖြင့် ဝင်ရောက်ရေးသားနိုင်ပါပြီ... တည်ထောင်တဲ့ သက်တမ်း မကြာသေးပေမယ့် အကြောင်းအရာပေါင်း ၂၀၀ ကျော်ရှိနေပါပြီ... စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်ရေးသားနိုင်ပါတယ်... အခြားသူများ ရေးသားထားတဲ့ အကြောင်းအရာများမှာ လိုအပ်ချက်များရှိနေပါကလည်း ပြင်ဆင် ရေးသားနိုင်ပါတယ်... http://www.myanmarwikipedia.org နဲ့ http://my.wikipedia.org/ တို့ဟာ မတူညီကြပါဘူး... http://my.wikipedia.org/ ဟာ မြန်မာလိုရေးသားထားခြင်း ဖြစ်သော်လည်း Unicode 5.1 စနစ်အတိုင်း လိုက်နာထားတဲ့ မြန်မာ Unicode font စစ်စစ်များဖြင့် ကြည့်မှသာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်... http://www.myanmarwikipedia.org ကတော့ Unicode မစစ်တဲ့ Zawgyi-One ရှိရင် ဖတ်ရှုနိုင်ပါတယ်... ဝင်ရောက် ရေးသား၊ ဖတ်ရှုကြပါဦးလို့ တည်ထောင်သူများ ကိုယ်စား ဖိတ်ခေါ်အပ်ပါတယ်...

ပြီးတော့ ပြည်တွင်းက အင်တာနက်ကဖေးတွေမှာ ဗိုင်းရပ်စ်တွေက ပျံ့နှံနေလို့ မရှိမကောင်း၊ ရှိမကောင်း၊ မသုံးလည်းခက်၊ သုံးလည်း ခက် … ဖြစ်နေကြပါသတဲ့။ ယူအက်စ်ဘီ ဒရိုက်ထဲမှာလည်း ဗိုင်းရပ်စ်တွေ၊ စပိုင်ဝဲတွေနဲ့ဆိုတော့ မိတ်ဆွေတွေကို အင်တာနက်ပြတင်းက လှမ်းကြည့်လိုက်ရင် ဗိုင်းရပ်ပိုးတွေ၊ ၀ဲတွေနဲ့ တဗြင်းဗြင်း ဖြစ်နေကြတော့ ဒီဟာလေးကိုတော့ အသုံးဝင်ကောင်းပါရဲ့လို့ လက်တို့လိုက်ပါရစေ။ http://free.avg.com/ww.homepage အေဗွီဂျီ အခမဲ့ ဗိုင်းရပ်စ်နဲ့ ၀ဲဆေးကြီးပါတဲ့။ လိမ်းကြည့်ဗျာ။ အင်တာနက်ပေါ်က သူ့နောက်ဆုံးပေါ်တွေကိုလည်း ဆွဲချထားအုံး။ ခေတ်မီဝဲဆေး ဖြစ်နေအောင်။ မဟုတ်ရင် ဒိတ်အောက်တဲ့ ၀ဲဆေးကို လိမ်းမိလို့ ဗိုင်းရပ်စ် ပိုးသစ်တွေက ရယ်တာပေါ့ လုပ်နေလိမ့်မယ်။

Metta Nand Dhamm Yeiktha - Newyork, Buffalo - Waso Pwe

နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့၊ မေတ္တာနန္ဒ ဓမ္မရိပ်သာ ၀ါဆိုပွဲ ကျင်းပ
ဓာတ်ပုံသတင်း၊ မိုးမခ

ဇူလိုင် ၂၈၊ ၂၀၀၈

Buddhist Dhamma Classes to host in Burmese Buddhist Monasteres in theBay Area

ဘေးဧရိယာတွင် ဓမ္မသင်တန်းများ ခြိမ့်ခြိမ့်သဲ

မိုးမခ အထောက်တော် ၀၀၂

ဇူလိုင် ၂၈၊ ၂၀၀၈

အမေရိကန် နွေရာသီကာလ အခြေခံပညာကျောင်းများ ပိတ်ထားချိန်၊ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် ကလေးများအတွက် အခြေခံ ဗုဒ္ဓဘာသာသင်တန်းများအပြင် လူကြီးလူငယ်များအတွက် ဓမ္မအခြေခံသင်တန်းများ ကျင်းပလျက်ရှိကြောင်း တွေ့ရှိရသည်။

ယမန်နေ့က ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရ ဓမ္မရိပ်သာတွင် ဖရီးမောင့်လူငယ်များစီစဉ်သော ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင်တန်း တနင်္ဂနွေအပတ်စဉ် ပထမနေ့ကို ဖွင့်လှစ်လိုက်သည်။ ညနေပိုင်းတွင် ကျင်းပသော သင်တန်းသို့ လူငယ် လူကြီး အရွယ်စုံ လာရောက်ကြပြီး၊ ဆရာတော် ဦးဉာဏိကဘိဝံသက ဓမ္မပဒကို စတင်မိတ်ဆက်ပေးသည်ဟု ဆိုသည်။ ထိုနည်းတူ ဒေးလီစီးတီးမြို့တွင်လည်း နိဗ္ဗာန်ဆော်လူငယ်များ အဖွဲ့က ဂျက်ဖာဆန် အထက်တန်းကျောင်းနေရာတွင် စနေ၊ တနင်္ဂနွေနေ့များတွင် ဓမ္မသင်တန်းများ ပို့ချလျက်ရှိကြောင်း သိရှိရသည်။

လာမည့် သြဂုတ်လတွင်လည်း ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရနှင့် ဆန်ဟိုဇေးမြို့ တထာဂတ ဓမ္မရိပ်သာတို့တွင် နွေရာသီ ကလေး၊ လူငယ်များအတွက် ဗုဒ္ဓဘာသာအခြေခံ သင်တန်းနှင့် တရားစခန်းများ ဖွင့်လှစ်ကြမည် ဖြစ်ရာ မြန်မာမိသားစုများက ထိုဘုန်းကြီးကျောင်းများသို့ ဆက်သွယ်ပြီး စာရင်းသွင်းထားကြကြောင်း သိရသည်။

ဘေးဧရိယာအရှေ့ကမ်းက ဥက္ကလံမြို့တွင်လည်း မြန်မာတိုင်းရင်းသားများ၊ မိသားစုများ စုပေါင်းပြီး ထူထောင်သော ဓမ္မအေးရိပ် ၀ိဟာရ ကျောင်းတိုက်အသစ်တခု ဖွင့်လှစ်ခဲ့ပြီး ဖြစ်ရာ ထိုကျောင်းတိုက်တွင်လည်း ပတ်ဝန်းကျင်ရှိ မြန်မာကလေးသူငယ်များအတွက် နွေရာသီ သင်တန်းများကို ရှေ့နှစ်တွင် စတင်နိုင်လိမ့်မည် မျှော်လင့်ကြောင်း ကျောင်းထိုင် ဆရာတော် ဦးကောဝိဒက မိန့်ကြားခဲ့သည်။

၂၀၀၇ စက်တင်ဘာ သံဃာသပိတ်အရေးတော်ပုံတွင် စစ်အစိုးရက သံဃာတော်များကို သွေးမြေကျအောင် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း ပြည်ပရောက် မြန်မာတို့သည် ဘုန်းတော်ကြီးကျောင်းများကတဆင့် မြန်မာအမျိုးသားအရေးကိစ္စများကို ၀ိုင်းဝန်းခဲ့ကြရာ၊ ယခု ၂၀၀၈ မေလ နာဂစ်မုန်တိုင်းအရေးအခင်းတွင် မုန်တိုင်းဒဏ်မှ ကယ်ဆယ်စောင့်ရှောက်ရေးတို့အတွက် အလှူဒါနများကိုလည်း ဒေသခံ ဘုန်းတော်ကြီးကျောင်းများက တဆင့် တတ်အားသရွေ့ လှူဒါန်းကူညီလျက် ရှိသည်ကို တွေ့ရသည်။ ဘေးဧရိယာတွင် မြန်မာဘုန်းတော်ကြီးကျောင်း ၅ ကျောင်းကျော် ရှိပြီး၊ မြန်မာအမျိုးသား ဦးရေ ၂ သောင်း ကျော် ရှိလိမ့်မည်ဟု နယ်ခံတဦးက ခန့်မှန်းသည်။

Sunday, July 27, 2008

Tin Moe - Forever Friends


Tin Moe by Artist Htein Lin

ထာဝစဉ်

တင်မိုး

ဇူလိုင် ၂၈၊ ၂၀၀၈

မမြင်ရလည်း
သင်က ရဲဘော်ပင်။
မကြားရလည်း
အနားက ရဲဘော်ဟာ သင်။
မတွေ့ရလည်း
မနေ့က အတိုင်းပင်။
သစ္စာ မပျက် အောက်မေ့လျက်နှင့်
တသက်သက်ပ
လွမ်းဆွတ်တ ကာ
ဘ၀ကို မြှုပ်
အလုပ်လုပ်သည်
ဝိမုတ္တိလမ်း ထာဝစဉ်။ ။
-

( ဒီကဗျာလေးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျဉ်းကျစဉ်ကာလတုန်းက ကဗျာဆရာကြီး ဦးတင်မိုး ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၅ ခုနှစ်လောက်ကလို့ ထင်ပါတယ်။ ဆရာက အဲဒီကဗျာ ရေးဖြစ်တဲ့ အကြောင်းလေးကို စာပေဟောပြောပွဲတခုမှာ ပြောပြခဲ့ပါတယ်။

“ဒေါ်စုကို မမြင်မတွေ့ရတာ ကြာလို့ မြင်ချင် တွေ့ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။ ဒါပေမဲ့ သူ စိတ်ဖြေလိုက်ပါတယ် တဲ့။ မမြင်ရလည်း ကိစ္စ မရှိပါဘူး၊ မတွေ့ရလဲ ကိစ္စ မရှိပါဘူး တဲ့။ သူ့ကို သတိရ လွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် တဲ့ …”

ဒီကဗျာလေးကို ဝေမျှပေးတဲ့ မိုးချိုသင်း ကို ကျေးဇူးတင်ပါတယ်။)

မိုးမခရဲႚ ေရဒီယိုခဵစ္သူမဵား ဆစ္ဒနီ - 27th July 2008

မိုးမခရဲႚ ေရဒီယိုခဵစ္သူမဵား ဆစ္ဒနီ

ဇူလိုင် ၂၇၊ ၂၀၀၈

ခေတ်ပြောင်းချိန် - မေရှင်

သတင်းတိုထွာ၊ သချင်းပဒေသာ

ကမ္ဘာလူငယ်များနေ့ ပွဲတော်၊ ပုပ်ရဟန်းမင်းကြီး ဆစ်ဒနီသို့ ကြွရောက် ကောင်းချီးပေးခြင်း

ကြပ်ပြေး အရှုပ်တော်ပုံ - အပိုင်း ၄၊ NDD, Burma Today

၆၁ နှစ်မြောက် အာဇာနည်နေ့၊ ဗိုလ်ချုပ်ကျော်ဇော ရင်တွင်းစကား၊ RFA

သခင်ကိုယ်တော်မှိုင်း အထုပ္ပတ္တိ - မောင်ထင်

လေဘေးဒုက္ခသည်များရဲ့ နောက်ဆုံး အခြေအနေ

စီစဉ်သူ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ မေရီ

Cartoon Bagyan - Blame Game


ကာတွန်း ဦးဘဂျမ်း - မဲပြာပုဆိုး

ဇူလိုင် ၂၇၊ ၂၀၀၈

Burmese national detained over forged travel documents in Malaysia


ပတ်စ်ပို့အတုကိုင်ဆောင်သူ မြန်မာပြည်သားတဦး မလေးရှားတွင် အဖမ်းခံရ

DPAသတင်းဌာန
ဇူလိုင် ၂၇၊ ၂၀၀၈

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနအရာရှိများက မြန်မာပြည်သား၁ ဦး နှင့် မလေးရှားနိုင်ငံသားလေဆိပ်ဝန်ထမ်း ၃ဦးကို ဖမ်းဆီးလိုက်ကြောင်း၊ ၎င်းတို့သည် နိုင်ငံခြားသားများကို ပတ်စ်ပို့အတု ပြုလုပ်ပေးသည့် ဂိုဏ်းဝင်များဖြစ်ဖွယ်ရှိကြောင်း သိရသည်။

ယခုလဆန်း ၅ ရက်နေ့က မြန်မာပြည်သား၁ ဦး နှင့် ၀န်ထမ်း ၁ ဦး စင်္ကာပူ ချန်ဂီလေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ ကျန်ဝန်ထမ်း၂ဦးမှာ လွန်ခဲ့သည့် ၂ ရက်က ပီနန်ပြည်နယ်လေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါဂိုဏ်းအဖွဲ့မှ အရေးပါသော မာမက် ဆိုသူမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ အီရှက်မိုဟာမက်(Ishak Mohamed)က ပြောပြသည်။

“လေဆိပ်ဝန်ထမ်းတချို့က မြန်မာပြည်သား တယောက်ကို ပီနန်လေဆိပ်ကနေ နိုင်ငံထဲ ၀င်လာလို့ရအောင် မလေးရှားပတ်စ်ပို့ ထုတ်ပေးတယ်”ဟု ၎င်းက News Straits Times သတင်းစာသို့ ပြောပြသည်။

ပတ်စ်ပို့အတုအတွက် မလေးရင်းဂစ် တသောင်း (၂၉၄၁ ဒေါ်လာ)၊ လေယာဉ်ပေါ်တက်ခွင့်လက်မှတ် (boarding pass)အတွက် ရင်းဂစ် တထောင် (၂၉၄ ဒေါ်လာ) ရယူခဲ့ဖွယ်ရှိသည်ဟုဆိုသည်။

မလေးရှားဥပဒေအရ ပတ်စ်ပို့အတု ပြုလုပ်ရာတွင် ပါဝင်သူများကို ထောင်ဒဏ်နှင့် ကြိမ်ဒဏ်များ ချမှတ်လေ့ရှိသည်။

Saturday, July 26, 2008

Beyond Nargis, Burmese people in need of relief and support - Photo News

နာဂစ်အလွန် ဧရာဝတီ - မိုးရေတော၊ ဒုက္ခတောထဲက မြန်မာများ

ဓာတ်ပုံ သတင်း၊မိုးမခ စေတနာရှင်တဦး

ဇူလိုင် ၂၇၊ ၂၀၀၈

သူတို့အိမ်လေးက အခု ပြန်ဆောက်ပြီးပြီ။ ဘယ်သူကမှ သူတို့ကို အိမ်ဆောက်ဖို့ လိုအပ်တာတွေ မပေးဘူး။

နောက်တပုံကတော့ UNHCR ပေးထားတဲ့ ရွက်ဖျင်လေး ပေးထားတာ။ တရွာလုံးမှ သုံးစပဲ ရတယ်။ သုံးဦးစာ ပေါ့။ ကျေးရွာလူကြီးက တလိပ် ယူတယ် တဲ့။

နောက်တပုံကတော့ ကွမ်းခြံကုန်းက လေဘေးကယ်ဆယ်ရေးစခန်း။ မြို့ခံတွေ အပြောအရကတော့ အဲဒီစခန်းမှာ လေဘေးသင့်တဲ့သူတွေ မထားပါဘူး တဲ့။ စစ်တပ်က သူတို့တွေပဲ နေဖို့ ဆောက်ခဲ့တာပါ … တဲ့။ လူကြိး လာတော့လည်း အရပ်ထဲကလူတွေကို ဒုက္ခသည် သရုပ်ဆောင်တွေအဖြစ် ခဏ ခေါ်ထည့်ထားတာပေါ့ တဲ့။

အခုတော့လည်း အားလုံးးဟာ နေမြဲပါပဲ။ လူထုဘ၀က ဘာမှ တိုးတက် မလာပါဘူး။

ဒီမှာကတော့ အင်ဂျီအိုအဖွဲ့တခုက ဘုန်းကြီးကျောင်းမှာ အလှူပစ္စည်းတွေ လာဝေတယ်။ ဒုက္ခသည်တွေကို ဆင့်ထားလို့ သူတို့က မိုးရေထဲမှာ လာစောင့်နေကြတယ်။ ကလေးတွေက အစ၊ သက်ကြီးရွယ်အိုတွေ အဆုံး။

သူတို့ ဒီလိုလာပြီး တန်းစီမစောင့်ရင် အလှူမရပါ။ အဲသည် အင်ဂျီအိုကတော့ ဘုန်းကြီးကျောင်းထဲက ထွက်မလာသေးပါ။ သူတို့တတွေ နာရီပေါင်းများစွာ သည်လိုပဲ စောင့်ပြီး အလှူခံရပါတယ်။

ဒီမြင်ကွင်းတွေက နေ့စဉ်ပဲရှိနေတယ်။ အလှူရှင်တွေကို နိုးဆော်နေကြရတယ်။ ဆက်ပြီး လှူကြဖို့။ လှူနေတဲ့ အင်ဂျီအိုတွေကိုလည်း စိတ်မငြိုငြင်သွားစေချင်ပါ။ သူတို့တွေ ရွာတွေဆီ တကယ်သွားပြီး လှူတန်း ပေးကြစေဖို့ပေါ့။

မိုးမခ ပရိသတ်ကြီးကို ပြောလိုက်ပါ။ ကန်တော့ဆွမ်းတွေနဲ့တော့ မြန်မာပြည်သားတွေ ဆင်းရဲတွင်းထဲက တက်လာနိုင်ကြမှာ မဟုတ်ပါ … လို့။