ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၃)


(Photo - Aung Way & His Son at White Rainbow Poetry Reading Ceremony, 6th May 2006)
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း(၁၃)
အောင်ဝေး

အောက်တိုဘာ ၂၅၊ ၂၀၀၈


ဖက်ဆစ်တော်လှန်ရေးကြီးပြီးလို့၊ လေသံမြားသံတွေ စဲစပြုတဲ့အခါ၊ မြန်မာ့လွတ်လပ်ရေးကို အရယူပေးဖို့ ‘ဖဆပလ’ အဖွဲ့ကြီး ပေါ်ထွန်းလာခဲ့တယ်။ အဲ့ဒီတုန်းက ‘ဖဆပလ’ အဖွဲ့ကြီးလောက် စည်းလုံး ညီညွတ်ပြီး ရန်သူက ခန့်ညားရတဲ့ အင်အားမျိုးဟာ ကမ္ဘာမှာတောင် ရှိခဲ့မယ် မထင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့ ‘ဖဆပလ’ အဖွဲ့ကြီးဟာ ပထမ လွတ်လပ်ရေးတိုက်ပွဲမှာ ဦးဆောင်ခဲ့တယ်။ ပထမလွတ်လပ်ရေးအောင်ပွဲကို အရ ယူပေးခဲ့ကြတယ်။ အခု ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေတ်။

ပထမလွတ်လပ်ရေးတိုက်ပွဲတုန်းက ကျနော်တို့ဟာ နယ်ချဲ့ဝါဒနဲ့ ဖက်ဆစ်စနစ်တွေရဲ့ တိုင်းတပါးက ကျွန်ပြုတာကို ရင်ဆိုင် အန်တုခဲ့ကြတယ်။ အခု ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာတော့ ကျနော်တို့ဟာ ကိုယ့်အမျိုးသားအချင်းချင်း စစ်အာဏာရှင်စနစ်ရဲ့ ကျွန်ပြုမှုကို ရင်ဆိုင် အန်တုနေရတာပဲ မဟုတ်လား။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ကမ္ဘာကို တုန်ဟည်းသွားစေခဲ့တဲ့ သမိုင်းဝင် အန်တုမှုကြီးပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးတဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပေါ်ထွန်းလာခဲ့ပါတယ်။ NLDဟာ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေတ်ရဲ့ ‘ဖဆပလ’ အဖွဲ့ကြီး ဖြစ်စေရမယ်ဆိုတဲ့ ပိုင်းဖြတ်မှုနဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ NLD အဖွဲ့ချုပ်ကြီးရဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ တခဲနက် စည်းရုံး စုစည်းမိလာကြပါတယ်။ လူထုဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အဖွဲ့ချုပ်ကြီးအပေါ်မှာ သူတို့ရဲ့ အနာဂတ် လွတ်မြောက်ရေးကို ပုံအပ်ထားကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ လူထုက ဘယ်လောက် ချစ်သလဲ၊ တိုင်းပြည်က ဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာ၊ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပါပြီ။

ကျနော်တို့ ‘မြတ်မေတ္တာ’ သင်္ဘောကြီးက ရွေးမြစ်ရဲ့ ညအမှောင်ထဲမှာ တရွေ့ရွေ့ ခုတ်မောင်းလာနေပါတယ်။ လပွတ္တာမြို့ကြီးကတော့ ညအမှောင်အောက်မှာ အသံတိတ် ဆူညံပြီး ကျန်ရစ်ခဲ့ပြီ။ အခု ကျနော်တို့ ဦးတည်နေတဲ့ ဆိပ်ကမ်းက ဝါးခယ်မ။

လမိုက်ညလား၊ လသာညလား ဆိုတာ မသေချာပေမဲ့၊ ရွေးမြစ်ကြီးရဲ့ ညကောင်းကင်ယံမှာ ကြယ်တွေ လက်နေခဲ့တယ် ဆိုတာတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ကြီးဝင်းထိန်ဆီက သူတို့စစ်သားတွေရဲ့ ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံနဲ့ ယှဉ်တဲ့ ‘လမိုက်ညမှာမှ ကြယ်တွေရဲ့ အလှကို မြင်ခွင့်ရတာပါ။ အရုဏ်တက်ခါနီးအချိန်ဟာ အမှောင်တကာ့ အမှောင်ဆုံးအချိန်ပဲ’ ဆိုတဲ့ စကားတွေ ကျနော်တို့ ကြားနာခဲ့ရလို့ပါပဲ။ ရွေးမြစ်ကြီးကို ဖြတ်သန်းနေစဉ်မှာပဲ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ကိုအောင်စောဦး တို့ရဲ့ ၁၉၈ဝ ပြည့်နှစ်တ၀ိုက်က မြစ်ဝကျွန်းပေါ်မှာ မြေအောက်တော်လှန်ရေးလုပ်ခဲ့တဲ့၊ ထောင်ထဲရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြခွင့် ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျနော်ပြောပြတာတွေကို နားထောင်ပြီးတဲ့အခါ မေးခွန်းတခု မေးပါတယ်။ ‘မဆလ စစ်အစိုးရ အပေါ် နာကြည်းတဲ့စိတ်၊ ဂလဲ့စားချေချင်တဲ့စိတ်တွေ ရှိနေသလား’ တဲ့။ ကျနော် ရှိနေတဲ့အကြောင်း ရိုးရိုးသားသားပဲ ဝန်ခံလိုက်ပါတယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ‘ခံရတဲ့သူတွေအဖို့ ဒီလိုရှိမယ်ဆိုတာ သူနားလည်ပါတယ်’ တဲ့၊ ‘ဒါပေမဲ့ တော်လှန်ရေးလုပ်တယ် ဆိုတာ နာကြည်းမှုနဲ့ လုပ်ရတာ မဟုတ်ဘူး။ တော်လှန်ရေးကို ဂလဲ့စားချေလိုတဲ့စိတ်နဲ့ မလုပ်ရဘူး။ တော်လှန်ရေးဆိုတာ ယုံကြည်ချက်နဲ့ပဲ ရဲရဲရင့်ရင့်လုပ်ရမယ်’ ဆိုတဲ့ အကြောင်း သင်ကြားခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အလွန်ရေးကြီးတဲ့ စကားတခွန်းကိုလည်း အဲဒီမှာ ပြောခဲ့ပါသေးတယ်။ အဲဒါကတော့ ‘တော်လှန်ရေးလုပ်ရင် ပြီးဆုံးအောင်လုပ်ရတယ်’ ဆိုတဲ့စကားပါပဲ။

ဒီရွေးမြစ်ကြီးပေါ်မှာ လွတ်လပ်ရေးကြိုးပမ်းစဉ်တုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်း စုန်ဆန်ခဲ့ဖူးတယ်။ ပြင်ရွာဆိုတဲ့ ဆိပ်ကမ်းက သခင်မကြီးဒေါ်သန်းဟာ နို့စို့အရွယ် သမီးငယ်လေးကို ထားခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေး နိုင်ငံရေးတရားဟောဖို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းနဲ့အတူ လိုက်ပါသွားခဲ့ဖူးတယ်။

ကာကြန်၊ ရွှေပြန်သာ၊ လူဒေါ်၊ ပကိတ်၊ ကွမ်းခြံ စတဲ့ ရွေးမြစ်ကမ်းက ရွာတွေ အိပ်မောကျ ကျန်ရစ်ခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ရဲ့ သောကနဲ့ အိပ်မပျော်နိုင်သေးပါဘူး။ အစ်မ ဘာတွေ တွေးတောနေမလဲဆိုတာ ကျနော်သိပါတယ်။ ‘တော်လှန်ရေးလုပ်ရင် ပြီးဆုံးအောင်လုပ်ရမယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ နာကြည်းမှုနဲ့လုပ်ရတာမဟုတ်ဘူး။ တော်လှန်ရေးကို ဂလဲ့စားချေလိုတဲ့စိတ်နဲ့ မလုပ်ရဘူး၊ တော်လှန်ရေးဆိုတာ ယုံကြည်ချက်နဲ့ပဲ ရဲရဲရင့်ရင့် လုပ်ရမယ်’ ။

သင်္ဘောက ဝါးခယ်မ ရေရိပ်ကို ချင်းနင်းလာပါပြီ။ အတွတ်နဲ့ မွှေးတို့ အတူတကွ သော်က ဘုရားရှေ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်နေတယ်လို့ ကျနော်ခံစားလိုက်ရပါတယ်။

မဆလ၊ န၀တ စစ်အာဏာရှင်စနစ်နဲ့ရောပြီး ပိုခက်ထန်၊ ပို မှောင်မိုက်နေတဲ့ညကို ထိုးဖောက်ဖို့ ကျနော်တို့ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ အရုဏ်ဦးကို စိတ်ရှည်ရှည် စောင့်ဆိုင်းကြရတော့တယ်။ အရုဏ်ဦးလို့ နေ့သစ်ကူးပြီးဆိုရင်တော့ ဝါးခယ်မ ကမ်းတက်တိုက်ပွဲ ဆင်နွှဲကြဖို့ပါပဲ။ ။

(မူရင်း - Radio Free Asia, Burmese Service )

Comments