Aung Way - 16

“ဒီခရီးစဉ်တလျှောက် ရောက်လေရာအရပ်မှာ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့ တူညီတဲ့ မေးခွန်းတခုရှိပါတယ်၊ ‘ဒီမိုကရေစီ ဘယ်တော့ ရမလဲ’ တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကို ကျနော် မမေ့သေးဘူး။ - -”

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း (၁၆)
အောင်ဝေး

နိုဝင်ဘာ ၁၅၊ ၂၀၀၈
(ပန်းချီ-စစ်ငြိမ်းအေး)

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း နိုင်းမြစ်ကြီးကတော့ စီးမြဲစီးလျက်ပါ ဆိုတဲ့ ဆရာဦးသိန်းဖေမြင့်ရဲ့ စကားအတိုင်း ငဝံမြစ်ကြီးကလည်း စီးမြဲစီးလျက်ပါပဲ။

ကျနော်တို့ ဧရာဝတီခရီးစဉ်သင်္ဘောဟာ နံနက်ခင်းနေရောင်ခြည်အောက်မှာ ပုသိမ်မြစ်လို့လည်း ခေါ်ကြတဲ့ ငဝံမြစ်ရိုးအတိုင်း ခုတ်မောင်းလာနေပါတယ်။ အဲဒီမနက်က မြောင်းမြက မထွက်ခင် ဝင်လာတဲ့ သတင်းကတော့ မအူပင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တဲ့ NLD မြို့နယ်စည်းအဖွဲ့ ဝင်တွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်ဆိုတဲ့ သတင်းပါပဲ။

ကိုင်ရွာမှာ သင်္ဘောခဏတပ်ပြီး ပုသိမ်ကို ဆက်ထွက်လာကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောဦးခန်းမှာ တခါးပိတ် အစည်းအဝေးတခု လုပ်ခဲ့ပါတယ်။ သုံးရောင်ခြယ်အဖွဲ့က ကျောင်းသားတဦး၊ သတင်းနဲ့ပြန်ကြားရေးအဖွဲ့က စာရေးဆရာတဦး၊ အန်ကယ် ဦးကြည်မောင်၊ အဘဦးတင်ထွတ်၊ ဒေါက်တာ သက်မင်း၊ ဗိုလ်ကြီး ဝင်းထိန်နဲ့ ကျနော်တို့ တက်ရောက်ရပါတယ်။

ပုသိမ်ဟာ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် ရုံးစိုက်တဲ့မြို့ ဖြစ်တဲ့အတွက် အထူးသတိထားပြီး ဝင်ရမယ်၊ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ လုပ်ထားဖို့လိုတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အားလုံးနဲ့ တိုင်ပင်ဆွေးနွေး ညှိနှိုင်းပါတယ်။

ဒီခရီးစဉ်တလျှောက် ရောက်လေရာအရပ်မှာ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့ တူညီတဲ့ မေးခွန်းတခုရှိပါတယ်၊ ‘ဒီမိုကရေစီ ဘယ်တော့ ရမလဲ’ တဲ့။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကို ကျနော် မမေ့သေးဘူး။ ‘ဒီမိုကရေစီ ဘယ်တော့ ရမလဲဆိုတာက ပြည်သူလူထုကြီးအနေနဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ရေး အပေါ်မှာ ဘယ်လောက် ယုံကြည်မျှော်လင့်ပြီး၊ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြီးနဲ့ ဘယ်လောက် ပူးပေါင်းဆောင်ရွက်သလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်’ တဲ့။

ပုသိမ်ဆိပ်ကမ်းကို အဝင်မှာတော့ တပ်မတော်(ရေ)က ယူဘုတ်စစ်သင်္ဘောနှစ်စင်းက ကျနော်တို့ ‘မြတ်မေတ္တာ’ သင်္ဘောကို နှစ်ဖက်ညှပ်ပြီး ကြိုဆို ခေါ်ဆောင်လာပါတယ်။ ပုသိမ်မြို့ကမ်းနားလမ်း တလျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေတဲ့ လူထုကြီးဟာ ဖွေးဖွေးလှုပ်နေပါတယ်။ လက်နက်ကိုင်စစ်သားတွေကလည်း ယောက်ယက်ခပ်နေတာပါပဲ။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေက ငဝံမြစ်းရိုမှာ ညံနေပါတော့တယ်။

‘မြတ်မေတ္တာ’ သင်္ဘော ပုသိမ်-မုံရွာ-ရေဦး လမ်းမကြီးထိပ် ‘ကိုယ့်မင်းကိုယ့်ချင်း’ တံတားမှာ ဆိုက်ကပ်ခွင့် ရပါတယ်။ ရန်ကုန်ကနေ တင်လာတဲ့ သုံးရောင်ခြယ်အဖွဲ့က ကားတွေကို သင်္ဘောပေါ်က ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သင်္ဘောပေါ်က ဆင်းလာပါပြီ။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ချုပ်က ဗိုလ်မှူးကြီးအောင်ဘွင့် (အငြိမ်းစား) ဦးဆောင်တဲ့ ကြိုဆိုရေးအဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်ပါတယ်။ အင်မတန် ခက်ထန်တင်းမာတဲ့ မျက်နှာထားတွေနဲ့ စစ်ဗိုလ်စစ်သားတွေဟာ ဒေါ်အောင်ဆန်းစုကြည် နံဘေးကနေ ဝိုင်းအုံလိုက်နေပါတယ်။ လူထုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နောက်က ထက်ကြပ်မကွာပါ။

မထမ ဒေါ်အောင်ဆန်းစုကြည် ရွှေမုဋ္ဌောဘုရားဖူးဖို့ သွားပါတယ်။ ဘုရားအရှေ့မုခ်မှာ ဆရာဦးတင်မိုးနဲ့ ကျနော့်ကဗျာစာအုပ်တွေ ပလူပျံသွားပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ အသံတွေ လှိုင်းထသွားပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မန်ကျည်းပင်တန်းက ရွှေစည်းခုံဘုရား သွားဖူးပါတယ်။ ဘုရားရင်ပြင်ပေါ်မှာ စစ်သားတွေ ထူထူထဲထဲ စောင့်ကြပ်နေကြပါတယ်။

နောင် ရန်ကုန်မှာ ခရီးစဉ်မှတ်တမ်း ဗီဒီယိုခွေထွက်လို့ ပြန်ကြည့်တဲ့အခါ ရွေစည်းခုံဘုရားရင်ပြင်မှာ စစ်ဖိနပ်ကြီးမချွတ်ဘဲ စီးထားတဲ့ စစ်သားတယောက်နဲ့ ခွေးတကောင်ပုံ ရိုက်ချက်ဟာ အတော်ကို သမိုင်းဝင်သွားတာ တွေ့ကြရပါတယ်။ ဒါရိုက်တာက ကွယ်လွန်သူ စာရေးဆရာ မောင်ခက်ပန်ပါ။

ပုသိမ်မှာတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် ညစ်ပတ်ပုံက ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်-မုံရွာ-ရေဦး မိန်းလမ်းမကြီးပေါ်က သွားခွင့်မပြုတာပါပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်သွားပြီးလို့ သိပ်မကြာခင် ဗိုလ်ချုပ်မြင့်အောင်က အစဉ်အဆက် ခေါ်လာခဲ့တဲ့ ပုသိမ်-ရန်ကုန် အမြန် သင်္ဘောဆိပ် ‘ကိုယ့်မင်းကိုယ့်ချင်း’ တံတားကို ‘မေတ္တာဦး’ တံတားလို့ နာမည်ပြောင်းလိုက်တာကတော့ ဘာသဘောနဲ့မှန်း မသိပါဘူး။

ဓနိတန်းလမ်းက NLD တိုင်းရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်အနောက်၊ ပုသိမ်အရှေ့ နှစ်မြို့နယ်က NLD အဖွဲ့ဝင်တွေ၊ မြို့လူထုတွေကို တွေ့ဆုံ မိန့်ခွန်းပြောပါတယ်။ ဓနိတန်းတ၀ိုက်မှာ စစ်သားတွေ ကားကြီးကားငယ်နဲ့ အထူး စောင့်ကြပ်နေကြပါတယ်။

မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည် ကန်ကြီးဒေါင့်မြို့ကို သွားပါတယ်။ ကန်ကြီးဒေါင့်ကိုတော့ ကျနော် လိုက်မသွားတော့ပါဘူး။ နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည် ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ခရီးစဉ်အတွက် ကြိုတင်ဆောင်ရွက်စရာတွေရှိလို့ နေရစ်ခဲ့တာပါ။ အဲဒီနေ့လယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်နေတဲ့ စစ်ဗိုလ်တယောက်၊ ဒေါ်အောင်ဆန်းစုကြည် ပျောက်သွားလို့ဆိုပြီး လာမေးတာကိုလည်း ကြုံခဲ့ရပါသေးတယ်။

ညနေအတော်စောင်းတော့ ကျနော်တို့အစ်မ ပြန်ရောက်လာပါတယ်။ ခရီးရောက်မဆိုက် မအူပင်က အဖမ်းခံရတဲ့ စည်းအဖွဲ့ဝင်တွေအကြောင်း သတင်းလွှာထုတ်ပြန်ဖို့ ရန်ကုန် ဌာနချုပ်ကို ဖုန်းဆက်ခိုင်းပါတယ်။ ကျနော် ဖုန်းဒိုင်ခွက်ကို လှည့်လိုက်ပါတယ်။ အဲဒီတုန်းက ကျနော်တို့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း NLD ဌာနချုပ်ရုံး ဖုန်းနံပါတ်က ‘သုံးဆယ်က ငါးခြောက် တပြား’ လို့ အလွယ်မှတ်ကြတဲ့ ‘သုံး သုည ငါး ခြောက် တစ်’ (၃ဝ၅၆၁) ပါပဲ။ ။

(မူရင်း - Radio Free Asia, Burmese Service)

Comments