Aung Way - 21

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၁)
အောင်ဝေး
ဒီဇင်ဘာ ၂၀၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီး အနောက်ခြမ်းခရီးစဉ်က ၁၉၈၉ ခုနှစ် ဇန်နဝါရီလ မကုန်ခင်မှာပဲ ပြီးဆုံး သွားခဲ့ပါပြီ။ မပြီးဆုံးသေးတာကတော့ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဖမ်းခံရပြီး အာမခံနဲ့လွှတ်ထားတဲ့ ကျနော်တို့အမှုပါပဲ။

ကျွန်တော်တို့ NLD အဖွဲ့ဝင် ဆယ့်လေးငါးယောက်ကို အာဏာဖီဆန်မှု၊ ပုဒ်မ ၁၄၄နဲ့ ပုသိမ်မြို့ တိုင်းတရားရုံးမှာ တရားစွဲဆိုထားပါတယ်။ တရားသူကြီးက ကျနောာ်တို့ကို ယမန်လေး တပတ်၊ ခုနစ်ရက်တခါ ရုံချိန်းမှန်မှန်ပေးပြီး အမှုကို မကြာကြာအောင် အချိန်ဆွဲ စစ်ဆေးနေရတယ်။

ကျနော်တို့ဘက်က ရုံးချိန်းကို ယမန်ကြီးနှစ်ပတ်၊ ဆယ့်လေးရက်ခွာပြီး ချိန်းပေးဖို့ တရားရုံးကို တင်ပြတောင်းဆို့ပေမဲ့လည်း တရားသူကြီးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ကျနော်တို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ နယ်မြေ စည်းရုံးရေးတာဝန်တွေ ရှိနေပါတယ်။ ဧရာဝတီ တိုင်း (၂၆) မြို့နယ် ကျနော်တို့ စည်းရုံးရေးခရီးတွေ ထွက်နေရပါတယ်။ ပါတီစည်းရုံးရေး လူထု စည်းရုံးရေးဟာ အလွန် အရေးကြီးနေတဲ့အချိန်ပါ။

အခုလို တပတ်တခါ ရုံးချိန်းရှိရင် ပုသိမ်လာပြီး အမှုရင်ဆိုင်နေရလေတော့ စည်းရုံးရေးလုပ်ငန်းတွေက အရင်လို မတွင်ကျယ်၊ မသွက်လက်ချင်တော့ပါဘူး။ ကျနော်တို့ ခြေချုပ်မိသလို ဖြစ်နေတဲ့အခြေအနေပါ။ အကယ်၍ ကျနော်တို့ဘက်က ခရီးလွန်ပြီး ရုံးချိန်းပျက်ကွက်ပြန်ရင်လည်း တရားရုံးက အာမခံပြန်ရုပ်သိမ်းပြီး ထောင်ထဲပြန်ပို့လိုက်မှာကိုလည်း တဖက်က ဂရုစိုက်နေရပါသေးတယ်။

အဲဒီတော့ ကျနော်တို့ရဲ့ စည်းရုံးရေးလုပ်ငန်းပုံသဏ္ဍာန်ကို ပြောင်းလိုက်ပါတယ်။ ကျနော်တို့က အမှုတန်းလန်းနဲ့ ဖြစ်နေတော့ ဦးလှကြည်၊ ဒေးဗစ်လှမြင့်၊ ကိုသက်နိုင်စတဲ့ တိုင်းစည်း တချို့က ဧရာဝတီတိုင်းအနောက်ခြမ်းမှာပဲ စည်းရုံးလှုပ်ရှားဖို့ ကိုသောင်းအေးတို့၊ ကိုမြင့်နိုင်တို့ တာဝန်ယူဖို့ ကျနော် တိုင်ပင် ဆုံးဖြတ်ခဲ့ကြပါတယ်။

ဌာနချုပ်ကလည်း ကျနော်တို့ရဲ့ ဧရာဝတီလုပ်ဟန်ကို လက်ခံ အတည်ပြုပေးပါတယ်။

အဲဒီအချိန်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခြေအနေနဲ့ အချိန်အခါပေးရင်ပေးသလို လူထုကြားကို ဆင်းပြီး လူထုရင်ခုန်သံနဲ့ NLD ရင်ခုန်သံ တထပ်တည်းကျအောင် ကြိုးပမ်းနေတဲ့အချိန်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီမိုကရေစီအရေးတော်ပုံအတွက် ပြည်သူလူထုကြီးရဲ့ ယုံကြည်မျှော်လင့်ချက်တွေ ထက်သန်ခိုင်မာလာအောင် မောင်းနှင်နေတဲ့အချိန်။ ဌာနချုပ်က ဆရာဦးဝင်တင်တို့၊ မင်းသားကြီးဦးအောင်လွင်တို့လို တာဝန်ရှိတဲ့ လူကြီးပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်နယ်နဲ့တိုင်း စည်းရုံးရေးခရီးစဉ်တွေကို တခုပြီးတခု စနစ်တကျ ပြင်ဆင် ရေးဆွဲထားတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ ဧပြီ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းအရှေ့ စည်းရုံးရေးခရီးစဉ် ထွက်ပါတယ်။ ဒီခရီးစဉ်မှာတော့ မအူပင်နဲ့ဖျာပုံခရိုင်တွေထဲက ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်ကျွန်း၊ ဓနုဖြူ၊ ညောင်တုန်း စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

အရှေ့ခြမ်း ခရီးစဉ်မထွက်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ကိုခေါ်တွေ့ပြီး တိုင်ပင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာက အမှုတန်းလန်း ရုံးချိန်းတန်းလန်းနဲ့ ဆိုတော့ ဒီတခါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မလိုက်နိုင်ကြတော့ပါဘူး။

ဒီလိုမလို်က်နိုင်တဲ့အတွက် ဓနုဖြူမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်လိုက်ရတဲ့ သည်းထိပ်ရင်ဖိုဖြစ်ရပ်ကို ကျနော် ကိုယ်တိုင် ကိုယ်တွေ့မျက်မြင် ကြုံဆုံခွင့် ဆုံးရှုံးခဲ့ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ဓနုဖြူမြို့ကိုရောက်တဲ့အချိန်မှာ နဝတ စစ်တပ်က ထုံးစံအတိုင်း ပိတ်ပင် ဟန့်တား နှောင့်ယှက်မှု အမျိုးမျိုးပေးပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို တရားဝင် စာတင်ပြီးထွက်တဲ့ခရီးမှာ နယ်က နဝတစစ်တပ်တွေ၊ ခဝတ၊ မဝတ စစ်ဗိုလ်တွေက နည်းမျိုးစုံနဲ့ပိတ်ဆို့တားဆီးနေတာဟာ ဘယ်လိုမှနားလည်းနိုင်စရာမရှိပါဘူး။

ဓနုဖြူမှာက ပိုဆိုးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သင်္ဘောဆိပ်ကနေ တက်လာတဲ့ လမ်းခုလတ်မှာ ဓနုဖြူ နဝတ အတွင်းရေးမှူး ဗိုလ်ကြီးမြင့်ဦးဆိုသူက ခြိမ်းခြောက်ဟန့်တားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့လမ်းကို သူဆက်လျှောက်နေပါတယ်။ အဲဒီမှာ ဗိုလ်ကြီးမြင့်ဦးက သူ့ပစ္စတိုသေနတ်ကို ဆွဲထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချိန်ရွယ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မရပ်ဘဲ ရှေ့ဆက်လျှောက်လာရင် သူ့လက်ထဲက သေနတ်နဲ့ ပစ်ချလိုက်တော့မယ့် အနေအထားပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က မကြောက်မရွံ့ဘဲ ရှေ့ ကို ဆက်လျှောက်သွားပါတယ်။ အားလုံးလည်း ထိတ်လန့် တုန်လှုပ် ပျာဝေကုန်ကြပါပြီ။

အဲဒီအချိန်ကလေးမှာပဲ ဓနုဖြူမဝတ ဥက္ကဌဖြစ်သူ ဗိုလ်မှူး အတင်းပြေးဝင်လာပြီး၊ သူ့လူရဲ့လက်ထဲက သေနတ်ကိုပုတ်ချ၊ ကြားဝင်လိုက်လို့၊ ဗိုလ်ကြီးမြင့်ဦးနဲ့ မုန်ယိုနေမှုလည်း ဒီနေရာမှာပဲ အဆုံးသတ် ကျရှုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က ကျနော်တို့ ကျုံမငေးမှာ ကြုံခဲ့ရတဲ့ ‘ကျည်ထိုး၊ အသင့်ပြင်’ ဆိုတဲ့ အဖြစ်ထက် ပိုပြီး ဆိုးပါတယ်။ ပိုပြီးအန္တရာယ်ကြီးပါတယ်။ နောင် ဒိထက် အများကြီး ပိုဆိုးတဲ့အဖြစ်တွေကို ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး ကြုံခဲ့ရပါတယ်။ အဆိုးတကာ့ အဆိုးဆုံးကတော့ ၂ဝဝ၃ မေ ၃ဝ ဒီပဲရင်း လုပ်ကြံမှုကြီးပဲ မဟုတ်လား။

ပုသိမ်မှာ ကျနော်တို့အမှုကလည်း တဖြည်းဖြည်းနဲ့ ရက်ရှည်လာပါတယ်။ ဒီလိုနဲ့ မိုးဦးကျလာပါတယ်။ မိုးဦးလေဦးမှာ ကျနော်နဲ့ ဒေးဗစ်လှမြင့်၊ တိုင်းစဉ်းနှစ်ယောက် ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ဘက်စည်းရုံးရေးဆင်းတာ ကျနော်တို့စီးလာတဲ့ တထပ်သင်္ဘောက တောင်လေရေကျနဲ့ စီးပြီး ကျနော်တို့ရဲ့ အသက်တွေကို ဖက်နဲ့ ထုပ်ကာခဲ့ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီဘက်တော်သားအားလုံးဟာ ဒီလိုပဲ စွန်းစားခန်းတွေ ကိုယ်စီနဲ့ ကိုယ်ယုံကြည်တဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကို တစိုက်မတ်မတ် တည်ထောင်နေကြတာပါလားလို့ ကျနော် ယုံကြည် အားတက်နေမိပါတော့တယ်။ ။

(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန)

Comments