ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၅)

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၅)
အောင်ဝေး
နိုဝင်ဘာ ၈၊ ၂၀၀၈

‘ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏။’

ကိုလိုနီခေတ်ဦးတုန်းက ဆီးဘန်နီဆရာတော်ကြီး ရေးခဲ့တဲ့ ကဗျာပါ။ ကျနော်တို့ ဧရာဝတီခရီးစဉ်သင်္ဘော မြောင်းမြကို ၀င်လာတဲ့အချိန်မှာတော့ ကျနော် ဟံသာဝတီခေတ်က မြောင်းမြ သူရဲကောင်း ဗျည်းနွဲ့ရဲ့ စကားတွေကို ပြန်ကြားယောင်နေမိပါတယ်။ ဗျည်းနွဲ့ဆိုတာ မွန်ဘုရင် ဗညားနွဲ့လို့လည်း ခေါ်တဲ့ ရာဇဓိရာဇ်နဲ့ ဆင်စီးချင်းထိုးခဲ့တဲ့သူပါ။ အဲဒီပွဲမှာ ဗျည်းနွဲ့ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ရာဇဓိရာဇ်က သူ့ကိုမသတ်ဘဲ သူကောင်းပြုဖို့ ကမ်းလှမ်းတဲ့အခါ ဗျည်းနွဲ့က ဒါကို လက်မခံပါဘူး။ ‘လူဆိုတာ ဘ၀မှာ တခါပဲ သေရတယ်၊ ရန်သူရဲ့ လက်ထဲမှာ အခါခါ မသေလိုဘူး’ ဆိုပြီး အသက် အသေခံသွားပါတယ်။

မြောင်းမြဆိုတာ အဲဒီလို အာဇာနည်တွေ နေတဲ့မြို့ပါ။ မြောင်းမြဟာ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုရဲ့မြို့။ မြောင်းမြဟာ ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ရဲ့မြို့။ ဒီမြို့မှာ ဖက်ဆစ်ဂျပန်ခေတ်တုန်းက မြောင်းမြ၊ ၀ါးခယ်မ၊ အိမ်မဲ စတဲ့ မြောင်းမြဒိစတြိတ်အတွင်းက သခင် ၄၂ ယောက်ကို ဖက်ဆစ်ဂျပန်တွေကသတ်ပြီး အာဇာနည်ကျောင်း လို့ ခေါ်ကြတဲ့ ဘုန်းကြီးကျောင်းအတွင်းက ရေတွင်းပျက်ကြီးတခုထဲမှာ မြှုပ်ထားခဲ့ဖူးတယ်။ ကဗျာဆရာမောင်ယဉ်မွန်ရဲ့ ဖခင် သခင်ဖေသောင်း အပါအ၀င် အဲဒီသခင် ၄၂ ဦး အမှတ်တရကျောက်တိုင် မြောင်းမြမှာ အထင်အရှား ရှိပါတယ်။

ဒီလိုတော်လှန်ရေးအစဉ်အလာ ကြီးမားတဲ့ မြောင်းမြကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာခဲ့ပါပြီ။ ကွယ်လွန်သွားတာ တလမပြည့်သေးတဲ့ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဇာတိမြို့ကို ရောက်လာရတဲ့ သမီးတယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပီတိနဲ့ ကြေကွဲမှုကို တပြိုင်တည်း ခံစားနေရမှာပါ။

မြောင်းမြမြို့က သခင်မကြီး ဒေါ်ခင်အေး အမှူးပြုတဲ့ ဒီမိုကရေစီ အင်အားစုနဲ့ မြို့လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ့်ဆွေမျိုးလို တလှိုက်တလှဲ ကြိုဆိုနေပါတယ်။ မြတ်မေတ္တာသင်္ဘောက အကြိုတော်ဆိပ်မှာ ကပ်ပါတယ်။ မြောင်းမြမြို့ ကမ်းနားလမ်းတလျှောက်နဲ့ ဦးဘချိုလမ်းပေါ်မှာ လူထုဟာ တိုးမပေါက်ပါဘူး။

ရှစ်လေးလုံးအရေးတော်ပုံတုန်းက မြောင်းမြမှာလည်း သွေးစွန်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အထိ အဲဒီသွေးတွေ မခြောက်သေးဘူး။ မြောင်းမြ NLD ကို နောင် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ရွှေညီလာ ကိုအောင်ကြင်တို့၊ မေခလာဆေးတိုက်က ကိုဘိုဖြူတို့ လူငယ်တွေက ဦးဆောင်နေတာပါ။ မြောင်းမြမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူငယ်တွေ လူ့ဘောင်သစ်အပါအ၀င် မဟာမိတ်ပါတီက ရဲဘော်တွေ တွေ့ဆုံဆွေးနွေးပွဲဟာ စိတ်လှုပ်ရှား တက်ကြွဖို့ကောင်းတာ ကျနော် အမှတ်ရနေပါတယ်။

မြောင်းမြမှာ ကျနော်တို့သင်္ဘော တညအိပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သခင်မကြီး ဒေါ်ခင်အေးတို့လို လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ မြို့မိမြို့ဖတွေကို သွားရောက် ဂါရ၀ပြုပါတယ်။ မြောင်းမြမြို့သူမြို့သား၊ အလုပ်သမား၊ လယ်သမားတွေနဲ့ အတူ ကရင်တိုင်းသား ပြည်သူအပေါင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ဂါရ၀ပြု ကောင်းချီးပေးကြပါတယ်။ မြောင်းမြအမျိုးသမီး အင်အားထုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လှိုက်လှဲ နွေးထွေးမှုကတော့ အထူးတလည် အံ့သြဂုဏ်ယူစရာပါပဲ။

မြောင်းမြညမှာတော့ ကျနော်တို့ ကိုအောင်စောဦးတို့ရဲ့ ကျိတ်ဝိုင်းဆွေးနွေးပွဲက မိုးလင်းသွားပါတယ်။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးပါတီတွေ တရားဝင် မှတ်ပုံတင်ပြီး ပေါ်ထွန်းလာပါတယ်။ ဒီမိုကရေစီအင်အားစု အများစုဟာ သက်ဆိုင်ရာ ပါတီ အသီးသီးမှာ ၀င်ရောက် လှုပ်ရှားကြပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ၇၄၊ ၇၅၊ ၇၆ ကျောင်းသားခေါင်းဆောင်ဟောင်းတွေကြားမှာ အယူအဆ နှစ်ခု ကွဲပြားနေခဲ့တယ်။

မြောင်းမြမှာက ကျနော်တို့ ကိုအောင်စောဦးတို့နဲ့ မှိုင်းရာပြည့်မှာ ထောင်အတူကျ၊ မြစ်ဝကျွန်းပေါ် မြေအောက်တော်လှန်ရေး ယူဂျီ အတူလုပ်ခဲ့ကြတဲ့ စိုးစံထိုက်၊ စိုးနေလင်း စတဲ့ ရဲဘော်တချို့ ရှိနေတယ်။ ကျနော်တို့က NLD မှာ ဆက်လုပ်နေကြတယ်။ သူတို့က မှတ်ပုံတင်ပြီးမှလုပ်ရတဲ့ နိုင်ငံရေးကို မလုပ်နိုင်ဘူးလို့ ဆိုကြတယ်။ ကျနော်တို့ ကိုအောင်စောဦးတို့က သူတို့ကို ပီသုံးလုံး (ပြည့်သူ့တိုးတက်ရေးပါတီ) မှာ ၀င်လုပ်ဖို့ တိုက်တွန်းပါသေးတယ်။ သူတို့က မှတ်ပုံတင် နိုင်ငံရေးကို ငြင်းလိုက်ပါတယ်။

နောက်ဆုံးမှာတော့ မှတ်ပုံတင်ပြီးလုပ်တဲ့သူရော၊ မှတ်ပုံမတင်ဘဲ လုပ်တဲ့သူတွေပါ န၀တ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ အတူ ပြန်ဆုံကြရတာပါပဲ။ ၁၉၈၉ အာဇာနည်နေ့ အရေးအခင်းနဲ့ ကျနော်ပုသိမ်ထောင်ထဲ ပြန်ရောက်သွားတော့ မြောင်းမြက မှတ်ပုံတင်နိုင်ငံရေးကို ငြင်းပယ်ခဲ့တဲ့ စိုးစံထိုက်တို့၊ စိုးနေလင်းတို့ အုပ်စုလည်း ‘၄၈၂၈’ ယူဂျီအမှုနဲ့ ပုသိမ်ထောင်ထဲ လိုက်လာကြပါတော့တယ်။

နောက်တော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး ကျနော် လွတ်မြောက်နယ်မြေကို ရောက်လာတဲ့အခါ ကိုအောင်စောဦးကို NLD လွတ်မြောက်နယ်မြေ အမေရိကား အနေနဲ့၊ ကိုစိုးနေလင်းကို ခေတ်ပြိုင်အွန်လိုင်းအယ်ဒီတာ အနေနဲ့ ပြန်ဆုံတွေ့ခဲ့ရတာပါပဲ။

ဘာပဲဖြစ်ဖြစ် တိုက်ပွဲဆိုတာ ဘယ်လိုအချိန် ဘယ်လိုနေရာမှာ ဘယ်လိုပုံသဏ္ဌာန် နဲ့ပဲ တိုက်တိုက်၊ ရဲဘော်ရဲဘက်တွေ ဖြစ်နေတာပဲမဟုတ်လား။

မြောင်းမြဆိပ်ကမ်း၊ ညတခြမ်းမှာတော့ ဗျည်းနွဲ့နဲ့ ဗညားနွဲ့ စီးချင်းထိုးခန်းမှသည် ဒေါ်အောင်ဆန်းစုကြည် ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်းအထိ၊ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းမှသည် ရှစ်လေးလုံး အရေးတော်ပုံကျမ်းအထိ ကျနော် လွမ်းနေမိပါတော့တယ်။ ။

(မူရင်း - Radio Free Asia, Burmese Service)

Comments